Sunday, July 14, 2013

အပေါင်ဆိုင်များတွင် အတိုးများစွာဖြင့် တရားမ၀င် ငွေချေး



 EMG
အပေါင်ဆိုင်နှင့် ရွှေဆိုင်များတွင် ရွှေပေါင်နှံပြီး ပြင်ပတွင် အတိုးနှုန်းများစွာယူ၍ ပြန်လည်ငွေချေးသည့်လုပ်ငန်း လုပ်ကိုင်မှုကြောင့် ငွေချေးယူသူများ အနေဖြင့် အတိုးပေါ် အတိုးဆင့်ကာ ထွက်ပြေးတိမ်းရှောင်သူများ ယခင်ထက် ပိုမိုများပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမိန့်ရ အပေါင်ဆိုင်များနှင့် ငွေတိုးပေးသူများ အသိုင်းအ၀ိုင်းမှ သိရသည်။

ပြင်ပတွင် တရားမ၀င် ချေးထားသည့် ငွေရှင်များ၏ ချေးငွေမှရရှိသည့် အတိုးနှုန်းသည် မြန်မာနိုင်ငံ၏ လက်ရှိအပ်ငွေအပေါ်ပေးသည့် ဘဏ်တိုးနှုန်းထက် များစွာရရှိသဖြင့် ငွေရှင်များအတွက် စီးပွားရေးအရ အမြတ်အစွန်း ပိုမိုရရှိသည်ဟု ငွေတိုးပေးသူများက ဆိုသည်။

အပေါင်ဆိုင်များနှင့် ရွှေဆိုင်များတွင် ရွှေပေါင်လျှင် သုံးကျပ်တိုးနှုန်းနှင့် သတ်မှတ်ကာလ သုံးလဖြစ်ပြီး အပေါင်ဆိုင်များတွင် အ၀တ်အထည်နှင့် အခြားအိမ်သုံးပစ္စည်းများ ပေါင်ပါက အတိုးနှုန်း ၁၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြင်ပငွေချေးသူများထံတွင် အတိုးနှုန်းကျပ် ၃၀ မှ ၉၀၊ ကျပ် ၁၀၀ ၀န်းကျင်အထိ ရှိနေသည့်အတွက် တရားမ၀င် ငွေချေးစားသူများထံမှ ငွေချေးယူသူများမှာ အတိုးပေးချေနိုင်မှု မရှိသောကြောင့် ထွက်ပြေးမှုများရှိကြောင်း တရားမ၀င် ငွေတိုးချေးစားသူများ ဈေးကွက်မှ သိရသည်။

ယခုကဲ့သို့ အတိုးနှုန်းများများဖြင့် အပေါင်ခံပြီး အိမ်ပေါင်ခံ ငွေချေးယူမှုကြောင့် အတိုးပေါ် အတိုးဆင့်ပြီး အိမ်ဆုံးရှုံးမှုများလည်း ရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေရ သူများလည်း ရှိနေကြောင်း သိရသည်။

မြို့နယ်အသီးသီးရှိ အပေါင်ဆိုင်များတွင် ရွှေပေါင်နှံမှုများ ယခင်နှစ်များထက် ပိုမိုများပြားခြင်း သာမက ရပ်ကွက်များအတွင်းရှိ ရွှေဆိုင်များတွင်လည်း ရွှေအပေါင်ခံမှု များပြားလာကြောင်း သိရသည်။

အမိန့်ရ အပေါင်ဆိုင်များတွင် ရွှေပေါင်နှံမှုမှာ ယခင်နှစ်များထက် ပိုမိုများပြားနေပြီး ရွှေအဆုံးခံပေါင်သည့် သူများထက် ပစ္စည်းထားခြင်း၊ ပုံမှန်အတိုးပေးခြင်း၊ ပြန်ရွေးခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။

မျိုးစောင့်ဥပဒေကို ရှင်းပြပုံ

ဦးသိန်းစိန်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အား တွေ့ဆုံ


ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတရုံး

ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချပြီး အမြတ်ထုတ်လုပ်ဆောင် နေသူများကို အားလုံးက ဝိုင်းဝန်း ဆန့်ကျင်
*******************************************

ရန်ကုန် ဇူလိုင် ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများနှင့် မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးဌေးဦး၊ ဘာသာပေါင်းစုံ ညီညွှတ်ရေး အဖွဲ့မှ နာယက၊ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် ယခုအခါ မြန်မာနိုင်ငံအနေဖြင့် State Building, Nation Buildingနှင့် Peace Building တို့ အပြီးတည်ဆောက်နေချိန်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သည့် လူ့အဖွဲ့ အစည်းဖြစ်ရန် နိုင်ငံသားအားလုံး၊ တိုင်းရင်း သားမျိုးနွယ်စုအားလုံး၊ လူမျိုး ဘာသာ မရွေးအားလုံး လက်ခံကျင့်သုံးသည့် အမျိုးသားကြန်အင်လက္ခဏာသစ် တစ်ရပ် New National Identity ကို တည်ဆောက်ရန် ကြိုပမ်းနေရချိန်လည်းဖြစ်ပါကြောင်း၊ သို့မှသာ လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းရင်းသားအားလုံး၊နိုင်ငံသား အားလုံးအကြား တွင် သွေးစည်းညီညွှတ်မှု၊ ယုံကြည်မှု၊ ချစ်ခင် ရင်းနှီးမှုနှင့် နိုင်ငံချစ်စိတ်များ ရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ အချို့သောဘာသာရေး ပဋိပက္ခနှင့် နားလည်မှု လွဲမှားခြင်းများသည် ကိုလိုနီခေတ်ကတည်းက စတင်ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ ဓလေ့စရိုက်မတူဘဲ ပြည်သူများအကြား နားလည်သည်းခံမှုများနှင့် သဟဇာတဖြစ်အောင် သမိုင်းနှင့် ချီပြီး နေလာခဲ့ကြခြင်းဖြစ်ပါကြောင်း။

မကြာခဏဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မတူညီသည့် လူအုပ်စုနှစ်ခုအကြား အစွန်းရောက်သူများ၏ အကြမ်းဖက်မှုများကို အပြန်အလှန် အကာအကွယ်ပေးမှုများ ရှိခဲ့ပါကြောင်း၊ အကြမ်းဖက်ခံရသည့် မိသားစုများကိုလည်း နားလည်စာနာပြီး အကူအညီပေး မှုများရှိပါကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုများ၏ အခြေခံ အကြောင်းအရင်း များထဲတွင် ပညာရေးနိမ့်ပါးမှု၊ စီးပွားရေး အဆင်မပြေမှုများ ပါဝင်ပါကြောင်း၊ ထို့ကြောင့်လည်း ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန်လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ယနေ့ ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှင်သန်ရန် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ် စွာ ပြောဆိုခွင့် များကို အကာအကွယ်ပေးရမည်ဖြစ်ပါကြောင်း။

လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်လေးစားမှုများနှင့် နားလည် စာနာသည်းခံမှုများ ထားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့၏ မြန်မာ လူ့အဖွဲ့အစည်းသည် ထိုမှသာ လူမျိုးဘာသာ ကိုးကွယ် ယုံကြည်မှု ဓလေ့ပေါင်းစုံနှင့် စုဖွဲ့ထားသည့် လူ့အဖွဲ့အစည်းတစ်ရပ် အဖြစ်ဂုဏ်ယူ နိုင်ကြမှာဖြစ် ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံသားအားလုံး မတူညီသည့် ကိုးကိုယ်ယုံကြည်မှုကို အချင်းချင်းနားလည် စာနာကြရန်နှင့် ဘာသာရေး အစွန်းရောက်သည့် ရန်လို မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ်အသုံးချပြီး ပဋိပက္ခများကို ပိုကြီးထွားအောင်၊ မတည်မငြိမ်ဖြစ်အောင်၊ ကိုယ်ကျိုး စီးပွားနှင့် ယှဉ်ပြီးအမြတ်ထုတ်လုပ်ဆောင်နေသူများကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် တရားဥပဒေ အရလည်း ထိရောက်စွာ အရေးယူ သွားရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ပဋိပက္ခများအကြား အကြမ်းဖက်ခံ ရသည့် ဒုက္ခသည်များကို လူမျိုးဘာသာ မခွဲခြားဘဲ အကူအညီ ပေးမှုများနှင့် နားကြည်းနေသည့် စိတ်ဒဏ်ရာများကို ပြန်လည်ကုစားပေးမှုများ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကူညီဆောင် ရွက်ပေးနေသည်ကို နားလည်စာနာပြီး ဒေသခံများအနေဖြင့်ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းလိုပါကြောင်း။

ယင်း ပြဿနာများသည် မိမိတို့ပြည်တွင်းတွင်သာ ပြီးမသွားဘဲ ယနေ့ ဒေသတွင်း ပြဿနာဖြစ်အောင်၊ နိုင်ငံတကာ ပြဿနာဖြစ်အောင် ပုံဖော်ကြိုးပမ်းနေကြသည့်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းသည်ပင်လျှင် မိမိတို့အပေါ် ပြစ်တင်ဝေဖန်မှုများ ရှိလာနေပြီ ဖြစ်ပါကြောင်း၊ လူတစ်စု၏ မဆင်မခြင် လုပ်ရပ်များကြောင့် မိမိတို့တိုင်းပြည်အတွင်း နေထိုင်ကြသည့် ပြည်သူအားလုံးအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေးပြီး အလားတူ ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်၊ တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရန်နှင့် ပြည်သူများ အပေါ် ဘေးအန္တရာယ် မကျရောက်စေရန် အတွက် ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ဘာသာပေါင်းစုံအဖွဲ့ကြီး အနေဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံ အပ်ပါကြောင်း။

ယနေ့မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသိအမှတ်ပြုထားသည့် ဘာသာကြီး လေးဘာသာအနက် မည်သည့် ဘာသာမဆို အနှစ်သာရအားဖြင့် လူသားများကို လိမ္မာအောင်၊ ယဉ်ကျေးအောင်၊ သည်းခံခွင့် လွှတ်တက်အောင်၊ မေတ္တာတရား ထားတတ်အောင်နှင့် အမှန်အမှား ဝေဖန်ပိုင်းခြားတတ်အောင် လေ့ကျင့်သင်ကြား ပေးခြင်းဖြစ်သည့်အတွက် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို နားလည်လက်ခံကြရ မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက အစ္စလာမ် ဘာသာဝင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်၊ ဥက္ကဋ္ဌ ဗုဒ္ဓဘာသာဝင် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင် ဦးညွန့်မောင်သျှိန်၊ အတွင်းရေးမှူး ခရစ်ယာန် ဘာသာဝင် ဦးသာဉာဏ်နှင့် အလုပ်မှုဆောင်အဖွဲ့ဝင်များက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့၏ လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ ရှေ့ဆက်လက် ဆောင်ရွက် သွားသင့်သည့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ဖြည့်စွက် ဆွေးနွေး အကြံပြုကြသည်။

ဘာကြောင့်အမြတ်ပြပြီး ပြန်ဆောင်သလဲ။



 လုပ်ငန်းအရှုံးပြ အခွန်ရှောင်နေသည့် ကုမ္ပဏီများအား အခွန်စိစစ်ရေး ဘုတ်အဖွဲ့ စစ်မည်၊ ၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အထိ နာမည်ကျော် ကုမ္ပဏီကြီးအချို့ အခွန်မပေးဘဲ ရှောင်တိမ်းနေ

Sunday, 14 July 2013 03:14
first-11.com

နှစ်စဉ် လုပ်ငန်းအရှုံးပြကာ အခွန်ကြေညာလွှာများ လိမ်လည်တင်ကာ အခွန်တိမ်းရှောင်နေသည့် လုပ်ငန်းများအား အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် အမြတ်အစွန်း ကြီးမားသည့် သစ်အလုံးလိုက် ပြည်ပတင်ပို့မှု၊ နိုင်ငံပိုင် လုပ်ငန်းများအား BOT စနစ်ဖြင့် ရယူကာ လုပ်ကိုင်မှု၊ စက်သုံးဆီ ပြည်ပမှ တင်သွင်းဖြန်ြ့ဖူး ရောင်းချမှု၊ အိမ်ခြံမြေ တိုက်တာဆောက်လုပ် ရောင်းချမှု၊ ရှော့ပင်းမောလ်နှင့် ကွန်ဒိုများ ဆောက်လုပ်ရောင်းချမှုကဲ့သို့ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသည့် နာမည်ကျော် ကုမ္ပဏီကြီးအချို့မှာ လုပ်ငန်းအရှုံးပြကာ အခွန်တိမ်းရှောင်လျက် ရှိနေဆဲဖြစ်ကြောင်း၊ အခွန်ပေးဆောင်ထားသည့် အခွန်ထမ်း စာရင်းများတွင် ပါဝင်ခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရသစ်လက်ထက် ၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အထိပင် အဆိုပါ လုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီပေါင်းများစွာသည် ရဲတင်းစွာဖြင့် အခွန်လိမ်လည် တိမ်းရှောင်လျက် ရှိနေဆဲဖြစ်ပြီး ယနေ့အချိန်အထိလည်း အရေးယူမှု တစ်စုံတစ်ရာ ခံရခြင်း မရှိကြောင်းလည်း သိရသည်။

အစိုးရသစ် ပထမဆုံးလက်ထက် ၂၀၁၁- ၂၀၁၂ စည်းကြပ်နှစ်ကလည်း နာမည်ကြီး ကုမ္ပဏီကြီးများမှာ အခွန်ကြေညာလွှာပင် လာရောက်မတင်ခြင်း၊ အခွန်ကြေညာလွှာ တင်ရာတွင်လည်း လုပ်ငန်းအရှုံးပြတင်ကာ အခွန်ရှောင်တိမ်းခဲ့သည်။
ကုမ္ပဏီတစ်ခုဆိုရင် အရှုံးလာပြတယ်။ ဌာနတာဝန်ရှိသူတွေက စစ်ပြီးတော့ မရှုံးမှန်းသိလို့ ဆောင်ဖို့ပြောတယ်။ အဲဒီတော့မှ အမြတ်ပြပြီး နည်းနည်းလာဆောင်တယ်။ တကယ်တမ်းရှုံးတာမှန်ရင် ကျွန်တော်တို့က ဆောင်ခိုင်းတာကို မကျေနပ်ရင် အခွန်အယူခံ ၀င်ခွင့်ရှိတယ်။ ၀င်လို့ရတယ်၊ ဘာကြောင့်မ၀င်ဘဲနဲ့ အမြတ်ပြပြီး ပြန်ဆောင်သလဲ။ အစကတည်းက စာရင်းလိမ်ပြီး အရှုံးပြလို့ဆိုတာ ရှင်းနေပြီလေ . . . . .

ယခု အစိုးရသစ်လက်ထက် ဒုတိယနှစ် ၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အတွက် အခွန်ထမ်းစာရင်း ပြုစုထားပြီးသည့်နောက်ဆုံး စာရင်းများ၌လည်း ထိုသို့ နှစ်စဉ်ရှောင်တိမ်းနေသည့် ကုမ္ပဏီများမှာ ပါဝင်လာခြင်း မရှိဘဲ ဆက်လက်တိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၁-၂၀၁၂ အခွန်စည်းကြပ်နှစ်က မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အရပ်ရပ် စုစုပေါင်း ကျပ်ဘီလျံ ၁၅၀၀ ကျော်သာ ရရှိပြီး ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်တွင် အခွန်အရပ်ရပ် ကျပ်ဘီလျံ ၂၅၀၀ ကျော်အထိ ရရှိခဲ့ကြောင်း၊ တစ်နှစ်အတွင်း၌ပင် ပြည်တွင်းအခွန် ဦးစီးဌာနမှ ကျပ်ဘီလျံ ၁၀၀၀ နီးပါးအထိ တိုးတက်ကောက်ခံ ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အခွန်ပိုမိုရရှိမှုမှာ အခွန်တိမ်းရှောင်နေသည့် ကုမ္ပဏီများ အခွန်ထမ်းဆောင်လာခြင်းကြောင့် မဟုတ်ဘဲ နှစ်စဉ်အခွန်ထမ်းဆောင်နေကြ ကုမ္ပဏီများနှင့် အများပြည်သူမှ ပိုမိုပေးဆောင် လာခဲ့ခြင်းကြောင့် လည်းကောင်း၊ ထိပ်ဆုံးအခွန်ထမ်း စာရင်းများ ထုတ်ပြန်ကာ အခွန်မည်သူ တိမ်းရှောင်နေသည်၊ မည်သူက ပေးဆောင်နေသည်ကို သိရှိမည့်စနစ်ကို ပြောင်းလဲလိုက်သည့်အတွက် လည်းကောင်း၊ အခွန်ပေးဆောင်သည့် နှုန်းထားများအား လျှော့ချပြင်ဆင် ကောက်ခံလိုက်သည့်အတွက် လည်းကောင်း၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ၀င်ရောက်ချိန်တွင် နိုင်ငံတကာမှ အခွန်တာဝန် ကျေပွန်စွာ ထမ်းဆောင်သည့် ကုမ္ပဏီများကိုသာ လက်ခံလုပ်ကိုင်သည့်အတွက် လည်းကောင်း ယခုကဲ့သို့ ပိုမိုရရှိလာခြင်းဟု သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းအရှုံးပြကာ အခွန်မဆောင်သည့် လုပ်ငန်းရှင်ကြီးများထဲတွင် လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွင် ထိပ်ပိုင်းတာဝန် ယူထားသည့် လုပ်ငန်းရှင်ကြီးများကိုယ်တိုင် ပါဝင်နေပြီး နှစ်စဉ်ကျပ်သိန်းပေါင်း ထောင်သောင်းချီကာ အရှုံးပြပြီး အခွန်ဥပဒေပါ အချက်များအား လက်တစ်လုံးခြားပြုကာ အခွန်ရှောင်တိမ်းနေခြင်းဟု သိရသည်။

"အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က အရှုံးပြပြီးတင်တဲ့ လုပ်ငန်းတွေကို စစ်တော့မယ်။ လုပ်ငန်းတချို့က စာရင်းလိမ်ပြီး အရှုံးပြတာ။ ဥပမာ-ကုမ္ပဏီတစ်ခုဆိုရင် အရှုံးလာပြတယ်။ ဌာနတာဝန်ရှိသူတွေက စစ်ပြီးတော့ မရှုံးမှန်းသိလို့ ဆောင်ဖို့ပြောတယ်။ အဲဒီတော့မှ အမြတ်ပြပြီး နည်းနည်းလာဆောင်တယ်။ တကယ်တမ်းရှုံးတာမှန်ရင် ကျွန်တော်တို့က ဆောင်ခိုင်းတာကို မကျေနပ်ရင် အခွန်အယူခံ ၀င်ခွင့်ရှိတယ်။ ၀င်လို့ရတယ်၊ ဘာကြောင့်မ၀င်ဘဲနဲ့ အမြတ်ပြပြီး ပြန်ဆောင်သလဲ။ အစကတည်းက စာရင်းလိမ်ပြီး အရှုံးပြလို့ဆိုတာ ရှင်းနေပြီလေ" ဟု ပြည်တွင်းအခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး တရုတ်ငါးသောင်း၊ ဟိန္ဒူနှင့် မွတ်စလင် နှစ်သိန်းခန့်ရှိဟုဆို


 မန္တလေးတိုင်းဒေသကြီး အတွင်း၌ တရားဝင် စာရင်းများအရ တရုတ်နွယ်ဖွား ငါးသောင်းဝန်းကျင်၊ ဟိန္ဒူနှင့် မွတ်စလင် နှစ်သိန်းခန့်ရှိဟုဆို
Saturday, 08 June 2013 03:36
first-11.com

မန္တလေးတိုင်းဒေသကြီး အတွင်း၌ အိမ်ထောင်စုဇယားရှိ တရုတ်နွယ်ဖွား ငါးသောင်း ၀န်းကျင်နှင့် ဟိန္ဒူနှင့်မွတ်စလင် နှစ်သိန်းခန့် ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

''မှတ်ပုံတင်ကတ် ထုတ်ပေးထားတဲ့ (ဧည့်) နိုင်ငံသားနဲ့ (ပြု) နိုင်ငံသား အရေအတွက်က အတိအကျ ကောက်ယူနေဆဲပါ'' ဟု တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ခန့်မှန်းလူဦးရေ ၇၄ သိန်းခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် အိမ်ထောင်စုစာရင်း ပြုလုပ်ရန် လျှောက်ထားသော ဧည့်/ပြု နိုင်ငံသားများလည်း ရှိကြောင်းနှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ အိမ်ထောင်စုစာရင်းကို ပြုလုပ်ရသည်ဟု သိရသည်။

တရုတ်နွယ်ဖွားများ အနေဖြင့် မန္တလေးမြို့လယ် ဧရိယာများနှင့် ၇၈ လမ်း၊ ၇၃ လမ်း၊ ၂၆ လမ်းအပါအ၀င် အဓိကမိန်းလမ်းမကြီး အနီးတွင် အများစု နေထိုင်ကြပြီး၊ ဟိန္ဒူနှင့် မွတ်စလင်လူမျိုးများမှာ ဈေးချိုတော် အနီးတစ်ဝိုက်နှင့် ၃၅ လမ်းတစ်လျှောက်အပြင် မြို့တွင်းဧရိယာနေရာ အများအပြား၌ တစ်စုတစ်စည်းတည်း ပေါင်းစုနေထိုင်ကြကြောင်း သိရသည်။

''ယူနန်ဘုံကျောင်းစာရင်းမှာ တရုတ်နွယ်ဖွား ခြောက်သောင်းကျော် ရှိတယ်လို့ ဆိုပေမယ့် မြို့ထဲမှာတင် သိန်းဂဏန်းကျော် ရှိနိုင်တယ်'' ဟု မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ''တရုတ်က မြို့ပေါ်ရပ်ကွက်တွေမှာပဲ နေကြတာ။ အိန္ဒိယနွယ်ဖွားတွေက မြို့ထဲမှာတင်ဆိုရင် တရုတ်က ပိုများနိုင်တယ်။ တစ်တိုင်းလုံး ဆိုရင်တော့ အိန္ဒိယနွယ်ဖွားက ပိုများနိုင်တယ်'' ဟု သုံးသပ်သည်။

အစိုးရ ၅၁၊ ၀မ်ပေါင်၃၀ ၊ဦးပိုင် ၁၉ စာချုပ် ပြင်ချုပ်


ဝမ်ပေါင်ကုမ္ပဏီမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်အား ပြင်ဆင်ချုပ်ဆို၊ အစိုးရမှ ၅၁ ရာခိုင်နှုန်း ဦးပိုင်မှ ၁၉ ရာခိုင်နှုန်းနှင့် ၀မ်ပေါင်ကုမ္ပဏီမှ ရာခိုင်နှုန်း ၃၀ အချိုးဖြင့် ချုပ်ဆို

 first-11.com
 Sunday, 14 July 2013 03:11


ဝမ်ပေါင်ကုမ္ပဏီမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုရာတွင် အစိုးရမှ ၅၁ ရာခိုင်နှုန်း၊ ဦးပိုင်မှ ၁၉ ရာခိုင်နှုန်းနှင့် ၀မ်ပေါင်ကုမ္ပဏီမှ ရာခိုင်နှုန်း ၃၀ အချိုးဖြင့် ပြန်ပြင်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar Wanbao Mining Copper Ltd ၏ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းလုပ်ငန်းအတွက် သတ္တုတွင်း ၀န်ကြီးဌာန၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Wanbao Mining Ltd တို့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်းသဘောတူ စာချုပ်ကို ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်၌ပြု လုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၈/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက် ရယူ၍ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၅ ရက်တွင် ပြုလုပ်ခဲ့သည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံရှိ မီဒီယာများ တွေ့ဆုံပွဲတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များကို ပြည်သူသို့ ချပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စာချုပ်သစ်တွင် စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၊ တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့အကြား အကျိုးအမြတ် ခွဲဝေမှုကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များထဲမှ ဒေသခံများအတွက် လူမှုရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း ကိစ္စရပ်များကို ပြင်ဆင်ချုပ်ဆို သွားမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံဥပဒေ စည်းမျဉ်းများကို သတ်မှတ်ထားသည့် ဥပဒေများအတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအား မြန်မာပြည်သူများ ယုံကြည်နိုင်စေရန်အတွက် လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ဆောင်နေမှုများအား အများပြည်သူ သိရှိနိုင်ရန် ချပြသွားမည်ဖြစ်ကြောင်း သိရသည်။

တေးသံရှင်ဆိုတေး စီးနင်းလာသည့် KIA မော်တော်ယာဉ် တိမ်းမှောက်မှုဖြစ်

Myanmar Celebrities
အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် ရန်ကုန်မှ-မန္တလေးသို့ မောင်းနှင်သွားသော တေးသံရှင်ဆိုတေး စီးနင်းလာသည့် KIA မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း၊ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်သော်လည်း၊ အခြေအနေမှာ စိုးရိမ်ရကြာင်း အင်တာနတ်သတင်းစဉ် မှ သတင်းရရှိပါသည်။


အဆိုတော်ဆိုတေးမှာ ဦးခေါင်းတွင်ပြင်းထန်စွာထိခိုက် သဖြင့်ယခုထိသတိမလည်သေးကာ အခြေအနေမကောင်း၍ မိတ္ထီလာဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ညနေ ၃နာရီခွဲတွင် မန္တလေးဆေးရုံကြီးသို့ရောက်ရှိ...အဆိုတော်ဆိုတေး ရဲ့နှလုံးမှာခုန်နေဆဲဖြစ်ပြီး မသေဆုံးသေးပါ...

အဆိုတော်ဆိုတေးနဲ့သူရဲ့ဇနီး အဆိုတော်ဆိုတေးနောက်မှာရပ်နေတဲ့ကောင်မလေး မိထ္တိလာအနီးမှာ မော်တော်ကားတိမ်းမှောက်မှုကြောင့် ကားမှောက်တဲ့ထဲ ဆိုတေးနဲ့အတူပါသွားပြီးအခုလေးတင်ဆုံးသွားပါပြီ...



The Modern News Journal
တေးသံရှင် ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁ သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ အမျိုးသမီးတစ်ဦးသေးဆုံးပြီး ဆိုတေးပါဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
သေဆုံးသွားတဲ့အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။
ကားပေါ်မှာ လူလေးဦးလိုက်ပါလာပြီး ကျန်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေးဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။

ဒါမျိုးဖေ့ဘွတ်မှာတက်လာတုန်းကတော့သိက္ခာကျတယ်မထင်

မဟာမုနိဘုရားတွင် အပိုပစ္စည်း ယူဆောင်ခွင့်မပြုသည့် အစီအစဉ် မစနိုင်သေးဟုဆို


The Voice Weekly


မန္တလေး၊ ဇူလိုင် ၁၃

မန္တလေးမြို့၏ ကျက်သရေဆောင် မဟာမုနိ ဘုရားကြီးတွင် ပစ္စည်းသိမ်းသေတ္တာ ဝယ်ယူထားပြီး ဖြစ်သော်လည်း ထိုသေတ္တာများကို အသုံးပြုရန်အတွက် ဝန်ထမ်းများကို ရွေးချယ်ကာ လေ့ကျင့် သင်တန်းပေးဦးမည် ဖြစ်သောကြောင့် ဘုရားဖူးလာသူများ၏ အပို ပစ္စည်းများ ယူဆောင်ခွင့် မပြုခြင်းကို ချက်ချင်း အကောင်အထည် မဖော်နိုင်သေးကြောင်း ဂေါပကအဖွဲ့မှ အတွင်းရေးမှူး ဦးစိန်သင်က ပြောကြားသည်။

ခရီးသည်များ၏ အပိုပစ္စည်းများကို ဇူလိုင် ၁၁ ရက်နေ့မှ စတင်ကာ မဟာမုနိ ဘုရားကြီးအတွင်းသို့ သယ်ဆောင်ခွင့် မပြုဆိုသည့် ဗီနိုင်းများကို မှားယွင်းကြေညာမိခြင်း ဖြစ်ပြီး အဆိုပါအစီအစဉ် မစမချင်း အပိုပစ္စည်း ယူဆောင်နိုင်ကြောင်း ဦးစိန်သင်က ပြောဆို သည်။
"အခုလက်ရှိ ရှိနေတဲ့ဝန်ထမ်း အများစုက အတန်းပညာ ကောင်းကောင်းမတတ်တဲ့ သူတွေလည်း ပါတော့ သေတ္တာတွေ ထားတဲ့နေရာမှာ တာဝန်ချထားဖို့ က အခက်အခဲ နည်းနည်းရှိတယ်။ ဘုရားဖူးတွေကို ပြေလည်အောင် ဆက်ဆံဖို့ သင့်တော်တဲ့ ဝန်ထမ်းလည်း ရှာရဦးမယ်။ ဒီအစီအစဉ်ကို အမြန်ဆုံးဖြစ်အောင် လုပ်မှာပါ" ဟု ၄င်းကဆိုသည်။

အဆိုပါ သေတ္တာခုနစ်လုံးကို ဘုရားကြီးပရိဝုဏ် အတွင်းသို့ဝင်ရောက်ရာ စောင်းတန်းလေးသွယ်တွင် ထားရှိမည်ဖြစ်ပြီး လိုအပ်လာပါက ထပ်မံ ဝယ်ယူရန်လည်း အစီအစဉ်ရှိကြောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌက ပြောကြားသည်။
"အစ်မတို့ ကတော့ ဟိုးအရင်ကတည်းက အိတ်တွေပါလာရင် စောင်းတန်းမှာရှိတဲ့ ကိုယ့်အသိမိတ်ဆွေ ဆိုင်မှာ အပ်ထားခဲ့လေ့ ရှိတယ်။ အခုလို သေတ္တာတွေ ထားမယ်ဆိုတော့ ကောင်းတာပေါ့။ များများလေး ထားပေးသင့်တယ်" ဟု ဘုရားဖူးလာသူ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။

လက်ရှိတွင် ဘုရားကြီးလုံခြုံရေး အတွက် ဝန်ထမ်း ၆၀ ဦးနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဝန်ထမ်းများက လုံခြုံရေးတာဝန် ယူထားလျက်ရှိပြီး ဘုရားဝင်းအတွင်း လုံခြုံရေးကင်မရာ တပ်ဆင်ထားကာ ဂေါပကအဖွဲ့ ရုံးခန်းက စောင့်ကြည့်လျက် ရှိကြောင်း ဂေါပကအဖွဲ့ ထံမှ သိရသည်။

(ခန့်ခန့်)