Friday, August 30, 2013

တိုင်းရင်းသားတပ်ဖွဲ့များအား အပြတ်ရှင်းလင်းပစ်ရန် တိုင်းရုံးအား ကာ/ချုပ် ညွှန်ကြား




သျှမ်းသံတော်ဆင့်
၂၉ ဩဂတ်စ်လ ၂၀၁၃


သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းရုံးတွင် ပြုလုပ်သော ၄ လပတ် အစည်းအဝေးသို့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ အားလုံးအားရှင်းလင်းပစ်ရန် ကာကွယ်ရေး ဦးစီး ချုပ်ကြီး၏ ညွှန်ကြားစာကို တိုင်းမှူး ကဖတ်ပြသည်ဟု ပြောက်ကျားထွက်လာသော စာရွက်စာတမ်းများက ဆိုပါသည်။

ရမခ တိုင်းရုံး၌ ပဌမ ၄ လပတ် အစည်း အဝေးကျင်းပစဉ်က စစ်တိုင်းမှူးဗိုလ်မှူးချုပ်အောင်စိုးက - “ ပြီးခဲ့တဲ့ ၂၀၁၂ စက်တင်ဘာလတုန်းက ကချင် KIA တပ်ကို မြန်မာစစ်တပ်က တပ်မ ၁၀ ခု သုံးပြီး တိုက်ခိုက်ရတယ်။ ၄ လ အတွင်း တိုက်ပွဲပေါင်း ၃၅၅ ကြိမ်ဖြစ်ပွါးခဲ့တယ်။ ဒီအထဲမှာမှ အပြင်း ထန်ဆုံးတိုက်ပွဲက ၉၅ ကြိမ်ရှိပါတယ်။ ၄ လ အတွင်း သေကြေဒဏ်ရာရတဲ့ တပ်သား ၁၀၀၀ ကျော်ပါတယ်။ အခုလို ဆုံးရှုံးမှုများပြားတာဟာ တပ်မတော် အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေ မကျွမ်းလို့ အတွေ့ အကြုံနည်းပါးလို့ဖြစ်ရပါတယ်။ သို့သော် လက်နက်ကြီးတွေသုံး၊ ဝေဟင်က အင်အားတွေကိုသုံးတိုက်ပြီး တပ်စခန်းအားလုံးကိုသိမ်းပိုက် နိုင်ခဲ့ပါတယ်” ဟု ပါရှိပါသည်။

ရမခတိုင်း၏ ပဌမ ၄ လပတ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေး နောက်ဆုံးရက်ဖြစ်သော ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်စာ၊ မှာကြားစာကိုတိုင်းမှူးကဖတ်ပြရာတွင် - ၁- ရမခတိုင်းအတွင်း ကေအိုင်အေ တပ်မဟာ ၄ ၊ ကိုးကန့် (ဖုံကြားရှင်းလက်ကျန်တပ်)တို့အား ခေါင်းပြန်မထောင်နိုင်အောင် ရှင်းလင်းတိုက်ခိုက် ပစ်ရမည်။ ၂- နောင်ချိုမှ တရုတ်နယ်စပ်အထိ အသွားလမ်းတလျှောက် လှုပ်ရှားနေသည့် လက်နက်ကိုင် တိုင်း ရင်းသားတပ်ဖွဲ့များအား စခန်းမချနိုင်အောင် ရှင်းလင်းပစ်ရန်။ (အဆိုပါ ဒေသတွင် RCSS/SSA, SSPP/SSA, KIA,TNLA) တို့လှုပ်ရှားနေပါသည်။ ၃- သံလွင်မြစ်အနောက်ဘက်ခြမ်းတလျှောက် မြန်မာစစ်တပ် တပ်စခန်းများ အခိုင်အမာချထားရန်နှင့် ကားလမ်းကိုလည်း သုံးရာသီသုံးနိုင်သည့်ကားလမ်းဖြစ်အောင် ပြုပြင်ထားရန်။ ၄- ရခိုင်ပြည်နယ်မှ တရုတ်ပြည် သွယ်တန်းသည့် ဂက်စ်ပိုက်လိုင်း လုံခြုံရေးကို တင်းကျပ်ချစွာထားရန်၊ ရွှေလီရေ အားလျှပ်စစ်စီမံကိန်းကိုလည်း လုံခြုံရေးချထားရန် - အစရှိအရေးကြီးအချက်များအပါအဝင် အချက်အများ အပြား ပါရှိကြောင်း ဆိုပါသည်။

မြန်မာ့တပ်မတော် ၄ လပတ်ထိပ်သီး အစည်းအဝေးကို ဂျန္နဝါရီတွင်တကြိမ်၊ မေလတွင်တကြိမ်နှင့်စက်တင် ဘာတွင်တကြိမ် တနှစ်သုံးကြိမ် ကျင်းပကြောင်း သိရပါသည်။ ထိုအစည်း အဝေး များ ပြီးဆုံးပြီးနောက်ပိုင်း အစည်းအဝေးတက်ရောက်သည့် စစ်ခေါင်းဆောင်များ သက်ဆိုင်ရာမိမိတိုင်းဌာနချုပ်သို့ပြန်၍ ပြန်လည် ရှင်း လင်းပြသသည့်အစည်းအဝေး ထပ်မံကျင်းပကြရကြောင်းလည်း စစ်တိုင်းရုံးနှင့်နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

သို့သော် မြန်မာအစိုးရနှင့် ကချင်တပ်မတော်တို့ မေလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံကာ အချက် ၇ ချက်ပါ သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုအနက် ၁- လက်ရှိ တိုက်ပွဲများလျှော့ချရေး၊တိုက်ပွဲမဖြစ်ရန်ရှောင်ရှားရေး ၂- မြစ်ကြီးနား မြို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ( ဂျူလိုင်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်ပြီး) တို့လည်းပါဝင်သည်။ သို့သော် ယနေ့တိုင် ရင်ဆိုင်တိုက်ပွဲများဆက်ဖြစ်ပွါးနေဆဲဖြစ်ပါသေးသည်။

ခွေးခြံအတွင်းကအမှန်တရားများ


7Day News Journal

ခွေးခြံအတွင်း ကျောခင်းကြရခြင်း
--------------------
ရေးသားသူ- ညီညီဇော်

မန္တလေးတောင်ခြေ တောင်ဆင်းလမ်းဘေးတွင် ကျယ်ဝန်းလှသော ခြံကြီးတစ်ခြံရှိသည်။ ထိုခြံကြီးထဲတွင် တဲအိမ်လေးများ နေရာအနှံ့ ကွက်တိကွက်ကျားတည်ရှိပြီး ခြံဝင်းကြီး၏ အနောက်တောင်ထောင့်အနီးတွင်မူ ဓနိမိုးထားသော တဲတန်းလျားကြီးတစ်ခု တည်ရှိနေသည်။ တဲတန်းလျားကြီးအနီးတွင် ကျောက်တုံးကြီးတစ်ခုရှိပြီး ယင်းကျောက်တုံးကြီးပေါ်တွင် ပျက်ယွင်းစပြုနေပြီဖြစ်သည့် ကျောက်ပြားဖြင့် ရေးထိုးထားသော စာတန်းတစ်ခုကို တွေ့ရမည်ဖြစ်သည်။ “ခွေးဘေးမဲ့ခြံ၊ ၄-၁-၉၀ ရက်တွင် ဖွင့်လှစ်သည်”ဟူ၍ ဖြစ်သည်။

(၁)
ခွေးဘေးမဲ့ခြံဆိုသော်လည်း ခွေးတွေက တစ်ကောင်တစ်မြီးမှမရှိတော့။ တဲတန်းလျားကြီးနှင့် တဲအိမ်လေးများတွင် လူတွေက နေရာဝင်ယူထားကြသည်။

“ခွေးတွေမထားတော့တာ ကြာပြီ။ ခုကျုပ်တို့နေတဲ့နေရာက အရင်ကခွေးထီးတွေ နေခဲ့တဲ့နေရာ”ဟုပြောရင်း ဦးစိန်ဝင်းက သံမံတလင်းပေါ် ထိုင်ချလိုက်သည်။

ဦးစိန်ဝင်းသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနတွင် မြောင်းဆယ်ရသည့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ ဦးစိန်ဝင်းသည် ဇနီးသည်၊ ကလေးကိုးယောက်တို့နှင့် ခွေးဘေးမဲ့ခြံ၏ တဲတန်းလျားအလယ်ခန်းတွင် နေထိုင်ကြသည်။

ဦးစိန်ဝင်းသည် တစ်ချိန်က ခ.လ.ရ (၄)တပ်တွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ အရာခံဗိုလ်ဘ၀တွင် ပျဉ်းမနားရေဆင်းရှိ အမှတ်(၂)တိုးမြှင့်သင်တန်းကျောင်းဟုခေါ်သည့် တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းတွင် နည်းပြတာဝန်ယူခဲ့ဖူးပြီး ယခုဆိုလျှင် သူ့တပည့်များမှာ တပ်မတော်အရာရှိများပင် ဖြစ်နေလေပြီ။

တပ်မတော်မှ ဆေးပင်စင်ယူသည့်အချိန် မိသားစုများလှသော ဦးစိန်ဝင်းအဖို့ ကြီးမားသောအခက်အခဲတစ်ခု ရင်ဆိုင်လာရသည်။ ထိုအခက်အခဲမှာ နေစရာမရှိခြင်းဖြစ်သည်။ ဦးစိန်ဝင်း တပ်မတော်မှထွက်ပြီး ရေထမ်းရောင်းသည်။ ဆိုက်ကားထွက်နင်းသည်။ သို့သော် ထိုအလုပ်တွေမှ ရသည့်ငွေနှင့် နေစရာအခက်အခဲ ဘယ်လိုမှမဖြေရှင်းနိုင်။ နောက်ဆုံးတွင်
တပ်မတော်က ဆရာသမားများထံ အကူအညီတောင်းရာ မန္တလေးစည်ပင်တွင် အလုပ်ရသည်။ လုပ်ရမည့်အလုပ်က မြောင်းဆယ်ရသည့်အလုပ်။ မန္တလေးစည်ပင်တွင် အလုပ်ရပြီး နေစရာအတွက် မန္တလေးတောင်ခြေက ခွေးတွေမနေတော့သည့် ခွေးဘေးမဲ့ခြံတွင် သူတို့မိသားစု နေထိုင်ခွင့်ရခဲ့သည်။ အရင်က တပ်မတော်တွင် အရာခံဗိုလ်အဆင့်ဖြင့် နည်းပြဆရာအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးစိန်ဝင်းက ယခုကဲ့သို့ ခွေးများအတွက် သီးသန့်နေရာတွင် နေရမည်ဆိုတော့ စိတ်ထဲတွင်ခံပြင်းမိသည်။ သို့သော် များပြားလှသော မိသားစုနေရေးထိုင်ရေးတို့အတွက် ဦးစိန်ဝင်း အတိတ်ကာလကို ပြည်ဖုံးကားချလိုက်သည်။

“အဲဒီအချိန်တုန်းက ခွေးတွေသာမရှိတော့တာ။ ခွေးသန်းတွေ တအားကိုက်တာ။ ညကို အိပ်လို့မရဘူး။ ဖြုတ်တွေကလည်း အားကြီးပေါတာ”ဟု ဦးစိန်ဝင်းကပြောပြသည်။

ခွေးများနေထိုင်ခဲ့သဖြင့် နှစ်လလောက်က အနံ့အသက်တွေမကောင်း။ ရေတွေဆေးချရသည်။ တရော်ကင်ပွန်းတွေ ဖျန်းချရသည်။ သူ့အသက်(၅၈)နှစ်ရှိပြီ။ ကိုယ်ပိုင်နေရာလေးတစ်ခုတွင်
နေဖူးချင်သေးသည်။ သို့သော် ရတဲ့လုပ်အားခနဲ့ ရှိတဲ့မိသားစုဦးရေနှင့်က ဘယ်လိုနည်းနှင့်မျှ အခြေအနေပေးတော့မည်မဟုတ်။ ထိုကြောင့် သားသမီးတွေ သူမရှိတော့သည့်အချိန်တွင် နေစရာအတွက် အခက်အခဲမဖြစ်အောင် စည်ပင်မှာ အလုပ်ဝင်စေခဲ့သည်။ တံမြက်စည်းလှည်းသည့်အလုပ်၊ ကျုံးမှော်ဆယ်သည့်အလုပ်များ ဖြစ်သည်။ စည်ပင်ဝန်ထမ်းဖြစ်နေသရွေ့ စည်ပင်မှ ပေးမည့်နေစရာလေးတော့ ရနေဦးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်ဟု သူကဆိုသည်။

(၂)
ဦးစိန်ဝင်းက သားသမီးများပါ စည်ပင်တွင် အလုပ်ဝင်စေခဲ့သည့်အတွက် နေစရာအတွက်တော့ ခွေးခြံရှိနေသရွေ့ အဆင်ပြေနေပါဦးမည်။ သိုသော် ခွေးခြံ၏ထောင့်စွန်းကတဲတွင် နေထိုင်သည့် ဒေါ်အေးအေးမြင့်တို့ကတော့ နေစရာအတွက် စတင်ပူပန်နေရပြီဖြစ်သည်။ ဒေါ်အေးအေးမြင့်က တပ်မတော်မှ မိုင်းထိ၍ပင်စင်ယူခဲ့ရသူ ခင်ပွန်းဖြစ်သူ ဦးကျော်အေး ကောင်းမှုဖြင့် ခွေးခြံထဲ ရောက်လာရသူ ဖြစ်သည်။ ဦးကျော်အေးက ပင်စင်ယူပြီး စည်ပင်တွင်ဝင်လုပ်ရာမှ ခွေးခြံတွင် စာရင်းကိုင်တာဝန် ချထားခံရသည်။ ဦးကျော်အေးအလုပ်က ခွေးတွေကို စာရင်းမှတ်ရသည်။ ခွေးမဘယ်နှကောင်၊ ခွေးထီးဘယ်နှကောင်၊ ဆိုးသွမ်းခွေး ဘယ်နှကောင် စသဖြင့်။

ထို့အပြင် ခွေးများကို ချက်ကျွေးသည့် အစားအသောက်ကုန်ကျစရိတ်စာရင်းများ၊ အလှူရှင်လာလှူသည့် ငွေစာရင်းများလည်း ကိုင်ရသည်။

ခွေးများကို နေ့စဉ်အမဲသားချက်ကျွေးလေ့ရှိပြီး နေ့စဉ်ယူနေကျ အမဲသားဆိုင်က ၀န်ထမ်းများအတွက် အပိုတွေပေးတတ်သည်။ အပိုပေးလိုက်သည့် အမဲသားတွေကို ၀န်ထမ်းတွေ အလှည့်ကျချက်စားကြသည်။ ခွေးကိုမှီ၍ အသားဟင်းများ စားနေရသည့်အတွက် ဒေါ်အေးအေးမြင့်တို့ ထိုခွေးတွေကို ကျေးဇူးတင်ရသည်။

“ကျွန်မယောက်ျားကဆို အမြဲပြောတယ်။ ခွေးတွေကြောင့်သာ အလုပ်ရတာ။ စားဝတ်နေရေးပြေလည်တာဆိုပြီး။ ဒါကြောင့် သူက ခွေးတွေအပေါ်လည်း သံယောဇဉ်ကြီးခဲ့တယ်။ ခွေးတွေရဲ့ ကျေးဇူးတွေရှိတဲ့အကြောင်းလည်း တဖွဖွပြောတယ်”ဟု ဒေါ်အေးအေးမြင့်ကပြောပြသည်။

ခွေးတွေကြောင့် စားဝတ်နေရေးအတွက် ပြေလည်သော်လည်း ခွေးခြံအပြင်ဘက်က ဥပေက္ခာတရားတွေတော့ ရင်ဆိုင်ရသည်။ “ဟိုတုန်းက လူတွေကလည်း သိပ်အမြင်မကျယ်သေးတာကြောင့် ကျွန်မတို့ ခွေးခြံကအဖွဲ့တွေ အနီးနားကရပ်ကွက်ထဲ ဗီဒီယိုသွားကြည့်ရင် ခွေးခြံကလူတွေဆိုပြီး အနားမထိုင်ကြဘူး”ဟု ဆိုသည်။

အခုတော့ ပတ်ဝန်းကျင်က နားလည်မှုတွေ ရှိလာခဲ့ပြီ။ သို့သော် ဒီခွေးခြံမှာ ဘယ်ချိန်ထိ နေခွင့်ရတော့မည်ကို ဒေါ်အေးအေးမြင့် မတွေးရဲတော့။ ခင်ပွန်းဖြစ်သူ တပ်မတော်အငြိမ်းစား စည်ပင်ဝန်ထမ်းက အခုတော့ သာသနာ့ဘောင် အပြီးဝင်ရောက်သွားလေပြီ။ ၀န်ထမ်းမရှိတော့သည့်အတွက် ဘယ်ချိန်ထိ ခွေးခြံထဲမှာ နေခွင့်ရတော့မည်ကို မှန်းဆ၍မရ။ ထိုကြားထဲ ခွေးခြံကို တရုတ်တွေပဲလာဝယ်မှာလိုလို။ ရေသန့်စက်ရုံပဲ တည်တော့မှာလိုလို။ အသံတွေက မျိုးစုံကြားနေရ၍ စိတ်ပူမိသည်ဟု ဒေါ်အေးအေးမြင့်ကဆိုသည်။

(၃)
ထိုခွေးခြံတွင် ကျောချရသူများတွင် ဦးဘာဖယ်ဆိုသူလည်း အပါအ၀င်ဖြစ်သည်။ အသက်(၂၅)နှစ်အရွယ် တက်ကြွဖျတ်လတ်နေချိန် စစ်ဆင်ရေးတိုက်ပွဲတစ်ခုတွင် မိုင်းထိခဲ့ရာမှ ညာဘက်ခြေထောက် ဒူးအထက်မှ အောက်ပိုင်းအထိ ဖြတ်ပစ်ခဲ့ရသည်။ ပြီးနောက် ဆေးပင်စင်ယူပြီး တပ်ကထွက်ခဲ့ရသည်။

“တပ်ကထွက်ရတာက မိုင်းထိတာထက် ပိုခံစားခဲ့ရတယ်”ဟု ချင်းတိုင်းရင်းသားတစ်ဦးလည်းဖြစ်သူ ဦးဘာဖယ်ပြောပြသည်။

တပ်ကထွက်ပြီး ခြေတစ်ဖက်တည်းနဲ့ ရပ်တည်ရတော့မည့် သူ့ဘ၀ကို ဦးဘာဖယ်ကပြောပြသည်။

အရာရှိအကြီးအကဲတွေ အကူအညီဖြင့် ခွေးဘေးမဲ့ခြံမှာ ဂိတ်စောင့်အလုပ်ရရှိခဲ့သည်။ သူ့အလုပ်က ခွေးခြံတံခါးကို ဖွင့်ပိတ်ပေးရုံသာမို့ ဒုက္ခိတသူ့အတွက်တော့ တော်တော်လေး အဆင်ပြေခဲ့သည်။ အကြီးအကဲများ၏နားလည်မှုဖြင့် တပ်မတော်က လစဉ်ထောက်ပံ့သည့် ဆန်ခုနစ်ပြည်ကိုရောင်းစားကာ ခွေးများရိက္ခာထဲကဆန်ဖြင့် သူ့ဝမ်းစာဖြည့်ခဲ့သည်။

သူဝါသနာပါသည့် ဂစ်တာလေးကို တဒေါင်ဒေါင်ခေါက်ရင်း တစ်ကိုယ်တည်း သူ့ဘ၀ ခွေးခြံမှာ အဆင်ပြေခဲ့သည်။ သို့သော် သူအဆင်ပြေခဲ့ချိန်က မကြာလိုက်။ အကြောင်းအမျိုးမျိုးကြောင့် ခွေးခြံကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်။ ခွေးခြံပိတ်လိုက်တော့ ခွေးခြံစောင့်အလုပ်က အလိုအလျောက်ပြုတ်သည်။

ထိုကြားထဲ မိန်းမကရလိုက်သည်။ မိသားစုစားဝတ်နေရေးအတွက် သူအလုပ်တစ်ခုခုတော့ လုပ်မှဖြစ်မည်ဟုဆိုပြီး စက်ဘီးပြင်သည့်ပညာကို သင်ယူခဲ့သည်။ တပ်ထဲတွင် ခိုင်းတာလုပ်၊ ကျွေးတာစား အမိန့်အာဏာနှင့် နေခဲ့ရသည့်အခြေအနေမျိုးနှင့် လူ့လောကပတ်ဝန်းကျင် အခြေအနေတွေက ဆန့်ကျင်ဘက်ဆိုတာ သူသိလာသည်ဟုဆိုသည်။

ဝန်ဆောင်မှုကို အကောင်းဆုံးပေးသည်။ ဖတ်ထားတဲ့စာတွေထဲက လူမှုဆက်ဆံရေးနည်းဗျူဟာတွေ ပြန်ထုတ်သုံးသည်။ နောက်ဆုံး သူ့စက်ဘီးပြင်ဆိုင်လေး ခွေးခြံနားလေးတွင် နာမည်ရလာခဲ့သည်။ ၀င်ငွေလေးလည်း အထိုက်အလျောက်ရခဲ့သည်။ သို့သော် စက်ဘီးအစား ဆိုင်ကယ်တွေ အသုံးများလာတဲ့ မန္တလေးတွင် သူ့လုပ်ငန်း တဖြည်းဖြည်းပါးလာခဲ့ပြန်သည်။ မိန်းမဖြစ်သူက စည်ပင်က ဥယျာဉ်စိမ်းလန်းအခြေခံဝန်ထမ်းမို့ ခွေးခြံထဲ ဆက်နေခွင့်ရခဲ့၍ တော်သေးသည်။

ဦးဘာဖယ်တို့ကဲ့သို့ တပ်မတော်ကနေထွက်ပြီး စည်ပင်တွင် အလုပ်ဝင်လုပ်ကာ ခွေးဘေးမဲ့ခြံတွင် လာရောက်နေထိုင်ခွင့်ရသည့် တပ်မတော်သားမိသားစုပေါင်း ခုနစ်စုခန့်ရှိသည်။ ကျန်တာတွေက သန့်ရှင်းရေးနေ့စားဝန်ထမ်းတွေနှင့် ပန်းဥယျာဉ်ဌာန သစ်ပင်ပန်းပင်စိုက်သူ၊ ရေလောင်းပေါင်းသင်ရသည့် အလုပ်လုပ်ကိုင်နေရသည့် မိသားစုပေါင်း ၃၀ လောက် ရှိသေးသည်။

အချို့က ခွေးတွေနေထိုင်ခဲ့သည့် တဲတန်းလျားတွေမှာ နေထိုင်ကြသည်။ အချို့ကတော့ ခွေးတွေ နေ့ခင်းနေ့လယ် တရေးတမောအိပ်သည့် ချုံတွေကြားတွင် တဲထိုးကာ နေသူကနေသည်။ ဦးဘာဖယ်တို့ နေထိုင်နေသည့် ခွေးခြံကို မန္တလေးမြို့မှ တိရစ္ဆာန်ချစ်သူများက ယခင်ကဲ့သို့ ခွေးများထိန်းသိမ်းစောင့်ရှောက်ရန် မန္တလေးစည်ပင်မှ ငှားရမ်းမည်ဟုလည်း ဆိုနေကြသည်။ ခွေးဘေးမဲ့ခြံ၏ မူလပိုင်ရှင်အစစ်အမှန် ခွေးတွေများ ပြန်လည်ရောက်ရှိလာလျှင်တော့.....။

ဓာတ်ပုံ- ညီညီဇော်



7Day News Journal

ခွေးခြံအတွင်း ကျောခင်းကြရခြင်း
--------------------
ရေးသားသူ- ညီညီဇော်

မန္တလေးတောင်ခြေ တောင်ဆင်းလမ်းဘေးတွင် ကျယ်ဝန်းလှသော ခြံကြီးတစ်ခြံရှိသည်။ ထိုခြံကြီးထဲတွင် တဲအိမ်လေးများ နေရာအနှံ့ ကွက်တိကွက်ကျားတည်ရှိပြီး ခြံဝင်းကြီး၏ အနောက်တောင်ထောင့်အနီးတွင်မူ ဓနိမိုးထားသော တဲတန်းလျားကြီးတစ်ခု တည်ရှိနေသည်။ တဲတန်းလျားကြီးအနီးတွင် ကျောက်တုံးကြီးတစ်ခုရှိပြီး ယင်းကျောက်တုံးကြီးပေါ်တွင် ပျက်ယွင်းစပြုနေပြီဖြစ်သည့် ကျောက်ပြားဖြင့် ရေးထိုးထားသော စာတန်းတစ်ခုကို တွေ့ရမည်ဖြစ်သည်။ “ခွေးဘေးမဲ့ခြံ၊ ၄-၁-၉၀ ရက်တွင် ဖွင့်လှစ်သည်”ဟူ၍ ဖြစ်သည်။

(၁)
ခွေးဘေးမဲ့ခြံဆိုသော်လည်း ခွေးတွေက တစ်ကောင်တစ်မြီးမှမရှိတော့။ တဲတန်းလျားကြီးနှင့် တဲအိမ်လေးများတွင် လူတွေက နေရာဝင်ယူထားကြသည်။

“ခွေးတွေမထားတော့တာ ကြာပြီ။ ခုကျုပ်တို့နေတဲ့နေရာက အရင်ကခွေးထီးတွေ နေခဲ့တဲ့နေရာ”ဟုပြောရင်း ဦးစိန်ဝင်းက သံမံတလင်းပေါ် ထိုင်ချလိုက်သည်။

ဦးစိန်ဝင်းသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနတွင် မြောင်းဆယ်ရသည့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ ဦးစိန်ဝင်းသည် ဇနီးသည်၊ ကလေးကိုးယောက်တို့နှင့် ခွေးဘေးမဲ့ခြံ၏ တဲတန်းလျားအလယ်ခန်းတွင် နေထိုင်ကြသည်။

ဦးစိန်ဝင်းသည် တစ်ချိန်က ခ.လ.ရ (၄)တပ်တွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ အရာခံဗိုလ်ဘ၀တွင် ပျဉ်းမနားရေဆင်းရှိ အမှတ်(၂)တိုးမြှင့်သင်တန်းကျောင်းဟုခေါ်သည့် တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းတွင် နည်းပြတာဝန်ယူခဲ့ဖူးပြီး ယခုဆိုလျှင် သူ့တပည့်များမှာ တပ်မတော်အရာရှိများပင် ဖြစ်နေလေပြီ။

တပ်မတော်မှ ဆေးပင်စင်ယူသည့်အချိန် မိသားစုများလှသော ဦးစိန်ဝင်းအဖို့ ကြီးမားသောအခက်အခဲတစ်ခု ရင်ဆိုင်လာရသည်။ ထိုအခက်အခဲမှာ နေစရာမရှိခြင်းဖြစ်သည်။ ဦးစိန်ဝင်း တပ်မတော်မှထွက်ပြီး ရေထမ်းရောင်းသည်။ ဆိုက်ကားထွက်နင်းသည်။ သို့သော် ထိုအလုပ်တွေမှ ရသည့်ငွေနှင့် နေစရာအခက်အခဲ ဘယ်လိုမှမဖြေရှင်းနိုင်။ နောက်ဆုံးတွင်
တပ်မတော်က ဆရာသမားများထံ အကူအညီတောင်းရာ မန္တလေးစည်ပင်တွင် အလုပ်ရသည်။ လုပ်ရမည့်အလုပ်က မြောင်းဆယ်ရသည့်အလုပ်။ မန္တလေးစည်ပင်တွင် အလုပ်ရပြီး နေစရာအတွက် မန္တလေးတောင်ခြေက ခွေးတွေမနေတော့သည့် ခွေးဘေးမဲ့ခြံတွင် သူတို့မိသားစု နေထိုင်ခွင့်ရခဲ့သည်။ အရင်က တပ်မတော်တွင် အရာခံဗိုလ်အဆင့်ဖြင့် နည်းပြဆရာအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးစိန်ဝင်းက ယခုကဲ့သို့ ခွေးများအတွက် သီးသန့်နေရာတွင် နေရမည်ဆိုတော့ စိတ်ထဲတွင်ခံပြင်းမိသည်။ သို့သော် များပြားလှသော မိသားစုနေရေးထိုင်ရေးတို့အတွက် ဦးစိန်ဝင်း အတိတ်ကာလကို ပြည်ဖုံးကားချလိုက်သည်။

“အဲဒီအချိန်တုန်းက ခွေးတွေသာမရှိတော့တာ။ ခွေးသန်းတွေ တအားကိုက်တာ။ ညကို အိပ်လို့မရဘူး။ ဖြုတ်တွေကလည်း အားကြီးပေါတာ”ဟု ဦးစိန်ဝင်းကပြောပြသည်။

ခွေးများနေထိုင်ခဲ့သဖြင့် နှစ်လလောက်က အနံ့အသက်တွေမကောင်း။ ရေတွေဆေးချရသည်။ တရော်ကင်ပွန်းတွေ ဖျန်းချရသည်။ သူ့အသက်(၅၈)နှစ်ရှိပြီ။ ကိုယ်ပိုင်နေရာလေးတစ်ခုတွင်
နေဖူးချင်သေးသည်။ သို့သော် ရတဲ့လုပ်အားခနဲ့ ရှိတဲ့မိသားစုဦးရေနှင့်က ဘယ်လိုနည်းနှင့်မျှ အခြေအနေပေးတော့မည်မဟုတ်။ ထိုကြောင့် သားသမီးတွေ သူမရှိတော့သည့်အချိန်တွင် နေစရာအတွက် အခက်အခဲမဖြစ်အောင် စည်ပင်မှာ အလုပ်ဝင်စေခဲ့သည်။ တံမြက်စည်းလှည်းသည့်အလုပ်၊ ကျုံးမှော်ဆယ်သည့်အလုပ်များ ဖြစ်သည်။ စည်ပင်ဝန်ထမ်းဖြစ်နေသရွေ့ စည်ပင်မှ ပေးမည့်နေစရာလေးတော့ ရနေဦးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်ဖြစ်သည်ဟု သူကဆိုသည်။

(၂)
ဦးစိန်ဝင်းက သားသမီးများပါ စည်ပင်တွင် အလုပ်ဝင်စေခဲ့သည့်အတွက် နေစရာအတွက်တော့ ခွေးခြံရှိနေသရွေ့ အဆင်ပြေနေပါဦးမည်။ သိုသော် ခွေးခြံ၏ထောင့်စွန်းကတဲတွင် နေထိုင်သည့် ဒေါ်အေးအေးမြင့်တို့ကတော့ နေစရာအတွက် စတင်ပူပန်နေရပြီဖြစ်သည်။ ဒေါ်အေးအေးမြင့်က တပ်မတော်မှ မိုင်းထိ၍ပင်စင်ယူခဲ့ရသူ ခင်ပွန်းဖြစ်သူ ဦးကျော်အေး ကောင်းမှုဖြင့် ခွေးခြံထဲ ရောက်လာရသူ ဖြစ်သည်။ ဦးကျော်အေးက ပင်စင်ယူပြီး စည်ပင်တွင်ဝင်လုပ်ရာမှ ခွေးခြံတွင် စာရင်းကိုင်တာဝန် ချထားခံရသည်။ ဦးကျော်အေးအလုပ်က ခွေးတွေကို စာရင်းမှတ်ရသည်။ ခွေးမဘယ်နှကောင်၊ ခွေးထီးဘယ်နှကောင်၊ ဆိုးသွမ်းခွေး ဘယ်နှကောင် စသဖြင့်။

ထို့အပြင် ခွေးများကို ချက်ကျွေးသည့် အစားအသောက်ကုန်ကျစရိတ်စာရင်းများ၊ အလှူရှင်လာလှူသည့် ငွေစာရင်းများလည်း ကိုင်ရသည်။

ခွေးများကို နေ့စဉ်အမဲသားချက်ကျွေးလေ့ရှိပြီး နေ့စဉ်ယူနေကျ အမဲသားဆိုင်က ၀န်ထမ်းများအတွက် အပိုတွေပေးတတ်သည်။ အပိုပေးလိုက်သည့် အမဲသားတွေကို ၀န်ထမ်းတွေ အလှည့်ကျချက်စားကြသည်။ ခွေးကိုမှီ၍ အသားဟင်းများ စားနေရသည့်အတွက် ဒေါ်အေးအေးမြင့်တို့ ထိုခွေးတွေကို ကျေးဇူးတင်ရသည်။

“ကျွန်မယောက်ျားကဆို အမြဲပြောတယ်။ ခွေးတွေကြောင့်သာ အလုပ်ရတာ။ စားဝတ်နေရေးပြေလည်တာဆိုပြီး။ ဒါကြောင့် သူက ခွေးတွေအပေါ်လည်း သံယောဇဉ်ကြီးခဲ့တယ်။ ခွေးတွေရဲ့ ကျေးဇူးတွေရှိတဲ့အကြောင်းလည်း တဖွဖွပြောတယ်”ဟု ဒေါ်အေးအေးမြင့်ကပြောပြသည်။

ခွေးတွေကြောင့် စားဝတ်နေရေးအတွက် ပြေလည်သော်လည်း ခွေးခြံအပြင်ဘက်က ဥပေက္ခာတရားတွေတော့ ရင်ဆိုင်ရသည်။ “ဟိုတုန်းက လူတွေကလည်း သိပ်အမြင်မကျယ်သေးတာကြောင့် ကျွန်မတို့ ခွေးခြံကအဖွဲ့တွေ အနီးနားကရပ်ကွက်ထဲ ဗီဒီယိုသွားကြည့်ရင် ခွေးခြံကလူတွေဆိုပြီး အနားမထိုင်ကြဘူး”ဟု ဆိုသည်။

အခုတော့ ပတ်ဝန်းကျင်က နားလည်မှုတွေ ရှိလာခဲ့ပြီ။ သို့သော် ဒီခွေးခြံမှာ ဘယ်ချိန်ထိ နေခွင့်ရတော့မည်ကို ဒေါ်အေးအေးမြင့် မတွေးရဲတော့။ ခင်ပွန်းဖြစ်သူ တပ်မတော်အငြိမ်းစား စည်ပင်ဝန်ထမ်းက အခုတော့ သာသနာ့ဘောင် အပြီးဝင်ရောက်သွားလေပြီ။ ၀န်ထမ်းမရှိတော့သည့်အတွက် ဘယ်ချိန်ထိ ခွေးခြံထဲမှာ နေခွင့်ရတော့မည်ကို မှန်းဆ၍မရ။ ထိုကြားထဲ ခွေးခြံကို တရုတ်တွေပဲလာဝယ်မှာလိုလို။ ရေသန့်စက်ရုံပဲ တည်တော့မှာလိုလို။ အသံတွေက မျိုးစုံကြားနေရ၍ စိတ်ပူမိသည်ဟု ဒေါ်အေးအေးမြင့်ကဆိုသည်။

(၃)
ထိုခွေးခြံတွင် ကျောချရသူများတွင် ဦးဘာဖယ်ဆိုသူလည်း အပါအ၀င်ဖြစ်သည်။ အသက်(၂၅)နှစ်အရွယ် တက်ကြွဖျတ်လတ်နေချိန် စစ်ဆင်ရေးတိုက်ပွဲတစ်ခုတွင် မိုင်းထိခဲ့ရာမှ ညာဘက်ခြေထောက် ဒူးအထက်မှ အောက်ပိုင်းအထိ ဖြတ်ပစ်ခဲ့ရသည်။ ပြီးနောက် ဆေးပင်စင်ယူပြီး တပ်ကထွက်ခဲ့ရသည်။

“တပ်ကထွက်ရတာက မိုင်းထိတာထက် ပိုခံစားခဲ့ရတယ်”ဟု ချင်းတိုင်းရင်းသားတစ်ဦးလည်းဖြစ်သူ ဦးဘာဖယ်ပြောပြသည်။

တပ်ကထွက်ပြီး ခြေတစ်ဖက်တည်းနဲ့ ရပ်တည်ရတော့မည့် သူ့ဘ၀ကို ဦးဘာဖယ်ကပြောပြသည်။

အရာရှိအကြီးအကဲတွေ အကူအညီဖြင့် ခွေးဘေးမဲ့ခြံမှာ ဂိတ်စောင့်အလုပ်ရရှိခဲ့သည်။ သူ့အလုပ်က ခွေးခြံတံခါးကို ဖွင့်ပိတ်ပေးရုံသာမို့ ဒုက္ခိတသူ့အတွက်တော့ တော်တော်လေး အဆင်ပြေခဲ့သည်။ အကြီးအကဲများ၏နားလည်မှုဖြင့် တပ်မတော်က လစဉ်ထောက်ပံ့သည့် ဆန်ခုနစ်ပြည်ကိုရောင်းစားကာ ခွေးများရိက္ခာထဲကဆန်ဖြင့် သူ့ဝမ်းစာဖြည့်ခဲ့သည်။

သူဝါသနာပါသည့် ဂစ်တာလေးကို တဒေါင်ဒေါင်ခေါက်ရင်း တစ်ကိုယ်တည်း သူ့ဘ၀ ခွေးခြံမှာ အဆင်ပြေခဲ့သည်။ သို့သော် သူအဆင်ပြေခဲ့ချိန်က မကြာလိုက်။ အကြောင်းအမျိုးမျိုးကြောင့် ခွေးခြံကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်။ ခွေးခြံပိတ်လိုက်တော့ ခွေးခြံစောင့်အလုပ်က အလိုအလျောက်ပြုတ်သည်။

ထိုကြားထဲ မိန်းမကရလိုက်သည်။ မိသားစုစားဝတ်နေရေးအတွက် သူအလုပ်တစ်ခုခုတော့ လုပ်မှဖြစ်မည်ဟုဆိုပြီး စက်ဘီးပြင်သည့်ပညာကို သင်ယူခဲ့သည်။ တပ်ထဲတွင် ခိုင်းတာလုပ်၊ ကျွေးတာစား အမိန့်အာဏာနှင့် နေခဲ့ရသည့်အခြေအနေမျိုးနှင့် လူ့လောကပတ်ဝန်းကျင် အခြေအနေတွေက ဆန့်ကျင်ဘက်ဆိုတာ သူသိလာသည်ဟုဆိုသည်။

ဝန်ဆောင်မှုကို အကောင်းဆုံးပေးသည်။ ဖတ်ထားတဲ့စာတွေထဲက လူမှုဆက်ဆံရေးနည်းဗျူဟာတွေ ပြန်ထုတ်သုံးသည်။ နောက်ဆုံး သူ့စက်ဘီးပြင်ဆိုင်လေး ခွေးခြံနားလေးတွင် နာမည်ရလာခဲ့သည်။ ၀င်ငွေလေးလည်း အထိုက်အလျောက်ရခဲ့သည်။ သို့သော် စက်ဘီးအစား ဆိုင်ကယ်တွေ အသုံးများလာတဲ့ မန္တလေးတွင် သူ့လုပ်ငန်း တဖြည်းဖြည်းပါးလာခဲ့ပြန်သည်။ မိန်းမဖြစ်သူက စည်ပင်က ဥယျာဉ်စိမ်းလန်းအခြေခံဝန်ထမ်းမို့ ခွေးခြံထဲ ဆက်နေခွင့်ရခဲ့၍ တော်သေးသည်။

ဦးဘာဖယ်တို့ကဲ့သို့ တပ်မတော်ကနေထွက်ပြီး စည်ပင်တွင် အလုပ်ဝင်လုပ်ကာ ခွေးဘေးမဲ့ခြံတွင် လာရောက်နေထိုင်ခွင့်ရသည့် တပ်မတော်သားမိသားစုပေါင်း ခုနစ်စုခန့်ရှိသည်။ ကျန်တာတွေက သန့်ရှင်းရေးနေ့စားဝန်ထမ်းတွေနှင့် ပန်းဥယျာဉ်ဌာန သစ်ပင်ပန်းပင်စိုက်သူ၊ ရေလောင်းပေါင်းသင်ရသည့် အလုပ်လုပ်ကိုင်နေရသည့် မိသားစုပေါင်း ၃၀ လောက် ရှိသေးသည်။

အချို့က ခွေးတွေနေထိုင်ခဲ့သည့် တဲတန်းလျားတွေမှာ နေထိုင်ကြသည်။ အချို့ကတော့ ခွေးတွေ နေ့ခင်းနေ့လယ် တရေးတမောအိပ်သည့် ချုံတွေကြားတွင် တဲထိုးကာ နေသူကနေသည်။ ဦးဘာဖယ်တို့ နေထိုင်နေသည့် ခွေးခြံကို မန္တလေးမြို့မှ တိရစ္ဆာန်ချစ်သူများက ယခင်ကဲ့သို့ ခွေးများထိန်းသိမ်းစောင့်ရှောက်ရန် မန္တလေးစည်ပင်မှ ငှားရမ်းမည်ဟုလည်း ဆိုနေကြသည်။ ခွေးဘေးမဲ့ခြံ၏ မူလပိုင်ရှင်အစစ်အမှန် ခွေးတွေများ ပြန်လည်ရောက်ရှိလာလျှင်တော့.....။

ဓာတ်ပုံ- ညီညီဇော်

အမှန်ကဘာတခုမှအတည်မလုပ်နိုင်တာသေးတာ

Pyimyanmar

Shwe Man

နဲတောင် နဲ သေးတယ်။စည်းကမ်းမလိုက်နာတာတော့မ ကောင်းဘူး။ဒါပေမဲ့ တရားဥပ ဒေ
ဆိုတာ တရားသဖြင့် ဆုံးဖြတ်မှ တရားဥပ ဒေလို့ခေါ်တာ မတရားဆုံးဖြတ်လျင် မတရား
ဥပ ဒေဖြစ်သွားမှာပေါ့။တစ်ခါကကရန်ကုန်မှာနေအရမ်းပူလို့ ကျွန့်တော့်လိုက်ထရပ်ကားရဲ့
ဘေးမှန်ကိုနေပူသက်သာအောင် စတစ်ကာဖြော့ဖြော့ကပ်ထားတာ ပထမရက်ကယဉ်ထိန်း
ရဲဖမ်းလို့တောင်းတောင်းပန်ပန်နဲ့ပိုက်ဆံ၈၀၀၀ပေးပြီးအဆင်ပြေသွားတယ်။စတစ်ကာကိုလဲ
ယဉ်ထိန်းရဲကိုယ်တိုင် တခါထဲခွာပေးလိုက်တယ်။ဒါပေမဲ့တံခါးမှန်အထက်နှစ်လက်မခန့်
အပိုင်းကျန်နေတယ်။အဲဒီနောက်နေ့ အ နော်ရထာလမ်းမှာယဉ်ထိန်းရဲတားတော့ရပ်ပေး
လိုက်တော့စတစ်ကာကပ်ထားလို့ဒဏ် ရိုက်မယ်ပြောတယ်။။့ ကျွန်တော်ကမှန်တင်ပြပြီး
ဆရာရယ်ကျွန်တော် မ နေ့ကမှအဖမ်းခံရပြီးခွာထားပြီးသွားပြီဒီလက်တင် နှစ်လက်မပဲ
ကျန်တာပါ။ယဉ်ထိန်းရဲကမရဘူးဆိုပြီး သူ့ဆရာဆီခေါ်သွားတယ်။အရာရှိကတစ်သိန်း
ကျော်ဆောင် ရမယ်လို့ပြောတော့ကျွန်တော်တောင်းပန်တယ် အရာရှိကမရဘူးလူတွေ
ကြည့်နေတယ်ဖြတ်ပိုင်းဖြတ်ပေးလိုက်မယ်နေလည်ကျရင် ရုံးကိုလာခဲ့လိုက်တဲ့သူလုပ်
ပေးမယ်။နောက်နေ့ကျွန်တော်သွားထုတ်တော့ပိုက်ဆံတစ်သိန်းပေးလိုက် ရတယ်။
အစိုးရဘဏ္ဏာထဲအမှနါ ရောက်လားရုံးအခြေ အ နေကြည့်ရင်းသံသယဖြစ်မိတယ်။
နောက်ပြီးယဉ်ထိန်းရဲကိုလဲသတ်ချင်လောက်အောင် နာကျည်းမိတယ်။ဒါကြောင့်အထက်
ကယဉ်ထိန်းရဲ အထိုးခံရတာ အ ကြောင်းတော့ရှိမှာပါ။်

သမ္မတဖြစ်ရေးနှင့် မဆိုင်ဘဲ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီ သောကြောင့်သာ


အခြေခံဥပဒေ ပြင်ဆင်ရေးသည် မိမိသမ္မတဖြစ်ရေးနှင့် မဆိုင်ဘဲ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီ သောကြောင့်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

DVB TV News
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့နေရာမှာ အဆင်ပြေပြေနဲ့ အေးအေးချမ်းချမ်း ဖြစ်အောင် ပြင်ချင်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဦးအောင်အောင် သတင်းပေးပို့ထားပါတယ်။

"အမေရိကန်အနေနဲ့ UN ကအဖြေထုတ်ထဲ့ အထိစောင့်လိမ့်မှာမဟုတ်"



Hlaing Bwa

"အမေရိကန်အနေနဲ့ UN (United Nations) ကအဖြေထုတ်ထဲ့
အထိစောင့်လိမ့်မှာမဟုတ်"
Marie Harf (US State Department Deputy Spokesman)

-----------------------------

ဆီးရီးယားရဲ့ ဓါတုအဆိပ်သုံး အာဆတ်အစိုးရကို အရေးယူဘို့ 
အတွက်ကုလသမဂ္ဂရဲ့ အဖြေထုတ်တဲ့အထီ အမေရိကန်ပြည်
ထောင်စုအနေနဲ့  စောင့်ကြည့်လိမ့်မှာမဟုတ်ဖူး လို့  - အမေရီ
ကန်ပြည်ထောင်စုရဲ့ အစိုးရပြောရေးဆိုခွင့်ရ သူ မရီဟာဖ့် က
စောစောကပဲ ထုတ်ပြောလိုက်ပါတယ်။

ဒါဟာ ကုလသမ္မဂအတွေတွေအတွင်းရေးမှူး ဘန်ကီမွန်းရဲ့
"ခဏနေကြပါဦး ဆီးရီးယားသမ္မတ အာဆတ်ဒ်က ဓါတု
အဆိပ်လက်နှက်တွေ သုံးသလားမသုံးဘူးလား ဆိုတာကို
စစ်ဆေးပါရစေဦး" ဆိုတဲ့ ရွှေပြည်အေးတရားကို ဆန့် ကျင်
ပြောကြားလိုက်တဲ့ အမေရိကန်ရဲ့သဘောထားပါပဲ။

█████

█ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်နဲ့  စစ်တပ်ကတော့
ဆီးရီးယားကိုချဖို့  သမ္မတအမိန့် ကို မြေထဲပင်လယ်နဲ့ 
ဂျော်ဒန်ကနေ အသင့်စောင့်ပါပြီ။

█ အမေရိကန်ပြည်သူကတော့ သူတို့ ချင်း သတ်နေတာ
သေကြပေ့စေ ... ငါတို့ ဝင်မပါနဲ့ ဆိုတဲ့ သဘောထားက
အမြင့်ဆုံးရှိနေပါတယ်။ (အာဖဂန်နဲ့  အီရတ်မှာ ငါတို့ ဝင်ပါလို့ 
ဘာမှမဖြစ်ခဲ့ဘူး - ငါတို့  သေတာပဲအဖတ်တင်တယ် ဆိုတဲ့
သဘောထားရှိတဲ့ အမေရိကန်ပြည်သူတွေရဲ့ အသံက
ကျယ်နေပါတယ်)။

█ အမေရီကန်က ဒုံးကျည်တွေနဲ့ ပစ်တော့မယ်ဆိုပြီး ဆီးရီး
ယား ပြည်သူထောင်ပေါင်းများစွာဟာ လက်ဘနွန်နိုင်ငံထဲကို
ယာဉ်တန်းတွေနဲ့  ပြေးဝင်နေကြပါတယ်။ ဆီးရီးယားအစိုးရ
ကလည်း ဗီဇာအားလုံးကိုပိတ်ထားလိုက်ပါတယ်။

█ အမေရိကန်က ဆီးရီးယားကိုတိုက်ရင် - အာဆတ်ဒ်က
အစ္စရေးကို ဗျူဟာမြောက်လက်နက်တွေနဲ့  တိုက်မယ်
ဆိုတဲ့အတွက် - လောလောဆယ် အစ္စရေးမှာ ဓါတ်ငွေ့ 
ကာ မျက်နှာဖုံးတွေကို ဖြန့် ဝေနေပြီး၊ အစ္စရေးနိုင်ငံရဲ့
ထုံးစံအရ သူ့ ရဲ့ အရံတပ်တွေကိုလည်း (၂၄) နာရီအတွင်း
အသင့်ပြင်ဖို့  ဆင့်ခေါ်ထားခဲ့ပါပြီ၊ သူ့ ရဲ့ လေတပ်ကိုလည်း
ဆီးရီးယားနယ်စပ်မှာ အင်အားဖြည့်တပ်လှန့် ထားခဲ့ပါပြီ။

█████

ဆီးရီးယား၊ အီရန်၊ ရုရှား၊ နဲ့  တရုတ် က တဘက်
အမေရီကန်၊ ဦးဆောင်တဲ့ နေတိုးနဲ့  အာရပ်အဖွဲ့ ချုပ် ...
ပြီးတော့ လောလောဆယ် ရုပ်သေးဘန်ကီမွန်းရဲ့
သုံးစားမရတဲ့ UN ခေါ် ကမ္ဘာ့ကုလသမဂ္ဂတို့ ရဲ့ သုံးပွင့်ဆိုင်
ပွဲဟာ နောက်ထပ် နာရီးပိုင်း ရက်ပိုင်အတွင်းမှာ စိတ်ဝင်စား
စရာဖြစ်ကြောင်းပါ။

လှိုင်ဘွား
သြဂတ်စ် (၃၀)၊ ၂၀၁၃
-----------------------------------------------------------

related Post:
https://www.facebook.com/photo.php?fbid=531762820228349&set=a.381685598569406.88418.100001839074858&type=1&theater

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပယ်ဖျက်ရမည့် ဥပဒေပုဒ်မ စုစုပေါင်း ၂၃ ခု တွေ့ရှိရ




လေ့လာရေးနှင့် သုတေသနဋ္ဌာန။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ။

၁။ ပုဒ်မ ၆ (စ)
နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။

ပုဒ်မ ၃၃၉ တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၃၃၉ အတိုင်းသာဆောင်ရွက်ရမည်ဖြစ်ပြီး တပ်မတော်သည် နိုင်ငံရေးကိစ္စများတွင် တိုက်ရိုက်ပါဝင်ခြင်း မဖြစ်သင့်ပါ။

ထို့ကြောင့် ပုဒ်မ ၆ (စ) ကို ပယ်ဖျက်ရပါမည်။
ပုဒ်မ ၆ (စ) ၏ အကျိုးဆက်ကြောင့် အခြားဒီမိုကရေစီမဆန်သည့် ဥပဒေပုဒ်မများကို ဖြစ်ပေါ်စေပါသည်။ ။

၂။ ပုဒ်မ ၁၄
ပြည်ထောင်စုလွှတ်တော်။ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်။

*** လွှတ်တော်တစ်ရပ်ဆိုသည်မှာ ပြည်သူလူထုကိုယ်တိုင်က ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါသည်။
ယခု ပုဒ်မ ၁၄ အရ လွှတ်တော်အတွင်းတွင် ပြည်သူလူထုဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားခြင်း မဟုတ်သူများ ပါဝင်နေသဖြင့် ဒီမိုကရေစီမူနှင့် ဆန့်ကျင်နေပါသည်။ ထို့အတွက် ဤ ပုဒ်မ ၁၄ ကို ပယ်ဖျက်ရပါမည်။

၃။ ပုဒ်မ ၇၄
ပြည်ထောင်စု လွှတ်တော်တွင် အောက်ပါလွှတ်တော်နှစ်ရပ်ပါဝင်သည်။
(က)ပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်ကိုအခြေခံ၍ လည်းကောင်း။ လူဦးရေကိုအခြေခံ၍ လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်။
(ခ) ပုဒ်မ ၁၄၁ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။

၎။ ပုဒ်မ ၁၀၉
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။

၅။ ပုဒ်မ ၁၄၁
သက်ဆိုင်ရာပြည်ထောင်စု နယ်မြေများ အပါအဝင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး။

****အမျိုးသားလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် (၅၆)ဦး။ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် (၁၁၀) ဦး။ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် (၁၆၆) ဦးတို့သည်ုပြည်သူလူထု၏ ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များမဟုတ်ပဲ ရယူထားခြင်းဖြစ်သည်။
အခန်း(၉) ပုဒ်မ ၃၉၁ (ခ) တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငွသားနှင့် ဥပဒေအရဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတိုင်းသည် ရွေးကောက်ပွံတစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲ တစ်မဲသာ ပေးပိုင်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ အခန်း(၁) ပုဒ်မ ၂၁(က)တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွက့်အရေး။ လွတ်လပ်မှု အခွင့်အရေး။ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းဖော်ပြထားပါသည်။

ထို့ကြောင့် တပ်မတော်ကာပွယ်ရေးဦးစီးချုပ်တစ်ဦးထည်းက လွှတ်တေည်ကိုယ်စားလှယ် ၁၆၆ ဦးကို ရွေးချယ်ခွင့် ရယူထားသည့်အတွက် လူတစ်ကိုယ် မဲတစ်ပြား အခြေခီံမိုကရေစီ စံနှုန်းနှင့် ကိုက်ညီခြင်းမရှိဖြစ်နေပါသည်။ ထို့အပြင် နိုင်ငံသားတိုင်း တန်းတူညီမျှမှုအခွင့်အရေး ခံစားခွင့်ရှိသည်ဆိုသည့်မူနှင့်လည်း သွေဖီနေပါသည်။

ထို့ကြောင့် ပုဒ်မ ၇၄။ ပုဒ်မ ၁၀၉(ခ)။ ပုဒ်မ ၁၄၁ (ခ) တို့ကို ပယ်ဖျက်ရပါမည်။

ထိုပုဒ်မများနှင့် တစ်ဆက်ထည်း

၆။ ပုဒ်မ ၁၂၂
၇။ ပုဒ်မ ၁၅၃
၈။ ပုဒ်မ ၁၇၀

တို့ကိုလည်း အခြေခံ ဒီမိုကရေစီစံနှုန်းနှင့် မပိုက်ညီသည့်အတွက် ပယ်ဖျက်ရပါမည်။

၉။ ပုဒ်မ ၆၀ (ခ) (၃)
ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ အစုအဖွဲ့။

၁၀။ ပုဒ်မ ၆၀ (ဂ)
ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေရွေးချယ်တင်မြှောက်ရမည်။

****ကာကွယ်ရေးဦးစီးချုပ်ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်ထဲတွင် တည်ရှိနေခြင်းကို ပယ်ဖျက်လိုက်ပြီဆိုလျှင် ပုဒ်မ ၆၀ (ခ)(၃) နှင့် ပုဒ်မ ၆၀ (ဂ) တို့မှာလည်း ရှိရန်မလိုတော့သဖြင့် ပယ်ဖျက်ပစ်ရမည်။ ****

နိုင်ငံတော်အကြီးအကဲတစ်ဦးဆိုသည်မှာ ပြည်သူ့ဆန္ဒနှင့် ရွေးချယ်တင်မြှောက်ထားသူသာ ဖြစ်ရပါမည်။ ယခု ပုဒ်မ ၆၀ (ဂ) တွင်
"" လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်""
ဟု ပြဋ္ဌာန်းဖော်ပြထားပါသည်။ ထို့အတွက် ပုဒ်မ ၆၀ (ဂ)မှာ ဒီမိုကရေစီ စံနှုန်းနှင့် လုံးဝ မအပ်စပ်ကြောင်း ထင်ရှားပါသည်။
သို့မဟုတ်ပါက သမတ တိုက်ရိုက်ရွေးစနစ် (Popular Vote) ကို ကျင့်သုံးသင့်ပါသည်။

၁၁။ ပုဒ်မ ၁၆၁ (ဃ)
ပုဒ်မခွဲ(က)နှင့် (ခ) သို့မဟုတ် ပုဒ်မခွဲ(က)နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပိမတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ။ ။

****
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တိုင်းတွင် လွှတ်တော်ကိုယ်စာလှယ်များ၏ သုံးပုံတစ်ပုံရှိသော တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်း ရယူထားပါသည်။ ထိုသို့ ရယူထားခြင်းမှာ လူတစ်ကိုယ်မဲတစ်ပြားသာပေးခွင့်ရှိသည့် ပုဒ်မ ၃၉၁ (ခ) ကို ချိုးဖောက်ထားသဖြင့် အခြေခံဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီခြင်းမရှိဖြစ်နေပါသည်။

ထို့ကြောင့် ပုဒ်မ ၁၆၁ (ခ) ကို ပယ်ဖျက်ပစ်ရပါမည်။
__________________________________________________
လေ့လာရေးနှင့် သုတေသနဋ္ဌာန။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ။ (30-8-2013)

မြို့နယ်အလိုက် မြေဈေးနှုန်းသတ်မှတ်ဟု ဆိုခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်ငြိမ်



The Voice Weekly | 30 August 2013

အာရှတိုက်၏ မြေဈေးနှုန်းအမြင့်ဆုံး နိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ လျော့ကျစေရန် ရည်ရွယ်၍ မြို့နယ်အလိုက် မြေဈေးနှုန်း သတ်မှတ်ထားကြောင်း အစိုးရက ပြောဆို လိုက်ခြင်းကြောင့် ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ဝယ်ယူမှုများ လျော့ကျသွားပြီး ဈေးကွက်ငြိမ်နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို မြို့နယ်အလိုက် သတ်မှတ်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောကြားထားသော်လည်း သတ်မှတ်ဈေးနှုန်းများ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသောကြောင့် အိမ်၊ ခြံ၊ မြေ ဝယ်ယူမည့်သူများက ဝယ်ယူခြင်း မရှိသေးဘဲ စောင့်ကြည့်နေကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောကြားသည်။
“ဝယ်ရောင်းသမားတွေကပါ စောင့်ကြည့်နေကြတာဆိုတော့ အိမ်၊ ခြံ၊ မြေ ဈေးကွက်က ငြိမ်နေတာပါ” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ဆိုသည်။
လက်ရှိ ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကျပ်သိန်း ၁၀၀၀ ခန့် တန်ဖိုးရှိ မြေကွက်များသာ အနည်းငယ် အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်းများ လျော့ကျခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
မြို့နယ်အလိုက် သတ်မှတ်မည့် မြေဈေးနှုန်းများ အတိအကျ ထွက်ပေါ်လာပါကလည်း ရန်ကုန်မြို့၏အိမ်၊ ခြံ၊ မြေဈေးနှုန်းများ လျော့ကျခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ဆက်လက်တည်ရှိနိုင်ကြောင်း ရန်ကုန်မြို့ အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။
အိမ်၊ ခြံ၊ မြေအကျိုးဆောင်များက ယင်းသို့သုံးသပ်သော်လည်း မြေဈေးနှုန်း သတ်မှတ်ခြင်း ဆောင်ရွက်ချက်မှာ ပြည်တွင်းအိမ်၊ ခြံ၊ မြေဈေး ကျဆင်းရေးအတွက် အစိုးရ၏ ကနဦး ခြေလှမ်းသာဖြစ်ပြီး နောက်ဆက်တွဲ ဆက်တိုက်လုပ်ဆောင်မည့် အစီအစဉ်များ ရှိသည်ဟု ယူဆရကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

 

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီး ကွန်ရက်ခေါင်းဆောင် နော်အုံးလှကို အလုပ်ကြမ်းနဲ့  ထောင်၂ နှစ်ချမှတ်

DVB TV News
 ဦးမောင်တူး တင်ဆက်။ ရိုက်ကူး အေးမြမြလွင်

အမေစုသားနှစ်ယောက် ရှင်ပြုအလှူ ရုပ်သံမှတ်တမ်း

F&N နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အငြင်းပွား


မြန်မာဘရူဝါရီ လီမိတက်၏ အစုရှယ်ယာ တန်ဖိုးကိစ္စ F&N နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အငြင်းပွားနေ

Eleven Media Group
 Saturday, 31 August 2013 02:01

မြန်မာနိုင်ငံ၏ ဘီယာဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသော မြန်မာဘရူဝါရီ လီမိတက် (MBL) ၏ အစုရှယ်ယာ တန်ဖိုးကိစ္စနှင့် ပတ်သက်၍ စင်ကာပူ အခြေစိုက် Fraser and Neave Ltd.(F&N) နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) တို့ အငြင်းပွားမှု ဖြစ်ပေါ်နေကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု အစုရှယ်ယာ တန်ဖိုးကိစ္စ အငြင်းပွားမှေုနှင့် ပတ်သက်၍ တရားစွဲဆိုသွားရန် စီစဉ်ထားကြောင်း F&N မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်ဘက်မှ တရားဝင် တုံ့ပြန်ပြောကြားမှု မရှိကြောင်း သိရသည်။

MBL ၏အမြတ်သည် ယခုနှစ်ဆန်းပိုင်းမှစ၍ နှစ်ဆခန့် မြင့်တက်လာပြီး ဈေးကွက်ရရှိမှု အနေအထား ပိုမိုတိုးတက် ကောင်းမွန်နေကြောင်း F&N က ပြောကြားထားသည်။ MBL အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို F&N က ပိုင်ဆိုင်ပြီး ၄၅ ရာခိုင်နှုန်းကို MEHL က ပိုင်ဆိုင်သည်။ F&N ကို ထိုင်းဘီလျံနာ Charoen Sirivadhanabhakdi က ထိန်းချုပ်ထားပြီး MEHL ကို မြန်မာစစ်တပ်က ထိန်းချုပ်ထားသည်။

MBL ကို ၁၉၉၅ ခုနှစ်မတ်လအတွင်း Fraser and Neave(F&N) နှင့် မြန်မာ့စီးပွားရေး ဦးပိုင်တို့က အကျိုးတူဖက်စပ် ထူထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိစုစုပေါင်းရင်း နှီးမြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ရှိကြောင်း သိရသည်။

MBL သည် Myanmar Beer၊ Myanmar Double Strong နှင့် Andaman Gold ဘီယာတို့ကို ထုတ်လုပ်လျက်ရှိပြီး Tiger Beer၊ ABC Extra Stout Beer နှင့် Baron's Strong ဘီယာတို့ကိုလည်း မြန်မာနိုင်ငံအတွင်း ချက်လုပ်ရောင်းချနေသည့် ကုမ္ပဏီဖြစ်သည်။ မြန်မာဘီယာ ဈေးကွက်တွင် MBL သည် ဈေးကွက်ဝေစု ၈၃ ရာခိုင်နှုန်း ရရှိထားကြောင်း F&N ၏ ပြောကြားချက်အရ သိရသည်။

ထို့အတူ မြန်မာဘီယာကို လက်ရှိအချိန်တွင် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ရုရှား၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိပြီး အစ္စရေး၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံများသို့ ဆက်လက်တင်ပို့ ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

နိုင်ငံသား မဟုတ်သူများ မဲပေးခွင့် ဥပဒေ ပယ်ဖျက်တော့မည်


Irrawaddy

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအား ပြင်ဆင်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုနိုင်ပါက နိုင်ငံသား အစစ် မဖြစ်သူများသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့် ရရှိနိုင်တော့မည် မဟုတ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။

ထို ဥပဒေကြမ်းကို လွှတ်တော်၌ ဆက်လက် ဆွေးနွေးရန်ရှိပြီး အတည်ပြုနိုင်ပါက အဖြူရောင်ကတ်(ယာယီ သက်သေခံ လက်မှတ်)ဖြင့် နိုင်ငံရေး ပါတီ တည်ထောင်ထားသူများသည် ဥပဒေ ကြောင်းအရ ပယ်ဖျက်ခံရနိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောသည်။

၎င်းက“လက်ရှိမှာ အဖြူရောင်ကတ် ကိုင်ထားသူတွေက မဲပေးခွင့်၊ ပါတီ ထောင်ခွင့်တွေပါ ရထားတယ်၊ တကယ်လို့ ဒီ ဥပဒေ ကို ပြင်ဆင်အတည်ပြုနိုင်ရင်တော့ နိုင်ငံသား တမျိုးကပဲ မဲပေးခွင့်၊ ပါတီ ထောင်ခွင့် ရတော့မှာပေါ့”ဟု ဆိုသည်။

“နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အဆိုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပသော လွှတ်တော် အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံသား အစစ် မဟုတ်သူများသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည့်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ နိုင်ငံ့သစ္စာ စောင့်သိခြင်း စသည်တို့ကို လိုက်နာပါမည် ဆိုသော်လည်း နိုင်ငံသား မဟုတ်သည့် အတွက် အပြည့်အ၀ ယုံကြည်၍ မရသေးကြောင်း၊ နိုင်ငံ၏ အမျိုးသား လုံခြုံရေးနှင့်အမျိုးသား အကျိုးစီးပွားကို အလေးထား စဉ်းစားရန် အရေးကြီးကြောင်း ဒေါက်တာ အေးမောင် က အဆိုတင်သွင်းစဉ် ပြောဆိုသည်။

၎င်းက“ပါတီထောင်တဲ့ သူတွေဟာ မွေးရာပါ နိုင်ငံသား မဟုတ်ရင်တောင် အနိမ့်ဆုံးအားဖြင့် ဥပဒေအရ နိုင်ငံသား ဖြစ်ဖို့လို အပ်ပါတယ်”ဟု ဆိုသည်။

ထိုအဆိုအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ကန့်ကွက် သည့်အတွက် ဆွေးနွေးရန် သင့်မသင့် သြဂုတ်လ ၂၆ ရက်နေ့က မဲခွဲဆုံးဖြတ်ရာ အနိုင်ရခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါတီ၏ ကိုယ် စားလှယ် အများစုက ကန့်ကွက်ခဲ့သော်လည်း စစ်တပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ က ထောက်ခံ၍ ဆွေးနွေးရန် လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း ကိုယ်စားလှယ်များက ပြောသည်။

မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားသူ ဦးရေ သန်းချီ၍ ရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် စဉ်းစား ပေး သင့်ကြောင်း၊ ၎င်းတို့ကြောင့် နိုင်ငံတော်အာဏာကို မထိခိုက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်း ပြင်ဆင် ရေး အဆိုကို ကန့်ကွက်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဧရာဝတီ ကို ပြောသည်။

“ဧည့်နိုင်ငံသားကတ်ကိုင်ထားတဲ့ သူတွေ သန်းချီရှိနေတယ်၊ ဒီလူတွေကို ချောင်ပိတ်ထားလို့ တခုခု ထကြွလာရင် စစ်တပ်နဲ့ရဲကပဲ ဖြေရှင်းရမှာလေ၊ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တာပဲ၊ ဒီလူတွေကြောင့် နိုင်ငံတော်အာဏာကို မထိခိုက်နိုင် ပါဘူး”ဟု ၎င်းက ဆိုသည်။

ထိုသူများအား အခွင့်အရေး ပေးသည့်အနေဖြင့် မဲပေးခွင့်၊ ပါတီထောင်ခွင့်၊ ရွေးကောက်ပွဲ ၀င်ခွင့် ပေးထားကြောင်း၊ ထို့ကြောင့် ပင် ယခုအခါ လွှတ်တော်ထဲ၌ ကိုယ်စားလှယ် ၃ ဦး ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဒေါက်တာ အေးမောင် ၏ အဆိုကို ဆွေးနွေးသည့် ရက်တွင်လည်း ကန့်ကွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးလှဆွေ က ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) အရ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မ ဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း” ဟူသည့် စာသား အစား “နိုင်ငံသား”ဟု အစားထိုး လိုက် ကြောင်း သြဂုတ်လ ၂၇ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ တွင်ပါရှိသော နိုင်ငံရေး ပါတီတည်ထောင်လိုသူများသည် အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ် လိပ်စာ၊ မွေးသက္ကရာဇ်၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင် အ မှတ်၊ ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသား ပြုခွင့်လက်မှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်” ဟူသည့် စာသားများ အစား “နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်”ဟု ပြောင်းလဲ ပြင်ဆင် သတ်မှတ်ကြောင်း သတင်းစာများ၌ ဖော်ပြထားသည်။

ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ(က) တွင် ပါရှိသော “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း”ဆိုသည့် စကားရပ်အစား “နိုင်ငံသားဖြစ်ခြင်း”ဟု ပြင်ဆင်သင့်ကြောင်း ဒေါက်တာ အေးမောင်က အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

နအဖ စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် ယင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ နိုင်ငံသား အစစ် မဟုတ်သူများသည်လည်း ပါတီ တည်ထောင်ခွင့်၊ မဲပေးပိုင်ခွင့် ရရှိထားသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် မိမိတို့ကိုယ် မိမိတို့ မည့်သည့်နိုင်ငံသားမှန်း မသိသူ ၅ သိန်းကို အဖြူရောင်ကတ် ထုတ်ပေး၍ မဲပေးခွင့်ပြုခဲ့သည်ဟု လူဝင်မှု ကြီးကြပ်ရေး ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီ က လည်း မီဒီယာများကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းမှ အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများသည် ၂၀၁၀ ရွေးကောက်ပွဲ၌ မဲပေးခွင့် ရခဲ့သည့်အပြင် ကြံ့ ခိုင်ရေး ပါတီကိုယ်စားပြုပြီး ပါဝင်အရွေးခံ၍ ပြည်ထောင်စု လွှတ်တော်အဆင့်၌ ကိုယ်စားလှယ် နေရာ ၃ နေရာ ရရှိခဲ့သည်။

ကြံ့ခိုင်ရေး ပါတီသည် ၎င်းတို့ပါတီ အနိုင်ရရေးအတွက် နိုင်ငံသားအစစ် မဟုတ်သူများကို အဖြူရောင်ကတ် ထုတ်ပေး၍ မဲပေး ခွင့် ပြုခဲ့သည့် အပေါ်တွင်လည်း လူအများက ဝေဖန်မှုများ ရှိနေသည်။

ပညာရေး ၀န်ကြီးဌာနမှ ကြေညာထားသည့် ၄၃ ရက် ဆိုသည်မှာ မဟုတ်ကြောင်း ဒေါ်စိုးစိုးခိုင်ကငြင်းဆို

ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းမှာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းကြောင့် ဖြစ်ကြောင်း အပါအ၀င် ပညာရေး ၀န်ကြီးဌာနက ၀န်ထမ်းနှင့် ဆိုင်သော အချက်အလက်များအား အသေးစိတ် ထုတ်ပြန်
================================================
Saturday, 31 August 2013 02:30
http://www.news-eleven.com/local/22768


အထက(၅) နေပြည်တော်မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ထုတ်ပယ်ခြင်းအပေါ် ပညာရေး ၀န်ကြီးဌာနက သြဂုတ် ၃၀ ရက်တွင် ၀န်ထမ်းနှင့် ဆိုင်သည့် အချက်အလက်များအား တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းများကြောင့် ဖြစ်ကြောင်း အပါအ၀င် အလုပ်မှ ထုတ်ပယ်သည့် ဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။

ထိုထုတ်ပြန်ချက်တွင် ဒေါ်စိုးစိုးခိုင်သည် ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း ခွင့်ရက်လေးရက်ရှိပြီး ကျောင်းနောက်ကျသည့် ရက်မှာ ၄၃ ရက်ရှိသည်ဟု ဖော်ပြထားသည်။ ထိုဖော်ပြချက်နှင့် ပတ်သက်ပြီး ဒေါ်စိုးစိုးခိုင်က ''ကျွန်မကို ၄၃ ရက် နောက်ကျတယ်လို့သာ ပြောတာ။ တစ်ခါမှ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဆီမှာ လက်မှတ်မထိုး ရသေးဘူး'' ဟု ဒေါ်စိုးစိုးခိုင်က The Daily Eleven သို့ ပြောကြားခဲ့သည်။

၎င်းအနေဖြင့် အိမ်နှင့်ကျောင်း ခရီးကွာဝေးမှုကြောင့် တစ်ခါတစ်ရံ နောက်ကျတတ်သော်လည်း ပညာရေး ၀န်ကြီးဌာနမှ ကြေညာထားသည့် ၄၃ ရက် ဆိုသည်မှာ မဟုတ်ကြောင်းလည်း ပြန်လည် ငြင်းဆိုသည်။ ၎င်း၏ နေအိမ်မှ ကျောင်းသို့ အကွာအဝေးမှာ နှစ်မိုင်ခန့် ရှိသည်ဟု သိရပြီး ၎င်းသည် အလယ်တန်းပြ တစ်ဦး၏ လစာ ကျပ်တစ်သိန်းသာ ရှိကြောင်း၊ ခရီးစရိတ် တစ်နေ့ ကျပ် ၁၀၀၀ အထိ ကုန်ကျကြောင်း သိရသည်။

ပညာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်တွင် ဒေါ်စိုးစိုးခိုင်သည် ၈.၆.၂၀၁၃ မှ ၁၆.၈.၂၀၁၃ အထိ ခွင့်မဲ့ကိုးရက် ပျက်ခဲ့သည်ဟု ဖော်ပြထားသည်။ ထိုအချက်နှင့် ပတ်သက်ပြီး အမည်မဖော်လိုသူ လက်ရှိအစိုးရ ၀န်ထမ်းတစ်ဦးက ''ခွင့်မဲ့ပျက်ကွက်တာနဲ့ ပတ်သက်ရင် အများအားဖြင့်တော့ အထက်အရာရှိက သတိပေးလိုက်တယ်၊ လစာဖြတ်တယ် ဒီလောက်ပါပဲ။ အစ်မတို့ ဌာနက ၀န်ထမ်း တစ်ယောက်ဆိုရင် တစ်လလောက် ခွင့်မတိုင်တာတောင် ရှိခဲ့ဖူးတယ်။ အဲဒါ အရာရှိက အိမ်လိုက်သွားပြီး တွေ့ခဲ့တယ်လို့ သိရတယ်'' ဟု ပြောကြားသည်။

ဝန်ထမ်းတစ်ဦးဟာ အလုပ်နဲ့ ငါးနှစ်အထိ ကင်းကွာခွင့် ရှိပါတယ်။ အစ်မတို့ကျောင်း အပါအ၀င် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ၀န်ထမ်းအားလုံး ခွင့်မဲ့ မပျက်ကွက်ဖူးတဲ့လူ မရှိပါဘူး။ အစ်မကို ထုတ်သလို ထုတ်ပစ်မယ်ဆိုရင် တစ်နိုင်ငံလုံး ထုတ်ပစ်ရမှာပါ။ ၀န်ထမ်းကို ထုတ်ပစ်နိုင်တာက စာရိတ္တပျက်တာနဲ့ ငွေကြေး အလွဲသုံးစားလုပ်တာ နှစ်မျိုးပဲရှိတယ်...

ပညာရေး ၀န်ကြီးဌာန၏ ရှင်းလင်းချက်တွင် ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ နယ်လွန်သွားလာခွင့်အား အသိပေး တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။

ဝန်ထမ်းတစ်ဦးအား မြန်မာပြည်တွင်း ခရီးသွားလာခြင်းကို နယ်မြေကန့်သတ် ထားခြင်းအား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည်ဟု ပြောဆိုနေသည့် တိုင်းပြည်တစ်ပြည်တွင် မေးခွန်းထုတ်ဖွယ် ဖြစ်နေကြောင်း ဝေဖန်မှုအချို့ ရှိနေသည်။ နိုင်ငံရေး အကျဉ်းသားများအဖွဲ့မှ ဦးမြင့်အောင်က '' ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားတွေဟာ လွတ်လပ်စွာ သွားလာခွင့် ရှိပါတယ်။ ခွင့်မဲ့ပျက်ကွက်တာ၊ နယ်ကျော်သွားတာ ဒါတွေကို တကယ်ဆိုရင် အလုပ်ထုတ်ရလောက်အောင် အပြစ်မကြီးပါဘူး။ ဒီအပြစ်က လာဘ်စားတာလဲ မဟုတ်ဘူး။ မေးခွန်းရောင်းစား တာမျိုးလဲ မဟုတ်ဘူး။ သေချာတာက ထုတ်ချင်လို့ ထုတ်ပစ်တာပဲ ဖြစ်တယ်'' ဟု ပြောကြားသည်။

အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည့် ဒေါ်စိုးစိုးခိုင်က ''၀န်ထမ်းတစ်ဦးဟာ အလုပ်နဲ့ ငါးနှစ်အထိ ကင်းကွာခွင့် ရှိပါတယ်။ အစ်မတို့ကျောင်း အပါအ၀င် မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ၀န်ထမ်းအားလုံး ခွင့်မဲ့ မပျက်ကွက်ဖူးတဲ့လူ မရှိပါဘူး။ အစ်မကို ထုတ်သလို ထုတ်ပစ်မယ်ဆိုရင် တစ်နိုင်ငံလုံး ထုတ်ပစ်ရမှာပါ။ ၀န်ထမ်းကို ထုတ်ပစ်နိုင်တာက စာရိတ္တပျက်တာနဲ့ ငွေကြေးအလွဲသုံးစားလုပ်တာ နှစ်မျိုးပဲရှိတယ်'' ဟု ထပ်မံပြောကြားခဲ့သည်။

ဒေါ်စိုးစိုးခိုင်အား စတင်စွဲချက် တင်စဉ်က အချက်သုံးချက်ဖြင့် စွဲချက်တင်ခဲ့သည်ပြီး ယခုဝန်ကြီးဌာန၏ ရှင်းလင်းချက်တွင် ယခင်စွဲဆိုခဲ့သည့် စွဲချက်များအား ဖျောက်ဖျက်ခဲ့ခြင်းမှာ ရိုးသားမှု မရှိခြင်း ဖြစ်သည်ဟု ဒေါ်စိုးစိုးခိုင်က ထပ်မံပြောဆိုသည်။

ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း ငါးခုက ဒေါ်စိုးစိုးခိုင်အား အလုပ်ဖြုတ် လိုက်ခြင်းနှင့် ပတ်သက်ပြီး ပညာရေး ၀န်ကြီးဌာနမှ ၁၅ ရက်အတွင်း ပြေလည်အောင် မဖြေရှင်းပေးပါက ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပြေလည်အောင် ဖြေရှင်းရမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဒေါ်စိုးစိုးခိုင် တာဝန်ထမ်းဆောင်ခဲ့သည့် အ.ထ.က (၅) နေပြည်တော်

ဆီးရီးယားသူပုန်တွေဘာနဲ့ပြန်တိုက်တယ်ထင်လဲ


(Reuters)

ဆီးရီးယားသူပုန်တွေရဲ့ဗုံးထည့်ပြစ်တဲ့လေးဂွ

ဆီးရီးယားသူပုန်တွေရဲ့ဗုံးထည့်ပြစ်တဲ့လေးဂွ(၃ယောက်ဆွဲ)

ဆီးရီးယားသူပုန်တွေရဲ့လက်လုပ်ရော့ကက်လောင်ချာ

ဆီးရီးယားသူပုန်တွေရဲ့ဟုမ်းမိတ်လောင်ချာ

ဆီးရီးယားသူပုန်တွေရဲ့လက်လုပ်ရွှေ့ပြောင်းမော်တာ

ဆီးရီးယားသူပုန်တွေရဲ့စိန်ပြောင်း

ဆီးရီးယားသူပုန်တွေရဲ့တင့်ကား

ဆီးရီးယားသူပုန်တွေရဲ့လက်နက်စက်ရုံ

 BY စစ်ဗိုလ်နိုင် ရှစ်လုံး

မြန်မာ့ ခင်ဝင့်ဝါ ကို တစ်ခါထက် ပိုပြီး Vote လုပ်နည်း



Kshatriya Mrâmmâ

http://lady.tut.by/news/supranational-2013/363296.html#view/14286

မြန်မာ့ ခင်ဝင့်ဝါ ကိုMozilla Firefox မှာ တစ်ခါထက် ပိုပြီး Vote တဲ့အခါ
အပေါ်က Link ကို Right-Click နှိပ်ဖွင့်ပြီး ဒီ "Private Window"
က Vote ရင် ရနိုင် ပါတယ်။

ပြီးရင် အဲဒီ Window ကို ပိတ်ပြီး Link ကို နောက်ထပ်
Right-Click နှိပ်ပြီး ပြန်ဖွင့်ပါ။ ထပ် Vote နိုင်ပါပြီ ။
Chrome ကိုအသုံးပြုပါက Open link in incognito window ကိုနှိပ်ပါ
Like လိုက်ကြစို့ မယ်မြန်မာကို...

https://www.facebook.com/photo.php?fbid=449080698532334&set=a.402192426554495.1073741828.245278375579235&type=3&src=http%3A%2F%2Fsphotos-a.ak.fbcdn.net%2Fhphotos-ak-ash3%2F1077072_449080698532334_1636204298_o.jpg&smallsrc=http%3A%2F%2Fsphotos-a.ak.fbcdn.net%2Fhphotos-ak-ash4%2F1000496_449080698532334_1636204298_n.jpg&size=1366%2C2048

အဆိပ်ဓါတ်ငွေ့ သုံးပြီး တိုက်ခိုက်ခဲ့တာနဲ့ ပက်သက်လို့နိုင်းယှဉ်ရာဝယ်...



Yaung Ni Oo

    အဆိပ်ဓါတ်ငွေ့ သုံးပြီး တိုက်ခိုက်ခဲ့တာနဲ့ ပက်သက်လို့ ဆီရီးယား အစိုးရကို အရေးယူဖို့ နိုင်ငံတော်တော်များများက အစိုးရတွေ အတိုက်အခံတွေ ရဲ့ သဘောထားတွေ အမြင်တွေ က စိတ်ဝင်စားစရာပါ။

    ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ်က ဆီရီးယားကို လက်နှက်နဲ့ တိုက်ချင်တယ်၊ ပါလီမန်က သဘောမတူဘူး။

    အမေရိကန်မှာ သမ္မတ အိုဘားမားက တွန့်ဆုပ်တွန့်ဆုပ်ဖြစ်နေတယ်၊ ဆီးနိတ်သဘောထားကို ယူမယ်လို့ပြောတယ်၊ တချို့ စစ်သွေးကြွ ရီပါပလစ်ကန်တွေ ကတောင် မတိုက်သင့်ဘူးလို့ပြောနေကြတယ်၊ ခြုံပြောရရင် အမေရိကန်မှာ ဒီကိစ္စနဲ့ ပက်သက်ပြီး မြန်မာ စကားပုံတစ်ခုဖြစ်တဲ့ "ကုလားသိုက် ကျားဝင်ကိုက်သလိုမျိုး" ဖြစ်နေတယ်။ တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေတယ်။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာတစ်ခုက အရပ် ၈မျက်နှာ ကို ပြေး နေတဲ့ ကုလားတွေ အားလုံးခါင်းထဲမှာ ဦးတည်ရာမတူပေမဲ့ ကျားလက်ကလွတ်ဖို့ဆိုတဲ့ အတွေးတစ်ခုတည်းရှိသလို တစ်ယောက်တစ်ပေါက်ပြောနေတဲ့ အမေရိကန်တွေ သဘောထားတွေ မတူပေမဲ့လဲ အားလုံးခေါင်းထဲမှာလဲ အမေရိကန် အတွက် အကြိုးစီးပွားကဘာလဲ ဆိုတဲ့ အတွေးတစ်ခုပဲရှိတာကိုတွေရတယ်။

    ကနေဒါမှာတော့ လူထူရဲ့ ၉၀ ရာခိုင်နူံးလောက်က တိုက်တာကို သဘောမတူဘူး။ အဲတော့ ဝန်ကြီးချုပ် စတီဗင် ဟာပါ က သူအနေနဲ့ တိုက်တာကို ထောက်ခံတယ် ဒါပေမဲ့ နိုငံတကာက တိုက်မယ်ဆိုရင် ကနေဒါက မပါဘူးတဲ့။ လောလောဆယ်တော့ သူအလည်ဆုံးပဲ။

    ပြင်သစ်ကတော့ထုံးစံ အတိုင်းပဲ။ သူရဲ့ နိုင်ငံတကာအခန်းကဏ္ဍမှာ အမေရိကန် ကို ယှဉ်ဘို့ လစ်ဗျားကိစ္စမှာတုံးကလို အမေရိကန် ရဲ့ မပြတ်သားမူကို စောင့်နေတာလား။ သူမှာ ရှိတဲ့ မူစလင် ပရိတ်သတ် ကြောင့်တွေဝေနေတာလားတော့မသိဘူး။ တစ်ခုခုတော့တစ်ခုခုပဲ။

    တရုပ်နဲ့ ရုရှားကတော့ မေးစရာမလိုဘူး။ လုံခြုံရေး ကောင်စီ ရဲ့ သဘောတူမူမပါပဲ ဆီးရီးယားကို တိုက်ရင် ဒါနိုင်ငံတကာ ဥပဒေ ကို ပြောင်ပြာင်တင်းတင်းချိုးဖေါက်မူပဲဖြစ်မယ်တဲ့။ သူတို့ သဘောမတူရင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဆိုတာလဲ မဖြစ်နိုင်တာမို့လို့ မြန်မာပြည်က ၂၅% ကို သူတို့် ယူထားပြီး ၇၅% ကျော်သဘောတူရင် အခြေခံဥပဒေက ပြင်လို့ ရပါတယ် ဆိုတဲ့ ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင်ပဲ။

    ထားပါတော့ ဒါတွေက ဆီးရီးယားကိစ္စမှာ နိုင်ငံတကာရဲ့ သဘောထားတွေပါ စိတ်ဝင်စားစရာ ဆိုပေမဲ့ သိပ်တော့အရေးမကြီး ပါဘူး။ မြန်မာပြည်က ခေါင်းဆောင်တွေရဲ့ ဆီးရီးယား ကိစ္စပေါ် အမြင်တွေကို မေးထားတာ ကို ကြည့်ကြရအောင်။ ကိုယ့်ခေါင်းဆောင်တွေ ရဲ့ အမြင် က ကိုယ်နိုင်ငံ အတွက် ပို အရးကြီးတယ် မဟုတ်လား။

    သမ္မတကြီး ဦးသိန်းစိန် ကတော့ သူအစိုးရ ရဲ့ အဓိက အတိုက်အခံ ဖြစ်တဲ့ သူတို့ ပါတီခေါင်းဆောင် ပါလီမန်ဥက္ကဌကြီး ဦးရွှေမန်းကြောင့် ၂၀၁၅ ခုနှစ်မတိုင်ခင် သူ သမ္မတရာထူးကနေ မပြုတ်သွားဖို့ အပြင်းအထန်ကြိုးစားနေရလို့ ဆီးရီးယားမှာ ဖြစ်သွားတာ မသိလိုက်ပါဘူးတဲ့။ သူရိုးသားမူအတွက် တချို့က သူအမြင်ကို သဘောကြကြတယ်။

    ပါလီမန်ဥက္ကဌကြီး ဦးရွှေမန်း ကတော့ ဆီးရီးယားပါလီမန်ကို သွားလေ့လာချင်တယ်တဲ့။ သူက သူရဲ့ လေ့လာရေးခရီးစဉ်တွေမှာ အရှေ့ အလယ်ပိုင်းကို မရောက်သေးဘူးတဲ့။ ဥက္ကဌကြီးရဲ့ သင်ယူချင်တဲ့ စိတ်ကို မလေးစားပဲ နေနိုင်ကြဘူး။

    ဒေါ်အောင်ဆန်စုကြည် ကတော့ သေသွားတာ မူစလင်ခလေးတွေလားတဲ့၊ ဒါဆိုမတရားဘူး လို့ပြောတယ်။ လူနည်းစုက လူများစုကို မတရားသတ်ဖြတ်နေတာ မကောင်းပါဘူးလို့ လဲ ဖြည့်ပြောသွာတယ်။

    ဦးခင်မောင်ဆွေတို့ ကတော့ ဒါတွေအားလုံး က ဆီးရီးယားမှာ အချိုးကြ ကိုယ်စားပြုမူ စနစ် ( Proportional Representation) ကို မသုံးလို့ဖြစ်ပုံရတယ် လို့ သုံးသပ်တယ်။

    နယ်စပ်က ဒီမိုကရေရေးလူတ်ရှားသူ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုနိုင်အောင် ကတော့ "ဒါအမတန်ရက်စက်တဲ့လုပ်ရပ်လို့ ဖြစ်လို့ သူအနေနဲ့ ရူံချတယ်၊ သူ ABSDF မြောက်ပိုင်း မှာ ကျောင်းသားတွေကို သူတို့ သတ်တုံးကတောင် အစိတ်ငွေ့မသုံးခဲ့ဘူး ခေါင်းပဲဖြတ်တာ" လို့ပြောတယ်။ ဒီတော့ နိုင်ငံတကာက ဆီးရီးယားကိုဝင်တိုက်ရင် ထောက်ခံတယ်။ သူအနေနဲ့ လဲ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ပရောဂျက် တစ်ခုတင်ဘို့ စဉ်းစားနေတယ်လို့ ပြောသွားတယ်။

    ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်ကတော့ "ဒီပြသနာတွေ အားလုံးရဲ့ အစဖြစ်တဲ့ ကမ္ဘာ့ တော်လှန်ရေးကြီးတွေဖြစ်တဲ့ ပြင်သစ်တော်လှန်ရေး၊ ရုရှားတော်လှန်ရေး၊ အမေရိကန်တော်လှန်ရေးတွေ ကို ပြန်ကြည့် ရမည်ဖြစ်ကြောင်း နဲ့................................." ။ သူအရှည်ကြီးပြောနေတာနဲ့ မေးတဲ့ လူကစိတ်မရှည်လို့ ပြန်လာခဲ့ တာကြောင့် ဆီးရီးယားကိစ္စ အပေါ် ကို မိုးသီးဇွန်ရဲ့ အမြင်ကို တိတိကျကျ မသိခဲ့ ရဘူးလို့ အင်တာဗျုးသွာလုပ်တဲ့ သူကပြောပါတယ်။ ဒါပေမဲ့ ကိုမိုးသီးက "ဆီးရီးယားသမ္မတ အာဆက်အနေနဲ့ ဒီလို အဆိပ်ငွေ့နဲ့ လူတွေ ရာနဲ့ ချီပြီး သက်ခဲ့တာကို တောင်းပန်သင့်ကြောင်း နဲ့ တောင်းပန်ရင် အားလုံးက ခွင့်လွှတ်ကြမယ်လို့ သူအနေနဲ့ ယုံကြည်တယ်" လို့ ပြောတာကိုတော့ သူမှတ်မိတယ်လို့လဲ အင်တာဗျုးလုပ်သူကပြောပါတယ်။

    ၈လေးလုံး ခေါင်းဆောင်တွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့ အစည်းခေါင်းဆောင်တွေကတော့ "စစ်ရေးနည်းနဲ့ ဖြေရှင်းတာ မထောက်ခံဘူး။ ဒီပြသနာတွေဟာ ပွင့်လင်းမြင်သာမူ မရှိလို့ ဖြစ်တာဖြစ်တယ်၊ အဲဒီတော့ ဆီးရီးအတိုက်အခံတွေအနေနဲ့ ဆီးရီးယားသမ္မတ အာဆက် နဲ့ သူ အစိုးရ အဖွဲ့ဝင်တွေ၊ အယ်ကိုက်ဒါး (Al Queda) အပါအဝင် ဆီးရီးယားမှာ ရှိနေတဲ့ လက်နှက်ကိုင် အဖွဲ့ အစည်းတွေ၊ အစိတ်ငွေ့ကြောင့်သေသွားတဲ့ မိသားစုဝင်တွေ၊ တခြားစီးပွားရေး သမားတွေ ဖိတ်ပြီး သူတို့ရဲ့ ပြည်တွင်းစစ် ၂ နှစ်မြောက် ရတုသဘင်ပွဲကြီး တစ်ခု ပျော်ပါးပါးကြီးလုပ်ပြိး ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်ရင် ဒီပြသနာတွေ အားလုံး ပြေလယ်သွားမယ်လို့ ယုံကြည်ကြောင်း" ပြောသွားပါတယ်။ ပွဲစီစဉ်ဘို့ လိုအပ်ရင် သူတို့ အကူအညီပေးဖို့ ကမ်းလှမ်းထားကြောင်းလဲပြောပါတယ်။

    လူအခွင့်အရေးလူတ်ရှားသူ ဒေါ်နော်အုန်းလှကတော့ မတရားမူဆိုရင် သူလက်မခံဘူး။ ခုလောလောဆယ် သူကို မတရား ပြစ်ဒဏ်ချလိုက်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂နှစ် ကနေ လွတ်တာနဲ့ ဆီးရီးယားမှာ သွားဆန္ဒပြမယ်လို့ပြောတယ်။ ဆန္ဒပြခွင့်ကိုတော့ လျှောက်လွှာ တင်ကြည့်မယ် သူကို ဆီးရီးယားကမဟုတ်လို့ ခွင့်ပြုချက်မရလဲ ပြမှာပဲလို့ပြောသွားပါတယ်။

    နောက်ဆုံးအနေနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီးမင်းအောင်လိုင်ကတော့ စစ်သားပြီပြီ ပြတ်သားတယ်။ "ဒီလိုမတရားမူမျိုးကို ဘယ်လိုမှလက်မခံ နိုင်ဘူး နိုင်ငံတကာက မပါလဲ ၊ သမ္မတကြီး ဦးသိန်းစိန်က မသိလိုက်လို့ သဘောမတူရင်လဲ သူဂရုမစိုက်ဘူး တိုက်မှာပဲ" လို့ပြောတယ် ။ ဆီးရီးယားကိုလား လို့မေးတော့ "မဟုတ်ဘူး ကချင်ကို" တဲ့။

တောင်ဥက္ကလာပမှအမျိုးသမီးမျက်နှာကိုသံပြားဖြင့်ခြစ်ခဲ့မှုတွင် အိမ်ဘေး၌နေသူကအငှားစေခိုင်းခြင်းဖြစ်



 Aug 30, 2013

စေခိုင်းသူ၏မုန့်လုပ်ငန်းမှ အညှော်နံ့ကိစ္စနှင့်ပတ်သက်ပြီး မကြာခဏစကားများခဲ့ဟုဆို

ထားဝယ်မြို့၌ပထမဆုံးအနေဖြင့်လယ်သမားတစ်ယောက်ထောင်ဒဏ်ချမှတ်ခံရ



ထားဝယ်မြို့နယ် ၊ ၀ဲကျွန်းထိန်သစ်ရပ်ကွက် ၊ကမြောကင်းလမ်း ၊ ကမြောကင်းတံတားနံဘေး၌လက်ရှိလယ်  စိုက်ပျိုးလျှက်ရှိသောလယ်သမား ဦးစံလင်း အား ထားဝယ်ခရိုင်အုက်ချုပ်ရေးမှူး ဦးကျော်ဆွေ မှ ၁၈၇၆ ခုနှစ်   မြေယာနှင့် အခွန်တော်ဥပဒေ ပုဒ်မ (ဏ ) ဖြင့်တရားစွဲဆိုကာ၂၆.၈.၂၀၁၃ (တနင်္လာနေ့)တွင်ဒဏ်ငွေ (၂၀၀)   နှင့်ထောင်ဒဏ်(၁)လကိုထားဝယ်မြို့နယ်တရားသူကြီး ဦးထွန်းလင်းမှချမှတ်ခဲ့သည်။

ဦးစံလင်းသည်ထားဝယ်ခရိုင်အတွင်းတရားမျှတမှုမရှိသည့်လယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်၍ပထမဆုံးထောင်ကျခံရသောလယ်သမားပေါ့လို့သမီးဖြစ်သူမရွှေစင်ယုမှပြောကြားသည်။ထားဝယ်အများ ပိုင်ကုမ္ပဏီ ကလယ်မြေကိုသိမ်းတယ်မူလပိုင်ရှင်ဆိုတာရှိပေမယ့်ကျွန်မအဖေကိုသူကိုယ်တိုင်လယ်မလုပ်နိုင်လို့  လယ်လုပ် ပိုင်ခွင့်ကိုလွန်ခဲ့တဲ့(၄)နှစ်ခန့်လောက်ကတည်းကလွှဲပြောင်းပေးထားပြီးကျွန်မတို့တစ်မိသားစုလုံးဒီ   လယ်ကို စိုက်လာခဲ့တာပတ်ဝန်းကျင်ကလယ်သမားတွေအကုန်လုံးလည်းအသိဘဲကျွန်မတို့ကဘာလျှော်ကြေးမှ မယူ ထားတော့ထွက်ပေးစရာလည်းမလိုဘူးသူတို့ပေးတဲ့လျှော်ကြေးဆိုတာကျွန်မတို့ဘ၀အတွက်ဘာအာမခံ ချက် မှမရှိဘဲ ၊ လယ်သမား လယ် ပျောက်ရင် ထမင်းငတ်မှာပေါ့၊အခုတော့ကုမ္ပဏီကလယ်ကိုမတရားသိမ်းချင်တယ်   ကျွန်မတို့ကအသိမ်းမခံဘူး ကုမ္ပဏီကိုပေးချင်တော့ခရိုင်အုပ်ချုပ်ရေးမှူးကတရားစွဲတယ်ကျွန်မအဖေထောင်ကျ  တယ် ကောင်းပါတယ် ကျွန်မအဖေ က ထားဝယ်မြို့ရဲ့ စံပြလယ်သမား ဖြစ်သွားတာပေါ့  ဟုမရွှေစင်ယု မှဆက် လက်ပြောကြားခဲ့သည်။

          ဦးစံလင်းအားထောင်ချခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထားဝယ်လယ်သမားများမှလည်းသဘော  မတူကန့် ကွက်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးလယ်သမားများ၏ဂုတ်သွေးစုတ်အမြတ်ထုတ်တဲ့ထားဝယ်အများပိုင်ကုမ္ပဏီ အားထားဝယ်ခရိုင်အတွင်းရှိလယ်သမားများအနေဖြင့်ထားဝယ်လယ်သမားများသမိုင်း၏ကုမ္ပဏီဆိုးအဖြင့်သတ်မှတ်ကာထားဝယ်ခရိုင်အတွင်းရှိလယ်သမားမိသားစုဝင်တိုင်း၏သမိုင်းတာဝန်တစ်ရပ်ပမာစဉ်ဆက်မပြတ်သပိတ် မှောက်သွားနိုင်သည်အထိစည်းရုံးသွားမည်၏ ဟု ထားဝယ် လယ်သမားများ အစည်းအဝေးမှထုတ်ပြန်ကြေငြာခဲ့ သည်။

          (၂၇.၈.၂၀၁၃)အင်္ဂါနေ့တွင်ဦးစံလင်းအားဂုဏ်ပြုသည့်အနေဖြင့်လက်ရှိဦးစံလင်း၏လယ်မြေ၌ဦးစံလင်း  စိုက်ပျိုးရန်ကျန်နေသောလယ်ကွက်များ၌ဦးစံလင်း၏မိသားစုလယ်သမားများနှင့်အတူစပါးစိုက်ပျိုးကြမည်၏ဟုလယ်သမားများထံမှသိရပါသည်။

မရွှေစင်ယု (ဦးစံလင်း၏သမီး)

05023096

 09422218788

ကိုထွန်းထွန်းဝင်း (ထားဝယ်တောင်သူလယ်သမား ကွန်ယက်)

0949851588


ဦးကျော်ဆွေ - ခရိုင်အုပ်ချုပ်ရေးမှုး

၀၉၈၇၄၀၂၂၂