Monday, September 9, 2013

ဒလမြေဈေး သိန်းရာဂဏန်းပြန်ကျ


The Voice Weekly

ရန်ကုန်၊ စက်တင်ဘာ ၈

ယခုအစိုးရလက်ထက်အတွင်း ဒလတံတားစီမံကိန်း ပြုလုပ်မည် မဟုတ်ဟု ဆိုခြင်းကြောင့် ယင်းမြို့နယ် အိမ်၊ ခြံ၊ ဈေးများသည် ကျပ်သိန်းရာချီ ထိုးကျသွားကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။

သြဂုတ်လ ဒုတိယပတ်မှ စတင်ဈေးကျခြင်းဖြစ်ပြီး ယခင်က ပေ ၂၀x၆၀ အကျယ် မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ ခန့် ဈေးပေါက်သော ဒလမြို့တွင်း နေရာများတွင် ယခုလက်ရှိပေါက်ဈေးမှာ ကျပ်သိန်း ၅၀၀၊ ၆၀၀ ခန့်သာ ရှိတော့ကြောင်း ရန်ကင်းမြို့နယ်မှ အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးနေမျိုးအောင်က ပြောကြားသည်။

“အရင်တုန်းကဈေး ပြန်ဖြစ်သွားတာပေါ့။ စီမံကိန်း ရှိတယ်ဆိုပြီး ဈေးတွေ အရမ်းတက်လာတာ” ဟု ၎င်းက ပြောဆိုသည်။

ယင်းမြို့နယ်အတွင်း ကျပ်သိန်း ၅၀၀ ခန့် ပေါက်ဈေး ရှိခဲ့သော နေရာများတွင်လည်း ယခုလအတွင်း ကျပ်သိန်း ၂၀၀ ခန့်ဖြင့် ပြန်ရောင်းသော်လည်း အရောင်းအဝယ် မဖြစ်သည့်အတွက် မရောင်းဘဲ တင်းခံနေကြောင်း ဦးနေမျိုးအောင်က ဆိုသည်။

“ရန်ကုန်နဲ့ အနီးဆုံး နေရာတွေကတော့ ဈေးကောင်းတယ်။ အခုတော့ ဈေးပြန်ကျနေတယ်” ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေအသင်းမှ သတင်းနှင့် ပြန်ကြားရေးမှူး ဦးဟိန်းမိုးမြင့်လွင်က ပြောကြားသည်။

ယင်းမြို့နယ်သည် ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များ အတွက် နေရာကောင်းများ ဖြစ်သော်လည်း နေထိုင်မည့် သူများအတွက်မူ ရန်ကုန်မြို့နှင့် နီးစပ်သော နေရာများတွင်သာ နေထိုင်သင့်ပြီး မကြာမီ ဈေးပြန်ကောင်းလာနိုင်ကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောဆိုသည်။

HMS

မန္တလေး အိုးဘိုရွှေကျင် ကျူးကျော်တဲ၌ ငါးထောင်တန်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတု ရှစ်သိန်းကျော် တွေ့



The Voice Weekly

မန္တလေး၊ စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ တာဘောင်ဘေးရှိ ကျူးကျော်တဲတွင် နေထိုင်သူ ရာဆင်း (ခ) ဦးကျော်စိန် (၆၅) နှစ်၏ နေအိမ်ကို သတင်းအရ စက်တင် ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ရှာဖွေရာ ငါးထောင်ကျပ်တန် ငွေစက္ကူအတု ၆၂ ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအသေး ၅၀၅ ရွက် စုစုပေါင်း ကျပ်ရှစ်သိန်းကျော်ပမာဏ ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါမြို့နယ်ရှိ အမှတ် (၂) ရဲစခန်း တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

ယင်းတာဘောင်ဘေးရှိ ကျူးကျော်တဲ အများစုတွင် ကံသစ်ကုန်းကျေးရွာ ရေကြီးချိန် ပြောင်းရွှေ့ နေထိုင်သူများလည်းရှိပြီး ငါးထောင်တန်နှင့် တစ်ထာင်တန်အတု တွေ့ရှိသူသည် နွားပွဲစား၊ ဆိတ်ပွဲစားများ ပြုလုပ်သူ ဖြစ်ကြောင်း အဆိုပါ ကျူးကျော်တဲနှင့် ကပ်လျက်တွင် နေထိုင်သူ ဒေါ်ခင်မြင့်တင်က The Voice သို့ ပြောကြားသည်။

ဦးရာဆင်း၏ ဇနီးဖြစ်သူ ဒေါ်ချစ်စုက“ဘယ်လိုဖြစ်တာလဲ မသိဘူး။ အန်တီလည်း သူ့ကိုနားမလည်ဘူး။ သူနဲ့ အိမ်ထောင်ကျတာ ရှစ်လလောက်ပဲ ရှိသေးတာ။ နွား၊ ဆိတ် ရောင်းဝယ်ရေး လုပ်တယ်။ သူငွေပေးသလောက်ပဲ အန်တီဈေးဝယ်တယ်။ ရဲတွေလာရှာမှ အန်တီသိရတာ၊ အရင်ကတော့ ကြုံရာကျပန်း လုပ်တယ်” ဟု ဆိုသည်။

အဆိုပါ ငွေစက္ကူအတုများ သုံးစွဲမှုနှင့် လက်ဝယ်ထားရှိမှုတို့အတွက် ဦးရာဆင်းကို အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၂) ရဲစခန်းက (ပ) ၂၃၂/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉-ခ/၄၈၉-ဂ အရ အရေးယူ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၂) ရဲစခန်း တာဝန်ရှိသူထံမှ သိရသည်။

ဧပြီလ ၃ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူ အမျိုးသားတစ်ဦးကို စစ်ဆေးရာ ငါးထောင်ကျပ်တန် အတု ၅၂ ရွက် ကိုင်ဆောင်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။

“ပထမ ပစ်မှတ် NLD အမတ် ဦးဝင်းထိန်”




စည်သူအောင်မြင့်
The Yangon Times Daily

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မိတ္တီလာမြို့ခံ တစ်ချို့ အင်န်အယ်လ်ဒီ ပါတီက ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းထိန်ကို ဆန့်ကျင်ကန့်ကွက်မယ့် ဆန္ဒပြပွဲတစ်ခု လုပ်ဖို့ ခွင့်ပြုချက် တင်ခဲ့ကြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ဆန္ဒမပြခဲ့ကြပါဘူး။ အခု နောက်ထပ် လုပ်တာကတော့ ဦးဝင်းထိန်ကို အမတ်တာဝန်ကနေ ပြန်ရုပ်သိမ်းရေး တင်ပြနိုင်ဖို့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ လက်မှတ်တွေ ကောက်ခံ တင်ပြသွားမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရတဲ့ အကြောင်းကတော့ သိပ်မကြာသေးမီက ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနား ကာဖျူးအမိန့် ထုတ်ထားတဲ့ ည ၁၀ နာရီခွဲ အကျော် မိတ္တီလာ မြို့ကို ရောက်လာစဉ် မြို့ခံတစ်ချို့က ဥပဒေချိုးဖေါက်ပြီး မစ္စတာ ကင်တားနား ကားကို ၀ိုင်းဝန်းခဲ့တဲ့ ကိစ္စ၊ ဒါကို ရဲတပ်ဖွဲ့ကလည်း မတားဆီးခဲ့တဲ့ကိစ္စ ဦးဝင်းထိန်က သတင်းမီဒီယာတွေကို အမှန်အတိုင်း ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

သတင်းမီဒီယာတွေကို ဦးဝင်းထိန် ပြောဆိုခဲ့တာမှာ ရှုတ်ရှုတ်ထွေးထွေး ဘာမှ မပါပါဘူး။ ည ၁၀း၀၀ နာရီကျော်ရင် လမ်းပေါ်မထွက်ရဆိုတဲ့ တင်းကြပ်တဲ့ လုံခြုံရေးဆိုင်ရာ စည်းကမ်း ထုတ်ထားတာ ည ၁၀း၃၀ တိုင်အောင် အဲဒီ လူစု ဘာကြောင့် လမ်းပေါ်မှာ ရှိနေခဲ့ရသလဲ၊ နောက် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ပြန်ကြားရေးဒုဝန်ကြီး ပြောသလို ရဲလုံခြုံရေးတွေ အလုံအလောက် ချထားတယ် ၊ လူအုပ်ကြီးကို လူစုခွဲပါလို့ ပြောတယ် ဆိုပါလျက်နဲ့ လူအုပ်ကြီးက မစ္စတာကင်တားနား ကား အနားကို ဘာကြောင့် ချဉ်းကပ် ကားမှန်ကို ထုနိုင်ရတာလဲ။ အဲဒါတွေကို မေးခွန်းထုတ်ပြီး အမှန်တွေကို ပြောခဲ့တာပါ။ ဒီအတွက် ဘာကြောင့် အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန် ဆန့်ကျင်ရေး ပေါ်ပေါက်လာရသလဲ၊ ဘာသာရေး ခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေရဲ့ နောက်ကွယ်က ဇာတိရုပ် ပေါ်လာပြီလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါကို အသုံးချပြီး တစ်ချို့ပုဂိုလ်တွေက ပြသနာကို ပြည်မ ထဲ ဆွဲသွင်းလာခဲ့ပါတယ်။ အဲလို ပြသနာကို ဆွဲသွင်းလာပြီး အကြမ်းဖက်မှုတွေ၊ မီးလောင်မှုတွေ၊ လူသတ်မှုတွေ၊ ဒုက္ခသည်ဖြစ်မှုတွေ ဖြစ်ပွားလာတဲ့အခါ အကြမ်းဖက်မှုကို မလိုလားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေးသမားတစ်ချို့နဲ့ သတင်းစာဆရာ တစ်ချို့က ဒါတွေနဲ့ ပါတ်သက်တဲ့ သဘောထား အမြင်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ဒီအခါ ဘာသာရေးခေါင်းစဉ်တပ် လှုပ်ရှားနေသူတွေက ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် အကြမ်းဖက်မှုကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့၊ ငြိမ်းချမ်းရေးကို လိုလားတဲ့၊ လူ့အခွင့်အရေးကို လေးစားတဲ့၊ လူပုဂိုလ်တွေကို စော်ကားပုတ်ခတ်မှုတွေ စပြီး လုပ်လာပါတော့တယ်။

အဲဒီလို တစ်စွန်းတစ်စ လုပ်ကိုင်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် လက်ရှိ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိရမယ်၊ အဲဒီ လူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေ အပေးအယူ အလျော့အတင်း လုပ်ပြီး ငြိမ်းချမ်းစွာ သွားနေတဲ့ အပြောင်းအလဲကို မလိုလားသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အပါအ၀င် ပြည်သူလူထု ထောက်ခံမှု အပြည့်အ၀ ရထားသူတွေကို ဘာသာရေး ခေါင်းစဉ်တပ် တိုက်ခိုက်ပြီး ပြည်သူတွေကို လမ်းလွဲရောက်အောင် ပို့မယ့် သူတွေဖြစ်တယ် ဆိုပြီး အစိုးရဘက်က ပုဂိုလ်တစ်ချို့ရော အတိုက်အခံနိုင်ငံရေးသမားတွေ ဘက်ကပါ သုံးသပ်ပြောဆိုမှု ရှိခဲ့ပါတယ်။

တကယ့်တကယ်လည်း အဲလို ဖြစ်တယ်ဆိုတာ သက်သေ အထောက်အထားတွေ ဟိုနေရာ တစ်စ ဒီနေရာ တစ်စ တွေ့မြင်လာနေရပါတယ်။ အေးမြငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာကိုခံယူထားတဲ့ ဘုရားသားတော် တစ်ပါးဆိုရင် သံဃာဖြစ်ပါလျက် မြတ်ဗုဒရဲ့ ငြိမ်းချမ်းတဲ့ တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးရမယ့်အစား ဘာသာခြားတွေကို မုန်းတီးဖို့ တရားဟောပါတယ်။ ဒါပေမယ့် သူ့ အဓိက နောက်ဆုံး ဦးတည်ပစ်မှတ်ဟာ အဲဒီ ဘာသာဝင်တွေ ဟုတ်ဟန် မတူပါဘူး။ သူဟောတဲ့ တရားထဲမှာ ဘာသာခြား တွေက ဗုဒ္ဓဘာသာတွေကို ဘယ်လို စော်ကားနေတယ်၊ ဘယ်လို မဟုတ်တာ လုပ်နေတယ်ဒါကြောင့် မြန်မာပြည်ဟာ ဘာသာခြားလွှမ်းမိုးတဲ့ အိမ်နီးချင်း နိုင်ငံတစ်ချို့လို ဖြစ်သွားနိုင်တယ် စသဖြင့် မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ အမုန်းတရား ပွား အောင် လုပ်နေတဲ့အပြင် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ခွတ်ဒေါင်းအလံကို မွတ်ဒေါင်း အလံဖြစ်သွားပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ဆိုရင်လည်း ဘာသာခြားတွေရဲ့ ကိုယ်စားလှယ် ဖြစ်သွားပြီ စသဖြင့် ဘာသာရေးမှိုင်းတိုက် တိုက်ခိုက်တာတွေ လုပ်တာ တွေ့လာရပါတယ်။

ဒီအတွက်လည်း ဘာသာရေးအကြမ်းဖက်မှု ပြသနာတွေဖြစ်ပေါ်တိုင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဖြစ်ပေါ်တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်အားစုတွေဟာ အတော့်ကို သတိကြီးကြီးထား ပြောရ ဆိုရ ချဉ်းကပ်ရတာ တွေ့လာရပါတယ်။ တစ်ခုခု ပြောလိုက်တာနဲ့ ဘာသာခြားဘက် လိုက်တယ် ဆိုတဲ့ တံဆိပ်ကပ်ပြီး ပြည်သူကို လိမ်ညာစည်းရုံး မှိုင်းတိုက်ကြပါတော့တယ်။ အဲဒီကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး၊ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ဆန့်ကျင်ရေး၊ အတိုက်အခံအင်အားစု ဆန့်ကျင်ရေး ဆိုတာမျိုးအထိ သွားကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။ ဒီအတွက် အဲဒီ နောက်ကွယ်က အင်အားစုတွေဟာ အမုန်းတရား ဖြန့်ဖြူးသူတွေကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့တာ လုပ်ပါတယ်။ ဒါ့အပြင် အခြား အကြမ်းဖက်မှုတွေထဲလည်း ထဲထဲဝင်ဝင် မပါဝင်ပါဘူးလို့ မပြောနိုင်ပါဘူး။ တစ်ဖက်မှာတော့ အဲဒါတွေကို ဝေဖန်၊ ထောက်ပြ ပြောဆိုရဲသူ မရှိတော့ဘူး ဆိုပြန်ရင်လည်း အမုန်းတရားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်၊ ပြသနာ တစ်ခု ပေါ်လာတာနဲ့ အကြမ်းဖက်အောင် လှုံ့ဆော်တာတွေ ရဲရဲတင်းတင်း ပြုလုပ်နိုင်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ အဓိက ရည်ရွယ်ချက် ပစ်မှတ်ဟာ အဲဒီ ဘာသာခြားတွေကို နှိပ်ကွပ်ဖို့ ချည်းသက်သက် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြည်သူတွေဘက်က စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်ရင်း ပြည်သူလူထုကြီးရဲ့ ယုံကြည်ကိုးစားမှု၊ လေးစားထောက်ခံမှုကို အပြည့်အ၀ ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ ပါတီ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ တိုးတက်တဲ့ အတိုက်အခံ အင်အားစုတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံတွေကလည်း မေးခွန်းထုတ်စရာပါ။ မစ္စတာ ကင်တားနား လာချိန် ဆန္ဒပြတယ်လို့ ဆိုသူတွေဟာ ကာဖျူးချိန် ၁၀ နာရီ ကျော်သည်အထိ လမ်းပေါ်ကနေ ထွက်ခွာမသွားပဲ စုရုံးနေကြတာဟာ အတော် သတ္တိကောင်းတယ် လို့ ယူဆ စရာရှိပါတယ်။ ဒါပေမယ့် တကယ့် တကယ် ဦးဝင်းထိန်ကို ဆန္ဒပြဖို့ ခွင့်ပြုချက်တင်၊ ခွင့်ပြုချက် မရတဲ့ အခါမှာတော့ ဆန္ဒပြမယ့် အစီအစဉ်ကို အလွယ်တကူ ဖျက်သိမ်းလိုက်တာကိုကြည့်ရင် ကာဖျူးကို ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့ ကွာခြားနေတာ တွေ့ရပြန်ပါတယ်။ ရန်ကုန်မှာ ပုဒ်မ ၁၈ ကို တခြိမ်းခြိမ်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေချိန် အဲဒီ ပုဂိုလ်တွေက ခွင့်ပြုချက် မရတာနဲ့ အသာတကြည် နောက်ဆုတ်သွားသူတွေပါ။ အဲလို လူတစ်ချို့ဟာ အခန့်မသင့်ရင် သေနတ်နဲ့ အပစ်ခံရနိုင်တဲ့ ည အချိန်မတော် လူစုရဲနိုင်တာဟာ ရဲတပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ကြောင့်မဟုတ်ရင် ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

အခုတော့ ကုလသမဂ လူ့အခွင့်အရေး အစီရင်ခံစာ ရေးသူ မစ္စတာ ကင်တားနား ကိစ္စ အမှန်အတိုင်း ဝေဖန်ပြောဆိုလိုက်တဲ့ အင်န်အယ်လ်ဒီ အမတ် ဦးဝင်းထိန်ဟာ ပထမ ဦးဆုံးပစ်မှတ် ဖြစ်သွားပါပြီ။ ဒီလိုနည်းနဲ့ အမုန်းတရားတွေ ဆက်ဖြန့်ဖြူး၊ အကြမ်းဖက်မှုတွေ ဖြစ်အောင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ပေါ်ပေါက်အောင် ဆက်ပြီး လှုံ့ဆော်ကြပါဦးမယ်၊ ဒီအခါ ဒါကို ဝေဖန် ထောက်ပြကြသူတွေဟာ ဦးဝင်းထိန်နည်းတူ ဒုတိယ တတိယ ပစ်မှတ်တွေ ထပ် ထပ်ပြီး ပေါ်ပေါက်လာဦးမှာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ပညာရေးဝန်ကြီးဌာနမှ တစ်လအတွင်း ပြန်လည်ရှင်းလင်းချက် မပေးပါက ဒေါ်စိုးစိုးခိုင်က သမ္မတထံ စာတင်မည်



အေးမြင့်စန်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ်
မဇ္ဈိမ


ရှစ်လေးလုံး ငွေရတု အခမ်းအနားအကြို သတင်းစာရှင်းပွဲသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်ဖြုတ်ခံရခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်သည့်နေ့မှ တစ်လအတွင်း ပညာရေးဝန်ကြီးဌာနမှ အကြောင်းတစ်စုံတရာ ပြန်ကြားခြင်းမရှိပါက သမ္မတထံစာတင်သွားမည်ဟု ဒေါ်စိုးစိုးခိုင်က မဇ္ဈိမကိုပြောသည်။

ကန့်ကွက်စာကို သြဂုတ်လ ၃၁ရက်က ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)တို့မှ ဆရာ/ဆရာမများ အသင်းများက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သြဂုတ် ၃၀ ရက်နေ့စွဲဖြင့် နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါဆရာမကို အလုပ်ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းများကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

"ခုချိန်ထိတော့ ပညာရေးဝန်ကြီးဌာနက အလုပ်အတွက် ဘာမှအကြောင်းပြန်လာတာ၊ ဆက်သွယ်တာ မရှိသေးဘူး၊ အလုပ်ပြန်ရဖို့ထက် ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်မှာပါတဲ့ ခွင့်မဲ့ပျက်ကွက်တယ်ဆိုတဲ့ အချက်တွေက ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် ပြန်လည်ဖြေရှင်းပေးစေလိုပါတယ်"ဟု ဒေါ်စိုးစိုးခိုင်က ပြောသည်။

ထို့အပြင် သြဂုတ်လ ၂၅ရက်က ပျဉ်းမနားမြို့ ထောက်လှမ်းရေးက ဒေါ်စိုးစိုးခိုင်အား အသနားခံစားတင်ရန် အကြောင်းကြားခဲ့သော်လည်း တင်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

"ကျွန်မဘက်က မမှားခဲ့လို့ အသနားခံစာကို မတင်ခဲ့ဘူး" ဟု ပြောသည်။

ဒဂုံတက္ကသိုလ်ဆရာ/ဆရာမများအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအာကာမိုးသူက "ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတဲ့လုပ်ရပ်တွေကဒီမိုကရေစီလမ်းကြောင်းကို သွေဖယ်နေပါတယ်။ ဒေါ်စိုးစိုးခိုင် အလုပ်ရပ်ဆိုင်းခံရတဲ့ အဖြစ်က ပညာရေးလောကအတွက် တင်မကဘူး အစိုးရ၀န်ထမ်းအားလုံးကို ခြိမ်းခြောက်လိုက်တာပါပဲ"ဟု ဝေဖန်လိုက်သည်။

ဒေါ်စိုးစိုးခိုင်အား အလုပ်မှ ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ အလုပ်သမား ဥပေဒများနှင့်အညီ ဆောင်ရွက်ပေးရန် တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ILO(နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း)သို့ သြဂုတ်လ ပထမပတ်အတွင်း
က ပေးပို့ထားပြီးဖြစ်သည်။

နေပြည်တော် ကောင်စီနယ်မြေ ၊ ဇဗ္မူသီရိ မြို့နယ် အ.ထ.က (၅) တွင် အလယ်တန်းပြ ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော ဆရာမ ဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၀ရက် မှ ၁၄ရက် အထိ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေး ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါတ်သက်ခြင်း စသည့် စွပ်စွဲချက်များဖြင့် သြဂုတ်လအတွင်းတွင် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း




ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) နှင့် ၇-၈-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၃/၂၀၁၃) တို့ဖြင့် ဖွဲ့စည်းခန့်အပ် တာဝန်ပေး ထားသော နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့များတွင် အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲဖော်ပြပါ အကြံပေး အဖွဲ့ အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(၁) ဦးသန်းဆွေ၊ သံအမတ်ကြီး(ငြိမ်း) နိုင်ငံရေးအကြံပေးအဖွဲ့

(၂) ဦးသောင်းညွန့်၊ ဝန်ကြီး(ငြိမ်း) ဥပဒေအကြံပေးအဖွဲ့

အမိန့်အရ

ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

ပိတ်ဆို့မူတွေရုပ်သိမ်းလိုက်ပေမဲ့စီးပွါးရေးမတိုးတက်လာတာဟာ ဘာလို့လဲ?


 RFA