Saturday, November 2, 2013

ငွေလေးထောင် လက်ခံသူ အမျိုးသမီး ပြည့်တန်ဆာပုဒ်မဖြင့် တရားစွဲခံရဟုဆို




The Voice Weekly

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်မြို့လယ်ကောင် မြို့တော်ခန်းမရှေ့တွင် အသက် ၂၀ နှစ်အရွယ် လူငယ်တစ်ဦးက ငွေကျပ်လေးထောင် လာရောက်ပေးမှုကို လက်ခံခဲ့သည့် အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပြည့်တန်ဆာ ပုဒ်မဖြင့် ဖမ်းဆီးခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း အဆိုပါ အမျိုးသမီးကြီး၏ သမီးဖြစ်သူ မအေးမြလင်းက ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်အေးအေးမြင့်သည် အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီက ဆူးလေဘုရား ဂေါပကအဖွဲ့ဝင် (အစ်ကိုဝမ်းကွဲ တော်စပ်သူ) ဦးဟုတ်ကြည်ထံ လစဉ် မုန့်ဖိုးကို လာရောက် တောင်းခံစဉ် အစ်ကိုမှာ အလုပ် မအားသေးသဖြင့် စောင့်နေခဲ့ကြောင်း၊ ယင်းနောက် ဖရဲသီး စားချင်သောကြောင့် ဘုရားပေါ်မှဆင်းပြီး လမ်းလျှောက်ခဲ့ရာ မြို့တော်ခန်းမရှေ့တွင် လူငယ်တစ်ဦး ရောက်ရှိလာပြီး ငွေလေးထောင်ကျပ် ကို လာပေးခဲ့ကြောင်း၊ အစ်ကိုဖြစ်သူက ပေးခိုင်းသည်ဟု တွေးထင်ကာ လက်ခံခဲ့ပြီးနောက် အိမ်ပြန်ရန် ဆူးလေကားဂိတ်သို့ လာစဉ် ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းက ရှင်းပြသည်။

ကားဂိတ်သို့ ပြန်လာစဉ် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကားပေါ်တင်ကာ စခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် (ပ)၃၇၃/၁၃၊ ပြည့်တန်ဆာပုဒ်မ ၃(က) (ခ) ဖြင့် အမှုဖွင့်ကာ ကျောက်တံတားမြို့နယ် တရားရုံးတွင် စစ်ဆေးလျက်ရှိပြီး အင်းစိန် အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားကြောင်း ၎င်းကထပ်မံပြောကြားသည်။
“အရင်က သူကကြက်သားရောင်းတယ်။ ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တယ်။ အသိတွေ ဆေးရုံတက်ရင် လူနာစောင့် လိုက်ပေးတယ်။ ရပ်ကွက်ထဲ သူနေထိုင်ခဲ့တဲ့ တစ်လျှောက် ပြစ်မှု တစ်စုံတစ်ခု မရှိခဲ့ဘူး။ အခုဒီလို ပြည့်တန်ဆာပုဒ်မနဲ့ ဖမ်းခံရတယ်ဆိုတော့ ယုံတောင် မယုံနိုင်ဘူး” ဟု အဖမ်းခံရသူ အမျိုးသမီးနှင့် တစ်အိမ်တည်း ငှားရမ်းနေထိုင်သူ ဒေါ်ဇာနည်ထွန်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ် မြို့မရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ရဲကျင့်ထုံး အက်ဥပဒေ ပြဋ္ဌာန်းချက်များ အရ ပြစ်မှုကျူးလွန်သူဟု သတင်းရရှိသူကို ဖမ်းဆီးအရေးယူရာတွင် သက်သေခံပစ္စည်းနှင့် သက်သေခံလူများ ခိုင်လုံစွာ ပါရှိမှသာ အမှုဖွင့် ဆောင်ရွက်နိုင်ကြောင်း၊ ယခုပြည့်တန်ဆာ ပုဒ်မဖြင့် အဖမ်းခံရသူ အမျိုးသမီးမှာ ကျောက်တံတားမြို့နယ်အတွင်း ပြည့်တန်ဆာ လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ရှာဖွေ စစ်ဆေးခဲ့ပြီး သက်သေ ခိုင်လုံသောကြောင့် တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း ယင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းမြင့်ကြိုင်က ပြောကြားသည်။
“သတင်းရရှိမှုကြောင့် တာဝန်အရ ရှာဖွေစစ်ဆေးပေမယ့် သက်သေ မခိုင်လုံဘူးဆိုရင် ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူပိုင်ခွင့် မရှိပါဘူး။ ဒီအမှုကိစ္စကတော့ ကျွန်တော်တို့ ကျောက်တံတား ရဲတပ်ဖွဲ့က မှားယွင်းဖမ်းဆီးခြင်း မဟုတ်ပါဘူး။ သက်သေ အထောက်အထား အခိုင်အလုံ ရှိပါတယ်” ဟု ယင်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရန်ကုန်မြို့လယ် ဆူးလေဘုရားပေါ်တွင် ပြည့်တန်ဆာများက ဘုရားဖူးပုံစံဖြင့် ပျော်ပါးရန် ဆွဲဆောင်မှုများကို ပြုလုပ်လျက် ရှိကြောင်း၊ တိုင်ကြားမှုများ ရရှိပြီး ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် ၃၀ ဦးခန့် ဖမ်းဆီးအရေးယူပြီး ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းထံမှ သိရှိ ရသည်။

ပြည့်တန်ဆာ လုပ်ကိုင်သူကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များက သက်သေ အထောက်အထား ရယူရန် ငွေစက္ကူများကို ကြိုတင် မှတ်တမ်းတင်ထားပြီးနောက် သက်သေအဖြစ် ဆောင်ရွက်မည့် အမျိုးသားမှတစ်ဆင့် ပြည့်တန်ဆာကိုပေးကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိ




Eleven Media Group

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ပိုမိုများပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂၈ ဒသမ ၆၂၁ သန်းရှိပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၃၀၈ သန်း ရှိသဖြင့် တစ်ပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၉၂၉ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော် ရှိကြောင်း သိရသည်။ ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန် ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်းရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်းရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ငါးလသာ လိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ လျာထားချက်၏ ၅၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် အောက်တိုဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော် ရှိနေပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

(ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))လာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ပိုမိုများပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂၈ ဒသမ ၆၂၁ သန်းရှိပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၃၀၈ သန်း ရှိသဖြင့် တစ်ပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၉၂၉ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော် ရှိကြောင်း သိရသည်။ ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန် ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်းရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်းရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ငါးလသာ လိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ လျာထားချက်၏ ၅၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် အောက်တိုဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော် ရှိနေပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

(ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))

မြေးကတမျိုး၊အဖိုးကတမျိုး၊စိတ်ချလက်ချသာသွားပါ

အင်တာနက် နှေးကွေးခြင်းထဲကအကြောင်းရင်းတစ်ခု




Chann Nyein Htun


အင်တာနက် နှေးကွေးခြင်းထဲကအကြောင်းရင်းတစ်ခု
==============================

ပုံမှာပါတာက Nation Master.com ၀က်ဘ်ဆိုက်ကြီး၊ နောက် Nexus Network နဲ့ GLOBAL INTERNET GEOGRAPHY (JAPAN) က ကောက်ယူတဲ့ International Internet bandwidth ဆိုင်ရာစစ်တမ်းများပါ။ စာရင်းဇယားတွေကို လေ့လာကြည့်တော့ ထိပ်တန်းနိုင်ငံ အချို့နဲ့ အိမ်နီးချင်းအချို့အကြောင်းကို အောက်ပါအတိုင်းတွေ့ရပါတယ်။

INTERNATIONAL INTERNET BANDWIDTH (MBPS)
(2013 အချက်အလက်များ)

USA ...........>>----2,038,830 MBPS (about 2038 Gbps)
China .........>>----1,094,012 MBPS
Singapore ...>> -----385,541 MBPS
Korea .........>> -----244,312 MBPS
Malaysia .....>> -------17,788 MBPS
Thailand .....>> -------16,605 MBPS
Myanmar ….>> -------13.485 MBPS

မြန်မာနိုင်ငံရဲ့လက်ရှိ Internet Bandwidth က Cross Border Fiber Link 6.045 Gbpsနဲ့ Sea-Me-We 3 Submarine Cable 7.44 Gbpsဖြစ်ပါတယ်။

ဒါကြောင့်မို့လို့စုစုပေါင်း မြန်မာနိုင်ငံရဲ့ Internet Bandwidth က 13.485 Gbpsဖြစ်ပါတယ်။

လက်ရှိ၂၀၁၃ခုနှစ်အနေနဲ့တော့ မြန်မာ့ Bandwidth 13 Gbpsဟာထိပ်တန်းအနေနဲ့ 2038 Gbpsရတဲ့ USA အောက်၁၅၆ဆ လျှော့နည်းနေတာ တွေ့ရပါမယ်။မလေးရှားနဲ့ထိုင်းအောက်တောင်ရောက်နေပါသေးတယ်။

အထက်မှာပြောခဲ့တဲ့အတိုင်း Bandwidth ကွာခြားမှုတွေဟာ နှေးကွေးရခြင်းအကြောင်းရင်းတွေထဲကတစ်ချက်သာ ဖြစ်ပါတယ်။ One of the facts ပါ။
နောက်အချက်တွေရှိပါသေးတယ်။အဲဒါတွေကတော့စေတနာမပါခြင်း - ပြည်သူ့ထံမှငွေကိုသာမရအရနှိုက်ယူလိုခြင်း .. စတာတွေဖြစ်ပါတယ်။

အဓိကပြောချင်တာကတာဝန်မယူနိုင်ရင်တော့လူကြီးလူကောင်းပီပီနှုတ်ထွက်လိုက်ကြတာကောင်းပါတယ်။အတော်လေးလည်းကြွယ်ဝအောင်သိုလှောင်ပြီးကြပြီပဲ။ပွဲကိုအနိုင်နဲ့ပိုင်းလိုက်တဲ့သဘောပေါ့ဗျာ။ (အခုနိုင်ပေမယ့်သံသရာမှာတော့အရှုံးပါ။ကိုယ့်အကြောင်းကိုယ်အသိကြဆုံးဖြစ်မှာပါ။)




ပြည်သူတွေ ဖုန်းနဲ့ တစ်မိနစ်ဘယ်လောက်နှုန်းဆိုကောက်ခံထားပြီးမှ သုံးမရဖြစ်နေရခြင်း / အလွန်နှေးကွေးနေခြင်းတို့အကြောင်း

The connection has timed out … ဆီသို့ ပဲ့တင်သံ
=============================
(Oct 27 - 2013)

အခုတစ်လော တချို့နေရာတွေမှာ ဖုန်းကနေတစ်ဆင့် အင်တာနက်သုံးလို့ လုံးလုံး (နီးပါး) မရတော့ပါ။ ညပိုင်းတွေဆို Google Home Page တောင် ကောင်းကောင်း ပေါ်မလာတော့ပါ။ Refresh လုပ်ရင်း-လုပ်ရင်း နာရီဝက် တစ်နာရီ ကုန်ကုန်သွားပါတယ်။ ဘာမှသုံးမရပေမယ့် အသုံးပြုခ ကတော့ တစ်မိနစ်တိုင်းမှာ တက်နေတာပါပဲ။

တမင်တကာ နှေးကွေးအောင် ပြုထားတာမဟုတ်ဘူး … ဆိုရင်တော့ ဒါဟာ 10GB လောက်ခန့်မျှသာ ရှိတဲ့ မြန်မာ့ bandwidth ကို မတိုးဘဲ အချို့အ၀က်ကို အသစ်လာမယ့် ဖုန်းကုမ္ပဏီနှစ်ခုဆီ ပိုက်ဆံရပြီးရောဆို ခွဲပြီး ရောင်းစားလိုက်တာ ဖြစ်ချင်ဖြစ် - သို့မှမဟုတ်ရင် မတန်တဆသော သုံးစွဲသူဦးရေကို ရောင်းစားထားတာ ဖြစ်ပါမယ်။

တလောဆီက စာစောင်တစ်စောင်မှာတော့ “ဖုန်းဖြင့် အင်တာနက်သုံးသူဦးရေ ယခင်နှစ် ငါးသောင်းမှ ယခုနှစ် လေးသိန်းငါးသောင်းသို့ တိုးတက်လာ…” ဆိုပြီး ရေးထားတာလေး မြင်လိုက်ရပါသေးတယ်။ သုံးချက်တွက်လောက် တွက်တတ်တဲ့ ကလေးတွေတောင် သိနိုင်ပါတယ်။ ပိုင်းဝေ (Bandwidth) တန်ဖိုးက ကိန်းသေမှာ စားထားတဲ့ ပိုင်းခြေ (subscriber) က ဆယ်ဆနီးပါး တိုးလာတာဖြစ်ပါတယ်။ ရလာဒ် (Data Transfer Rate –or- Speed) ကတော့ မူလပမာဏအောက် ဆယ်ပုံတစ်ပုံ အထိ ထိုးကျသွားပါမယ်။

ဒါကို မြင်သာအောင် ဥပမာပြရင် အခန်း (၁၀၀) ပဲရှိတဲ့ ဟော်တယ်တစ်ခုက အခန်းမတိုးချဲ့ဘဲ … “ကဲ… ဖြစ်သလိုသာ ကြည့်ကျက် အိပ်ကြ နေကြပေတော့ကွာ…တို့ကတော့ လာသလောက်ပဲ လက်ခံထားတာ…” ဆိုပြီး အခန်း (၁,၀၀၀) စာလောက် လူဦးရေကို တပြိုင်နက် လက်ခံထားတာမျိုး ဖြစ်ပါတယ်။ တကယ်တမ်း ဒါ့ထက်တောင် အများကြီးပိုနိုင်ပါသေးတယ်။

အွန်လိုင်းပေါ်မှာ မကျေနပ်သံတွေ ရေးထားကြတာတွေကတော့ ပလူပျံနေတာပဲ။ ပို့စ်တစ်ချို့မှာဆိုရင် “အင်တာနက်စံနစ် ကောင်းမွန်အောင် မလုပ်ဆောင်နိုင်ရင် နှုတ်ထွက်ပေးပါ …” လို့ အထိ တင်းမာပြတ်သားပြီး လူကြီးလူကောင်းဆန်စွာ တောင်းဆိုထားတာ တွေ့ရပါတယ်။ မှန်ပါတယ်။ နိုင်ငံကြီးသားစိတ်ဓါတ်ရှိတဲ့ နိုင်ငံတစ်ချို့မှာ ဆိုရင် ငလျှင်အကြီးအကျယ်လှုပ်လို့ ရေပြတ်လပ်တာတွေဖြစ် - လျှပ်စစ် ပြတ်လပ်တာတွေဖြစ်ရင်တောင် ဆိုင်ရာ အကြီးဆုံး တာဝန်ရှိသူတွေက နှုတ်ထွက်ပါတယ်။ ကျွန်တော်တို့ သာမန်အမြင်မှာတော့ ဒါသဘာဝဘေး ပဲ။ ကိုယ့်တာဝန် မကျေတာမှမဟုတ်ဘဲ။ ဒါပေမယ့် သူတို့က အဲဒါကို ဆိုင်တယ်လို့ သူတို့ဘာသာ တာဝန်ယူစိတ်မွေးတယ်။ Responsibility ကို နားလည်တယ် - တန်ဖိုးထားတယ် - ရှတ်တတ်တယ် ဆိုပါတော့ဗျာ။ အဲဒါကြောင့် နှုတ်ထွက်ကြတာဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေဟာ ဘာမှမဟုတ်တဲ့ ကိစ္စတွေနဲ့ လုံးထွေးသတ်ပုတ်ရင်း တကယ်လုပ်ရမယ့်ကိုင်ရမယ့် အရာတွေမှာကျတော့ စိတ်ရော လူပါ ခြေကုန်လက်ပန်းကျ သွားရော။ လျှပ်စစ်မီးတုန်းကလဲ ဒီအတိုင်းပဲ …၊ ပေးလို့ရနိုင်ရဲ့သားနဲ့ တမင် ဒုက္ခနဲ့ နပန်းလုံးခိုင်းထားတာလို့ ဆရာ့ဆရာကြီးများက သုံးသပ်ကြတယ်။ ဖြစ်နိုင်တယ်။ “ဟာ.. ဖယောင်းတိုင် ၀ယ်ဦးဟ - မီးခြစ်ဝယ်ဦးဟ ” ဆိုတဲ့အဆင့်ကနေ “အင်ဗာတာ ၀ယ်ဦးဟ - ဘက်ထရီဝယ်ဦးဟ - ဘက်ထရီကို အက်ဆစ်လဲဦးဟ - မိုးရေဖြည့်ဦးဟ - မီးစက်ဝယ်ဦးဟ - ဒိုင်နမို/အော်လ်တာနေတာ ၀ယ်ဦးဟ - အင်ဂျင်ဝိုင်လဲဦးဟ - မက္ကင်းနစ်ခေါ်ပြီး ပြင်ဦးဟ” … ဆိုတာနဲ့ ဘ၀တွေဟာ ပြီးဆုံးသွားရတော့တာပါပဲ။ တစ်နိုင်ငံလုံးကလူတွေဟာ ပညာရေးတို့ လူမှုရေးတို့ နိုင်ငံရေးတို့ ဘာသာရေးတို့ မျှတခြင်းတို့ မမျှတခြင်းတို့ …စတာ စတာတွေကို ဘာမှ တက်လှမ်းချိန် စဉ်းစားချိန်မရတော့ဘူး။ တမင် ဖန်တီးပေးထားတဲ့ ဒုက္ခတွေနဲ့ပဲ သတ်ပုတ် နပန်းလုံးနေရတာကိုး။ (ရည်ရွယ်ချက် အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။) …

အကျိုးဆက်အနေနဲ့ အချိန်ကုန်သလို ငွေလည်း မလိုအပ်ဘဲ ပြည်သူတစ်ယောက်ချင်းစီမှာ အများကြီးကုန်သွားတဲ့အပြင် အဓိပ္ပါယ်မဲ့ ညတိုင်း ဓါတ်ဆီ ဒီဇယ်ဆီတွေ မီးပုံရှို့နေရတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေပါတယ်။ ဆီကို မှာယူတင်သွင်းရတာဆိုတော့ နိုင်ငံခြားငွေလည်း အများကြီး ကုန်ကျပါတယ်။ ဒုန်းဒုန်း ဒုန်းဒုန်းဆိုတဲ့ မီးစက်သံတွေဟာ Residential Area ဆိုတဲ့ မြို့ပြလူနေစရာနေရာ ကို Industrial Zone ဆိုတဲ့ စက်မှုဇုံတစ်ခုဆီ ညကြီးမင်းကြီး အမှောင်ကြီးထဲမှာပဲ လူမသိ သူမသိ တွန်းရွှေ့လိုက်ပါတယ်။ ကျွန်တော်တို့တတွေဟာ လူနေဧရိယာမှာ နေထိုင်ကြပါလျက်ကယ်နဲ့ စက်မှုဇုန်တွေထဲမှာ ဆင်းရဲကြီးစွာ အလုပ်လုပ်နေရသလိုပါပဲ။ သက်ကြီးရွယ်အိုတွေ - လူမမာတွေ - တရားဘာဝနာမှတ်ရှုမယ့် သံဃာတော်တွေ - စာကျက်ရမယ့် အနာဂတ် ခေါင်းဆောင်လောင်း ကလေးသူငယ်တွေ …အားလုံးဟာ… ဒီ Noise Pollution တွေ ကာဗွန်ဒိုင်အောက်ဆိုက် မီးခိုးလုံးကြီးတွေ ပွက်ပွက်ထနေတဲ့ ခေတ်ကြီးထဲမှာ ဆယ်စုနှစ်နဲ့ချီပြီး နေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလိုပဲ အမှတ်တမဲ့ ဖြတ်ကျော်ခဲ့တယ်။ ဖားကို တဖြည်းဖြည်း Temp. မြှင့်ပေးတော့ ပူလာမှန်းမသိဘဲ မရုန်းမကန် အသေခံသွားသလိုမျိုးပါပဲ။

ဒါပေမယ့် ဒါဟာ “ဟို…တုန်းက”… လို့ ပြောလို့ရနိုင်တဲ့ ၂၀၁၀ ခုနှစ်ရဲ့ ရှေ့ပိုင်း ကာလတစ်ခုဆီကပဲ ဖြစ်ပါတယ်။ အခုလက်ရှိ စံနစ်နဲ့ ခေါင်းဆောင်များကတော့ “နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ပွင့်လင်းသော - မြင်သာသော - ကောင်းမွန်သော - တာဝန်ယူတတ်သော- မျှတသော- လူ့အခွင့်အရေးကို တန်ဖိုးထားသော”… လူ့အဖွဲ့အစည်းကို တည်ထောင်နေတယ်လို့ သိရပါတယ် (ကြားရတာ ၀မ်းသာပါတယ်)။ ဒါကြောင့် ဟိုတစ်ချိန်က လျှပ်စစ်မီးမှာ ကျင့်သုံးခဲ့သလိုမျိုး အခု အင်တာနက် ဆက်သွယ်ရေးစံနစ်မှာ ပုံစံတူ ဆက်လက်မဖြစ်ပေါ်စေဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ အတိတ်ကို သင်ပုန်းချေရေးမူအရ ပြည်သူတွေက အုပ်စိုးသူတွေ ဘာမှားခဲ့ မှားခဲ့ ခွင့်လွှတ်ပေးလိုက်ပြီပဲ။ အရောင်းအ၀ယ် စကားနဲ့ပြောရင် “မနာပါဘူး - အသာစီး ရပါတယ်”။ သံသရာစကားနဲ့ပြောရင်တော့ “အကြင် အကြောင်းတရား တို့သည် အကျိုးတရားဟူ၍ မဖြစ်ပေါ်သည် မရှိ” လို့ ဆိုလေတော့ သံသရာမှာတော့ တနည်းနည်း ပြန်ပေးဆပ်ရမှာပေါ့ဗျာ။ (ကံ - ကံ၏ အကျိုးမှာ … အကျိုးမပေးဘဲ ပျောက်ပျက်သွားတတ်တဲ့ အဟောသိကံ ဆိုတာ percentage အလွန်နည်းပါး ပါတယ်။) ဒါပေမယ့် အဖြူရောင်တွေ များများလာရင် အမည်းရောင်တွေ တဖြည်းဖြည်း သေးငယ်သွားသလို အခုအချိန်ကစလို့ ကောင်းတာတွေ များများလုပ်ရင် သံသရာမှာ (နည်းနည်းဖြစ်ဖြစ်တော့) သက်သာပါလိမ့်မယ်။ ပေါက်တဲ့နဖူး မထူးဘူး လို့ သဘောထားရင် နစ်သထက်နစ်ပါလိမ့်မယ်။

စကားမစပ် … အခုစာရေးသူဟာ ဘယ်ပါတီမှ ၀င်မထားဖူးပါဘူး။ ဘယ် မြေပေါ် မြေအောက် ရေပေါ် ရေအောက် နဲ့မှ အဆက်အသွယ်မရှိဖူးပါဘူး။ ဘယ် အင်အားကြီး နိုင်ငံကြီး တစ်ခုခုဆီကမှ ထမင်းတစ်နပ် (ပေါင်မုန့်တစ်ချပ်) မစားဖူးပါဘူး။ ကင်းပါတယ်။ ရှင်းပါတယ်။ ဆိုလိုတာ အခုအသံဟာ ဘာအရောင်မှ မရှိတဲ့ - ကောင်းကောင်း ဒုက္ခခံနေရတဲ့ သာမန်ပြည်သူတစ်ယောက် ဆီကလာတာသာ ဖြစ်ပါတယ်။ “ပြည်သူတွေရဲ့ အခက်အခဲတွေရှိရင် သိချင်တယ် - ပြောပြကြပါ - ဒါမှ လိုအပ်တာကို ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်” … ဆိုတဲ့ အသံလည်း ကြားရလို့ အကူအညီ တောင်းခံလိုက်တာ ဖြစ်ပါတယ်။

---

ရေသည်ပြဇာတ် ဆန်လွန်းတဲ့ အင်တာနက်
=======================
(Oct 27 - 2013)

သုံးမရလောက်အောင် အင်တာနက် connection နှေးကွေးနေခြင်း / မြန်ဆန်တိုးတက်လာအောင် မဆောင်ရွက်ခြင်းဟာ ရည်ရွယ်သည်ဖြစ်စေ - မရည်ရွယ်သည်ဖြစ်စေ ခိုးခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ငါးပါးသီလထဲက တစ်ပါးသောသီလကို ချိုးဖေါက်ခြင်းဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဆီက တစ်မိနစ်ကို ဘယ်လောက်နှုန်းဆိုတာမျိုးနဲ့ ကောက်ခံထားပြီး တကယ်သုံးတော့ ဘာမှ ဖွင့်လို့မရလို့ပဲ။ ဒါပေမယ့် ယူနစ်က တစ်မိနစ်ချိတ်ဆက်ထားရင် တစ်မိနစ်စာတက်နေတာပါ။ (အရင့်အရင်ကလည်း ကမ္ဘာမှာမရှိတဲ့ဈေးနှုန်းတွေနဲ့ ဖုန်းတစ်လုံး သိန်းသုံးလေးဆယ်ဆိုတဲ့ ခိုးမှုကြီးတွေရှိပါသေးတယ်။ ဒါပေမယ့် အခြေခံဥပဒေကလည်း နောက်ကြောင်းပြန်မလှည့်ကြေး ဆိုတာကလေးပါတော့ ဒါကိုထားပြီး လက်ရှိကိစ္စကိုပဲ ပြောပါမယ်။)

တစ်နိုင်ငံလုံး အင်တာနက်တို့ ဘာတို့နဲ့ အလှမ်းဝေးနေသေးသူတွေရော ဘာတွေရော သည်ခိုးမှုကြီးကို မြင်သာစေချင်လို့ ဥပမာပေးပါမယ်။

ရပ်ကွက်ထဲမှာဗျာ … ရေရောင်းတဲ့ရေသည်တွေကို မြင်ဖူးပါလိမ့်မယ်။ ရေရှားတဲ့ဒေသ - နယ်ဒေသတွေမှာ အ၀ီစိတွင်းတို့ ဘာတို့ကနေ ပန့်တို့ ကွန်ပရက်ဇာတို့နဲ့ ရေထုတ်လုပ်ပြီး ရေလိုသူတွေကို ရပ်ကွက်ထဲမှာ ရောင်းတဲ့ ရေသည်ကိုပြောတာပါ။ အဲဒါ ရေဘုံဘိုင်အောက်မှာ ပုံးနဲ့ခံရင် ရောင်းသူပိုင်ရှင်က "အေးကွာ … ခပ်ကြ….တစ်မိနစ်ကို တစ်ရာကျတယ်.." ဆိုလို့ စားသုံးသူ (ရေခပ်သူ) က သဘောတူရင် သူ့ပုံးကလေးကို ထိုးခံလိုက်ရုံပါပဲ။ အိုကေ… တစ်မိနစ် တစ်ရာ … တစ်ပုံးကို စက္ကန့်သုံးဆယ်လောက်ခံရတယ်ပဲ ထားပါတော့ တစ်မိနစ်ကို သူ ရေတစ်ထမ်း (နှစ်ပုံး) ရပါမယ်။ အဲဒါ တစ်မိနစ်ပြည့်ရင် ငွေတစ်ရာ ပေးပြီး သူ့ပုံးကလေးနှစ်လုံး ထမ်းပြန်သွားရုံပါပဲ။ ဘိသိက်ပြိုင်ထဲက ဆားထောင်သောင်းလို ဗုံထောက်ကလေး ဘာလေးတောင် ၀ါသနာပါရင် အပြန်လမ်းမှာ ဆိုသွားနိုင်ပါသေးတယ်။ လေကလေး တချွန်ချွန်နဲ့ပေါ့…

ဒါပေမယ်…။ ပြဿနာက အခု "ဒါပေမယ့်" ဆိုတဲ့နေရာမှာ စတာပါပဲ။ တစ်မိနစ်ကို တစ်ရာနဲ့ ကျေနပ်လို့ အရောင်းအ၀ယ် ဖြစ်ပြီးကာမှ ရေဘုံပိုင်က ရေက ခွေးသေးပေါက်သလောက်ကနေ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ကြွက်သေးပေါက်သလောက် တစ်စက် နှစ်စက်ပဲ ကျတော့တယ် ဆိုပါစို့။ ၀ယ်သူက သူ့ပုံးနှစ်လုံး ခါတိုင်း တစ်မိနစ်နဲ့ ဖြည့်တဲ့နေရာမှာ …. ဖြည့်ရတော့မယ်…မပြည့်မချင်း… သုံးမိနစ်လည်းဟုတ်တယ် … ငါးမိနစ်လည်းဟုတ်တယ်။ ဆယ်မိနစ်လည်း ဟုတ်နိုင်ပါသေးတယ်။ ကဲ… ငွေရှင်းပြီ။ ငါးမိနစ်ပဲထားပါစို့… သူ (၀ယ်သူ / စားသုံးသူ)က ငါးရာပေးချေရပါတော့မယ်။ ခါတိုင်း တစ်ရာနဲ့ဝယ်ယူတဲ့ ပမာဏကိုပဲ သူ ငါးဆပေးရပါမယ်။ ဒါမှမဟုတ် ဆယ်မိနစ်မှသာ ပြည်တယ်ဆို တစ်ထောင်ပေးရပါတော့မယ်။ ဒါဟာ ဖြစ်သင့်သလား… ဖြစ်ထိုက်သလား။ စာဖတ်သူများ စဉ်းစားလို့အလွယ်တကူပဲ ရနိုင်ပါတယ်။

ဆက်ပြီး နစ်နာမှုတွေအပိုင်းကို ဆွေးနွှေးပါမယ်။ ပိုက်ဆံပိုကုန်သွားတယ်ဆိုတာထက် အများကြီးပိုတဲ့ နစ်နာမှုတွေ (အဲဒါတွေ ကျွန်တော်တို့ သိပ်မစဉ်းစားဖြစ်ကြဘူး-ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုအားနည်းနေသေးလို့ …လို့ ကျွန်တော် ထင်ပါတယ်။) ကို အောက်မှာ ကြည့်ပါ။

၁)။ ၀ယ်သူဘက်က မတန်တဆ ပေးလိုက်ရတယ်။ (ဒါကိုတော့ လူတိုင်းမြင်ပါတယ်)

၂)။ (က) အဲသည်ငွေပမာဏဟာ ရောင်းသူဘက်က အမြတ်ရငွေအနေနဲ့ မဖြစ်စလောက် ဖြစ်ကောင်းဖြစ်နေပေမယ့် တချို့ဝယ်သူတွေအတွက် မသုံးမဖြစ်လို့ ခြစ်ခြုတ်သုံးလိုက်ရတဲ့ငွေ ဖြစ်နိုင်ပါတယ်။ ("သည်ညနေ အမေ ဆေးခန်းမသွားတော့ပါဘူး သားရယ်… မြေးကလေးတွေရော မင်းတို့ရော ချိုးဖို့ သုံးဖို့မှ ရေမှ မရှိတော့တာ… သည်ငွေကလေးနဲ့ ရေကလေး ပြေးဝယ်လိုက်ပါသားရယ်…" ဆိုတာမျိုးတွေက ဇာတ်နာအောင် လုပ်ပြောနေတာမဟုတ်ဘူး …။ သိသင့်သူတွေ မသိချင်ယောင်ဆောင်နေသူတွေ သိအောင်ပြောတာဖြစ်တယ်။)

၂)။ (ခ) ရောင်းသူဘက်က ရေဖိုးနည်းနည်းပိုရလိုက်လို့ မဖြစ်စလောက်ဆိုပေမယ့် ရေခပ်သူတွေက တကယ်တော့ လူဦးရေ အများကြီးဖြစ်တယ်။ သည်တော့ သူ မြတ်မြတ်ကလေး ရလိုက်တာက မယုံနိုင်လောက်အောင် အများကြီးဖြစ်ပါတယ်။ (တစ်နိုင်ငံလုံး တစ်ယောက်တစ်ကျပ်စီလောက် "စွန့်ကျဲပေးကမ်းကြပါခင်ဗျာ၊ ဇောတိက-ဇဋ္ဋိလတို့လို ပေး၍မကုန် လှူ၍မခန်း - ပဒုမ္မာ ရွှေကြာပန်းကဲ့သို့ ပွင့်လန်းနိုင်ကြပါစေ"…ဆိုပြီး လိုက်တောင်းကြည့်ပါလား - ချက်ချင်းတောင် သန်းခြောက်ဆယ်လောက် ချမ်းသာသွားဦးမယ်။) အဲသလို မတရားသဖြင့် ရေရောင်းရငွေတွေ ရနေပေမယ့် "ကဲ… ဒီလတော့ မော်တာကလေး လဲလိုက်မယ် - နောက်လတော့ ကွန်ပရက်ဇာကလေးလဲလိုက်မယ် - အင်ဂျင်ဝိုင်ကလေးလဲလိုက်မယ် - ဒါမှ ငါ့ဖေါက်သည်တွေ ရေ၀ယ်ရတာ အဆင်ပြေအောင်" ဆိုတာမျိုးကတော့ အရိပ်အယောင်ကလေးတောင် မမြင်ရဘူး။

၂)။ (ဂ) ပြီးတော့ ဒါက တစ်ခါတစ်ရံမဟုတ်ဘူး။ အမြဲတမ်း နာရီတိုင်း နေ့တိုင်း လတိုင်း မတရားသဖြင့် ရသင့်တာထက် ပိုရသူကရနေပြီး မခံသင့်ဘဲ ဒုက္ခခံရသူတွေက ဆက်တိုက် ခံနေရတာဖြစ်တယ်။

၃)။ (က) သိပ်တန်ဖိုးရှိတဲ့အချိန်တွေကို ဘာမဟုတ်တဲ့ ဒီရေဘုံဘိုင်မှာ စောင့်ဆိုင်းနေရခြင်းဆိုတာပေါ်မှာ ခင်ဗျားတို့ဘက်က ပေးဆပ်လိုက်ရတာဖြစ်တယ်။ တကယ်တော့ ဒီအချိန်တွေမှာ ခင်ဗျား မိတ်ဆွေတစ်ယောက်နဲ့ စကားဝိုင်းဖွဲ့နေလို့ရတယ်… စာဖတ်နေလို့ရတယ်…၀င်ငွေရှာနေလို့ရတယ်… မိသားစုကို အချိန်ပေးနေလို့ရတယ်…အနားယူနေလို့ရတယ်…တရားထိုင်နေလို့ရတယ်….။

အခုတော့ ကျွန်တော်တို့အားလုံးဟာ … မိတ်ဆွေ၊ စာပေ၊ ၀င်ငွေ၊ မိသားစုဘ၀၊ အနားယူခြင်း နဲ့ နိဗ္ဗာန်ကို မရနိုင်တော့ဘူး။ ရေဘုံပိုင်မှာပဲ ဈေးကြီးပေးပြီးဝယ်ရတဲ့ရေကို စောင့်ခံနေရတော့တယ်။ အဲဒါကပဲ ဘ၀ ဖြစ်နေတော့တယ်။ ၀င်ငွေတို့ နိဗ္ဗာန်တို့အစား ဒေါသဆိုတဲ့ အဖျက်စိတ်တွေပဲ တပုံတပင်ရလာတော့တယ်။ အများကြီးနစ်နာပါတယ်။

၃)။ (ခ) အထက်ပါ အပိုဒ်သုံး (က) ထက်ပိုပြီး လူသိနည်းနိုင်တာကတော့ ကျွန်တော်တို့ ခင်ဗျားတို့ စိတ်တွေ ညစ်ထေးပြီး စွန်းထင်းပြီး ဘာလုပ်လုပ် မအောင်မြင်တော့တာ ဖြစ်တယ်။ နေ့စဉ် အဆင်မပြေမှု အသေးအဖွဲ့လေးတွေဟာ စုမိဆောင်းမိသွားရင် ဘာဖြစ်တတ်တယ်၊ ဘယ်လောက် အဖျက်အင်အားကြီးတယ် ဆိုတာကို ပညာရှင်တွေပိုသိပါတယ်။ ပညာရှင်မဟုတ်သူတွေကလည်း အဲဒါကို stress ဆိုတာလောက်တော့ လူတိုင်းသိပါတယ်။

နောက်တစ်ချက်က ဘာလုပ်လုပ် အဖျက်စိတ် ဒေါသစိတ်ကပဲ ခင်ဗျားမသိလိုက်ခင်မှာ ဦးဆောင်သွားတာဖြစ်တယ်။ လွယ်လွယ်ကူကူဖြေရှင်းနိုင်လောက်တဲ့ သားသမီးတွေရဲ့ ပြဿနာမှာတောင် ဘာမှ မညှိနှိုင်းတော့ဘူး။ "မင်းတို့ မနေချင်ဆင်းကွာ.. ဒီမှာ ရှာရဖွေရမလွယ်ရတဲ့အထဲ…" ဆိုတာမျိုးကနေ ပြိုကွဲသွားတဲ့ မိသားစုဘ၀တွေ ဘယ်လောက်ရှိခဲ့ပြီလဲ။ ဘယ်လောက်ဆက်ရှိဦးမှာလဲ။ ကျွန်တော်မသိဘူး။ (ကျွန်တော်တို့ဆီမှာ အလွှာပေါင်းစုံက လူတစ်ထောင်စီကို မေးခွန်း တစ်ရာစီမေးပြီး သုံးနှစ်စုဆောင်းထားတာ တို့ ဘာတို့ … ဆိုတဲ့ research တို့၊ data base တို့မှ အားမကောင်းသေးပဲ။)

၎)။ နောက်ထပ်နစ်နာတာတစ်ခုက "မင်းတို့ မကျေနပ်ရင် ဘာတွေ လျှောက်ပြောနေစရာလိုလဲ - ငါတို့ service မသုံးနဲ့ပေါ့"… လို့ တိုက်ရိုက်မပြောပေမယ့် ပြောသလိုအချိုး ချိုးခံရခြင်းပါပဲ။ ဒါဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ လူ့အဖြစ်တည်ရှိနေတဲ့ ဂုဏ်သိက္ခာကို မြေကြီးပေါ်အထိ ချနင်းစော်ကားလိုက်တာဖြစ်တယ်။ လမ်းဘေးက အုတ်နီခဲတစ်လုံးမှာတောင် အုတ်နီခဲရဲ့ ဂုဏ်သိက္ခာရှိသေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသူတိုင်း သည်စော်ကားမှုကို သတိပြုမိလောက်ပါတယ်။

တကယ်တော့ ၀န်ဆောင်မှုပေးသူတွေဟာ ပြည်သူ့အစေအပါးမျှသာဖြစ်တယ်။ ပြည်သူက သူတို့မအားလို့ လစာပေးပြီး မင်းတို့တော့ ဒါလုပ်ကြ-ဘယ်လောက်ယူဆိုပြီး ခိုင်းထားတာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲသည်လောက်တောင် နစ်နာပါတယ်ဆိုတာကို တချို့လည်း မျက်စေ့လည်နေကြတယ်။ (မျက်စေ့လည်လေ ဖိုးသူတော်ကြိုက်လေပေါ့ဗျာ) ပြည်သူက "ကဲ…ကဲ… ကောင်းအောင်မလုပ်နိုင်ရင် မင်းတို့မလုပ်ပါနဲ့တော့ကွယ်-တို့အဆင်ပြေအောင်လုပ်နိုင်မယ့် တခြားလူကိုပဲရှာတော့မယ်’’ လို့ ပြောခွင့်ရှိတယ်။ ဒါကိုပဲ "နောက်ထပ် ဒီရပ်ကွက်ထဲ ရေသည်အသစ်ရောက်လာပြီး ရေလာရောင်းလို့ကတော့ အသေပဲ..." ဆိုတာမျိုးတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဆက်ဆံမယ့်ဆဲဆဲမှာ မြင်နေရသေးတာ ကြားနေရသေးတာဟာဖြင့် အင်မတန် အံ့သြစရာပါပဲ။ ခေတ်ကြီးစံနစ်ကြီး ပြောင်းနေပြီဆိုတာတောင် တစ်ချို့က ကကြိုးကကွက် ပြောင်းရကောင်းမှန်းမသိဘူး။ အပြောင်းနောက်ကျရင် အကျနာတတ်တဲ့ ဖြစ်ရပ်တွေ တစ်ပုံကြီး လေ့လာစရာရှိပါလျက်ကယ်နဲ့ …။

၅)။ အဆိုးဆုံးကတော့ အခုလို ရေကျနှုန်း နှေးကွေးထားတဲ့အတွက် အသက်ဓါတ်ဖြစ်တဲ့ရေကို ဈေးကြီးပေးသည့်တိုင် ကျွန်တော်တို့ လုံလောက်အောင်မရတော့ဘူး။ ဒီခေတ်ကြီးဟာ information ဆိုတဲ့ရေကို ကို ၊ ပညာ ဆိုတဲ့ရေကို အငမ်းမရ ခပ်ယူ သောက်စို့နေကြရတဲ့ခေတ်ဖြစ်တယ်။ တစ်နာရီနောက်ကျရင်တောင် အများကြီး ခြေလှမ်းတွေနောက်ရောက်သွားတဲ့ခေတ်ဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာတောင် အဲသည်ဈေးကြီးပေးရတဲ့ ဘုံဘိုင်ကြီးက တစ်စက်ချင်း…တစ်စက်ချင်း။ Information နဲ့ business လုပ်ကိုင်ရမယ့်သူတွေ… ကမ္ဘာ့စွယ်စုံကျမ်းကြီးဟဲ့ဆိုပြီး အင်တာနက်ပေါ်မှာ ပညာရှာမယ့်လူငယ်တွေ…။ အားလပ်ချိန်ကလေးမှာ မိတ်ဆွေသူငယ်ချင်းချင်း သိမှုဖလှယ်ဖို့ ဆက်သွယ်ကြမယ့်သူတွေ…။ အားလုံး အားလုံးဟာ တဖြည်းဖြည်း ရေငတ်ပြီး သိမှုကြုံလှီလာမယ့် နစ်နာမှုကတော့ long term အတွက်ပါ တကယ့်ကို ဆိုးဝါးတဲ့ အချက်ပါပဲ။

ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံက ကလေးငယ်တွေတိုင်း အင်တာနက်သုံးနိုင်အောင် - အိုင်တီကို ဇတ်ကြိုးကိုင်နိုင်အောင်ဆိုပြီး နိုင်ငံကြီးတွေကစေတနာရှင်တွေက OLPC (One Laptop Per Child) program လိုဟာမျိုးကို ကြိုးစားအကောင်အထည်ဖေါ်နေချိန်မှာ ကျွန်တော်တို့ဆီကလူတွေက မစို့မပို့ဝင်ငွေကလေးတွေနဲ့ ကိုယ့်ဘာသာ ခြစ်ခြုတ်ဝယ်ထားတဲ့ ဟာကလေးတွေ သုံးတာတောင် ဖြောင့်ဖြောင့် မသုံးရဘူးဆိုတာ အရပ်ရပ်ကမှ ကြားလို့မတော်တဲ့ ကိစ္စဖြစ်ပါတယ်။

အထက်ပါစာကို တကယ့်စေတနာအရင်းနဲ့ ရေးတယ်။ ဘယ်သူ့ကိုမှ နစ်နာစေလို လို့မဟုတ်ဘူး။ ကာလ ဒေသနဲ့ ညီအောင် … ခေတ်နဲ့စံနစ်နဲ့ညီအောင် … နိုင်ငံတော်က သွားနေပါတယ်ဆိုတဲ့ ဒီမိုကရေစီ ပန်းတိုင်နဲ့ညီအောင် နောက်လိုက်နောက်ပါတွေက ကကြိုးကကွက်တွေ ပြောင်းသင့်ရင် ပြောင်းရတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။ အဲဒီလို ပြောင်းသင့်တာတွေပြောင်းမှသာ Win-Win Game ဆိုတဲ့ … ပါဝင်သူတိုင်း ပျော်ရွှင်စွာ အနိုင်ရနိုင်တဲ့ ကာလကြီးတစ်ခုဆီကို ကျွန်တော်တို့ စိတ်ကူးယဉ်နိုင်မှာဖြစ်ပါတယ်။ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ အားအပြည့် အင်အပြည့် စေတနာအပြည့်နဲ့ အလုပ်လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်လို့ကတော့ ယူတိုးပီးယားဟာ ယူတိုးပီးယားရဲ့ မူလအဓိပ္ပါယ်အတိုင်း အိပ်မက်ဆန်ဆန်ေ၀၀ါး ကွာလှမ်းပြီး ရွှေပြည်တော် မျှော်တိုင်းဝေး နေဦးမှာဖြစ်ပါတယ် …။ ။

-


Chann Nyein Htun
https://www.facebook.com/chann.nyeinhtun

ဒီနေ့ကာတွန်း

ဆင်ဖြူတော်နင်း၍ ဦးသိန်းစိန်သေဆုံး




Yangon Police

ရန်ကုန်၊ နိုဝင်ဘာ ၂

၂.၁၁.၂၀၁၃ရက်နေ့ ၀၈၅၅အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မဆင်ဖြူတော်ဝင်းရှိ ဆင်ဦးစီးတစ်ဦး အင်းစိန်ဆေးရုံသို့ ဆင်နင်းခံရ၍ ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဦးသိန်းစိန် (ဘ)ဦးကောင်းစံ(ဆင်ဦးစီး)၊ တိရိစ္ဆာန်ဥယျာဉ်ဝန်ထမ်းလိုင်း၊ ဗဟန်းမြို့နယ်နေသူဖြစ်ပြီး ၂.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန်မှစ၍ ဆင်ဖြူတော် ရာဇအဂ္ဂသီရိပစ္စယဂရောဇာ(စွယ်စုံအထီး)ဆင်အားသေဆုံသူဆင်ဦးစီးမှ ယဉ်ပါးအောင် ကြံကျွေး၍လမ်းလျှောက်
လေ့ကျင့်ပေးနေစဉ် ၀၇၃၀အချိန်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့်ထိုး၍ ဦးသိန်းစိန်တွင် ၀ဲဘက်ရင်အုံ ညိုမဲဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသဖြင့် အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇၄/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။



The First Media Group

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နအဖ) လက်ထက်က ဖမ်းဆီးရမိခဲ့တဲ့ ဆင်ဖြူတော်ကို မင်းဓမ္မဆင်ဖြူတော်ဝင်းမှာ ထားရှိစဉ် ယခုအခါ အဆိုပါ ရာဇအဂ္ဂသီရိပစ္စယကရောဇာ အမည်ဘွဲ့တံဆိပ်အပ်နှင်းခံရတဲ့ ဆင်ဖြူတော်မှ အစွယ်နဲ့ထိုးသတ်လို့ ဆင်ဖြူတော် ဆင်ဦးစီးသေဆုံးရှာ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်က ရခိုင်ရိုးမတစ်ကြောမှ ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့ ဆင်ဖြူတော်ကို အဆိုပါအစိုးရလက်ထက်မှာပဲ ရာဇအဂ္ဂသီရိပစ္စယဂရောဇာလို့ ဘွဲ့တံဆိပ်အပ်နှင်းပြီး ရန်ကုန်မြို့ မင်းဓမ္မလမ်းဆင်ဖြူတော်ဝင်းမှာ ဆင်တော်ထိန်း၊ ဆင်တော်ဥယျာဉ်အစရှိသဖြင့် ဆင်ဖြူတော်တို့ရဲ့ဂုဏ်အင်နဲ့ညီစွာ ထားရှိခဲ့တာလည်းဖြစ်ပါတယ်။ ၂-၁၁-၂၀၁၃ ရက်နေ့ ၀၈း၅၅ အချိန်မှာတော့ ဆင်ဖြူတော်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဆင်ဦးစီး ဦးသိန်းစိန် (ဘ) ဦးကောင်းစံကို အဆိုပါဆင်ဖြူတော်က ကြံကျွေးလမ်းလျှောက်လေ့ကျင့်ပေးစဉ်မှာပင် အစွယ်နဲ့ ထိုးသတ်ခဲ့လို့ ဆင်ဖြူတော်ဆင်ထိန်းသေဆုံးသွားတဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ Facebook စာမျက်နှာဖော်ပြချက်အရ သိရှိရပါတယ်။ ဖြစ်စဉ်ကတော့ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအေ၇ှ့ရပ်ကွက်။ မင်းဓမ္မဆင်ဖြူုတော်ဝင်းရှိ ဆင်ထိန်းတစ်ဦး အင်းစိန်ဆေးရုံသို့ ရောက်ရှိလာကြောင်း သတင်းအရ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ အဆိုပါ ဆင်ဖြူတော်ဆင်ဦးစီးဖြစ်သူ ဦးသိန်းစိန် (ဘ) ဦးကောင်းစံ (ဆင်ဦးစီး) ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းလိုင်း၊ ဗဟန်းမြို့နယ်နေသူဟာ ၀၆း၃၀ အချိန်မှာ အဆိုပါ ဆင်ဖြူတော်ကို ယဉ်ပါးအောင် ကြံအစာကျွေးခြင်း၊ လမ်းလျှောက်ပေးခြင်းပြုလုပ်စဉ်မှာပင် ဆင်ဖြူတော် ရာဇအဂ္ဂသီရိပစ္စယဂရောဇာဆင်ဖြူတော်ဟာ စိတ်ရိုင်းဝင်လာပြီး ဆင်ဦးစီးဦးသိန်းစိန်ကို အစွယ်နဲ့ထိုးသတ်လိုက်တဲ့အတွက် ၀ဲဘက်ရင်အုံ ညိုမည်းဒဏ်ရာတစ်ချက်ရရှိပြီး အင်းစိန်ဆေးရုံကို တင်ပို့ကုသစဉ်မှာပဲ သေဆုံးသွားကြောင်း သိရှိရတယ်လို့ အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ Facebook အဆိုအရ သိရှိရပါတယ်။ ယခုအခါ အဆိုပါ ဖြစ်စဉ်ဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ် ၇၄/၂၀၁၃ ဖြင့် အမှုရေးဖွင့်စုံစမ်းလျက်ရှိကြောင်းသိရှိရပါတယ်။

နေပြည်တော် မီးအလှဆင်ရန် သိန်းပေါင်း သောင်းချီ လွှတ်တော်တွင် တောင်း

ဖွဲ့စည်းပုံကို မပြုပြင်ကြရန် ဦးသန်းရွှေမှ အရေးပေါ်ညွှန်ကြား



Hawdeka Khalaylay

လူထုမှ တိုက်ရိုက်ရွေးချယ်သောသမ္မတစနစ် ပုံစံ အထိ ဖွဲ့စည်းပုံကို မပြုပြင်ကြရန် ဦးသန်းရွှေမှ အရေးပေါ်ညွှန်ကြား
================================================================
(နေပြည်တော် အရေးပေါ်သတင်း)

လူထုမှ တိုက်ရိုက်ရွေးချယ်သောသမ္မတစနစ် ပုံစံ အထိ ဖွဲ့စည်းပုံကို မပြုပြင်ကြရန် ဦးသန်းရွှေမှ အရေးပေါ်ညွှန်ကြားလိုက်သည်ဟု သတင်းရရှိသည် ၊

ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်မှ ပြန်ရောက်လာချိန်နှင့် တိုက်ဆိုင်စွာ ဦးသန်းရွှေ မှ သူ့လူဟောင်းများအပေါ် အရေးပေါ် အမိန့်တစ်ခု ထုတ်ပြန်လိုက်ခြင်းဖြစ်သည် ၊

ကံဇာတာနိမ့်ပြီး ကျန်းမာရေး ချို့ယွင်းနေသည်ဟု သတင်းများထွက်ပေါ်နေသည့်ကြားမှ ယခုလိုသတင်းမျိုးထွက်လာခြင်းဖြစ်သည် ၊

အများသဘောတူ ဆုံးဖြတ်ချက်များကို တစ်ဦးတည်းသဘောနှင့် ကြိုက်သလိုပြင်ဆင်တတ်သော ဦးသန်းရွှေကို သူ့လူဟောင်းများက ငြီးငွေ့စပြုလာပြီဖြစ်သည် ၊

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဗုံးများ ဆက်တိုက်ပေါက်သည့်သတင်းများ ကို အာရုံလွှဲရန် ဒီပဲရင်းအဖြစ်အပျက်တွင် ဦးအောင်သောင်းက အနီးကပ်ဦးဆောင်ခဲ့သည်ဟုလည်းကောင်း ၊ တရုတ်၁၀၀အုပ်စုတွင် ဦးအိုက်ထွန်းမှ ဦးစီးဆောင်ရွက်နေသည်ဟု

လည်းကောင်း ၊ သတင်းများထွက်ပေါ်လာခဲ့သေးသည် ၊

အတွင်းသတင်းများအရ အဆိုပါသတင်း ၂ ခုသည် ဦးသန်းရွှေ မိသားစု အသိုင်းအဝိုင်းမှ ထွက်လာသော သတင်းများ ဖြစ်သည်ဟု သိရသည် ၊

ဦးသန်းရွှေသည် သူနှင့် သူ့မိသားစု လုံခြုံရေးအတွက်ဆိုလျှင် တပည့်သားမြေး မည်သူ့ကိုမဆို ထိုးကျွေးရန်အသင့်ရှိသူ ဟု အနီးကပ်နေသူများက သုံးသပ်ကြသည် ၊

ယခုလည်း ဟိုမရောက် ဒီမရောက် သမ္မတရွေးချယ်သည့်ပုံစံကို အတင်းဆက်လက် အတည်ပြုရန် ဖိအားပေးနေသည် ၊

ဒီရက်ပိုင်းအတွင်း အငြိမ်းစာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်အပေါ် နေပြည်တော်တွင်း ပျံ့နှံ့နေသော ဗီဒိယို အခွေနှင့်ပတ်သတ်၍ ဒေါ်ကြိုင်ကြိုင်မှ ဖိအားပေး ဆောင်ရွက်ရန် စီစဉ်နေသော သတင်းများလည်း ထွက်ပေါ်နေသည် ၊
(နေပြည်တော် သတင်းရပ်ဝန်းမှ ရရှိသော အရေးပေါ်သတင်းဖြစ်သည်)

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ဓါတ်ပုံ ကိုဆန်နီ