Wednesday, January 29, 2014

နေစရာအိမ်မရှိသူများနှင့် သွားစရာနေရာမရှိတော့သည့် လူဦးရေတစ်ရာကျော်



ဓာတ်ပုံ- ကျော်ဇင်သန်း
-------------
ရေးသားသူ- ငြိမ်းချမ်း
7Day

နေစရာမရှိ အနာဂတ်မရှိ

နေစရာအိမ်မရှိသူများနှင့် သွားစရာနေရာမရှိတော့သည့် လူဦးရေတစ်ရာကျော်သည် ချောင်းပတ်လမ်းရှိ ကွန်ကရစ်လမ်းပေါ်တွင် အသေးစားယာယီတဲများထိုးကာ နေထိုင်နေသည်။

ထိုတဲများဘေးတွင်ရှိသည့် စွန့်ပစ်အမှိုက်ပုံများပေါ်တွင် ကလေးငယ်များက ပျော်မြူးစွာဆော့ကစားနေပြီး လူကြီးများကတော့ အရုပ်ကြိုးပြတ်ထိုင်နေကြသည်။ ထိုမြင်ကွင်းသည် ဇန်န၀ါရီ ၂၂ ရက်က လှိုင်သာယာမြို့နယ် အမှတ် ၁၅ ရပ်ကွက် ချောင်းပတ်လမ်းဘေးရှိ ကျူးကျော်တဲတစ်ထောင်ဝန်းကျင်ကို အာဏာပိုင်များက ဖယ်ရှားပြီးနောက် ဇန်န၀ါရီ ၂၆ ရက် နံနက်ခင်းက တွေ့ခဲ့ရသည့် မြင်ကွင်းဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ တွေးထားတယ်”ဟု ယခင်က လှိုင်သာယာမြို့နယ်တွင် အိမ်ငှားနေရာမှဆင်းလာပြီး ပိုက်ဆံခြောက်သောင်းအကုန်အကျခံကာ ကျူးကျော်တဲထိုးနေထိုင်ခဲ့၍ အာဏာပိုင်များ၏ ဖယ်ရှားခံရမှုကြောင့် ဆက်နေချင်စိတ်မရှိတော့သည့်အကြောင်းကို ဒေါ်အုံးရင်ကငိုရင်းပြောသည်။

၎င်းကျူးကျော်သမားများ၏ နေထိုင်ရေးသည် နည်းလမ်းကုန်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ စည်ပင်ပိုင်မြေနေရာနှင့် အိုးအိမ်ပိုင်မြေနေရာများတွင် ၎င်းတို့ကို ၀င်ရောက်နေထိုင်ခွင့်မပြု။ ရန်ကုန်မြို့၏ အိမ်ငှားသူများနှင့် အခန်းငှားသူများက ကျူးကျော်သမားများကို လုံးဝလက်မခံ။ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်များကလည်း ၎င်းတို့ကို လာရောက်နေထိုင်ခြင်းမပြုလုပ်ရန် ငြင်းဆန်ထားသည်။ ၎င်းတို့လက်ရှိနေထိုင်သည့် ချောင်းပတ်လမ်းနေရာတွင်လည်း အမြန်ဆုံးဖယ်ရှားပေးရန် အာဏာပိုင်များက အမိန့်စာထုတ်ထားပြန်သည်။

ဇန်န၀ါရီ ၂၂ ရက်က တဲများဖယ်ရှားခံရမှုကြောင့် သွားစရာနေရာမရှိသည့် အိမ်ထောင်စု ၅၂ စုမှ လူဦးရေ ၁၀၉ ဦးရှိသည်။ ကလေးငယ် ၂၀ ၀န်းကျင်နှင့် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်လေးဦးရှိနေသည်။ တဲများဖယ်ရှားခံရမှုကြောင့် ယခုလက်ရှိ ပြောင်းရွှေ့နေထိုင်သော ချောင်းပတ်လမ်းနေရာသည် သာမန်လူတစ်နာရီထက်ပိုမနေနိုင်သော နေရာဖြစ်ပြီး အမှိုက်ပုံများ၏အနံ့ကြောင့် နံစော်နေသည်။

“ဒီနေရာလေးမှာရရင် နေချင်ပါသေးတယ်။ ကလေးတွေကလည်း ကျောင်းမပြီးသေးဘူး။ ဒီနေရာကနေ ပြောင်းပေးရမယ်ဆိုရင် ဘယ်နေရာကို ပြောင်းရမယ်မှန်းမသိသေးဘူး။ နေစရာအတွက် လမ်းဆုံးဖြစ်နေပြီ”ဟု နာဂစ်မုန်တိုင်းဒဏ် ရိုက်ခတ်ခံရပြီးနောက်တွင် ဖျာပုံမြို့နယ်၊ ကျုံးကတွတ်ကျေးရွာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး ကျပန်းလုပ်ကိုင်နေသည့် ဒေါ်ရီဝင်းက သူကလေးငယ်များ၏ အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စွာပြောသည်။

ကျူးကျော်သမားများသည် ၎င်းတို့သားသမီးများ၏ အနာဂတ်အတွက် စိတ်ပူနေပြီး လက်ရှိ ရှိနေသော ကလေးငယ် ၂၀ ထဲမှ အနာဂတ်တွင် ပညာတတ်များဖြစ်လာနိုင်သူများ ရှိနိုင်သည်ဟု ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ ဦးတင်ဝင်းကဆိုသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်တဲဝင်ရောက်ထိုးသူများကတော့ ဧရာဝတီတိုင်းဒေသကြီးမှ အများစုဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဘ၀ပျက်ကာ အလုပ်ရရှိရန်အတွက် ရန်ကုန်မြို့သို့တက်လာကြောင်း ၎င်းတို့ကဆိုသည်။ ရန်ကုန်မြို့တွင် စက်ရုံလုပ်သား၊ ပန်းရန်၊ ကျပန်း စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော် ယခုအခါ စက်ရုံအလုပ်ရုံများနှင့် အခြားအလုပ်စေခိုင်းသူများက ကျူးကျော်သမားများကို အလုပ်စေခိုင်းခြင်းမရှိတော့ကြောင်း ၎င်းတို့ကဆိုသည်။

“အခုဆို ကျွန်မတို့ရဲ့သားတွေသမီးတွေကို ကျူးကျော်ဆိုပြီး ဘယ်သူမှအလုပ်မခိုင်းတော့ဘူး။ နေစရာကမရှိဘူးဆိုမှ အလုပ်ကမရှိတော့ ပိုဆိုးတာပေါ့”ဟု မိသားစုဝင်ရှစ်ဦးရှိသည့် ဒေါ်အုံးရင်က ၎င်းမိသားစု၏ လက်ကျန်တစ်ထောင်တန်တစ်ရွက်ကိုင်ကာ နေ့လယ်စာအတွက်စီစဉ်ရင်း ပြောသည်။

ကျူးကျော်တဲဆောက်လုပ်ရာတွင် တဲတစ်လုံး ကျပ်ခြောက်သောင်းဝန်းကျင်ကုန်ကျပြီး မိသားစုတွင် ရှိသမျှပိုက်ဆံဖြင့် စုဆောင်း၍ တဲဆောက်ခြင်းဖြစ်သည်။ ကျူးကျော်သမားများသည် နာမည်ပျက်နေခြင်းနှင့် မိသားစုဝင်ကလေးများနေခြင်းကြောင့် ၎င်းတို့ကို ရပ်ကွက်အတွင်း၌ အခန်းငှား၊ အိမ်ငှားခြင်းမပြုပေ။

ရန်ကုန်မြို့အတွင်း ကျူးကျော်တဲများ ၀င်ရောက်ထိုးသူများအနက် နေစရာအိမ်မရှိသည့် တဲထိုးသူများနောက်တွင် နေစရာအိမ်ရှိပြီး မြေတစ်ကွက်ရရှိရန် တဲထိုးသော အခွင့်အရေးသမားအများစု လာရောက်နေရာယူမှုကြောင့် ကျူးကျော်တဲများ များပြားလာခြင်းဖြစ်ကြောင်း ချောင်းပတ်လမ်းဘေးတွင် ယာယီတဲထိုးနေထိုင်သည့် ကျူးကျော်များကဆိုသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင်ပင် ကျူးကျော်တဲများ ၀င်ရောက်နေရာယူသည့် နေရာ ၁၀ ခု ထက်မနည်းရှိပြီး ၎င်းတို့အားလုံးကို အကုန်ဖယ်ရှားမည်ဟု အာဏာပိုင်များက ပြောဆိုထားသည်။ ဇန်န၀ါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ပန်းလှိုင်တံတားအနီးနှင့် တွံတေးမြို့သို့သွားသော လမ်းဘေးရှိ ကျူးကျော်တဲ ၅၀၀၀ ကျော်ကို အာဏာပိုင်များက စတင်ဖယ်ရှားခဲ့သည်။

ဇန်န၀ါရီ ၂၀ ရက်တွင် မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေး တောပေါင်းကျိုးအနီးရှိ ကျူးကျော်တဲ ၇၀ ကို ထပ်မံဖယ်ရှားခဲ့ပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ နေရာနှစ်ခုတွင် ဆက်တိုက်ဖယ်ရှားခဲ့သည်။

နိုင်ငံတော်၏ စီမံကိန်းနယ်မြေများနှင့် နီးစပ်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူနေချိန်တွင် သက်ဆိုင်ရာမြို့နယ်များ၏ မြို့အင်္ဂါရပ်နှင့်ညီစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများမှ ကျူးကျော်များကို စတင်ဖယ်ရှားရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အပါအ၀င် ဒေသဆိုင်ရာအာဏာပိုင်များနှင့်ပူးပေါင်းပြီး အင်အားသုံးဖြေရှင်းရန် စီစဉ်နေရခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ဇန်န၀ါရီ ၂၂ ရက်တွင် ပြောသည်။

ကျူးကျော်များကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးအစားလေးမျိုး ခွဲခြားလေ့ရှိသည်။ ပထမအမျိုးအစားသည် အစစ်အမှန်ကျူး (Real squatter) ဖြစ်ပြီး ဒုတိယအမျိုးအစားသည် ကျူးမြေကို အရင်ရောက်ပြီး နောင်မှရောက်ရှိလာသူများကို ပြန်ငှားစားသည့် အိမ်ငှားကျူး (Landlord squatter) ဖြစ်သည်။ တတိယအမျိုးအစားမှာ စီးပွားဖြစ်ကျူး (Professional squatter) ဖြစ်ပြီး စတုတ္ထအမျိုးအစားသည် မင်းမဲ့စရိုက်ကျူး (Anarchistic squatter) ဖြစ်သည်ဟု စာရေးဆရာမြင့်မိုရ်ဆွေ ရေးသားထားသည့် စီးပွားရေးမြို့တော်လော၊ ကျူးမြို့တော်လော ဆောင်းပါးတွင် ဖော်ပြထားသည်။

ပထမအမျိုးအစားသည် မြို့ပြဒေသရှိ အလွန်ဆင်းရဲနွမ်းပါးသည့် မိသားစုများနှင့် အလုပ်အကိုင်ကို အကြောင်းပြုပြီး ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ခိုဝင်လာသူများပါဝင်သည်။ ရန်ကုန်မြို့တွင်ရှိသော ကျူးကျော်နေထိုင်သူများမှာ ယခင်က ပထမအမျိုးအစားကျူးများသာ အများစုဖြစ်နေရာ ၂၀၁၃ နှစ်ဆန်းမှစပြီး စတုတ္ထအမျိုးအစား မင်းမဲ့စရိုက်ကျူးများ နေရာအနှံ့မှာ အလုံးအရင်းမင်းမူလာကြောင်း အဆိုပါဆောင်းပါးတွင်ဖော်ပြထားသည်။

သက်ဆိုင်ရာအာဏာပိုင်များသည် ကျူးကျော်တဲများကို ဖယ်ရှားရန်သာ ပြုလုပ်နေကြပြီး ဖယ်ရှားခံကျူးများအား ပြန်လည်နေရာချထားပေးရန်အတွက် လုပ်ဆောင်ခြင်းမျိုး မရှိသေးပေ။

ရန်ကုန်မြို့တွင် နေထိုင်စရိတ်ကြီးမားလာမှုကြောင့် အိုးမဲ့အိမ်မဲ့များအပေါ် ယနေ့အထိ နေထိုင်စရာ မပေးနိုင်သည်မှာ ပေါ်လွင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်စိုးကသုံးသပ်သည်။

“သူတို့ကိုနေဖို့ အစိုးရကပေးရမှာ။ ဒါဆိုရင် ဒီပြဿနာ ဖြစ်လာစရာမရှိဘူး”ဟု ဦးစိုးမြင့်ကပြောသည်။

“နေစရာမရှိတိုင်း နေလို့မရဘူး။ ဥပဒေဘောင်အတွင်းကပဲ နေရမယ်။ နေလို့မရမှန်းသိရက်နဲ့ လာနေကြတာ”ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးထိန်စိုးကပြောသည်။

“ကျူးတွေနဲ့ပတ်သက်ပြီးတင်ပြဖို့ အစီအစဉ်မရှိဘူး။ ဒီကိစ္စက သံသရာဆုံးမှာမဟုတ်ဘူး။ စီးပွားရေးသမားတွေပါနေတာ တွေ့ရတယ်။ ဒီလူတွေကို နေရာပေးရင်လည်း နောက်ထပ် ထပ်ကျူးနေဦးမှာပဲ”ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်းကပြောသည်။

ဇန်န၀ါရီ ၂၂ ရက် နံနက်တွင် ၎င်း၏တဲဖယ်ရှားခံရမည်ကို ကြိုတင်သိနေသော ဒေါ်အုံးရင်သည် ထိုည လင်းအားကြီးအချိန်တွင် အာဏာပိုင်များက အင်အား ၂၀၀၀ ကျော်ဖြင့် တဲများဖျက်ဆီးသွားခဲ့သည်ကို မည်သို့မျှတားဆီးနိုင်ခြင်းမရှိဘဲ ထိုင်ကြည့်နေခဲ့ရသည့် မြင်ကွင်းကို အမြဲပြန်မြင်ယောင်နေသည်ဟု ဒေါ်အုံးရင်ကဆိုသည်။

ကျူးကျော်တဲများကို ဖယ်ရှားရုံမျှဖြင့် ကျူးကျော်ပြဿနာ အဖြေထွက်လာမည်မဟုတ်ပေ။ အိမ်ရာမဲ့ဖြစ်နေသည့်ကျူးများမှာ အခြားနေရာလွတ်များကိုရှာဖွေ၍ ဆက်လက်နေထိုင်ကြဦးမည်သာ ဖြစ်သည်။

“ဒီလိုပဲ လွတ်တဲ့နေရာတွေ လိုက်ရှာဦးမှာပဲ”ဟု ဒေါ်အုံးရင်ကပြောသည်။

လက်ရှိ အိမ်ရာမဲ့ဖြစ်နေသော ကျူးများသည် ၎င်းတို့၏ စွန့်ခွာလာသောဇာတိမြေသို့ ပြန်လည်ဝင်ရောက်ရန် ရှက်မိသည့်အတွက် ပြန်မသွားလိုကြောင်း ပြောဆိုသည်။

“ရေလုပ်ငန်းလည်း ပြန်မလုပ်ချင်တော့ဘူး။ ပြန်လုပ်ဖို့ရာလည်း နာဂစ်မှာ အကုန်ပါသွားလို့ မရှိတော့ပါဘူး”ဟု ဧရာဝတီတိုင်းမှ လာရောက်နေထိုင်သူ ဒေါ်ရီဝင်းကပြောသည်။

0 အကြံပြုခြင်း: