Friday, January 24, 2014

ငါရိုက်တဲ့ပုံက အမေစု ပြုံးနေတာ နဲ့ကွက်တိ


(Ko Nay Myo)

လမ်းတစ်လျှောက်က လူထုတွေဟာ “အမေစု… အမေစု..” ဆိုပြီး တသသနဲ့ ဖြစ် ကျန်စေခဲ့ ပါတယ်…။ ညနေက ညဈေးကိုရောက်ဖြစ်ခဲ့တယ်…။

အလုပ်သမား တစ်ယောက်က အော်ကြီးဟစ်ကျယ် နဲ့
“ဟ..ဟား… ငါ အမေစု ဆိုပြီး လှမ်းခေါ်လိုက်တာ… အမေစုကြားတယ်ကွ…၊ ငါ့ဖက်ကိုလှည့်ပြီး လက်ပြခဲ့တယ်….၊ ပျော်လိုက်တာကွာ…” ဆိုပြီး သူ့သူငယ်ချင်းတွေကိုကြွားနေလေရဲ့…။

ကိုယ်စီကိုယ်စီတွေဟာ သူတို့တွေရဲ့ အမိအရ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အချင်းချင်းကြွား ရင်း ဝေမျှနေကြလေရဲ့….။

“ငါရိုက်တဲ့ပုံက အမေစု ပြုံးနေတာ နဲ့ကွက်တိ…”

“ငါရိုက်လိုက်တဲ့ပုံက အမေစု မျက်စိပိတ်နေတယ်ဟာ…၊ နင့်ပုံငါ့ကိုပို့ပါဦး….”

ဈေးသည် အဒေါ်ကြီးတစ်ယောက်က “အေးဟယ်…၊ သူတို့တွေ $ကျင့်ယုတ်တာတဲ့…၊ နမ့်စန်လေယာဉ်ကွင်း ကို ပေးမဆင်းလို့ ဟဲဟိုး ကနေ ၄ ၅ နာရီလောက် ကားစီးသွားရတာတဲ့…၊ သနား ပါတယ်ဟယ်..၊ ခရီးပန်းရှာမပေါ့….” တဲ့…။

နောက်တစ်ယောက်က “အပြန်ကျရင် မီးပုံးပျံကွင်းမှာ တောင်ကြီး လူထုတွေ နဲ့ တွေ့ဆုံ မိန့်ခွန်းပြောမယ့်ဟာကို ကွင်းကို တပ်က ခွင့်မပြုလို့တဲ့…၊ ယုတ်မာလိုက်တာ…”

“အိုး.. ခွင့်မပြုလည်း မိန်းလမ်းမှာပြောကွာ…၊ တို့ဈေးထိပ်မှာလာပြော..၊ ဗိုလ်ချုပ် ပန်းခြံမှာ ပြော.. တို့ သွားနားထောင်မယ်…၊ သူတို့ခွင့်ပြုမှ ရမှာမို့လား….”

ဆိုင်ကယ်တွေကိုယ်စီနဲ့ ကလေးတွေ..၊ ခွပ်ဒေါင်းအလံတလွှင့်လွှင့် နဲ့….။ ဟိုတစ်စု ဒီတစ်စု လူအုပ်စုတွေ အလျှိုလျှို ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုပြီး ပြန်လာနေကြလေရဲ့…။ သူတို့တွေရဲ့ ပါးစပ်ဖျားမှာလည်း အမေစု… အမေစု… နဲ့… ပြောမဆုံး ပျော်မဆုံး ဖြစ်နေကြလေရဲ့….။

0 အကြံပြုခြင်း: