Thursday, January 9, 2014

ပုဒ်မ ၅၉ (စ)ကို မပြင်ပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ .....။


Phoe Wunna

မတူပီမြို့ ကချင်းတိုင်းရင်းသားတစ်ဦးရဲ့ အမေး
=========================
ပုဒ်မ ၅၉ (စ) ဆိုတာ ရှင်းရှင်းလေးပြောရင် (ရယ်လျက်) ကျမကို ဦးတည်ရေးဆွဲထားတာပါ။
အမျိုးသမီးတစ်ယောက်ကို ဦးတည်ပြီး အခြေခံဥပဒေမှာ ထည့်ဆွဲတယ်ဆိုတာ ရေးဆွဲခဲ့တဲ့ အမျိုးသားကြီးတွေ အတော်ကို ရှက်ဖို့ကောင်းပါတယ်။ မပြင်ရင်ဘယ်လို လုပ်မလဲဆိုတော့ ပြင်အောင်ကိုလုပ်ရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒါကိုမပြင်နိုင်ရင် ကျမတို့ ဥပဒေကြီးက ရှက်စရာကောင်းနေမှာမို့လေ။

(ဒေါ်အောင်ဆန်းစုကြည်)

“ တွေ့ဆုံဆွေးနွေးရေးအတွက် အချက်ပေးခေါင်းလောင်းသံ ”




စည်သူအောင်မြင့်
The Ladies ဂျာနယ်၊ ၁၂-၁-၁၄ ထုတ်၊ စာ- ၂၃။

 ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့လည် မဟာဗန္ဓုလ ပန်းခြံအနားမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပါဝင်တဲ့ လူပေါင်း ၂၀၀၀ ကျော်လောက်ဟာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ ဦးဆောင်ပြီး လူ့အခွင့်အရေးနဲ့ မညီတဲ့ ဥပဒေ တွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတစ်ရပ် ကျင်းပခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း လက်ရှိ ကာလဟာ မြန်မာ့နိုင်ငံရေး နယ်ပယ်မှာ အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးငြင်းခုံနေကြတဲ့ အချိန်၊ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ တိုင်းပြည်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားနေချိန်၊ ဒါကို သမ္မတ ဘက်က (ယာယီဖြစ်စေ) ငြင်းပယ်ထားချိန် လည်းဖြစ်နေပါတယ်။ အဲဒီ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မင်းကိုနိုင် ကိုကိုကြီးတို့ ဦးဆောင်တဲ့ ဆန္ဒပြပွဲကြီးဟာ ဖွဲ့စည်းပုံပြင်ရေးကို ဘယ်လို သက်ရောက်မလဲ၊ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားမှုကို ဘယ်လို ရိုက်ခတ်မှု ရှိမလဲ၊ မြန်မာ့နိုင်ငံရေး အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိစေမလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။ တကယ်တော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ခုလို လမ်းပေါ်ထွက် ဆန္ဒပြတာ ဒါ (၇) နှစ်အတွင်း ပထမ ဦးဆုံးအကြိမ်ပါ။ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အားလုံးလိုလိုလောက်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင် လောင်စာဆီဈေးနှုန်း မြင့်တက်မှု ဆန္ဒပြပွဲတွေကို ဦးဆောင်အပြီး ဖမ်းဆီးထိမ်းသိမ်းခံခဲ့ကြရတာပါ။ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးတာ ခံရပြီး အစိုးရက ဦးဆောင်ပြုလုပ်နေတဲ့ နိုင်ငံရေး ဖြေလျော့မှုနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်၊ ပါဝင်လို့ရသမျှ လုပ်ငန်းဆောင်တာတွေမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း လုပ်ကိုင်တာတွေတောင် ရှိခဲ့ပါတယ်။ အခု တိုင်းပြည်မှာ လိုအပ်တယ် ထင်လို့ လမ်းပေါ်ထွက် ဆန္ဒပြပွဲကြီးတစ်ခု လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတာ ၃ နှစ်နီးပါး ကြာလာပြီ ဖြစ်ပေမယ့် ပြည်သူတွေဟာ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ မရသေးဘူး၊ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေ တွေရှိနေသေးတယ်၊ ဒါတွေ ပယ်ဖျက်ပေးဖို့ လိုတယ် ဆိုတာက ဆန္ဒပြရတဲ့ တိုက်ရိုက် ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါတင်မက လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းတွေက လွှတ်တော်၊ အစိုးရအဖွဲ့တွေကနေ တဆင့် အကောင်အထည် ဖော်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဟာ တကယ့်တကယ် ပြည်သူတွေ လိုလားနေတဲ့ အနေအထား တစ်ခုစီ သွားလိုစိတ် ရှိမရှိ၊ သွားလိုစိတ် မရှိဘူးဆိုရင် ပြည်သူတွေအနေနဲ့ လွှတ်တော်ပြင်ပ လမ်းကြောင်းကနေ သွားဖို့လည်း အသင့်ရှိတယ် ဆိုတာကို သွယ်ဝိုက်ပြီုး ပြသ လိုက်တဲ့ ပွဲတစ်ခုလို့လည်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆန္ဒပြပွဲပုံရိပ် မီဒီယာတွေမှာတော့ ကြီးမားခဲ့ပါတယ်။ ဆဲဗင်းဒေး၊ မဇ္ဈိမ၊ သည်ဗွိုက်စ်၊ ရန်ကုန်တိုင်းမ်၊ မြန်မာပို့စ် နဲ့ တနင်္လာနေ့ထုတ် သတင်းစာ ဂျာနယ် အားလုံးလိုလို (weekly eleven ဂျာနယ် မပါ) လောက်မှာ မျက်နှာဖုံး သတင်း ဖော်ပြပါတယ်။ မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ ပြည်ပ ရေဒီယို အသံလွှင့်ဌာန အားလုံး ဒီသတင်း ဖော်ပြခဲ့ကြသလို၊ DVB, စကိုင်းနက် up to date စတဲ့ ရုပ်သံ မီဒီယာ သတင်းဌာနကလည်း သတင်း အပြည့်အစုံ ဖော်ပြခဲ့ကြပါတယ်။ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဒီဆန္ဒပြပွဲနဲ့ ပါတ်သက်ပြီး ဥပဒေ စည်းကမ်းနဲ့အညီ ပြကြတယ်၊ တပ်မတော်ကို ထိပါးပုတ်ခတ်တာမျိုး မလုပ်ဘူး၊ အတုယူသင့်တယ် စသဖြင့် ချီးကျူးစကား ပြောပေမယ့် အစိုးရပိုင် သတင်းစာတွေမှာတော့ ဒီ သတင်း မဖော်ပြပါဘူး။ လက်ရှိ ၈၈ မျိုးဆက်တွေခေါင်းဆောင်တဲ့ ဒီ ဆန္ဒပြပွဲ လုပ်တဲ့ အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်က သူ၊ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆိုထားချိန်လည်း ဖြစ်ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က တုန့်ပြန်မှုကတော့ အားရစရာ မကောင်းရုံမက စိုးရိမ်ဖို့တောင် ကောင်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် ပေါ်ထွက်ပြီးပြီးချင်းမှာပဲ သမ္မတ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်ကို ကျော်လုပ်သလို ဖြစ်မယ်၊ လွှတ်တော်ရလာဒ် ကြည့်ပါဦး ဆိုပြီး ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါဟာ တွေ့ဆုံဆွေးနွေးရေး မလုပ်လိုခြင်းပဲ ဆိုပြီး တုန့်ပြန်ပါတယ်။ နောက် သိပ်မကြာပါဘူး၊ သမ္မတရဲ့ ဧရာဝတီတိုင်း ခရီးစဉ် တစ်ခုမှာ ပိုပြီးပြင်းထန်တဲ့ စကား ထွက်လာပါတယ်။ “မိမိတို့ လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်မှု အားနည်းခဲ့သည့်အတွက် လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် စတင်ပြီး အကွဲအပြဲများ ပေါ်ပေါက်ခဲ့ ရသည်ကို တွေ့နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ အခြားသူများ၏ အောင်မြင်မှုကို အသိအမှတ်မပြုလိုခြင်း၊ ဘုံအကျိုး စီးပွားအပေါ်တွင် ပူးပေါင်း ဆောင်ရွက်ရမည့်အစား ကိုယ်ကျိုးစီးပွားများကို ဦးစားပေးခြင်း စသည့်စိတ်ဓာတ်များကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်ကြောင်း၊ ” ဆိုတဲ့ စကားပါ။ အခုနောက်ဆုံး နှစ်သစ်ကူး မိန့်ခွန်းမှာလည်း “အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေး ဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေ ရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံရေး ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်။ ” ဆိုတဲ့ သတိပေးချက် ထည့်သွင်း ပြောဆိုသွားပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကတော့ နှုတ်ဆိတ်နေပါတယ်။ ပြောရရင် ဒီလို အခြေအနေမျိုးဟာ သိပ်ပြီး ကောင်းမွန်တဲ့ နိုင်ငံရေး ရာသီဥတုမျိုးတော့ မဟုတ်ပါဘူး။ ပြောရရင် လက်ရှိ အရေးကြီးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာ အတော်လေး သိမ်မွေ့ပါတယ်။ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ အရင် စစ်အာဏာရှင်တွေဟာ စစ်ဘုရင်မင်းဆက်တစ်ခု တည်ဆောက်နိုင်အောင် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အသေအခြာ ဆွဲထားခဲ့တာပါ။ တိုင်းပြည်ကို အာဏာအလွန်ကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတ တာဝန်ယူတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက် ပူးတွဲ အုပ်ချုပ်နိုင်မယ့် စနစ် ဖန်တီးထားတာပါ။ ဒါနဲ့ ပါတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဘက်က အဓိက ကျတဲ့ စစ်ဘုရင်မင်းဆက် စနစ် ကျင့်သုံးဖို့ အခြေအနေ ဖန်တီးပေးထားတဲ့ ပုဒ်မ ၆၀ ကိုပြင်ဖို့ သူတို့ပါတီရဲ့ အကြံပြုချက်ထဲမှာ ထည့်သွင်းမထားပါဘူး။ အဲဒီ ပုဒ်မဟာ နိုင်ငံအကြီးအကဲ လို့နာမည်တပ်ထားတဲ့ သမ္မတ ကို ဒုသမ္မတ (၃) ယောက်ထဲကနေ ရွေးချယ်တဲ့ဆီမှာ ပြည်သူတွေ ရွေးလိုက်တဲ့ အမတ် ၄၉၈ ယောက်နဲ့ ကာကွယ်ရေးဦးစီးချုပ်က နာမည်စာရင်းပေးခန့်ထားတဲ့ တပ်မတော်သား အမတ် ၁၆၆ ပူးပေါင်း ရွေးချယ်မှာမို့ ဖြစ်ပါတယ်။ ပြောရရင် အဲဒီ ပုဒ်မကို မပြင်ရင် သမ္မတ ကို ပြည်သူတွေ သဘောဆန္ဒ၊ ဒါမှမဟုတ် ပြည်သူတွေက ရွေးကောက်လိုက်တဲ့ အမတ်တွေရဲ့ သဘောဆန္ဒနဲ့ မတင်မြှောက်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ ဘက်ကတော့ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီတဲ့ အချက်ပေါင်း ၁၆၀ ကျော် ပြင်ချင်တယ်လို့ အဆိုပြုထားပါတယ်။ ပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာ အလွန်သိမ်မွေ့ပါတယ်။ လွှတ်တော်ကော်မတီထဲမှာ ဆွေးနွေးမယ် ဆိုပေမယ့် တကယ့်တကယ် အင်အားစု အသီးသီးရဲ့ လိုအင်ဆန္ဒတွေ အနီးစပ်ဆုံးဖြစ်အောင် ဆွေးနွေးနိုင်ကြမှာ မဟုတ်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ဒေါ်အောင်ဆန်းစုကြည် တင်ပြတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးပါ။ အဲဒီ ဆွေးနွေးပွဲကနေ တဆင့် အင်အားစု တစ်ခုစီရဲ့ လိုအပ်ချက်ကို အင်အားစု တစ်ခုက နားထောင် အပြန်အလှန် ညှိနှိုင်းပြီး မှသာ ဖွဲ့စည်းပုံ ပြင်ရေး အဆင်ပြေမှာပါ။ ခုတော့ သမ္မတ နဲ့ စစ်တပ်ဘက်က အရင် စစ်အစိုးရ ခေတ်အဆက်ဆက်တုန်းကအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းတဲ့ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ထားဆဲ ဖြစ်ပါတယ်။ သမ္မတ ဟာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်၊ ဒီမိုကရေစီ ကျင့်စဉ် စတာတွေကို ထပ်တလဲလဲ ပြောဆိုနေရင်းနဲ့ကို တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်နေတာပါ။ ဒီလို အခြေအနေမျိုးမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်တဲ့ အခု ဆန္ဒပြ့ပွဲကြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ နောင် လိုအပ်ရင် ဒီထက်ကြီးတဲ့ ဆန္ဒပြပွဲတွေ လုပ်သွားဖို့ အဆင်သင့်ရှိတယ်ဆိုပြီးလည်း ပြောထားခဲ့ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ဇန်န၀ါရီ ၅ ရက်နေ့က ကျင်းပတဲ့ ၈၈ မျိုးဆက်က ဦးဆောင်ပြီး အဖွဲ့ပေါင်း ၅၉ ဖွဲ့၊ လူထုထောင်ချီ ပါဝင်တဲ့ ဆန္ဒပြပွဲကြီးဟာ လက်ရှိ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်တဲ့ ၂၀၁၄ ခုနှစ်အတွက် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်သလို တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်နေတဲ့ သမ္မတ နဲ့ ကာကွယ်ရေး ဦးစီးချုပ်တွေအတွက် အချက်ပေး ခေါင်းလောင်းသံ လည်း ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

“တန်ရာတန်ရာ ပြောပါစေ”


Nanda Tintswe
 ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁ ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာ ဝန်ကြီး ဗိုလ်အောင်မင်းက သူတို့လုပ်နေတဲ့“ငြိမ်းချမ်းရေး”ဟာ ပင်လုံညီလာခံထက် ကျယ်ပြန့်တယ်လို့ ပြောသွားတာ ကြားလိုက်ကြမယ် ထင်ပါတယ်။ သူ့စကားလုံး အတိအကျက “ကျွန်တော်တို့ ဒါလုပ်တာ ပင်လုံထက် ကျယ်ပြန့်တယ်”တဲ့။ ရာရာစစ။ သူအကြောင်းပြတာက ပင်လုံညီလာခံတုန်းက တိုင်းရင်းသား ၄ မျိုးသာ ပါဝင်ပြီး အခုသူတို့ MPC က လုပ်နေတဲ့ လုပ်ငန်းမှာတော့ တိုင်းရင်းသား အများကြီးပါတယ်လို့ ဖြစ်ပါတယ်။ အရေအတွက်စကား ပြောလှပါကလား။ ဗမာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အကြံပေးထားတာ စာပေါင်း ၃ သိန်းကျော် ရှိတယ်... ။ ခြောက်စားကနေ ဟောက်စားကိုပြောင်းလဲထားတဲ့ ကာလပေကိုး။ အရေအတွက် ပြောကြမှာလား၊ အရည်အချင်း ပြောကြမှာလား။ ပင်လုံတုန်းက အချိန်အခါက တောင်းဆိုနေတဲ့၊ တနည်း-ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေး ကိစ္စသက်သက်ကိုပဲ ဆွေးနွေးကြတယ်။ အခု သူတို့လုပ်နေတာက အချိန်အခါက တောင်းဆိုနေတဲ့ နိုင်ငံရေးကို တမင်ရှောင်လွှဲနေတာ။ ပင်လုံတုန်းက ရည်ရွယ်ချက်ဟာ တတိုင်းတပြည်လုံး ဗြိတိသျှလက်အောက်က လွတ်မြောက်ဖို့ ဖြစ်တယ်။ အခု အရပ်သားတပိုင်း စစ်အစိုးရ လုပ်နေတာက တတိုင်းတပြည်လုံးကို စစ်အာဏာရှင်လက်အောက်မှာ ရေရှည်ချုပ်ကိုင်ထားရေးအတွက် ဖြစ်တယ်။ ပင်လုံ ကျင်းပနေတုန်းက ဗြိတိသျှအစိုးရက အသာလက်ရှောင်နေတယ်။ အခုသူတို့က“ငြိမ်းချမ်းရေး”အတွက်ဆွေး နွေးနေတဲ့ကာလမှာ သေနတ်သံတွေမှ တဒိုင်းဒိုင်း၊ ထိုးစစ်တွေက တဖြိုင်းဖြိုင်း။ ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေဘက်က ပြည်ထောင်စုကြီးအပေါ် သစ္စာရှိမယ်ဆိုတာကလွဲရင် ဘာမှ မပေးကြရဘူးဆိုတာ မေ့သွားပြီလား။ အခုတော့ စစ်တပ်တွေ ဖျက်ပေးရမယ်၊ လက်နက်တွေ ထိုးပေးရမယ်၊ ကိုယ့်နယ်ထဲက သယံဇာတတွေကို စစ်ခရိုနီတွေလက် ထိုးပေးကြရမယ်၊ ကိုယ့်ဂုဏ်သိက္ခာတွေ လျှောချပေးကြရမယ်။ တန်သလား။ ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေအနေနဲ့ ပြည်နယ်တွေ ရခဲ့ကြတယ် (ပြည့်စုံ/မပြည့်စုံဆိုတာက တပိုင်း)။ အခု ဗိုလ် အောင်မင်းတို့ပေးတာက ကားပါမစ်။ တန်သလား။ ပင်လုံကာလတုန်းက တတိုင်းတပြည်လုံးဟာ လွတ်လပ်ရေးအတွက်ဆိုရင် သွေးစည်းညီညွတ်ကြတယ်။ အခုတော့ အိုအက်စ်အိုင်၊ အင်န်အီးဒီ၊ စတဲ့ အင်န်ဂျီအို တွေကြောင့် နိုင်ငံရေးအင်အားစုတွေဟာ အရောင်အသွေးတွေ အမျိုးမျိုး ဖြစ်နေကြတယ်။ ပင်လုံတုန်းကနဲ့ တူတာ တခုပဲ ရှိတယ်။ အဲဒါ “ပြည်သူလူထုကို ညာလို့မရဘူး”။ ။ (မိတ်ဆွေတဦး ဗကပ ဝဘ်ဆိုက်ပေါ် ကွန်မန့်တင် ရေးသားပေးပို့လာကို ဆက်လက်မျှဝေတာပါ။)

ဒီမို ဖက်တီး

ဗိုလ်ချုပ်က ပင်လုံစာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်တွေကို ဘာပါမစ်တွေများ ချပေးခဲ့ပါသလဲ ဆိုတာကို အောင်မင်းနဲ့ အဖွဲ့ကို မေးကြည့်ပေးပါ 

ဒီနေ့ကာတွန်း

ပုဒ်မ ၅၉ (စ) ကို မပြင်ရင် ပါတီသဘောထားချပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


RFA Burmese

သမ္မတဖြစ်ခွင့် အရည်အချင်းတွေကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ)ကို မပြောင်းဘူးဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောထားကို အချိန်တန်တဲ့အခါ အများပြည်သူကို ချပြသွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုဆန္ဒခံယူပွဲမှာ ပရိတ်သတ်တစ်ဦးက မေးမြန်းစဉ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားခဲ့တာပါ။

“နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အမျိုးသမီးတစ်ယောက်ကို ဦးတည်ပြီးတော့ ရေးဆွဲထားတယ်ဆိုတာ အင်မတန်မှ မသင့်တော်ပါဘူး၊ အဲဒီလိုရေးဆွဲထားတဲ့ အမျိုးသားတွေအတွက် အင်မတန်မှ သိက္ခာကျပါတယ်၊ ဒါကြောင့် ဒီဥစ္စာကို မြန်မြန်ဆန်ဆန် ပြောင်းသင့်တယ်လို့ ကျမကတော့ ယူဆတယ်၊ ၅၉(စ)ကို မပြောင်းခဲ့လို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဒီပုဒ်မကို ပြောင်းမလား မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့အခါကျမှ ကျမတို့ပြောပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုက သိပ်ပြီးတော့ စောလွန်းပြီးတော့ လုပ်လို့မဖြစ်ဘူး၊ မသင့်တော်ပါဘူး၊ သင့်တော်တဲ့အချိန်မှာ ကျမတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ဖွင့်ပြောပါမယ်”

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရအောင် ကန့်သတ်ထားပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီးရေးဆွဲထားတဲ့ ပုဒ်မဖြစ်တဲ့အတွက် မသင့်တော်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ ဟားခါးမြို့မှာ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခမဲ့ဆေးခန်းတစ်ခုကို မကြာခင်ဖွင့်လှစ်ပေးနိုင်ဖို့ ကြိုးစားပေးသွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေ နိုင်ငံပြန်လှည်ထူထောင်ရေးမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့ လူငယ်တွေ ပညာဗဟုသုတရှာဖွေကြဖို့ မူးယစ်ဆေးဝါးမသုံးကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနှစ်အတွင်း အခြေခံဥပဒေပြင်နိုင်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လာမယ့် ၂၀၁၅ ဆိုတာထက် ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပြီးစီးမှ ၂၀၁၅ မှာ အသီးအပွင့်ကို ခံစားရမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖလမ်းမြို့ လူထုဟောပြောပွဲမှာ ပြောကြားလိုက်ပါတယ်။
ဒီနေ့ မနက်က ချင်းပြည်နယ် ဖလမ်းမြို့ ဘောလုံးကွင်းက လူထုဟောပြောပွဲကို တက်ရောက်လာတဲ့ ချင်းတိုင်းရင်းသား ဒေသခံ နှစ်ထောင်ကျော်ကို မိန့်ခွန်းပြောစဉ်မှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။
“မျိုးစေ့က ၂ဝ၁၅ မှာ ပွင့်မှာပါ၊ အဲဒီတော့ ၂ဝ၁၄ မှာ ကျမတို့က ဆူးပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ ဆူးပင်ပဲပေါက်မှာ ကျမတို့က ၂ဝ၁၄ မှာ အသီးစားလို့ရတဲ့အပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ အသီးစားလို့ရတဲ့အပင်ပေါက်မှာ၊ အဲဒီတော့ တကယ်အရေးကြီးတာဟာ အခုနှစ်ပဲဖြစ်ပါတယ်လို့ ကျမပြောပါရစေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများဟာ အားလုံးပူးပေါင်းပြီးတော့ ဒီနှစ်မှာ ၂ဝ၁၅ မှာ လှလှပပပွင့်ပြီးတော့ ပြည်သူတွေ ဝဝလင်လင်စားနိုင်မယ့် အသီးတွေသီးမည့် အပင်မျိုးစိုက်ဖို့ရာ ကူညီကြပါ၊ ဝိုင်းပြီးတော့ ထောက်ခံပေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်”
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ လာမယ့် ၂၀၁၅ ခုနှစ် နိုင်ငံရေးအခြေအနေကိုကြည့်ပြီး ၀င်ရောက်လာမှာဖြစ်တဲ့အတွက် အခုအချိန်ကတည်းက လုပ်စရာရှိတာတွေကို ပြီးစီးအောင် လုပ်ထားနိုင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် တိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းကူညီဖို့နဲ့ တပ်မတော်ကလည်း ပြည်သူတွေရဲ့ဆန္ဒအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကူညီဖို့တိုက်တွန်း ပြောကြားခဲ့ပါတယ်။ပြည်သူအများစုက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို ပြင်ချင်တယ်ဆိုရင် ပြင်ဆင်နိုင်ရမယ် ။ တပ်မတော် အနေနဲ့ သတ္တိရှိရှိ ပြင်ဆင်ပေးရမယ် ။ တပ်မတော်လုပ်ပြီး သတ္တိမရှိရင် ဘယ်လိုလုပ်မလဲ ။ သတ္တိဆိုတာက တိုက်ရဲခိုက်ရဲမှ သတ္တိခေါ်တာမဟုတ်ဖူး ။ လုပ်သင့်လုပ်ထိုက် တာကို မှန်မှန်ကန်ကန် လုပ်ရဲမှ သတ္တိ ခေါ်တယ် ။ တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်အောင် တပ်မတော်က သတ္တိရှိရမယ်။

ဒေါ်အောင်ဆန်းစုကြည်
ဟားခါးမြို့

ဗိုက်ခွဲမွေးတာ အဲသည်လောက် ဆရာဝန်တွေ ၀ိုင်းကူရတာ အခုမှပဲ ကြားဖူး


ဒီမို ဖက်တီး

ကလေးတစ်ယောက် ဗိုက်ခွဲမွေးတာ အဲသည်လောက် ဆရာဝန်တွေ ၀ိုင်းကူရတာ အခုမှပဲ ကြားဖူးတော့တယ် ။ နို့မဟုတ်ရင် .....
ကိုအောင်ပြည့်စုံရဲ့ ဇနီး (ဘယ်ချုပ်ရဲ့ သမီးဆိုလား) က ချောပုံ လှပုံရတယ် ။ တေ့လွဲ လွဲသွားတဲ့ ဗိုလ်ကြီး ဗိုလ်မှုးတွေက
ထိုက်လေး ကလေးမွေးတာ ၀င်ကြည့်ကြတာကို သတင်းစာကနေ ကျေးဇူးတင်တယ်ဆိုတော့ .....


မသေကောင်းမပျောက်ကောင်းသမီးရယ်။ ကလေးတစ်ယောက်မွေးတာ အဲ့သလောက်ခက်မှန်းသိရင် ညည်းလဲ ဘယ်မွေးချင်ပါ့မလဲ။ ခုတော့ တပ်ရင်းတစ်ရင်းစာလောက်ကူပေလို့ပေါ့။ သမီးလေးကို "တန်ခူး" လို့ နာမည်ပေးကွဲ့  သဘောကတော့ တပ်ကူ ရတဲ့သဘောပေါ့ကွယ် ဟုတ်ကဲ့လား။

ဖေကြီး

ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုရိပ်သာမှာ တည်းခို ဖို့ အဆင်မပြေတဲ့ကိစ္စမေးမြန်းခန်း


ချယ်၇ီဟော်တယ်

အပြန်မှာပိုင်ရှင်ကကော်ဇောနီခင်းပြီးဂုဏ်ပြု
RFA
ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် ဟားခါးမြို့ကို မနေ့ ညနေပိုင်း က ရောက်ရှိခဲ့ရာမှာ မူလက စီစဉ်ထားခဲ့သလို ပြည်ထောင်စုရိပ်သာမှာ တည်းခို ဖို့ အဆင်မပြေတဲ့အတွက် တည်းခို ရိပ်သာတစ်ခုမှာ ညအိပ်ရပ်နားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးစဉ်မှာလိုက်ပါတဲ့ သတင်းထောက်တွေကို ကြိုတင် ဌားရမ်းထားတဲ့ တည်းခိုခန်းတွေက အခန်းလွတ်တွေ မရှိတော့ကြောင်း ငြင်းဆိုပြောကြားတာ လည်း ကြုံတွေ့ရပါတယ်။ ဟားခါးမှာ ရောက်ရှိနေတဲ့ RFA သတင်းထောက် ကိုမျိုးသန့်ခိုင်ကို မနေ့က ညပိုင်းမှာ ဦးဝင်းနိုင်က ခုလို ဆက်သွယ်မေးမြန်း ထားပါတယ်။



ဒီမို ဖက်တီး

ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မဖြစ်ပါဘူး ။ ပျော်ပျော်ပါပဲ ။ လှပတဲ့ဒေသမှာ စိတ်လှတဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ရတာ ပျော်လို့ ။ သီချင်းတွေ ဘာတွေတောင် ဆိုလိုက်သေးတယ် ။
အဲ ..... သူ့လူတွေက ဘုန်းကြီးကျောင်းမှာ နေသင့်တယ်လို့ စီစဉ်ပေးထားရင် လည်း ဘုန်းကြီးကျောင်းမှာ နေမှာပါ ။ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ ဒေါ်စု အနားက စီစဉ်ရတဲ့ လူတွေ စိတ်အနှောက်အယှက် အများကြီးဖြစ်တယ် ။ ဒေါသ ထွက်ရတယ် ။ သူတို့လည်း ပင်ပန်းတဲ့ လူတွေပဲလေ ။ နောက် သူ့တို့ စီစဉ်တာ လိုအပ်သွားတဲ့ ပုံမျိုး အကွက်စဉ်တာကို သူတို့ မခံချင်ဘူး ။
နောက် ဒေါ်စု ခရီးစဉ်နဲ့ အတူလိုက်ပါတဲ့ သတင်းထောက်တွေကိုလည်း ညိုး ကျတယ် ။ ဘယ်ကောင်းမလဲ ။ သတင်းအဖွဲ့မှာ အမျိုးသမီးတွေလည်း ပါတယ် ။ ဒီလို အေးတဲ့ ဒေသမှာ နေရာထိုင်ခင်းအစဉ်မပြေအောင်လုပ်တာ ဘယ်ကောင်းမလဲ ။

ဒါ ဘယ်သူတွေရဲ့ လက်ချက်လဲ ။ အမာဂိုဏ်လား ၊ အပျော့ဂိုဏ်းလား ၊ လစိဂိုဏ်းလား

မနေ့က ဟိုတယ်တည်းမရတဲ့ ကိစ္စလည်း လွယ်လွယ်နဲ့ ပြီးမယ် မထင်နဲ့ ။ ဒါ အေးဂျင့်နဲ့ ဘွတ်ကင် လုပ်ထားတာ မဟုတ်ဘူး ၊ ဖုန်းနဲ့ ပြောထားတာ မဟုတ်ဘူး ။ ဒေါ်စု မသွားခင် ၁ ပါတ် ကြိုတင် ရှေ့ပြေးအဖွဲ့ကို လွတ်ထားပြီးသား ။ ဒေါ်စု သွားမယ့် လမ်းကို ကြိုတင်မောင်းကြည့် ပြီးသား ။ တောင်တက်ကားတွေ အရံကားတွေ စီစဉ်ပြီးသား ။ ကော့သောင်းတုန်းကလို ရှပ်ပြေးငှားမရ ဖြစ်မှာ စိုးလို့ ......


ဟားခါးမြို့ပေါ်က ပြည်ထောင်စုရိပ်သာမှာ ဘယ်ဧည့်မှ မရှိပဲ အန်တီစုကို ပေးမနေဘူး ။ ကျနော်တို့ သတင်းထောက်တွေ ကြိုတင်ငှားထားတဲ့ တည်းခိုခန်းကလည်း ဘွတ်ကင်ကို ဖျက်တယ်လို့ အကြောင်းကြားကြောင်း မန်နေဂျာနဲ့ ၀န်ထမ်း တစ်ယောက်ကို တစ်ယောက် လွဲချနေကြတယ် ။ ကျန်တဲ့ တည်းခိုခန်းတွေကို ဖုန်းဆက်တော့လည်း သတင်းအဖွဲ့လားလို့ အရင်မေးပြီး အခန်းမရှိဘူးလို့ ပြောကြတယ် ။ ကျနော်တို့ ၂ ယောက်ခန်းထဲမှာ ၆ ယောက် အိပ်ခဲ့ရတယ် ။
ချင်းပြည်နယ် ခရီးစဉ်မှ RFA သတင်းထောက်


ခွန် ဒီးယမ်
ပြည်ပနိုင်ငံတွေက စင်းလုံးငှါး သီးသန့်ဂျက်လေယာဉ်လွှတ်ပြီး ကော်ဇောနီခင်းကြိုဆိုခံရတဲ့ ဒေါ်စု တောင်ကိုကျော်၊ တိမ်ကိုဖြတ်၊ ချောက်ကမ်းပါးနားစွန့်စွန့်စားစားကပ်၊ ခြေထောက်အနာကြီးနဲ့ အရိုးကွဲအောင်အေးတဲ့ တောင်ပေါ်တက်လာရတာ ခုလိုကျေးဇူးဆပ်လိုက်တဲ့ ချင်းပြည်နယ် ဖွတ်ဝန်ကြီးချုပ်.... ခွင့်လွှတ်ပေးဖို့ အင်အားမရှိဘူးအမေ....


အိုးမဲသုတ်ခြင်း_ကိုကျော်မင်းဆွေ _



အယ်ဒီတာ့ အာဘော်
ကိုကျော်မင်းဆွေ - သည်ဗွိုက်စ်ဒေးလီးသတင်းစာ - ၉-၁-၂၀၁၄

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပယောဂ မကင်းဟု ယူဆဖွယ်ရာရှိသည့် ကန့်သတ်ပိတ်ပင်မှုအချို့နှင့် ကြုံတွေ့ရခြင်းမှာ များစွာ အံ့အားသင့် ဖွယ်ကောင်းလှသည်။ အဆိုပါခရီးစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတစ်ဦးအဖြစ် သွားရောက်သည်ဆိုသော်လည်း တစ်ချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူ့ လွှတ်တော်တွင် အရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်နေသည်။

သို့ဆိုလျှင် အဆိုပါဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူများက မည်သည့် အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်းကိုထောက်ခံသူ ပြည်သူလူထုအား အနှောက်အယှက်ပေးရသနည်း။ မည်သို့သော အကြောင်းပြချက်များ ရှိနေစေကာမူ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်နေပါသည် ဟု ပြည်တွင်းရော ပြည်ပမှာပါ ကျယ်ပြန့်စွာ ထုတ်ဖော်ပြောဆိုထားသည့် အခြေအနေတွင် အဆိုပါ လုပ်ရပ်မှာ များစွာ အကျည်းတန်ရုပ်ဆိုးလှသည့်အပြင် များစွာရှက်စရာကောင်းလှသည်။

အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တစ်စိုက်မတ် ဦးဆောင်ပြောဆိုနေ သူဖြစ်သည့် အပြင် လူထုက များစွာချစ်ခင်ကြည်ညိုလေးစားသူတစ်ဦး၏ ခရီးစဉ်ကို အနှောက်အယှက်ပေးခြင်းသည် ပြင်ဆင်ရေးကို မလိုလားသောလုပ်ရပ်အဖြစ် ယူဆစရာ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး မလိုလားမှုနှင့် ၄င်းကိုယ်စားပြုသော ပါတီနှင့် မူဝါဒကို လက်မခံသောကြောင့် အနှောက်အယှက်ပေးခဲ့လျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဋ္ဌ တစ်ဦးပါ ဖြစ်နေခြင်းကြောင့် ဥပဒေပြုမဏ္ဍိုင်ကို အနှောက်အယှက်ပေးသည့်သဘော သက်ရောက်သွားနိုင်သည်။

ဤနေရာတွင် ဖော်ပြပါ နှောက်ယှက်မှုသည် ပြဿနာ၏ အတိမ်အနက်နှင့် ဖြစ်ပေါ်လာနိုင် ဖွယ်ရှိသည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို နားမလည်သောကြောင့် ကျူးလွန်ခြင်းလော၊ ယင်းအခြေအနေများကို ကြိုတင်တွက်ဆထားပြီးဖြစ်၍ တမင်သက်သက် ကျူးလွန်ခြင်းပေလော များစွာ စဉ်းစားစရာရှိသည်။

မည်သို့သော အကြောင်းဖြင့် ကျူးလွန်သည်ဖြစ်စေ ထိုသို့နှောက်ယှက်မှုများသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူ ချင်းပြည်နယ်အစိုးရတွင် တိုက်ရိုက်တာဝန်ရှိသည်ဟု ဆိုနိုင်သော် လည်း မြန်မာနိုင်ငံ၏ လက်ရှိအာဏာခွဲဝေမှု၊ ပြည်ထောင်စုအစိုးရ၏ အာဏာသက်ရောက်မှု၊ အပြောင်းအလဲကို မလိုလားသူ သို့မဟုတ် သဘောထားတင်းမာသူများ၏ သြဇာသက်ရောက်မှု အခြေအနေတို့ကြောင့် ပြည်နယ်အစိုးရကိုကျော်လွန်ကာ အထက်က တိုက်ရိုက် အမိန့်ပေးစေ ခိုင်းနိုင်ကြောင်း သုံးသပ်နိုင်ဖွယ်ရာရှိသည်။

မည်သို့ပင်ဖြစ်စေ ပါတီဥက္ကဋ္ဌတစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်ထောင်စု အဆင့် ကော်မတီဥက္ကဋ္ဌတစ်ဦးဖြစ်သည့်အပြင် ပြည်သူလူထုက လေးစားချစ်ခင် အားကိုးနေသော ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်ကို နှောက်ယှက်ပေးခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားသည့် နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးကို ထိပါးသည့် သဘောသက်ရောက်သည့်အပြင် ယနေ့ မြန်မာသိ၊ ကမ္ဘာသိကြေညာ ဆောင်ရွက်နေသည့် ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ လူ့အခွင့်အရေးအပြည့်အဝရရှိရေးနှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အိုးမဲသုတ်သည့်သဘော သက်ရောက်သွားနိုင်ကြောင်း သတိပေး လိုရင်းဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် ရှိ၊ မရှိ ဆိုသည်မှာ



Eleven Media Group


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် ရှိ၊ မရှိ ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်သာဖြစ်ဟု ပူးပေါင်းကော်မတီ ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် ရှိ၊ မရှိ ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ရီက ဇန်န၀ါရီ ၇ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပြည်သူများထံမှ အကြံပြုချက်စောင်ရေ စုစုပေါင်း ၂၈၂၄၇ စောင် ရရှိခဲ့ပြီးနောက် ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ လာမည့်လွှတ်တော်တွင် တင်သွင်းမည်ဖြစ်သည်။

ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည် ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက် အတိုင်းသာ ဆက်လက် ဆောင်ရွက်မည်ဟု ဦးခင်မောင်ရီက ပြောကြားသည်။

“ကျွန်တော်တို့ ပူးပေါင်းကော်မတီကတော့ လာမယ့်လွှတ်တော်မှာ အစီရင်ခံစာတင်မယ်။ အစီရင်ခံစာကို အခန်းအလိုက် စိစစ်ဖို့ ကော်မတီ ငါးခုခွဲမယ်။ ပြီးတော့ စိစစ်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်မယ်။ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်ကိုတင်တဲ့ အစီရင်ခံစာကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်မလား။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံချက်နဲ့ပြင်လို့ရတဲ့ အချက်တွေကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ် ကြမလားဆိုတာ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ရီက ပြောကြားသည်။

“အကြံပြုချက်တွေထဲမှာ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့ မဲခွဲဆုံးဖြတ်လို့ရတဲ့ အချက်တွေပါရင် အဲဒါတွေကို ဘယ်လိုဆောင်ရွက်မလဲ။ ချက်ချင်းလုပ်လို့ရတဲ့ ကိစ္စတွေကို ချက်ချင်းပြီးပြတ်အောင် ဘယ်လိုလုပ်မလဲစတဲ့ အချက်တွေက ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်မှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးအေးမောက်ကလည်း ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိခဲ့သည့် ပြည်သူများထံမှ အကြံပြုချက်များအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း အဆိုပါ ကော်မတီမှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့အကျိုးစီးပွားကို ကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန် လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာဆောင်ရွက်ရန် အရေးကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များအား ပြောကြားထားသည်။

(ဇန်န၀ါရီ ၇ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်))

ရိဒ်ရေကန်ဝန်းကျင် ထိန်းသိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင်ရွက်ပေးမည်


 Eleven Media Group
ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင်ရွက်ပေးမည် ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဟု ဖလမ်းမြို့တွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။ ဇန်န၀ါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ဖလမ်းမြို့ ဟရန်ထီးယို ဘောလုံးကွင်းတွင် ဖလမ်းမြို့ ဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ရိဒ်ခေါရ်ဒါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ရိဒ်ရေကန်ဝန်းကျင်တွင် ချင်းပြည်နယ် ၀န်ကြီးချုပ်မှ ဦးဆောင်၍ သဘာဝ သစ်တောများကို ခုတ်ထွင်ရှင်းလင်းပြီး အိမ်ရာမြေကွက်များဖော်ဖို့ ကြိုးစားနေသည်ကို ကန့်ကွက်စာ တင်ထားခဲ့ကြောင်း၊ ယခုအခါတွင်လည်း ရွာသူရွာသားများအား စည်းရုံးပြီး သစ်ပင်များခုတ်ကာ မြေကွက်ဖော်ဖို့ ကြိုးစားနေသည်ဟု တင်ပြခဲ့ပြီး ရိဒ်ရေကန်အလှကို ထိန်းသိမ်းရန်အတွက် ပညာရှင်များနှင့် ပြန်လည် ထိန်းသိမ်းရန်အတွက် အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းမှုကို ဖြေကြားရာတွင် “ရိဒ်ရေကန်ကို တစ်ခါမှ မမြင်ဖူးပေမယ့် အကြောင်းကြောင်းကြောင့် ရိဒ်ရေကန်ကို အရမ်းတန်ဖိုးထား၊ ရိဒ်ရေကန်ရဲ့ သဘာဝအလှ ပြန်လည် ထိန်းသိမ်းရေး ကိစ္စကို ကျွန်မကိုယ်တိုင် ဆောင်ရွက်ပါ့မယ်။ အမြန်ဆုံး ဆောင်ရွက်သွားပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။ ရိဒ်ရေကန်သည် အကျယ် ၂ ဒသမ ၅ မိုင်ရှိသော တောင်ပေါ် ရေကန်ကြီးတစ်ခုဖြစ်ပြီး ရိဒ်ရေကန်၏ ပတ်လည်တွင် မိုးမခပင်များက ခြံစည်းရိုးရှည်ကြီးသဖွယ် သဘာဝအလျောက် စီတန်းကာ ပေါက်ရောက်နေသည်။ ကန်အတွင်း ရေပြင်၏ ပျမ်းမျှအနက် မှာ ပေ ၅၀ ရှိပြီး အနက်ဆုံး နေရာများတွင် ပေ ၆၀ အထိ ရှိသည်ဟု သိရသည်။ “ရိဒ်ရေကန်ဘေးမှာ အိမ်ရာမြေကွက်တွေ ဖော်ထုတ်ဖို့ လုပ်နေကြတယ်။ ပြည်နယ်ဝန်ကြီးအချို့ လာရောက်စည်းရုံး နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ လက်မခံချင်ဘူး။ ဘာလို့လဲဆိုတော့ ရိဒ်ရေကန်ဟာ ကမ္ဘာပေါ်မှာ ရှားပါးရေကန်တစ်ခုပါ။ အရင် နှစ် ၅၀ ကျော်လောက်ဆိုရင် ရိဒ်ရေကန် ရဲ့အနားက လယ်ကွက်တွေအထိ ရှိတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကော လာပါတယ်” ဟု ရိဒ်ဒေသခံ တစ်ဦးက ဆိုသည်။ ဖလမ်းမြို့ လူထုတွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းထွန်းဟိန်နှင့် ဦးဌေးဦးတို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများ ဟောပြောခဲ့ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောခဲ့သည်။

(ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါရ်ဒါ မြို့နယ်ခွဲတွင်ရှိသော ရိဒ်ရေကန်ကို တွေ့ရစဉ်)