Saturday, January 11, 2014

အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံ... လေးစားခြင်း ဆိုသည့်မူအရ လုပ်


Eleven Media Group

အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ပြည်သူလူထုကို လေးစားခြင်း ဆိုသည့်မူအရ လုပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ပြည်သူလူထုကို လေးစားခြင်းဆိုသော မူအရ လုပ်ခဲ့သည်ဟု ဇန်န၀ါရီ ၁၀ ရက် ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“တစ်တိုင်းပြည်လုံးမှာ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုရယူခဲ့တာဟာ အဓိကအားဖြင့် ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ပြည်သူလူထုကို လေးစားခြင်းဆိုတဲ့မူအရ လုပ်တာပါ။ ပြည်သူလူထုကို မလေးစားဘဲနဲ့ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းကို ထူထောင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီရဲ့ အဓိပ္ပာယ် ဆိုတာက ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးရေး၊ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်လို့ ပြောရမယ်။ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်ကို လက်ခံတယ်ဆိုရင် ပြည်သူလူထုကို လေးစားရမှာပေါ့။ ကိုယ်မလေးစားတဲ့သူကို ကိုယ်ကနေပြီးတော့ ကိုယ့်ကိုအုပ်ချုပ်ခွင့် ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ပြည်သူလူထုကို လေးစားတယ်ဆိုရင် ပြည်သူလူထု သိသင့်သိထိုက်တာတွေ အားလုံးကို တင်ပြရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကလေးမြို့ စတောင်မ်ဘောလုံးကွင်း အတွင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲသို့ ချင်းတွင်းမြစ်ရိုးမှ ဒေသခံများ၊ ချင်းတောင်ခြေမှ ဒေသခံများ စုစုပေါင်း ငါးသောင်းကျော်ခန့် တက်ရောက်ခဲ့ပြီး ပရိသတ် အများဆုံးနှင့် စည်းကမ်းအရှိဆုံး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး ဆိုတာဟာ ဟိုယခင်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုပ်ကိုင်ခဲ့တဲ့မူတစ်ခု ဖြစ်ပါတယ်။ အခုမှပြောတော မဟုတ်ပါဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်တုန်းက အချိန်တုန်းက တင်ပြတာလည်း ပထမဆုံး မဟုတ်ပါဘူး။ ၂၀၀၈ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကတည်းက ကန့်ကွက်ခဲ့တာပါ။ ဒီမိုကရေ စီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီလို့ ကန့်ကွက်ခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲဟာလည်း တကယ်တော့ ပြည်သူလူထုတွေရဲ့ ဆန္ဒအမှန်ကို ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံရေးအရ ဘယ်မူပဲချချ ပြည်သူလူထုကို သေသေချာချာ ရှင်းပြပါတယ်။ တကယ် ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ပထမဆုံး ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူတဲ့အခါမှာ ပထမဆုံး ပြည်သူလူထုက ဘာကိုထောက်ခံ နေတာလဲ ဆိုတာကို နားလည်အောင် ပြောပြရမယ်။ ခေါင်းညိတ်ပြီးတော့ ထောက်ခံတာကို မလိုချင်ပါဘူး။ ခေါင်းသုံးပြီးတော့ တကယ်ကို ယုံကြည်ပြီး ထောက်ခံတာကို လိုချင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုကို ရှင်းပြတာပါ” ဟုဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီ ၆ ရက်မှ စတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့သို့ ရောက်ရှိခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့များသို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကလေးမြို့ လူထုနှင့် တွေ့ဆုံကာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ ခဲ့သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ “ဒီခရီးစဉ်ကို အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ရာသီဥတု အေးမြလွန်းတာနဲ့ လမ်းပန်းဆက်သွယ်ရေးပါ။ ဒါပေမဲ့ ဒါကလည်း ချင်းတောင်ပြည်သူလူထုက နေ့စဉ်တွေ့ကြုံနေတဲ့ အခက်အခဲပဲလေ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကရော ဒေါ်အောင်ဆန်းစုကြည်ကရော ပြည်သူတွေနဲ့ တစ်သားတည်းနေတဲ့ သူတွေဆိုတော့ ဒါကလည်း အခက်အခဲလို့ ပြောစရာ မလိုပါဘူး။ ခရီးစဉ်မှာ လုံခြုံရေးပိုင်း တာဝန်ယူပေးတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။ အဆင်မပြေတာကတော့ ဟားခါးမြို့မှာ တည်းခိုဖို့အတွက် စီစဉ်ထားပြီးမှ ရက်ကပ်ပြီးမှ မရတော့ဘူးဆိုတော့ သေးငယ်တဲ့ သာမန်တည်းခိုခန်းမှာပဲ တည်းခိုခဲ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေ လမ်းကြောင်းအတိုင်း လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်နယ်နဲ့ တိုင်းအလိုက်မှာ ဆောင်ရွက်နေတာ ကိုးဆယ်ရာခိုင်နှုန်းလောက်က ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တဲ့ ပြင်ဆင်ရေး လမ်းကြောင်းကို ရွေးချယ်တာ တွေ့ရပါတယ်။ တွေ့ရှိရတဲ့ အချက်တွေ ဆန္ဒသဘောထားတွေ၊ ပြင်မယ်လို့ သတ်မှတ်ထားတဲ့ ၁၆၈ ချက်ကို လွှတ်တော်ပူးပေါင်း ကော်မတီကို တင်ပြသွားပါ့မယ်။ တင်ပြီးတော့ NLD ရဲ့သဘောထား တွေကိုလည်း ပြည်သူလူထုကို ထုတ်ပြန်သွားမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးက ပြောကြားသည်။

(ဇန်န၀ါရီ ၁၀ ရက်က ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်)

ဒီနေ့ကာတွန်း

မိတ္ထီလာတွင် လုံခြုံရေးအခြေအနေ အရေးပေါ်တိုးမြှင့်



The Voice Weekly
Saturday, January 11, 2014

ပဋိပက္ခကြောင့် လူ၅၀ ကျော် သေဆုံးခဲ့သောမိတ္ထီလာမြို့ တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သောလူသတ်မှု တစ်ခု ကြောင့် ပဋိပက္ခပြန်လည်ဖြစ်ပွားမလာစေရန် လုံခြုံရေးအခြေအနေ အရေးပေါ် တိုးမြင့်ခဲ့ကြောင်း မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုရုံး ထံမှ သိရသည်။

မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် တွင် တစ်အိမ်တည်းအတူနေထိုင်သော မယားညီအကိုနှစ်ဦး အရက်အတူ သောက်ရာမှစကားများရန်ဖြစ်ခဲ့ရာ အစ်မဖြစ်သူ၏ အမျိုးသားဖြစ်သူ ဝင်းကိုကို(ခ) ဖိုးဖြူ ဝဲဘက် ဗိုက်တွင် ဓားဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း ပြည်သာရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။

ယင်းကဲသို့ လူသတ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း၌ ထွက်ပေါ်လာသောသတင်းများကြောင့် မိတ္ထီလာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဒုက္ခသည် စခန်းများနှင့် မိတ္ထီလာကန်၏ တံတားတို့တွင် လုံခြုံရေးများ ချထားပေးကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ သေတဲ့ လူက အမ ယောက်ကျား ဗမာ ဗုဒ္ဒဘာသာပါ၊ သတ်တာက ညီမယောက်ျား အစ္စလာမ် ဘာသာဝင်ပါ။မယား ညီအကိုနှစ်ယောက် အရက်သောက်ပြီးဖြစ်ကြတာ ” ဟု မှုခင်း ဖြစ်ပွားရာ လမ်းသို့ ရောက်ရှိနေသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းဝင် တစ်ဦးက ပြောကြားသည်။


ဦးသန်းရွှေသည် စစ်တပ်ကိုချောက်ထဲတွန်းချနေကြောင်း သံတမန်တစ်ဦးမှ သုံးသပ်ပြောကြား



Hawdeka Khalaylay

    (နေပြည်တော်အထူးသတင်း)

    ဦးသန်းရွှေသည် စစ်တပ်ကို ချောက်ထဲ တွန်းချနေကြောင်း သံတမန် တစ်ဦးမှ သုံးသပ်ပြောကြားသွားသည်ဟု နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊

    ဦးသန်းရွှေ ဟာ လိမ်လည်ပြင်ဆင်ထားတဲ့ သမိုင်းအတုအယောင်တွေကို စစ်သား စစ်ဗိုလ်တွေရဲ့ခေါင်းထဲအတင်းအကြပ် ရိုက်သွင်းသောနည်းဖြင့် စစ်တပ်အတွင်း အယူအဆအမှားများပေါ်ထွက်လာစေကာ စစ်တပ်နဲ့ပြည်သူကို သွေးခွဲလျှက်ရှိပါတယ် ၊

    စစ်သား စစ်ဗိုလ်တွေဟာ ပြည်သူပြည်သားတွေထက် နေရာတကာမှာ ပိုသိပိုတတ်ကြောင်း နဲ့ စစ်သားစစ်ဗိုလ်တွေသာ ဦးမဆောင်ရင် မြန်မာနိုင်ငံကြီးဟာ တိုင်းတစ်ပါးလက်အောက် ကျရောက် သွားမှာဖြစ်ကြောင်း စတာတွေကို ထပ်ကာထပ်ကာ ပြောသော နည်း နဲ့

    ဦးသန်းရွှေဟာ စစ်တပ်ကြီးကို ချောက်ထဲတွန်းချ နေတာ အခုဆို အလွန်အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ် ၊

    ၁၉၆၂ မှာ မြန်မာနိုင်ငံရဲ့စီးပွားရေး ကြံ့ခိုင်မှု ၊ ပို့ကုန် သွင်းကုန် အခြေအနေ ၊ ပညာရေးကျန်းမာရေးရလာဒ်တွေ နဲ့ ဒေသတွင်းမှာ ဦးဆောင်နိုင်တဲ့ အနေအထား စတဲ့ သမိုင်းအမှန်တွေကို စစ်သားစစ်ဗိုလ်တွေကို ဦးသန်းရွှေက မသိအောင် ဖုံးဖိထားပါတယ် ၊ ၁၉၆၂

    ဒေသတွင်း လူချမ်းသာ စာရင်းဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၈၈ မှာ ဒေသတွင်း ဆင်းရဲတဲ့ နိုင်ငံအဖြစ် ဘာ့ကြောင့်ရောက်သွားသလဲ ဆိုတဲ့ အချက်အလက်အမှန်တွေဟာလည်း အခုဆိုရင် စစ်တပ်အထဲမှာ ဗိုလ်ချုပ်ကြီးအဆင့်အထိ သေချာရေရာအောင် ရှင်းပြနိုင်တဲ့သူ

    တစ်ယောက်မှ မရှိတော့ပါဘူး ၊

    ၁၉၈၈ ကနေ ဒီကနေ့ ၂၀၁၄ အတွင်း မြန်မာနိုင်ငံအတွင်းမှာ ချမှတ်ဆောင်ရွက်ခဲ့တဲ့ မူဝါဒတွေ မဟာစီမံကိန်းကြီးတွေ ဟာ မြန်မာနိုင်ငံကို အနုတ်လက္ခဏာတွေသာပြခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ မြန်မာနိုင်ငံဟာ ဘိုးဘွားတွေ နှစ်ထောင်ချီ ထိန်းသိမ်းစောင့်ရှောက်

    လာတဲ့ မြေပေါ်မြေအောက်က သံယံဇာတတွေကို မတန်တရာဈေးနဲ့ တူးဆွခုတ်ထစ်ရောင်းစားနေရတဲ့ ဘဝကိုရောက်သွားတော့ တာပဲဖြစ်ပါတယ် ၊

    အဲဒီလို ၁၉၈၈ က နေ ၂၀၁၄ အတွင်း မြန်မာနိုင်ငံ ဘာကြောင့် အောက်ကျနောက်ကျ ဖြစ်သွားတာလဲဆိုတာကို စစ်သားစစ်ဗိုလ်တွေကို မေးရင် ပြည်ပက ပိတ်ဆို့ထားတာကြောင့်လို့ အစချီတဲ့ အလွတ်ကျက်ထားတဲ့ စာသားတွေကို သာရွတ်ပြနေကြမှာသာ ဖြစ်ပါတယ် ၊
    ကျွန်းသစ်တွေ ခုတ်ရောင်းနေတာတွေ ရေနံ သဘာဝဓါတ်ငွေ့တွေ တူးရောင်းနေတာတွေ ဟာ မြန်မာပြည်သူတွေ အတွက် ဘာတွေ အထောက်အကူဖြစ်ခဲ့ပါသလဲ လို့ စစ်သားစစ်ဗိုလ်တွေကို မေးကြည့်မယ်ဆိုရင် နားမလည်တဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်နေကြမှာ

    ဖြစ်ပါတယ် ၊ ဂျပန် ဘယ်လိုတိုးတက်သွားခဲ့သလဲ ၊ ဟောင်ကောင် စင်္ကာပူ တောင်ကိုးရီယား ဘယ်လိုတိုးတက်သွားသလဲ ၊ ဖိလစ်ပိုင် အင်ဒိုနီးရှား ထိုင်း မလေးရှား တို့ ရော ဘယ်လိုတိုးတက်သွားသလဲ ၊ ကမ္ဘောဒီယား လာအို နဲ့ ဗီယက်နမ် တို့ တိုးတက်မှု

    လမ်းကြောင်းပေါ် ရောက်သွားပြီလား စတဲ့ မေးခွန်းတွေကို ဆက်မေးကြည့်ပါ ၊ ဒီမေးခွန်းတွေဟာ မြန်မာပြည်နဲ့ ဘာဆိုင်လို့လဲလို့ ပြန်ပြောပါလိမ့်မယ် ၊

    ဒီလိုဆို မြန်မာပြည်ကြီး တိုးတက်အောင် ဘယ်လိုလုပ်ရမလဲလို့ ဆက်မေးရင် တရုတ်ပြည်လိုလုပ်လို့ ဦသန်းရွှေ သင်ထားတဲ့အတိုင်း တညီတညွတ်ထဲ ဖြေကြမှာပါ ၊ ဒါဆို တရုတ်ပြည်မှာ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ အရာ
    ရှိတွေကို ချက်ချင်းထောင်ချပစ်တာကို ပြောပြရင်

    တရုတ်ပြည်က လာဘ်ပေးလာဘ်ယူလုပ်တာ ဒီမှာက အဘတွေကို လေးစားလို့ ဂါရဝပြုတာလို့ စစ်ဗိုလ်တွေက ပြန်ပြောကြတာကို ကြားရမှာပါ ၊ တရုတ်ပြည်ရဲ့ တကယ် ပကတိအခြေအနေ ကို စစ်ဗိုလ်စစ်သားတွေ လုံးဝ မသိကြပါဘူး ၊

    ပြီးခဲ့တဲ့ ရက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မြန်မာပြည်သူတွေ ရာခိုင်နှုန်း ၉၀ ကျော်ထောက်ခံထားတဲ့ ဖွဲ့စည်းပုံကြီးဖြစ်တယ်လို့ ပြောသွားတာဟာ အလွန်အန္တရာယ်ကြီးတဲ့ စကားပါ ၊

    အတင်းအကျပ်လုပ်ကြံ ဖန်တီးခဲ့တဲ့ လိမ်ထားတဲ့ ဇာတ်လမ်းကြီးကို ၂၀၁၀ ဟိုဘက်ကလေသံမျိုးနဲ့ ကာကွယ်ရေးဦးစီးချုပ်က ပြောနေတာဟာ ကာကွယ်ရေးဦးစီးချုပ် အတွက်ရော စစ်တပ်အတွက်ပါ အမဲစက်ကြီးတစ်ခု ဖြစ်စေပါတယ် ၊

    မြန်မာပြည်ကို သေနတ်ပြ ခြောက်လှန့်ပြီးဆက်လက်အုပ်ချုပ်လို့ ရနိုင်တယ်ဆိုတဲ့ ဦးသန်းရွှေ ရဲ့ မကြံကောင်းမစည်ရာ အယူအဆအမှားကို စစ်တပ်တစ်ခုလုံးကို ခိုင်ခိုင်မာမာ သွတ်သွင်းလို့ ပြီးပြီဆိုတဲ့ သဘောမျိုး ကောက်ယူလို့ရပါတယ် ၊

    မြန်မာ့နိုင်ငံရေးဟာ အဖြေရှာမရတဲ့ အနေအထားမျိုး ဘာဆက်လုပ်ရမှန်းမသိအောင် ချောင်ပိတ်နေတဲ့ အနေအထားမျိုးမရောက်သေးပါဘူး ၊ ၁၉၄၈ မြန်မာနိုင်ငံ နဲ့ ဒေသတွင်းနိုင်ငံများ အခြေအနေ ၊ ၁၉၄၈ ကနေ ၁၉၆၂ အတွင်း မြန်မာနိုင်ငံ နဲ့ ဒေသတွင်းနိုင်ငံများရဲ့

    ဆောင်ရွက်ချက်များနဲ့ အကျိုးသက်ရောက်မှုများ ၊ ၁၉၆၂ က နေ ဒီကနေ့ ၂၀၁၄ အထိ မြန်မာနိုင်ငံမှာ မူဝါဒချမှတ် ဆောင်ရွက်ခဲ့တာတွေ ၊ နံဘေး နဲ့ ဒေသတွင်းက နိုင်ငံတွေရဲ့ ဆင်းရဲတွင်းက ရုန်းထွက်ပြီး ဈေးကွက်စီပွားရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်

    နေတာတွေကို လက်ရှိ စစ်တပ်က စစ်ဗိုလ် စစ်သားတွေသာ ဂဃနဏ သိရင် ဘာ့ကြောင့် မြန်မာပြည် ဒီကနေ့ ဒီလိုဖြစ်နေတယ်ဆိုတာ လွယ်လွယ်ကူကူအဖြေမှန်ကို ရှာတွေ့နိုင်ပါတယ် ၊

    လက်ရှိစစ်တပ်က စစ်ဗိုလ်စစ်သားတွေ အမြင်မှန်ဖို့ သမိုင်းကို သင်ယူလေ့လာရပါမယ် ၊ နာမည်ကျော် မြန်မာ့သမိုင်းပညာရှင် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းကို သင်ယူရခြင်း အကြောင်းအရင်းဟာ မအအောင်လို့ ဆိုတဲ့ စကားဟာ စစ်တပ်က

    စစ်ဗိုလ်စစ်သားတွေကို ရည်ရွယ်ပြောကြားခဲ့ဟန်တူပါတယ် ၊

    လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်နေပါပြီ ၊ မြန်မာ့ ဒီမိုကရေစီ အရေးကို ထောက်ခံအားပေးနေတဲ့ မိတ်ဆွေ နိုင်ငံများလည်း အခိုင်အမာ ရှိနေပါပြီ ၊ အရှေ့တိုင်းရဲ့ ခွင့်လွှတ်နားလည် ထောက်ထားမှု ဆိုတဲ့ ယဉ်ကျေးမှု ဓလေ့ကို

    အခြေခံပြီး ၂၀၁၀ ကနေ ၂၀၁၅ နှစ်အထိ ၅ နှစ်ကာလကို ဦးသန်းရွှေ အတွက် ညင်ညင်သာသာ ဆုတ်ခွာလို့ ရအောင် အချိန်ပေးထားတယ်ဆိုတာ ဦးသန်းရွှေ နားလည်မှာပါ ၊ ဦးသန်းရွှေ ရူးချင်ယောင်ဆောင်နေရင်တောင်မှ ကာကွာယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး

    မင်းအောင်လှိုင်က ဦးသန်းရွှေကို နှစ်သိမ့်ချော့မော့ပြီး နားဝင်အောင်ရှင်းပြသင့်ပါတယ် ၊ ဦးသန်းရွှေက စစ်တပ်ကို ချောက်ထဲတွန်းချနေတဲ့ အခြေအနေကို ကာကွယ်ရေးဦးစီချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ပိုက်ကြည့်မနေသင့်ပါဘူး ၊

    အခမ်းအနားတစ်ခုတွင် အဆင့်မြင့် သံတမန် တစ်ဦးက သုံးသပ်ပြောကြားသွားခြင်းဖြစ်ပါသည်
    (နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)

ကိုမိုးသီးဇွန်ရဲ့နိုင်ငံသားအခြေအနေ

“ဟော့နယူးစ်ဂျာနယ် - အတွဲ ၄၊ အမှတ် ၁၇၄”

မြစ်ဆုံရှုခင်းပုံဆိုင်းဘုတ်ကို စိုက်ထူ


ခွန် ဒီးယမ်
ဇန်နဝါရီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ၆၆ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ခရစ်ယာန် ဘာသာဆရာတွေ၊ မြို့မိမြို့ဖတွေနဲ့ NLD ပါတီဝင်တွေ ပူးပေါင်းပြီး မြစ်ဆုံရှုခင်းပုံဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရန်နိုးဆော်သည့် ဆိုင်းဘုတ်အား မနောကွင်းရှေ့တွင် စိုက်ထူ

11 Jan 2014
by Kachinwave News

(၆၆) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် “ဤမြစ်ဆုံအလှသည် ကမ္ဘာတည်သရွှေ့ လှပနိုင်ပါစေ ၀ိုင်းဝန်းကာကွယ်ကြပါစို့” ဆိုသည့် စာတန်းပါသည့် ဆိုင်းဘုတ်အား မြစ်ကြီးနားမြို့ရှိ မနောကွင်းရှေ့တွင် ဒေသခံ မြစ်ဆုံစီမံကိန်းကို မလိုလားသူများစုပေါင်းပြီး စိုက်ထိုခဲ့ကြောင်း သတင်းရရှိသည်။ (၆၆) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် (၂၀၁၅)အထိ ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းအား နောက်အစိုးရ လက်ထက်တွင်လည်း ဆက်လက်လုပ်ဆောင်မှု မပြုဖို့ အတွက် ပြည်သူများအားလုံး ပူပေါင်းတားမြစ်ရန် နိုးဆော်သည့် အနေနှင့် စိုက်ထိုးခဲ့ခြင်းဖြစ်သည်။ “၆၆ နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့် အနေနှင့် အရန်းလှပတဲ့ မြစ်ဆုံပုံကို ကျွန်တော်တို့ ပြခြင်းဖြစ်တယ်။ မြစ်ဆုံကို အလုံးဝိုင်းပြီး ကန့်ကွက်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဆိုင်းဘုတ် ထောင်ခြင်းဖြစ်တယ်။ ’ဟု ဖာသာနော်ဒင့်ကဆိုသည်။ Cpi အနေနဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြည်သူတွေအနေနဲ့လည်း ဆန္ဒပြသည့် အထိ ပြုလုပ်ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ခွင့်ပြုမည့် သူလဲ နောက်နောင်လည်း မရှိတော့ဘူးလို့ ယုံကြည်ထားကြောင်း ဖာသာနော်ဒင့်မှ ဆက်လက်ဆိုသည်။ ကချင်ပြည်နယ်လူမှုအဖွဲ့အစည်းများ နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ ကိုမြအေးတို့အဖွဲ့ မြစ်ကြီးနားမြို့ မဒီယာ ဟိုတယ်တွင် ဒီဇင်ဘာ ၁၁ နေ့တွင်တွေ့ဆုံစဉ်လည်း ၂၀၁၅ အကုန်ပြန်လည် ထွက်ပေါ်လာမည့် မြစ်ဆုံစီမံကိန်းအား ဆက်လက်ကန့်ကွက်ရမည်ဖြစ်ပြီး နည်းလမ်းရှာရမည် ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြသည်။ (၆၆) နှစ်မြောက်ကချင်ပြည်နယ်နေ့ အခမ်းအနားအား မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အစိုးရနှင့် ကချင်နှစ်ခြင်းခရစ်ယာန်လူငယ်များမှ အခမ်းအနားများ အသီးသီးကျင်းပခဲ့ကြသည်။


OIC အစ္စလမ်မစ် လခြမ်းစိမ်းနဲ့ မြန်မာ့သန်းခေါင်စာရင်းလိုဂို

ကျွန်တော်၏ အမြင်တွင်တော့ ထူးဆန်းလှပါသည်



“အဓိက နိုင်ငံရေးပါတီကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင်၊ အဓိက လွှတ်တော် ကော်မတီ တစ်ခု၏ ဥက္ကဋ္ဌလည်း ဖြစ်ကာ၊ နိုင်ငံအောင်မြင်ရေး နှင့် အင်အားရှိရေး အတွက် သတ္တိရှိသော မျိုးချစ်ပုဂ္ဂိုလ် တစ်ဦးအဖြစ် ဆယ်စုနှစ်နှင့်ချီကာ အနစ်နာခံခဲ့သူလည်း ဖြစ်ပြီး၊ ပြည်သူ များကြားတွင်လည်း အလွန် လူကြိုက်များသော သူတစ်ဦးအား သမ္မတ အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခွင့်မှ ချန်လှပ်ထားမည်ဆိုသည့် ကိစ္စမှာ၊ မြန်မာနိုင်ငံအား ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ်သို့ ရောက်ရှိစေချင်သော လေ့လာသူ တစ်ဦးဖြစ်သည့် ကျွန်တော်၏ အမြင်တွင်တော့ ထူးဆန်းလှပါသည်။”


“ပါတီများနှင့် ခေါင်းဆောင်များကို ပြည်သူများစိတ်ကြိုက်ရွေးချယ်နိုင်မည့် မျှတသော ယှဉ်ပြိုင်မှု မျိုးကို သူ့အနေဖြင့် လိုလားပြီး၊ အနိုင်ရသူက အောင်မြင် မှုဆွတ်ခူးနိုင်မည် ဖြစ်သလို၊ ရှုံးနိမ့်သူ ကလည်း သစ္စာရှိသော အတိုက်အခံ အဖြစ်ဖြင့် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုမှ ဆက်လက် ပါဝင်ကာ နောက်ထပ် ရွေးကောက်ပွဲတစ်ခုကို စောင့်မျှော်ကာ ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သူ (သူရဦးရွှေမန်း) က ပြောခဲ့သည်” ဟု မစ္စတာ Mitchell က ဖော်ပြထားသည်။
“အဲဒါဟာ အလွန် ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်ပါ၊ အလွန် ဒီမိုကရေစီဆန်တဲ့ ရပ်တည်ချက်ပါ။ အဲဒီ အမြင်အတွက် ကျွန်တော် သူ့ကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု မစ္စတာ Mitchell က ဆိုသည်။
“အခြားသူများ အနေဖြင့် အဘယ်ကြောင့် ထိုကဲ့သို့ မရှုမြင်ကြသည်လဲ ဆိုသည် ကို လေ့လာသူ တစ်ယောက်ဖြစ်သော ကျွန်တော့်အနေဖြင့် အံ့သြမိပြန်ပါသည်” ဟု မစ္စတာ Mitchell က ဖော်ပြ ထားသည်။

-- Derek Mitchell --
   အမေရိကန်သံအမတ်

အမေစုက တိုင်းရင်းသားတွေဆီမှာ လှူချင်ပါတယ်



ဆရာတော် ရှင်ဆန္ဒာဓိကနှင့်အတူ ချင်းပြည်နယ်ခရီးစဉ် လိုက်ပါခဲ့တဲ့ အနီးကပ် ဒါကာ ကိုထွန်းထွန်းဝင်း ရေးသည် ။

မနက် ၆ နာ၇ီ ၄၅ မိနစ်မှာ ကားတန်းထွက်မယ်ဆိုတော့ ၆ နာရီ မနက်စာစား .. ကလေးမြို့ကနေ ကျွန်တော်တို့ ဘုန်းဘုန်းနဲ့အတူ အမေစု ကားတန်း မထွက်ခင် အရင်ထွက်လာခဲ့တယ် .. တစ်နာရီကျော် မောင်းရမယ်တဲ့ .. ဘုန်းဘုန်းကနေ ပညာရေးကျောင်း လက်ဆောင်မွန်ကို အမေစုအတွက် လှူပေးချင်ကြောင်းပြောတော့ အမေစုက တိုင်းရင်းသားတွေဆီမှာ လှူချင်ပါတယ် ဘုရားလို့ပြောတယ် .. ဒါနဲ့ ချင်းပြည်နယ် တီးတိန် ပြည်သူ့လွှတ်တော်အမတ် ဦးပုန်ခန့်အင်းရဲ့ အကြံပေးချက်အရ ကလေးမြို့နဲ့ တစ်နာရီကျော် မောင်းရတဲ့ ရွာငယ်လေးမှာ သိန်း ၅၂၀ အကုန်အကျခံ တည်ဆောက်ခဲ့တာပါ (ဘုန်းဘုန်းရဲ့ ကျောင်းဖွှင့်ပွဲအမှာစကားမှ) ..

ကလေးမြို့ ကနေ ထွက်လာပြီး လမ်းတစ်လျှောက်ကတော့ ရွာစဉ်တွေဖြတ်၊ လယ်တွေဖြတ် ဖုန်ထူတဲ့ မြေကြီးလမ်းပေါ့ .. ဒါပေမဲ့ရွာစဉ်တွေ ဖြတ်တဲ့အချိန်မှာ တွေ့ရတာက လမ်းတွေမှာ ရေတွေဖြန်းပေးထားပြီး ရွာလုံးကျွတ်တန်းစီစောင့်ကြိုနေတာပါ .. စဉ်းစားမိတယ် .. မေတ္တာ ရောင်ပြန်ဟပ်တာပဲလို့ .. ဘယ်သူမှ အတင်းအဓမ္မတိုက်တွန်းပီး ရေဖြန်းခိုင်းတာ၊ ကြိုခိုင်းတာ ရှိမှာမဟုတ် .. ပြည်သူကိုချစ်တဲ့အမေကို ပြည်သူကပြန်ချစ်ခင်တာပါ .. မကြိုက်တဲ့ သူလဲ ရှိမှာပေါ့..

အဲလို မကြိုက်တဲ့သူတွေ မနာလိုဖြစ်လဲဖြစ်ချင်စရာပါ .. ကြည့်လေ.... ဖုန်မထအောင် ရေဖြန်း ထားပေးတာ၊ တအိမ် တယောက် မတက်မနေရမဟုတ်ပဲ အိမ်လုံးကျွတ်ကြိုကြတာ၊ ဒီဓါတ်ပုံ ထဲကလို တချို့ဆိုရင် စားစရာတွေ ပန်းတွေကမ်းပေးကြတယ် .. တကယ်နှဖူးတွေ့ ဒူးတွေ့ ကြုံရတော့ မျက်ရေဝဲလောက်အောင် ကြည်နူးစရာကောင်းလှပါတယ် .. အမေစုက အလုပ် အရမ်းလုပ်သူဆိုတော့ အချိန်သိပ်မရပေမယ့် ဘုန်းဘုန်းရဲ့ ကျောင်းအလှူဖွင့်ပွဲကို ချင်းပြည် ခရီးစဉ်နဲ့ နှစ်ဦးနှစ်ဘက်ချိန်ပြီး တက်ရောက်လာဖြစ်တာပါ ..

အဲဒီကပြီးတာနဲ့ အမေစုက အရင်ပြန်တယ်.. ဘုန်းဘုန်းနဲ့ ကျွန်တော်တို့အဖွဲ့သားတွေ က အေးအေးဆေးဆေး အဖွဲ့လိုက် ဓါတ်ပုံတွေ ရိုက်ပြီးမှ ပြန်တယ်.. ကလေး ပြန်ရောက်တော့ ဘုန်းဘုန်းလဲ နေ့ဆွမ်းစား .. ကိုယ်တွေလဲ နေ့လယ်စာစားပေါ့ ..

အဲဒီအချိန် အမေစုကတော့ ကလေးကနေ တီးတိန်ကို ညနေ ၄ နာရီ ပြည်သူနဲ့တွေ့ဆုံပွဲ အမှီ ထွက်ခွါသွားပါပြီ .. ဘုန်းဘုန်းနဲ့ ကျွန်တော်တို့လဲ နေ့ခင်းဘက်မှာ တီးတိန်ကို ခရီးဆက်တယ် .. အမေစု ခရီးစဉ်နဲ့ မပတ်သတ်တော့ပါဘူး .. နောက်နေ့ မနက်ကိုယ်တွေနိုးတော့ မျက်နှာမသစ် ရသေးဘူး.. အိပ်ခန်းကနေ လှမ်းတွေ့လိုက်တယ် .. အမေစုရဲ့ ကားတန်း စောစောစီးစီး ၂ံ C လောက်မှာ ဖလမ်းနဲ့ ဟားခါးကို ထွက်ခွါသွားတာတွေ့လိုက်ရတယ် .. .. တောင်တွေ ထူထပ်ပြီး လမ်းတွေကကြမ်း၊ ကျဉ်းကလဲကျဉ်း၊ ကားတခုခုကြောင့် ဘေးတချက် ရောက်တာနဲ့ အောက် ကို ပြုတ်ကျမှာ .. အရမ်းအန္တရာယ်များပါတယ် ..

ဘုန်းဘုန်းနဲ့ကိုယ်တို့တစ်ဖွဲ့လုံးကတော့ မှတ်ချက်ချတယ် "" အော် အမေစု အသက်လဲကြီးပြီ .. လူငယ်တွေထက် အပင်ပန်းခံနိုင်ပြီး ပြည်သူအတွက် လုပ်ပေးနေတာပဲ"" ဆိုတော့ တစ်ယောက်က ပြောတယ်.. "ဒါတွေကို မမြင်မသိပဲ အပြစ်ပြောနေသူတွေက ရှိတယ်တဲ့" နောက်တယောက်ကတော့ "" အဲဒီလိုလုပ်ပေးနေရတာကိုက သူ့ ဝဋ်ကြွေးပဲနေ မှာနော်တဲ့"

ဘာပဲပြောပြော အာဇာနည်တွေကတော့ ဘယ်သူပြောတာမှ ဂရုစိုက်မှာမဟုတ်ပါဘူး .. တိုင်းပြည်နဲ့ လူမျိုးအတွက် သေတဲ့အထိ တိုက်ပွဲဝင်နေမှာ မြင်မိတယ် ။

www.facebook.com/tun.win.98

ဒေါ်စု ဟားခါးမြို့ ပြည်ထောင်စုရိပ်သာမှာ မတည်းခိုခဲ့တဲ့ အကြောင်းအရင်း အမှန်



ဒေါ်အောင်ဆန်းစုကြည်ချင်းပြည်နယ်ခရီးစဉ်အတွက် ဟားခါးမှာ ပြည်ထောင်စု ရိပ်သာမှာ အခန်း ၁၅ ခန်း ကြိုတင်ဘွတ်ခ်လုပ်ထားခဲ့တယ်လို့သိရပါတယ် ။ ဟားခါးကို ရောက်တဲ့ အချိန်မှာ ၆ ခန်းပဲ ရမယ်လို့ အကြောင်းပြန်ခဲ့ပါတယ် ။ အဆိုပါ ပြည်ထောင်စုရိပ်သာမှာ အခန်း ၃၄ ခန်းရှိပြီး အခန်း ၂ ခန်းမှာ နိုင်ငံခြား သားများ တည်းခိုနေတယ်လို့ သိရပါတယ် ။

အခန်းတွေ ရှိရက်သားနဲ့ ဘာကြောင့် ဘွတ်ခ်လုပ်ထားတဲ့ ကျန်အခန်းတွေကို မပေးနိုင်ဖူးလို့ ပြောတာလဲလို့ ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ် ၀န်ကြီးကို မေးတဲ့အခါမှာ ၊ ကျန်တာတွေက Reserve ထားရလို့ပါလို့ ပြန်ပြော ခဲ့ပါတယ် ။ ဘာအတွက် Reserve ထားတာလဲ ကြိုမှာ ထားလို့လား ၊ ဘယ်နိုင်ငံ မှာဖြစ်ဖြစ် ကြိုမှာထားမှ Reserve ထားရတာပါ ။ ကြိုမှာထားတာ မရှိရင် ရောက်လာတဲ့သူကို ဦးစားပေးရမှာပေါ့ လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပြီး အဖွဲ့သားအားလုံး တစ်စုတစ်စည်းထဲ တည်းခွင့်ရဖို့ပြောခဲ့ပါတယ် ။

ဒါပေမဲ့ ဘယ်လိုမှပြောမရပဲ ၆ ခန်းပဲပေးတဲ့အတွက် သတင်းထောက်များအတွက် စီစဉ်ထားတဲ့ ချယ်ရီ တည်းခိုခန်းမှာ သွားရောက်တည်းခဲ့တာဖြစ်တယ် လို့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှ သိရပါတယ် ။ ဒေါက်တာမြင့်နိုင် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီ ချင်းပြည်နယ်ဝန်ကြီး စကားပြောဆိုနေချိန် မှာ အနားမှာ အတူရှိနေခဲ့ပါတယ် ။

ဖြစ်စဉ်အရတော့ ဒေါ်အောင်ဆန်းစုကြည် ဖလမ်းအရောက်မှာ ၀န်ထမ်းတွေ ကို ဟောပြောပွဲ မတက်ရ ဖူးလို့ တားမြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ပါတယ် ။ အဲဒီမှာ ၀န်ကြီးချုပ်က ရုံးချိန်မို့ပါ လို့ ပြောခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် က ကျမက မနက် ၈း၀၀ နာရီဟောမှာ ရုံးချိန် မဟုတ်ဖူး လို့ ပြန်ပြောခဲ့ပါတယ် ။ နောက်ပြီး ဆရာ/မတွေ ကျောင်းသားတွေ ကို ဟောပြောပွဲမသွားရလို့ တားမြစ်ထားတာကို သိရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ် ။ ကျောင်းသား နိုင်ငံရေးမလုပ်လို့ နိုင်ငံရေး အလေ့အကျင့်မရှိရင် နိုင်ငံကို ဘယ်သူက ဦးဆောင်မှာလဲ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ် ။ အဲဒီနောက်မှာ ကျောင်းထဲက ကျောင်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ သိရ ပါတယ် ။ အဲဒီကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၀န်ကြီးချုပ်ကို သတိပေး စကားပြောခဲ့တယ်လို့ သိရပါတယ် ။ (ဟောပြောရာမှလဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်)

အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည် ချယ်ရီတည်းခိုခန်းမှာ အဖွဲ့သားများ နဲ့အတူ တစ်စု တစ်စည်းထဲ သွားရောက်တည်းခိုခဲ့ပါတယ် ။ လတ်တလော သိရတဲ့သတင်းကို တင်ပေးတာဖြစ် ပါတယ် အတူလိုက်ပါသွားတဲ့ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်ထံမှ ဖုန်းသတင်း ရတာဖြစ်ပါတယ် ။

-- ထင်လင်းဦး --