Sunday, January 12, 2014

ကြမ်းတမ်းတဲ့ခရီးတွေမမောနိုင်မပမ်းနိုင် ချင်းပြည်နယ်ခရီးစဉ်

မှတ်ပုံတင် လျှောက်ထား သူများ ပြည်ခိုင်ဖြိုး ပါတီကတ်ပြားရရှိ

RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်က ကျေးရွာ ၆ ရွာမှာ အမျိုးသားမှတ်ပုံတင် လျှောက်ထားသူတွေကို အမျိုးသားမှတ်ပုံတင်အပြင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးတဲ့အတွက် အရာတော်မြို့မှာ မနေ့က ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အရာတော်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက RFA ကို အခုလို ပြောပါတယ်။

“မြို့ပေါ်လောက်သာ သူတို့က ဖြန့်တာပေါ့လေ၊ နယ်တွေမှာတော့ အဲလိုမှတ်ပုံတင်လုပ် လိုက်ရင် ပြည်ခိုင်ဖြိုးကတ်တွေက ပါပါလာတယ်၊ နောက်လက်မှတ်တွေ ဆိုတာကလည်း ကာယကံရှင်တွေ မထိုးရဘူး၊ တချို့ဆိုရင် ကတ်တစ်ခုမှာဆိုရင် အရှေ့က မမြဝင်းပေါ့ အနောက်ကနေ လွင် ဆိုပြီးတော့ တစ်ယောက်တည်းထိုးတော့ အဲလိုလက်မှတ်တွေ အမှားတွေနဲ့ ကျနော်ကတော့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ထင်ပါတယ်၊ လွတ်လပ်စွာ အသင်းအပင်း ဝင်ခွင့်ရှိတယ်ဆိုတာက လွတ်လွတ်လပ်လပ် ဝင်လို့ရတယ်၊ မဝင်ချင်ပဲ နေလို့ရတယ်၊ မဝင်ချင်တာကို အတုလုပ်ပြီးတော့ ကိုယ်လည်းလက်မှတ်မထိုးဘူး၊ လျှောက်လည်း မလျှောက်ပဲနဲ့ အတင်းအဓမ္မကို သြဇာသုံးပြီး အသင်းဝင်အဖြစ် သွင်းတာပေါ့”

အရာတော်မြို့နယ်က ဖုတ်ကုန်းရွာ၊ ရှောက်ခါးရွာ၊ ဇီးပင်လယ်ရွာ၊ ထန်းကြီးရွာ၊ အိုးကိုကုန်းရွာနဲ့ ညောင်ဒူးရွာက ကျေးရွာသူ ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။ အဲဒီကျေးရွာတွေက လူဦးရေ ၁၆၇ ဦးကို သူတို့ပါတီဝင်အဖြစ် လျှောက်ထားခြင်းမရှိပဲ ကြံ့ခိုင်ရေးပါတီဝင်ကတ်တွေကို ထုတ်ပေးသွားခဲ့တာလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်ကတည်းက မှတ်ပုံတင်လျှောက်ထားသူတွေထဲက တစ်ချို့ကို ပြည်ခိုင်ဖြိုးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးနေတာလို့ ပြောပါတယ်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အရာတော်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကံထွန်း ပြောပြချက်အရ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် လျှောက်ထားသူမဟုတ်ရင် မည်သူ့ကိုမှ ပါတီဝင်ကတ်တွေ ထုတ်ပေးတာမရှိဘူးလို့ ပြောပါတယ်။

မာယာအပြည့်နဲ့ကြံ့ဖွတ်ပါတီ



Nik Nayman

၂၀၁၅ ခုနှစ်မှာ ရွှေမန်း သမ္မတဖြစ်ဖို့ ။
====================

တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တစ်ချိန်တုန်းက ဗိုလ်မှူးကြီးတွေထဲမှာ လေ့လာတွေ့ ရှိချက်အရ အာဏာကိုသာ ယစ်မူးနေတဲ့ ကိုယ်ကျိုးကိုသာ မက်မောနေတဲ့ လာဘ်စားနေတဲ့ တပ်မတော်ကို ခုတုံးလုပ်နေတဲ့ သန်းရွှေတို့  ဗိုလ်ချုပ်ကြီးတွေထက် အရည်အချင်းထက်မြက်သူတွေ တိုင်းပြည်ကောင်းကျိုးကို တိုးတက်လိုလားသူတွေ ရှိနေတာတွေ့ ခဲ့ရတယ်။

ဒီဗိုလ်မှူးကြီးတွေထဲက အချို့ က တိုင်းပြည်အတွက် ကောင်းစေချင်တဲ့ စေတနာအစစ်အမှန်နဲ့  တင်ပြတဲ့ စီးပွားရေး၊ ပညာရေး၊ စက်မှုအတတ်ပညာအရေး၊ သဘာဝဖွံ့ ဖြိုးတိုးတက်ရေး၊ ပြည်သူ့ ဘ၀တိုးတက်ရေးတို့ အတွက် တင်ပြချက်တွေကို အပေါ်က သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေက မသိချင်ယောင်ဆောင်ပြီး ပယ်ချထားကြတယ်။ ပယ်ချရုံတင်မကဖူး ချောင်ထိုးထားခဲ့တယ်။

ဒီဗိုလ်မှူးကြီးတွေထဲကနေ အနည်းစုဖြစ်တဲ့ သူတို့ ဗိုလ်ချူပ်ကြီးတွေကို ဖားတဲ့ ပညာတတ်ပြီး ကိုယ်ပိုင်အသိဥာဏ် ခေါင်းပါးတဲ့သူလောက်ကိုသာ အရေးတယူလုပ်ပြီး၊ အများစုဖြစ်တဲ့ ခောတ်ပညာတတ်ဗိုလ်မှူးကြီးတွေကိုကျတော့ ချောင်ထိုးထားခဲ့ကြတယ်။

ရွှေမန်းဆိုရင်လည်း ဗိုလ်မှူးကြီးဘ၀ကနေတက်လာတာ။ ကိုယ်ပိုင်အမှတ် (ကြည်း ၁၁၅၃၄)၊ တမခ (၆၆) ကနေ တက်လာတာ။ အဲ့ဒီအချိန်မှာ သူရဲ့ ရာထူးအတူတူ ဒါပေမယ့် ကိုယ်ပိုင်အမှတ်စဉ် စောတဲ့သူ သူ့ အထက်မှာ (၂၄) ယောက်ကျော် ရှိတယ်။ စစ်ရေးအရည်အချင်းရော ပညာအရည်အချင်းရော သာတဲ့သူတွေ ရှိတယ်။ သူက အားလုံးထက်ကျော်ပြီး အထက်ရောက်သွားတာကတော့ ထုံးစံအတိုင်းပေါ့။ ဖားတတ်တဲ့ဥာဉ်ပါပြီး သခင်မွေးတော့ နေ့ ချင်းညချင်းကြီး ဖြစ်သွားတာပေါ့။ သူကလည်း ထုံးစံအတိုင်း သခင်အားရ ကျွန်ပါးဝဆိုတာလို ကိုယ်ထက် စီနီယာကျခဲ့တဲ့သူတွေကို မထီမဲ့မင် အာဏာပြတော့တာပေါ့။ သန်းရွှေရဲ့  လက်ရုံးတော်ကြီးဖြစ်တော့ သူ့ ထက် စီနီယာသမား ဗိုလ်မှုးကြီးအဆင့်တူသူတွေကို ဖြုတ်ထုတ်သတ် လမ်းစဉ်နဲ့  ဘေးမဲ့ပေးလိုက်တော့တာပေါ့။

ဒါပေမယ့်လည်း သူ့ ကို သစ္စာခံနိုင်တဲ့ ကျွန်ယုံတော်ကြီးများကိုတော့ မွေးခဲ့ပါတယ်။ ဗိုလ်မှူးကြီးရာထူးတူ ကိုယ်ပိုင်အမှတ်စဉ်နောက်ကျတဲ့ ကျော်ဆန်း၊ ခင်အောင်မြင့်၊ အောင်မင်းနဲ့  ဌေးဦးတို့ ကိုတော့ ရွှေမန်းက သူ့ ရဲ့  သြဇာသက်တမ်းတစ်လျှောက်လုံး သြဇာခံ မွေးခဲ့တာတော့ အခုလက်ရှိထိဘဲ ဆိုပါတော့။

ဒါကြောင့် ၂၀၁၅ ခုနှစ်မှာ ရွှေမန်း သမ္မတဖြစ်ဖို့ အတွက် သန်းစိန်က ဖယ်ပေးရမှာဖြစ်ပြီး ရွှေမန်းရဲ့  အမာခံ ကျွန်ယုံတော်ကြီးများဖြစ်တဲ့ ကျော်ဆန်း၊ ခင်အောင်မြင့်၊ အောင်မင်းနဲ့  ဌေးဦးတို့ က အဓိက အခန်းကဏ္ဍကနေ ဖန်တီး အကွက်ချ စီစဉ်နေတယ်ဆိုတာ အံ့သြစရာ မရှိပါဖူး။

အာဏာရှင်တွေရဲ့  လှည့်ဖြားမှုကို အကြိမ်ကြိမ် အခါအခါ ထပ်မခံကြရစေဖို့ ။
========================================
လက်ရှိသမ္မတ သိန်းစိန်တို့  လွှတ်တော်ဥက္ကဌ ရွှေမန်းတို့ ဆိုတာ တစ်ဥထဲက ပေါက်ဖွားလာတဲ့ တစ်သားထဲမွေးတွေပါ။

၁၉၆၂ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ နေ၀င်းရဲ့  ဒူးမနာသား ဖြစ်တဲ့ သန်းရွှေကနေ သူ့ လက်ထက်မှာ စစ်အစိုးရလို့  ခေါ်ဝေါ်သမုတ်ခံနေရတာကို နှစ်ပေါင်းမြောက်မြားစွာ အသိအမှတ်ပြု မခံရတာကို မခံမရပ်ဖြစ်နေပြီး ပြည်သူ့ အစ်ုးရဆိုတဲ့ အရပ်သားအရေခြုံ အစိုးရဖြစ်အောင် ဆန္ဒပြင်းပြခဲ့တာမို့  အမျိုးမျိုးသော ကောက်ကျစ်လှည့်ဖြားမှုများ ပြုလုပ်ကာ ၂၀၀၈ ခုနှစ် တစ်ဖက်သတ် အခြေခံဥပဒေကို ပြဋ္ဌာန်း ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကလိမ်ကကျစ် ဆောင်ရွက်ကာ ပေါ်ပေါက်လာခဲ့တဲ့ ဘောင်းဘီချွတ် ချိတ်ထမီဝတ်တွေ အုပ်ချူပ်စေခိုင်းတဲ့နေရာမှာ ပထမသက်တမ်းအတွက် ပြည်သူလူထုကို အပျော့ဆွဲ ချွဲနွဲပြောဆိုဖို့  သနားစရာမျက်နှာနဲ့  လျှာရိုးမရှိပြောတတ်တဲ့ ညောင်နာနာအသံပိုင်ရှင် သိန်းစိန်ကို သမ္မတအဖြစ်လည်းကောင်း၊ အပြောမှာတော့ ရွှန်းရွှန်းဝေအောင် ဟန်ဆောင်ညာဖြား ပြောဆိုတတ် တကယ်အဟုတ်လိုလို အပိုလုပ်ပြောတတ် ဇာတ်ပြောဆရာ ရွှေမန်းကို လွှတ်တော်နေရာမှာ ထိန်းချုပ်ဖို့  ဥက္ကဌအဖြစ်လည်းကောင်း အစီအစဉ်ကျကျ စေခိုင်းခဲ့တာပါ။

တကယ်တော့ ရွှေမန်းဟာ သိန်းစိန်ထက် ရာထူးမြင့်တဲ့ သူပါ၊ ဒါပေမယ့် သန်းရွှေရဲ့  ကြိုးဆွဲရာမှာ ကရတာမို့  ခိုင်းတဲ့အတိုင်း လုပ်ရသလို၊ ပြည်သူလူထုကို သွေးတိုးစမ်းဖို့  ရှေ့ ခရီးစဉ်မှာ အောင်မြင်နိုင်ဖို့  ခြေတစ်လှမ်းဆုတ်ပြီး ၂၀၁၀ မှာ သမ္မတမဖြစ်ရဘဲ လာမယ့် ၂၀၁၅ ကို သမ္မတဖြစ်ရဖို့  ဖန်တီးခံခဲ့ရတာပါ။

၂၀၁၀ ခုနှစ်မှာ သမ္မတဖြစ်ခဲ့တဲ့ သိန်းစိန်ဟာ မကြာခင်မှာ သမ္မတရာထူးကနေ ထွက်ရတော့မှာပါ၊ သန်းရွှေရဲ့  ဒူးမနာသားတွေဖြစ်ကြတဲ့ မင်းအောင်လှိုင်တို့  အောင်သောင်းတို့  အောင်မင်းတို့  ဌေးဦးတို့  စိုးသိန်းတို့ က ရွှေမန်း သမ္မတဖြစ်ရေးအတွက် ကြံ့ ဖွတ်အင်အား နောက်ထပ်တိုးလာမယ့် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးအသင်းအဖွဲ့ တို့ နဲ့  တွန်းအားပေးကြတော့မှာ ဖြစ်ပါတယ်။ ထို့ အတူ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို များပြားအောင် ဖန်တီးမှုနဲ့ အတူ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြင်းအထန် လုပ်ကြံတိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။

သိန်းစိန် ရွှေမန်းတို့  အားလုံးဟာ အတူတူဘဲဆိုတာ အာဏာရှင်တွေရဲ့  လှည့်ဖြားမှုကို ထပ်မခံကြရစေဖို့  ရဟန်းရှင်လူပြည်သူလူထုအား အကြိမ်ကြိမ် အဖန်ဖန်မက သတိထပ်ပေးလိုက်ရပါတယ်။ အထူးသဖြင့် အာဏာရှင်တွေ လှည့်ဖြားမှုဖြစ်တဲ့ လူမျိုး ဘာသာရေး ပဋိပက္ခတွေကို ရောယောင် မပါမိဖို့ နဲ့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ကျရောက်နိုင်မယ့် ဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးပေးဖို့  အရေးကြီးဆုံး အချိန်ကာလ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးလိုက်ရပါတယ်။

ဒီမိုကရေ စစ်ကာချုပ်က စစ်အာဏာရှင် ချမှတ်ခဲ့တာတွေကို မသွေမတိမ်း လိုက်နာမယ်တဲ့

ဦးအောင်သောင်းကကြံ့ဖွတ်ပါတီကို တပ်မတော်က မွေးဖွားပေးခဲ့တယ် ဆို



ငရဲသား

အဲတာဆိုရင်.. မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ပြည်ခိုင်ဖြိုး အသင်းကြီး ဖွဲ့စည်းချိန်နဲ့ ... တန်းတူ ဖြစ်လာတဲ့ .. ပြည်ခိုင်ဖြိုး အသင်းထဲမှာ ပါဝင်ပတ်သက်နေတဲ့ .. လယ်သိမ်း ယာသိမ်း .. စီးပွားရေး လက်ဝါးကြီးအုပ် ဂုတ်သွေးစုတ် အမြတ်ထုတ်နေတဲ့ ခရိုနီတွေဟာလည်း ..။ တပ်မတော်က မွေးဖွားပေးလိုက်တာပဲ..။
တရားဥပဒေအပေါ်က မထေမဲ့မြင် သောင်းကျန်း စည်းစိမ်ခံစားနေတဲ့ ပိုင်ရာဆိုင်ရာ လူကြီး သားသမီးတွေ စစ် ခရိုနီတွေဟာလည်း .. တပ်မတော်က မွေးဖွားပေးလိုက်တာပဲ..။
အေးဓါးပြတိုက် ..ပြည်သူ့ဘဏ္ဍာ ခိုးယူ .. တိုင်းပြည် မွဲတေ စုတ်ပြတ်သွားပြီး LDC နိုင်ငံ စာရင်းထဲကို ရောက်သွားတဲ့အထိ .. .၀န်ကြီးဌာနတစ်ခုလုံး ရစရာမရှိလို့ စုတ်ပြတ်သတ်ပြီး ဌာနကို နာမည်ပြောင်း reform လုပ်ခဲ့ရတဲ့ အထိ စီမံခဲ့တဲ့ .. ၀န်ကြီးတွေ ဌာနဆိုင်ရာ အရာရှိတွေ သူခိုးကြီး၊ သူခိုးငယ်တွေလည်း ..။ တပ်မတော်က မွေးဖွားပေးလိုက်တာပဲ. .။
နိုင်ငံ အချုပ်အခြာ အာဏာကို ထိပါးစေမယ့် စီမံကိန်းတွေ အကောင်အထည်ဖော်ပြီး မိမိ အာဏာ ရာထူး စည်းစိမ်အတွက် ရောင်းစားနေတဲ့ .. တရားမ၀င် ၀င်ရောက်သူ ကုလား တရုတ်တွေ ကို နေရာပေး လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ .. ပြည်သူ့လွှတ်တော် အဆင့်ဆင့်အထိ ရွေးချယ်ခွင့်ပြုခဲ့တဲ့ .. သိန်းပေါင်းများစွာသော ဘင်္ဂလီတွေကို မိမိတို့ မဲရရှိရေးအတွက် သက်သေခံလက်မှတ်တွေ ထုတ်ပေးခဲ့တဲ့ .. နောက်လည်း တရားဝင်အောင် ဘောင်ထဲက ဆွဲခေါ်မယ့် အမျိုးသား သစ္စာဖောက်တွေကလည်း တပ်မတ်ာက မွေးဖွားပေးလိုက်တာပဲ ....။ - - - -
ဦးအောင်သောင်း ပြောမှပဲ ... တပ်မတော် .. တော်တော် သိက္ခာတက်သွားတယ်ဗျာ..


ကနေဒါ ကမ္ဘာကျော် Niagara fall ရေခဲခြင်းဖြင့်ကြုံ

မက်သနောဂါလံငါးထောင် မြစ်ထဲကိုယိုစိမ့် အမေရိကန် မြို့နယ် ၉ ခု အရေးပေါ်အခြေအနေ ကြေညာ




 DVB

January 12, 2014

အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ်က လူ ၃ သိန်းလောက်ဟာ ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ချိုးစရာ သုံးစရာ ရေချို မရှိတဲ့ ဒုတိယညကို ဖြတ်သန်းနေရပါတယ်။

ပြည်နယ်ရဲ့မြို့တော် ချာလ်စ်တွန်နားက အဲ့လ်ခ် မြစ်ထဲကို ဓာတုဖိတ်စင်မှု ဖြစ်ခဲ့တာပါ။ ခုတော့ ဓာတုပစ္စည်းပမာဏ လျော့ကျလာနေပါပြီ။ စက်မှုလုပ်ငန်းသုံး ဖိုးမီသိုင်းစိုင် ကလိုဟက်ဆိင်း မက်သနော လို့ခေါ်တဲ့ ခရုဒ် MCHM ဂါလံငါးထောင်က ဇန်န၀ါရီ ၉ ရက်နေ့မှာ မြစ်ထဲကိုယိုစိမ့်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး အီးယ် ရေး တွန်ဘလင်က စီအင်အင်သတင်းဌာနကို ပြောပါတယ်။

ဒါကြောင့် ဇန်န၀ါရီ ၁၀ ရက်နေ့မှာ မြို့နယ် ၉ ခုကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး သမ္မတ အိုဘားမားကတော့ အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ခုလို ဓာတုဖိတ်စင်မှုကြောင့် အနောက်ဗာဂျီးနီးယား ပြည်နယ်ရဲ့ အကြီးဆုံးမြို့ ချာလ်စ်တွန်မှာ ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ခဲ့ ရပါတယ်။

ပြည်နယ်ရဲ့ အကြီးဆုံး ရေသန့်စင်စက်ရုံရဲ့ ဥက္ကဌ ဂျက်ဖ် မက်အင်တူးဟာ ကတော့ ဘယ်အချိန်ရောက်မှ ရေက သုံးဖို့ စိတ်ချရအောင်ဘေးကင်းမယ်ဆိုတာ သူ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။ ဓာတုပစ္စည်းပါနေတဲ့ ရေရဲ့ အနံ့က စမုံစပါးနံ့နဲ့ တူပြီး လူသေလောက်အောင် အဆိပ်ဓာတ် မမြင့်ပေမယ့် ဘေးကင်းရေးကို စဉ်းစား နိုင်တဲ့ ပမာဏကတော့ တွက်ချက်ရဦးမှာပါ။

အရေးပေါ်လုပ်သားတွေက ဓာတုဖိတ်စင်မှု သက်ရောက်တဲ့ ဒေသတွေနားက ဌာနတွေကို ရေတွေ ဖြန့်ဖြူးပေးနေပါတယ်။ ဒေသခံတွေကတော့ စတိုးဆိုင်တွေမှာ ရေသန့်ဗူးတွေ ၀ယ်ဖို့ တန်းစီနေပါတယ်။

ဇန်န၀ါရီ ၁၀ ရက်နေ့ ညနေအထိ အနောက်ဗာဂျီးနီးယား အဆိပ်သင့်ဌာနဆီကို လူ ၇၃၇ ယောက် ဖုန်းဆက်ပြီး ဓာတုဖိတ်စင်မှုနဲ့ သက်ဆိုင်နိုင်တဲ့ စိုးရိမ်မှုတွေနဲ့ လက္ခဏာတွေကို အစီရင်ခံခဲ့ ပါတယ်။ လက္ခဏာတွေထဲမှာ အော့အန် မူးဝေ ပျို့အန် ၀မ်းလျှော အင်ပြင်ထတာတွေ ပါဝင်ပြီး အပျော့စားကနေ အနေရ အများကြီး ပိုခက်တဲ့ အဆင့်ထိ အမျိုးမျိုး ဖြစ်ကြတယ်လို့ ရေကုမဏီ ပြောခွင့်ရ အဲလီဇဘက် ရှားမန်းက ပြောပါတယ်။ ရောက်လာသူ ၇၀ လောက်ရှိပြီး လူလက်တဆုပ်စာ လောက်ပဲ ဆေးရုံတင်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရေသန့်စက်ရုံရဲ့ မြစ်ညာပိုင်းမှာရှိတဲ့ သတ္တုတူးဖော်ရေး သံမဏိနဲ့ ဘိလပ်မြေစက်ရုံတွေအတွက် အထူးစီမံထားတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ဖရီးဒင်း industries က ပိုင်တဲ့ ကန်တခုကနေ ဓာတုပစည်းတွေ ယိုစိမ့်ခဲ့တာပါ။

ထူးခြားတဲ့အနံ့ရကြောင်း ဒေသခံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာနက အစီရင်ခံစာ ရခဲ့လို့စစ်ဆေးရာက ခုလိုတွေ့ခဲ့တာလို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးက ရေ၊ ပစ္စည်းကိရိယာတွေနဲ့ ထောက်ပံ့ရေးတွေ သယ်ရာမှာ အလုပ်တွင်ကျယ်စေဖို့ ကုန်ကားတွေရဲ့ အရွယ်အစားနဲ့ အလေးချိန် ကန့်သတ်ချက်တွေကို ဇန်န၀ါရီ ၁၀ ရက်နေ့က သက်ညှာခွင့် ပေးခဲ့ပါတယ်။

၂၀၁၃ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ ရှမ်းပြည်နယ်မှ လူကုန်ကူးမှု အများဆုံးခံရ



Eleven Media Group

၂၀၁၃ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူးမှုအများဆုံးဖြစ်ပွားခဲ့ကာ ရှမ်းပြည်နယ်မှ လူကုန်ကူးမှု အများဆုံးခံရ

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူးမှုအများဆုံးဖြစ်ပွားခဲ့ကာ ရှမ်းပြည်နယ်မှ လူကုန်ကူးမှု အများဆုံးခံရကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါနှစ်တွင် လူကုန်ကူးခံရမှု ၁၀၂ မှု ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ်မှ လူကုန်ကူးခံရမှု ၄၀ မှုဖြင့် အများဆုံးလူကုန်ကူးခံရပြီး ဒုတိယအများဆုံးမှာ ၁၈ မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ လူကုန်ကူးခံခဲ့ရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာ ရှိကြီးတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်အတွင်းမှာ လူကုန်ကူးမှု ၁၀၂ မှု ဖြစ်ပွားခဲ့တယ်။ လူကုန်ကူးခံခဲ့ရသူ ၂၅၆ ဦး ရှိတယ်။ အများဆုံး လူကုန်ကူးခံရတော့ တရုတ်နိုင်ငံဖြစ်တယ်။ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ရဲတပ်ဖွဲ့တွေရှိတယ်။ နယ်စပ်ဒေသတွေမှာ အချိန်ပြည့်စောင့်ကြည့်နေတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်နေတယ်” ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့်သူအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး တရုတ်အမျိုးသား၏ အတင်းအဓမ္မလက်ထပ်ခြင်းမျိုးကို ခံရကြောင်းသိရပြီး ဆက်လက်၍ ထိုင်းနိုင်ငံသို့ ဒုတိယအများဆုံးဖြင့် လူကုန်ကူးမှုဖြစ်ပွားကာ အများစုမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခံရခြင်းနှင့် ပြည့်တန်အဖြစ်စေခိုင်းခြင်းများခံရကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲဖွဲ့မှ သတင်းရရှိသည်။

နိုင်ငံဖြတ်ကျော်ပြီးဖြစ်ပွားသည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် ရှမ်းပြည်နယ်မှ လူကုန်ကူးခံရမှု ၄၀ မှုဖြင့် အများဆုံး လူကုန်ကူးခံရပြီး ရန်ကုန်တိုင်းမှ ၁၈ မှု၊ မန္တလေးမှ ခုနစ်မှု၊ ပဲခူးတိုင်းမှ ၁၂ မှု၊ ဧရာဝတီမှ ခြောက်မှု၊ ကချင်ပြည်နယ်မှ ခြောက်မှု စသည်ဖြင့် အသီးသီး လူကုန်ကူးခံခဲ့ရကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၁၀၂ မှု ဖြစ်ပွားခဲ့ကာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ ၂၅၆ ဦး လူကုန်ကူးခံခဲ့ရပြီး ယင်းတို့၌ ၁၇၅ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်းသိရသည်။

(လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် သင်္ဘောဆိပ်တွင် အသိပညာပေးနေသူများအား တွေ့ရစဉ်)

သတ္တုသန့်စင်လုပ်ငန်းတရုတ်ကုမ္ပဏီဝင်ရောက်လုပ်ကိုင်မည်



Eleven Media Group

ရှမ်းပြည်နယ်တွင် ခဲသတ္တုသန့်စင် အကြီးစားထုတ်လုပ်မှုလုပ်ငန်းအား တရုတ်ကုမ္ပဏီတစ်ခု ဖက်စပ်နိုင်ငံခြားမြှုပ်နှံမှု လုပ်ငန်းအဖြစ် ၀င်ရောက်လုပ်ကိုင်မည်

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ကလောမြို့နယ်၌ ခဲသတ္တုသန့်စင် အကြီးစားထုတ်လုပ်မှုလုပ်ငန်းအား တရုတ်ကုမ္ပဏီတစ်ခုမှ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအား တရုတ်ကုမ္ပဏီဖြစ်သည့် Sichuan Henglu Industrial ကုမ္ပဏီ၊ Good Plus Star Mining ကုမ္ပဏီ(စီချွမ်) တို့ပူးပေါင်း၍ GPS Joint Venture ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ရန် နေပြည်တော်၌ ဇန်န၀ါရီ ၈ ရက်၌ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်နှင့်အတူ သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ယူ၍ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက် တင်ပြမှုအပေါ် စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့်အတွက် မြန်မာကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ချင်းပြည်နယ်အတွင်းရှိ မြွေတောင် ဖားတောင်စီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် North Mining Investment ကုမ္ပဏီက ပြင်ဆင်နေပြီး စမ်းသပ်ရှာဖွေမှုများပြီးစီးပါက စီးပွားဖြစ်ထုတ်လုပ်ခွင့်ပြုရန် တင်ပြထားကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်လိုသည့် ပြည်ပနိုင်ငံများအား EIA ၊ SIA စစ်တမ်းများလုပ်ဆောင်စေခြင်း၊ EIA အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း စသည့်အချက်များပြည်စုံမှသာ ပြည်တွင်းသတ္တုကဏ္ဍ၌ မြှုပ်နှံရန် ခွင့်ပြုချက်များ ချပေးခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၃၃ သန်းကျော်ရှိကြောင်း သိရသည်။

(တရုတ်နှင့် မြန်မာကုမ္ပဏီတို့ အကျိုးတူ တူးဖော်လုပ်ကိုင်နေသည့် လက်ပံတောင်းတောင်စီမံကိန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ))

အားလုံးလက်ချင်းချိတ်ထားရမည်ဟု ဦးမင်းကိုနိုင် ပြော



Eleven Media Group
၂၀၁၅ ခုနှစ်မတိုင်မီ ပရိယာယ်များသည့် အချိုးအကွေ့များ ပေါ်လာနိုင်၍ အားလုံးလက်ချင်းချိတ်ထားရမည်ဟု ဦးမင်းကိုနိုင် ပြောကြား

၂၀၁၅ ခုနှစ်မတိုင်မီ ပရိယာယ်များသည့် အချိုးအကွေ့များ ပေါ်လာနိုင်၍ အားလုံး လက်ချင်းချိတ်ထားရမည်ဟု ဇန်န၀ါရီ ၁၁ ရက်က ရန်ကုန်မြို့၌ကျင်းပသော ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေးတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦမင်းကိုနိုင်က ပြောကြားသည်။

ဒီမိုကရေစီအရေး၊ တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများအတွက် တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများအားလုံး အတူတူရပ်တည်မည်ဟူသည့် စိတ်ဓာတ်မျိုးရရှိရန် ကြိုးစားသွားမည်ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

ဦးမင်းကိုနိုင်က "၂၀၁၅ကို မရောက်ခင်မှာ ၂၀၁၄ ဒီနှစ်ထဲမှာတင် ကျွန်တော်တို့လုပ်ရမှာ တော်တော်ကြီးကိုများပြီး ဖြတ်သန်းရမှာတွေက သိမ်မွေ့မယ်။ အကဲဆတ်မယ်။ ပြီးတော့ ပွန်းပွန်းရှရှဖြစ်စေနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့ စိတ်ထဲမှာ ထုတ်မပြောကြပေမဲ့ ပူပန်သောကတွေလည်း ရှိလိမ်မယ့်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ပရိယာယ်များတဲ့ အချိုးအကွေ့တွေမှာ ဘာတွေဘွားခနဲ ပေါ်လာမလည်းဆိုတာ တချို့ကလည်း နားလည် ထားတယ်၊ သဘောပေါက်ထားတယ်။ ဒီကနေ့ ချောမွေ့ပေမဲ့ နောက်တစ်နေ ကြမ်းတမ်းသွားနိုင်တယ်။ တည့်တည့်ပြောရရင်တော့ ကျွန်တော်တို့ လက်ချင်းချိတ်ထားမှ ရပါလိမ့်မယ်။ ဘယ်သူမဆို အင်အားရှိတဲ့သူကို ခံ့ညားပါတယ်။ ဘယ်လောက်ပဲ မတရားလုပ်နေတဲ့ သူပဲဖြစ်ဖြစ်ပေါ့။ လက်တစ်ချောင်းချင်းဆိုရင်တော့ အင်မတန်ချိုးလို့ လွယ်ပါတယ်"ဟု ပြောကြားသည်။

"ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာရှိစဉ်က ဘာမှာမလဲ ဘာမှာချင်လဲဆိုရင် အမြဲတန်းမှာနေတဲ့ စကားရှိပါတယ်။ အထဲကနေ ကျွန်တော်မှာတာက တစ်ခွန်းတည်းမှာလိုက်တယ်။ လက်သီးကိုသာ ဆုပ်ထားပါ။ ဖြန့်လိုက်တာနဲ့ တစ်ချောင်းချင်းချိုးမယ်။ ဒါဟာ သမိုင်းမှာလည်း ကြုံခဲ့ပြီးပါပြီ။ လက်ဆွဲနှုတ်ဆက်ဖို့အတွက်ကတော့ လက်သီးဖြည်ရပါလိမ့်မယ်။ ဒါပေမဲ့ ကျန်တဲ့ကိစ္စတွေအတွက်တော့ တစ်ချောင်းချင်း အချိုးခံလို့မရပါဘူး။
ကျွန်တော်တို့ပန်းတိုင်မရောက်သေးသရွေ့ ကျွန်တော်တို့ လက်ချောင်းတွေဟာ လိုအပ်ရင်လည်း လက်ဆွဲနှုတ်ဆက်ပြီးတော့ အဖြေရတဲ့အထိ လက်ဆွဲနှုတ်ဆက်လိုက်ဖို့။ နောက်တစ်မျိုးဆိုရင်လည်း အဆင်သင့်ဖြစ်နေအောင် ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ အင်အားမျိုးနဲ့ ရှေ့ဆက်ပြီးတော့သွားပါစို့"ဟု ဦးမင်းကိုနိုင်က ဆက်လက်ပြောကြားသည်။

၂၀၁၄ခုနှစ်တွင် တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ဖို့လိုအပ်ကြောင်း၊ တိုင်းရင်းသားအရေးဆိုသည်မှာ ပြည်တွင်းငြိမ်ချမ်းရေးကို ဆိုလိုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး ဦးစွာပြုလုပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကို ဦးစွာပြုလုပ်ရေးတို့နှင့်ပတ်သက်ပြီး ကွဲလွဲနေကြောင်း ယင်းအခြေအနေသည် နှစ်ဖက်လုံးအတွက် အကျပ်အတည်းဆိုက်သည့် အခြေအနေဖြစ်စေကြောင်း၊ အဆိုပါအကျပ်အတည်းကို သယ်ဆောင်သွားပြီး ရွေးကောက်ပွဲသို့သွားရန်ဆိုသည်မှာ မလွယ်ကူကြောင်း ဦးမင်းကိုနိုင်က ပြောကြားသည်။

(ဇန်န၀ါရီ ၁၁ ရက်က ကျင်းပသော ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး၌ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦမင်းကိုနိုင် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း))

ဒီနေ့ကာတွန်း

ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများအား တိုင်ကြားခြင်းဖြစ်



Eleven Media Group

ဒီလောက်ရှက်စရာကောင်းတာကို အရေးမယူကြသေးဘူးလား၊

 ပြည်သူများထံမှ ရောက်ရှိလာသည့် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်သော တိုင်ကြားစာ ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများအား တိုင်ကြားခြင်းဖြစ်

ပြည်သူများထံမှ ရောက်ရှိလာသည့် တိုင်ကြားစာ ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုများအား တိုင်ကြားခြင်းဖြစ်ဟု လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇန်န၀ါရီ ၁၀ ရက်တွင် ပြောကြားသည်။

"ကျွန်တော်တို့ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီကို ဒီနေ့(ဇန်န၀ါရီ ၁၀)ရက်အထိ ပြည်သူတွေထံကနေ တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော် ရောက်ရှိနေပါတယ်။အဲဒီ ၁၀၀၀၀ ကျော်အနက်က ရာခိုင်နှုန်း ၉၀ ကျော်က တရားသူကြီးတွေ အကျင့်ပျက်လာဘ်စားလို့ တိုင်ကြတာတွေဖြစ်ပါတယ်။ တရားစီရင်ရေးကဏ္ဍမှာ ငွေများတရားနိုင်ဖြစ်နေတာတွေ မတရားစီရင်ခြင်းခံရလို့ တိုင်တာတွေများတယ်။ နောက်ပိုင်းဥပဒေအရာရှိတွေကိုပါ တိုင်ကြားလာကြတာတွေရှိတယ်။ ဥပမာပြောရရင် လာဘ်ယူပြီး လူသတ်မှု ၃၀၂ ကို လူသေမှု ၃၀၄ ပြောင်းတပ်ပေးတာမျိုးတွေ။ အာမခံမပေးရတဲ့အမှုတွေကို အာမခံပေးလို့ရတဲ့ ပုဒ်မပြောင်းတပ်တာမျိုးတွေ။ အဲဒါမျိုးတွေနဲ့ပတ်သက်ပြီး တရားသူကြီးတွေကို တိုင်တယ်။ တချို့တိုင်စာတွေမှာ တရားသူကြီးတွေနဲ့ ရဲနဲ့ပေါင်းပြီး မတရားလုပ်တယ်ဆိုတာတွေ တိုင်တယ်။ ကျွန်တော်တို့တိုင်ကြားစာတွေကို ပြန်လည်စိစစ်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်"ဟု ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် တရားရင်ဆိုင်ခဲ့ရသော မူးယစ်ဆေးဝါးမှုတစ်ခုတွင် အမှု၏ အဓိကတရားခံမဟုတ်သော အမျိုးသမီးတစ်ဦးအား အမိန့်ချမှတ်ရာ၌ အနိမ့်ဆုံးပြစ်ဒဏ်ကျခံစေရန် ငွေကျပ် ၁၅ သိန်း လာဘ်ငွေပေးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် တရားသူကြီးတောင်းဆိုသော ငွေကျပ် ၁၀ သိန်းအား မပေးနိုင်၍ တရားစွဲဆိုသောအမှုကို ပလပ်လိုက်သော ကိစ္စတစ်ခုရှိခဲ့ပြီး နစ်နာသူကာယကံရှင်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တိုင်ကြားစာတစ်စောင် ရေးသားပေးပို့ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်း ၁၅၀၀ တန်လာဘ်စားမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦး....က အမှုသည်ထံမှ လာဘ်ငွေ ကျပ်သိန်း ၁၅၀၀ ကို လက်ခံရယူခဲ့ခြင်းအား လာဘ်ပေးသူအမှုသည်က တိုင်ကြားရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး၏ ဖြစ်စဉ်မှာ ၎င်း၏ဇနီးသည်က အမှုသည်ထံမှ ကျပ်သိန်း ၁၅၀၀ လာရောက်ရယူခဲ့ခြင်းကို စီစီတီဗွီကင်မရာမှတစ်ဆင့် အထောက်အထားရယူနိုင်ခဲ့သောကြောင့် အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

"လာဘ်ပေးလာဘ်ယူအမှုတွေနဲ့ ပတ်သက်ရင်တော့ ရန်ကုန်က အများဆုံးဖြစ်ပါတယ်။ ပြီးရင် မန္တလေးကအများဆုံးဖြစ်ပါတယ်။ စီးပွားရေးကောင်းတဲ့တိုင်းတွေက လာဘ်ပေးလာဘ်ယူမှု တော်တော်များပါတယ်။ ရန်ကုန်တိုင်းမှာလည်း ငွေများ တရားနိုင်၊ လာဘ်ပေးလာဘ်ယူမှုတွေ အားကောင်းနေဆဲဖြစ်ပါတယ်"ဟု သူရဦးအောင်ကိုက ပြောကြားသည်။

"ကျွန်တော့်ဆီကိုလည်း တရားသူကြီးတွေ လာဘ်စားမှုနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေရောက်သလို၊ သူရဦးအောင်ကို ကော်မတီကို ဒီလောက်ပမာဏများများ တိုင်ကြားစာတွေရောက်လာတဲ့အတွက် သူရဦးအောင်ကိုအနေနဲ့ သက်ဆိုင်ရာကို မေးခွန်းမေးသင့်တယ်။ ဒါတွေဖြေရှင်းပေးဖို့ လွှတ်တော်က အဆိုပြုသင့်တယ်။ ဒါမျိုးတွေကာကွယ်ဖို့ ဥပဒေကြမ်းတွေ ပြုစုသင့်တယ်။ ကျွန်တော် တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းတွေမေးရင် စာအိတ်နဲ့ပိတ်ပြီး ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြန်ဖြေပေးလေ့ရှိတယ်။ အဲဒီလိုမျိုးဖြေကြားချက်တွေကို မီဒီယာတွေကနေတစ်ဆင့် ပွင့်ပွင့်လင်းလင်း အသိပေးဖို့လိုပြီလို့ ထင်ပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

(၂၀၁၁ ခုနှစ် မတ်လက အစိုးရသစ်တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စု တရားသူကြီးချုပ်(၀ဲမှ တတိယမြောက်)နှင့် တရားသူကြီးများကို မှတ်တမ်းဓာတ်ပုံတွင် တွေ့ရစဉ်(Photo:MNA))

တင်္နလာနေ့ ရုံးဖွင့်ရက်တွင် ဦးရဲထွဋ် သမ္မတ၏ စပုတ်မင်း အဖြစ်မှ ကိုယ်တိုင် နုတ်ထွက်စာ တင်ပါရန် ။


ဟားခါး ပြည်ထောင်စုရိပ်သာမှာ အခန်းများ သိပ်ရှိတာပေါ့ဗျာ ။
၃၀.၁၂ .၂၀၁၃ နေ့စွဲနဲ့ ခရိုင် NLD ဥက္ကဌက ဘွတ်ကင်တင်တော့ အဲဒီ ပြည်ထောင်စုရိပ်သာမှာ ..
၂ ယောက်ခန်း (၈) ခန်း ၊ ၄ ယောက်ခန်း (၄) ခန်း ၊ VIP (၃) ခန်းရှိပါသတဲ့ ။
အဲဒီမှာ တည်းခိုနေတာက နှစ်ခန်းပဲ ရှိပါသတဲ့ ။
ကဲ ... မဟုတ်ဖူးဆိုရင် ငြင်းဗျာ ကိုရဲထွဋ် ၊
ကျူပ်တို့မှာလဲ သက်သေသက္ကာယ တွေရှိပါတယ် ။

ဒီမိုဖက်တီး


 

-- ဦးရဲထွဋ်ရဲ့ လစာကို ပြည်သူက ပေးတာပါ ။ အဲသည် ပြည်သူအများစုရဲ့ ထောက်ခံမှုကို ရထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တဖက်သတ် မေးမြန်းချက် ဖြင့် စော်ကား မော်ကား ငါ့စကားနွားရ ရေးသားတဲ့အတွက် စပုတ်မင်း အဖြစ်က ချက်ချင်း နုတ်ထွက်ပေးပါ ။ ဦးရဲထွဋ်ဟာ အဆင့်အတန်းရှိတဲ့ ပြန်ကြားရေး အရာရှိကြီး ဖြစ်တယ်ဆိုရင် မီဒီယာက ရေးတာတွေကိုပဲ မကိုးကားပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အတွင်းရေးမှုး ဒေါက်တာတင်မာအောင်ကို ဆက်သွယ်ပြီး ဘယ်လိုအဆင်မပြေဖြစ်တယ် ဆိုတာကို စတင်မေးမြန်းပြီးမှ ပြည်နယ် အစိုးရအား အဲသည်လို NLD ဖက်က ပြောတာတွေ ဟုတ်မှန်မှု ရှိမရှိကို သတင်းထုတ်ပြန်နိုင် ပါတယ် ။

-- အခုလို တဖက်ပိတ် စပုတ်မင်းကိုလည်း ဦးသိန်းစိန်အနေနဲ့ ဆက်လက် မထားရှိသင့်ပါဘူး ။

-- ဦးရဲထွဋ်နဲ့ သမ္မတရုံးကို ဟားခါးတွင် နေထိုင်ရေး အဆင်မပြေဖြစ်မှုအတွက် ဘယ်သူကမှ အပြစ်မတင်ခဲ့ပါ ။ မပုတ်ခတ်ခဲ့ပါ ။ ဒါဟာ လိုကယ်ကိစ္စလို့ပဲ အားလုံးက ကနေဦး ယူဆပြီး သားပါ ။

-- တဖက်က ပြောတဲ့စကားကို တဖက်တည်း နားထောင်ပြီး ဖေ့ဘုတ်ပေါ်တင်ဖို့ ဦးသိန်းစိန် က ညွှန်ကြားခဲ့တာလား ။ နားဆိုတာ ၂ ဖက်ရှိတယ် ၊ မျက်စိ ၂ လုံး ၊ နှခေါင်း ၂ ပေါက် ရှိပါတယ် ။ ဒါပေမယ့် ပါးစပ်ကတော့ တစ်ပေါက်တည်းပါ ။ အဲသည် ပါးစပ်က ပြောတာ သမ္မတ ကိုယ်စားပြောတာပါပဲ ။

-- ဦးရဲထွဋ် ရဲ့ သူရန်ငါစည်း စိတ်ဓါတ်ကြောင့် ဒီတခါ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်က အများကြီး ထိခိုက်ခဲ့ပါတယ် ။

-- နောက် အခန်း (၁) မရလို့ မတည်းတာပါ ဆရာလို့ ချင်းပြည်နယ်အစိုးရက တွန်းချတာကို အရာရှိကြီး တစ်ဦးအနေနဲ့ စဉ်းစားချင့်ချိန်သင့်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် မီးမမှန် ဖုန်းမရှိ ၁၅ နှစ်ကျော် အကျယ်ချုပ် နေခဲ့တာ ၊ လမ်းပိတ်ထားလို့ ကားပေါ်မှာပဲ ရက်ရှည်နေ တာတွေကို စစ်အရာရှိဘ၀ကနေ အရပ်ဖက်ပြောင်းလာသူ တစ်ဦးအနေနဲ့ သိရှိပြီးသား ဖြစ်ပါလိမ့်မယ် ။

-- အခုလို ရေးသားချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်ကို Negative Campaigning ပြုလုပ်ခြင်း ဖြစ်ပါတယ် ။ ဦးရဲထွဋ်ဟာ နိုင်ငံတော် သမ္မတရုံးတော်ရဲ့ ဂုဏ် သိက္ခာကို အလေးမထားပဲ ချင်းပြည်နယ်အစိုးရအတွက် သတင်းထုတ်ပြန်ရေး ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့ပါတယ် ။

-- တစ်ညအိပ်လာတဲ့ NLD အဖွဲ့အတွက် ချက်ပြုတ်စားသောက်ရန် ပန်းကန်ခွက်ယောက် များကိုပင် စီစဉ်ပေးထားတယ် ဆိုကတည်းက သမ္မတရုံးမှ ဖုန်းဆက်မေးမြန်းခြင်းအပေါ် အကြောက်တရားများဖြင့် အပြစ်လွတ်စေရန် ဖြေကြားခြင်းမျိုးဖြစ်နိုင်ကြောင်းကို ဦးရဲထွဋ် ကဲ့သို့ နောင်တွင် ၀န်ကြီးအဖြစ် တင်မြောက်ခံရဖွယ်ရှိတဲ့ အရာရှိတစ်ဦးအနေဖြင့် ဆင်ခြင်တုံ တရားမျိုး မထားနိုင်တဲ့ ခေါက်ရိုးကျိုးကြီး ဖြစ်တဲ့အတွက် လက်ရှိပြဿနာတွင် သာမက နောင်ပြဿနာများဟာလည်း အဆမတန် ကြီးထွားလာမှာ ဖြစ်ကြောင်း သတိပေး ချင်ပါတယ် ။

နောက်ဆုံးအချက်ကတော့ ပထမဦးဆုံးအချက်ပါပဲ .....

-- ဦးရဲထွဋ်ရဲ့ လစာကို ပြည်သူက ပေးတာပါ ။ အဲသည် ပြည်သူအများစုရဲ့ ထောက်ခံမှုကို ရထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တဖက်သတ် မေးမြန်း ချက်ဖြင့် စော်ကား မော်ကား ငါ့စကားနွားရ ရေးသားတဲ့အတွက် စပုတ်မင်း အဖြစ်က ချက်ချင်း နုတ်ထွက်ပေးပါ ။

ဦးရဲထွဋ်ရဲ့ အဆိုပါ တဖက်သတ် စတေးတပ်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အခန်း (၁) တွင် နေလိုသူအဖြစ် ဦးရဲထွဋ်ရဲ့ မိတ်ဆွေများမှ ပုတ်ခတ်ရေးသားချက်တွေကိုလည်း စုဆောင်းပြီး သက်ဆိုင်ရာကို တင်ပြထားပြီး ဖြစ်ပါတယ် ။

(( အစိုးရ၀န်ထမ်း ၊ ပြည်သူ့ဝန်ထမ်း ၊ မည်သည့်ပါတီဝင်မှ မဟုတ်တဲ့ ဒီမိုဖက်တီး ))

အကျဉ်းကျခံရဆဲ ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ရသည့် ဒု-ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိဖြစ်ကြောင်း ဖွင့်ဟ


မြန်မာသံတော်ဆင့်
 – လင်းယုန်
*************
မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေးကို ဖော်ထုတ်ခဲ့သည်ဟု ထင်မှတ်ခံထားရကာ စစ်အစိုးရ လက်ထက် ကနိုင်ငံတော် သစ္စာဖောက်မှု၊ အီလက်ထရွန်နစ် ပုဒ်မ စသည်တို့ဖြင့် သေဒဏ်နှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ် ခံခဲ့ရသည့် ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်နှင့် ပတ်သက်၍ လက်ရှိ အစိုးရသစ်ကာလ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးလျက်ရှိရာတွင် ပါဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပေ။ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား အနည်းငယ်အနက် ပြန်လည် လွတ်မြောက်ရန် အမျိုးမျိုးသော အခက်အခဲများ ကြုံတွေ့ နေရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးအနေဖြင့် ၄င်း၏မိသားစုဝင် ဇနီးသည် ဒေါ်ခင်မိုးစမ်းနှင့် မြန်မာသံတော်ဆင့်တို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် – …

**အခု နိုင်ငံတော် သမ္မတက နိုင်ငံရေး အကျဉ်းသားတွေ၊ အရင် စစ်ထောက်လှမ်းရေးတွေကို လူသားချင်း စာနာ ထောက်ထားမှုနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာတွေ လုပ်နေတော့ ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ ပတ်သက်လို့ ဘာများ ကြားသိရလဲခင်ဗျ။**
အခု နိုင်ငံရေး အကျဉ်းသား စိစစ်တဲ့ အထဲမှာလည်း ပါထားပြီးပြီလေ။ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့ ၁၉၅၀ ပြည့် စီမံကိန်း အက်ဥပဒေပေါ်မှာလည်း အကျုံးဝင်တယ်။ ဟိုနေ့က သတင်းတစ်ပုဒ်မှာ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ယောက် ပြောတဲ့အခါမှာ ဘာဖြစ်လို့ သူ့ကို မလွှတ်ပေးသေးတာလဲ ပြောတဲ့အခါ သူက အခြားပုဒ်မတွေနဲ့ စွပ်စွဲထားတယ်လို့ ပြောတယ်။ တခြားပုဒ်မ ဆိုတာက အီလက်ထရွန်နစ် ဥပဒေ။ **အီလက်ထရွန်နစ် ဥပဒေနဲ့ ဆွဲထားတဲ့ အခြားသူတွေကိုကျတော့ အားလုံးကို ဒီပုဒ်မနဲ့ပဲ လွှတ်ပေးတယ်လေ။ အခုအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီ အီလက်ထရောနစ်က ဘာကြောင့် မပါတာလဲ။ **
ဆွဲတဲ့ ပုဒ်မ ကလည်း အီလက်ထရွန်နစ်ပဲလေ။ အစ်မတို့မှာ ဘာသက်သေ ဘာတစ်ခုမှ မရှိဘဲနဲ့ကို အီလက်ထရွန်နစ် နဲ့ဆွဲတဲ့ အခါကျတော့ ဒီတစ်ခုတည်းမှာပဲ အမှုသုံးခုကို စွဲလိုက်တာ။ အမှုသုံးခုနဲ့ ပြစ်ဒဏ်သုံးခု ပေးထားတာ။ ဒီဟာတစ်ခုနဲ့ လာငြိ နေရတာလေ။ နိုင်ငံတော် သမ္မတပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြစ်ဒဏ်ချမ်းသာခွင့် တွေနဲ့ဆိုရင် ဆရာဦးသိန်းညွန့် လွှတ်တော်မှာ တင်ပြလို့ ၇နှစ် ဖြစ်သွားပြီးပြီ။ အခု လွတ်ငြိမ်းချမ်းသာခွင့် နှစ်ခါမှာ ဒီပုဒ်မတွေနဲ့ဆိုရင် ချုပ်ရက်တွေနဲ့ဆိုရင် လွတ်နေပြီ။ အခုထိ မလွှတ်တာကတော့ ပုဂ္ဂိုလ်ရေး မုန်းတီး မှုကြောင့် ဒီလိုပဲ ကောက်ချက်ချတယ်။
အီလက်ထရွန်နစ် ဥပဒေနဲ့ ပတ်သက်တဲ့ ဦးဇာဂနာအပါအ၀င် အကျဉ်းကျသူတွေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာတယ်။ ဒီတော့ အစ်မပြောသလို အငြိုးဆိုတာ မြောက်ကိုရီးယားနဲ့ မြန်မာပတ်သက်မှုတွေကို ဖွင့်ချတယ် ဆိုတဲ့အတွက် များလားခင်ဗျ။
မြောက်ကိုရီးယားနဲ့ ပတ်သက်တာလည်း သူတို့ပဲ စွပ်စွဲတာလေ။ သူတို့ လေဆိပ်က ဖမ်းခဲ့တုန်းက ဘာမှမရှိဘူး။ ပြောမယ်ဆိုရင် တမင်တကာ အကွက်ချပြီးတော့မှ ဖမ်းတာ။ အစိုးရနဲ့ ညှိနေတယ်။ အစ်မတို့က တပ်မတော်နဲ့ မညှိဘူး။ အပြစ်မရှိတဲ့ဟာကို အစ်မတို့ကို ပြစ်ဒဏ် ချပြီးတော့မှ အပြစ် လုပ်တာလေ။ နိုင်ငံခြားငွေနဲ့ ဖမ်းတယ်။ အီလက်ထရွန်နစ်နဲ့ ဖမ်းတယ်။ တမင်တကာ ဒီဟာအတွက် အကွက်ချထားပြီးသား။ အခုသူတို့ ချထားတဲ့ ပုဒ်မ တွေသည် အငြိုးအတေးနဲ့ ချထားတာ။ မြောက်ကိုရီးယား ကိစ္စမျိုး လုံးဝမရှိဘူး။ အခုက ရှင်းရှင်း ပြောရရင် ဓားစာခံ လုပ်ထားတာ။
**ဗိုလ်မှူး ၀င်းနိုင်ကျော်ကို စတင်ဖမ်းဆီးတဲ့ အချိန်နဲ့ အခု ဘယ်နှနှစ်လောက် ကြာသွားပြီလဲ ခင်ဗျ။**
၅ နှစ် နီးနီးရှိပြီ။ လျှော့ရက်တွေဆိုရင် လွတ်နေပြီ။ သမ္မတရဲ့ လေးပုံတစ်ပုံ လျှော့ရက်တွေနဲ့ဆိုရင် လွတ်နေပြီ။ အီလက်ထရွန်နစ်က ၁၅ နှစ်ကနေ ၇ နှစ်ဖြစ်သွားပြီဆိုရင် လွတ်ပြီ။
**စတင် ဖမ်းဆီးခံရစဉ်က ဖြစ်ပျက်ပုံကို ပြောပြပေးပါဦးခင်ဗျ။**
အစ်မယောက်ျားက ကမ္ဘောဒီးယားမှာ ပဋိပက္ခ ဖြေရှင်းရေးကို ၂ နှစ်တက်ပြီးတော့ အဲဒီက ပြန်လာချင်း လေဆိပ်က ဆိုက်ရောက် မလုပ်ချိန်ကတည်းက အဖမ်းဆီးခံရတာ။ ပြည်ပ၀င်ခွင့် မလုပ်ခင်မှာဘဲ အဖမ်း ခံရတယ်ဆိုတော့ ပြည်ပတစ်ယောက် အနေနဲ့ပဲ ရှိဦးမယ်။ အစ်မတို့ လက်ထဲမှာ နိုင်ငံခြားငွေ ဆိုတာရှိမယ်။ အဲဒီ နိုင်ငံခြား ငွေနဲ့ပဲ အမှုစဖွင့်တာ။ အဲဒီပိုက်ဆံကို ဘယ်မှာမှ မဖျက်ရသေးဘဲနဲ့ ဆိုက်ရောက်ရောက်ချင်းပဲ နိုင်ငံခြားငွေနဲ့ အစ်မတို့ကို စဖမ်းလိုက်တယ်။ အဲဒီမှာတင် နိုင်ငံခြားငွေ၊ အီလက်ထရွန်နစ်ရယ် စဆွဲတယ်။ အဲ ဒီမှာ လက်မှတ် အတင်းထိုးခိုင်းပြီးတော့ ပုဒ်မလေးခုတောင် စွဲလိုက်တာ။ အားလုံးပေါင်းကတော့ နှစ် ၂၀၊ သေဒဏ်ပေါ့။ အီလက်ထရွန်နစ် စဆွဲပြီးတော့ ၁၅ နှစ်ချတယ်။ ပဋိပက္ခ ဖြေရှင်းရေးကို သူသင်တန်း တက်နေတဲ့အတွက် တိုင်းရင်းသား ဒေသတွေရဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အဲဒါတွေနဲ့လည်း မငြိဘူး။ ပုဒ်မထဲမှာ အစိုးရ စာရွက်စာတမ်းတွေကို ယူဆောင် သွားတာတွေလည်းပါ တယ်လေ။ အဟောင်းတွေကို ပြန်ဖော်ပြီးတော့ ပြစ်ဒဏ်ချတာလေ။
**ဗိုလ်မှူးဝင်းနိုင်ကျော်ကို ဖမ်းဆီးစဉ် ကာလက အမှုတွဲတွေထဲကရော လွတ်လာတာ ရှိသေးလားခင်ဗျ။**
အမှုတွဲတွေနဲ့ သုံးယောက် ကျန်သေးတယ်။ နိုင်ငံရေး အကျဉ်းသား အဖွဲ့ကနေပြီး စိစစ်ပြီးတော့ အီလက်ထရွန်နစ်နဲ့ စွဲခံထားရတဲ့ သူတစ်ဦးဆို အမှုတွဲထဲကဆို လွတ်သွားပြီ။ လွတ်ငြိမ်းချမ်းသာခွင့်မှာ တကယ်ပေးမယ်ဆိုရင် အစ်မတို့က လွတ်သွားပြီ။ သူတို့ ဘာမှ ကန့်သတ်စရာကို မရှိတော့ဘူး။ အခုက အငြိုးနဲ့ပဲ စွပ်စွဲထားတယ်လို့ ထင်တယ်။
**ဗိုလ်မှူးဝင်းနိုင်ကျော် တပ်မတော်မှာ ဘာတာဝန်တွေများ ထမ်းဆောင်ခဲ့လဲခင်ဗျ။ သူ့ရဲ့ အထက်အရာရှိက ဘယ်သူများလဲခင်ဗျ။**
ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး(အတွင်းရေးမှူး-၂)ရဲ့ အနားမှာ ကိုယ်ရေးအရာရှိ အဖြစ်နဲ့ တာဝန်ယူခဲ့တာ။
**ရဟတ်ယာဉ် ပျက်ကျစဉ်အထိလား။**
ဟုတ်တယ် ပျက်ကျစဉ်အထိ။ ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျတုန်းက သူက တာချီလိတ် ရောက်နေလို့။ နယ်နိမိတ်တိုင်းတဲ့ဆီ ၄၅ ရက် ပါသွားတာ။ အဲဒါကြောင့် ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ မပါခဲ့တာ။
**ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီး ဘယ်နှနှစ်လောက် အကြာမှာ ခုလိုဖြစ်တာလဲ။**
ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီး တစ်နှစ်လောက်နေတဲ့အချိန်မှာ ဆရာသမားလည်း မရှိတော့ဘူး ဆိုတော့ အရပ်ဘက်ကို ပြောင်းလိုက်တာ။ အရပ်ဘက်ဌာနက အမျိုးသား စီမံကိန်းနဲ့ စာရင်းအင်းဌာနမှာ အစ်မ အမျိုးသားက နိုင်ငံခြား စီးပွားဆက်သွယ် UNDP ဌာနပေါ့။ UNDP မှာ အစ်မအမျိုးသားက ဒုတိယညွှန်ကြား ရေးမှူးနဲ့ တာဝန် ထမ်းဆောင်နေတာ။ အဲဒီမှာ လေးနှစ် တာဝန်ထမ်းဆောင်ပြီးတော့မှ ထွက်လိုက် ပြီးတော့မှ အဲဒီတုန်းက ပဋိပက္ခ ဖြေရှင်းရေး ဆိုတဲ့ဟာ အင်္ဂလန် ကနေပြီးတော့ စကောလားရှစ်ကို ရတော့မှ အဲဒီမှာ သွားတက်တာ အစ်မအမျိုးသားက။
**ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီးတော့ ဘယ်နှနှစ်အကြာမှာ ဗိုလ်မှူးဝင်းနိုင်ကျော်ကို အခုလိုမျိုး ဖမ်းဆီးမှု လုပ်တာလဲခင်ဗျ။**
ဆယ်နှစ်လောက်ကြာမှဖြစ်တာ ဒီဇာတ်လမ်းက။
**နောက်တစ်ခုပေါ့လေ ဗိုလ်မှူးဝင်းနိုင်ကျော် အဖမ်းခံရပြီး နောက်ပိုင်းပေါ့လေ မိသားစုအနေနဲ့ ဘယ်လို အခက်အခဲ တွေနဲ့များ ရင်ဆိုင်ခဲ့ရတာ ရှိလဲခင်ဗျ။**
အစ်မအမျိုးသား စအဖမ်းခံရတဲ့ အချိန်မှာတော့ အခုနကလိုမျိုးပေါ့ အစ်မ အမျိုးသားကို ဖြောင့်ချက် ပေးခိုင်းတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့။ SB တို့ သတင်းတပ်ဖွဲ့ တွေကနေပြီးတော့ ထုတ်ထားတဲ့ဟာတွေ အကုန်လုံးကို အစ်မ အမျိုးသားကို ဖြောင့်ချက်ပေးခိုင်းတာ။ ဖြောင့်ချက် တကယ်လို့မှ မပေးဘူးဆိုရင် မိဘတွေကို ပေါ့နော်၊ မိဘတွေဆိုရင် အသက်ရှစ်ဆယ်ကျော်ပြီ၊ အခု အမေဆိုရင် ၈၉ နှစ်ကျော်ပြီ။ အဖေဆိုရင် လည်း ၈၁ လောက်ဖြစ်နေပြီ။ ဒါတွေ အစ်မတို့ မိသားစုတွေ အကုန်လုံးကို ခေါ်ယူ စစ်ဆေးမယ် ဆိုပြီးတော့ ခြိမ်းခြောက် တယ်ပေါ့နော်။ အဲလို လုပ်ပြီးတော့မှ အစ်မအမျိုးသားကို လက်မှတ်ထိုးခိုင်းတာ။ ဒီဟာနဲ့ပတ် သက်ပြီးတော့ ဗိုလ်မှူး ဘာမှမကျဘူး၊ နှစ်နှစ်ပဲကျမယ် ဆိုပြီးတော့ ခြိမ်းခြောက်ပြီးတော့ လက်မှတ် ထိုးခိုင်းပြီးတော့မှ သူတို့ အချင်းချင်း တရားသူကြီးရှေ့မှာ သူတို့ လိုချင်တဲ့ ပုံစံအတိုင်းပဲ ဘောင်သွင်းပြီးတော့မှ နှုတ်တိုက် ကျက်ခိုင်းတယ်၊ အလွတ်ကျက်ခိုင်းတယ်၊ အဲလို ကျက်ခိုင်းပြီးတော့မှ သူတို့လိုချင်တဲ့ ပုံစံအတိုင်းကို တရားသူကြီးတွေရှေ့မှာ ဖြောင့်ချက်ပေးရတာပေါ့နော်။ ဆိုရတယ်၊ ပြောရတယ်၊ မှားနေရင်ပြင် အဲလိုမျိုး အလီလီ အခေါက်ခေါက် လုပ်ပြီးတော့မှ အစ်မအမျိုးသားကို ပုံစံချပြီးတော့မှ ဖြောင့်ချက်ပေးခိုင်းတာ။ အဲလိုမျိုး ဖြောင့်ချက် မပေးဘူးဆိုရင် မိသားစုတွေကို ခေါ်ယူ စစ်ဆေးမယ် အဲလိုမျိုး ခြိမ်းခြောက်တယ်။ အစ်မ ယောက္ခမ ဆိုရင်လည်း ဒီစိတ်နဲ့ ဆုံးသွားရတာ။ အမေဆိုရင်လည်း အခုထက်ထိ အသက်ရှင်တုန်းပဲ ရှိသေးတယ်၊ မနေ့ တစ်နေ့ကအထိ သူ့သားကို ထောင်ဝင်စာ သွားတွေ့နေတုန်းပဲ အသက် ၈၉ နှစ်ရှိပြီ။ အစ်မတို့မှာ အခက် အခဲတွေ အများကြီး ရှိတာပေါ့နော်။ မိသားစုတွေ ဆုံးရှုံးရတယ်။ အဖေဆိုရင်လည်း အသက် ဆုံးရှုံးရတယ်။ အကြိမ်ကြိမ်အခါခါ သမ္မတဆီကို အသနားခံစာ တင်တယ်။ လူသားချင်း စာနာသော အနေနှင့်။ ဒါပေမဲ့လည်း တခြားသူတွေ လွတ်တာတောင်မှ အခုထက်ထိ လွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ ၁၉၅၁ ဆိုပြီးတော့ ပါရဲ့သားနဲ့၊ အစ်မတို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးရဲ့သားနဲ့ လူကို မလွတ်ဘူး။ အမိန့်သာ ထွက်လာတာ လူကို မလွတ်ဘူးလေ။
ဒီလအတွင်းမှာ လုပ်မယ့် နိုင်/ကျဉ်း ကော်မတီက ဆွေးနွေးပွဲမှာ ဗိုလ်မှူးဝင်းနိုင်ကျော် အပါအ၀င်ပေါ့လေ အကျဉ်းထောင်ထဲမှာ ကျန်ရှိနေသေးတဲ့လူတွေ လွတ်မြောက်ရေးအတွက် ဆွေးနွေးသွားမယ်လို့ သိရတယ်။ အစ်မတို့ ဘက်ကနေရော သမ္မတဆီကို ဒီအတောအတွင်းမှာ ထောက်လှမ်းရေးတွေကို လွှတ်လိုက်သလိုမျိုး လူသားချင်း စာနာ ထောက်ထားမှု အနေနဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်ကို လွှတ်ပေးဖို့ ထပ်ပြီးတော့ အသနားခံစာ တင်ဖို့ရှိလား ခင်ဗျ။
အဲလိုတော့ရှိပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ အစ်မတို့လည်း အကြိမ်ကြိမ် အခါခါ တင်နေတာပဲလေ။ ခုန ပြောသလိုပေါ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ အစ်မတို့ပါတယ်။ ပါရဲ့သားနဲ့ မလွတ်လာတဲ့အတွက် အစ်မတို့ကတော့ အသနားခံစာ တင်သွားမှာပါပဲ။

ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော် (၀ဲဘက်အစွန်) နှင့် ဗိုလ်ချုပ်ရဲမြင့် (ယခုမန္တလေး ၀န်ကြီးချုပ်)၊ ဦးစိုးသာ (ကြံ့ခိုင်ရေးပါတီဗဟို အတိုင်အပင်ခံ) တို့ကို အတူတကွတွေ့ခဲ့ရစဉ်။

မြစ်ဆုံလို ထပ်မမှားစေချင်ပါ. . .

r Eleven Media Group

 ပြည်သူကိုချမပြသေးတဲ့ နောက်ထပ်စီမံကိန်း လေးခု၊

မေခမြစ်သို့ စီးဝင်သည့် နော်ချမ်းခမြစ်တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းလေးခုကို တရုတ်ကုမ္ပဏီက ၈၃ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်းနှင့် IGE ကုမ္ပဏီက နှစ်ရာခိုင်နှုန်း ရှယ်ယာများဖြင့် တည်ဆောက်ရေးအတွက် လက်မှတ်ပြင်ဆင်ရေးထိုးရန် စီစဉ်

ကချင်ပြည်နယ်အတွင်းရှိ မေခမြစ်သို့ စီးဝင်နေသည့် နော်ချမ်းခမြစ်(နော်ချမ်းခ မြစ်ဝှမ်းတစ်လျှောက်) တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းလေးခုကို အဆင့်ဆင့်တည်ဆောက်ရန် တရုတ်ကုမ္ပဏီဖြင့် လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နီးစပ်သူများက ထုတ်ဖော်ပြောကြားမှုများအရ သိရှိခဲ့ရသည်။

စီမံကိန်းလေးခုအတွက် ရေအားလျှပ်စစ် စီမံရေးဦးစီးဌာနနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ YPIC International Energy Cooperation & Development Co.,Ltd၊ မြန်မာနိုင်ငံမှ International Group of Entrepreneur ကုမ္ပဏီတို့သည် သဘောတူညီ လက်မှတ်ရေးထိုးရန် စီစဉ်နေခြင်းဖြစ်သည်။

ပြည်သူတွေမသိလိုက်ရတဲ့ နော်ချမ်းခ၏ နိဒါန်း

နော်ချမ်းခမြစ်ပေါ်မှ ရေအားလျှပ်စစ် စီမံကိန်းများအတွက် သဘောတူလက်မှတ် MOA ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်းကပင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ YPIC International၊ မြန်မာမှ IGE ကုမ္ပဏီတို့နှင့် ရေအားလျှပ်စစ် စီမံရေးဦးစီဌာနတို့က လက်မှတ်ရေးထိုးထားခဲ့ကြခြင်း ဖြစ်သည်။

ကနဦးလက်မှတ်ရေးထိုးစဉ်က နော်ချမ်းခမြစ်ဝှမ်းတွင် စီမံကိန်းငါးခုအထိ တည်ဆောက်ရန် ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး လောင်းဒင်၊ ထုံရှင်းချောင်၊ ၀ူကျုံးကျယ်၊ ဂေါလန်နှင့် ခန်ကန်းရေအားလျှပ်စစ် စီမံကိန်းများအတွက် သဘောတူလက်မှတ် MOA ကို ရေးထိုးခဲ့ကြသည်။

သို့သော်လည်း မည်သည့်အကျိုးအမြတ်၊ မည်သည့်သဘောတူညီချက်များဖြင့် ရေးထိုးခဲ့ကြခြင်းကို အများပြည်သူသို့ ချပြခြင်းမရှိသကဲ့သို့ အသေးစိတ်ထုတ်ပြန်ပေးခြင်း မရှိခဲ့သည့် ခေတ်ကာလဖြစ်သည့်အလျောက် ပြည်သူများသိခွင့်မရဘဲ စခဲ့သောစီမံကိန်းများဟု ဆိုရမည်ဖြစ်သည်။

ပြည်သူမမြင်လိုက်ရတဲ့ MOA မှာတော့ တရုတ်က ၈၃ ရာခိုင်နှုန်း

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်းက ရေးထိုးခဲ့သည့် MOA မှာ နော်ချမ်းခမြစ်ဝှမ်း စီမံကိန်းငါးခုစလုံးအပေါ် ထီးရိပ်သဖွယ်လွှမ်းမိုးသည့် Umbrella MOA အဖြစ်ရေးထိုးခဲ့ခြင်းဟု စာချုပ်ဖတ်ခဲ့ရသူအချို့က ပြန်လည်ပြောပြခဲ့သည်။

အဆိုပါ ထီးရိပ်သဖွယ်လွှမ်းမိုးသည့် Umbrella MOA သဘောတူလက်မှတ်ရေးထိုးချက်အရ တရုတ်နိုင်ငံ ယူနန်ပြည်နယ် YPIC International နှင့် မြန်မာမှ IGE က စုစုပေါင်း ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး မြန်မာမှ Free Share ၁၅ ရာခိုင်နှုန်းသာ ပိုင်ဆိုင်သည်။

၈၅ ရာခိုင်နှုန်းတွင်လည်း IGE မှ နှစ်ရာခိုင်နှုန်းသာပါဝင်ပြီး တရုတ်နိုင်ငံ YPIC International မှ ၈၃ရာခိုင်နှုန်းဖြစ်ရာ နောက်ဆုံးချုပ်လိုက်လျှင် အဓိကပိုင်ဆိုင်သူမှာ တရုတ်ကုမ္ပဏီသာ ဖြစ်တော့သည်။

အများပြည်သူသိခွင့်မပေးဘဲ စာချုပ်ပြန်ပြင်ချုပ်ကြဦးမယ့် နော်ချမ်းခ

နော်ချမ်းခမြစ်ပေါ်တွင် အဆင့်ဆင့်တည်ဆောက်မည့် စီမံကိန်းငါးခုတွင် ပါဝင်သော ၀ူကျုံးကျယ် ရေအားလျှပ်စစ်စီမံကိန်း၏ ရေလှောင်တမံ ကန်ရေပြည့်ရေမျက်နှာပြင် အနိမ့်အမြင့်အမှတ်သည် ဆင့်ကဲတည်ရှိနေသော ဂေါလန်ရေအားလျှပ်စစ်စီမံကိန်း၏ ရေအထွက်ရေမျက်နှာပြင်အနိမ့်အမြင့် အမှတ်ထက်မြင့်နေသည့်အတွက် ရေထောက်နိုင်သည်ဟုဆိုကာ နည်းပညာပိုင်းအရ ၀ူကျုံးကျယ်ကို မတည်ဆောက်တော့ဘဲ MOA မှ ပြန်လည်ပယ်ဖျက်ရန် စီစဉ်လာကြခြင်းဖြစ်သည်။

ထို့အတွက် လောင်းဒင် ၆၀၀ မဂ္ဂါဝပ်၊ ဂေါလန် ၁၂၀ မဂ္ဂါဝပ်၊ ထုံရှင်းချောင် ၃၄၀ မဂ္ဂါဝပ်နှင့် ခန်ကန်း ၁၄၀ မဂ္ဂါဝပ် စီမံကိန်းလေးခုကိုသာ တည်ဆောက်ရန် ယခင် MOA ကို ပြန်လည်ပြင်ဆင်ကာ ချုပ်ဆိုလက်မှတ်ရေးထိုးရန် စီစဉ်နေကြခြင်းဖြစ်သည်။

ပြန်လည်ပြင်ဆင်ရာတွင်မူ ၀ူကျုံးကျယ် မဆောက်တော့သည့် အချက်အပေါ်၌သာပြင်ဆင်ပြီး လက်ရှိတရုတ်ကုမ္ပဏီနှင့် IGE ကုမ္ပဏီမှ ၈၅ ရာခိုင်နှုန်းရယူပြီး မြန်မာနိုင်ငံမှ ၁၅ ရာခိုင်နှုန်းသာရရှိသည့်အပေါ် ဖြစ်သင့်သည့် အကျိုးအမြတ် ဟုတ်၊ မဟုတ် ပြန်လည်သုံးသပ် ပြင်ဆင်ခြင်းမျိုး လုံးဝပါမလာခဲ့ကြောင်းလည်း သိရသည်။

မြစ်ဆုံလို မမှားစေချင်ပါ

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ၆၇ ခုအထိ ထပ်မံတည်ဆောက်ရန် စီစဉ်လျက်ရှိသော်လည်း ယခုအချိန်အထိ မည်သူနှင့်မည်သည့် အကျိုးအမြတ်ခွဲဝေမှုဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ သက်ရောက်မည့် အကျိုးဆက်များအပေါ်၌သော်လည်းကောင်း သေချာရှင်းလင်းစွာ ပြည်သူသို့ အသေးစိတ်ချပြခဲ့သည့် စီမံကိန်းစာချုပ်တစ်ခုတလေပင် မရှိသေးပေ။

ထိုသို့ပြည်သူမမြင်ရဘဲ ပွဲစားခရသူနှင့် လုပ်လိုသူ၊ တာဝန်ရှိသူအချို့သာ တံခါးပိတ် လက်မှတ်ထိုးခဲ့မှုများ၏ အကျိုးဆက်ကြောင့် ယခုအခါ မြစ်ဆုံပြဿနာကို ရင်ဆိုင်နေရပြီဖြစ်ရာ အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းများ၏ စာချုပ်များကို ပြည်သူသို့ချပြပြီး လွှတ်တော်သို့ တင်ပြဆွေးနွေးပြီးမှသာ ချုပ်ဆိုသင့်တော့သည်။

ထမံသီ ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည်ဟုဆိုကာ ဒေသခံများကို ဖယ်ရှားခဲ့ပြီးနောက် စီမံကိန်းတည်ဆောက်မှု မပြုဘဲတော့ကောင်းသည့် ထမံသီတစ်တောလုံးကို လေးငါးခြောက်နှစ် အတွင်း၌ပင် တောပြုန်းအောင်ခုတ်ယူသွားခဲ့ကြပြီး ကောင်းစားသူ ကောင်းစားသွားခဲ့ပြီဖြစ်သည်။ ဖယ်ရှားခံဒေသခံများမှာတော့ ယနေ့အထိ ဒုက္ခရောက်နေကြရသည့် သာဓကကလည်း လတ်လတ်ဆတ်ဆတ်ပင် ရှိနေသေးသည်။

လက်ပံတောင်းတောင် စီမံကိန်းဆိုလျှင်လည်း ထိုသို့ပင် မျက်ကွယ်တွင် ချုပ်ဆိုခဲ့သည့် စာချုပ်များကြောင့် ပြဿနာပေါင်းစုံ ရင်ဆိုင်ခဲ့ရပြီး ဒေသခံများလည်း ဒုက္ခရောက်၊ နိုင်ငံတော်ရသည့် အကျိုးအမြတ်ကလည်း မဖြစ်စလောက်ဖြစ်သည့်အတွက် စာချုပ်ပြန်ပြင်ချုပ်ခဲ့သည်မှာလည်း လောလောလတ်လတ်ပင် ရှိသေးသည်။

ဒီမိုကရေစီ အစိုးရလက်ထက်ရောက်သည့်တိုင် အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းများနှင့်ပတ်သက်၍ ပြည်သူ၊ လွှတ်တော်သို့ ချပြခြင်းမရှိဘဲ စီမံကိန်းများအတွက် သဘောတူလက်မှတ်များ ရေးထိုးနေခြင်းမျိုးမှာ မရှိသင့်တော့ဘဲ ပြည်သူဆုံးဖြတ်ချက်ဖြင့်သာ ရေးထိုးချုပ်ဆိုခြင်းမျိုး ပြုလုပ်သင့်ပြီ ဖြစ်သည်။

ယခင်က ပြည်သူသို့ချမပြဘဲ ချုပ်ဆိုခဲ့သည့် စာချုပ်အများစုမှာ (တရုတ်ကုမ္ပဏီများဖြင့်) နိုင်ငံတော်မှ အကျိုးအမြတ် ၁၅ ရာခိုင်နှုန်း ၎င်းတို့က ၈၅ ရာခိုင်နှုန်း ရယူခဲ့သည့် စာချုပ်ပေါင်း မြောက်မြားစွာရှိခဲ့ပြီး ကိုယ့်သယံဇာတ၊ ကိုယ့်မြေဖြင့် နစ်နာခဲ့ရမှုများစွာ ရှိသည့်အတွက်လည်း ယခုနော်ချမ်းခစီမံကိန်းများအတွက် လက်မှတ်ရေးထိုးထားသည့် နိုင်ငံတော်က ၁၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိကကုမ္ပဏီများက ၈၅ ရာခိုင်နှုန်းဆိုသည်မှာ ဖြစ်သင့်၊ မဖြစ်သင့် ချင့်ချိန်ရန် လိုအပ်နေပြီဖြစ်သည်။

ထိုသို့မဟုတ်ပါက ပြည်သူသို့ချမပြဘဲ လုပ်ခဲ့သည့် စီမံကိန်းများစာရင်းထဲသို့ နော်ချမ်းခစီမံကိန်းလေးခုသည်လည်း ပါဝင်သွားမည်သာ ဖြစ်သည်။

(နော်ချမ်းခမြစ်တစ်လျှောက် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းလေးခု (Gaw Lan, Laungdin, Htonshin, Kankan) တည်ရှိရာ ခန့်မှန်းနေရာများအား Google Earth တွေ့ရစဉ်)

ချင်းအမျိုးသားသီဆိုထားတဲ့ " ကမ္ဘာက လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်"

ချင်းတောင်မှာ အမေစုကို ကြိုဆို