Wednesday, January 29, 2014

သ ခင် အောင် ဆန်း နဲ့ မ ရင် အေး တို့ ဇာတ် လမ်း




 Kyaw Naing


သခင်အောင်ဆန်း အတွက်ကတော့ မြစ်ဝကျွန်းပေါ် ရွာကြီး တစ်ရွာက မြေပိုင်ရှင် စက်သူဌေး သမီးကလေး `` မရင်အေး ´´ ကို ကျွန်တော်ရွေးပါတယ်။ မရင်အေးကို ရွေးရတဲ့အကြောင်းရင်းကတော့ မရင်အေးဟာ ရုပ်ရည်ချောသလောက် သဘောလည်း ကောင်းတယ်။ စိတ်လည်း ရှည်တယ်။ ပြီးတော့ သူ့မှာ အုပ်ထိန်းသူဆိုလို့ အမေတစ်ယောက်တည်းဘဲ ရှိတယ်။ အမွေဆိုင်ကလည်း မောင်လေးတစ်ယောက်ပဲရှိတယ်။ အဲဒီ မောင်ကလေးကလည်း ကျွန်တော်တို့ ဒို့ဗမာ အစည်းအရုံးဝင် သခင်တစ်ယောက် ဖြစ်တယ်။ သခင်အောင်ဆန်းနဲ့လည်း ရင်းနှီးတယ်။ သခင်အောင်ဆန်းကိုလည်း ကျောင်းသား ဘဝကတည်းက ကြည်ညိုလေးစားခဲ့သူ ဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်တာပါပဲ။ သခင်အောင်ဆန်း နဲ့ မရင်အေးတို့ ဇာတ်လမ်းကလေးဟာ တော်တော်ကလေး ရင်နင့်စရာ ကောင်းတဲ့ အဖြစ်အပျက်ကလေးလို့ ဆိုလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကလေးဟာ ကာယကံရှင်တွေ မဆိုထားနဲ့ ၊ စပ်ကြားက ဇာတ်ဆရာလုပ်မိတဲ့ ကျွန်တော်တောင်မှ ရင်နာခဲ့ရပါတယ်။ ဒီနေရာမှာ ဇာတ်လမ်းအစကို ပြန်ကောက်ရပါလိမ့်မယ်။ သခင်အောင်ဆန်းဟာ အခုလို ဘဝကြင်ဖေါ် ဖူးစာဘက်ကို ရှာဖို့တို့ ၊ ဘာတို့ကို လုံးဝ စိတ်ဝင်စားခဲ့တဲ့လူ မဟုတ်ပါဘူး။ သူ့စိတ်ဟာ ဟိုတစ်ချိန်တုန်းက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ နဲ့ ဗမာပြည်သူတစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာဘဲ အာရုံ စူးစိုက်နေရတဲ့လူ ဖြစ်ပါတယ်။ ဘေးကရဲဘော်တွေက ဒီလို ဒီလိုလုပ်ရမယ် ဆိုလို့သာ သူကသဘောတူလိုက်ရတယ်။ သူ့သဘောကတော့ ဒီကိစ္စကို ရေးကြီးခွင်ကျယ် မထားဘူး။ ဒီကိစ္စဟာ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာဘဲလို့လဲ သဘောထားဟန် တူပါတယ်။ ဘာကြောင့်လည်းဆိုတော့ မော်လမြိုင် ညီလာခံပြီးတဲ့ နောက်တစ်လကျော်လောက်အကြာမှာ ကျွန်တော် ရန်ကုန်ကိုရောက်လာပါတယ်။ သခင်အောင်ဆန်းအတွက် မှန်းထားတဲ့ ` သတို့သမီး မရင်အေး ´ ရဲ့ ဓာတ်ပုံကိုလည်း မရင်အေးတို့မြို့ကို သွားပြီး ယူခဲ့ပါတယ်။ မရင်အေး နဲ့ တွေ့တော့လည်း ကျွန်တော့်အပေါ်မှာ အစ်ကိုအရင်းလို ခင်မင်နေတဲ့ မိန်းခလေး ဖြစ်တဲ့အတွက် ကျွန်တော်က .... `` ဟေ့ ... မရင်အေး ၊ ညည်းရဲ့ နောင်ရေးအတွက် အကိုကြီး အစီအစဉ်တစ်ခု လုပ်နေတယ်။ ညည်းဘာမှ ဂျီးမများရဘူးနော်။ အကိုကြီးသဘောအတိုင်း စီစဉ်လိုက်မယ်။ ညည်းဓာတ်ပုံ တစ်ပုံသာ ပေးလိုက်ပေတော့ ´´ မရင်အေးက ရှက်ကိုး ရှက်ကန်းနဲ့ .... `` ဟာ ... အကိုကြီးကလည်း ရှက်စရာကြီး။ ညီမအတွက် ဒီလို အလုပ်မျိုးကို လုပ်နေရသလား ´´ လို့ ပြောပြီး သူ့ဓာတ်ပုံကို ထုတ်ပေးလိုက်ပါတယ်။ ဒို့ဗမာ အစည်းအရုံးဌာနချုပ်မှာ သခင်အောင်ဆန်း နဲ့ တွေ့ကြတော့ ကျွန်တော်က ... `` ကဲ ... ဆရာကြီး ၊ ခင်ဗျားနဲ့ မှန်းထားတဲ့ သတို့သမီးလောင်းကလေးရဲ့ ဓာတ်ပုံကို ယူလာခဲ့တယ်။ ခင်ဗျားကတော့ ကြိုက်သလား ၊ မကြိုက်ဘူးလား မသိဘူး။ ကျွန်တော့်မှာတော့ တကူးတကန့် သွားယူခဲ့ရတယ်။ ထမင်းကြွေးမယ်သာ ကြံပေတော့ ´´ လို့ ပြောလိုက်တော့ သခင်အောင်ဆန်းက .... `` ဟေး ... ခင်ဗျားတို့ ဒီကိစ္စကို တစ်ကယ်လုပ်နေကြတာလား။ ကျုပ်က ဒီကိစ္စဟာ အလကား ပြောနေကြတာလို့ ထင်နေတာဗျ။ မော်လမြိုင်မှာ ပြောပြီးကတည်းက ကျုပ်ဖြင့် တစ်ခါမှ မစဉ်းစားမိပါဘူးဗျာ ´´ သခင်အောင်ဆန်းဟာ အိမ်ထောင်ရေးထက် ဗမာ့ လွတ်လပ်ရေးကိုသာ အလေးအနက်ထားတယ် ဆိုတာဟာ ထင်ရှားပါတယ်။ နောက်ပြီး သခင်အောင်ဆန်းက ပြောသေးတယ်။ `` အဟုတ်ပြောတာပါဗျာ။ ကျုပ်တော့ မိန်းမယူဖို့ စိတ်မကူးသေးဘူး။ ခင်ဗျားတို့ ပြောတာတွေကိုလည်း မယုံမိဘူး။ အခု ခင်ဗျားက ဓာတ်ပုံတွေ ဘာတွေ ယူလာတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုသလိုများ ဖြစ်နေတာလားဗျာ ´´ လို့ ပြောပြီး ဓာတ်ပုံကို သေသေချာချာ စိုက်ကြည့်နေပါတယ်။ ပြီးတော့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး .... `` ခက်တာပဲဗျာ။ သူကလေးကို မြင်ရတာ ကျွန်တော်လိုကောင်နဲ့ မတန်ပါဘူးဗျာ။ သနားစရာ ကောင်းပါတယ်။ ကျုပ်တို့က ရှေ့လျှောက်ပြီး ဘာတွေလုပ်လို့ ၊ ဘာတွေ ဖြစ်မယ်မှန်း မသိနိုင်တဲ့လူစားတွေဗျ။ သူတို့လို နုနုနယ်နယ်ကလေးတွေနဲ့ ကျုပ်တို့ရဲ့ ခရီးကြမ်းနဲ့ မဖြစ်သေးပါဘူးဗျာ။ ပြီးတော့လည်း ကျုပ်တို့က တစ်ကယ့် မေတ္တာနဲ့ ချစ်လို့ ကြံစည် ကြတာလဲ မဟုတ်။ သူ့ကိုယူပြီး သူ့ပိုက်ဆံ နဲ့ နိုင်ငံရေးလုပ်ဖို့ ကြံကြတာ။ ဒါဟာ မတရားဘူးဗျ။ မှန်လည်း မမှန်ဘူး ´´ လို့ ဇွတ်ငြင်းနေပါတော့တယ်။ အဲဒီလိုနဲ့ နောက်မကြာခင်မှာပဲ မရင်အေးတို့ ခရိုင်မှာ ဒို့ဗမာအစည်းအရုံး ညီလာခံ ကျင်းပတယ်။ အဲဒီ ညီလာခံကို သခင်အောင်ဆန်းနဲ့ ကျွန်တော်တို့နှစ်ယောက် ဌာနချုပ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြပါတယ်။ ကျွန်တော်ကတော့ ညီလာခံကို သွားကတည်းက စိတ်ထဲမှာ ` တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ် ´ သဘောနဲ့ တက်ခဲ့တာ ဖြစ်ပါတယ်။ ညီလာခံအပြီးမှာ မရင်အေးတို့အိမ်ကို ကျွန်တော်တို့ သွားကြပါတယ်။ ညီလာခံ ကျင်းပတဲ့ မြို့နဲ့က သိပ် မဝေးလှဘူး။ မရင်အေးတို့အိမ် ရောက်လို့ မရင်အေး ကိုလည်းတွေ့လိုက်ရော ၊ သခင်အောင်ဆန်းဟာ ` မျက်စိပျက် ၊ မျက်နှာပျက် ´ နဲ့ .... `` ဟေ့လူ .. ဘယ်လို လုပ်လိုက်တာလဲ။ ခင်ဗျား ကျွန်တော့်ကို တကယ် ဂျောက်ကျအောင် လုပ်နေပြီ ထင်တယ် ´´ လို့ ပြောပါတယ်။ မရင်အေး ခမြာမှာတော့ ဘာအကြောင်းမှ မသိရှာသေးဘူး။ သူ့ ဓာတ်ပုံကို ကျွန်တော်ယူလာတုန်းက ဘယ်သူ ဘယ်ဝါကို ပြဖို့ ဆိုတာ မပြောခဲ့တော့ အခြေအနေမပျက် ကျွန်တော်တို့ စားဖို့၊ သောက်ဖို့တွေကိုသာ လုပ်ကိုင်နေရှာပါတယ်။ မရင်အေးတို့ အမေကြီးကတော့ ကျွန်တော်တို့လူငယ်တွေ လွတ်လွတ်လပ်လပ် နေကြနိုင်အောင် ဘုန်းကြီးကျောင်းကို ထွက်သွားပါတယ်။ အကြောင်းမသိသေးတဲ့ မရင်အေးက အိနြေ္ဒ မပျက်ပေမယ့် သခင်အောင်ဆန်းကတော့ မနေတတ် ၊ မထိုင်တတ်နဲ့ အိမ်အပြင်ဘက်ကိုသာ စိုက်ကြည့်နေပြီး ငိုင်နေရှာပါတယ်။ ထမင်းစားသောက်ပြီးတော့ ကျွန်တော်တို့နှစ်ယောက်က အိမ်ခေါင်းရင်းခန်းမှာ ပက်လက်ကုလားထိုင်နှစ်လုံးနဲ့ ထိုင်နေကြတယ်။ မရင်အေးက လဖက်ရည်ကြမ်းနဲ့ အချို အချဉ်ပွဲ လာချတော့မှ ကျွန်တော်က မရင်အေးကို စကားပြောကြရအောင် ဆိုပြီး အနားမှာ ထိုင်ခိုင်းလိုက်ပါတယ်။ မရင်အေးကလည်း ရိုရိုသေသေ အကိုကြီး အရင်းတွေကို ပြုစုကျွေးမွေးနေရသလို ပြုံးပြုံးရွှင်ရွှင်နဲ့ဘဲ အနားမှာ ထိုင်ရှာပါတယ်။ ကျွန်တော်က မရင်အေး နဲ့ သခင်အောင်ဆန်းကို မိတ်ဖွဲ့ပေးလိုက်ပါတယ်။ မရင်အေးကလည်း သခင်အောင်ဆန်းမှန်း သိပါတယ်။ သတင်းစာထဲမှာ ဓာတ်ပုံကို မြင်ဘူးပါတယ်လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာ သခင်အောင်ဆန်းက ဆိုင်းမဆင့် ၊ ဗုံမဆင့် နဲ့ .... `` ဒီမယ် ... မရင်အေး ၊ ခင်ဗျား အကိုကြီး သခင်တင်မောင်ဟာ ကောင်းတဲ့လူ မဟုတ်ဘူးဗျ။ ခင်ဗျား ဓာတ်ပုံကိုယူလာပြီး ကျွန်တော့်ကို ပြတယ်ဗျ။ ကျွန်တော်က ဘာမှ သိရတာလည်း မဟုတ်ဘူး။ သူတို့တစ်တွေက အကြံကြီး ကြံနေကြတယ်။ ခင်ဗျားရဲ့ ပိုက်ဆံနဲ့ ကျွန်တော် နိုင်ငံရေးလုပ်အောင် ဆိုပြီး စီစဉ်နေကြတယ်ဗျ ´´ လို့ ပြောချလိုက်ရော။ ကျွန်တော်လည်း အံ့အားသင့်နေပြီး ဘာမှ မပြောတတ်အောင် ဖြစ်နေတုန်းမှာ မရင်အေးဟာလည်း တခါထဲ မီးဖိုခန်းထဲကို ဝင်ပြေးပါလေရော။ မရင်အေးနောက်ကို ကျွန်တော် ဝင်လိုက်သွားပြီး အစအဆုံး ကျွန်တော်တို့ရဲ့ စီမံကိန်းကို ဖွင့်ဟ ဝန်ခံလိုက်ပါတယ်။ မရင်အေးကိုလည်း စိတ်မဆိုးဖို့ တောင်းပန်ရပြန်ပါတယ်။ မရင်အေးဟာ တော်တော်ကြာကြာကြီး တွေနေပါတယ်။ နောက်တော့ သူ့ဟာသူ အိမ်ရှေ့ခန်းကို ထွက်သွားပြီး သခင်အောင်ဆန်း အနားမှာဘဲ သွားထိုင်ပါတယ်။ ကျွန်တော်ကတော့ လိုက်သွားရ ကောင်းမလား ၊ မလိုက်ဘဲ နေရ ကောင်းမလား ဆိုပြီး ဝေခွဲလို့ မရခင်မှာဘဲ မရင်အေးက ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါတယ်။ ကျွန်တော်လည်း ထိုင်မိရော၊ မရင်အေးက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပုံကတော့ ....့  `` ဒီမယ် ... အကိုကြီး ၊ အကိုကြီးတို့ နှစ်ယောက်စလုံးကို အကိုအရင်းလိုဘဲ ကျွန်မ သဘောထားပါတယ်။ မောင်လေးကလည်း အကိုကြီးတို့ကို သိပ်ချစ်တယ်။ သိပ် ကြည်ညိုတယ်။ မေမေ ဆိုတာကလည်း အကိုကြီးတို့တစ်တွေကို အင်မတန် လေးစားပါတယ်။ ဒီတော့ အခုလို အကိုကြီး စီစဉ်တာဟာ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။ ဒီကိစ္စမှာ ကျွန်မသဘောကတော့ အကိုအောင်ဆန်း နဲ့ ကျွန်မနဲ့ဟာ မတန်ပါဘူး။ ကျွန်မတို့ဟာ တောသူတွေပါ။ တောမှာနေပြီး တောသူပီပီဘဲ နေတတ်´ စားတတ်ပါတယ်။ အကိုအောင်ဆန်းတို့ကတော့ နောက်ဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည် အုပ်ချုပ်တဲ့ ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်ကြဦးမှာပါ။ ဒီတော့ ကျွန်မတို့လို တောသူတွေနဲ့ဆိုရင် မဖြစ်ပါဘူး။ ဒီလိုပြောတာဟာ အကို အောင်ဆန်းကို ကျွန်မ မချစ်လို့၊ မခင်လို့ ပြောတာ မဟုတ်ပါဘူး။ အကိုအောင်ဆန်း တို့ ပါရမီကို ညီမလေးတစ်ယောက် အနေနဲ့လည်း ဖြည့်လို့ ရပါတယ်။ ပိုက်ဆံလိုချင်ရင်လည်း တောင်းကြပါ။ မေမေ သိအောင်တစ်မျိုး၊ မသိအောင်တစ်မျိုး ပေးရင်လည်း ပေးလို့ ရပါတယ်။ ကျွန်မရော၊ မောင်လေးကရော အကိုကြီးတို့ နိုင်ငံရေး လုပ်တာကို လေးစားနေကြတာပဲ။ နောက်ဆုံး ... အကိုကြီးတို့လိုတဲ့ ငွေက သိပ်များ နေရင် မေမေ မသိအောင် ညီမပေးမှာပေါ့ ´´ လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။ ကျွန်တော်က ဘယ်လို ပြန်ပြောရမလဲလို့ စဉ်းစားနေတုန်း သခင်အောင်ဆန်းက .... `` ဟုတ်တယ်။ ခင်ဗျားပြောတာ မှန်တယ်။ မှန်တယ် ဆိုတာက နိုင်ငံရေးပါရမီကို ဘယ်အနေနဲ့ဘဲ ဖြစ်ဖြစ်၊ ဖြည့်ဆည်းလို့ ရတယ်ဆိုတာကို ပြောတာ။ ခင်ဗျား ပြောသလို ညီမတစ်ယောက် အနေနဲ့ပဲ ဖြည့်ပါမယ် ဆိုတာကို ကြိုက်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်မှာမို့ ခင်ဗျားတို့လို တောသူတွေနဲ့ မတန်ပါဘူး ဆိုတဲ့ဟာကတော့ မဟုတ်သေးဘူး။ ဝန်ကြီး ဆိုတဲ့ကောင်ကရော ဘာကောင်မို့လဲ။ မိုးကျ ရွှေကိုယ်လည်း မဟုတ်ပါဘူး။ တောသား ပါပဲဗျ။ တောရွာ ဇနပုဒ်က တောမှာ မွေးခဲ့တဲ့ အကောင်ပါဗျ။ ခင်ဗျားပြောတဲ့ တောသူမို့လို့ မတန်ပါဘူး ဆိုတဲ့စကားကို ပြန် ရုပ်သိမ်းလိုက်ပါဗျာ ´´ ဆိုပြီး ဟဲ ဟဲ ... ဟဲဟဲ နဲ့ သဘောကျနေပါတော့တယ်။ ကျွန်တော့် ဝမ်းထဲမှာတော့ ကိုယ့်လူက ဒီလိုတော့လည်း အပြေလည်သားပါကလား။ ချစ်ရေးဆိုပုံကလေးကလည်း မခေပါကလားလို့ ပီတိ ဖြစ်လိုက်မိပါတယ်။ ကျွန်တော်တို့ ပြန်ခါနီးမှာ မရင်အေးက သူ့မေမေဆီမှာ ကျွန်တော်တို့အတွက် အထွေထွေသုံးဖို့ငွေ ၁၀၀ ကျပ် ပေးလိုက်မယ်လို့ ပြောပြီး ကျွန်တော်တို့ကို စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံကို ပေးလိုက်ပါတယ်။ သင်္ဘောပေါ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့မှ ရာတန် ( ၃ ) ရွက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဟိုခေတ်က ငွေ ၃ဝဝ ကျပ်ဆိုတာ နည်းနည်းနောနော တန်ဖိုး မဟုတ်ပါ။ သခင်အောင်ဆန်း နဲ့ မရင်အေး တို့ ဇာတ်လမ်းကတော့ အခုအတိုင်းဘဲ အဆင်ပြေပြေနဲ့ စခဲ့ကြတာပါပဲ။ ဒါပေမယ့် မကြာပါဘူး။ အဲဒီညီလာခံမှာ ဟောခဲ့တဲ့တရားကြောင့် သခင်အောင်ဆန်းဟာ ဆုငွေ ( ၅ ) ကျပ် အထုတ်ခံရတဲ့ ဘဝကို ရောက်ခဲ့ရပါတယ်။ အဲဒီ ဝရမ်းကို ရှောင်ရင်းတိန်းရင်းကနေပြီး ဗမာပြည်အပြင်ဘက်ကို ရောက်သွားရတယ်။ နောက် ရဲဘော်သုံးကျိပ်ကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာ့ လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း အဖြစ်နဲ့ ဗမာပြည်ကို ပြန်ရောက်တဲ့ အချိန်မှာ မရင်အေးကတော့ မျှော်သလင့်လင့်နဲ့ ရှိနေရှာပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကတော့ အထက်ဗမာပြည် သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက် စစ်ချီနေရှာပါတယ်။

သ ခင် တင် မောင် ( ကျုံ မ ငေး )
 အိုးဝေ ဂျာနယ် ၊ အမှတ် - ၂၅ ။ ( ၁၅. ၈. ၁၉၆၉ ) နေ့ထုတ်မှ
credit... တို့ဗမာအစည်းအရုံး Dobama Asiayone


မောင်အောင်ဆန်း ၏ ပွဲဦးထွက်သတ္တိ...
===================

ယခု တင်ပြမည့် ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများတွင်၎င်း၊ အခြားသူများ ဟောပြော တင်ပြကြသော ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိများတွင်၎င်း၊ မပါဝင်သေးသော အကြောင်းအချင်းအရာများကို ဖတ်ရှုရမည် ဟု ထင်မြင်မိပါသည်... လွန်ခဲ့သည့် အနှစ်လေးဆယ်ကျော်က အိုးဝေဂျာနယ်တွင် စည်သူကျော်ထင် ရေးသားခဲ့သော " မောင်အောင်ဆန်း ၏ ပွဲဦးထွက်သတ္တိ..." ဆောင်းပါးအား ပြန်လည် ကောက်နှုတ် ဝေမျှလိုက်ပါသည်.
ဗိုလ်ချုပ် အောင်ဆန်းငယ်ရွယ်စဉ် နတ်မောက်မြို့ ဦးသောဘိတ ကျောင်းသားဘ၀ မရောက်မီ ကလေးဘ၀က ကိုအောင်ဆန်းသည် တစ္ဆေ သရဲကို အလွန်ကြောက်တတ်ကြောက်တတ်ကြောင်း နတ်မောက်မြို့ပေါ်၌ ၀ါတွင်းတွင် အတီးအမှုတ် အကအခုန်တို့ဖြင့် အဖိတ်နေ့တိုင်း အလှူခံထွက်ရာ လူတစ်ယောက်က ဖိုးသူတော်ရုပ်ကြီးထဲဝင်ပြီး ကခုန်သည်ကိုမြင်လျှင်လည်း ကြောက်ရွံ့သဖြင့် အိမ်ခန်းတွင်းသို့ ၀င်ရောက် ပုန်းအောင်းနေတတ်ကြောင်း ၊ ကာကာ ဆိုင်သို့လာလျှင် ကာကာကုလားကိုလည်း ကြောက်သဖြင့် ကာကာဆိုင်သို့ပင် မသွားကြောင်း အစရှိသည့် ငယ်ရွယ်စဉ် ကလေးဘ၀ အကြောက်ကြီး ကြောက်တတ်ပုံတို့ကို " အောင်သန်း၏ အောင်ဆန်း" စာအုပ်တွင်၎င်း ၊ " အောင်ဆန်း မိသားစု" စာအုပ်တွင်၎င်း စာရှုသူများ တွေ့ဘူး ဖတ်ဘူးခဲ့ကြပေလိမ့်မည်...

ဤနေရာတွင် ကြောက်စိတ်ဟူသည် လူ့ဘ၀တလျောက်လုံး လူ့ခန္ဓာအတွင်း၌ ရာသက်ပန် ကိန်းအောင်း တည်ရှိ နေနိုင်သော အခြင်းအရာမျိုး မဟုတ်ကြောင်း ပြောကြားလိုပါသည်.. ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ် ကြောက်မွေးပါ ဇာဂနာ ဖြင့်နှုတ် ဟူသော စကားနှင့် အညီ ကြောက်စိတ်ကို ရဲစိတ်ဖြင့် တွန်းလှန်ချေမှုန်းပစ်လျှင် လုံးဝကင်းစင် ပပျောက်ပြီး အာဇာနည် သူရဲကောင်းဘ၀သို့တိုင် ရောက်အောင်ပင် တက်လှမ်းနိုင်တတ်ပေသည်။ ကြောက်သွေးဟူသမျှကို ရဲဆေးဖြင့် သုတ်သင်ဆေးကြောပစ်နိုင်သဖြင့် မြန်မာ့လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင် အနိုင်ရအောင် တိုက်ယူနိုင်စွမ်းရှိခဲ့သည်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က သက်သေထူလျက်ရှိပေသည်။ ရဲသွေး ရဲမာန် နှင့် သတ္တိ ဗျတ္တိ ဟူသည် လေ့ကျင်ပျိုးထောင်၍ ရနိုင်ကောင်းသော အခြင်းအရာမျိုးဖြစ်ပေသည်။ ထိုသို့သော သတ္တိမျိုးကို ဗိုလ်ချုပ်အောင်ဆန်း ကောလိပ်ကျောင်းသား ဖြစ်ပြီးကာစ အသက်(၁၇)နှစ်သား အရွယ်က လေ့ကျင့်ပျိုးထောင်ခဲ့ပေသည်။

ကိုအောင်ဆန်း မည်သို့ လေ့ကျင်ပျိုးထောင်ခဲ့ပါသနည်း.....

အချိန်ကား မြန်မာလွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟူ၍ နိုင်ငံဥသျှောင်ကြီးတဆူဖြစ်လာမည့် ကျောင်းသားကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် အိုင်အေဂျူနီယာ (ခေါ်) ဥပစာအောက်တန်း (ထိုစဉ်က ပထမနှစ် မခေါ်သေး)တွင် တစ်နှစ်တာ ပညာသင်ကြားပြီး၍ အတန်းတင်စာမေးပွဲများ ဖြေဆိုပြီးကာ နွေရာသီ ကျောင်းပိတ်ရက်အရောက်တွင် နတ်မောက်မြို့ရှိ မိခင်ကြီးအမေစုထံသို့ ပြန်ရောက်လာသော အခါသမယပေတည်း ....

နတ်မောက်မြို့ကလေးသည် တောမြို့ကလေးတမြို့ ဖြစ်ရကား ထိုစဉ်က မြို့ပေါ်ရှိ များစွာသော အမျိုးသမီးကြီးများသည် အားလပ်သောအချိန်များတွင် တစ္ဆေ မှင်စာ သရဲသဘက် ဘုတ် ပြိတ္တာ စသည်တို့၏ အကြောင်းကို ဒဏ္ဍာရီ ပုံပြင်များ သဖွယ် အကျယ်ချဲ့ကာ ပြောလေ့ ပြောထ ရှိတတ်ကြပေ၏။ ထို့အတူ နတ်မောက်မြို့ အရှေ့ပိုင်းရပ်ရှိ အမေစု ၏ အိမ်ဝန်းကျင်မှ ဒေါ်ကြီး ဒေါ်လေးတို့သည်လည်း ထိုသို့သော သရဲသဘက်ပုံပြင်များကို အားပါးတရ လျှာလိပ်ပါးလိပ် ပြောကြလေရာ ကိုအောင်ဆန်းအဖို့ ထိုဒဏ္ဍာရီဇာတ်လမ်းများကို မကြားချင်အဆုံး ဖြစ်၍နေလေတော့သည်။

မည်သို့ပင် နားလျှံအောင် ကြားရသော်လည်း ကိုအောင်ဆန်းအဖို့ ယင်းသို့သော နာနာဘာဝ များကို အကောင်အထည်နှင့်တကွ တွေ့မြင်ရခြင်း မရှိသဖြင့် လုံးဝအယုံအကြည် မရှိခဲ့ပေ။ ပူအိုက်လှသော နွေရာသီ နေ့တစ်နေ့တွင် ကိုအောင်ဆန်းသည် ဦးသောဘိတ ကျောင်းတွင်နေစဉ်က သူနှင့် ကျောင်းနေဘက်သူငယ်ချင်းများဖြစ်ခဲ့ကြသော ကြွက်ကဒိုး (ကုန်သည်ကြီး ဦးဘအေး) ၊ ဖိုးနီ(ကျောင်းဆရာ ဦးဖိုးနီ)၊ မောင်ညာ(ကုန်သည် ဦးညာပွား)၊ မောင်ညို(မြွေအလမ္ပယ်ဆရာ ဦးညို) နှင့် ရန်ဒါး (ယခုရန်ကုန်မြို့ ကမာရွတ်တွင်နေထိုင်သူ ကပေါင်းကုန်းကြီးရွာသား ရန်ဒါး) စသော သူငယ်ချင်းများ နှင့် ဂျင်းသုပ်သည် ဒေါ်စော အိမ်တွင် စုဝေးကာ ထွေရာလေးပါး စကားစမြည်များ ပြောဆိုလျှက် နေကြပေ၏ ..

ထိုလူစုအနက် ကိုအောင်ဆန်းက စတင်၍ ..

ဆန်း ... ဒီလောကမှာ တစ္ဆေ သရဲရှိတယ်ဆိုတာ မင်းတို့ ယုံကြသလား ..ငါတော့ လုံးဝ မယုံဘူး .. ဒါကြောင့် .. ငါ ဒါတွေကို ကြောက်လဲ မကြောက်ဘူး ..ဂရုလဲ မစိုက်ဘူး...

ထိုစကားကို ကြားလျှင် ၎င်းတို့တွင် အသက်ကြီးဆုံးဖြစ်သူ ကြွက်ကဒိုးက ကြားဝင်၍..
ဒိုး ...... မယုံ မရှိနဲ့ မောင် ..တခါက ငါ့ကို မြို့ရဲ့ အရှေ့ဖျားက မယ်စာပင် ခေါ်တဲ့ သရက်ပင်ကြီးအောက်က သရဲခြောက်လို့ ပြေးလိုက်ရတာ တင်ပါး နဲ့ ဖ၀ါး တသားထဲကျသွားတာပဲ ..

ဆန်း .... အဲဒါ သရက်ပင်အောက် ခွေးတစ်ကောင်က မင်းကိုမြင်လို့ လန့်ပြေးတာ ..မင်းက သရဲခြောက်တယ်ထင်ပြီး ထွက်ပြေးတာ ဖြစ်မှာပေါ့ .. သရဲဆိုတာ တကယ် မရှိဘူး ...

ထိုသို့ ကြွက်ကဒိုး နှင့် ကိုအောင်ဆန်းတို့ ဆွေးနွေးပြောဆိုနေကြသည်ကို ကြားလျှင် ပျော်ပျော်နေတတ်သူလည်းဖြစ်၍ သူငယ်ချင်းတစ်စု လူရည် အလည်ဆုံးလည်း ဖြစ်သော မောင်ညာက မျက်နှာမဲ့ရွဲ့ကာဖြင့် ...
ညာ .... အောင်ဆန်း မင်း တစ္ဆေ သရဲ ရှိတယ်ဆိုတာကို တကယ် မယုံဘူးလား...
ဆန်း ... လုံးဝ မယုံဘူး ..ရှိလဲ မရှိဘူး ... ဒါကြောင့် ကြောက်စရာလဲ မလိုဘူး .....

ညာ ..... ကောင်းပြီ..ဒီလိုဆိုရင် ည(၁၀)နာရီအချိန်လောက်မှာ မင်းတစ်ယောက်တည်း သင်္ချိုင်းကို သွားရဲလား ..
ဆန်း ... သွားရုံမက .. ဟိုဘက် ဆယ်ဘူတာလောက်လွန်သွားသေးတယ်..ငါသွားရဲရင်..မင်းတို့က ငါ့ကို ဘာများ ဆု ပေးကြမလဲ ...

ညာ ... မင်း သွားရဲရင် မင်း ရန်ကုန်ကောလိပ်ကျောင်း အပြန်မှာ နတ်မောက်-ရန်ကုန် မီးရထား မထမတန်း လက်မှတ်ကို ဒို့တတွေက စုဝယ်ပေးမယ် ..ကဲ ဘယ်နှယ့်လဲ ..
ဆန်း ... ကောင်းပြီ..စိန်လိုက်..

ညာ .... မင်း .. ဒီည (၁၀)နာရီ တိတိမှာ မြို့လည်ခေါင်ဝတ်ဇရပ်နားက ဂုံးတံတားက စထွက်ပြီး သင်္ချိုင်းအလယ်မှာရှိတဲ့ မင်းဖခင် ဦးဖာရဲ့ အုတ်ဂူပေါ်မှာ ဦးဖာရဲ့ သက်စေ့ ဖရောင်းတိုင် ထွန်းညှိရမယ်..ဖရောင်းတိုင် အားလုံးထွန်းပြီးရင်
ဒီတံတားကို ပြန်လာရမယ်.. ဒီတံတာမှာ ဒို့ အသင့်စောင့်နေမယ်.. မင်းပြန်ရောက်ရောက်ခြင်း မင်းတကယ် လုပ်မလုပ် ဒို့အားလုံး ပြန်သွားကြည့်မယ်..မင်းသွားရင်တော့ အဖော်တစ်ယောက်မှ ခေါ်မသွားရဘူး ..

ဆန်း.... ကောင်းပြီ..ည(၁၀)နာရီ ငါ့အဖေရဲ့ အုတ်ဂူပေါ်မှာ သက်စေ့ဖယောင်းတိုင်(၆၄)တိုင် နဲ့ မီးညှိဘို့ မီးခြစ်သာ အဆင်သင့်ပြင်ထားကြ .. ငါလာခဲ့မယ်.. ဒီတချီတော့ တစ္ဆေ သရဲ ယုံတဲ့ မင်းတို့တတွေကို ငါ ကျွတ်အောင် ချွတ်ပြမယ်...

ထိုနေ့ညဦးစောစောကပင် ကြွက်ကဒိုး၊ ဖိုးနီ၊ မောင်ညာ ၊ မောင်ညို နှင့် ရန်ဒါး တို့သည် ဒီပင်္ကရာကျောင်းတိုက်အနီးမှ ကုန်စုံဆိုင်ဖြစ်သော ကြတ်တန်ဘိ ခေါ် ကိုမောင်ကလေး၏ ကုန်မျိုးစုံဆိုင်မှ ဦးဖာသက်စေ့ ဖယောင်းတိုင်(၆၄)တိုင်နှင့် မီးထွန်းညှိရန် မီးခြစ်တို့ကို အဆင်သင့်ဝယ်ယူထားပြီး အဆိုပါ တံတားထိပ်မှ စောင့်ဆိုင်းလျက်နေကြလေသည်..

ည(၁၀)နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ကိုအောင်ဆန်း ရောက်၍ လာပါချေပြီ ...ည(၁၀)နာရီ သံချောင်းခေါက်သည်နှင့် တပြိုင်နက် ကိုအောင်ဆန်းသည် ကတိအတိုင်း ဖခင်၏ သက်စေ့ဖယောင်းတိုင် (၆၄)တိုင် နှင့် မီးခြစ်တို့ကို ယူဆောင်ကာ နတ်မောက်မြို့ အနောက်ဖက်ရှိ သုဿာန်သို့ တယောက်တည်း ချက်ခြင်း ထွက်သွားလေသည်.. ကိုအောင်ဆန်းသည် ဥပါဒါန်လည်းမကပ် စိုးစဉ်းမျှလည်း တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ သုဿာန် သင်္ချိုင်းသို့သွားကာ ဖခင်ဦးဖာ၏ အုတ်ဂူပေါ်တွင် သက်စေ့ဖယောင်းတိုင်(၆၄)တိုင်ကို စိမ်ပြေ နပြေ ထွန်းညှိလေတော့သည်..

ထွန်းညှိပြီးနောက် သူငယ်ချင်းများစုဝေးရာ မြို့လယ်တံတားသို့ ပြန်ရောက်ချိန်တွင် ည(၁၁)နာရီ ထိုးသည့် သံချောင်းပင်ခေါက်လေပြီ.. ထိုအခါတွင် မှ ကျန် သူငယ်ချင်းငါးယောက်တို့သည် ကြည့်ရှု စစ်ဆေးရန် ဓါးများ၊ လှံများကို ကိုင်ဆောင်၍ သွားကြည့်ကြသည်.. ဓားလှံများ ယူဆောင်သွားရခြင်းမှာ တစ္ဆေ သရဲရှိသည်ဟု ယုံကြည်သူများဖြစ်ကြ၍ ရင်ဆိုင်တွေ့ရလျှင် ခုခံရန် ယူဆောင်သွားကြခြင်းဖြစ်သည်..

ကိုအောင်ဆန်းသည် သူငယ်ချင်းများ ပေးလိုက်သော ဖယောင်းတိုင် တစ်ခုမကျန် အကုန် ထွန်းညှိခဲ့ကြောင်းတွေ့ရပြီး မြို့လယ်တံတားသို့ ပြန်လာကြလေသည်..။

သူငယ်ချင်း ငါးယောက် ကိုအောင်ဆန်း နှင့် ပြန်လည်ဆုံတွေ့ကြသောအခါ မောင်ညာကစတင်၍..
ညာ..... မောင်ရင့် သတ္တိကျု ကိုယ်တို့တကယ် ချီးကျူးပါတယ်...မောင်ရင် ငယ်စဉ်ကနဲ့..ခုနဲ့ ..ပြဒါးတလမ်း သံတစ်လမ်းဘဲ..
ဆန်း... မင်းတို့ကို ငါပြောထားသားဘဲ.. တစ္ဆေ သရဲဆိုတာ တကယ်မဟုတ် လံကြုတ်တွေရဲ့ လုပ်ဇာတ်ပါလို့...

ညာ..... မောင်ရင် လက်တွေ့ ပြပေလို့ ..တို့တွေလဲ အမှန်ကို လက်တွေ့သိရပြီ.မောင်မင်းကြီးသား ရန်ကုန်ပြန်တဲ့အခါ ပထမတန်းလက်မှတ်ကိုသာ မကပဲ ပါသမျှ အထုပ်အပိုးတွေကိုပါ ကိုယ်တို့တတွေ ထမ်းပြီ ရထားပေါ်တင်ပေးပါ့မယ်..

ဆန်း... ဒါတွေကို အသာထားစမ်းပါမောင်ညာ ..ရှင်းရှင်းပြောရရင် မင်းတို့ အယူမှားတွေကို ဒီတချီ ငါ အကျွတ်ချွတ်လိုက်ရလို့ ကျေနပ်တယ်ကွာ...

အထက်ပါ အဖြစ်သနစ်ကို သေချာစွာ အကဲခတ်သည်ရှိသော် ကိုအောင်ဆန်းသည် ငယ်ရွယ်စဉ်က မည်မျှပင် ကြောက်တတ်သည် ဟု ဆိုစေကာမူ ကျောင်းသားဘ၀ရောက်ရှိပြီး အဆိုး အကောင်းကို အကျိုး အကြောင်းနှင့် တကွ ဆင်ခြင် စဉ်းစားလာတတ်သောအရွယ်တွင်မူကား ကြောက်မွေးဟူသမျှကို ဇာဂနာဖြင့် အပြောင်အစင် သုတ်သင် နှုတ်ပါယ်ပြစ်ကာ ရဲစိတ် ရဲမာန်တို့ တဖွားဖွား ပေါ်ပေါက်လာအောင် ပြုစုပျိုးထောင်မွေးမြူနိုင်ပြီး အမိမြန်မာနိုင်ငံကြီး သူ့ ကျွန် ဘ၀မှ လွတ်မြောက်လာသည်အထိ စွမ်းစွမ်းတမံ ခေါင်းဆောင်တိုက်ခိုက်ကာ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းပေး ခဲ့ကြောင်းကို ပြည်သူအပေါင်းတို့ အသိပင် ဖြစ်ချေသည်...။

စည်သူကျော်ထင်(အိုးဝေဂျာနယ်)
credit... တို့ဗမာအစည်းအရုံး Dobama Asiayone

ဦးကိုနီကို ပညာရှင်တစ်ဦးအဖြစ်နဲ့သာ မြင်စေလို



Ven Ravika

ဦးကိုနီ ရေးတဲ့ "ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ"ဆိုတဲ့စာအုပ်ကို အစအဆုံး ဖတ်လိုက်တယ်။ အဲဒီလိုဖတ်နေတဲ့အချိန်မှာ မူစလင်တစ်ယောက်ရေးတဲ့စာအုပ်ဖြစ်တယ်ဆိုတာ မေ့ထားပြီး ဥပဒေပညာရှင်တစ်ဦး ရေးတဲ့ ဥပဒေအမြင်များဖြစ်တယ်လို့ ခံယူခဲ့ပါတယ်။ သူ့လို မြန်မာဗုဒ္ဓဘာသာပညာတတ်တွေ အများကြီး ရှိနေမှာပါ။ ဒါပေမဲ့ ဗမာစကားကို ရှင်းအောင် သူ့လောက် မပြောနိုင်ကြပါဘူး။ ဒါမှမဟုတ် စစ်အာဏာရှင်စနစ်ကို ကြောက်လို့ မပြောဝံ့ကြတာလည်း ပါချင်ပါမယ်။ မိမိက ဦးကိုနီကို လေးစားခြင်းမှာ သူက စစ်အာဏာရှင်ကို ဥပဒေအမြင်ကနေ ပြတ်ပြတ်သားသား ဆန့်ကျင်နေတဲ့ ဥပဒေပညာရှင်တစ်ဦးအဖြစ်နဲ့သာ ဖြစ်တယ်။

ခုံရုံး ဆုံးဖြတ်မည့်ကိစ္စ လွှတ်တော်ဘက်က မှန်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို





The Voice Weekly

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်အကြား အချင်းများနေသော ဥပဒေများကို အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ အဓိပ္ပာယ် ဖွင့်ဆိုပါက လွှတ်တော်ဘက်က မှန်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“လွှတ်တော်ဘက်က မှန်မယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြီးဖြစ်သော ဥပဒေနှင့် လက်မှတ် ရေးထိုးခြင်းမရှိဘဲ အတည်ဖြစ်နေသော ဥပဒေ ရှစ်ခုတွင် အခြေခံဥပဒေနှင့် မညီသော အချက်များ ပါရှိနေသောကြောင့် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အဓိပ္ပာယ် ဖွင့်ဆိုစေမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အခြေခံဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆိုမှုသည် ခုံရုံးအပေါ်တွင် မူတည်နေသော်လည်း လွှတ်တော်၏ သြဇာလွှမ်းမိုးမှုကို သံသယ ဖြစ်လာနိုင်စရာ အကြောင်းရှိပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော်၏ တရားစီရင်ထုံး ဖြစ်နေသောကြောင့် သမိုင်းတွင်မည့်ကိစ္စ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ခုံရုံးအဖွဲ့ဝင်တွေရဲ့ သုံးပုံနှစ်ပုံက လွှတ်တော်က ခန့်ထားတာ ဖြစ်နေတယ်။ အမှီအခို ကင်းကင်းနဲ့ မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်းရှိ မရှိဆိုတာ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်ဟောင်း များကို စွပ်စွဲပြစ်တင်၍ ရာထူးမှ နုတ်ထွက်စေခြင်းသည် ခုံရုံး၏ လုပ်ပိုင်ခွင့်ကို လွှတ်တော်မှ ကျော်လွန်ရာ ရောက်ကြောင်း ၎င်းကပြောဆိုသည်။

နိုင်ငံတော်သမ္မတရုံး အနေနှင့် ဥပဒေရှစ်ခုကို ခုံရုံးသို့ပေးပို့ရန် ရက်အတိအကျ သတ်မှတ်ထားမှု မရှိသေးသော်လည်း သတင်းထုတ်ပြန်ထားသည့် အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များကို မေးမြန်းရာတွင် ခုံရုံး၏ အဓိပ္ပာယ် ထွက်ဆိုမှု မရှိသေးသည့် အချိန်တွင် လွှတ်တော်ဘက်မှ ကိုယ်စားပြု၍ ဖြေဆိုရန် မဖြစ်နိုင်သေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို (တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပုဂ္ဂလိက အမည်ခံကာ အစိုးရပိုင်အဖြစ်မှ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲ



Burmar Pyi Thar
အခုတလော မြန်မာပြည် စီးပွားရေးလောကမှာ သိပ်ခေတ်စားနေတဲ့ အစိုးရ စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးနေတယ်ဆိုတာကြားလို့တော့ အကောင်းသားဗျ ပြောရလျှင် ပုဂ္ဂလိက အမည်ခံကာ အစိုးရပိုင်အဖြစ်မှ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပါ
ဥပမာ - ဦးတေဇရဲ့ Air Bagan လေကြောင်းပို့ဆောင်ရေးတဲ့၊ ဒါပေမဲ့ Air Bagan ရဲ့ လေယာဉ် တဝက်ကျော်ကျော်လောက်ကို ဦးသန်းရွှေသမီးက ပိုင်ဆိုင်တယ်။ ဦးတေဇက တရားဝင် လုပ်ငန်းရှင်သာ ဖြစ်တယ်။ အခွန်ဆောင်တယ်။ ဝင်ငွေအားလုံး ငွေဖြူဖြစ်တယ်။ အကြောင်းတစုံတရာကြောင့် ဦးသန်းရွှေကို အဂတိလိုက်စားမှုနဲ့ တရားစွဲ၊ လူကိုသာ ထောင်ထဲ ပို့လို့ရမယ်။ ဦးတေဇ၏ Air Bagan ကိုတော့ ထိမ်းလို့ မရ။ အားလုံးက တရားဝင် လည်ပတ်နေတဲ့လုပ်ငန်း ဖြစ်နေတာကိုး။ မပိုင်ဘူးလား။

ပုဂ္ဂလိကပိုင် လုပ်ငန်းလို့ ကြားရတာနဲ့တင် နားအရသာ ရှိလှပေတယ်။ ကိုယ်မပိုင်ရင်နေ၊ ပုဂ္ဂလိကပိုင်ဆိုတဲ့ စကားလုံးကတင် ကိုယ့်ကို ကိုယ်စားပြုသလို ခံစားရတယ်လေ
တကယ်လည်း ပုဂ္ဂလိကပိုင် လုပ်ငန်းများ တွင်ကျယ်လာမှုက နိုင်ငံတစ်ခု တိုးတက်မှုရဲ့ အဓိက ရေသောက်မြစ်ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုဆိုပါတယ်၊ အားပေးပါတယ်၊ သို့ရာတွင်ပေါ့လေ။ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ ကြေငြာလို့မှ မဆုံးသေး၊ လျာထားချက် ပြည့်သွားပြီ။ အစိုးရ စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးတော့မည်၊ ကြေငြာလို့မှ မပြီးသေး၊ ချထားခွင့် ပြည့်သွားပြီ
လက်မြန်ခြေမြန်နဲ့ ဘယ်သူတွေကများ လက်ဦးမှု ယူသွားကြပါလိမ့်၊ ရှည်ရှည်ဝေးဝေး စဉ်းစား မနေပါနဲ့၊ ယခု မြန်မာပြည်မှာ ကျင်းပနေတဲ့ Myanmar National League ဘောလုံးပြိုင်ပွဲက အသင်းပိုင်ရှင်များလို့သာ မှတ်လိုက်ပါတော့။

ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ချချပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ အဲဒီ ၁၀ ဦးမျှလောက်သော သူဌေးကြီးများကသာ ပြိုင်ဘက်မရှိ အညီအမျှ ခွဲဝေယူနေကြတာ ဖြစ်ပေတော့တယ်။
ကျွန်တော်ပြောတာကို မယုံရင် ကိုယ်တိုင် လေ့လာကြည့်ပါ။ ယခု မြန်မာပြည်က အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ ပိုင်ရှင်၊ မြန်မာပြည်ရဲ့ အကြီးဆုံး စားသောက်ကုန် လုပ်ငန်းပိုင်ရှင်၊ မြန်မာပြည်ရဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းပိုင်ရှင်၊ ဘယ်သူတွေများပါလိမ့်လို့ ရှည်ရှည်ဝေးဝေး သိပ်ပြီး အတွေးခေါင် မနေပါနဲ့၊ Myanmar National League မှာ အားလုံး တစ်စုတစ်စည်းထဲ တွေ့နိုင်ပါလိမ့်မယ်။
လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ မြန်မာပြည်ကြီးမှာ ဒီ ၁၀ ဦးလောက်ကဘဲ ပုဂ္ဂလိက ဖြစ်နေတာကတော့ မနိပ်လှဘူးဗျို့။

စီးပွားရေးသမားမို့ လာဘ်မြင်တာမျိုး မဟုတ်ဘဲ နောက်ဖေးလမ်း လာဘ်မြင်သလိုမျိုးကြီးဗျ။ သူတို့ဟာက ရန်ကုန်ဘူတာကြီးမှာ လက်မှတ် ရောင်းသလိုမျိုး ဖြစ်နေတယ်။ လက်မှတ်ရောင်းချိန်က နံနက် ၇:၀၀ နာရီတဲ့၊ ဒါပေမဲ့ ၇:၀၀ နာရီက မထိုးသေးဘူး “ကုန်ပြီ” ဆိုတဲ့ စာတမ်းက အစီအရီ ဘယ်အချိန် ဘယ်လို ကုန်အောင် ရောင်းလိုက်သည်မသိ။ အဘယ်မျှ မျက်စိရှင်အောင် ထားထား၊

ဒါက ရှင်းပါတယ်။ “ခေတ်သစ် အာဏာရှင် စည်းစိမ်ဖွက်နည်း” ဖြစ်ပါတယ်။ ယခင်ခေတ်ကာလက အာဏာရှင်များဟာ သူတို့ မတရားယူထားတဲ့ စည်းစိမ်ငွေမဲတွေကို ဆွစ်ဇာလန်နိုင်ငံ ဘဏ်သို့ အပ်မယ်။ နိုင်ငံတကာမှာ အိမ်တွေ၊ ခြံတွေ ဝယ်မယ်။ အဲ့ဒီလိုနည်းနဲ့ စည်းစိမ်ဖွက်ကြတယ်။

အခု စစ်အာဏာရှင်တွေကတော့ ဒီလိုနည်းနဲ့ စည်းစိမ်မဖွက်ကြတော့။ ထိုနည်းများက ဦးနေဝင်း လုပ်ခဲ့တဲ့နည်းတွေ။ စိတ်မချရတော့။ ပြန်လည် သိမ်းဆည်းခံရနိုင်တယ်။ ယခုကြည့်ပါ၊ အီဂျစ်သမ္မတဟောင်း မူဘာရက်၏ ပိုင်ဆိုင်မှုများကို ဆွစ်ဇာလန်နိုင်ငံက ထိမ်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ အခုနောက်ဆုံးပေါ် စည်းစိမ်ဖွက်နည်းကတော့ ငွေကို အရှင်ထားခြင်း ဖြစ်တယ်။

အလားတူ မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်သမီးတွေ ရှယ်ယာ ပါပြီးသား။ ဤသို့ ဤပုံ မြန်မာစစ်ဗိုလ်ချုပ်များက ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားတတ်ကြတယ်။ ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြတယ်။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက အခြေအနေ အပြောင်းအလဲကြောင့် စစ်အစိုးရ ပြုတ်ကျလျှင်တောင်မှ ပြည်သူတွေနဲ့ဆိုင်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ မရှိတော့တဲ့ အခြေအနေပင်။

အလွန်တရာ ကလိန်စေ့ ငြမ်းဆင်နိုင်သော လှည့်ကွက်ပင် ဖြစ်ပါတယ်။။ သူတို့ ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။

ထိုသို့ (၁၀) ဦးသော ပုဂ္ဂိုလ်ကြီးများမှာ တေဇ၊ ဇော်ဇော်၊ ထွန်းမြင့်နိုင်၊ အောင်ကိုဝင်း၊ စိုင်းစံထွန်း၊ ချစ်ခိုင်၊ ဌေးမြင့်၊ ဝင်းမြင့်၊ ခင်ရွှေ၊ မောင်ဝိတ်လို့ ခန့်မှန်းရပြီး သူတို့ရဲ့ ပုဂ္ဂလိက လုပ်ငန်းကြီးများ မြန်မာပြည်မှာ ကြီးထွားလာတာနဲ့အမျှ အကျိုးဆက်က မတွေးရဲလောက်အောင် ဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်း ဖြစ်သည့်အတွက် ဈေးကစားတာတွေ ကြုံရမယ်။ မကျေနပ်လို့ ပုဂ္ဂလိကလုပ်ငန်းက ဈေး (၁၀) ဆ တက်စေဦးတော့ ဘာမျှ ပြောမရ။ အစိုးရပိုင်လုပ်ငန်းက ဈေးတက်သွားပြီဆိုရင် ဆူပူမှုတွေ ဖြစ်သွားနိုင်တယ်။

ထိန်းထိန်းညှိညှိ လုပ်ရတဲ့ သဘာဝရှိတယ်။ အဲဒီလို ခြားနားချက်များကြားမှာ (၁၀) ဦးပိုင် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ တွင်ကျယ်သွားရင်ဖြင့် မြန်မာပြည်သူတွေ အငတ်ဘေး ဆိုက်သွားနိုင်ချေရှိတယ
သူတို့ သူဌေး (၁၀) ဦးလောက်က ကြွယ်ဝပြီးရင်း ကြွယ်ဝ၊ ချမ်းသာပြီးရင်း ချမ်းသာပါ
အချုပ်ဆိုရရင် စစ်အာဏာရှင်တွေ အနေနဲ့ လူကြားကောင်းအောင် ပုဂ္ဂလိက ချပေးနေတယ်ဆိုတာကို သွားမယုံလိုက်ပါနဲ့။ အမှန်မှာတော့ ပုဂ္ဂလိက ချပေးနေခြင်း မဟုတ်ပါ။ နီးစပ်ရာကို အကျိုးတူ လုပ်ပိုင်ခွင့်များ ချပေးနေခြင်းသာ ဖြစ်ပါတယ်။
စစ်အစိုးရ အနေနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို အဂတိ လိုက်စားနေရတာကို ကျောမလုံပါ။ ဒါ့ကြောင့် စစ်ဗိုလ်ချုပ်သား/သမီးတွေ ရှယ်ယာပါတဲ့ ကုမ္ပဏီများ၊ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကနာမည် တပ်ပေးလိုက်တဲ့အတွက် လွတ်လွတ်လပ်လပ်ကို စားချင်တိုင်း စားလို့ ရသွားလေတော့တယ်။
နောက်ဆုံးပေါ် လူလည်ကျနည်း ဖြစ်ပါတယ်။ အလျဉ်းသင့်ရင်လည်း အချိန်နဲ့တပြေးညီ ဖေါ်ကောင် လုပ်ပေးပါဦးမယ်ဲ

၅၉(စ) မပြင်ဖို့ နေမျိုးဝေက ဦးဆောင် ဟောပြောမယ်


ထန်းသီးကျွေခိုက်ကျီးနင်းခိုက်ပါကွာ လန့်မနေနဲ့ ငါ့ညီတွေ ပြောစေချင်လို့ လုပ်ပေးရတာ ငါမပြောလည်း
 မင်းတို့အမေ ဘာမှဖြစ်မလာဘူး ဟိုလူတွေပြင်ပေးပါလိမ့်မယ်အားကြီးကြီး

ပုံ
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ

==================================

 ဘာသာမဲ့ လို့ ကြွေးကြော်ထားသူကအမျိုးဘာသာသာသနာဆိုင်ရာ ဟောပြောပွဲကို  ဟောပြောမည်

ဦး နေမျိုးဝေ ......

ခင်ဗျား ...ဘာသာမဲ့ ....လို့ .....

ဘယ်အချိန်...ဘယ်ကာလ.....ဘယ် ..နေရာမှာ .... ပြောခဲ့သလဲ ....... ပြန် သတိရပါ ...။


ဆရာတော် အရှင်သူမြတ်တို့ဘုရား ...။

၂၀၁၅ မှာ သမ္မတဖြစ်လို့ ဒေါ်စုကြောင့် အမျိုးဘာသာ သာသနာ တကယ်ညိုးနွမ်းမယ်ဆိုရင် ..တပည့်တော်တို့ ကိုယ်တိုင် ဦးဆောင် ဖြုတ်ချပါ့မယ် အရှင်ဘုရား..။
သူ့သက်တမ်းက ငါးနှစ်ထည်းပါ...။

တိုင်းပြည်ကို စုတ်ပြတ်သတ်အောင်ဖန်တီးပြီး သာသနာကို သေနတ်နဲ့ချိန်ပြီး စောင့်ရှောက်ခဲ့သူကြီးရဲ့ မွေးနေ့မှာ
အမျိုးသာသာ သာသနာ အကြောင်းပြပြီး အဲဒီ လူကြီးပြဌာန်းခဲ့တဲ့ .. ဒီပုဒ်မကို ခိုင်မာအောင် ကြိုးစားမယ့် နိုင်ငံရေး သတ်ကွက်ကိုတော့ တပည့်တော်တို့ လက်မခံပါဘူး ဘုရား ..။

(ငရဲသား)

====================================

Nik Nayman

အာဏာရှင်စနစ် သက်တမ်းရှည်စေမည့် လုပ်ရပ်မှန်သမျှ ဆန့် ကျင်ကြ။

အာဏာရှင်စနစ် သက်တမ်းရှည်စေမယ့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) အား ထောက်ခံခြင်း ပြုလုပ်မည့် အစီအစဉ်အား အာဏာရှင်လက်ပါးစေများမှ အကွက်ချ စည်းရုံးဆောင်ရွက်ခြင်းအား လုံးဝ ကန့် ကွက်လိုက်သည်။

မြန်မာပြည်သူလူထုအနေဖြင့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့  (အာဏာရူး သန်းရွှေ၏ မွေးနေ့ ရက်တွင်မှ တမင်သက်သက် စီစဉ်သည့်) အဆိုပါ အာဏာရူးတို့ ၏ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉) ထောက်ခံဆန္ဒထုတ်ဖေါ်ပွဲအား ဆန့် ကျင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

နေစရာအိမ်မရှိသူများနှင့် သွားစရာနေရာမရှိတော့သည့် လူဦးရေတစ်ရာကျော်



ဓာတ်ပုံ- ကျော်ဇင်သန်း
-------------
ရေးသားသူ- ငြိမ်းချမ်း
7Day

နေစရာမရှိ အနာဂတ်မရှိ

နေစရာအိမ်မရှိသူများနှင့် သွားစရာနေရာမရှိတော့သည့် လူဦးရေတစ်ရာကျော်သည် ချောင်းပတ်လမ်းရှိ ကွန်ကရစ်လမ်းပေါ်တွင် အသေးစားယာယီတဲများထိုးကာ နေထိုင်နေသည်။

ထိုတဲများဘေးတွင်ရှိသည့် စွန့်ပစ်အမှိုက်ပုံများပေါ်တွင် ကလေးငယ်များက ပျော်မြူးစွာဆော့ကစားနေပြီး လူကြီးများကတော့ အရုပ်ကြိုးပြတ်ထိုင်နေကြသည်။ ထိုမြင်ကွင်းသည် ဇန်န၀ါရီ ၂၂ ရက်က လှိုင်သာယာမြို့နယ် အမှတ် ၁၅ ရပ်ကွက် ချောင်းပတ်လမ်းဘေးရှိ ကျူးကျော်တဲတစ်ထောင်ဝန်းကျင်ကို အာဏာပိုင်များက ဖယ်ရှားပြီးနောက် ဇန်န၀ါရီ ၂၆ ရက် နံနက်ခင်းက တွေ့ခဲ့ရသည့် မြင်ကွင်းဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ တွေးထားတယ်”ဟု ယခင်က လှိုင်သာယာမြို့နယ်တွင် အိမ်ငှားနေရာမှဆင်းလာပြီး ပိုက်ဆံခြောက်သောင်းအကုန်အကျခံကာ ကျူးကျော်တဲထိုးနေထိုင်ခဲ့၍ အာဏာပိုင်များ၏ ဖယ်ရှားခံရမှုကြောင့် ဆက်နေချင်စိတ်မရှိတော့သည့်အကြောင်းကို ဒေါ်အုံးရင်ကငိုရင်းပြောသည်။

၎င်းကျူးကျော်သမားများ၏ နေထိုင်ရေးသည် နည်းလမ်းကုန်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ စည်ပင်ပိုင်မြေနေရာနှင့် အိုးအိမ်ပိုင်မြေနေရာများတွင် ၎င်းတို့ကို ၀င်ရောက်နေထိုင်ခွင့်မပြု။ ရန်ကုန်မြို့၏ အိမ်ငှားသူများနှင့် အခန်းငှားသူများက ကျူးကျော်သမားများကို လုံးဝလက်မခံ။ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်များကလည်း ၎င်းတို့ကို လာရောက်နေထိုင်ခြင်းမပြုလုပ်ရန် ငြင်းဆန်ထားသည်။ ၎င်းတို့လက်ရှိနေထိုင်သည့် ချောင်းပတ်လမ်းနေရာတွင်လည်း အမြန်ဆုံးဖယ်ရှားပေးရန် အာဏာပိုင်များက အမိန့်စာထုတ်ထားပြန်သည်။

ဇန်န၀ါရီ ၂၂ ရက်က တဲများဖယ်ရှားခံရမှုကြောင့် သွားစရာနေရာမရှိသည့် အိမ်ထောင်စု ၅၂ စုမှ လူဦးရေ ၁၀၉ ဦးရှိသည်။ ကလေးငယ် ၂၀ ၀န်းကျင်နှင့် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်လေးဦးရှိနေသည်။ တဲများဖယ်ရှားခံရမှုကြောင့် ယခုလက်ရှိ ပြောင်းရွှေ့နေထိုင်သော ချောင်းပတ်လမ်းနေရာသည် သာမန်လူတစ်နာရီထက်ပိုမနေနိုင်သော နေရာဖြစ်ပြီး အမှိုက်ပုံများ၏အနံ့ကြောင့် နံစော်နေသည်။

“ဒီနေရာလေးမှာရရင် နေချင်ပါသေးတယ်။ ကလေးတွေကလည်း ကျောင်းမပြီးသေးဘူး။ ဒီနေရာကနေ ပြောင်းပေးရမယ်ဆိုရင် ဘယ်နေရာကို ပြောင်းရမယ်မှန်းမသိသေးဘူး။ နေစရာအတွက် လမ်းဆုံးဖြစ်နေပြီ”ဟု နာဂစ်မုန်တိုင်းဒဏ် ရိုက်ခတ်ခံရပြီးနောက်တွင် ဖျာပုံမြို့နယ်၊ ကျုံးကတွတ်ကျေးရွာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး ကျပန်းလုပ်ကိုင်နေသည့် ဒေါ်ရီဝင်းက သူကလေးငယ်များ၏ အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စွာပြောသည်။

ကျူးကျော်သမားများသည် ၎င်းတို့သားသမီးများ၏ အနာဂတ်အတွက် စိတ်ပူနေပြီး လက်ရှိ ရှိနေသော ကလေးငယ် ၂၀ ထဲမှ အနာဂတ်တွင် ပညာတတ်များဖြစ်လာနိုင်သူများ ရှိနိုင်သည်ဟု ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ ဦးတင်ဝင်းကဆိုသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်တဲဝင်ရောက်ထိုးသူများကတော့ ဧရာဝတီတိုင်းဒေသကြီးမှ အများစုဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဘ၀ပျက်ကာ အလုပ်ရရှိရန်အတွက် ရန်ကုန်မြို့သို့တက်လာကြောင်း ၎င်းတို့ကဆိုသည်။ ရန်ကုန်မြို့တွင် စက်ရုံလုပ်သား၊ ပန်းရန်၊ ကျပန်း စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော် ယခုအခါ စက်ရုံအလုပ်ရုံများနှင့် အခြားအလုပ်စေခိုင်းသူများက ကျူးကျော်သမားများကို အလုပ်စေခိုင်းခြင်းမရှိတော့ကြောင်း ၎င်းတို့ကဆိုသည်။

“အခုဆို ကျွန်မတို့ရဲ့သားတွေသမီးတွေကို ကျူးကျော်ဆိုပြီး ဘယ်သူမှအလုပ်မခိုင်းတော့ဘူး။ နေစရာကမရှိဘူးဆိုမှ အလုပ်ကမရှိတော့ ပိုဆိုးတာပေါ့”ဟု မိသားစုဝင်ရှစ်ဦးရှိသည့် ဒေါ်အုံးရင်က ၎င်းမိသားစု၏ လက်ကျန်တစ်ထောင်တန်တစ်ရွက်ကိုင်ကာ နေ့လယ်စာအတွက်စီစဉ်ရင်း ပြောသည်။

ကျူးကျော်တဲဆောက်လုပ်ရာတွင် တဲတစ်လုံး ကျပ်ခြောက်သောင်းဝန်းကျင်ကုန်ကျပြီး မိသားစုတွင် ရှိသမျှပိုက်ဆံဖြင့် စုဆောင်း၍ တဲဆောက်ခြင်းဖြစ်သည်။ ကျူးကျော်သမားများသည် နာမည်ပျက်နေခြင်းနှင့် မိသားစုဝင်ကလေးများနေခြင်းကြောင့် ၎င်းတို့ကို ရပ်ကွက်အတွင်း၌ အခန်းငှား၊ အိမ်ငှားခြင်းမပြုပေ။

ရန်ကုန်မြို့အတွင်း ကျူးကျော်တဲများ ၀င်ရောက်ထိုးသူများအနက် နေစရာအိမ်မရှိသည့် တဲထိုးသူများနောက်တွင် နေစရာအိမ်ရှိပြီး မြေတစ်ကွက်ရရှိရန် တဲထိုးသော အခွင့်အရေးသမားအများစု လာရောက်နေရာယူမှုကြောင့် ကျူးကျော်တဲများ များပြားလာခြင်းဖြစ်ကြောင်း ချောင်းပတ်လမ်းဘေးတွင် ယာယီတဲထိုးနေထိုင်သည့် ကျူးကျော်များကဆိုသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင်ပင် ကျူးကျော်တဲများ ၀င်ရောက်နေရာယူသည့် နေရာ ၁၀ ခု ထက်မနည်းရှိပြီး ၎င်းတို့အားလုံးကို အကုန်ဖယ်ရှားမည်ဟု အာဏာပိုင်များက ပြောဆိုထားသည်။ ဇန်န၀ါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ပန်းလှိုင်တံတားအနီးနှင့် တွံတေးမြို့သို့သွားသော လမ်းဘေးရှိ ကျူးကျော်တဲ ၅၀၀၀ ကျော်ကို အာဏာပိုင်များက စတင်ဖယ်ရှားခဲ့သည်။

ဇန်န၀ါရီ ၂၀ ရက်တွင် မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေး တောပေါင်းကျိုးအနီးရှိ ကျူးကျော်တဲ ၇၀ ကို ထပ်မံဖယ်ရှားခဲ့ပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ နေရာနှစ်ခုတွင် ဆက်တိုက်ဖယ်ရှားခဲ့သည်။

နိုင်ငံတော်၏ စီမံကိန်းနယ်မြေများနှင့် နီးစပ်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူနေချိန်တွင် သက်ဆိုင်ရာမြို့နယ်များ၏ မြို့အင်္ဂါရပ်နှင့်ညီစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများမှ ကျူးကျော်များကို စတင်ဖယ်ရှားရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အပါအ၀င် ဒေသဆိုင်ရာအာဏာပိုင်များနှင့်ပူးပေါင်းပြီး အင်အားသုံးဖြေရှင်းရန် စီစဉ်နေရခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ဇန်န၀ါရီ ၂၂ ရက်တွင် ပြောသည်။

ကျူးကျော်များကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးအစားလေးမျိုး ခွဲခြားလေ့ရှိသည်။ ပထမအမျိုးအစားသည် အစစ်အမှန်ကျူး (Real squatter) ဖြစ်ပြီး ဒုတိယအမျိုးအစားသည် ကျူးမြေကို အရင်ရောက်ပြီး နောင်မှရောက်ရှိလာသူများကို ပြန်ငှားစားသည့် အိမ်ငှားကျူး (Landlord squatter) ဖြစ်သည်။ တတိယအမျိုးအစားမှာ စီးပွားဖြစ်ကျူး (Professional squatter) ဖြစ်ပြီး စတုတ္ထအမျိုးအစားသည် မင်းမဲ့စရိုက်ကျူး (Anarchistic squatter) ဖြစ်သည်ဟု စာရေးဆရာမြင့်မိုရ်ဆွေ ရေးသားထားသည့် စီးပွားရေးမြို့တော်လော၊ ကျူးမြို့တော်လော ဆောင်းပါးတွင် ဖော်ပြထားသည်။

ပထမအမျိုးအစားသည် မြို့ပြဒေသရှိ အလွန်ဆင်းရဲနွမ်းပါးသည့် မိသားစုများနှင့် အလုပ်အကိုင်ကို အကြောင်းပြုပြီး ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ခိုဝင်လာသူများပါဝင်သည်။ ရန်ကုန်မြို့တွင်ရှိသော ကျူးကျော်နေထိုင်သူများမှာ ယခင်က ပထမအမျိုးအစားကျူးများသာ အများစုဖြစ်နေရာ ၂၀၁၃ နှစ်ဆန်းမှစပြီး စတုတ္ထအမျိုးအစား မင်းမဲ့စရိုက်ကျူးများ နေရာအနှံ့မှာ အလုံးအရင်းမင်းမူလာကြောင်း အဆိုပါဆောင်းပါးတွင်ဖော်ပြထားသည်။

သက်ဆိုင်ရာအာဏာပိုင်များသည် ကျူးကျော်တဲများကို ဖယ်ရှားရန်သာ ပြုလုပ်နေကြပြီး ဖယ်ရှားခံကျူးများအား ပြန်လည်နေရာချထားပေးရန်အတွက် လုပ်ဆောင်ခြင်းမျိုး မရှိသေးပေ။

ရန်ကုန်မြို့တွင် နေထိုင်စရိတ်ကြီးမားလာမှုကြောင့် အိုးမဲ့အိမ်မဲ့များအပေါ် ယနေ့အထိ နေထိုင်စရာ မပေးနိုင်သည်မှာ ပေါ်လွင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်စိုးကသုံးသပ်သည်။

“သူတို့ကိုနေဖို့ အစိုးရကပေးရမှာ။ ဒါဆိုရင် ဒီပြဿနာ ဖြစ်လာစရာမရှိဘူး”ဟု ဦးစိုးမြင့်ကပြောသည်။

“နေစရာမရှိတိုင်း နေလို့မရဘူး။ ဥပဒေဘောင်အတွင်းကပဲ နေရမယ်။ နေလို့မရမှန်းသိရက်နဲ့ လာနေကြတာ”ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးထိန်စိုးကပြောသည်။

“ကျူးတွေနဲ့ပတ်သက်ပြီးတင်ပြဖို့ အစီအစဉ်မရှိဘူး။ ဒီကိစ္စက သံသရာဆုံးမှာမဟုတ်ဘူး။ စီးပွားရေးသမားတွေပါနေတာ တွေ့ရတယ်။ ဒီလူတွေကို နေရာပေးရင်လည်း နောက်ထပ် ထပ်ကျူးနေဦးမှာပဲ”ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်းကပြောသည်။

ဇန်န၀ါရီ ၂၂ ရက် နံနက်တွင် ၎င်း၏တဲဖယ်ရှားခံရမည်ကို ကြိုတင်သိနေသော ဒေါ်အုံးရင်သည် ထိုည လင်းအားကြီးအချိန်တွင် အာဏာပိုင်များက အင်အား ၂၀၀၀ ကျော်ဖြင့် တဲများဖျက်ဆီးသွားခဲ့သည်ကို မည်သို့မျှတားဆီးနိုင်ခြင်းမရှိဘဲ ထိုင်ကြည့်နေခဲ့ရသည့် မြင်ကွင်းကို အမြဲပြန်မြင်ယောင်နေသည်ဟု ဒေါ်အုံးရင်ကဆိုသည်။

ကျူးကျော်တဲများကို ဖယ်ရှားရုံမျှဖြင့် ကျူးကျော်ပြဿနာ အဖြေထွက်လာမည်မဟုတ်ပေ။ အိမ်ရာမဲ့ဖြစ်နေသည့်ကျူးများမှာ အခြားနေရာလွတ်များကိုရှာဖွေ၍ ဆက်လက်နေထိုင်ကြဦးမည်သာ ဖြစ်သည်။

“ဒီလိုပဲ လွတ်တဲ့နေရာတွေ လိုက်ရှာဦးမှာပဲ”ဟု ဒေါ်အုံးရင်ကပြောသည်။

လက်ရှိ အိမ်ရာမဲ့ဖြစ်နေသော ကျူးများသည် ၎င်းတို့၏ စွန့်ခွာလာသောဇာတိမြေသို့ ပြန်လည်ဝင်ရောက်ရန် ရှက်မိသည့်အတွက် ပြန်မသွားလိုကြောင်း ပြောဆိုသည်။

“ရေလုပ်ငန်းလည်း ပြန်မလုပ်ချင်တော့ဘူး။ ပြန်လုပ်ဖို့ရာလည်း နာဂစ်မှာ အကုန်ပါသွားလို့ မရှိတော့ပါဘူး”ဟု ဧရာဝတီတိုင်းမှ လာရောက်နေထိုင်သူ ဒေါ်ရီဝင်းကပြောသည်။

ပြည်ပသို့ အိမ်အကူ သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရများသာမက စာတမ်းပြုစုသူနှင့် အင်ဂျင်နီယာများလည်းပါ




Mizzima - News in Burmese

ပြည်ပသို့ အိမ်တွင်းမှုအကူအဖြစ် သွားရောက် လုပ်ကိုင်မည့်သူများတွင် ဘွဲ့ရ၊ စာတမ်းပြုစုနေသူများနှင့် အင်ဂျင်နီယာများပင် ပါဝင်နေသည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့မှ တာဝန်ရှိသူများ က ပြောသည်။

အိမ်အကူလုပ်ဖို့ လာတဲ့သူတွေထဲမှာ လေးတန်းကနေ ဘွဲ့ရ၊ အင်ဂျင်နီယာတွေအထိ ပါတယ်။ အင်ဂျင်နီ ယာတွေဆိုပေမယ့် ဒီမှာက မိသားစုက ဆင်းရဲတယ်။ လစာ ၈၀,၀၀၀၊ ၁၀၀,၀၀၀ နဲ့ ကုမ္ပဏီတွေမှာ မလုပ်နိုင်ဘူး။ သူတို့မိသားစုတွေကို သူ မထောက်ပံ့နိုင်ဘူး။ ဒါကြောင့် ဟိုမှာ တစ်လ လေးသိန်းလောက် ရတော့ သုံး၊ လေးနှစ် သွားပြီး အနစ်နာခံ ရှာမယ်။ ပြီးတော့မှ ပြန်လာမယ်ဆိုတဲ့ သူမျိုးတွေပေါ့”ဟု ထက် မာန် အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းထူးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် မြန်မာအိမ်အကူများကို စင်ကာပူနှင့် ဟောင်ကောင်တို့မှ ခေါ်ယူလိုမှု မြင့်တက်နေပြီး ဇန်န၀ါ ရီ ၂ ရက်နှင့် ၃ ရက်များကလည်း ဟောင်ကောင်မှ အိမ်အကူလုပ်သားခေါ်ယူလိုသည့် အဖွဲ့များ၊ မြန်မာ ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုအဖွဲ့ချုပ်နှင့် အေဂျင်စီများ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

GOLD MINE ပြည်ပအလုပ်အကိုင်အေဂျင်စီမှ သင်တန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဖုန်းမြင့်က “အနိမ့်ဆုံး ပညာအရည်အချင်းအဆင့်ကို ရှစ်တန်းက စတယ်။ တချို့ဆို စာတမ်းတင်ဖို့ လုပ်ထားတဲ့ကလေးတွေပါ ပါတယ်။ အမှန်တကယ်တော့ သူတို့ကို မသွားစေချင်ပါဘူး။ ဒါပေမဲ့ သူတို့ကိုပြန်မေးကြည့်တဲ့အခါမှာ သူ တို့ ဒီမှာ နှစ်နှစ်ဆိုတဲ့အချိန်က မကြာဘူးဆိုတဲ့အတွက် အဲဒီအတွင်း သူတို့ ငွေရှာချင်တယ်။ ပြီးတော့မှ ပြန်လာပြီး သူတို့ပညာရေးအတွက် ဆက်လုပ်မယ်လို့ ပြောကြပါတယ်”ဟု ဆိုသည်။

ဟောင်ကောင်သို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အိမ်အကူများသည် တစ်လလျှင် အမေရိကန်ဒေါ် လာ ၅၀၀ ရရှိကြောင်းနှင့် စင်ကာပူတွင်မူ မြန်မာအိမ်အကူလုပ်သား လစာငွေ စင်ကာပူဒေါ်လာ ၃၅၀ မှ ၄၅၀ ကြား( ကျပ် ၂၈၀,၀၀၀ မှ ၃၀၀,၀၀၀) ရလေ့ရှိပြီး ဖိလစ်ပိုင်လုပ်သားများအနေဖြင့် အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၅၀၀ ရရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက ထုတ်ဖော်ပြောကြား ထားသည်။

ဟောင်ကောင်မှ မြန်မာအိမ်အကူလုပ်သားတစ်ဦးအတွက် ဟောင်ကောင်နှင့်မြန်မာအေဂျင်စီများက တစ် ဖက်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ခွဲဝေရယူရန်ရှိသော်လည်း ယခင်က အေဂျင်စီအသင်းချုပ်၏ တောင်းဆိုညှိနှိုင်းမှုအရ ပြည်တွင်းအခြေစိုက် မြန်မာပြည်ပအလုပ်အကိုင်အေဂျင်စီအား အမေရိကန်ဒေါ် လာ ၁,၁၆၀ ပေးမည်ဖြစ်သည်။

ဟောင်ကောင်နိုင်ငံအနေဖြင့် အိမ်အကူလိုအပ်ချက် သုံးသိန်းခန့်ရှိလာမည်ဖြစ်သည်ဟု ဇန်န၀ါရီလ ပထ မပတ်အတွင်းက နှစ်ဖက် ညှိနှိုင်းမှုများအရ ဟောင်ကောင် အေဂျင်စီတစ်ခုက ထုတ်ဖော် ပြောဆိုထား သည်။

ထို့ပြင် စင်ကာပူနိုင်ငံမှလည်း မြန်မာအိမ်အကူလုပ်သားများ ပိုမိုခေါ်ယူရန်လိုပြီး စင်ကာပူတွင် ရောက်ရှိ နေသော မြန်မာအိမ်အကူလုပ်သားများမှာ ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့်ရှိနိုင်ကြောင်း စင်ကာပူရှိ အိမ်အကူ လုပ်သားအင်အား၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ရွှေ့ပြောင်းလုပ်သားရေးရာ လှုပ်ရှားသည့် လူမှုအဖွဲ့အ စည်းများအချို့နှင့် Home Hunanitarian Organization for Migration Economics မှ ဒေါက်တာသိန်း သန်းဝင်းက ပြောသည်။

ဓာတ်ငွေ့ပိုက်လိုင်းကြားစခန်း မီးရှို့မှု မူးယစ်နေသော မြန်မာလုပ်သား တစ်စုကြောင့်သာဟု ကုမ္ပဏီဆို




Popular Myanmar News Journal

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ ကြားခံစခန်းတစ်ခု မီးရှို့ခံရ မှုမှာ တရုတ်နှင့်မြန်မာ အလုပ် သမား တို့ကြား ပဋိပက္ခဖြစ် ပွားခြင်းကြောင့် မဟုတ်ဘဲ အရက်မူးနေေ သာ မြန်မာ လုပ်သားတစ်စု၏လက်ချက်သာဖြစ် ကြောင်း ကုမ္ပဏီကဆိုသည်။

”အဓိကကတော့ သူတို့ (မြန်မာ လုပ်သား ၃ဝ ခန့်)က အဲဒီအချိန်မှာ မူးနေတာ။ ပြီးတော့ တရုတ်လုပ်သား တွေက အပေါ်ကနေ သေးပေါက်ချတာ လည်း မဟုတ်ဘူး။ လုပ်ငန်းခွင်စည်း ကမ်းအရဆို ည ၁ဝ နာရီကျော်ရင် အရက်သောက်ခွင့် မရှိတော့ဘူး။ ဘာ ပဋိပက္ခမှ မဖြစ်ဘူး။ သူတို့က မူးနေလို့ သာ ဆီပုံးတွေ မီးရှို့တော့ ဆီပုံးတွေက အဆောင်နဲ့နီးတော့ အဆောင်ပါ မီး ကူးလောင်တာ” ဟု အရှေ့တောင်အာရှ ရေနံပိုက်လိုင်းနှင့် အရှေ့တောင် အာရှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း (SEADP/SEAGP) မှပြောခွင့်ရ မစ္စတာကျောင် က ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ် သတင်းစာများက အဆောင်၏အပေါ် ထပ်နေတရုတ်လုပ်သားများက အောက် ထပ်ရှိ မြန်မာလုပ်သားများ ကို ရေဖြင့် ပက်ခဲ့ကြောင်း (အချို့သတင်းစာများက ဆီးဖြင့် ပန်းချခဲ့သည် ဟု ဖော်ပြခဲ့ကြ သည်) ထို့ကြောင့် မြန်မာလုပ်သား ၃ဝ ခန့်က အပေါ်ထပ်သို့တက်သွား၍ ရေ ဖြင့် ပက်သူကို ပြန်တောင်းပန် ခိုင်းရန် စကားပြန်မှတစ်ဆင့် ပြောဆိုခဲ့သည်ဟု ဆိုကြသည်။ သို့ရာတွင် တရုတ်လုပ်သား တို့ကတောင်းပန်ခြင်းမပြု၍ မကျေမနပ် ဖြစ်ကာအဆောင် အနီးရှိ ဆီပုံးများကို စတင်မီးရှို့ခဲ့ရာမှ အဆောင်ကိုပါ မီးကူး စက်ခဲ့ကြ သည်ဟု ဖော်ပြကြသည်။

”တရုတ်နဲ့မြန်မာလုပ်သားတွေ ကြားမှာ ဘာပဋိပက္ခမှ မဖြစ်ဘူး။ ရိုက်တာနှက်တာလည်းမရှိဘူး။ ဘယ်သူ တစ်ဦးမှလည်း ထိခိုက်ဒဏ်ရာ ရတာမရှိ ဘူး”ဟု မစ္စတာကျောင်က ပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ညက ဖြစ်ပွား ခဲ့သော အဆိုပါကြားခံစခန်းမီးရှို့မှု ကြောင့်ရဲတပ်ဖွဲ့က မြန်မာလုပ်သား ၁၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီး မြန်မာ လုပ်သားအချို့မှာ ထွက်ပြေး ပုန်းရှောင် နေသည်ဟု သိရသည်။

ပိုက်လိုင်းကုမ္ပဏီက ယခုကဲ့သို့ ပြောသော်လည်း တရုတ်လုပ်သားများ က မြန်မာလုပ်သားများအပေါ် ဖိနှိပ်မှု ကြောင့် မကျေနပ်ခြင်းမှ အစပြုသည် ဟု သတင်းစာအချို့ က ရေးသားဖော် ပြသည်။

”တရုတ်တွေက အနိုင်ကျင့်တာ များပြီလို့ဆိုတယ်။ အရင်ကလည်း အ ပေါ်ကနေ အန်ချတာတွေရှိတယ်လို့ ပြော တယ်”ဟုလုပ်သားများ ၏ ပြောဆို ချက်ကို ရခိုင်တိုင်းရင်း သားများ တိုး တက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဒေါ်သွယ်သွယ်စိုးက ပြန် လည်ကိုးကားခဲ့ကြောင်းThe Voice Daily က ဖော်ပြထားသည်။

ဒီမိုကရေစီကျိန်စာ

မောင်တော ဒုချီးရားတန်းမီး ရှို့မီးဖြစ်ကြောင်း အာဏာပိုင်များပြော



(နိရဉ္စရာ- ၂၉ ဇန်န၀ါရီလ ၂၀၁၄)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာတွင် ယမန်နေ့ညနေက လောင်ခဲ့သော မီးမှာ ရှို့မီး ဖြစ်ကြောင်း မောင်တောခရိုင် ကွပ်ကဲရေးမှူး ရဲမှူးကြီး ဦးတင်ကိုကိုက နိရဉ္စရာသို့ ပြောကြားသည်။

၎င်းမီးသည် ဒုချီးရားတန်း အနောက်ရွာတွင် ညနေ ၈ နာရီ ၄၅ မိနစ်တွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ညနေ ၁၀ နာရီတွင် မီးညွှန့်ကျိုးကာ ငြိမ်းသွားခဲ့သည်ဟု သိရသည်။

ယခု မီးလောင်မူမှာ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့က ဒုချီးရားတန်း (အလယ်ရွာ) တွင် ဖြစ်ပွားခဲ့သောပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံခြား သံတမန်များနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များအား ရှင်းလင်းပွဲ အပြီး နာရီပိုင်းအကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်မူကြောင့် အိမ်ကြီး ၄လုံး အပါအ၀င် တဲသာသာသာ အိမ် ၁၂ လုံး၊ စုစုပေါင်း ၁၆ လုံး မီးထဲပါသွားခဲ့သည်။

ယခုမီးမှာ ရှို့မီးဖြစ်ကြောင်း ရဲမှူးကြီး ဦးတင်ကိုကိုက ယခုလို ပြောသည်။

“ မီးလောင်တယ်ဆိုတာက အိမ်ဘဲ လောင်ရမယ်။ အခု ခြံစည်းရိုးတွေပါ တပြိုင်တည်း လောင်တယ်။ ဒါထုံးစံမရှိဘူး။ အခု မီးလောင်တာက မြောက်ဘက် အစွန်ဆုံးအိမ်၊ အိမ်ရော၊ ခြံစည်းရိုး တပြိုင်တည်း လောင်တယ်။ ဒါ ထူးဆန်းတာ တစ်ချက်။ နောက်တစ်ချက်က မီးလောင်တဲ့ နေရာက တောင်ဘက်ကို ကိုက်၂၀၀ အကွာ ရွာအလယ်မှာ မီးထလောင်ပြန်တယ်။ အဲဒီအချိန်မှာ လေက အရှေ့ကနေတိုက်နေတယ်။ ဘယ်လိုနည်းနဲ့မှ ရွာလယ်မှာ မီးထလောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါက ဒုတိယ တချက်။ ကျွန်တော်တို့က မီးသတ်ဖို့သွားတာ။ ခုလို ဖြစ်နေတော့ ဘယ်လိုမှ မသတ်နိုင်ဘူး” ဟု ဆိုသည်။

ယင်းပြင် မီးလောင်သော နေအိမ်များထဲတွင်လည်း ထင်းပုံများကို စုပုံ၍ တွေ့ရှိရကြောင်း၊ အခြေအနေအရပ်ရပ်ကို သုံးသပ်ပါက ရှို့မီးဖြစ်ကြောင်း ရဲမှူးကြီး ဦးတင်ကိုကိုက ပြောသည်။

ယခု အချိန်ထိ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်း မရှိသေးကြောင်း၊ ရွာထဲတွင် ရွာသား တစ်ဦးမှ မရှိဘဲ အမျိုးသမီးကြီး တစ်ဦးကို တွေ့ရှိရသဖြင့် ဖမ်းထိန်းထားကြောင်း ရဲမှူးကြီးက ဆက် ပြောသည်။

( မီးလောင်မူကို ဒေသဆိုင်ရာ အာဏာပိုင်များမှ ယခုလို ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။)

ပုံမှန်အတိုင်း မီးလောင်ပါက အနီးအနားရှိ ဒေသခံများက ၀ိုင်းဝန်းမီးငြိမ်းသတ်လေ့ရှိပြီး ယခုမီးလောင်မူတွင် မီးလောင်နေစဉ် ရွာသား တစ်ဦးမှ မရှိဘဲ ထွက်ပြေးသွားကြသည်ကို ထောက်ရှု့ခြင်းအားဖြင့် မီးမှာ ရှို့မီးဖြစ်နိုင်ကြောင်း ပိုမို ထင်ရှားစေသည်ဟု အာဏာပိုင်များက ဆိုသည်။

မီးလောင်မူ ဖြစ်ပွားချိန်တွင် မြို့နယ် အဆင့် တာဝန်ရှိသူများ၊ မီးသတ်ဖွဲ့များ ရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ကြသည်ဟု သိရသည်။

ယခုမီးလောင်သော ဒုချီးရားတန်း အနောက်ရွာတွင် အိမ်ခြေ (၃၀) ခန့်ရှိပြီး ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း အသတ်ခံခဲ့ရသော ဒုချီးရားတန်း (အလယ်ရွာ)မှ ၂ ဖါလုံခန့်ဝေးကြောင်း သိရှိရသည်။

ဘင်္ဂလီရွာသားများက ကိုယ်အိမ်ကိုကိုယ် မီးရှို့ကြခြင်းဖြစ်သော်လည်း အနီးအနားရှိ ရခိုင်ရွာသားများကို မဆီမဆိုင် စွပ်စွဲလာမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြသည်ဟု ၎င်းရွာအနီးရှိ ခရေမြိုင်ရွာသားများက ပြောဆိုသည်။

( မီးလောင်မူကို ဒေသဆိုင်ရာ အာဏာပိုင်များမှ ယခုလို ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။)

ရန်ကုန်မြို့ တော် စည်ပင် သာယာရေးတံမျက်စည်းကSingapore ထက် သာ လွန်



Coko Dmoe
ဤတံမျက်စည်းက စင်္ကာပူ ကပြန်ပြီးအတုယူရတော့မယ်...

နိုင် ငံ တော် သမ္မတ ကြီး မှ ရန်ကုန်မြို့ တော် အားSingapore ကဲ့ သို့ ဖြစ် အောင် လုပ် မည် ဟု
ပြောကြား ထား သည့် အ တိုင်းရန်ကုန်မြို့ တော် စည်ပင် သာယာရေး ကော်မတီ YCDC
မှ အ ကောင် အ ထည် ဖေါ်ဆောင် ရွက် လျက်ရှိရာယခု Singapore ထက် သာ လွန် သွား ပါ ကြောင်း..

ရခိုင်ဒုချီရားတန်းအနောက်ရွာမိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီလူမျိုးတစ်ဦးကို အမှုဖွင့်အရေးယူ


ရခိုင်ဒုချီရားတန်းအနောက်ရွာတွင်ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ ကြိုတင်ပြင်ဆင်မီးရှို့ခြင်းဟု တာဝန်ရှိသူများပြောကြား၊
မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီလူမျိုးတစ်ဦးကို အမှုဖွင့်အရေးယူထား

ဒီနေ့ကာတွန်း

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ၏ အုပ်ချုပ်မှုညံ့ဖျင်းလွန်းသည်ဟု ဦးသန်းရွှေ မှ ဝေဖန်ပြောကြား



Hawdeka Khalaylay

    (နေပြည်တော် အထူးသတင်း)

    ဟိုတလောက သူ့ဦးလေးကို ခွေးစာကျွေးပစ်လိုက်တယ်ဆိုပဲ ၊ ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုသလို သူ့ဦးလေးရဲ့ သားသမီး မြေးမြစ် ဆွေးမျိုးတွေကိုပါ သတ်ပစ်လိုက်တယ်ဆိုပဲ ၊ အဲဒီကလေးတော့ အပါးမဝသေးဘူး ၊ တော်တော် ညံ့ဖျင်းလွန်းတယ် ၊

    ဦးသန်းရွှေ ၏ စံအိမ်တော်သို့ တပည့်ကျော် ဦးအောင်သောင်း လာရောက်တွေ့ဆုံ ဂါရဝပြုစဉ် ဦးသန်းရွှေ မှ အထက်ပါအတိုင်း မှာကြားလိုက်ခြင်းဖြစ်သည် ၊

    ဒီမှာ မှတ်ထား အဲလောက် ကြမ်းစရာ မလိုဘူးကွ ၊ တိုင်းပြည်တစ်ပြည်မှာ လူတန်းစား ၃ မျိုးရှိတယ် ၊ အထက်တန်းစား လူချမ်းသာ ရယ် ၊ အောက်တန်းစား လက်လုပ်လက်စားရယ် ၊ အလယ်အလတ်တန်းစား လူငယ်ပညာတတ်တွေရယ် ၊ အဲဒီ ၃ မျိုးရှိတယ်ကွ ၊
    အထက်တန်းစားလူချမ်းသားတွေကလည်း ငါတို့ကို ဘယ်တော့မှ သူတို့ စည်းစိမ်အပျက်ခံပြီး မတော်လှန်ဘူးကွ ၊ အိမ်း အောက်တန်းစား လက်လုပ်လက်စားတွေကျတော့လည်း တစ်နေ့လုပ်မှ တစ်နေ့စားကြရတာ ၊ နိုင်ငံရေးဆိုတာကို စိတ်ဝင်စားဖို့ အချိန်မရကြဘူးကွ ၊

    တိုင်းပြည်တစ်ပြည်မှာ တော်လှန်ရေးကို စတင်တဲ့သူတွေက အလယ်အလတ်တန်းစား လူငယ် ပညာတတ်တွေပဲကွ အောင်သောင်းရ ၊ ဟုတ်ရဲ့လား အောင်သောင်း ၊

    ဦးသန်းရွှေတစ်ယောက် ဆိုဖာဆက်တီပေါ်မှနေ၍ သူ့ကို မတ်တပ်ရပ်လျှက် အရိုအသေပေးနေသော ဦးအောင်သောင်းကို စကားစမြည်ပြောနေခြင်းဖြစ်သည် ၊

    မင်းကလည်း မတ်တပ်ကြီးပါလား ၊ ထိုင်လကွာအောင်သောင်း

    ဦးအောင်သောင်းတစ်ယောက် ဦးသန်းရွှေ နှင့် မလှမ်းမကန်း တွင် ထိုင်လိုက်သည် ၊ ဆိုဖာဆက်တီပေါ်တွင်ထိုင်ခြင်းမဟုတ် ၊ ကြမ်းပြင်တွင်ခင်းထားသော ကတ္တီပါကော်ဇောပေါ်တွင် ထိုင်ရခြင်းဖြစ်သည် ၊ ဆိုဖာဆက်တီပေါ်တွင် ဦးသန်းရွှေနှင်ံ ဒေါ်ကြိုင်ကြိုင်သာ ထိုင်ကြသည် ၊

    ချမ်းသာတဲ့ အထက်တန်းလွှတာတွေရဲ့ အလုပ်မှာ ငါတို့ခွင့်ပြုချက် ပါမှ လုပ်လို့ ရအောင်လုပ်ထားလိုက်တယ် ၊ ဒီတော့ အဲဒီချမ်းသားတဲ့ အထက်တန်းစားတွေ အလုပ်လုပ်မယ်ဆိုရင် ငါတို့နဲ့လာပေါင်း မပေါင်းချင်လို့ကတော့ ဘာအလုပ်မှ လုပ်လို့ မရစေရဘူး ၊

    ငါတို့နဲ့မပေါင်းချင် ရှိတာရောင်းထိုင်စားပေါ့ ၊ နောက်ပြီး ငါတို့ လက်ဝေခံ တပည့်သားမြေးတွေ ကို လိုင်စင်ချပေးပြိး သူတို့ကိုယ်တိုင် ချမ်းသာတဲ့ အလွှာထဲရောက်အောင်လုပ်ထားလိုက်တယ်လေကွာ ၊ မင်း သားတွေရော ဒီအတိုင်းကြီးပွားလာတာ မဟုတ်ဘူးလား

    အောင်သောင်းရ ၊

    ဦးအောင်သောင်းက ခေါင်းတညိမ့်ညိမ့်လုပ်ပါသည် ၊

    အင်း ဆင်းရဲတဲ့သူတွေကိုလည်း ခေါင်းမထောင်နိုင်အောင် လုပ်ထားတယ်လေကွာ ၊ လမ်းတိုင်းလမ်းတိုင်းမှာ ဘီယာဆိုင် အရက်ဆိုင်တွေ ပွနေအောင်လုပ်ခွင့်ပေးထားတယ်လေ ၊ ဈေးတိုင်းမှာလည်း တစ်လုံးနှစ်လုံးသုံးလုံးကစလို့ လောင်းကစားဒိုင်တွေကိုလက်ညှိုးထိုးမလွဲ ဖွင့်ခွင့်ပေးထားတယ် ၊ ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး အောက်ခြေ လုက်လုပ်လက်စားတွေကို ရဝတတို့ ရယကတို့ အောက်ပြားပြားဝပ်နေအောင်လုပ်ထားတယ် ၊ ရဲတွေ ဝန်ထမ်းတွေကိုလည်း အောက်ဆိုက်မရရင် မနေတတ်အောင်လုပ်ထားတယ်လေကွာ ၊ တစ်နေ့လုပ်မှတစ်နေ့စား ဘဝတွေကို ဒီကနေ့လုပ် အရင်လက အကြွေးပြန်ဆပ် ဘဝကို ရောက်သွားအောင်လုပ်ထားလိုက်တာ နေ့ဆို အလုပ်ကုန်းရုံးလုပ် ညဆိုအရက်သောက် ချဲထိုး ကိုးရီယားကာကြည့် ပြီးရောပဲ မဟုတ်လား ၊

    အလယ်အလတ်တန်းစား လူငယ်ပညာတတ်တွေက အဲဒီအောက်တန်းစား လက်လုပ်လက်စားအလွှာက တိုးထွက်လာတဲ့သူတွေကွ ၊ အောက်တန်းစားတွေကို ဖိထားတော့ အလယ်အလတ်တန်းစား လူငယ်ပညာတတ်တွေ ဘယ်ထွက်လာတော့ မှာလဲကွ ၊ မတော်တဆထွက်လာတယ်ထားအုံး တက္ကသိုလ်တွေကိုလည်း လယ်ကွင်းထဲပို့ထားတယ် ၊ နိုင်ငံခြားတစ်ခေါက်မှ မထွက်ဘူးတဲ့ ဘာမှ မသိမတတ်တဲ့သူတွေကို ဒေါက်တာဘွဲ့ပေးပြီးပြန်သင်ခိုင်းထားတယ် ၊ တက္ကသိုလ်တွေရဲ့ဘေးမှာ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်နဲ့ဝယ်လို့ရအောင် စီစဉ်ပေးထားတယ် ၊ ကေတီဗွီနဲ့အနှိပ်ခန်းတွေကိုလည်း အနားတဝိုက်မှာ မှိုလိုပေါက်အောင် ဖွင့်ပေးထားတယ် ၊ ကုန်ကုန်ပြောမယ်ကွာ သူငယ်တန်းက ဆယ်တန်းအထိ တတ်တတ် မတတ်တတ် အကုန်အောင်အောင် လုပ်ပေးထားတယ် ၊ အခုလည်း
ပုဂ္ဂလိက စာသင်ကျောင်းတွေကို လိုင်စင်ပေးပြီး စာစစ်ခွင့် အတန်းတင်ခွင့်ပါပေးထားလိုက်တယ် ၊ ဘက်ပေါင်းစုံဒေါင့်စိအောင်လုပ်ထားတာ ဘယ်လိုလုပ် လူငယ်ပညာတတ်ဆိုတာ ထွက်လာတော့မှာလဲကွ အောင်သောင်းရ ၊

    ဦးသန်းရွှေက အဆုံးမှာ ရယ်သံနှောပြီး ပြောလိုက်သည် ၊ ဦးအောင်သောင်းကလည်း အလိုက်သင့် အသံတိတ် လိုက်ရယ်ဟန်ပြသည် ၊

    ၁၉၈၈ မှာ သူငယ်တန်းစတက်တဲ့ ကလေးက ဒီကနေ့ဆိုရင် အသက် ၃၀ လောက်ရှိပြီကွ ၊ သူကမွေးတဲ့ကလေးတောင် သူငယ်တန်းပြန်တက်နေရလောက်ပီကွ ၊ အဲဒီ အသက် ၃၀ ၄၀ တန်းတွေ ဦးနှောက်ထဲ ဘာမှ မရှိတဲ့ ဒီလို နိုင်ငံကြီးမှာ ဘယ်လိုလုပ် ငါတို့ကို ပြန်တော်လှန်ရဲတဲ့သူ ရှိတော့မှာလဲကွ အောင်သောင်းရ ဟုပ်ပလား ၊

    ဦးအောင်သောင်း မျက်လုံးပြူးသွားသည် ၊ ဒီပုံစံအတိုင်းဆို သူ့မြေးတွေကို နိုင်ငံခြားမြန်မြန်ပို့မှဖြစ်မည် ၊ ဒီမှာ ဆက်ထားရင် ဘာမှဟုတ်တိပတ်တိ မတတ်တဲ့သူတွေဖြစ်လာမည် ၊ အခု ဦးသန်းရွှေရှင်းပြသလို အရင်က သူမတွေးမိခဲ့ ၊ ပြီးခဲ့တဲ့ အနှစ် အစိတ်အတွင်းဦးသန်းရွှေ စီစဉ်ခဲ့တာတွေက အတော်အကွက်စေ့လှသည် ၊ ငါအတော် ညံ့သေးတယ်လို့ ဦးအောင်သောင်းတစ်ယောက် ကိုယ့်ကိုယ်ကို ပြန်တွေးနေမိသည် ၊

    ဟေ့ အောင်သောင်း
    ဘုရား

    အတွေးနယ်ချဲ့နေမိသော ဦးအောင်သောင်းတစ်ယောက် အလန့်တကြား ဘုရား ဟု ထူးမိလိုက်ခြင်းဖြစ်သည် ၊

    ဟာ ဒီကောင်အောင်သောင်း ဘုန်းကြီးရှေ့ရောက်နေတယ်မှတ်သလားမသိ ငါ့ကိုများ ဘုရားလာထူးနေပြန်တယ် ကြိုင်ကြိုင်ရေ့

    ဦးသန်းရွှေ မှ တဟားဟားရယ်ရင်း ဧည့်ခန်းထဲဝင်လာသော ဒေါ်ကြိုင်ကြိုင်ကိုလှမ်းပြောလိုက်သည် ၊

    ငါသာ ကင်အီစွန်းနေရာမှာ ရှိခဲ့ရင် အခုတောင်ကိုးရီးယားဆိုတာတောင် ရှိမှာမဟုတ်တော့ဘူးကွ ၊ အသာလေး အပိုင်သိမ်းလို့ရတယ် ၊ ဒီ ကင်ဂျုံအန်ဆိုတဲ့ ကလေးက ဟုတ်မလိုလိုနဲ့ သူ့လုပ်ပုံတွေကြည့်ရတာ တယ်စွံမယ်မထင်ပါဘူးကွား ၊

    ဦးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့ အလွန်ကျေနပ်နေသော မျက်နှာများဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည် ၊

    (နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည်)

၅၉(ခ)...တိုင်းရင်းသားမှဖြစ်သော နိုင်ငံသားဆိုမှတော့ဗျာ


 Min Thura Aung

သမ္မတ အရည်အချင်းသတ်မှတ်ချက်မှာ ၅၉(ခ) ရှိသေးတယ်ဆိုတာ သူတို့ မလေ့လာတာလား။ အဓိပ္ပါယ် မဖွင့်ရဲတာလား။ ပြည်သူတွေ သိကုန်မှာ စိုးရိမ်တာလား။ သူတို့ မရိုးသားတာလား။ ၅၉(စ) နဲ့ ပတ်သက်ရင် ပြောကြတဲ့ သူတွေအများကြီးရယ်။ မှတ်မိသလောက် နာမည်ကြီးတွေထဲက ဆိုရင် လွှတ်တော်အမတ် ဦးသိန်းညွန့်နဲ့ ဒေါ်ခင်ဝိုင်းကြည်၊ ဦးခင်မောင်ဆွေ၊ ၈၈ က ကိုမင်းဇေယျ၊
တ-စ-ည ပါတီက ၅၉(စ) ကို မပြင်စေချင်ပါဘူးလို့ သဘောထားကြေငြာချက် ထုတ်မယ်ပြောတယ်။ ဒါကို ကန့်ကွက်စရာတော့မရှိပါဘူး။ သူ့လွတ်လပ်ခွင့်နဲ့ သူ့ရပ်တည်ချက်ကို မပြောလိုပါဘူး။ ဒါပေမယ့် ဒေါ်စုမရှိတဲ့ နောက်အတွက် စိတ်ပူလို့မပြင်ချင်တာပြောတဲ့ လူတွေကိုတော့ ကျွန်တော်အံ့သြမိတယ်။ သမ္မတ အရည်အချင်းသတ်မှတ်ချက်မှာ ၅၉(ခ)ရှိသေးတယ်ဆိုတာ သူတို့ မလေ့လာတာလား။ အဓိပ္ပါယ်မဖွင့်ရဲတာလား။ ပြည်သူတွေသိကုန်မှာစိုးရိမ်တာလား။ သူတို့ မရိုးသားတာလား။ ၅၉(စ) နဲ့ပတ်သက်ရင် ပြောကြတဲ့ သူတွေအများကြီးရယ်။ မှတ်မိသလောက် နာမည်ကြီးတွေထဲက ဆိုရင် ဦးဝီရသူ၊ ဦးတိလောက၊ နာမည်ကြီးလွှတ်တော်အမတ် ဦးသိန်းညွန့်နဲ့ ဒေါ်ခင်ဝိုင်းကြည်၊ ဦးခင်မောင်ဆွေ၊ ၈၈ က ကိုမင်းဇေယျ၊ ကြံ့ခိုင်ရေးအမတ်အချို့ တခြားနာမည်သိပ်မကြီးသူတွေလဲ ပါပါတယ်။ ကျွန်တော်တခုပဲမေးချင်တယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နိုင်ငံတော်အကြီးအကဲ အခန်း ၅၉(ခ)မှာရေးထားတဲ့ မိမိနှင့် မိမိ၏ မိဘနှစ်ပါလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက် အတွင်း၌မွေးဖွားသော (((တိုင်းရင်းသား)))မှ ဖြစ်သည့် ((( မြန်မာနိုင်ငံသား))) ဖြစ်ရမည်။

(ကျွန်တော် 2008 အခြေခံဥပဒေ စာအုပ်က စာသားအတိုင်းရေးထားတာပါ။)
ဟုတ်ပြီ... တိုင်းရင်းသားမှဖြစ်သော နိုင်ငံသားဆိုမှတော့ဗျာ ခင်ဗျားတို့ စိတ်ပူနေတဲ့ နိုင်ငံခြားသားများ သမ္မတ ဖြစ်ခွင့်ရှိသေးလား။ တိုင်းရင်းသားလို့ အတိအကျရေးထားတာပါ။ နိုင်ငံသား ဆိုရင်တောင် နိုင်ငံသားဖြစ်ပြီးတဲ့ နိုင်ငံသား တရုတ်၊ ကုလားဖြစ်ခွင့်ရှိပါသေးတယ်။ ၅၉(ခ) ဆိုတာ ရှိနေပြီးသားအခြေအနေမှာ ၅၉(စ) ကို ဘာကြောင့်ထည့်ထားလဲ ကိုယ့် ဦးနှောက်နဲ့ ကိုယ်ပဲချင့်ချိန်ပါလို့ပဲ ပြောပါရစေ။ နောက်ပြီး နိုင်ငံအာဏာ ပိုင်နက်အတွင်းမှာလဲ မွေးရအုံးမှာနော်။ တိုင်းရင်းသားမိဘနှစ်ပါးက ဖြစ်တဲ့နိုင်ငံသား ဖြစ်နေရင်တောင် နိုင်ငံခြားမှာမွေးရင် မရတဲ့အခြေအနေပါ။ ဒီနေရာမှာ မေးခွန်းတခုတောင်ထွက်လာနိုင်သေးတယ်။ စင်ကာပူ၊ ဘန်ကောက်မှာ ခလေးသွားမွေးတဲ့ မိခင်တွေကရတဲ့ ခလေးတွေ သမ္မတ ဖြစ်ခွင့်ရှိလားဆိုတဲ့ မေးခွန်းတောင်ပိုလာပါပြီ။

ကျွန်တော်တဦးတည်းအမြင်နဲ့ ပြောရရင် ကျွန်တော်ဟာဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ်စေချင်ပါဘူး။ မြန်မာနိုင်ငံသားတွေကို စိတ်ဓါတ်၊ ယုံကြည်ချက်မြှင့်တင်ပေးမယ့် အမျိုးသားခေါင်းဆောင်တယောက်အနေနဲ့ပဲ မြင်ချင်တာပါ။ ၅၉(စ) ကို ဒီမိုကရေစီစံအရသာ ပြင်လိုခြင်းဖြစ်ပါတယ်။


===============================================================
Nyi Nyi Zaw
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)၏ ဆိုလိုရင်းသည် သမ္မတ ဖြစ်ရန် သားသမီး၊ သားမက်ချွှေးမ၊ ဇနီးခင်ပွန်းများသည် နိုင်ငံခြားသား မဖြစ်ရဟု အလွန်အကျူး ပြဌာန်းထားခြင်း ဖြစ်သည်။ လူလိမ်များက ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့ သည့် ၁၉၄၇ အခြေခံဥပဒေတွင် လည်း ထိုကဲ့သို့ ပါဝင်သည် ဟု လုပ်ကြံ ဖန်တီး လိမ်လည် ပြောဆို နေကြပါသည်။ အမှန်မှာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထိုကဲ့သို့ ပြဌာန်းထားခြင်း အလျဉ်း မရှိပါ။ ထို၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမ္မတ ဖြစ်ခွင့်ကို ပုဒ်မ ၄၉ တွင် သမ္မတ ဖြစ်ရန် မြန်မာနိုင်ငံ အတွင်း၌ မွေးဖွားသော မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသား ဖြစ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် အရည်အချင်းနှင့်ပြည့်စုံရမည်ဟုသာ ပြဌာန်းထားခြင်းဖြစ်ပါသည်။ လွှတ်တော် ကိုယ်စားလှယ် အရည်အချင်း ကို လည်း ပုဒ်မ ၇၄တွင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ရန် မိမိ တစ်ဦး တည်း ကသာ နိုင်ငံခြားအစိုးရ ၏ သစ္စာခံ မဖြစ်ရန်နှင့် မိမိ တစ်ဦး တည်း ကို သာ နိုင်ငံခြားအစိုးရက သူ့နိုင်ငံသားတွေကို ပေးအပ်မယ့် အခွင့် အရေး မျိုးကို ရရှိသူ မဖြစ်စေရ ဟုသာ ပြဌာန်းပါရှိ ပါသည်။ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချွှေးမ သားမက် များကို မကန့်သတ်ထားပါ။ ထို၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်အုပ်လုံးတွင် ဘယ်နေရာမှာမှ ဇနီး ခင်ပွန်း သား သမီး သားမက် ချွှေးမ ဟူသော စကားရပ်များ ကို လည်းကောင်း၊ အလားတူ စကားရပ်ကို လည်းကောင်း သိက္ခာ မဲ့စွာ ထည့်တွင်းပြဌာန်း ကန့်သတ် ထားခြင်းမျိုး လုံးဝ မရှိပါ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။