Friday, February 7, 2014

ဗီနိုင်းတစ်စောင်လျှင် ငွေကျပ် ၁၅၀၀ ကျပ်ဖြင့် ရောင်းတာ မဟုတ်၊......ယူတာ



ဦးအေးလွင်၏ပါတီ ကျူးကျော်တဲနှင့် နေထိုင်သူများကို အခြေခံဥပဒေပုဒ်မ (၃၅၅) ပြဌာန်းစာ ရိုက်နှိပ်ထားသော ဗီနိုင်းများရောင်း

Myanmartandawsint Newspaper
ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ဒလမြို့နယ် ကမာကဆစ် ကျေးရွာရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် မြေပေါ်တွင် ဆောက်လုပ် ထားသော ကျူးကျော်တဲများ မဖယ်ရှားနိုင်ရန် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီမှ ဗီနိုင်း တစ်စောင်လျှင် ငွေကျပ် ၁၅၀၀ ကျပ်ဖြင့် ရောင်းချ ခဲ့သည်ဟု အဆိုပါဗီနိုင်းကို ၀ယ်ယူထားသူ တစ်ဦးက ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ဗီနိုင်းတွင် ““ဥပဒေနှင့်အညီ နေထိုင်လိုပါသည့် နိုင်ငံသား တိုင်းသည် ပြည်ထောင်စု သမ္မတ နိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၅၅””ဟူ၍ ဖော်ပြထားသည်။

၎င်းစာသားပါသော ဗီနိုင်းတစ်စောင်လျှင် ငွေကျပ် ၁၅၀၀ ကျပ်ဖြင့် ရောင်းချမှု ကို မြန်မာသံတော်ဆင့်မှ ပါတီဥက္ကဋ္ဌ ဦးအေးလွင်အား ဆက်သွယ် မေးမြန်းရာတွင် ““ကျွန်တော် တို့က ရောင်းတာ မဟုတ်ဘူး။ သူတို့လိုချင်တာကို ကျွန်တော်တို့က လုပ်ပေးတာ။ သူတို့လုပ်ချင်တာ ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၅ ထဲမှာ ပါတဲ့အတိုင်းပါ။ ကျွန်တော်တို့က ဈေးရောင်း နေတာမဟုတ်ဘူး”” ဟု ပြောသည်။

မှော်ဘီလက်နက်တိုက်ဖောက်ထွင်း နှစ်ပတ်ကြာသည်အထိ တရားမမိသေး



ကြယ်စင်လင်း (မြစ်မခ)/မြန်မာခရိုနီကယ်

မှော်ဘီတင့်ကားတပ်အမှတ်(၅၀၁၀)အတွင်းမှ လက်နက်တိုက်ဖောက်တွင်းသည့် ကိစ္စရပ်အပေါ် တရားခံအား နှစ်ပတ်ကြာ သည်အထိ ဖမ်းဆီးမရသေးဘဲ အထူးတာဝန်ပေးထားသည့် အဖွဲ့များဖြင့် ယနေ့တိုင် စုံစမ်းဆဲသာဖြစ်ကြောင်း မှော်ဘီရဲစခန်းမှ စုံစမ်း သိရှိရသည်။

“စုံစမ်းဆဲဖြစ်ပါတယ်။ အထူးတာဝန်ပေးထားရတဲ့ အဖွဲ့တွေနဲ့ပဲ စုံစမ်းဖော်ထုတ်နေပါတယ်”ဟု မှော်ဘီရဲစခန်းမှ စခန်းမှူး ဒုရဲမှူးနိုင်နိုင်ငြိမ်းက ဖေဖော်ဝါရီ ၆ရက်နေ့က ဖြေကြားခဲ့သည်။

မှော်ဘီလက်နက်တိုက် ဖောက်တွင်းခံရခြင်းကို ဇန်န၀ါရီလ၂၂ရက်နေ့တွင် မှော်ဘီရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ ကာ မြန်မာ နိင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပြည်နယ်နှင့် တိုင်းများရှိ ရဲတပ်ဖွဲ့ဝင်များကို အထူးစုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ထို့ပြင် စစ်တပ်နှင့် ပူးပေါင်း၍လည်း ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။

“အခုထိ ဖမ်းမိသေးခြင်းမရှိသေးပါဘူး။ တစ်ခြားအဖွဲ့ပေါင်းစုံနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ စခန်းမှူးက တော့ ဒီကိစ္စကို အထူး စုံစမ်းနေပါတယ်။ ဘယ်အဖွဲ့ ပူးပေါင်းတယ်ဆိုတာ စခန်းမှူးပဲသိမယ်” ဟု မှော်ဘီ ရဲစခန်းမှ တာဝန်ကျ ရဲတပ်သား တစ်ဦးက ပြောသည်။

မှော်ဘီတင့်ကားတပ်ရင်းသည် ရန်ကုန်ပြည်ကားလမ်းနံဘေးတွင် တည်ရှိပြီး လက်နက်တိုက်အတွင်းသို့ အတွင်းအပြင် သံတံခါးနှင့် သော့တို့ကို ကတ်တာဖြင့် ဖြတ်ပြီး လက်နက်စင်ပေါ်မှ အဝေးပစ်သေနတ်(၂)လက်နှင့် ကျည်ထည့်သည့် သေတ္တာအတွင်းမှ ကျည်ဆံ(၁၅၀၀)တောင့်၊ ကျည်ကတ်(၅)ကတ် ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

“ဒီလိုဖောက်တွင်းခံရတာ အရမ်းအန္တရယ်များပါတယ်။ လက်နက်တိုက်ကိုတောင် သေချာမစောင့်ရှောက်နိုင်ရင် ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်တယ်ဆိုတာ ဘယ်လိုယုံကြည်ရမှာလဲ။ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အများကြီး သက်ဆိုင်နေတဲ့အတွက် အချိန်မဆွဲဘဲ လက်နက်တွေကို အမြန်ဆုံးပြန်ရှာသင့်တယ်”ဟု စမ်းချောင်းသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖောက်တွင်းခဲ့သူအား ၁၉၄၆ ခုနှစ်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) လက်နက်အက် ဥပဒေပုဒ်မ-၂(၁)(က)ဖြင့် မှော်ဘီမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်အချို့ မြန်မာနိုင်ငံကသွားတဲ့ အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့လုပ်ကြံမှုခံရဟုဆို


Kumudra
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ ယခုလ၅ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင်အချို့ စီးနင်းလာတဲ့မာစီဒီးကားကို ဆိုင်ကယ်နဲ့လိုက်လံပစ်ခတ်မှုနဲ့ပက်သက်ပြီး လုံခြုံရေးယူပေးသူတွေနဲ့ မလေးရှားထောက်လှမ်းရေးတွေပြောပြချက်တွေပေါ်မူတည်ပြီး သည်လုပ်ကြံမှုက မပြေးသော်လည်း ကံရာရှိ မြန်မာနိုင်ငံကသွားတဲ့ အစ္စလာမ်ကိုးကွယ်တဲ့အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့လုပ်ကြံမှုလို့ အတိအကျမပြောရင်တောင် အခုအချက်အလက်အရပြောနိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ် ။


ယူနတီဂျာနယ် ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းကို ပြန်လွှတ်ပေး


ယူနတီဂျာနယ် ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်း

DVB

လျှို့ဝှက်ဓာတုလက်နက်စက်ရုံ ဆောင်းပါး ရေးသားဖော်ပြမှုနဲ့ ဖမ်းဆီးအရေးယူ ခံထားရတဲ့ ယူနတီဂျာနယ်က ရုံးအဖွဲ့မှူး ဦးအောင်ဝင်းထွန်းကို အောင်သပြေ စစ်ကြောရေးမှာ အာဏာပိုင်တွေက ခေါ်ယူထိန်းသိမ်း စစ်ဆေးမှုတွေပြုလုပ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့မနက်ကတည်းက ပုဇွန်တောင်မြို့နယ် လက်ဖက်ရည်ဆိုင် တဆိုင်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အောင်သပြေ စစ်ကြောရေးမှာ တနေကုန် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ည ၇ နာနီလောက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ ဦးအောင်ဝင်းထွန်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။
“ကျနော်တို့က လက်ဖက်ရည်ဆိုင်ကနေ အောင်သပြေ စစ်ကြောရေးကို ခေါ်သွားပါတယ်။ ယူနတီ ဂျာနယ်မှာပါတဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး သတင်းကို ဘယ်သူပို့လဲ ဘယ်ကရလဲ အဲဒါတွေ မေးတယ်။ အေးအေးဆေးဆေးပါပဲ။ သတင်းနဲ့ ပတ်သက်လို့ သိချင်တာတွေ မေးတာပါပဲ။”

ယူနတီဂျာနယ်က သတင်းထောက် ၄ ဦးနဲ့ အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို သက်ဆိုင်ရာက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က) / ၉ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတာပါ။

ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက် ဓာတုလက်နက် စက်ရုံသတင်းဟာ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတာ၊ စက်ရုံတားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချည်းကပ်ကြည့်ရှု စစ်ဆေးတာ၊ ကျော်ဖြတ်ဝင်ရောက်တာနဲ့ အားပေးကူညီတာတွေကြောင့် သတင်းရေးသူနဲ့ ဂျာနယ်တိုက် တာဝန်ရှိသူတွေကို စုံစမ်းအရေးယူပေးဖို့ သက်ဆိုင်ရာက တရားလိုပြုလုပ် တိုင်တန်းလာတဲ့အတွက် ခုလို အမှုဖွင့် အရေးယူထားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်တလော ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံထားရသူတွေကတော့ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးလူမော်နိုင်၊ ဦးရာဇာဦး၊ ဦးစည်သူစိုး၊ ဦးပိုင်သက်ကျော်တို့ ဖြစ်ပါတယ်။ ဦးလူမော်နိုင်ကို ပခုက္ကူထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်သူတွေကိုတော့ ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

ဦးလူမော်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်လွင်လွင်မြင့်ကိုလည်း ထိန်းသိမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ပခုက္ကူထောင်က အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ ဦးလူမော်နိုင်နဲ့ တွေ့ခွင့်ရခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်လွင်လွင်မြင့်က သူတို့မိသားစုကို ဖမ်းဆီး စစ်ဆေးနေမှုတွေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“၂ နာရီခွဲလောက်က တွေ့ရတယ်။ ၃ နာရီကျော်ကျော်လောက်မှာ ပြန်ထွက်လာတယ်။ ၁ နာရီ လောက်ပဲ စကားပြောရတယ်။ ကိုလူမော်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဘေးမှာ ထောင်မှူးက ထိုင်ပြီး ကျမတို့ ပြောသမျှအားလုံးကို မှတ်တမ်းယူနေတယ်။ ကိုလူမော်နိုင်ကတော့ အမြန်ဆုံး လွတ်ဖို့ ပြောပါပေါ့။ အက်စ်ဘီနဲ့ သွားတွေ့ပါ။ သမ္မတကို စာရေးပါပေါ့။ ဒါက လယ်ယာမြေ ကိစ္စကို ဇောင်းပေးပြီး ရေးတဲ့ အရေးအသားပဲ ဖြစ်တယ်။ စက်ရုံကိစ္စ ဘာမှ မသိဘူးပေါ့။ ကျမပြော ချင်တာက သူတို့ စွဲထားတဲ့ ပုဒ်မက တအားကို ကြီးလွန်းတယ်။ နိုင်ငံတော်လျှို့ဝှက် ပေါက်ကြားမှု ဥပဒေဆိုတာ ဒီပုဒ်မကို ပြန်စဉ်းစားရင် ကြီးလွန်းတယ်။ ဒါကြောင့်မို့လို့ ဒီသတင်းထောက်တွေအနေနဲ့ လူထုကို မျက်နှာမူတဲ့ သတင်းထောက်တွေသာ ဖြစ်တယ်ပေါ့။ ကိုတင့်ဆန်း အပါအ၀င် သတင်းထောက်အားလုံးကို ပြန်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။”

ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့အတွက် ယူနတီဂျာနယ် တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေက ဥပဒေကြောင်းအရဆောင်ရွက်ဖို့ ရှေ့နေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဥပဒေကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကတော့ ဒီကိစ္စ ဂျာနယ်မှာ ပါရုံ သက်သက်နဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ကို ပေါက်ကြားတယ် ပြောလို့မရဘူးလို့ ပြောပါတယ်။

“ဒီစက်ရုံရဲ့ သတင်းကို ဂျာနယ်မှာပါတာ သက်သက်နဲ့ လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်တယ်လို့ ပြောလို့ မရဘူး။ သူတို့က လျှို့ဝှက်ထားရမယ့် စက်ရုံတခု စခန်းတခုကို ၀င်ရောက် အနီးကပ်သွားပြီး ကျူးကျော် ထောက်လှမ်းလေ့လာမှုရှိမှသာလျှင် ဥပဒေနဲ့ ငြိစွန်းမှာပေါ့။ အခုဟာက စက်ရုံရှိတယ်ဆိုတာကို စက်ရုံမှာရှိတဲ့ တယောက်ယောက်ကတဆင့် အသိပေးလို့ သတင်းရေးတာက အပြစ်မှ မရှိတာ။ လျှို့ဝှက်ချက် ဥပဒေနဲ့ အရေးယူလို့ မရဘူး။”

ဥပဒေအရ လျှို့ဝှက်ချက် ပေါက်ကြားမှုအတွက် ပြစ်ဒဏ်အနေနဲ့ ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ဖြစ်ပြီး တခြား အကြောင်းအရာတွေ ပေါက်ကြားမှု ဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်လို့ ပြဋ္ဌာန်းထားပါတယ်။



မန္တလေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် ပထမဆုံး လူထုထောင်ချီ ဆန္ဒဖော်ထုတ်ရန် စီစဉ်



The Voice Weekly

မန္တလေး မြို့တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်အတွက် ပထမဆုံးသော လူအင်အား ထောင်ချီ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် မန္တလေးမြို့ဒေသခံ အထက်တန်းရှေ့နေ ဦးဌေးဝင်းက ပြောကြားသည်။

အဆိုပါ လမ်းလျှောက် ဆန္ဒဖော်ထုတ်မှုကို ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် ၈၆ လမ်း x ၁၂ လမ်းမှ စတင်ကာ ၁၉ လမ်း၊ ၈၉ လမ်း။ ၂၂ လမ်းမှ ၈၆ လမ်း x ၁၂ လမ်း တွင် အဆုံးသတ် ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံထားပြီး အကြောင်းပြချက် ခိုင်လုံစွာမရှိဘဲ ခွင့်ပြုချက် မပေးလျှင်လည်း ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အမြန်ဆုံး ပြင်ဆင်စေချင်တဲ့အတွက် တိုက်တွန်းတဲ့ အနေနဲ့ ဆန္ဒထုတ်ဖော်တာပါ။ မန္တလေးမှာက ဒါနဲ့ပတ်သက်ပြီး လှုပ်ရှားမှု အားနည်းနေသေးတဲ့အတွက် အားလုံး သတိထားမိစေချင်လို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ဖို့ စီစဉ်တာပါ။ ဒီကိစ္စက နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် နယ်ပယ်အသီးသီးက အခြေခံဥပဒေကို ပြင်ဆင်စေချင်တဲ့ လူတိုင်း ပါဝင်ကြမှာပါ” ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ရာတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

မန္တလေး ခြောက်မြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ်တို့မှ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေး ပါတီဝင်များနှင့် ပြည်သူလူထုအင်အား တစ်ထောင်ခန့်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာ လမ်းတစ် လျှောက်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံခွင့်ပေးရေး၊ တိုင်းရင်းသားအားလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး စသည့် အချက်များကို ဗီနိုင်းများ ကိုင်ဆောင်ပြီး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူများက ပြောကြားသည်။

“အဲဒီဆန္ဒပြဖို့တင်တဲ့ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ရုံးကတော့ ခွင့်ပြုမိန့် မပေးဘူး။ ယာဉ်ကြော ရှုပ်ထွေးတဲ့ နေရာတွေ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကိုတော့ ဆက်ပြီး တင်ပြထားတယ်။ ခွင့်ပြုမယ် မပြုဘူးဆိုတာတော့ မသိသေးဘူး” ဟု ယင်းဆန္ဒထုတ်ဖော်ကြရန် တင်ပြထားမှုနှင့် ပတ်သက်၍ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေဆိုသည်။

မန္တလေးမြို့တော်တွင် ဝံသာနုရက္ခိတ စနေလူငယ်များအသင်းက ဦးဆောင်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ လုံးဝ မပြင်ဆင်ရန် လူထု အစည်းအဝေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။


လိမ်ညာမှုကို လက်ခံတဲ့ ပူးပေါင်းကော်မတီလား၊ လိမ်ညာမှုကို မှတ်တမ်းတင်တဲ့ လွှတ်တော်လား



စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊
မွန်းတည့်နေဂျာနယ်၊
 ၇-၂-၁၄။
==========================================
တိုင်းပြည်အတွက်လည်း အရေးကြီး အများပြည်သူကလည်း စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လွှတ်တော် ပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး လွှတ်တော်ကလည်း အဲဒီ အစီရင်ခံစာကို အတည်ပြုပေးလိုက်ပါပြီ။ တကယ်တော့ အဲဒီ အစီရင်ခံစာမှာ ထူးထူးခြားခြား ဘာမှ မပါဝင်ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့၊ မပြင်ဖို့ အကြံပေးချက်တွေကို အမျိုးအစားခွဲ ပြုစုထားတဲ့ ရုံးလုပ်ငန်း သာသာ အစီရင်ခံစာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အစီရင်ခံစာထဲမှာ ဖွဲ့စည်းပုံထဲက ပုဒ်မ (၇)ခု ကို လုံးဝ မပြင်လိုပါဘူး ဆိုပြီး အကြံပြုထားတယ်ဆိုတဲ့ လက်မှတ်ပေါင်း တစ်သိန်းကျော် (၁၀၆၁၀၂) တင်ပြတယ် ဆိုတာကိုပါ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ထားတယ် ဆိုရင် အဲဒီ လက်မှတ်ကောက်ခံမှု စာရင်းဇယားတွေဟာ မှန်ကန်ဖို့ လိုပါတယ်။ အဲဒီ ပုဒ်မ (၇) ခု မပြင်ဖို့ ပူးပေါင်းကော်မတီကို ဘယ်သူက လာတင်သလဲ၊ ဘာအချက်တွေ ပါသလဲ၊ ပူးပေါင်းကော်မတီက ဒါကို မစစ်ဆေးဘူးလား၊ လိမ်လည်မှု လုပ်ထားတာ မဖြစ်နိုင်ဘူးလား၊ အဲလို လိမ်လည်မှု လုပ်ထားတာဆို ဘယ်လို ဖြေရှင်းမလဲ စတာတွေ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

လက်မှတ်တွေ စုဆောင်းပြီး ဘယ်သူ တင်ပြလဲ

ဖွဲ့စည်းပုံထဲက ပုဒ်မ (၇) ခု ကို လုံးဝ မပြင်လိုပါဘူး ဆိုပြီး လူတစ်သိန်းကျော် လက်မှတ်ထိုးထားတာကို စုစည်းပြီး ပူးပေါင်းကော်မတီကို တင်ပြသူဟာ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ယောက်လို့ ကော်မတီအဖွဲ့ဝင် သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောပါတယ်။ နာမည်တော့ သူ ထုတ်မပြောပါဘူး။ နောက်ပိုင်း အဲလိုတင်ပြတာဟာ သူပါပဲလို့ ဦးအောင်သိန်းလင်းက ဧရာဝတီ သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ အဲဒီ လူတစ်သိန်းကျော်က ဘယ်အချက်တွေကို မပြင်လိုပါဘူးလို့ သူ တင်ပြခဲ့သလဲ ကြည့်ရအောင်ပါ။
ဖွဲ့စည်းပုံထဲက အခန်း(၁) ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃) ပုဒ်မ ၅၉(စ)၊ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈၊ အခန်း(၁၂) ပုဒ်မ ၄၃၆ နဲ့ အခန်း (၁၄) ပုဒ်မ ၄၄၅ စတာတွေကို မပြင်ပဲ ထားဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ ပြောရရင် အဲဒီ ပုဒ်မတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားမြစ်ပိတ်ပင်ထားတဲ့ နာမည်ကြီး ပုဒ်မ ၅၉ (စ) ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ လုံးဝ မလွယ်အောင် လုပ်ထားတဲ့ ပုဒ်မ၊ အရင် စစ်အာဏာရှင်တွေကို နောက်ကြောင်းပြန် အရေးယူလို့ မရအောင် ကာကွယ်ထားတဲ့ ပုဒ်မတွေဖြစ်နေပါတယ်။ တစ်ခုချင်းစီ တင်ပြပါ့မယ်။

မပြင်ချင်တဲ့ ပုဒ်မတွေက ဘာတွေလဲ

အခန်း(၁) ပုဒ်မ ၆(စ) ဆိုတာ နိုင်ငံတော် အခြေခံမူ ဆိုတဲ့ အခန်းထဲကပါ “ နိုင်ငံတော်ဇ။် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။” လို့ ဖော်ပြထားပါတယ်။ ဒါကတော့ ရှင်းပါတယ်။ စစ်တပ်က နိုင်ငံရေးဦးဆောင်မှု အခန်းမှာ ပါနေတာကို မပယ်ဖျက်နဲ့ ဆိုတာပါပဲ။ ပုဒ်မ ၄၂ ကတော့ “ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမှ စတင်ကျူးကျော်တိုက်ခိုက်ခြင်း မပြု၊ (ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြု” ဆိုတာပါ။
နောက်တစ်ခုကတော့ အခန်း(၃) ပုဒ်မ ၅၉(စ) ပါ။ ဖော်ပြထားချက်ကတော့ ဒီလိုပါ။ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ တွေရဲ့ အရည်အချင်းသတ်မှတ်ချက် မှာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိဇ။် မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိဇ။် ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိဇ။် တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦးဇ။် ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရဇ။် ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးဇ။် နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါးဇ။် နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။” လို့ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားမြစ်ကန့်သတ်ထားတဲ့ ဥပဒေ ပြဌာန်းချက်ဖြစ်တယ်ဆိုတာ ရှင်းလင်းပါတယ်။ နောက်ထပ် မပြင်ချင်တဲ့ ပုဒ်မတွေကတော့ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈ ပါ။ ပုဒ်မ ၃၃၇ “ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။” ၃၃၈ “ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်ဇ။် ကွပ်ကဲမှုအောက်တွင် ရှိရမည်။” လို့ ဖော်ပြထားပါတယ်။ ဒါလည်း စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပါတ်သက်တဲ့ အချက်ပါပဲ။
နောက်ထပ်တစ်ခုကတော့ အခန်း(၁၂) ပုဒ်မ ၄၃၆ ပါ။ အဲဒီ ပုဒ်မ ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပါတ်သက်ပါတယ်။ အဲဒီမှာ ဖွဲ့စည်းပုံထဲက ပုဒ်မ တစ်ချို့ကို အတိအကျ ဖော်ပြထားပြီး အဲဒီ ပုဒ်မတွေနဲ့ ပါတ်သက်လို့ ပြင်ချင်ရင် “ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံးဇ။် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးဇ။် ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။” (ခ) “ ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးဇ။် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ” လို့ ဖော်ပြထားပါတယ်။ ပြောရရင် ဒီ ပုဒ်မဟာ စစ်တပ်ကသာ သဘောမတူရင်၊ တစ်နည်း ကာကွယ်ရေးဦးစီးချုပ်ကသာ သဘောမတူရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လို့ မရအောင် လုပ်ထားတဲ့ ပုဒ်မပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလွန်ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မပါ။
နောက်ဆုံးတစ်ခုကတော့ အခန်း (၁၄) ပုဒ်မ ၄၄၅ ပါ။ အဲဒီမှာ ဖော်ပြထားတာက “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဇ။် မူဝါဒ လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့ဇ။် ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦးဇ။် တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။” လို့ ဖော်ပြထားပါတယ်။ လက်မှတ်ပေါင်း တစ်သိန်းကျော်က ဒီ အချက်ကို လုံးဝ မပြင်ချင်ဘူးလို့ ဆိုပါတယ်။

အဲဒါဟာ တကယ်ပဲ လူတစ်သိန်းကျော်ရဲ့ သဘောထားလား

ဒီလို ပြည်ခိုင်ဖြိုး စီအီးစီ ဦးအောင်သိန်းလင်းက လူတစ်သိန်းကျော် လက်မှတ်ဆိုပြီး တင်ပြထားတာနဲ့ ပါတ်သက်လို့ ကန်ပက်လက်အမတ် သူရဦးအောင်ကိုက ဒီ လက်မှတ်တွေမှာ နာမည်နဲ့ လက်မှတ် နှစ်မျိုးပဲ ပါတယ်၊ ဒါကြောင့် ခိုင်မာမှု မသေခြာဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ထောက်ပြပါတယ်။ နာမည်နဲ့ လက်မှတ်ပဲ ပါတယ် ဆိုရင် ဒါဟာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ လူတစ်ယောက် နှစ်ယောက်က လက်မှတ် အများအပြား တုပ ထိုးထားတာ ဖြစ်နိုင်ပါတယ်။ အခြားသော အကြောင်းအရာ တစ်ခုခုကို ပြောဆိုပြီး နာမည်နဲ့ လက်မှတ်ရေးထိုးခိုင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာမှ သေသေခြာခြာ ရှင်းမပြပဲ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မှတ်ပုံတင်၊ နေရပ်လိပ်စာ စသဖြင့် တစ်ခုခု မပါတဲ့အတွက် လိမ်ညာထားသလား၊ အမှန်လား ဘယ်လိုမှ ဘယ်တစ်ယောက်ကိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရနိုင်ပါဘူး။ ဒါဆိုရင် တိုင်းပြည်အတွက် ဒီလောက် အရေးကြီးတဲ့ကိစ္စ ဒီလောက် အရေးကြီးတဲ့ အကြောင်းအရာကို စည်းကမ်းချက်တွေ အလွန်တင်းကြပ်စွာနဲ့ အလုပ်လုပ်တဲ့ လွှတ်တော် ပူးပေါင်းကော်မတီက ဘာလို့ လက်ခံလိုက်ပါသလဲ၊ မစိစစ် မစစ်ဆေးပဲနဲ့ ဘာလို့ အစီရင်ခံစာထဲ ထည့်သွင်းခဲ့ပါသလဲ။ မေးစရာ မေးခွန်းရှိပါတယ်။ အားမနာတမ်း ဝေဖန်ရရင် ပူးပေါင်းကော်မတီ ကိုယ်တိုင်က ဒီ မသေခြာ မရေရာတဲ့ လက်မှတ်၊ ကိန်းဂဏန်းတွေနဲ့ ဒါတွေ ဒါတွေ မပြင်ဖို့ လူ တစ်သိန်းကျော် တောင်းဆိုထားတယ် ဆိုတာကို အသုံးချချင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ပူးပေါင်းကော်မတီက လုပ်ရမှာ တစ်ခုပဲ ရှိပါတယ်။ ဒီ လူစာရင်းဆိုတာ တိုက်ဆိုင် စစ်ဆေး အတည်ပြုလို့ ရမှာလား၊ ရရင် မှတ်တမ်းတင်ပြီး မရရင် မှတ်တမ်းမတင်ပဲ ထားလိုက်ဖို့ပါပဲ။ အခုတော့ ဘယ်လိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရတာကို တကယ့် လွှတ်တော်ရဲ့ အရေးကြီးတဲ့ မှတ်တမ်းတစ်ခုအဖြစ် ရေးသွင်းလိုက်ပါပြီ။

လက်မှတ်ပေါင်း တစ်သိန်းကျော် တကယ်ဖြစ်နိုင်သလား

အဲဒီ လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ဆီမှာ အဓိက ပါတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) နဲ့ အခြား တပ်မတော်နဲ့ ဆိုင်တဲ့ ပုဒ်မတွေပါ။ နောက် အတည်မပြုနိုင်တဲ့ သတင်းတစ်ပုဒ် အဆိုအရ ဒီ လက်မှတ် တစ်သိန်းကျော်ကို ရန်ကုန်တိုင်း ဧရိယာ အတွင်းက စုစည်းထားတာလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ပုဒ်မ ၅၉ (စ) ကို ဖွဲ့စည်းပုံထဲကနေ ပယ်ဖျက် မပေးဖို့၊ ဆက်ထားဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲကြီးတစ်ခု ရန်ကုန် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကိုယ်တိုင် တက်ပါတယ်။ တက်ချင်တဲ့လူတွေကို ကားနဲ့ ကြိုပေးတာလည်း လုပ်ပါတယ်။ ပွဲမလုပ်ခင်တုန်းကလည်း ရှေ့ပိုင်းရက်တွေကတည်းက ကြိုတင် စည်းရုံးတာတွေ လုပ်ပါတယ်။ ဒါပေမယ့် တကယ်ပွဲလည်း လုပ်ရော လူပေါင်း ၁၀၀၀ တောင် မပြည့်ပါဘူး။ အလွန်နည်းပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ဆက်ထားဖို့ တောင်းဆိုထားတဲ့ ရန်ကုန်တိုင်းက လူပေါင်း တစ်သိန်းကျော် ဘာကြောင့် ဒီ ပွဲကို တက်တက်ကြွကြွ လာမတက်ရသလဲ စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။ ပြောရရင် အဲဒီ လက်မှတ် တစ်သိန်း ဆိုတာဟာ အလိမ်အညာ တစ်ခု ဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ရင်လည်း သိနိုင်ပါတယ်။

အရင်က သာဓက

တကယ်တော့ အခု ပြည်ခိုင်ဖြိုး တဖြစ်လဲ အရင် စစ်အာဏာရှင်တွေနဲ့ တာဝန်ရှိသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မသမာနည်းမျိုးစုံသုံး၊ ကိန်းဂဏန်း အမျိုးမျိုးထုတ် လုပ်ခဲ့ဖူးခဲ့ပါပြီ။ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ် နှစ်ပေါင်း ၅၀ ကျော် ဒီအတိုင်း လုပ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ အခု ပြည်ခိုင်ဖြိုး စီအီးစီ ဆိုသူတစ်ယောက်က လုပ်တာ၊ အဲဒါကို ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်က လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံသုံးသပ်ရေး ကော်မတီက အချက်အလက်တွေ မခိုင်လုံမှန်း သိရက်နဲ့ လက်ခံလိုက်တာဟာ အဲဒီတုန်းက လုပ်ခဲ့တဲ့ အပြုအမူ အမူအကျင့်တွေအတိုင်းပဲလို့ သုံးသပ်ရပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုး အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဖြစ်စေ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုဖြစ်စေ ဘယ်လိုမသမာမှုတွေ လုပ်မယ် ဆိုတာကို ကနဦး ထုတ်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကို မစစ်မဆေး ဆက်ပြီး မှတ်တမ်းတင်လိုက်တဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုလွှတ်တော်ဟာလည်း အလားတူ အမူအကျင့်မျိုးကို လက်သင့်ခံလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်လို့သာ သူရဦးရွှေမန်းခေါင်းဆောင်နေတဲ့ လွှတ်တော်ဟာ ဒီ လိုစွတ်စွဲတာ မဟုတ်မမှန်ပါဘူး၊ ဒီ သဘောထား မရှိပါဘူးလို့ ပြသ ချင်ရင် အဲဒီ လက်မှတ် တစ်သိန်းကျော် ဟာ အစစ်အမှန်တွေ ဟုတ်မဟုတ်၊ တကယ်ပဲ ဖွဲ့စည်းပုံထဲက အဲဒီ အချက်တွေကို ပြင်ဆင်ချင်တဲ့ ဆန္ဒနဲ့ ရေးထိုးပေးခဲ့တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးသင့်ပါတယ်။ မမှန်ကန်ဘူးဆိုတာ ပေါ်ထွက်ခဲ့ရင် လွှတ်တော် ပူးပေါင်းကော်မတီကိုလည်း ပြစ်တင်ရှုတ်ချတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လွှတ်တော်ဆိုတာ အရင် စစ်အာဏာရှင်တွေ လုပ်ရပ်အတိုင်း အလိမ်အညာတွေ လက်ခံတဲ့ လွှတ်တော်၊ ဖွဲ့စည်းပုံ သုံးသပ်ရေး ကော်မတီ ဆိုတာဟာလည်း အလိမ်အညာတွေ ပူးပေါင်း လုပ်ကိုင်တဲ့ ကော်မတီအဖြစ် သတ်မှတ်ဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
၇-၂-၁၄။

ချောင်းသာက လင်းလင်းနဲ့ချစ်သုဝေရဲ့မင်္ဂလာပွဲ

ကိုသာကောင်း နှင့် မယ်လိုဒီတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ



ကိုသာကောင်း နှင့် သရုပ်ဆောင် မယ်လိုဒီတို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီက ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့ အန္တရာယ်အား အထူးဂရုပြုရန် လိုအပ်လာပြီဟု ဝန်ကြီးဆို



နှင်းနွယ်

မြန်မာ့ခေတ်

မလေးရှားကွာလမ်ပူမြို့တော်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင် အပြင် ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၄ ဦးတို့အား လုပ်ကြံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံတွင် ရှိနေသော ရခိုင်တိုင်းသားများ အနေဖြင့် မိမိတို့ ၏ အန္တာရာယ်အား ဂရုစိုက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောလိုက်သည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၆ ဦးသည် ဖေဖော်ဝါရီ ၆ ရက်နေ့က မလေးရှားကွာလာလမ်ပူမြို့တော်တွင် ကားဖြင့် သွားလာနေစဉ်ပ လုပ်ကြံခံရခြင်းဖြစ်ပြီး ဒဏ်ရာရသူတစ်ဦးမှ မရှိကြောင်းကိုလည်း သိရသည်။

“ဒီအဖြစ်ပျက်ပေါ်ကိုကြည့်ြ့ပီးတော့ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ အသိပညာအတက် ပညာရှင်တွေ အနေနဲ့ ကိုယ်ရဲ့လုံခြုံရေးတွေကို ဂရုစိုက်ရတော့မယ်”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံအား ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ ရောက်ရှိနေစဉ် ယင်းကဲ့သိုလုပ်ကြံမှုသည် အကြမ်းဖက်မှု ဆန်နေပြီး ရခိုင်တိုင်းရင်းသားများ၏ လုံခြုံကိုလည်း မီးမောင်းထိုးပြခြင်း ဖြစ်နေကြောင်းကိုလည်း ဦးဇော်အေးမောင်က ဆက်လက်ပြောဆိုသည်။

“ဒီအဖြစ်အပျက်ပေါ်ကိုကြည့်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ အပြင်မှာတိုးရစ်တွေ သွားသလိုသွားချင်တိုင်းသွား လို့မရတော့ဘူး လုံခြုံရေးတွေဘာတွေကိုယူပြီးတော့မှ သွားရမယ်။ ဒီလိုလုပ်ကြံမှုကိုလည်း ကျွန်တော်တို့ အနေနဲ့  ရှံ့ချတယ် ” ဟု ဦးဇော်အေးမောင်က ထပ်လောင်းပြောဆိုသည်။

ယင်းကဲ့သို့ လုပ်ကြံခံခြင်းနှင့် ပတ်သက်ပြီး မလေးရှားကွာလာလပ်ပူမြို့ရှိ ရဲစခန်းတစ်ခုတွင် အမှုဖွင့်ထားလျက် ပြီး ယမန်နေ့ညအထိ ဖမ်းမိခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ရခြင်းမှာလည်း မလေးရှားနိုင်ငံရှိ ရခိုင်လူမှုကယ်ဆယ်ရေး တစ်ခုဖြစ်သည့် (ARRC) ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီ ၈ ရက်နေ့ကရောက်ရှိနေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လုပ်ကြံခံရခြင်းလည်းဖြစ်သည်။

၈၈ မျိုးဆက် ကိုအောင်ကြီး (Gsc)မလေးရှားမှာအသတ်ခံရ




by: ဦး ယဉ်ကျေး

၈၈ မျိုးဆက် တစ်ဦးလည်းဖြစ် ၊ မူဝါဒရေးရာ ခေါင်းဆောင် တစ်ဦး
လည်းဖြစ် ၊ မလေးရှားနိုင်ငံမှာ မြန်မာတွေဒုက္ခတွေ့စဉ် ကိုယ်တိုင်
ပါဝင်ပြီး ကူညီပေးခဲ့ဖူးသူလည်းဖြစ် ၊ မြန်မာ့ ဖေ့ဘုတ် ဒီမို ကရေစီ
အရေးမှာလည်း တက်တက်ကြွကြွ လှုပ်ရှားနေသူ -

ကိုအောင်ကြီး (Gsc) ၈၈ မျိုးဆက် နှင့် မျိုးဆက်သစ် (မလေးရှား)
မူဝါဒ ရေးရာခေါင်းဆောင်သည် မလေးရှားနိုင်ငံမှာပဲ လူမဆန်စွာ
အသတ်ခံလိုက်တယ်လို့ကြားသိရပါတယ် ။

မည်သူ မည်ဝါ က သတ်ဖြတ်ခြင်း ဖြစ်သည်ဟု , စုံစမ်းစစ်ဆေးဆဲ
ဖြစ်တယ်လို့ သတင်းထုတ်ပြန် ထားသော်လည်းပဲ တရားခံ များကို
ဖမ်းမိ ဖော်ထုတ်နိုင်ဖို့ရာက ထုံးစံအတိုင်း မျှော်လင့်ချက် မသေချာ
ပါ ။

အသတ်ခံရတဲ့ အလောင်းစစ်ဆေးမှုအရကတော့ လက်နှစ်ဖက်ကို
လက်ကောက်ဝတ်မှ ဖြတ်တောက်ခံထားရပြီး ဦးခေါင်း ကြေမွ နေ
ကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံထားရတယ်လို့ သိရပြန်ပါ
တယ်။

လက်ကောက်ဝတ်ကိုဖြတ်တောက်ခံရမှုကတော့ အစ္စလာမ်ရှီးအာ့
ရ်ယား ဥပဒေအရ စီရင်ခံထားရတဲ့သဘောမှာရှိတယ်လို့ မှတ်ထင်
စရာကောင်းပါတယ် ။

ကိုအောင်ကြီး သက်ရှိထင်ရှားရှိစဉ်တုန်းက ဖေ့ဘုတ်ခ်ပေါ်မှာ ကြုံ
တွေ့ခဲ့ရပြီး ကျွန်တော်တို့နှင့်အယူအဆ သဘောထားချင်း တူချင်
မှ တူမယ် , ဆန့်ကျင်ဘက် ဖြစ်ချင်လည်း ဖြစ်ခဲ့မယ် ။ သို့ပေမယ့်
ကိုယ့် နိုင်ငံသား , ကိုယ့် လူမျိုးတစ်ဦး နိုင်ငံ ရပ်ခြားမှာ ရက်ရက်
စက်စက် လူမဆန်စွာမတရားသဖြင့် သတ်ဖြတ်ခံခဲ့ရခြင်းကိုတော့
အမှန်တကယ် ဝမ်းနည်း နာကျင်မိပါတယ် ခင်ဗျာ ။



ပြီး ခဲ့တဲ့ နှစ် က မ လေးရှား နိုင် ငံတွင် မြန်မာ လုပ်သား များ အသတ်ခံရတုန်း က မီဒီယာ များ ကို သတင်းပေး ခဲ့သူ မ လေးမှာ ရှိတဲ့ မြန်မာ သံရုံး ရှေ့ မှာ မြန်မာ လုပ်သား တွေကို ကူညီဖို့ ဆန္ဒပြခဲ့သူ ကို အောင်ကြီး ( 88 မျိုးဆက် မ လေးရှား ) သည် ဖေ ဖော်ဝါရီလ ၄ ရက် နေ့ တွင် အသတ်ခံ လိုက် ရ ကြောင်း သတင်း ရရှိ သဖြင့်မိသား စု နှင့် ထပ်တူ ထပ်မျှ ဝမ်းနည်း ရပါကြောင်း။

SeñorAye Thein
>>>>>>>>>>>>>>
အသုဘရှုဖိတ်ကြားလွှာ
ကိုအောင်ကြီး ( GSC / အထွေထွေသပိတ်ကော်မတီ )
အသက် ( ၄၃ ) နှစ်
88 မျိုးဆက် နှင့် မျိုးဆက်သစ် ( မလေးရှား ) မှ မူဝါဒရေးရာ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုအောင်ကြီးသည် ၄.၂.၂၀၁၄ တွင်ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် အောက်ပါအစီအစဉ်အတိုင်းလိုက်ပါပို့ဆောင်နိုင်ရန် ရပ်နီးရပ်ဝေးမှ သူငယ်ချင်းမိတ်သင်္ဂဟအပေါင်းအားဝမ်းနည်းစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
အချိန် ။ ။ နေ့လည် ( ၁ ) နာရီ
နေ့ရက် ။ ။ ၈.၂.၂၀၁၄ ( စနေနေ့ )
နေရာ ။ ။ Cheras သုဿန်
88 မျိုးဆက် နှင့် မျိုးဆက်သစ် ( မလေးရှား )

( ကိုတာရာယာ ဇာမဏီစားသောက်ဆိုင်ရှေ့မှ နေ့လည် ( ၁၂ ) နာရီတွင် ကားတစ်စီးထွက်ပါမည် )

အသတ်ခံရသူ ကိုအောင်ကြီးရဲ့ ဇနီးနဲ့ မေးမြန်းချက်



ကန်ဒေါ်လာ သန်းတစ်ရာချေးယူပြီး သမဝါယမ တက္ကသိုလ်များ တည်ဆောက်မည့် အစီအစဉ် လွှတ်တော်အမတ်များ ကန့်ကွက်



The Voice Weekly

အသေးစား ချေးငွေလုပ်ငန်း လုပ်ကိုင်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချေးယူထားပြီးဖြစ်သော သမဝါယမ ဝန်ကြီးဌာနက သမဝါယမ တက္ကသိုလ်နှင့် ကောလိပ်များ တည်ဆောက်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထပ်ချေးမည့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် အမတ်များက ကန့်ကွက်ထားကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သမဝါယမ တက္ကသိုလ်နှင့် ကောလိပ်များ ဆောက်လုပ်ရန် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ချေးယူရန် အမျိုးသား စီမံကိန်းတွင် ထည့်သွင်း ရေးဆွဲထားပြီး ယင်းသို့ နိုင်ငံခြားငွေချေးယူမည့် ကိစ္စကို ထည့်သွင်း ရေးဆွဲထားခြင်းသည့် အမျိုးသားစီမံကိန်း ဥပဒေနှင့် ကိုက်ညီခြင်း မရှိသောကြောင့် လွှတ်တော်က ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ သမဝါယမ တက္ကသိုလ် ကောလိပ်များ အတွက် နိုင်ငံခြားငွေ ချေးယူမည့် အစီအစဉ်ကို လွှတ်တော်က ကန့်ကွက်ထားသောကြောင့် ယင်းအစီအစဉ်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းတွင် မထည့်သွင်းရန် လာမည့် ရက်ပိုင်းအတွင်း ဆုံးဖြတ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်း ဆွေးနွေးစဉ် လွှတ်တော် အမတ်များက ယင်းသို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
“ကိုယ့်အလုပ်ကို မသိဘူး။ ချေးချင်ရင် သမဝါယမဘဏ်က ချေးပြီးလုပ်ရမှာ။ ဒီလိုမဟုတ်ဘဲ အစိုးရက အာမခံပြီး နိုင်ငံခြားကနေချေး၊ လူတွေကို ပြန်ထုတ်ပေးတယ် ဆိုတာကတော့ ရှက်စရာ ကောင်းပါတယ်” ဟု ဒေါ်တင်နွယ်ဦးက ဆိုသည်။

အဆိုပါ စီမံကိန်းများသည် နိုင်ငံတော်သမ္မတ ချမှတ်ထားသည့် အမျိုးသား စီမံကိန်း ရေးဆွဲရေး အခြေခံ မူဝါဒများနှင့် ဆန့်ကျင်နေသည့်အပြင် လွဲမှားနေသည့် လုပ်ငန်း ဆောင်ရွက်မှုများ ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

သမဝါယမ၏ ငွေတောင်းခံသည့် စီမံကိန်း တင်ပြချက်သည် ပညာရေး ဝန်ကြီးဌာနနှင့် ချေးငွေ ထုတ်ပေးနေသော မွေးမြူရေး ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို စွက်ဖက်ရာ ရောက်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များက မှတ်ချက်ပြုသည်။

သမဝါယမ ဝန်ကြီးဌာနသည် အဆိုပါ နိုင်ငံခြား ချေးငွေအပြင် ငွေကျပ် ၃၆၁၈ ဒသမ ၆၁၅ သန်းကိုလည်း ရန်ကုန် သမဝါယမ တက္ကသိုလ် (သန်လျင်) နှင့် မန္တလေး သမဝါယမ ကောလိပ် ဘွဲ့နှင်းသဘင်ခန်းမများ ပြုပြင် တည်ဆောက်ရန် အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ထည့်သွင်း တောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ယခင်ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးကျော်ဆန်းက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၃ ခုနှစ်ကလည်း သမဝါယမချေးငွေများ ထုတ်ပေးနိုင်ရန် တရုတ်နိုင်ငံ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူထားသည်။

ကိုစစ်နိုင် နှင့် သက်မွန်မြင့်တို့ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲ



ကိုစစ်နိုင် နှင့် ရုပ်ရှင်သရုပ်ဆောင် သက်မွန်မြင့်တို့ရဲ့ စုလျားရစ်ပတ်မင်္ဂလာလက်မှတ်ထိုးပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၇ နာရီတွင် ကန်တော်ကြီးပဲလေ့ ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ပါတယ်။

လက်ရေးပုံစံတူ လက်မှတ်ကွဲများ



ဦးအောင်သိန်းလင်း တာဝန်ခံသဖြင့် လွှတ်တော်ကော်မတီ အစီရင်ခံစာတွင် ဖော်ပြပါဝင်ခဲ့သော အခြေခံဥပဒေ ပုဒ်မ ၅၉(စ)နှင့် အရေးကြီးပုဒ်မများ မပြင်ဆင်ရန် လူတစ်သိန်းကျော် ဆန္ဒပြုသည့်ကိစ္စ ပြည်ခိုင်ဖြိုး၏ ယခင်လုပ်နည်းများနှင့် နှိုင်းယှဉ် စိစစ်ချက်အရ လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်းပေါ်လွင်

ပြည်ခိုင်ဖြိုးသည် အသင်းကာလ၌ အသင်းဝင် အဆိုပြုလွှာများကို ဖန်တီးရေးသား၍အဆိုပြုလွှာပေးအပ်ပွဲများ ပြုလုပ်လေ့ရှိ
ဗဟိုမှ လူကြီးများကလည်း မသိချင်ယောင်ဆောင် လက်ခံခဲ့ကြ
>>>>>>><<<<
ပြည်ခိုင်ဖြိုးပါတီ၏ CEC တစ်ဦးဖြစ်သူ ယခင်ရန်ကုန်တိုင်း ဒေသကြီး တာဝန်ခံ၊ ရန်ကုန် မြို့တော်ဝန်နှင့် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း၏ တာဝန်ခံချက်ဖြင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသော နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ဆိုင်ရာ ပုဒ်မ ၅၉(စ) အပါအ၀င် ပြင်ဆင်နိုင်ရန် အလွန်တရာ အရေးကြီးလှသော ပုဒ်မ ၆ ခုကို လုံးဝ မပြင်ဆင်ရန် လူတစ်သိန်းကျော်က ဆန္ဒပြုထားကြောင်း ကိစ္စရပ်သည် ပြည်ခိုင်ဖြိုး၏ အသင်းဘ၀ကပင် ဆောင်ရွက်ခဲ့သော လုပ်ထုံးလုပ်နည်းများနှင့် ယခု ဓာတ်ပုံ ဖော်ပြထားသော အချက်အလက်များအား နှိုင်းယှဉ်စိစစ် သုံးသပ်မှုများ ပြုလုပ်ရာတွင် ယင်း လူတစ်သိန်းကျော် ဆန္ဒပြုခြင်း ကိစ္စရပ်သည် လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

ပြည်ခိုင်ဖြိုးသည် အသင်းမှ ပါတီသို့ မကူးပြောင်းမီ အချိန်များကပင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် စသည်ဖြင့် အဆင့်ဆင့် ပြုလုပ်လေ့ရှိသော အသင်းဝင် အဆိုပြုလွှာများကို ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများ၊ အမှုဆောင်များနှင့် အသင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လေ့ရှိသော အသင်းသား အချို့က ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာထံမှ တောင်းယူ ရရှိထားသော (သို့မဟုတ်) အလိုရှိချိန်တွင် တောင်းယူ အသုံးပြုသော ရပ်ကွက် အိမ်ထောင်စု သန်းခေါင် စာရင်းများ ရှိသူများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ် လိပ်စာ၊ အလုပ်အကိုင် စသည်ဖြင့် အသင်းဝင် အဆိုပြုလွှာတွင် ဖြည့်စွက်ရန် လိုအပ်သည့် အချက်အလက် များကို အထက်ပါ ရပ်/ ကျေး အဆင့်ရှိသူများက မိမိတို့ဘာသာ ကူးယူ ဖြည့်စွက်၍ လုပ်ကြံ ဖန်တီးခဲ့မှု များကို အဆိုပြုလွှာများ ပေးအပ်သည့် အခါတိုင်း ပြုလုပ် ခဲ့ကြသည်။

အထက်ဖော်ပြပါ လူစာရင်းဇယားစာရွက်များဖြင့် တင်ပြလာသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ ပြည်ခိုင်ဖြိုးပါတီများမှ စာရွက်အစုအပုံများ။
ထိုစာရွက်များတွင် လက်မှတ်ရေးထားသည်ဆိုသည့်သူများ
အားလုံးသည် ပြည်ခိုင်ဖြိုးပါတီဝင်များသာဖြစ်ကြောင်း ဆို၏။

ယင်းသို့ ပြည်ခိုင်ဖြိုး၏ လုပ်ကိုင် ဆောင်ရွက်ပုံကို ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုး အသင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည့် (အသင်းဝင်အမှတ် မသိရှိတော့) ယင်းမြို့နယ် ၃၂ ရပ်ကွက်၊ အေးမြသာယာ လမ်းတွင် နေထိုင်ခဲ့သော ဦးဝင်းကိုကိုဦးက မြန်မာသံတော်ဆင့်သို့ အောက်ပါအတိုင်း ဖွင့်ဟ ပြောကြားသည်။

““ကျွန်တော် ၃၂ ရပ်ကွက် ပြည်ခိုင်ဖြိုး အမှုဆောင် (စည်းရုံးရေးရာတာဝန်ခံ) အဖြစ် လုပ်ခဲ့တုန်းက မြို့နယ်မှာ လူကြီးတွေလာလို့ အဆိုပြုလွှာတွေ အခမ်းအနားနဲ့ ပေးရခါနီးပြီဆိုရင် သုံးလေးပတ် လောက်အလိုပေါ့။ ကျွန်တော်တို့ ရပ်ကွက်ပေါင်းစုံက စည်း/မှူးတွေ၊ ဒါမှမဟုတ် အမှုဆောင်တွေကို ခေါ်ပြီး မြို့နယ် အတွင်းရေးမှူးက ဘယ်နေ့ နောက်ဆုံးထားပြီး အသင်းဝင် အဆိုပြုလွှာတွေ မြို့နယ်ကို လာပေးကြဖို့ မှာတယ်။ တစ်ခါတလေဆို အဘဦးအောင်သိန်းလင်း လာမယ်၊ အဘ သူရဦးအောင်ကို လာမှာတို့ ပြောပြီး တစ်ရပ်ကွက်ကို အဆိုပြုလွှာ ဘယ်လောက် ပေးရမယ်ဆိုတာပါ သတ်မှတ် ပေးလိုက်တယ်။ မြို့နယ် အတွင်းရေးမှူးက အဲဒီလို ခေါ်ပြောတာကလည်း ကောင်းကောင်းမွန်မွန် ပြောတာ မဟုတ်ဘူး။ အာဏာနဲ့ ငေါက်ငမ်းပြီး မလုပ်မနေ မဖြစ်မနေ ခိုင်းတာ။ ကျွန်တော် ကိုယ်တိုင် အဲဒီလို အစည်းအဝေးတွေ အများကြီး တက်ခဲ့ရတယ်။ အစည်းအဝေးက ပြန်လာပြီဆိုတာနဲ့ ဘယ်တုန်းကမှ ရုံးလာလေ့မရှိတဲ့ အမှုဆောင်တွေလည်း ရပ်ကွက်ရုံးက ကျွန်တော်တို့အတွက် ပေးထားတဲ့ နေရာမှာ စုပြီး ရပ်ကွက် သန်းခေါင်စာရင်းထဲက ဟာတွေကို ကူးရေး ကြတော့တာပဲ။ များသောအားဖြင့် သုံးလေးရက်လောက် ဆက်ရေးရတာ။ ကျွန်တော်တို့လို အဲဒီ အချိန်တုန်းက ကျောင်းသား လူငယ် အရွယ်တွေဆို ရပ်ကွက်ရုံးက သန်းခေါင်စာရင်း ဖိုင်တွဲတွေ၊ အဆိုပြုလွှာတွေ အိမ်ယူသွားပြီး အိမ်စာ လုပ်သလို အိမ်မှာရေးကြတာ။ တစ်ခါ အခမ်းအနား တစ်ခုဆို တစ်ရပ်ကွက်ကို အဆိုပြုလွှာ ၂၀၀၊ ၃၀၀ လောက် ပေးရတာ။ လက်မှတ်လည်း ကိုယ့်ဘာသာ ကိုယ်ထိုးပဲ။ ကျွန်တော်ဆို အဲဒီတုန်းက အဆိုပြုလွှာတွေ ကူးရေးရလွန်းလို့ ဘောပင်ကိုင်တဲ့ နေရာမှာ နာတောင်နေတယ်။ ရေးပြီးရင် တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် အပြိုင်အဆိုင် မြို့နယ်ကို သွားတင်ကြတယ်။ မြို့နယ်ကလည်း မသိချင် ယောင်ဆောင်ပြီး အစစ်အဆေးမရှိ လက်ခံလိုက်တယ်။ အဲဒီလက်ခံတဲ့ မြို့နယ်က လူတွေကိုယ်တိုင်လည်း ရပ်/ကျေး အဆင့်တွေ လုပ်ခဲ့တုန်းက ဒီလိုပဲ ကူးရေးခဲ့တာပဲ။ အဘတွေ လာတော့လည်း အဆိုပြုလွှာ ဘယ်နှထောင်ပါ၊ ၃လ ၅ လ အတွင်း ကျွန်တော်တို့ မြို့နယ်က အသင်းဝင် ဘယ်နှထောင် တိုးပါတယ် ဆိုပြီး မျက်နှာလုပ် အခမ်းအနားနဲ့ အပ်လိုက်တာပဲ။ အဘတွေကလည်း စင်ပေါ်တက် လက်ခံပြီး အဲဒီအဆိုပြုလွှာ တွေကို လှည့်တောင် မကြည့်တော့ဘူး။ ဒီအဆိုပြုလွှာတွေ ဘယ်လို ရလာလဲဆိုတာ သူတို့လည်း သိတာပဲ။ အဲဒီလိုနဲ့ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ တိုင်း၊ တိုင်းကနေ ဗဟို အဆင့်ဆင့် အသင်းဝင်ဦးရေ ဘယ်လောက် တိုးပါတယ်၊ ဘယ်လောက် ရှိပါတယ် ဆိုပြီး အခမ်းအနားတွေနဲ့ အပ်ကြ၊ ကြေညာကြ၊ လက်ခံကြ လုပ်ခဲ့တာပဲ။ ဒါက ကျွန်တော်တို့ရှေ့က သူတွေလုပ်ခဲ့တဲ့၊ ကျွန်တော်တို့လည်း လုပ်တယ်။ ကျွန်တော်တို့ နောက်က လူတွေလည်း ဒီအတိုင်းပဲ။ ဒါပြည်ခိုင်ဖြိုးက လုပ်နေကျ။ အဲဒီအချိန်က အသင်းဝင် အဆိုပြုလွှာတွေ ဆိုရင် တောင်းလို့ရရင် တောင်းယူကြည့်လိုက်၊ ဥပမာ- ကျွန်တော်တို့ ၃၂ မှာ စည်းရုံးရေးရာ လုပ်တုန်းက ကျွန်တော် ယူကူးရေးတဲ့ သန်းခေါင်စာရင်းတွေက လမ်းအလိုက်၊ အပိုင်အလိုက် တွဲတွဲပြီး ချုပ်ထားတာ။ ဒီတော့ ကျွန်တော်က တစ်တွဲကနေ ကူးရေးတယ် ဆိုရင် အဲဒီလမ်း၊ အဲဒီအပိုင်က အသင်းဝင် အဆိုပြုလွှာတွေ အားလုံး ကျွန်တော့် လက်ရေးတွေချည်းပဲ။ လက်မှတ်လည်း ကျွန်တော့် လက်ရေးနဲ့ ထိုးတယ်။ ဘယ်လို ထိုးလဲဆိုတော့ နာမည်က ဦးထွန်းဆိုရင် ထွန်းဆိုတာ ခြစ်ချင်သလို ခြစ်ပြီး ထိုးလိုက်တယ်။ အဆိုပြုလွှာက တစ်စုံကို နှစ်ရွက် ရေးရတာဆိုတော့ နောက်တစ်ရွက်က လက်မှတ်ကို ရှေ့တစ်ရွက်က လက်မှတ်နဲ့တူအောင် သတိထားပြီး ထိုးလိုက်တယ်။ အဲဒီ ကျွန်တော် လက်မှတ် ထိုးပေးလိုက်တဲ့ သူနဲ့ ကျွန်တော် မျက်နှာချင်းဆိုင် တွေ့ရင်တောင် ဘယ်သူမှန်း မသိနိုင်ဘူး။ သူကလည်း သူ ကြံ့ခိုင်ရေး အသင်းဝင် ဖြစ်နေပါပြီ ဆိုတာလည်း မသိဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ လုပ်ခဲ့တာ””ဟု မြန်မာသံတော်ဆင့်သို့ ပြည့်စုံစွာ ရှင်းလင်း ပြောကြားသည်။

ပြည်ခိုင်ဖြိုး အသင်းအနေဖြင့် ယင်းသို့ အဆိုပြုလွှာများ လုပ်ကြံ ဖန်တီးခဲ့ခြင်းကြောင့် အသင်းဝင် အမည်စာရင်းများ ရှိသော်လည်း မြို့နယ်မှ ရန်ပုံငွေဖြင့် အမြတ်တင်ထားသော ပြည်ခိုင်ဖြိုး အသင်းဝင် ကတ်များသည် ရပ်/ကျေး အဆင့်များမှ စိုက်ထုတ် ၀ယ်ယူနိုင်ခြင်း မရှိသဖြင့် အခမ်းအနား တစ်ခုအဖြစ် အဆိုပြုလွှာ တစ်ထောင် စာရင်းပေါက် စေကာမူ အသင်းဝင်ကတ် ထုတ်ပေးရခြင်းမှာ ဆယ်ဂဏန်းမျှ သာ ရှိတတ်ခြင်း၊ တစ်ခါတစ်ရံ မြို့နယ် အတွင်းရေးမှူးများက ကြိမ်းမောင်း မာန်မဲကာ ၀ယ်ယူစေမှုများ ရှိတတ်ခြင်း ကြောင့် အသင်းဝင်ကတ်များကို ကြိုတင်ငွေသွင်းကာ ယူလာ ခဲ့ရသော်လည်း ရပ်ကွက် အသင်း ဗီရိုများထဲတွင် ကတ် အလွတ်များဖြင့်သာ သိမ်းဆည်း ထားခဲ့ရခြင်းများ ရှိကြောင်း ပြည်ခိုင်ဖြိုး အသင်းတွင် နှစ်ရှည်လများ ပါဝင် ခဲ့သူများက သက်သေပြုကြသည်။

ထို အသင်းဝင်ကတ်များကို မြို့နယ် အတွင်းရေးမှူး၏ အငြိုငြင် မခံရစေရန် ၀ယ်ဆိုသည့် အချိန်တွင် ကြိုတင်ငွေ ပေးဝယ်ယူနိုင်ရန် တစ်နှစ်တာအတွင်း မြန်မာ့ရိုးရာ ထုံးတမ်း အလှူဒါနများအတွက် ရပ်ကွက် လူထုထံမှ လိုက်လံ ကောက်ခံရရှိသည့် အလှူငွေများကို အမှန်တကယ် လှူဒါန်းမှုများတွင် တတ် နိုင်သမျှ အနည်းငယ်သာ သုံးစွဲကာ ရပ်ကွက် ရန်ပုံငွေအဖြစ် ဆောင်ထားရခြင်းများ ရှိကြောင်း၊ ရပ်ကွက် ပြည်ခိုင်ဖြိုး အသင်းများအတွက် ရန်ပုံငွေ ကိုယ်တာအဖြစ် ရရှိသော ရပ်ကွက် ရေစက် မြေနေရာများ၊ အခြား အဖွဲ့အစည်းများနှင့် ခွဲဝေပိုင်ဆိုင်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးရုံး အနီးဝန်းကျင်ရှိ ရန်ပုံ ငွေဆိုင်ခန်း များမှ ရရှိသော ၀င်ငွေများသည်မူ ရပ်ကွက် အမှုဆောင်အဖွဲ့၏ လက်ဖက်ရည်ဖိုး၊ မြို့နယ်ရုံးများသို့ သွားရောက် သည့်အခါ မျက်နှာကောင်း ရစေရန် မြို့နယ် အတွင်းရေးမှူးများ၊ မိမိတို့ရပ်ကွက် နယ်မြေတာဝန်ခံ မြို့နယ် အလုပ်အမှုဆောင်များအား လက်ဖက်ရည်တိုက်၊ အရက်တိုက်ခြင်းများ ပြုလုပ်နိုင်ရန်သာ အများဆုံးသုံးစွဲ လေ့ရှိကြောင်းလည်း ပြည်ခိုင်ဖြိုး အသင်းတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။ ထို့ပြင် ရပ်ကွက်အတွင်းမှ အလှူငွေ ကောက်ခံရရှိစေရန် မြို့နယ်အသင်းက ခေါင်းစဉ်အမျိုးမျိုး တပ်ကာ အလှူခံခွင့် အခွင့်အရေးများ ဖန်တီးပေးကြပြီး ရပ်/ကျေး အဆင့်မှ ရပ်ကွက်အတွင်း အလှူခံမှုများ ပြုလုပ်ပြီးစ အချိန်များတွင် မြို့နယ် အလုပ်အမှုဆောင် နယ်မြေ တာဝန်ခံများက ရပ်ကွက်များသို့ နယ်မြေ စစ်ဆေးရေးများ ဆင်းတတ်ကြောင်း၊ ထိုသို့ ဆင်းလာသော မြို့နယ်အလုပ် အမှုဆောင် နယ်မြေ တာဝန်ခံများကို ရပ်/ကျေး အသင်းများက အလှူခံ ရရှိငွေများဖြင့် ဧည့်ခံကြရကြောင်း၊ အချို့မြို့နယ် အလုပ်အမှုဆောင် နယ်မြေ တာဝန်ခံများ ဆိုလျှင် အပြန် လက်ဆောင်ပစ္စည်း မရရှိပါက မြို့နယ်လပတ် အစည်း အဝေးများတွင် ထိုရပ်/ကျေး အသင်းအား အတွင်း ရေးမှူး၏ ဆူပူကြိမ်းမောင်း မာန်မဲခြင်း ခံရစေရန် ပြုလုပ်တတ်ခြင်းများပင် ရှိကြောင်း အထက်တွင် ဖော်ပြခဲ့သည့် ဦးဝင်းကိုကိုဦးက ပြောသည်။

ယခု နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် ပြည်သူလူထုအကြား အငြင်းပွားဖွယ် ဖြစ်ပေါ်လျက် ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားသော ပုဒ်မ ၆(စ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၇၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၄၅တို့အား မပြင်ဆင်ဘဲ ထားရှိရန် ဆန္ဒပေးထားသည် ဆိုသော လူဦးရေ တစ်သိန်းကျော်၏ အကြံပြုချက် ဖော်ပြမှုပါ စာရင်းများကို မြို့နယ် အသီးသီးမှ (အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း) လက်ရှိ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် အတွင်းရေးမှူးများက လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းထံ လိပ်မူ ပေးပို့ထားခြင်းများ ဖြစ်သည်ကို တွေ့ရသည်။ အဆိုပါ စာရင်းပါ လူဦးရေ ဇယားများ၏ စဉ်၊ အမည်၊ မှတ်ပုံ တင်အမှတ်၊ နေရပ်လိပ်စာ၊ လက်မှတ် ဇယားကွက်များတွင် ဖြည့်စွက် ထားသည်မှာ အထက်ဖော်ပြပါ ပြည်ခိုင်ဖြိုး အသင်း အဆိုပြုလွှာများတွင် တစ်ဦးတည်းက ရေးသားထားခြင်းများ ဖြစ်ကြောင်း တိကျ သေချာစွာ တွေ့ရသည်။ လက်မှတ် ရေးထိုးထားမှု များမှာလည်း ပြည်ခိုင်ဖြိုး အသင်းဘ၀ အဆိုပြုလွှာများနှင့် တိုက်ဆိုင် စိစစ်ပါက ထိုအပြုအမူအတိုင်း လက်မှတ်ရေး ထိုးထားသည့် ပုံစံများသာ ဖြစ်သည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကော်မတီ အစီရင်ခံစာပါ လူဦးရေ တစ်သိန်းကျော်ထဲတွင် ဦးရေ ၁၇၆၃ဦး ပါဝင်ဆန္ဒပြုချက် ပေးပို့ထားသည့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးခင်မောင်ဇော်က ““လက်ရေးကတော့ တူတယ်။ လက်ရေးတူတာက ဒီက နာမည်ရေးပြီးတော့ လက်မှတ်ပဲ သူတို့ကို ထိုးခိုင်းတာ။ လက်ရေးကတော့ တူမှာပေါ့။ လိုအပ်ရင် အဲဒီ ထိုးတဲ့ ကာယကံရှင်တွေကို မေးလို့ ရတယ်။ တစ်အိမ်တက်ဆင်း လုပ်ထားကြတာတွေ များတယ်။ တို့က တစ်အိမ်တက်ဆင်း ၅၉(စ) ဆိုတာဘာ ရှင်းပြီးတော့၊ စာရွက်တွေပါ ကမ်းပြီးတော့ သူတို့ကြိုက်မှထိုး၊ သူတို့ကို သေချာ ရှင်းပြီးတော့မှ လုပ်တာပါ”” ဟု ငြင်းဆိုခဲ့သည်။

ဤသို့ မပြင်ဆင်ဘဲ ထားရှိရန် ဆန္ဒပြုထောက်ခံသူများစာရင်း ပေးပို့ခြင်းဟုသာပါရှိသော တင်ပြစာ တစ်ရွက်တည်း (ပုံ-၁)နှင့် ထိုတင်ပြစာဖြင့် ပူးတွဲပါရှိလာသော လူစာရင်းဇယားစာရွက်များ(ပုံ-၂)။(ပုံ-၁)ပါ တင်ပြစာတွင် လက်မှတ်ရေးထိုးထားသည့် မြို့နယ်ပါတီ အတွင်းရေးမှူးသည် ယခုသတင်းဖော်ပြမှုတွင်ပါရှိသော
ပြည်ခိုင်ဖြိုးအသင်း အဆိုပြုလွှာများအား လုပ်ကြံဖန်တီးမှုများပြုလုပ်ခဲ့ ကြောင်း ၀န်ခံထားသည့် ဦးခင်မောင်ဇော်ဖြစ်သည်။

သို့သော် အသင်းဘ၀က အထက်ပါ လုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့သည်မှာ မှန်ကန်ကြောင်း ၎င်း၏ ပြောကြားချက်များထဲတွင် သက်သေပြုနေပြီး ယခုအခါတွင်မူ ပါတီဝင် လျှောက်လွှာများ၌ ထိုသို့ ဆောင်ရွက်ခြင်း မရှိတော့ကြောင်း ပြောသည်။

““အရင်တုန်းကတော့ ရတယ်လေကွာ။ အခုက မရဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံပါ ပါရတာ။ ဓာတ်ပုံပါ ပါရတဲ့အတွက် ဒီအတိုင်း ကိုယ့်ဘာသာကိုယ် ဖြည့်လို့ မရတော့ဘူး။ ဖောင်ပါ အကုန်ပါရတယ်။ အရင်တုန်းကလို မဟုတ်ဘဲ ဓာတ်ပုံပါ ပါရတဲ့အတွက် ကာယကံရှင် မသိဘဲ လုပ်လို့ မရတော့ဘူး””ဟု ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါ လူတစ်သိန်းကျော် အကြံပြုထားသည်ဟု ဆိုကာ တင်ပြသည့် စာရင်းများနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ““ဦးအောင်သိန်းလင်း တစ်သိန်းကျော် တင်တဲ့ဟာမျိုး ဆိုရင် ထုတ်ပြန်ရမှာလေ။ ဘယ်သူက တာဝန်ခံပြီး တင်တာလဲဆိုတာ။ အခုတင်တဲ့ အထဲမှာ နာမည်တူတာတွေ၊ လိပ်စာတူတာတွေ၊ မှတ်ပုံတင်တူ တာတွေလည်း ပါနေတယ်””ဟု ပြောသည်။

ဦးအောင်သိန်းလင်း တာဝန်ခံ၍ ပြည်ခိုင်ဖြိုးပါတီမှ တင်ပြသော အဆိုပါ လူဦးရေ တစ်သိန်း တင်ပြမှုသည် လူတစ်ဦး တစ်ယောက်တည်းမှ အများစုအဖြစ် ရေးသားထားသည့် သဘောသာ ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဝင် ဒေါက်တာဦးအေးမောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် ယင်းကိစ္စကို အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြခြင်း ပြုရန်အတွက် ကော်မတီ၏ နောက်ဆုံး အစည်းအဝေးများတွင် ဦးအောင်သိန်းလင်းနှင့် အခြားကော်မတီဝင်များ အပြင်းအထန် အငြင်းအခုံ ဖြစ်ခဲ့ ကြရကြောင်း ကော်မတီဝင်များက ပြန်လည် ပြောကြားမှု ရှိသည်။

ယင်းသို့ အစည်းအဝေးတွင်း အချေအတင် ကန့်ကွက်ခဲ့ကြသည်ကို ““အဲဒီမှာ အရေအတွက်တော်တော်လေး အငြင်းအခုံ ဖြစ်တယ်။ ပါတီ ကိုယ်စားပြုတဲ့ စောင်ရေ၊ နိုင်ငံသားတွေက လာတဲ့ စောင်ရေတို့မှာ နိုင်ငံသား တစ်ဦးက ဦးဆောင်တယ်။ နိုင်ငံသားတစ်ဦး တင်ပြတဲ့ အချက်အလက်ကို လူလေးထောင် လက်မှတ် ထိုးထားတာမျိုး၊ မှတ်ပုံတင်အမှတ် ပါတဲ့အခါ တချို့က အမတ်တွေ ချပြတယ်။

ဒါကြီးဟာ လူတစ်ယောက်တည်း ရေးတဲ့ ပုံစံမျိုးပဲ။ ဒေါက်တာ စိုးရင်တို့ကလည်း ပြန်ပြောကြတယ်။ လေ့လာ သုံးသပ်တဲ့ ကော်မရှင်တွေနဲ့ စနစ်တကျ လေ့လာဖို့ ဆိုတဲ့အခါမှာ စာတစ်စောင်ဆိုရင် တစ်စောင်ပေါ့။ တစ်ယောက်ချင်း စာတစ်စောင်လာမှ တစ်စောင်အဖြစ် သတ်မှတ်သင့်တာပေါ့။ စောင်ရေလည်း ဖော်ပြတယ်။ နောက်မှတ်ချက်မှာ လူဦးရေ တစ်သိန်းကျော်ဆိုတဲ့အခါ ကျတော့ ပုဒ်မတစ်ခုကို နဂိုအတိုင်း ထားချင်တဲ့သူက သိန်းကျော်ဖြစ်ရင် ဖြစ်သွားမှာပေါ့။ စောင်ရေက လျော့တယ်။ လက်မှတ်ထိုးတဲ့လူက အကြောင်းအရာ တစ်ခုကို သိန်းကျော်ရင် ဆိုတဲ့ဟာနဲ့ လွှမ်းမိုးသွားရင် ကျွန်တော်တို့ သုံးသပ်တာပေါ်မှာ တစ်မျိုး မြင်သွားနိုင်တယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်ခိုင်ဖြိုး အသင်းအဖြစ် တည်ရှိစဉ်က လုပ်ကြံဖန်တီးထားသော စောင်ရေများကို အခမ်းအနားများ အဖြစ် ပေးအပ်သည့်အခါ လက်ခံသူအဖြစ် ဆောင်ရွက်ခဲ့ရခြင်းရှိသူ တစ်ဦးဖြစ်သည့် လက်ရှိပြည်ခိုင်ဖြိုးပါတီ ဗဟိုအမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုကပင် ယခုကိစ္စရပ်အပေါ် ““အခြေခံ ဥပဒေ ပုဒ်မ၅၉(စ) ပေါ့လေ။ တစ်သိန်းခြောက်ထောင် ကျော်သော လူပုဂ္ဂိုလ်တွေက မပြင်ပါနဲ့၊ မထိပါနဲ့လို့ အကြံပြုတယ်လို့ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ဦးက ပူးပေါင်း ကော်မတီကို တင်ပြခဲ့ပါတယ်။ သူ့တင်ပြချက် အတိုင်းပဲ ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တစ်သိန်းကျော် ဆိုတာကလည်း နာမည်ရေးတယ်။ လက်မှတ်ထိုးတယ်ပေါ့။ မြို့နယ်ပေါင်းစုံ ပါပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဧရိယာအတွင်း ပေါ့လေ။ ဘယ်ပါတီဝင်လို့ ဖော်ပြမထားပါဘူး။ ဒါဟာ မခိုင်မာဘူး။ အခြေအမြစ် ရှိတယ်ဆိုတာ မသေချာဘူးလို့ပဲ ပြောပါရစေ။ နောက်တစ်ခုက ပုဒ်မ ၅၉(စ)၊ အခန်း ၁၂၊ပုဒ်မ ၄၃၆ တို့ကိုလည်း မပြင်ပါနဲ့၊ ဒီအတိုင်းပဲ ထားပါလို့ ပြောတဲ့ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ အခန်း ၁၂၊ ပုဒ်မ ၄၃၆ ကို မထိ၊ မတို့၊ မကိုင်တွယ်လို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ လုံးဝဖြစ်မလာပါဘူး။ ပြင်လို့လည်း မရပါဘူး။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ဒါဟာ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ လူတွေနဲ့ ပြည်သူ့အကျိုးစီးပွား ကာကွယ်တဲ့ လူပုဂ္ဂိုလ်တွေကြား အားပြိုင်မှု တစ်ခုလို့ မြင်ပါတယ်”” ဟု သုံးသပ် ပြောကြားသည်။

ဒေါက်တာဦးအေးမောင်က ယင်းသို့ လူဦးရေကို အခြေပြု၍ ဆုံးဖြတ် တင်သွင်းမျိုး ပြုလုပ်မည်ဆိုပါက မိမိတို့ RNDP ပါတီကလည်း လူဦးရေ တစ်သိန်းသာ မဟုတ် တစ်သန်းမျှ အထိပင် လက်မှတ် ထိုးတင်နိုင်ကြောင်း၊ သို့သော် မိမိတို့၏ ပါတီတစ်ရပ်သာ ဖြစ်သဖြင့် ကော်မတီသို့ တင်သော အကြံပြုချက်များကို ပါတီကိုယ်စား ပြုခြင်း တစ်ခုတည်းဖြင့်သာ တင်ပြခဲ့ကြောင်း၊ အခြားနိုင်ငံရေး ပါတီများမှလည်း ထိုသို့ပင် ပါတီကိုယ်စားပြု တင်ခြင်းများသာ ရှိကြောင်း၊ အမည်၊ လိပ်စာ၊ လက်မှတ်ပါရုံနှင့် အမှန်တကယ် ဟုတ်မဟုတ် ယုံကြည်ရန် ခက်ခဲသည်ကို ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် မည်သို့မှ မသင့်လျော်သော ဆောင်ရွက်ချက် ဖြစ်ကြောင်း ပြောကြားသည်။

လင်းယုန်
တစ်ဦးတည်းမှ ဖြည့်စွက်လက်မှတ်ထိုးထားခြင်းသာဖြစ်ကြောင်း ပေါ်လွင်နေသည့် ကော်မတီသို့ တင်သွင်းသော လူစာရင်းများ

Myanmartandawsint Newspaper


 ခြေဥကော်မတီကို တင်ထားတဲ့ လက်မှတ်တွေရဲ့ ဓါတ်ပုံတွေ
 လူတစ်ယောက်တည်း ၊ လက်ရေးပုံစံတူ လက်မှတ်ကွဲများဖြင့်
လူတစ်သိန်းကျော်က အဆိုပြု အင်လွှာ တင်ထားတယ်ဆိုတာကို
သက်သေအထောက်အထား

 မြန်မာသံတော်ဆင့်


သံတော်ဆင့်က ဦးတင်ဆန်းပိုင်တာ...
ဦးတင်ဆန်းတို့ အုပ်စုတခုလုံးကို ကြံဖွတ်ကနေ ထုတ်ထားတယ် ...ကြံဖွတ်သတင်းတွေအားလုံး ဦးတင်ဆန်းအုပ်စုကနေလာနေတာ---
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့အဖမ်းခံရအုံးမလားပဲ...

ဘီဘီအိုင်စက်ရုံအနီးရှိ ကျူးးကျော်တဲများအားသက်ဆိုင်ရာမှမီးရထားပိုင်မြေဟုဆိုကာ ဖျက်သိမ်း


Popular Myanmar News Journal

အင်းစိန်မြို့နယ်ဘီဘီအိုင်စက်ရုံအနီးရှိဈေးအရှေ့ရပ်ကွက်
ဦးစံကျော်စုအုတ်စက်ကျူးးကျော်တဲများအား
သက်ဆိုင်ရာမှမီးရထားပိုင်မြေဟုဆိုကာဖျက်သိမ်းခဲ့ကြောင်း
အဆိုပါနေရာနေထိုင်သူများထံမှသိရသည်။
ယနေ့ဖျက်သိမ်းမှူတွင်လည်းသက်ဆိုင်ရာမှဖျက်သိမ်းခဲ့သည့်အိမ်၂၄လုံးမှဝါး၊
ဓနိပစ္စည်းများကိုရထားယူဆောင်သွားကြောင်း၎င်းကထပ်လောင်းဆိုသည်။
ပြီးခဲ့သည့်သောကြာနေ့တွင်လည်းအိမ်၆၂ဖျက်သိမ်းခံရကြောင်းသိရသည်။
အဆိုပါနေရာတွင်နေထိုင်သူများမှယခင်ကဲ့သို့အေးအေးချမ်းချမ်းနေထိုင်
လိုကြပြီးနိုင်ငံတော်သမ္မတနှင့်သက်ဆိုင်ရာမှသိစေချင်သည်ဟုဆိုကြသည်။
ထိုနေရာတွင်နေထိုင်သူအများစုမှာ၁၉၉၄ခုနှစ်ကတည်းကနေထိုင်ခဲ့ကြကြောင်းအိမ်ခြေ၁၀၀၀
ခန့်ရှိကာကျောင်းသား၃၀၀ခန့်ရှိကြောင်းဆိုပါနေရာနေထိုင်သူများကပြောသည်။

ဥက္ကာမြင့်ကြူ နှင့် ဝိုင်းစုခိုင်သိန်း တို့၏ မင်္ဂလာလက်မှတ်ရေးထိုးပွဲ

NLD ကျန်းမာရေးကွန်ရက် ရံပုံငွေဂီတပွဲပြင်ဆင်မှုများမြင်ကွင်းများ