Saturday, March 22, 2014

သမ္မတလုပ်နိုင်လောက်သည့် အရည်အချင်းများမရှိကြောင်း ဦးအောင်သိန်းလင်း ဝန်ခံ



 ရန်ကုန်တိုင်းမ်ဂျာနယ်

အွန်လိုင်း ဖေ့စ်ဘွတ်ခ်စာမျက် များတွင် လတ်တလော ပျံ့နှံ့နေခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း က မိမိတွင် သမ္မတလုပ်နိုင်လောက် သည့် အရည်အချင်းများမရှိကြောင်း ဝန်ခံရှင်းလင်းခဲ့သည်။

''ကျွန်တော့်ထက် အတွေ့အကြုံ ရှိတဲ့သူတွေ အများကြီးပါ။ သမ္မတလုပ် ချင်တယ်လို့လဲ မပြောခဲ့ရိုး အမှန်ပါ။ ဒါပေမဲ့ လတ်တလော အခြေအနေတွေ ကိုကြည့်ပြီး အားမလိုအားမရ ဖြစ်မိတာ တော့ မှန်ပါတယ်''ဟု ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ရှင်းပြသည်။

အွန်လိုင်းစာမျက်နှာများမှ သတင်း အရတော့ ယခင်က ရန်ကုန်မြို့တော် ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအောင်သိန်းလင်းအနေဖြင့် နိုင်ငံ တော်သမ္မတ တာဝန်ထမ်းဆောင်ရန် ပင် အတွေ့အကြုံများ ရှိသည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထုတ် ဂျာ နယ်တွင် ဖော်ပြခဲ့သည်ဟုဆိုသည်။

''မြေသိမ်းယာသိမ်း ပြဿနာတွေ နဲ့ပတ်သက်ပြီး နစ်နာတဲ့ တောင်သူများ ကို ပြန်ပေးနိုင်ဖို့အတွက် လုပ်ပိုင်ခွင့် အာဏာရှိတဲ့သူ ဖြစ်ချင်တဲ့အကြောင်း တော့ ပြောခဲ့ဖူးတယ်။ သမ္မတရာထူးကို တော့ မှန်းလဲ မမှန်းရဲပါဘူး''ဟု ဦးအောင် သိန်းလင်းက ဆိုသည်။

လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက် ပွဲတွင်တော့ ¤င်းတို့ပါတီမှ ပေးအပ်သည့် တာဝန်အတိုင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဟု လက်ရှိ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သိန်း လင်းက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ အ တည်ပြု ပြောခဲ့သည်။

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု မခံခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် အများဆုံးစုဝေး


Eleven Media Group

၁၉၉၀ ပြည့်နှစ်၊ မေ ၂၇ ရက်က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခမ်းအနားကို မတ် ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ရာ ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်အဖြစ် အများဆုံး စုဝေးတွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံပွဲသို့ ၁၉၉၀ ပြည့်နှစ်က အပြတ်အသတ် အနိုင်ရခဲ့သည့် NLD ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး သဘာပတိအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဥက္ကဋ္ဌ ရှမ်းပြည်နယ် သီပေါမြို့ မဲဆန္ဒနယ်အမှတ်(၁) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဦးခွန်ထွန်းဦးက ပြုလုပ်ခဲ့သည်။ အခမ်းအနားမှူးများအဖြစ် ဦးလှသိန်း၊ ရန်ကုန်တိုင်း တာမွေမြို့နယ်မဲ ဆန္ဒနယ် အမှတ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေါက်တာစိန်မြင့်၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသူ ၄၈၅ ဦးရှိခဲ့ပြီး ထိုအခမ်းအနားသို့ သက်ရှိထင်ရှားရှိနေသည့် အမတ် ၁၆၀ ဦး တက်ရောက်ခဲ့ကြောင်း ဦးဒေးဗစ်လှမြင့်က ပြောကြားခဲ့ကာ ကွယ်လွန်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် အတိအကျ မသိရှိရသေးကြောင်း နှင့်ကွယ်လွန်သွားသည့် အမတ်များ၏ မိသားစုများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၉၃ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနည်းဆုံး ကိုယ်စားလှယ်တစ်ဦးအထိ ရွေးကောက်တင်မြှောက်ခံရသော ပါတီ ၂၇ ပါတီ ရှိခဲ့သည်။အဆိုပါ ပါတီများအနက် NLD ပါတီမှ ၃၉၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၃ ဦး၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၂ ဦး၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ငါးဦး၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သုံးဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁၀ ဦး၊ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီမှ လေးဦး၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ကရက်မှ သုံးဦးတို့ ရွေးကောက်တင်မြှောက် ခံခဲ့ရသည်။

ထိုအချိန်က စစ်အစိုးရခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၈၉ ခုနှစ် မတ် ၂၇ ရက်တွင် ပြုလုပ်သော (၄၄) ကြိမ်မြောက် တော်လှန်ရေးနေ့တွင် “ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ပေါက်လာမှာဖြစ်တယ်။ အဲဒီအစိုးရသစ်အနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။ ဒို့ တပ်မတော်သားတွေအဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီး ဒို့ရဲ့ မူလအဓိက တာဝန်ကြီးဖြစ်တဲ့ ခုပြောကြားရာမှာပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန်ဆက်လက် ကြိုးပမ်းသွားရမှာ ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

အခမ်းအနားတွင် ပထမဦးစွာ သဘာပတိ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် “ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက အလိမ်အညာ ခံခဲ့ရတာပါ။ အခုအချိန်မှာ လူမစုံတော့သည့်တိုင်အောင် လုပ်ရမယ့် အလုပ်တွေ၊ ကျွန်တော်တို့လှမ်းရမယ့် ခရီးတွေကတော့ ကျန်နေပါသေးတယ်။ တချို့ဆိုရင် ကျွန်တော်တက်လာတော့ လက်စွဲနှုတ်ဆက်ရင်းနဲ့ မသေလို့ ပြန်တွေ့ကြရတာပဲလို့ ပြောခဲ့မိကြပါတယ်။ ဒါကလည်း မှန်သောစကားပါပဲ။ ကျွန်တော်တို့တွေဟာ ရိုးသားပြီး စစ်မှန်တဲ့ရွေးကောက်ပွဲကနေ ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တော်တွေ ဖြစ်ပါတယ်”ဟု ပြောကြားသည်။ ဆက်လက်ပြီး ၎င်းက ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ခံ ကိုယ်စားများအား အစိုးရက ပြန်တမ်းဝင်မှတ်တမ်းတွင် ယနေ့တိုင် မပယ်ဖျက်သေးကြောင်းနှင့် ထိုသို့ မပယ်ဖျက်သေးခြင်းကြောင့် တရားဝင်လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရှိ နေသေးသည်ဟုလည်း ပြောကြားသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပေးသော်လည်း ရွေးချယ်ခံရသည့်သူများအား လွှတ်တော်မခေါ်ပေးခဲ့ခြင်းက သမိုင်းတွင် အလွန်ကြီးမားသည့် အမှားတစ်ခုအဖြစ် သမိုင်းတွင်ခဲ့ကြောင်း ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေအရ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် အငြင်းပွားဖွယ်ရာများ ရှိနေခဲ့သည်ဟု ပြောကြားသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးပါက အနိုင်ရပါတီအား အာဏာအပ်ပြီး စစ်တန်းလျားပြန်မည်ဟု ကတိပေးခဲ့သော်လည်း စစ်တန်းလျားသို့ မပြန်ခဲ့ဘဲ အမျိုးသားညီလာခံတစ်ခုကို ခေါ်ယူကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် အခြေခံဥပဒေတစ်ခုကို ရေးဆွဲနိုင်ရန်အတွက် အခြေခံမူ ၁၄ ချက်ကို ချမှတ်ခဲ့ကာ ကိုယ်စားလှယ်များအား အတင်းအဓမ္မညီလာခံသို့ တက်ခိုင်းခဲ့သည်ဟုလည်း ပြောကြားသည်။ SNLD ပါတီအနေနှင့် ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ကြောင်းနှင့် အမှန်တရား တစ်ခု ပေါ်ပေါက်လာစေရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ဒီမိုကရေစီစနစ် ရရှိစေရန်အတွက် ဆက်လက်ကြိုးပမ်းရမည်ဟုလည်း ပြောကြားသည်။

ဦးခွန်ထွန်းဦးက နောက်ဆုံးပိတ်အနေဖြင့် ဆက်လက်ပြီး “ပြည်သူတွေပေးခဲ့တဲ့ တာဝန်မကျေခဲ့လို့ ပြည်သူတွေကို အများကြီးတောင်းပန်ပါတယ်။ အကယ်၍ အခွင့်အရေးရမည်ဆိုရင် ဒီထက်ကောင်းတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာပါ။ ယခုထိတိုင် နည်းအမျိုးမျိုးနဲ့ နိုင်ငံ့အာဏာကို ချုပ်ကိုင်နေတဲ့ လူတွေကြောင့် တိုင်းပြည်ကလည်း တစ်နေ့တခြား ဆင်းရဲတွင်းနက်လာတယ်၊ ကျန်းမာရေး၊ ပညာရေးတွေအားလုံးလည်း နိုင်ငံမှာ ချွတ်ခြုံကျနေတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ အကျိုးကို ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုတယ်”ဟု ဆိုသည်။

ထိုအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင် ဦးအေးသာအောင်ကလည်း မိန့်ခွန်းပြောကြားခဲ့သလို၊ ၁၉၉၈ ခုနှစ်က သာယာဝတီအကျဉ်းထောင်အတွင်း ကွယ်လွန်ခဲ့ရသည့် မကွေးတိုင်း၊ ထီးလင်းလွှတ်တော်အမတ် ဦးစောဝင်း၏ ဇနီးဒေါ်ခင်တိုးဝင်းအား ကွယ်လွန်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မိသားစုများကိုယ်စား စကားပြောကြားခွင့် ပေးခဲ့သည်။ ဒေါ်ခင်တိုးဝင်းက “ဦးစောဝင်းကို မဲထည့်ပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။ မဲဆန္ဒရှင်တွေကို အခုမှ ကျေးဇူးတင်ကြောင်း ပြောရတဲ့အတွက်လည်း များစွာအားနာပါတယ်။ ကျွန်မရဲ့ခင်ပွန်းကို ၁၉၉၂ ခုနှစ်ကတည်းက ဖမ်းဆီးသွားပြီး ၁၉၉၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပေမယ့် မိသားစုအနေနဲ့ သင်္ဂြိုဟ်ခွင့်တောင် မရလိုက်ပါဘူး။ တစ်ချိန်တည်းမှာပဲ တတိယမြောက်သားဟာ နိုင်ငံရေးလုပ်လို့ အဖမ်းခံနေရချိန်လည်း ဖြစ်ပါတယ်။ ကျွန်မခင်ပွန်း သေဆုံးတဲ့အချိန်မှာ ကျွန်မရဲ့ ဒုတိယသား ဆလိုင်းရောအောင်ဟာ က လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ မြန်မာပြည်ရဲ့ပြင်ပမှာ ရှိနေခဲ့ပါတယ်။ ကျွန်မရဲ့သားအကြီးနဲ့ ကျွန်မရဲ့မြေးဖြစ်တဲ့ ဒီငြိမ်းလင်းဟာလည်း ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံခဲ့ရပါတယ်။ ဒီနေ့အထိ ကျွန်မတို့ မိသားစုဟာ ဒီမိုကရေစီအရေးအတွက် ဆက်လက်လှုပ်ရှားနေဆဲပဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ယနေ့အထိ ပြည်သူလူထုကြီးနဲ့ တစ်သားတည်း ရှိနေသေးပါတယ်။ ကျွန်မတို့လို ဒုက္ခမျိုးစုံ ခံခဲ့ရတဲ့ မိသားစုတွေကိုလည်း အမြဲတမ်းအမှတ်တရ ဂုဏ်ပြုနေပါတယ်”ဟု ဆိုသည်။

ထိုတွေ့ဆုံပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် ပါတီအဖွဲ့အစည်းအသီးသီးမှ သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။

ဆည်မြောင်းဝန်ကြီးဌာနမှ အကျင့်ပျက်ချစား နေသော ဒုဦးစီးမှုး ဦးကြင်ယုံ



correctnewsmandalay
  
Mar 21
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုဦးစီးမှူး အဆင့်သာရှိသော အကျင့်ပျက်ဝန်းထမ်း ဦးကျင်ယုံဆိုသူသည် အကျင့်ပျက်ချစားနေသူတစ်ဦးဖြစ်ပြီးသူ၏သားများမှာလဲ ငွေဂုဏ်မောက်နေသူများဖြစ်ကြောင်း၊ဦးကျင်ယုံနှင့် သူ၏ဇနီးတို့မှာ
လဲ လူမှူရေးအကျင့်ဖောက်ပြန်နေသူများဖြစ်ကြောင်း၊ သားများမှာ ရပ်ကွက်ထဲတွင်လူတကာနှင့်မတဲ့ ရပ်ကွက်ထဲမှ ပြည်သူများ
လက်မြှောက်အရှုံးပေးထားရသူမျာဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦးမှ တိုင်တန်းထားခြင်းဖြစ်ပါသည်။
 အဆိုပါကိစ္စကို ဖော်ထုတ်အရေးယူပေးစေလိုပါသည်။

ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပြုပြင်ရန်လိုဟု ဒေါ်စု ပြော

*******************************************************
ရွှေအောင် (DVB)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီကို သွားနေတယ်လို့ ပြောရင် ပြောတဲ့သူတွေဟာ ပြည်သူလူထုကို လှည့်စားနေတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မတ်လ ၂၂ ရက်က မန္တလေးတိုင်း မိုးကုတ်မြို့ အောင်နန်းဘောလုံးကွင်းမှာ ကျင်းပပြုလုပ်တဲ့ အခြေခံဥပဒေပြင်ရေး လူထုဆန္ဒရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ အပိုင်းတွေကို ကျမတို့ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အဲဒီလို မပြုပြင် မပြောင်းလဲလို့ရှိရင် ဒီလို မပြုပြင်ပဲနဲ့ မပြုပြင်ချင်ပဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီလမ်းကို လျှောက်နေပါတယ်လို့ ပြောတဲ့သူတွေဟာ ပြည်သူလူထုကို လှည့်ဖြားနေတာပဲလို့ ကျမ ဒီလိုပဲ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂၃ ရက်မှာ မိုးကုတ်မြို့က ပြန်လည်ထွက်ခွာမှာဖြစ်ပြီး ပြင်ဦးလွင်မှာ မန္တလေးဒေသခံ စာရေးဆရာတွေနဲ့ တွေ့ဖို့ ရှိပါတယ်။


စစ်တွေနှင့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်ရန် ရေးသားမှု မြန်မာအစိုးရ ပြင်းပြင်းထန်ထန် ကန့်ကွက်



http://www.dhakatribune.com/op-ed/2014/mar/20/referendum-rakhine-state
Saturday, March 22, 2014

ရန်ကုန်၊ မတ် ၂၁

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများကို လူထုဆန္ဒ ခံယူ၍ ခွဲထုတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်ထဲ ထည့်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် Dahaka Tribune သတင်းဌာန၏ ရေးသား ဖော်ပြချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှုလုပ်ရန် လိုပြီလား” အမည်အရ အဆိုပါ ဆောင်းပါးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်စေခြင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်စေခြင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှု ဖြစ်အောင် သွေးထိုး လှုံ့ဆော်ရာ ရောက်စေခြင်းတို့ကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ခေါ်ယူ၍ အဆိုပါ ရေးသားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောဆိုမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ မြန်မာ သံအမတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ယင်းကိစ္စနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ပြောဆိုမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော ဒေသများတွင် နေထိုင်ကြသည့် ဘင်္ဂါလီ (မူရင်းအသုံး- ရိုဟင်ဂျာ) များသည် နှိပ်စက်ခံရမှု၊ ခွဲခြား ဆက်ဆံခံရမှု၊ နိုင်ငံသားဖြစ်ခွင့်၊ မဲပေးခွင့် ငြင်းပယ်ခံရမှု၊ ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိမှု စသည့် ပြဿနာများမှာ ဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ လူထုဆန္ဒ ခံယူကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်နယ်က ခွဲထုတ်၍ ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် စစ်တကောင်း ဒေသနှင့် ပူးပေါင်းရန် ဖြစ်ကြောင်း Dahaka Tribune သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် လက်ရှိ ဖြစ်ပွားနေသည့် ကရိုင်းမီးယား ဒေသကို လူထုဆန္ဒ ခံယူကာ ရုရှား နယ်နိမိတ်ထဲ ထည့်သွင်းသည့် ကိစ္စ အပါအဝင် နိုင်ငံနယ်နိမိတ် ခွဲထုတ်မှု အချို့ကို ဥပမာများ ပေးကာ စစ်တွေ၊ မောင်တော ဒေသများကို ရခိုင်ပြည်က ခွဲထုတ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းရေးသား ဖော်ပြထားသည်။

“ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း နိုင်ငံတကာ နယ်စပ်တွေမှာ ရှိတဲ့ အတိဒုက္ခ ရောက်နေတဲ့ သွေးသား တော်စပ်တဲ့ သူတွေအတွက်ကို ထူးထူးခြားခြား ထပ်ပြီး စဉ်းစားနေဖို့ မလိုပါဘူး။ သူတို့က ကရိုင်းမီးယားလိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားက လွတ်လပ်တဲ့ နိုင်ငံ ဖြစ်သင့်ပြီ။ ဒီအခွင့်အရေး ဆိုတာမျိုးကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အတင်းအကျပ် လုပ်ယူထားတာ မဟုတ်ဘူး။ နဂိုရှိပြီးသား သဘောမျိုးပါပဲ” ဟု ယင်းဆောင်းပါးတွင် ပါရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို အခြားတစ်နိုင်ငံက ဝင်ရောက် စွက်ဖက်၍ မရကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ဝင်ရောက် စွက်ဖက်ရာ ရောက်သည့် အဆိုပါ ရေးသား ဖော်ပြမှုကို ကန့်ကွက် ရှုတ်ချကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

“ရခိုင်ပြည်နယ်တွင် လူထုဆန္ဒ ခံယူမှု လုပ်ရန် လိုပြီလား” အမည်ရ အဆိုပါ ဆောင်းပါးကို Zeeshan Khan ဆိုသူက ရေးသားခဲ့ပြီး ယင်းရေးသားချက်ကို မတ်လ ၂၀ ရက်နေ့က Dahaka Tribune တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းသို့သော ရေးသားမှုမျိုးမှာ စာနယ်ဇင်း ကျင့်ဝတ်နှင့် မညီကြောင်း၊ လူမျိုးစု နှစ်စုအကြား ပဋိပက္ခ ဖြစ်စေသည့် ရေးသားမှုမျိုး ဖြစ်ကြောင်း ပြည်တွင်း သတင်းစာဆရာ အချို့က ထောက်ပြကြသည်။

The VOice
ရိုဟင်ဂျာအမည် ထည့်သွင်းရေး ဗြိတိန်သံအမတ် တိုက်တွန်းချက်ကို ငြင်းဆို
Saturday, March 22, 2014


မကြာခင်ပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့် အစီအစဉ်မှာ ရခိုင်ပြည်နယ်အတွင်း ကောက်ခံနိုင်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ မကြာသေးခင်က ဖျက်သိမ်းလိုက် ပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့နဲ့ မနေ့က စစ်တွေမြို့မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မကြာခင်ကောက်ခံမယ့် သန်ခေါင်စာရင်း ကောက်ခံရေး စီမံချက်မှာ လူမျိုးအမည်နဲ့ ပတ်သက်ပြီး လွတ်လွတ် လပ်လပ် ထည့်ခွင့်ပြုထားတဲ့ကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ အချက်ဖြစ်ကြောင်း သံအမတ်ကြီးဘက် က ထောက်ပြပြောဆိုမှုတွေရှိခဲ့ပေမဲ့ RNDP ပါတီဟောင်း ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေက ဒီအချက်ကို ငြင်းဆိုခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး တာဝန်ရှိသူတွေက RFA ကို ပြောဆိုပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အနေနဲ့ကတော့ မကြာခင်ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းရေးသားခွင့်မပြုဖို့ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့က သဘောထားကြေငြာချက် ထုတ်ပြန်ပြောဆိုထားသလို ရခိုင်အရေးကိစ္စဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ တစ်သမတ်တည်း တိုင်းတာပြောဆိုလို့မရကြောင်း သံအမတ်ကြီးတွေကို ပြန်လည်ပြောဆို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick ဟာ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာမှာ လုံခြုံရေးထားရှိမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။


RFA
သန်းခေါင်စာရင်း တွင် ရိုဟင်ဂျာထည့်သွင်းမည်ကို ကမန်ပါတီကန့်ကွက်

ကြာသပတေးနေ့၊ မတ်လ 20 ရက် 2014 ခုနှစ် နိရဉ္စရာ သတင်း - နိရဉ္စရာ သတင်းဌာန

မတ်လ ၃၀ ရက်နေ့မှ စတင်ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် မပါဝင်သော ဘင်္ဂလီလူမျိုးများအား ရိုဟင်ဂျာလူမျိုးအဖြစ် အမည်ထည့်သွင်းရန် တောင်းဆိုမှုကို ကမန်အမျိုးသားတိုးတက်ရေးပါတီက မတ်လ ၁၈ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာ နာမည်အား ထည့်သွင်းခြင်းသည် ဥပဒေအရ မကိုက်ညီသဖြင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ကမန်ပါတီ၏ ပြောခွင့်ရသူ ပြန်ကြားရေးမှူး ဦးသိန်းဖေက နိရဉ္စရာသို့ ပြောသည်။

ဦးသိန်းဖေက“ ရခိုင်ပြည်နယ် သမိုင်းကြောင်းအရရော၊ နိုင်ငံတော် သမ္မတပြောကြားချက်အရရော တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါဝင်တဲ့ ဘင်္ဂလီလူမျိုးများတွေကို ရိုဟင်ဂျာ လူမျိုးဆိုပြီး ထည့်သွင်းရင် ဒါဟာ ဥပဒေနဲ့ မကိုက်ညီဘူး။ ဒီအတွက် ကန့်ကွက်ရတာပါ” ဟု ဆိုသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၈ နေ့စွဲဖြင့် ထုတ်ပြန်သော ကမန်အမျိုးသား တိုးတက်ရေး ပါတီ (ဗဟို) ၏ ကျေညာချက် တွင် ရခိုင်ပြည်နယ် သမိုင်းကြောင်းအရလည်း၎င်း၊ နိုင်ငံတော် သမ္မတပြောကြားချက် အရလည်းကောင်း တိုင်းရင်းသား လူမျိုး (၁၃၅) မျိုးတွင် မပါဝင်သည့် ဘင်္ဂလီလူမျိုးများ၏ ရိုဟင်ဂျာ လူမျိုးဟု သန်းခေါင်စာရင်း တွင် ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ဖေါ်ပြသည်။

သူက“ ကျနော်တို့ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်တာဖြစ်ပါတယ်။ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် လုပ်သင့်တာကို လုပ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းပြင် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်နှင့်ရခိုင် ပဋိပက္ခအတွင်း  စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် သံတွဲမြို့နယ်များရှိ ဒေသခံ ကမန်တိုင်းရင်းသားများ၏ နေအိမ် တိုက်တာ အဆောက်အအုံနှင့် ဘာသာရေး အဆောက်အအုံများ တည်ဆောက်ပေးရေးကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

ယခု သန်းခေါင်စာရင်းကောက်ယူမူသည် နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး  မတ်လ ၃၀ ရက်နေ့နံနက်ပိုင်းစတင်ကာ ဧပြီလ (၁၀) ရက်နေ့ထိ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။