Friday, April 4, 2014

မဟာသန္တိသုခကျောင်းမှ ပီနန်ဆရာတော်ကြီးအား သမ္မတအမိန့်မပါဘဲ ဖယ်ရှား၍မရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြော



ဝိုင်းမော်
မြန်မာသံတော်ဆင့်


သံဃမဟာနာယက အဖွဲ့နှင့် အငြင်းပွားဖွယ်ရာ ဖြစ်ပွားနေသော မဟာသန္တိသုခကျောင်းတွင် သီတင်းသုံး နေသော ပီနန်ဆရာတော်ကြီးအား သမ္မတအမိန့်မပါဘဲ ဖယ်ရှား၍ မရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ တွဲဖက်ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ကိုညိုအုန်းမြင့်က ဧပြီ ၁ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မဟာသန္တိသုခ ကျောင်းနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီးက မြန်မာငြိမ်းချမ်းရေးစင်တာမှ တွဲဖက် ညွှန်ကြားရေး မှူး ကိုညိုအုန်းမြင့်အား ဆက်သွယ် မေးမြန်းရာ ကိုညိုအုန်းမြင့်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံသို့ ထပ်မံမေးမြန်းခဲ့ပြီး ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

““ပီနန်ဆရာတော်ကြီးနဲ့ ကျွန်တော်ကလည်း ဆရာရင်း ဒကာရင်းဖြစ်လို့ ဒီဘက်အစိုးရဘက်ကို လှမ်းမေး ပေးပါတယ်။ အစိုးရဘက်က ဘာမှ စိတ်မပူပါနဲ့။ ဆရာတော်ကြီးသာ သီတင်းသုံးပါ။ အစိုးရဘက်က ဆိုတာက ကျွန်တော်တို့ရဲ့ Myanmar Peace Center (မြန်မာငြိမ်းချမ်းရေးစင်တာ)ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပဲ မေးတာပါ”” ဟု ကိုညိုအုန်းမြင့်က ဆိုသည်။

သံဃမဟာနာယကအဖွဲ့က ပီနန်ဆရာတော်ကြီးတို့အား မတ် လ ၃ ရက် နောက်ဆုံးထားကာ မဟာသန္တိသုခ ကျောင်းမှ ထွက်ခွာပေးရန် မတ်လ ၆ ရက်နေ့က နိုင်ငံတော် သံဃမဟာနာယက စုံညီ အစည်းအဝေး ပြုလုပ်ခဲ့ကာ အမိန့်စာအမှတ် ၂၀/၉၀ ကြေညာချက် ထုတ်ထားသည်။

““ဆရာတော်ကြီး ဒီကျောင်းက ရွှေ့ပေးလိုက်ရပြီဆိုရင် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးရော၊ တရား မျှတမှုကြီးရော မေးခွန်းထုတ်စရာ ဖြစ်သွားပြီ။ အနာဂတ်မှာ မသေချာတော့ဘူး။ ဒီမဟာ သန္တိသုခ ကျောင်းတော်ကြီးကို ပီနန်ဆရာတော်ကြီးကို အမြန်ဆုံး ပြန်လွှဲပေးဖို့ နိုင်ငံတော် အစိုးရကို တောင်းဆိုမယ်။ မဟာသံဃနာယကအဖွဲ့ကိုလည်း မေတ္တာရပ်ခံထားတယ်””ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုမိုးသီးဇွန်က ပြောသည်။

မဟာသန္တိသုခကျောင်း၌ ပီနန်ဆရာတော် သီတင်းသုံးခြင်း မသုံးခြင်းသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ အမြင့်ဆုံးဖြစ်သော သံဃမဟာနာယက သည်သာ ဆုံးဖြတ်ရမည်ဖြစ်ပြီး လူပုဂ္ဂိုလ်များ ဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ကြောင်း သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

““လူတိုင်းက ပြောဆိုဝေဖန်ခွင့်၊ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ အဲဒီအတွက် သုံးသပ်တာ မလုပ်လိုပါဘူး။ သို့ရာတွင် ကျောင်းတော်ကြီးမှာ သီတင်းသုံးမယ့် ဆရာတော်ကိစ္စက ရတယ်။ မရပါဘူး။ တရားဝင်ပါတယ်။ မ၀င်ပါဘူးက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ရမယ့် ကိစ္စသာလျှင် ဖြစ်ပါတယ်။ အုပ်ချုပ်မှုပိုင်းနဲ့ မဆိုင်ပါဘူး””ဟုဦးထွန်းညွန့်က ဆိုသည်။

မဟာသန္တိသုခ ကျောင်းတော်ကြီးသည် နိုင်ငံတကာနှင့် မြန်မာပြည်မှ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီး စင်ကာပူ ပီနန်ဆရာတော်ကြီး ဦပညာဝံသသို့ လှူဒါန်းထားသော ကျောင်းတော်ကြီး ဖြစ်သဖြင့် ကျောင်းတော်ကြီးအား အဓမ္မသိမ်းပိုက်ခြင်းကို လုံးဝ လက်မခံကြောင်း မတ်လ ၂၁ရက် နေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းနှင့် မဟာသန္တိသုခကျောင်းမှ ဆရာတော်တို့ ဦးဆောင်ကာ ဆိုင်းဘုတ်တင်ခဲ့သည်။

ဒီနေ့ကာတွန်း

လှည်းကူးမြို့တွင်ခိုက်ရန်ဖြစ်ပွားမှုရုပ်သံ


လှည်းကူးမြို့တွင်ခိုက်ရန်ဖြစ်ပွားမှုမှတစ်ဆင့် လူစုလူဝေးဖြင့်ဆူပူမှုဖြစ်ပေါ်သောကြောင့်ပုဒ်မ(၁၈၈)ထုတ်ပြန်

သမ္မတနဲ့ကာချုပ် ဖွဲ့စည်းပုံပြင်ဆင်လိုခြင်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo : Demo KaungmaLay

RFA
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီရက်ပိုင်းအ တွင်း ပြောဆိုခဲ့တဲ့စကားတွေကို ထောက်ရှုရင် အဲဒီပုဂ္ဂိုလ် နှစ်ဦးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်းမရှိဘူးလို့ သုံးသပ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

"ဒီပြောဆိုတဲ့စကားတွေကြည့်ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ချင်ကြဘူးလို့ပဲ ဒီလိုပဲမြင်ရမှာပေါ့၊ အဲဒီစကားတွေက ပြင်ချင်တဲ့ပုံစံမှ မဖေါ်ပြတာ"

RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို လွှတ်တော်အဆင့်ဆင့် တင်ပြရမှာဖြစ်သလို သတင်းစာတွေကနေ ပြည်သူလူထုကို ထုတ်ပြန်အသိပေးပြီး အကြံဥာဏ်တွေရယူကာ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ကို အခုမူကြမ်းမှာ ထည့်သွင်းထားခြင်း မရှိတဲ့အတွက် ဝေဖန်နေကြတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ဒါဟာ အမြင်မှားယွင်းမှုဖြစ်ပါတယ် လို့ ဖြေကြားခဲ့ပါတယ်။

" ဒီအမျိုးသားပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ ဘာမှမပါဘူး၊ ဒီဟာက အမျိုးသားပညာရေး ဥပဒေပဲ၊ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်လို့ကတော့ နောက်အဆင့်မြင့် ပညာရေးဥပဒေတွေမှာ ပါလာမှာပဲ၊ သူ့နေရာကျမှ သူပါလာမှာ"

တဆက်တည်းမှာပဲ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ အပေါ်သဘောထား၊ လွှတ်တော်အမတ်တွေရဲ့ ခေါင်းပေါင်း ယဉ်ကျေးမှုနဲ့ ယူကရိန်းနိုင်ငံအရေးအခင်း ဆိုင်ရာ သဘောထားတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။


၂ဝဝ၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ရေနံချောင်းမြို့မှာ ဒီနေ့မနက် ဆန္ဒပြ


 RFA
မကွေးတိုင်း ရေနံချောင်းမြို့မှာ မြို့ခံပြည်သူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ပူးပေါင်းပြီး ၂ဝဝ၈ ခုနှစ်ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဒီနေ့မနက်ပြုလုပ်မယ်လို့ သိရပါတယ်။

ဒီဆန္ဒပြပွဲအတွက် သက်ဆိုင်ရာကနေ ခွင့်ပြု ချက်ရပြီးပြီလို့ ရေနံချောင်းမြို့သားတဦးဖြစ်တဲ့ ဦးသန်းထွဋ် က RFA ကို ပြောပါတယ်။

"အစီအစဉ်ကတော့ ၈ နာရီခွဲလောက် ကျွန်တော်တို့ လူစုပြီးတော့ မြိ့ပတ်မှာပေါ့နော် ခွင့်ပြုမိန့်ပေးတယ်ဗျ"

ပြီးခဲ့တဲ့သတင်းပတ်တွေက မကွေးတိုင်းအတွင်း မကွေး နဲ့ ပခုက္ကူမြို့တွေမှာ အခုလို အခြေခံဥပဒေ ပြင် ဆင်ရေးတောင်းဆို ဆန္ဒပြဖို့အတွက် ခွင့်ပြု ချက်လျှောက်ပေမယ့်မရခဲ့လို့ ဒေသခံတွေက အသိပေးအကြောင်းကြားစာနဲ့ပဲ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ရလို့ ပခုက္ကူမြို့မှာဆိုရင်တရားစွဲခံရမယ့် အခြေအနေတွေထိ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ရေနံချောင်းမြို့က ဆန္ဒပြပွဲအတွက် ခွင့်ပြုချက်ရတာ မကွေးတိုင်းမှာ ပထမဆုံးဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဦးဝင်းတင်၏ ကျန်းမာရေး အစိုးရ တာဝန်ယူလျက်ရှိ အထူးခြားဆုံး ဂုဏ်ပြုခံရခြင်းအဖြစ် သုံးသပ်

ယနေ. (၄-၄-၂၀၁၄ ) နေ့လည် ၁၂:၃၀
ဘဘဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ
***********************************************

ဘဘ၏ ကျန်းမာရေးအခြေအနေသည် ထူးထူးခြားခြား ပြန်လည်
ကောင်းမွန်လာပါပြီ။ သွေးဝမ်းသွားခြင်းသည်လည်းလုံးဝနည်းပါး
ရပ်တန့်သွားပြီးဖြစ်သည်။အသက်ရှူစက်အသုံးမပြုပဲ ကောင်းမွန်စွာ
ရှူနိုင်သောကြောင့် သွေးအားကောင်းစေရန်သွေးသွင်းပြီးပါက
ရင်ဂေါင်း/ရင်ဘတ် ပြွန် (chest tube) ကို အရှင်းဖြုတ်နိုင်မည်
ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
(ကိုဇော်မျိုးအောင်)



ရန်ကုန်၊ ဧပြီ ၃ ၊ မြန်မာသံတော်ဆင့် ဂျာနယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ၊ ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်း မာရေး စောင့်ရှောက် ကုသမှု အ၀၀ ကို ပြည်ထောင်စု အစိုးရ အဖွဲ့၊ ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ညွှန်ကြားချက်ဖြင့် မိသားစု ထံ ခွင့်ပန်ကာ အစိုးရစရိတ်ဖြင့် လက်ရှိ အထူးကြပ်မတ် ဆေးဝါးကုသရမှု အားလုံး ကို တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိကြောင်း ဆရာကြီးဟံသာဝတီ ဦးဝင်းတင် အား အနီးကပ် စောင့်ရှောက်နေသူများက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““သူတို့ လုပ်ပေးပါရစေဆိုပြီး ခွင့်တောင်းပြီး အခုကျန်းမာရေး ကုသမှုတွေ အကုန်လုံးကို ကျန်းမာရေး ၀န်ကြီး ဌာနက တာဝန်ယူထားတယ်။ အခု ဆေးရုံကြီးက ကုသမှုတွေ တင်မကဘူး အပြင်မှာ ဆေးဝါး ၀ယ်တာတောင်မှ သူတို့ပဲ အကုန်လုံး တာဝန်ယူထားတယ်”” ဟု ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး ကုသမှု တွင် အနီးကပ်ရှိနေသူ ဦးမောင်မောင်နိုင်က ပြောသည်။

နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာရေးသား ထုတ်ဖော် ပြောဆိုခွင့်များ အတွက် ဆောင်ရွက်ခဲ့ခြင်းကြောင့် နှစ်ရှည်နိုင်ငံရေး အကျဉ်းသား တစ်ဦးအဖြစ် ယခင်စစ်အာဏာရှင် အစိုးရက အကျဉ်းချထားမှု ခံခဲ့ရကာ အန္တရာယ်အရှိဆုံး အတိုက်အခံတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ယခုကဲ့သို့ (ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ယူဆချက်အရ) ““စစ်အာဏာရှင် အသွင်ပြောင်း အရပ်သားအစိုးရ””က ယခုကဲ့သို့ ဆရာကြီး၏ စိုးရိမ်ဖွယ် ကျန်းမာရေး အခြေအနေ ရောက်ရှိနေမှုကို အလေးထား တာဝန်ယူ ဆောင်ရွက်ပေးနေခြင်းသည် မြန်မာ့နိုင်ငံရေးသမိုင်း၌ အထူးခြား ဆုံးသော ဂုဏ်ပြု အသိအမှတ်ပြုခံရခြင်း တစ်ရပ်အဖြစ် ဆရာကြီးနှင့် နီးစပ်သူ အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိသည်။

ဦးဝင်းတင်၏ ကျန်းမာရေး စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ်နေစဉ် ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် သားဖြစ်သူလည်း ဆရာကြီး၏ ကျန်းမာရေး အခြေအနေ ကို စိုးရိမ်မှုကြောင့် ကုသစောင့်ရှောက်မှု အခြေအနေများကို မတ်လ ၂၈ ရက်တွင် လာရောက်တိုင်ပင် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း ဦးမောင်မောင်နိုင် က ပြောသည်။

Myanmartandawsint Newspaper မှ သတင်း ကောက်နုတ်ချက်

နောက်ဆုံးတော့ သမီးကလေးလွတ်မြောက်နယ်မြေရောက်ပြီ



********************************************
ဘုရားဖူးထွက်သွားတယ်ဆိုပြီး အသွင်သဏ္ဍာန်ပြောင်းခဲ့တဲ့သမီးလေးကျေးရွာသား
တွေကော့ကရိတ်မြိ.နယ်ရှိ DKBA ဗိုလ်မှူးချုပ်စောကျော်သက် ဌာနချုပ်တည်ရှိရာ
ကောင်းမှုကျေးရွာကိုအားလုံးရောက်ရှိကြပါပြီ။

ရေချိုး၊ထမင်းစား၊ အနားယူပြီးယခုညနေ ၄း၁၅ နာရီမှာ မြ၀တီသို့ ဆက်လက်
ထွက်ခွာလာပါပြီ၊မြ၀တီ ၈၈ငြိမ်းပွင့်၊မြ၀တီ NLD၊မြ၀တီပြည်သူတွေက၀မ်းသာ
အားရကြိုဆိုကြပါမယ်၊

သမီးလေးကျေးရွာသူ/သား ၁၀၀ ကျော် မြဝတီမြို့ သို့ ရောက်ရှိလာပြီး
ဖားခြောက်ကောင်ကျောင်းရှေ့တွင် ခေတ္တနားနေပြီး မြဝတီမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါက်ဆွဲကြော်၊ ရေသန့်၊ အချိုရည်နှင့်
မုန့်ခြောက်များ လှူဒါန်းပေးနေပါသည်။
Kyaw Swar Myint



သမီးကလေးလွတ်မြောက်နယ်မြေရောက်ပြီတဲ့...
သမီးလေးကမြန်မာလိုပဲပြောတတ်တာဆိုတော့
ကရင်တောမှာပျော်ပါ့မလား...မြန်မာတောကို
စိတ်နာသွားတာလားသမီးလေးရယ်...
နာမယ်ဆိုလဲနာလောက်တာပေါ့ကွယ်...
သမီးလေးလူဖြစ်ခါစကဒီမြေကြီးတွေကတန်ဖိုးမှ
မရှိတာ...အခုတန်ဖိုးတွေကတက်လာတော့
သမီးလေးကိုစာနာမှုမပေးကြတော့တာကိုး....
သမီးလေးရယ်...
သူတို့ကအုပ်ထိန်းသူလုပ်ချင်ကြတယ်...
မလုပ်တတ်ပဲနဲ့ကိုလုပ်ချင်တာ...
စီမံကိန်းပဲဖြစ်ဖြစ်၊ဒီမြေပေါ်မှာတခုခုလုပ်ရင်အကျိုး
အမြတ်ထွက်မှာပဲ။မြေပေါ်ကဖယ်ပေးလိုက်ရတဲ့
သမီးလေးကိုအကျိုးအမြတ်ထဲကနဲနဲဖြစ်ဖြစ်မျှဝေ
သင့်တာပေါ့၊သမီးလေးကတိုင်းရင်းသားစစ်စစ်
မြေပိုင်ခွင့်ရှိတယ်လေမဟုတ်လား....
လုပ်စားမရတဲ့ဖုန်းဆိုးမြေပြန်ပေးတော့သမီးလေး
ကဘယ်နေချင်ပါ့မလဲ.....
အခုတော့သမီးလေးရဲ့အနာဂတ်ဘယ်လိုရှိမှာပ...
မလုပ်တတ်ပဲအုပ်ထိန်းသူလုပ်ချင်ကြတဲ့သူတွေ
ရှက်တတ်ရင်( <_>)တွင်းထဲခေါင်းထိုးသေလို့
ရကြပါပြီ၊.....။ ရှက်ကြောပါခဲ့ရင်ပေါ့...။

ဒေါ် အောင် ဆန်း စု ကြည် ၏ ဂျာ မ ဏီ နှင့် ပြင် သစ် ခ ရီး စဉ်

လှည်းကူးမှာလူအုပ်စုနစ်ခု ရုန်းရင်းဆန်ခတ်ဖြစ်

Kamayut Media - BREAKING NEWS: (4/4/2014 - 7:35 PM)
လှည်းကူးမြို့ မိုးရေကာဖျင်ဆိုင်တွင် ဈေးဝယ်နှင့်ဆိုင်ရှင် စကားများရာက ကတ်ကြေးဖြင့် ဈေးဝယ်၏မျက်လုံးကိုထိုးမိခဲ့ပြီးနောက် တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသော လူအုပ်များ မြို့ပေါ်တွင် ညနေပိုင်း၌ စတင်စုဝေးနေကြဆဲ


 DVB
လှည်းကူးမှာ သာမန်ရန်ပွဲတခုကနေ အစပြုပြီး လူအုပ်စုနစ်ခု ရုန်းရင်းဆန်ခတ်ဖြစ် ရဲ ၄၀၀ လောက်လုံခြုံရေးယူပေးထား ။
 ဆိုင်တွေကို ခဲနဲ့ ပေါက်တာတွေ ရှိ ပီး အနည်းဆုံး ၃ ဦး ကိုဖမ်းဆီးထား။

မိချောင်းကန်သပိတ်စခန်းဆူးလေဘုရားလမ်းတစ်ပတ်ဆန္ဒပြ


ရန်ကုန်-ဧပြီ၎
မိချောင်းကန်မှတတိယအကြိမ်မြောက်သပိတ်စခန်းဖွင့်ထားသောပြည်သူများမှ၎င်းတို့ မြေပြန်လည်ရရှိရေးအတွက်ဆန္ဒပြပွဲကို ယနေ့ ညနေ ၅း၃၀ ခန့် က ၄င်းတို့ ၏သပိတ်စခန်းရှိရာမဟာဗန္ဓုလပန်းခြံလမ်းမှစတင်၍ဘားလမ်း၊ဆူးလေဘုရားလမ်းတို့ တွင်တစ်ပတ်ပတ်ကာလှည့်လည်ဆန္ဒပြခဲ့ကြသည်။
Popular Myanmar News Journal


" လိုင်စင်ရ လက်ကိုင်ဒုတ်များ "
************************
ညဥ့်နက်လာသည်နှင့်အမျှ ရန်ကုန်မြို့သည် တဖြည်းဖြည်း ငြိမ်သက် လာသည်။ တစ်ချက်တစ်ချက်ဖြတ်သွားသော ကားသံတို့မှအပ တိတ်ဆိတ်မှုတို့ အတော်အတန် လွှမ်းခြုံနေသော အခြေအနေဖြစ်သည်။

သို့ရာတွင် ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးတွင်တော့ လူတချို့ ဟိုတစ်စသည်တစ်စ။ ည ၂ နာရီထိုးတော့မည်။ သို့ရာတွင် မ ဟာ ဗန္ဓုလပန်းခြံဘေး မိကျောင်းကန်သပိတ်စခန်းနှင့် မနီးမဝေး တွင်မူ ဘော လုံးကစားနေသူတချို့လည်း ရှိနေ သေးသည်။ ပုံမှန်ဆိုလျှင် မရှိတတ်။

”ည ၂ နာရီလောက်ကြီး လူအယောက်တစ်ရာ လောက်ရှိ တယ်။ ဘောလုံးကန်နေတာ။ ပြီးတော့ ကားတွေဝင်လိုက်ထွက်လိုက်နဲ့ ဆိုတော့ စိတ်ထဲထင့်နေတာ။ သူတို့က အုပ်စုနဲ့တစ်ခါတည်း မဟုတ်ဘူး။ ဟိုနည်းနည်း ဒီနည်းနည်းပတ်ပတ်လည်ကလူတွေ အားလုံးစုပြီးတော့မှ ဝိုင်းဖြိုခွဲကြတာပါ”ဟု မနေနွယ်သန်းက ပြောသည်။မတ်လ ၂၉ ရက်နေ့ ညက သူမတို့ မိကျောင်းကန်သပိတ်စခန်းကို လာရောက်ဖြိုခွဲ မှု ကို ပြန်ပြောပြနေခြင်းဖြစ်သည်။

စစ်တပ်အပိုင်ဟု ဆိုပြီး ပြန်မပေး နိုင်ဟုယတိပြတ်ပြော ထားေ သ်ာငြား ဤမြေသည် သူတို့မြေဖြစ်သည်။ ရသင့်သည်ကို မရအရယူဖို့ သူတို့ ရန်ကုန်မြို့လယ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုနေ ခြင်းဖြစ်သည်။

”သင်္ဃန်းကျွန်းလိုနေရာမျိုးမှာ စစ်တပ်က ကတုတ်ကျင်းတူးရမှာမို့ ကျွန်တော် တို့မြေကိုသိမ်းတာလား”ဟု သပိတ်စခန်းဦးဆောင်သူ ဦးစိန်သန်း ကပြောသည်။မတ်လ ၂၉ ရက် ညတွင်သာမက မတ်လ ၃ဝ ရက်နေ့ည တွင်ပါသပိတ်စခန်းဖြိုခွဲရန်အာဏာပိုင်တို့ ထပ်မံလာရောက်ခဲ့သည်။

”အစ်မတို့ပစ္စည်းတွေကို ယူသွားတယ်။ အစ်မတို့က ပြန်ပြီးလိုက်ဆွဲတော့ လမ်းမမှာတရွတ်တိုက်ဆွဲ ကြပြီးတော့ ဝါးလုံးတွေနဲ့ ခုခံသလိုနဲ့ရိုက်တာ။ အစ်မ အပါအဝင် ၉ ယောက်ဒဏ်ရာရတယ်”ဟု မခင်မေရီက ပြောသည်။ မတ်လ ၂၉ ရက်နေ့တွင် လာရောက်သတိပေးသောလူအုပ်မှာ ယူနီဖောင်းဝတ်အယောက် ၂ဝ ခန့် နှင့် အရပ်ဝတ် ၃ဝဝ နီးပါး ခန့်ရှိကြောင်းနှင့် မတ်လ ၃ဝ ရက်နေ့ည လာရောက်ဖြိုခွင်းရာတွင် ယူနီဖောင်းဝတ် အယောက် ၂ဝဝ ခန့်နှင့် အရပ်ဝတ် ၃ဝဝ ခန့် ရှိကြောင်း မနေနွယ် သန်း ထံမှသိရသည်။

”မြို့ထဲမှာ မြို့လယ်ကောင်မှာဆိုတော့ ဒီလိုကြီးဝင်ပြီး ကြမ်းကြမ်း တမ်းတမ်းလုပ်လိမ့်မယ်လို့ မထင်ထားဘူး” ဟု မတ်လ ၃ဝ ရက်နေ့ည သပိတ်စခန်း ဖြိုခွင်းခံရပြီး လက်ကျိုး သည်အထိ ဒဏ်ရာရခဲ့သော မခင်မေရီက ပြောသည်။ ဒီမိုကရေစီအလေ့အကျင့်နှင့် ရာစုနှစ်ဝက်မက ကင်းကွာခဲ့ရသော မြန်မာပြည်သူတို့အတွက် မကျေ မနပ်မှုများကို ဖွင့်အံခွင့်ရလာသော ရွေးကောက်ခံ အစိုးရလက် ထက်သည် ရွှေ သဖွယ်တန်ဖိုးရှိပါသည်။

ဘိုးဘေးအမွေအနှစ်ကို လက်လွတ်ခဲ့ရသော လက်ဗလာလူတန်းစား၊ ရသင့်သည့်အခွင့်အရေး၏ထက်ဝက်ခန့်ကိုပင် မရနိုင်သေးသော ကျောမွဲ လူတန်း စားတို့၏ အော် ဟစ်ညည်းညူသံတို့က လမ်းမများထက်သို့ စာမျက်နှာများထက်သို့ လွင့်ပျံလာကြသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရ တက်လာသည်။ သို့ရာတွင် ၂ဝ၁၂ ကြားဖြတ်မတိုင် မီကာလက ဘာမှန်းမသေချာသောကာလ။ သို့ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုများက အားလုံးရင်ထဲက အငုံ့စိတ်တို့ကို ဖယ်ရှားပေးခဲ့သည်။

ထို့ကြောင့်ပင် ၂ဝ၁၂နှစ်လယ်ပိုင်းမှစကာ ဆန္ဒပြုမှုများက နေရာအနှံ့ အကြောင်းအရာမျိုးစုံ အရောင်အသွေးမျိုးစုံ။ သူတို့အတွက်တူညီသော တစ်စုတည်းသော တရားမှာ မတရားအပြုကျင့်ခံခဲ့ရခြင်း ပင် ဖြစ် သည်။ မြန်မာသည် ယခုအခါကမ္ဘာ့အလယ်တွင် အပျိုစင်လေးသဖွယ် ကြွားကြွားဝင့်ဝင့် ဒီမိုကရေစီစနစ်သို့ လမ်းကြောင်းမှန်မှန်ဖြင့် ချီတက်နေသောနိုင်ငံဟု မည်မျှပင်ဆိုသော်လည်း ရှေ့ ကဖုံး၍ နောက် ကပေါ် နေသောအဖြစ်တို့ကြောင့် မြန်မာသည်ထင်သလောက် မျက်နှာပန်းမလှ။

အနှစ်နှစ်အလလက မျိုသိပ်ထားရသော မကျေနပ်မှုများကို ဖော်ထုတ်ရာတွင် အစိုးရကအသာစီးရယူထားသော ငြိမ်းချမ်းစွာစီတန်းစုဝေးခွင့်ဥပဒေ ပုဒ်မ ၁၈ ကို ဆန္ဒပြသူ တို့က လိုက်နာရသည်။ပြည်သူတို့ကို သွေးစုပ်ခဲ့သော ပုဂ္ဂိုလ် တို့ကပင် အစိုးရအဖွဲ့နှင့်လွှတ်တော်တွင် ခေါင်းပေါင်းအခန့်သားနှင့် ထိုင်နေရသေးသော အချိန်အခါပင်ဖြစ်ရာ ဤကဲ့သို့သော ဆန္ဒပြမှုကစားပွဲက တစ်ဖက်သတ်ဆန်လှသည်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုဖြင့်တရားစွဲခံရသည်။ ခွင့်ပြုချက်မပေးသော သပိတ်စခန်းတို့ကို အာဏာပိုင်တို့က အကြမ်းဖက်ဖြိုခွင်းကြသည်။

ကမ္ဘာသိဖြစ်ခဲ့ရသော လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွဲခံရမှုသည် ယခုအခါ တစ်နှစ်ကျော်လာပြီဖြစ်သည်။ တရုတ်ကုမ္ပဏီတို့၏ အကျိုးစီးပွား နှင့် ပတ်သက်လာလျှင် အာဏာပိုင်တို့ မည်သို့ တုံ့ပြန်တတ်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ရသော ဖြစ် ရပ်ကိုအစပြုခြင်းလည်းဖြစ်သည်။ ဒီမိုကရေစီအစိုးရဟုဆိုသော ဦးသိန်းစိန်အစိုးရ လက် ထက် ပထမဆုံး ပြည်သူများအပေါ် အကြမ်းဖက်မှုလည်း ဖြစ်သည်။

ထို့နောက်တွင်တော့ ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းမှုတို့က လက်ပံတောင်းတောင်အရေးထက် မပြင်းထန်သော် လည်း ပျောက်ကွယ်သွားခြင်း မရှိသေး။ ထို့ထက်ဆိုး သည်က ယခင့် ယခင်က သုံးနေကျ နည်းလမ်းဟောင်းကြီး ကို ပြန်အသုံးပြုလာနေခြင်း ပင်ဖြစ်သည်။ လူ့အဖွဲ့အစည်းအကြား မတူကွဲပြားသောခံယူ ချက်ရှိသည့်လူနှစ်စု၏ ပဋိပက္ခသဖွယ်ဖန်တီး၍ အမြတ်ထုတ်ရန် ကြံစည်မှုများက နေရာဒေသအနှံ့တွင် ရေးရေးမျှ တွေ့နေရသည်။

စွမ်းအားရှင်ဆိုသော စကားရပ်သည် ၂ဝဝ၇ သံဃာ့အရေး အခင်း အပြီးတွင် ပြည်သူတို့ကြား ရွံရှာဖွယ်စကားလုံးအဖြစ် ပျံ့နှံ့လာခဲ့သည်။ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည်။ သံဃာတော်များနှင့် ပြည် သူလူထုတို့ကိုနှိမ်နင်းရန်အတွက် အစိုးရက ဖန်တီးလာသော လူတစ်စုသည် ထိုကာလတွင် မည်မျှ လက်စောင်းထက်ခဲ့ သည် ကိုလည်း သိထားပြီးဖြစ်ပါသည်။

ထိုသို့သော အစိုးရယန္တရား၏ ခွေးသွားစိတ်ငယ်များသည် စစ် အာဏာရှင်လက်ထက်တွင် မထူးဆန်းလှပါ။ ဂျာမနီအာဏာရှင် အဒေါ့ဟစ်တလာက ရှပ် ညိုဆိုသောအထူး တပ်ဖွဲ့ကို အသုံးချပြီး စွမ်းအားရှင်ကို မြန်မာစစ်အာဏာရှင်အစိုးရ၏ ရှပ်ညိုဟု တင်စားသူတို့ပင် ရှိခဲ့ပါသည်။

သို့သော် ယခုမြန်မာသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိသောနိုင်ငံ၊ ရွေးကောက် ခံဟုဆိုသော လွှတ်တော်ရှိသော နိုင်ငံ၊ ဒီမိုကရက်တစ်အစိုးရဟု ဆိုသော နိုင်ငံ ဦးဆောင်ဖို့ ရှိသော နိုင်ငံ၊ သို့နှင့်တိုင် … ယခင်ခေတ်က နာမည်ကြီးခဲ့သည့် စွမ်းအားရှင်ကဲ့သို့ အစိုးရလက်ကိုင်တုတ်တို့က ငြိမ်နေရာမှ ပြန်လည်ပေါ် ထွက်လာခြင်းကို ရန်ကုန်မြို့ မိကျောင်းကန် သပိတ်စခန်း ပထမဆုံးအကြိမ် ဖြိုခွင်းခဲ့သောညက သက်သေပြ လျက်ရှိပါသည်။

ထို့နောက်တွင်တော့ အနယ်နယ်အရပ်ရပ်တွင် ဆန္ဒပြသမားများနှင့် အစိုးရအာဏာပိုင်များ မဟုတ်သော သူတို့ကြား ထိပ်တိုက်တွေ့မှုတို့က ကြိုကြားကြို ကြား အခြေ အနေမှပိုမိုများပြားလာခဲ့သည်။ လူသူထူထပ်သော အရပ်ဒေသတို့၌ပင် ထိုလက်ပါးစေတို့ လက်စောင်းထက်ခွင့်ရနေကြပါသည်။ မပြေလည်နိုင်သေးသော မိကျောင်း ကန် အရေး အတွက် ရန်ကုန်မြို့လယ်ကောင် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးတွင် သပိတ်စခန်းများဖွင့်ထား သူတို့ကို နှစ်ညဆက်တိုက် လာရောက်ဖြိုခွင်း မှုတို့ တွင် ယခင့်ယခင်က လက်စောင်းထက်ခဲ့သော အာဏာပိုင်လက်ပါးစေတို့ ပါဝင်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတို့က ဆိုပါသည်။

”အစ်မတို့ မိချောင်းကန်မှာ ဖြိုခွင်းခံရတုန်းက ဒီ့ထက်ဆိုးတယ်။ တပ်စည်ပင်ဆိုပြီးလာတာ။ အဲဒီတုန်းက အစ်မတို့ဖြိုခွင်းခံရတာထဲမှာ ဒဏ်ရာရတာက ၁ဝ ယောက်ရှိ တယ်”ဟု မနေနွယ်သန်းကဆိုသည်။ မိကျောင်းကန်၏ ဒုတိယသပိတ်တွင် မြစာရံအေးစေတီ ဘုရားဝင်းတွင် တပ်စည်ပင်များအပြင်အရပ်ဝတ်အင်္ကျီ အပေါ်ဝတ်ကုတ် အ င်္ကျီဝတ်ပြီး အရက်မူးနေဟန် ပေါက်သောလူများက တုတ်တွေကို ကိုင် ဆောင်ပြီး ရိုက်နှက်ခြင်းများလည်းခံခဲ့ရကြောင်း မနေနွယ်သန်းက ပြောသည်။

၂ဝ၁၃ ဒီဇင်ဘာအစောပိုင်းက ဖြစ်ပွားခဲ့သော အငြင်းပွားမြေနေရာရှိ ဝင်၊ ထွက်ပေါက်လေးပေါက်ကို တပ်စည်ပင်တံဆိပ်ပါ ဝတ်စကုပ်အင်္ကျီများ ဝတ်ဆင် ထားသောအဖွဲ့ လာရောက်ကာ ရှစ်ပေအမြင့်ခန့်ရှိ သော သွပ်ပြားများဖြင့် ပိတ်ရာဆန္ဒပြပြည်သူများက မပိတ်ရန်တားမြစ်ရာမှ စတင်ရုန်းရင်းဆန်ခတ် ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် သက်သေတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်တွင်အစပြု၍ ယူနီဖောင်းဝတ်မဟုတ်သော လူတို့ဆန္ဒပြ သမားများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ အဖြစ်များလာခဲ့သည်။ မတရားလုပ်ထားခဲ့သော သူတို့ကို ကာ ကွယ် ရန်အတွက် တရားသောနည်းလမ်းများကို အသုံးပြု၍ မရသောအခါ ယခင်နည်း လမ်းဟောင်းတို့ကို ပြန်အသုံးပြုလာဟန်ရှိသည်ဟု ယူဆရသည်။

” သူတို့က ဘာကောင်တွေလဲ။ စစ်တပ်ကလား၊ ရဲလား၊ စည်ပင်လား၊
ဘာကြောင့်သူတို့မှာ ဒီလိုလုပ်ဖို့အခွင့်ရှိနေတာလဲ ”

ဟု မြေသိမ်းခံလယ်သမားများအ ရေးလှုပ်ရှားသူ ဦးဝင်းချိုက မေးခွန်းထုတ်လိုက်သည်။

ဒီမိုကရေစီခေတ်တွင်ဖြစ်သောကြောင့် မေးခွန်းတွေများပါလိမ့်မည်။ သို့ရာတွင် အရေခြုံဒီမိုကရေစီဖြစ်ပါက အဖြေ မရနိုင်ပါ။ အဖြေ မှန် မရနိုင်ပါ။ ပြည်သူတို့ကြားတွင် မေးခွန်းများ ပလူပျံနေပါသည်။

”သူတို့က ဘယ်သူတွေလဲ”

ကျော်ရဲလင်း ၊ ဇေဝေယံ
http://www.popularmyanmar.com/

NLD ပညာရေးကွန်ရက် ၃နှစ်ပြည့် ရန်ပုံငွေဂီတပွဲတော် ကျင်းပ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၃)နှစ်ပြည့် ရန်ပုံငွေ ဂီတပွဲတော်ကို ရန်ကုန်မြို့ MCC ခန်းမမှာ ဧပြီ ၄ရက် ညနေပိုင်းက ကျင်းပပြုလုပ်နေပုံ မြင်ကွင်း။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း၊ ကောင်းထက်ကျော် (DVB)

အင်္ကျီအပြာ ဝတ် တဲ့ ခေါင်းမာ တဲ့အဖိုးကြီး



ဘဘ ဦးဝင်းတင် သတိပြန်လည်ပြီး စကားပြောပြီ
************************************
ပြောသည့်စကားက "ရေ" ; ပြီးတော့ အင်္ကျီ ကို ဆွဲခ္ဈတ်လို့ ဘာဖြစ်လို့ လဲမေးတော့ "အိုက်တယ်"။ အသံကတော့ ခပ်အက်အက် တိုးတိုးပဲ။
( ကိုဇော်မျိုးအောင် )



ဘဘ ကဖီးနစ်ဌက် တစ် ကောင်
တစ် ကိုယ် လုံး
လောင် ကျွမ်းတောင်
ပြာပုံ ထဲက နေ
အသစ်တစ် ဖန်
ပြန် လည် မွေးဖွားတယ်
I can do တဲ
တုံးကျော် ခဲ့ပြီ ဘဘ
စု ရဲ့သားတစ် ရာ မြေးတစ်ဖြာကို
ဘိုးဘိုးကြီးလို
စောင့် ရှောက် ရ ဦးမယ်
ကူညီရ ဦးမယ်
လမ်းပြ ရဦးမယ်
က လောင် တံနဲ့
အာဏာရှင် တွေလည်မျိုကို
ထိုးရဦးမယ်
သေ မင်းက
သေ ရ မှာကြောက်သူ တွေကိုသာ
အကြိမ် ကြိမ်
သေ စေနိုင် တယ်
အင်္ကျီအပြာ ဝတ် တဲ့
ခေါင်းမာ တဲ့အဖိုးကြီးကိုတော့့ လက်လျော့  ရှာပြီ
ကြွေး ကြော်ပါ ဘဘ
အာဏာ ရှင် လက် သစ် တွေကြားအောင်
ငါ မ သေ ဘူး
ရေကူးတတ် တယ် လို့ ....။ ။

(ဘဘ ဦးဝင်းတင် သို )့

ခေါင်းမာတဲ့အဘိုးကြီးကို ချစ်တဲ့
ပိုပြည့်သူ