Saturday, April 12, 2014

အမြန်ယာဉ် ဘတ်စ်ကားများပေါ်မှ အရေးပေါ်ထွက်ပေါက်များ (Emergency Exits)




မနေ့က မြန်မာပြည်က express bus မီးလောင်မှုနဲ့ ပတ်သတ်ပြီးဖတ်လိုက်ရပါတယ်။ ရှေ့က ကားလေးကို ၀င်တိုက်မိပြီး မီးလောင်ရာမှာ နောက်က ကားကြီးထဲက ခရီးသည်တချို့ဟာ အချိန်မှီမထွက်နိုင်တာကြောင့် သေဆုံးရတယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အရေးကြုံလာလျှင် အသုံးချနိုင်အောင် ဘတ်စ်ကားကြီးပေါ်မှ အရေးပေါ်ထွက်ပေါက် Emergency Exit များအကြောင်းကို သတိပေးရေးသားလိုက်ပါတယ်။

မြန်မာပြည်က ဘတ်စ်ကားကြီးအများစုဟာ နိုင်ငံခြားကပဲ တင်သွင်းတာကြောင့် ဒီလို မပါမဖြစ်ပါရတဲ့ အရေးပေါ်ထွက်ပေါက်တွေပါမယ်လို့ ယုံကြည်ရပါတယ်။ ကိုရီးယား၊ ဥရောပ၊ ဂျပန်၊ အမေရိကန် ထုတ် ဘတ်စ်တွေမှာ ဒီ ထွက်ပေါက်တွေ ထည့်သွင်းထားဖို့ ဥပဒေရှိပါတယ်။

အရေးပေါ်ထွက်ပေါက် ၃ မျိုးရှိပါတယ်။

၁။ မှန်ပြတင်းပေါက်ထွက်ပေါက်။ များသောအားဖြင့် ၂ ပေါက် ခန့်ပါဝင်ပါတယ်။ ထည့်သွင်းထားတဲ့ ပုံစံကတော့ ပုံမှာပြထားတဲ့ အတိုင်း ပြတင်းပေါက် ဘောင်ကို အသေတပ်မထားပဲ လက်ကိုင်တစ်ခု ဒါမှ မဟုတ် နှစ်ခုကို ဆွဲလိုက်ရင် အပြင်ကို ဖွင့်လို့ရအောင် လုပ်ထားတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရှေ့ ဘယ်ညာ နှစ်ပေါက်၊ အနောက် ဘယ်ညာ နှစ်ပေါက် ပါလေ့ရှိပါတယ်။ ဒီထွက်ပေါက်အမျိုးအစားဟာ မြို့တွင်းသွား ခရီးသည်တင် ဘတ်စ်ကားတွေမှာ ပါလေ့ရှိပါတယ်။ အလတ်စား ခရီးဝေးသွား ဘတ်စ်ကားတွေမှာပါလေ့ရှိပါတယ်။

၂။ ဒုတိယ အမျိုးအစားကတော့ နောက်ဖက်မှာ အရေးပေါ်ထွက်ပေါက် အသေးတစ်ခုကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ လက်ကိုင်ကို လှည့်ပြီး ဖွင့်လိုက်ရင် အရှေ့ဘက်က ထွက်ပေါက်လိုပဲ တခါးကို ဖွင့်လို့ရသွားပါတယ်။ အရှေ့က လူတက်တဲ့ တံခါးဟာလဲ အဲ့ဒီလိုပဲ စက်ခလုပ်နဲ့ ဖွင့်မှ မဟုတ်ပဲ လက်နဲ့ ဖွင့်လို့ရအောင် လုပ်ထားပါတယ်။ ဒီအမျိုးအစားဟာ ခရီးဝေးသွား Coach Bus လို့ခေါ်တဲ့ နှစ်ထပ်ကားကြီးတွေမှာ ပါလေ့ရှိပါတယ်။

၃။ တတိယ ထွက်ပေါက်ကတော့ ကားတိုင်းမှာ မပါမဖြစ် ဖြစ်ပါတယ်။ ခေါင်မိုးပေါ်က ထွက်ပေါက်ဖြစ်ပါတယ်။ အဆင်မသင့်လို့ ကားတုန်းလုံးလဲရင် ဖွင့်ထွက်ဖို့ အဆင်ပြေပါတယ်။ ဒီအတိုင်းလဲ ကား ကားခေါင်မိုးပေါ်ထွက်ပြီး လွတ်နိုင်ပါတယ်။ ဖွင့်ရတဲ့ပုံစံအများစုကတော့ အတွင်းကိုဆွဲဖွင့်ရတဲ့ လက်ကိုင် ဒါမှမဟုတ်လှည့်ဖွင့်ရတဲ့ လက်ကိုင်တွေဖြစ်ပါတယ်။

မြန်မာပြည်မှာ လူအများဟာ ခရီးသည်တင် ဘတ်စ်ကားကြီးများကို အားထားလာတဲ့အတွက် ဒီအချက်လေးကို လူတိုင်း သိသင့်သလို၊ ယဉ်လိုင်းများကလဲ ကားပေါ်မတက်မှီမှာ ခရီးသည်များကို ကြိုတင် ပြသထားသင့်ပါတယ်။ ဒီ လုံခြုံရေးပတ်သတ်တဲ့ အချက်တွေကို လဲ စတစ်ကာလေး ရိုက်ပြီး ထိုင်ခုံတိုင်းမှာကပ်ထားသင့်ပါတယ်။ စစ်ဆေးရေးအဖွဲ့တွေကလဲ ဒါမျိုးတွေကို အဓိကထား စစ်ဆေးသင့်ပါတယ်။ ခရီးသည်များအနေနဲ့လဲ အသက်ကို ဥာဏ်စောင့်ဆိုသလို ခရီးရှည်သွားမည့် ကားပေါ် ကြိုရောက်ထားပြီး လေ့လာထားသင့်ပါတယ်။

ဘေးကင်းကြပါစေ။
Aron Mg

တောင်ပြာတန်း ဘတ်စ်ကားယာဉ်မောင်းထွက်ပြေးတိမ်းရှောင်နေ



RFA Burmese

နေပြည်တော်အမြန်လမ်း ယာဉ်တိုက်မှု ၁၂ ဦး သေဆုံး

ဒီနေ့ မနက် ၂ နာရီလောက်က နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၆ အနီးမှာ ရန်ကုန်-တောင်ကြီး ပြေးဆွဲတဲ့ တောင်ပြာတန်း ဘတ်စ်ကားကြီးတစ်စီးက ဆလွန်းကားတစ်စီးကို တိုက်မိရာကနေ ကားနှစ်စီးစလုံး မီးလောင်ခဲ့ပြီး ခရီးသည် ၁၂ ဦး သေဆုံးခဲ့ပါတယ်။

စက်ချို့ယွင်းမှုကြောင့် တခြားကားတစ်စီးက ဆွဲသွားနေတဲ့ ဆလွန်းကားကို အရှိန်နဲ့မောင်းနှင်ခဲ့တဲ့ တောင်တန်းပြာ ဘတ်စ်ကားကြီးက ၀င်တိုက်မိရာက မီးလောင်ကျွမ်းပြီး သေဆုံးသူတွေ ရှိခဲ့တာဖြစ်ကြောင်း နေပြည်တော် အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

"စက်ချို့ယွင်းတဲ့ ဆလွန်းကားလေးကို လိုက်ထရပ်ယဉ်လေးနဲ့ ညာဘက်ကျော ပုံမှန်လမ်းကြောင်းကနေ မှန်မှန်လေး နှစ်စီးဆွဲပြီးသွားတာပါ၊ နောက်က တောင်ပြာတန်း တောင်ကြီး-ရန်ကုန် အထူးကားကြီးက အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ပြီးတော့ ကြိတ်ပြီးတော့ တောက်လျှောက်တွဲပြီး ပါသွားတာပေါ့လေ၊ ကားလေးက ကားကြီးရဲ့ ဘီးအောက်မှာဝင်သွားပြီးတော့ ဒရွတ်တိုက်ပါသွားတဲ့အခါမှာ အဲဒီကားရဲ့ ဆီတိုင်ကီတွေ ဘာတွေနဲ့ မီးထလောင်ပြီးတော့ နှစ်စီးထပ်နေတာဖြစ်တဲ့အတွက် အပေါ်က ကားကြီးပါထပ်လောင်ပြီးတော့ ကားတွေပျက်စီးတယ်၊ လူတွေဆုံးရှုံးဒဏ်ရာရတယ်လို့ ကျနော်တို့ သုံးသပ်ရပါတယ်"

ဒဏ်ရာရသူ လေးဦးကို ဖြူးမြို့ဆေးရုံမှာ တင်ပို့ပေးထားပြီး အဲဒီထဲက ဒဏ်ရာပြင်းထန်သူတွေကို တောင်ငူဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ပြာတန်းဘတ်စ်ကားပေါ်မှာ ခရီးသည် ၄၄ ဦးပါရှိခဲ့ပြီး အဲဒီအထဲက ၆ ဦး သေဆုံးခဲ့သလို ဆလွန်းကားပေါ်မှာရှိခဲ့တဲ့ ၆ ဦးစလုံး သေဆုံးခဲ့တာပါ။ တောင်ပြာတန်း ဘတ်စ်ကားယာဉ်မောင်းဟာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က အရေးယူဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

ဒီနေ့ကာတွန်း

အမြန်လမ်း ၁၁၆မိုင် ယာဉ်မီးလောင်မှုမှာ ခလေးတစ်ဦး အပါအ၀င် လူ (၁၂)ဦး သေဆုံး


DVB TV News

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီ ၁၀ မိနစ်အချိန်လောက်က ခရီးသည်တင်ယာဉ်တစ်စီးနဲ့ အိမ်စီးကားတစ်စီးတို့ တိုက်မိရာက မော်တော်ယာဉ် ၂ စီးလုံး မီးလောင်ကျွမ်းပြီး လူ ၁၂ ဦး သေဆုံးသွားပါတယ်။

ဖြစ်စဉ်မှာ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်တင်ကား ၅ဃ/ ၈၂၅၆ နဲ့ Cheaser Toyota အိမ်စီးကား 9A-9302 တို့ဟာ ပဲခူးတိုင်းအတွင်း မိုင်တိုင်အမှတ် ၁၁၆/၂ နဲ့ ၁၁၆/၃ တို့အကြားမှာ ချိတ်မိရာက ခရီးသည်တင်ကားကြီးအောက် အိမ်စီးကား ရောက်သွားပြီး ကား ၂ စီးလုံး မီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။

တောင်ပြာတန်းကားပေါ်ပါသူ ခရီးသည်တင် အယောက် ၄၀ထဲက ၆ ယောက်နဲ့ အိမ်စီးကားပေါ်ပါသူ ကလေးတဦးအပါအ၀င် ၆ ယောက် (ကျား၂၊ မ ၃) စုစုပေါင်း (၁၂) ယောက် သေဆုံးသွားကြတာပါ။ တောင်ပြာတန်း ခရီးသည်တင်ကားပေါ်က ထိခိုက်ဒဏ်ရာရသူ ၄ ဦး ဖြစ်တဲ့ မသန်းသန်းဝင်း၊ မခင်စန်းဝေ၊ ကိုအောင်မင်းသိန်းနဲ့ ဦးသက်လှိုင်ထွန်းတို့ကို ဖြူးးပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။

Video: iCJ - Audio: muted

မြန်မာနိုင်ငံ ဒီမိုကရေစီမရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား



RFA (12-4-2014)
ပြုပြင်ပြောင်းလဲတာကို နိုင်ငံတကာက ကြိုဆိုကြပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘူးလို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတိပေးလိုက်ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ Willy Brandt လူ့အခွင့်အရေးဆု လက်ခံတဲ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောကြား လိုက်တာပါ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနည်းလမ်း ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အရင်ကစစ်ဘက်အုပ်ချုပ်သူတွေရဲ့ ပုံသေအတွေးအခေါ်တွေ ပြောင်းလဲဖို့ လိုအပ်နေ တုန်းပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ကျွန်မတို့ အစိုးရအဖွဲ့ဝင်အတော်များများဟာ အရင်အစိုးရလက်ထက်က အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ အဝတ်လေးလဲရုံနဲ့၊ ဆိုလိုတာက စစ်ဝတ်စုံကို အရပ်အဝတ်အစားပြောင်းပြီး လဲဝတ်လိုက်တဲ့အတွက် အသားကျနေတဲ့ အတွေးအခေါ် အလိုအလျောက်ပြောင်းလဲသွားတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး လို့ ပြောသွားတာပါ။ မြန်မာအစိုးရကို ကမ္ဘာက စောင့်ကြည့်ပြီး မေးခွန်းထုတ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

အစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ပြည်ထောင်စုကို ရှေးရှုသွားချင်တာလား၊ ဒါမှမဟုတ် ဒီမိုကရေစီ အယောင်ဆောင်ပြီး အာဏာရှင်နိုင်ငံတစ်နိုင်ငံကို သွားချင်သလားလို့ မေးခွန်းထုတ်ဖို့ တိုက်တွန်းတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်ကို အထူးအခွင့်အရေးပေးထားပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
_____________


မြန်မာပြည်အတွက် အန္တရာယ်ကြီးတဲ့ အချိန်ရောက်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြော

By ဒီဗွီဘီ
12 April 2014


အခုအချိန်ဟာ မြန်မာပြည်အတွက် အကဲဆတ်ပြီး အန္တရာယ်ကြီးတဲ့အချိန် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ဂျာမနီနိုင်ငံ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၁ ရက်နေ့က ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင် ဆုတခုဖြစ်တဲ့ နိုင်ငံတကာ Willy Brandt ဆုကို လက်ခံရယူတုန်း သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
DASSKatGermany12042014“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မထွန်းကားသေးပါဘူး။ ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ အခွင့်အရေးတော့ ရနေပါပြီ။ ဒါပေမဲ့လည်း အခုထိတော့ မတည်ထောင်ရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ အခွင့်အရေး ရနေပြီ။ ရွေးချယ်ခွင့်လည်း ရှိနေပြီဖြစ်တဲ့အတွက် ဒီအချိန်က ကျမတို့အတွက် အရမ်းကို အကဲဆတ်ပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် အရမ်းကို အန္တရာယ်များတဲ့ ကာလတခုဖြစ်ပါတယ်။”
ဆုပေးပွဲအခမ်းအနားကို ဘာလင်မြို့က SPD ပါတီ ရုံးချုပ်ရှိရာ Willy Brandt House မှာ ကျင်းပခဲ့ပါတယ်။ ပါလီမန်အမတ်တွေ၊ သံတမန်တွေ၊ ပါတီရဲ့ခေါင်းဆောင်တွေ ဂျာမနီ ဒုဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီ ဆုလက်ခံ အခမ်းအနားမှာ မြန်မာ့နိုင်ငံရေး အခြေအနေကို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောသွားပါတယ်။
“စစ်အစိုးရက ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်မယ်ဆိုရင် ဒီမိုကရေစီနဲ့ မကိုက်ညီဘူး။ စစ်တပ်ကိုလည်း အထူးအခွင့်အရေး ပေးထားတယ်ဆိုတာ သတိထားမိကြပါ လိမ့်မယ်။ ဒီနေ့ဒီအချိန် ကျမတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်ချက်ကတော့ လူ့အခွင့်အရေးနဲ့ ဒီိမိုကရေစီစံနှုန်းတွေ အပြည့်အ၀ရှိတဲ့ နိုင်ငံတခုဖြစ်လာအောင် ဒီဖွဲ့စည်းပုံကို ပြင်ဆင်မှာ ဖြစ်ပါတယ်။”
ဒါဟာ သူ့ရဲ့ ပထမဆုံး ဂျာမဏီနိုင်ငံခရီးစဉ်ဖြစ်ပြီး ဂျာမန် သမ္မတနဲ့ ဂျာမန်ဝန်ကြီးချူပ်တို့ကိုလည်း သီးခြားစီ တွေ့ဆုံခဲ့ပြီးပါပြီ။ ဧပြီ ၁၃ ရက်နေ့မှာတော့ Free University of Berlin မှာ ဂျာမနီရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး ဧပြီလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။


ဒဏ်များဖြင့် ဦးမောင်သိန်း ကွယ်လွန်



အညတရ သူရဲကောင်း ဦးမောင်သိန်း ကွယ်လွန်သွားရှာပြီ
Arakan Times

ပြင်းထန်သော ဒဏ်များဖြင့် ငါးရက်ကြာ သတိမေ့နေသော အညတရသူရဲကောင်း ဦးမောင်သိန်း ယနေ့ (၁၁.၄.၂၀၁၄) ညနေ ၁၀ နာရီ ၃၅ မိနစ်က စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဦးမောင်သိန်းမှာ စစ်တွေမြို့ ဓည၀တီရပ်ကွက်မှ ဖြစ်ပြီး သူ၏ အသက်မှာ ၅၀ ကျော်ဖြစ်၍ လူမှားဖမ်းဆီးခံရာကနေ အကျဉ်းထောင်ထဲတွင် ပြင်းထန်သော ဒဏ်ရာများနှင့် ဆေးကုသမှု ခံယူနေချိန်တွင် ယခုလို ကွယ်လွန်သွားခြင်းဖြစ်သည်။

သူ့ကို ယခုဆေးရုံတွင် ကောင်းမည်ဟု မထင်ကာ ရန်ကုန်မြို့သို့ ဆေးကုသမှု ခံယူရန် မနက်ဖြန် လေယာဉ်ဖြင့် သွားမည်ဟု ပြင်ဆင်ခဲ့သည်။ သို့သော် မရောက်ရှိခဲ့ပေ။

ဦးမောင်သိန်းအား ကုသနေသော ဆရာဝန်က ဦးနှောင့်သွေးကြောပေါက်၍ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ပြောကြားပြီး သို့သော်လည်း မကွယ်လွန်မီတွင် ပါးစပ်မှ သွေးစိမ်းများထွက်ပြီး၊ ကွယ်လွန်ပြီးနောက်တွင်လည်း ခန္ဒာကိုယ်၌ အကွက်အကွက်ပေါ်နေပြီး မသင်္ကာစရာများ တွေ့နေရကြောင်း သားကြီးဖြစ်သူ ကိုနိုင်စိုးက ပြောသည်။

'' သွေးစိမ်းတွေ အော့အမ်ခဲ့ပါတယ်။ ခန္ဒာမှာလည်း အကွက်အကွက်ပေါ်ပါတယ်။ ကျနော်တို့ မသင်္ကာဘူး။ မသင်္ကာဆိုတာက ကျနော့်အဖေဟာ ထောင်ထဲမှာ အဆိပ်တစ်ခု မိသွားတဲ့ပုံစံကို တွေ့နေရပါတယ်။ '' ဟု သူကဆိုသည်။

ဦးမောင်သိန်း စစ်တွေဆေးရုံသို့ ဆေးကုသရန် ရောက်ရှိခဲ့စဉ်မှ ယခုကွယ်လွန်သွားသည်အထိ သက်ဆိုင်ရာ ရဲများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေးမှုများ၊ ကူညီမှုများ ပြုလုပ်ပေးခြင်း မရှိခဲ့ကြောင်း ကိုနိုင်စိုးက ဆက်ပြောသည်။

ဦးမောင်သိန်းအပြင် သူ၏ ညီမဖြစ်သူ ဒေါ်ခင်မြ၀င်းလည်း ဖမ်းဆီးခံခဲ့ရပြီး ယခု စစ်တွေဆေးရုံတွင် အတိတ်မေ့သည့်ပုံစံ၊ အရူးတပိုင်းဖြစ်နေသည့်ပုံစံဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လှမောင် (စစ်တွေ)

 (ဓါတ်ပုံ - ပျံလွှား)

အတွင်းရေးမှုးများဖွံ့ဖြိုးရေးအသင်း