Tuesday, April 15, 2014

ပျော်စရာမှသည်...

အစိမ်းရောင်လေးနဲ့တောင်ထုတ်လိုက်သေး

ဒေါ်အောင်ဆန်းစုကြည်ပြင်သစ်နိုင်ငံသမ္မတနန်းတော်သို့

ဒေါ်အောင်ဆန်းစုကြည်ပြင်သစ်နိုင်ငံသို့ရောက်ရှိ



၁၅၊၄၊၁၄
ပဲရစ်မြို့ Elysee နန်းတော်မှာသမ္မတFrancois Hollande နဲ့ တွေ့ဆုံ

ဒီနေ့ကာတွန်း

ကိုကိုတို့တိုးလို့ဂျွန်လွင်တက်ရှင်းရတဲ့ပွဲ

စစ်လိုက်တဲ့သင်္ကြန်အရက်...

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့စတုဒီသာကျွေးမွေး

နေပြည်တော်မှမန်းလေးအသွား အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၆/၄ တွင်အရှည်၂စီးနမ်းပြန်ပြီ



၁၄.၄.၂၀၁၄

ကျွန်တော် ဆရာဝန်တစ်ယောက်ပါ...




 Min Balathaung

......ပီတိ......

"ဒါ ဆေးခန်းလား.."
ပက်လက်ကုလားထိုင်ပေါ်လှဲနေရာမှ အသံကြား၍ မော့ကြည့်မိသည်.....
ကလေး နှစ်ယောက်...တစ်ယောက်က ငါးနှစ်အရွယ်လောက်ရှိမည်...နောက်တစ်ယောက်ကတော့ ကိုးနှစ်အရွယ်လောက်ရှိမည် ထင်သည်....
"ဟုတ်တယ်သားရဲ့...ဒါဆေးခန်းလေ...ဘာဖြစ်လို့လဲ.."
ဒါဆို ဆရာဝန်ကောလို့ မမေး၍တော်သေးသည်....
အရင်က အလှပြင်ဆိုင် နေရာ ဖြစ်သည်က တစ်ကြောင်း..ဆေးခန်းဖွင့်တာ မကြာသေးသည်က တစ်ကြောင်း..အနီးအနားမှလွဲ၍ သိပ်မသိသေး...
"သား အဖွားနေမကောင်းလို့ အိမ်ပင့်ချင်လို့..."
ကောင်လေးကို သေချာကြည့်မိသည်..မျက်နှာက ချစ်စရာ..အင်္ကျီအဖြူညစ်ညစ်နှင့် ဘောင်းဘီတို အပြာမှိုင်းမှိုင်းဝတ်ထားပြီး ဘေးချုပ်ရိုးကြောင်း နေရာမှာ ၂လက်မလောက် ကွဲနေသည်...
ကြောက်တတ်ပုံတော့ မပေါ်....
"သား အဖွားက မလာနိုင်ဘူးလား..."
"ဟင့်အင်း..အဖွားက လမ်းမလျှောက်နိုင်ဘူး..မျက်စိလည်း မမြင်ဘူး..အခု ခြေထောက်တွေ ကိုက်လို့တဲ့..."
"အဖွားအသက်က ဘယ်လောက်လဲ.."
"၇၀ ကျော်ပြီ ထင်တယ်..."
"သားတို့အိမ်မှာ တခြားလူကြီးတွေ မရှိဘူးလား..."
"မရှိဘူး..သူ့အမေကော အဖေကော သေသွားပြီ..."
ဘေးမှအတူပါလာသော ကောင်မလေးက ဝင်ပြောသည်..သူ့ပုံစံကလည်း ချို့ချို့တဲ့တဲ့...
"ဒါနဲ့ သမီးကရော ဘာတော်လဲ.."
"ဘာမှတော်ဘူး အဖော်လိုက်ပေးတာ..."
ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေသည်.....
"ဒါဆို သားတို့က နှစ်ယောက်တည်း နေတာလား.."
"ဟုတ်ဘူး ဦးလေးရှိသေးတယ်..သူကအလုပ်သွားတယ်...ညဆယ့်တစ်နာရီလောက်မှ ပြန်လာတာ..."
"ဟင် ဒါဆို ဘယ်သူ ချက်ကျွေးလဲ...."
သိချင်ဇောနဲ့ ဆက်မေးနေမိသည်..
"မချက်ဘူး..ဘုန်းကြီးကျောင်းက ထမင်းကျန် ဟင်းကျန်နေ့တိုင်း လာပေးတယ်..အဲဒါနဲ့စားတယ်.."
အင်း ဒီလိုဆို ခြေကြွခမပြောနဲ့ ဆေးဖိုးတောင်ရမယ့်ပုံ မပေါ်...လို့ တွေးလိုက်မိသေးသည်...
မြေးတစ်ယောက်နှင့် တနေကုန်နေပြီး ပြုစုမယ့်သူမရှိ..မျက်စိကမမြင်..ဘုန်းကြီးကျောင်းက လာပို့တဲ့ ထမင်းကျန်စား..တော်တော်လေး သနားမိသလို စိတ်မကောင်းလည်းဖြစ်မိသည်.....
"ကဲ..ဟုတ်ပြီ..အိမ်ကဝေးလား.."
"သိပ်မဝေးဘူး အထဲတော့ ဝင်ရတယ်ဗျ..."
ဟုတ်ပြီ ဒါဆို ဦးလိုက်ကြည့်ပေးမယ်..ခဏစောင့်..."
လိုအပ်မည်ထင်သည့် ထိုးဆေး နားကျပ် သွေးပေါင်ချိန် လိုမယ်ထင်တာ အကုန်ထည့်ကာ ဆေးခန်းတံခါးစေ့၍ ကလေးနှစ်ယောက်နှင့်အတူ လိုက်ပါလာတော့သည်....

ကျွန်တော့်ဆေးခန်းက ပျံကျရပ်ကွက်မှာဗျ..လက်လုပ်လက်စားတွေချည်းပဲ..ဆင်းရဲသားရပ်ကွက် ဆိုပါတော့...
GPလုပ်တဲ့ ဆရာဝန်တွေ home လိုက်နိုင်ရင်..တစ်ည သုံးအိမ်လောက်ပဲ ပင့်ဗျာ..အဲနေ့အတွက် အနည်းနဲ့ အများတော့ ခိုင်သွားတာပဲ...
ကျွန်တော်လား..ဆေးခန်းဖွင့်ပြီး အိမ် သုံးခါ အပင့်ခံရတယ်...
တစ်ခါက ပိုက်ဆံမရ..နှစ်ခါက အိတ်ထဲကပိုက်ဆံပါထွက်သဗျာ..'
ဒါပေမယ့် ကျွန်တော်ပျော်တယ်...ပီတိတွေ စားတယ်...တကယ့်ကိုမရှိကြတာ..တကယ့်ကို ဆင်းရဲတာ စားစရာတောင်အနိုင်နိုင်ရယ်..ကျွန်တော် ဘယ်လိုနှလုံးသားနဲ့ တောင်းရက်ပါ့မလဲ....
"ဆရာ ဒီလမ်းထဲ ဝင်ရမယ်..."
လမ်းချိုးကို ကျော်သွားမလိုဖြစ်၍ ကလေးက သတိပေးသည်...
"သြော် အေး အေး သွား သားရှေ့ကသွား...."
လမ်းသွားရင်း ဘေးဘီကို ကြည့်မိသည်...ထရံကာ တချို့အိမ်တွေဆို ဝါးခြမ်းကာ..ထနိမိုး ဝါတာဘလူးမိုး ၇ပေ ၈ ပေ ပတ်လည် အိမ်လေးတွေ အစီအရီ...လမ်းပေါ်မှာလည်း ကလေးတွေ အစီအရီ...အိမ်တိုင်း အိမ်တိုင်းမှာ ကလေးအနည်းဆုံး ၃ ၄ယောက်ထက်မနည်းတော့ ရှိမည်ထင်သည်...
လမ်းကလည်း လမ်းအမည်ခံသာ..အိမ်နှစ်အိမ် မျက်နှာချင်းဆိုင်ဆောက်၍ ကြားမြေလွတ်...လမ်းပေါ့လေ....

"ဆရာ..ရောက်ပြီ..."
ကြည့်လိုက်တော့ အိမ်ရှေ့မျက်နှာစာက ဝါးခြမ်းပြားနှင့် ကာထားသည်..အတွင်းက ၇ ပေ ပတ်လည်လောက်ရှိမည်...အခင်းက ပျဉ်ကြဲကြဲ...
"အား ကိုက်တယ်..အဖေရယ် ကယ်ပါဦး..."
ကြမ်းကြဲကြီးတွေပေါ် အော်ဟစ်နေသော အဘွားကြီးတစ်ယောက်...အခင်းမပါ...စောင်နတ္ထိ..ခြင်ထောင်မရှိ...ညစ်ထည်ထည် ခေါင်းအုံးပါးပါးနှင့်....
"အမေကြီး ကျွန်တော်ရောက်ပြီနော်...ဘာမှမစိုးရိမ်နဲ့..သက်သာသွားလိမ့်မယ်..."
မိက်ရည်များ ဝဲလာသည်ကို သတိထားမိသည်..အရင်က အားပေးနှစ်သိမ့်မယ့်သူပင်မရှိ တစ်ယောက်တည်း အထီးကျန်နေ၍ထင်.....
"ကျေးဇူးတင်ပါတယ် ဆရာရယ်..ကျွန်မက ဆရာခေါ်ရမှာ မဟုတ်ဘူး ထင်နေတာ..."
ပြောရင်း မျက်ရည်များ စီးကျနေသည်....
"အာ အမေကလည်း မဟုတ်တာ လိုက်လာလို့ပဲ ရောက်နေပြီဟာကို....ဘာမှ စိတ်မပူတော့နဲ့..ဆေးထိုပြီးရင် သက်သာသွားမှာ..."အား ကိုက်တယ် အဖေရယ် ကယ်ပါဦး...."
ကိုယ်ပြောတာတောင်မဆုံး ထအော်နေပြန်ပြီ..
"ခဏလေးပါ အမေရယ်...
အဖေ ကယ်မှာ ဟုတ်ဘူး..ကျွန်တော်ကယ်မှာ...ကျွန်တော်ကုပေးမှာလေ အမေရဲ့.."
"ကျေးဇူးတင်ပါတယ် ဆရာရယ်..."
ပြောလည်း ပြော လက်အုပ်ချီပြီး ကန်တော့နေပြန်သည်...
"ဟာ အဲလို မလုပ်နဲ့လေ.." မနည်းတားရသည်..
သွေးပေါင်ချိန် စစ်ဆေးကာ ဘေးစောင်းခိုင်ပြီး ဆေးထိုးရသည်...
"ကဲ ပြီးပြီ အမေ..ကောင်းသွားမှာ ဘာမှ အားမငယ်နဲ့...အစားစား ဆေးပုံမှန်သောက်ရမယ်နော်..."
ပါလာသော ပစ္စည်းမျိား ပြန်သိမ်းနေစဉ်..
"ဆရာ ရော့..."
တုန်ရီနေသော လက်ထဲတွင် ငါးရာတန် အနွမ်းလေး တစ်ရွက်...
ရင်ထဲ တော်တော် ခံစားရသည်...
"ဟာ မယူပါဘူး အမေရဲ့...အမေသာ ကျန်းမာအောင်နေမယ်လို့ ကတိပေး..."
သူ့မျက်လုံးများမှ မျက်ရည်များစီးကျလာသည်...ကျွန်တော့် ရင်ထဲမှာလည်း ဆို့နေသည်...
"ရော့ အမေ မုန့်လေးဘာလေး ဝယ်စားဖို့...."
ပိုက်ဆံအိတ်ထဲမှ ထောင်တန် နှစ်ရွက် ထုတ်ပေးလိုက်မိသည်...
"မယူပါဘူး သားရယ်"တဲ့...
ကျွန်တော် အတင်းပေးတော့ မျက်ရည်များ ပိုစီးကျလာတာတွေ့ရသည်...ဒီခံစားချက်ကို ကျွန်တော် ကိုယ်ချင်းစာလို့ရပါတယ် အမေ...
ဝမ်းသာပီတိဖြစ်လို့ ကျတဲ့ မျက်ရည်တွေလို့ မပြောလည်း ကျွန်တော်နားလည်ပါတယ်...
ဆေးမထိုးခင်ထဲက အမေခံစားနေရတာ တစ်ဝက်မက သက်သာသွားမယ်လို့ ထင်ပါတယ်....
ကျွန်တော် ပိုက်ဆံမရပါဘူး..
ဆေးဖိုးမရပါဘူး....
ခြေကြွခဆိုတာကြီးလည်း မရပါဘူး...
ဟုတ်ကဲ့...ကျွန်တော် ကုသိုလ်ရခဲ့ပါတယ်...
ပီတိစားခဲ့ပါတယ်....
ဆရာဝန်စိတ် အပြည့်အဝထားနိုင်ခဲ့ပါတယ်...

ဟုတ်ကဲ့....ကျွန်တော် ဆရာဝန်တစ်ယောက်ပါ...

စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ




ငြိမ်းချမ်းအေး

မိုးမခ

ဧပြီ ၁၄၊ ၂၀၁၄

စီးပွား သင်္ကြန် မဏ္ဍာပ် ပေါ်က ဖျော်ဖြေခံ အကသမလေးများက ထိုင်းမမို့ ဖင်ပေါ်တာပေါ့၊ ဖင်ပေါ်ပါစေ ဆိုတဲ့ အတွေးအခေါ်မျိုး ဟာ စင်ပေါ်တက် ဖင် မပေါ့်ပေါ်အောင် က နေရရှာတဲ့ အကြောင်းကို မျက်ကွယ်ပြု ယဉ်ကျေးမှု ခေါင်းစဉ်အောက် ထည့် အပြစ်ဆိုချင်သူများ နဲ့ အဆင့်တူပဲ။  ဒါမျိုးက မှ လူမျိုးရေး အမြင်မို့ ပိုဆိုးတယ် ဆိုရမယ်၊ မြန်မာမ ဆို မပေါ်ဘူး ဆိုတဲ့ သဘောပေါ့။  ပက်ပုန်း မှာ ရာဇဝင်ကြွေး ဆပ်ချင်တဲ့ မြန်မာ သင်္ဘောသား ပုံပြင် မကြားဖူးကြဘူး ထင်တယ်၊ “အမလေးတော့်” နဲ့ တွေ့ဖူးမှ စာနာတတ်မယ် ထင်ပါ့။

ဒီမယ်.. မြန်မာ ဖြစ်ဖြစ်၊ ထိုင်းမ ဖြစ်ဖြစ် စီးပွား ဘီလူး၊ ရာဂ ဘီလူး၊ ကာမ ဘီလူး ကြီးများ အတွက် အသုံးချခံ အဖြစ် လူသား ဂုဏ်သိက္ခာ ကိုချနင်း ဖင်ပေါ် အောင် ကနေရခြင်း ဟာ စာနာ ထောက်ထား နားလည် ခံစား ပေးရမယ့် ကိစ္စ ဖြစ်တယ်။  ဒါဟာ လူသား ကျင့်ဝတ်၊ သိက္ခာ၊ ယဉ်ကျေးမှု ချို့တဲ့မှု ပြဿနာ ဖြစ်တယ်။  လူ့ ဂုဏ်သိက္ခာ ကို ချ စတေး ကာ စီးပွားရှာ ဝမ်းကြောင်းရတဲ့ အရင်းရှင် စီးပွားရေး စနစ်ဆိုး ရဲ့ သရုပ် ဖြစ်တယ်။  တိုင်းပြည် မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ်ခရိုနီ အရင်းရှင် စနစ် ကို ပုံပေါ်စေတဲ့ ပြယုဂ် တခုလည်း ဖြစ်တယ်။

ခင်ဗျား က အခုမှ ရိုးရာ လိုလို၊ ယဉ်ကျေးမှု လိုလို ရာသီစာ မကျက်တကျက် အမြင်မှာမှ တဏှာ စိတ် အခံနဲ့ ထပ်ကြည့်တော့ ဖင်ပေါ်တာကို မြင်တယ်။  တကယ်တော့ စနစ်ဆိုး မှာ အလိုက်အထိုက် ကျင်လည် ကျက်စား ရုန်းကန် ရှင်သန်ရင်း ခင်ဗျား ကိုယ်တိုင် လိပ်ပြာ ဖင်ပေါ်နေပြီး ဖြစ်တယ်။

ဒီ စနစ်ဆိုးကို တချို့က အရှက်ဖင်ပေါ်ရင်း  ခါးစည်းခံ ဖြတ်သန်းရတယ်၊ တချို့ကျ သီလကျင့်ဝတ် ဖင်ပေါ်ရင်း အသက်ဆက်ရတယ်၊ တချို့ကျ လူသား အခွင့်အရေး၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ ဆုံးရှုံးခံ ဖင်ပေါ်ရင်း အံကြိတ် ကျော်လွှားရတယ်။

ဒီလိုနဲ့ စနစ်ခံ လူသာမန် အများဟာ လူသား ပီသမှု တရားတွေ၊ အကျင့်တွေ ကို လမ်းခင်းကာ သီလ အောက်စလွတ် ဖင်ပေါ်ရင်း ဘဝ လမ်းကြောင်း ထမင်းအိုးတည်နေရတယ်။

ကာရာအိုကေ စင်တင်၊ အနှိပ်ခန်း၊ သင်္ကြန် စီးပွား ကြော်ငြာ စင်မြင့် ထက်က အမျိုးသမီး ငယ် ဖြစ်ဖြစ်၊ လူသား သိက္ခာ၊ အခွင့် အရေး၊ လွတ်လပ်မှု ကို မျက်ကွယ်ပြု တိုင်းတပါး မှာ၊ မွေးရပ်မြေမှာ “ငါတို့က ပညာနဲ့ ဝမ်းစာရှာတာကွ” ဆိုပြီး ကိုယ့်ဘာသာ အားတင်း ဆိုရတဲ့ ပညာတတ် လူတန်းစား ဖြစ်ဖြစ်၊ အရောင်း၊ အဝယ် စီးပွားလုပ်ကိုင် ရှာစားရတဲ့ အလယ်အလတ်တန်းစား ဖြစ်ဖြစ်၊ ခိုးစားမှ နပ်မှန်ပါတယ် ဆိုတဲ့ အခြေခံ အလုပ်သမား လူတန်းစား ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းရဲ့ လူအများစု ဟာ စနစ်ဆိုး က ထုဆစ် သွန်းထုတ်လိုက်တဲ့ အကျင့်၊ စာရိတ္တ၊ လူ့ ဂုဏ် သိက္ခာ၊ လွတ်လပ် တရားမျှတမှု ပဲ့ရွဲ့ နေတဲ့ ဒင်္ဂါးပြား တချပ် ရဲ့ ကျောချင်းကပ် မျက်နှာစာ နှစ်ဖက်၊ ခေါင်း နဲ့ ပန်း အတူတူ သာ ဖြစ်တယ်။

စနစ်ဆိုးရဲ့ သားကောင် ဖင်ပေါ်ခံ ဟာ စင်မြင့်ထက် က မိန်းကလေး မှ မဟုတ်၊ ခင်ဗျားလည်း ဖြစ်တယ်၊ ကျနော်လည်း ဖြစ်တယ်။

ခင်ဗျား က စနစ်စံ ထဲက တယောက် ဖြစ်တယ် ဆိုရင်လည်း လူ့အဖွဲ့အစည်း ရဲ့ ဆီဦးထောပတ် ကို စုပ်ယူ လူသား မျက်ရည်၊ သွေး၊ ချွေး ကို စတေးကာ မိုက်ရိုင်းရင်း ထွားကျိုင်းလာခဲ့သူ ဖြစ်လို့ လူသား ဂုဏ်သိက္ခာ ဟာ သုည အဆင့် ကျ ပြီး ဖြစ်တယ်။

ခင်ဗျား ဟာ ကိုယ်ကျိုး စီးပွား  အတွက် မိန်းကလေး ငယ်များကို ဖင်ပေါ် အောင် ခေါ် က ခိုင်း နိုင်တယ်၊ တဏှာ ရာဂ အတွက် ဖင်ဖေါ် စေနိုင်တယ်၊ စီးပွား ဖြစ်မှု အလို့ငှာ ပညာတတ် လူငယ်များကို ခေါ် ဂုဏ်သိက္ခာ လိပ်ပြာ ဖင်ပေါ်အောင် ပြု ခိုင်းနိုင်တယ်။  ဒါပေမယ့် ခင်ဗျား ရဲ့ လူသား အရည်အသွေး၊ လူသား ဂုဏ်ရည်၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှု ကတော့ ဖင်ပေါ်ရုံမက ကိုယ်လုံးတီး ဖြစ်နေပြီး ဖြစ်တယ်။

ဒီလို လူတန်းစားထဲက တယောက်ဟာ အခု လို စနစ်ဆိုးကို အလျားလိုက် ကူးနေရရှာတဲ့ ဖင်ပေါ်ခံ မိန်းကလေး ငယ်များ ကို ယဉ်ကျေးမှု မရှိသူ လို့ ဆိုရင် ပုဆိုး မပါတဲ့ သူက သူများကို သွား အောက်စလွတ်နေကြောင်း ပြော၊ လုံအောင် ထိုင်ခိုင်းနေသလိုပဲ ဖြစ်မယ်။  စနစ်ဆိုးစံ အားလုံးဟာ လူသားတဦးမှာ ရှိရမယ့် ကျင့်ဝတ်၊ သီလ၊ ယဉ်ကျေးမှု အားလုံး ပျက်ယွင်းပြီးမို့ ဒါမျိုးထက် ပို ယဉ်ကျေးမှု မရှိသူ၊ ရိုင်းသူ၊ လူသား မပီသသူ မရှိပါ။

ဒါမျိုးကမှ တကယ့် ယဉ်ကျေးမှု မရှိသူ လို့ သတ်မှတ်ရမှာပါ။

အလားတူပဲ အမှောင်ခန်းမှာ၊ အခု စက်မြင့်ထက်မှာ အကြောင်း အမျိုးမျိုး ကြောင့် ဖင်ပေါ်နေရသူ များ ကို စာနာ ထောက်ထား မှု မပေးနိုင်၊ နောက်ခံ စနစ်ကို မြင်ကြည့် အဖြေ မရှာနိုင်ဘဲ ယဉ်ကျေးမှု လမ်းကြောင်းချ နှမချင်း မစာနာ ဆိုနေသူများ ရဲ့ လူသား ပီသ၊ ယဉ်ကျေးမှု (Human Decency) ရေချိန်ဟာလည်း သုည နီးနီးပါပဲ။

ကိုယ်တိုင် စနစ်ခံ ရင်း လိပ်ပြာ ဖင်ပေါ် နေရတာကိုကျ မမြင်နိုင်ဘူး။  စနစ်ဆိုးရဲ့ သားကောင် ဘဝတူ အမျိုးသမီးငယ်များ ဖင်ပေါ်တာကို ပဲ သွားရည် တများများ သွားကြည့်၊ ရုပ်သေ၊ ရုပ်ရှင် ရိုက်၊ ဖြန့်၊ (ဖြန့်တဲ့ အထဲမှာ ခေတ်ကို ဦးဆောင်ရတဲ့ သတင်းသမား၊ စာရေးဆရာ၊ ကာတွန်း ဆရာ ဆိုသူများ ပါတော့ အံ့သြ၊ တုန်လှုပ်မိပါရဲ့)၊ ပြန် ကြည့်သူများက လည်း မျက်စိ အရသာခံကြည့်၊ ပါးစပ် အရသာခံ ပြော၊ စနစ်ကို စစ်နိုင်တဲ့၊ အကြောင်းကို ရှာနိုင်တဲ့ အမြင် မရှိ၊ သူများ ဘဝတွေကို စာနာ၊ နားလည် မျှဝေ ခံစား ပေးနိုင်တဲ့ နှလုံး မကျယ် မကြီး တော့ ဆီသည်မလက်သုတ် ရိုးရာ၊ ယဉ်ကျေးမှု ကိုပဲ လမ်းကြောင်း ဇောင်းပေး ဆိုနေသူများ အားလုံး ဟာလည်း လူ့ယဉ်ကျေးမှု မရှိသူများပဲ ဖြစ်တယ်။

ဒီလို စနစ်ဆိုး လူ့ အဖွဲ့အစည်း က ပုံဖော်ပေးလိုက်တဲ့ စနစ်စံ သီလ ကျိုးပျက် ဖင်ပေါ်ခံများ၊ စနစ်ခံ လွတ်လပ်မှု ဂုဏ်သိက္ခာ မဲ့ ဖင်ပေါ်ခံများ ကြီးစိုးနေတဲ့ ဗမာပြည်မှာ လူသား တရားမဲ့၊ လူသား ယဉ်ကျေးမှု မရှိ၊ ပျက်ယွင်း အားနည်းနေခြင်းဟာ အဆန်းမဟုတ်ဘူး။

ယဉ်ကျေးမှု မရှိလို့ စနစ်စံ စစ်အုပ်စု နဲ့ အပေါင်းအပါ ခရိုနီ တစု ဟာ ကိုယ်ကျိုး အာဏာ၊ စီးပွား အလို့ငှာ လူသား အချင်းချင်း စစ်ပြု၊ နှိပ်စက်၊ ညှင်းပမ်း သတ်ဖြတ်၊ မြေသိမ်း၊ ယာသိမ်း၊ ဘုရားဖျက်၊ ကျောင်းလု လုပ်နေကြတာပေါ့။

ယဉ်ကျေးမှု မရှိလို့ စနစ်ခံ လူအများကလည်း လူကို လူလို မမြင်နိုင် လူမျိုး၊ ဘာသာ မတူတာနဲ့ပဲ အပြစ်မြင်၊ သည်းမခံနိုင်၊ အမုန်းပွား၊ ရန်ငြိုးထား၊ သတ်ချင် ဖြတ်ချင် ရှိနေတာပေါ့။  အခုပဲ ကြည့်ပါလား၊ ဒီလို လူတွေပဲ နို့ပေါ်၊ ဖင်ပေါ် တာကို မြန်မာ မ ဟုတ်/မဟုတ် ငြင်းရင်း စိတ်ဖြေရာရှာနေကြတာ။  လူမျိုးရေး အမြင် ဘယ်လောက် ရှိ၊ ပြင်းမလဲ ဆိုတာ ခန့်မှန်းနိုင်တယ်။

တိုင်းပြည် ရဲ့ ယဉ်ကျေးမှု ရေချိန်ဟာ ကြီးစိုးတဲ့ နိုင်ငံရေး၊ စီးပွားရေး စနစ်ဆိုး ကို ပုံဖော် လမ်းကြောင်းပေးမှု အတိုင်း ဝမ်းနည်းဖွယ် ကျဆင်း ခဲ့ရတယ်၊ လူသား မပီသသူ၊ မယဉ်ကျေးသူ၊ တင်းပြည့်ကျပ်ပြည့် လူသား အတွေးအခေါ်၊ အမြင်၊ နှလုံးသား မဲ့၊ ချို့ငဲ့ နေတဲ့ လူအများသာ လူ့အဖွဲ့အစည်းမှာ စိုးရိပ်ဖွယ် တိုးပွားလာခဲ့ရတယ်။

ဖျော်ဖြေရေး စင်မြင့် က အကသမလေး ဖင်ပေါ်တာလောက် ပဲ မြင်နိုင်စွမ်းပြီး သမားရိုးကျ ယဉ်ကျေးမှု၊ ရိုးရာ ခေါင်းစီးတပ်ချင်တဲ့ သဘောလောက်နဲ့တော့ (၂၁) ရာစု ပေမီဒေါက်မီ ယဉ်ကျေး၊ လူပီသတဲ့ လူ့အဖွဲ့အစည်း ကို မတည်ထောင်နိုင်ပါ။  သမားရိုးကျ ရိုးရာ ယဉ်ကျေးမှု ကို ထိန်းသိမ်းချင်ရင်လည်း အရင် လူသား တဦးမှာ ရှိရမယ့် အခြေခံ လူ့ယဉ်ကျေးမှု၊ လူ့ ကျင့်ဝတ်၊ လူ့တန်ဖိုး တွေကို မြှင့်တင်ရမှာပါ။

တိုင်းပြည်မှာ လူသား ယဉ်ကျေးမှု ထွန်းကားချင်သလား၊ လူယဉ်ကျေးများ များပြား စေချင်သလား၊ နောင်ခံ စနစ်အဖွဲ့အစည်း ကို အပြစ်ရှာ ထောက်ပြ၊ ဝေဖန် တော်လှန် ရမှာပါ။  ခုလောလောဆယ်မှာ အမြစ်တွယ် နေပြီ ဖြစ်တဲ့ စစ် ခရိုနီ အရင်းရှင် စနစ်ကို အရင် မျိုးပြုတ်အောင် တိုက်ဖို့ အရင် ဇောင်းပေး ရပါမယ်၊ တိုင်းပြည်မှာ လူမှု-စီးပွား တရားမျှတမှု တပြေးညီ ရအောင် အရင် ဖော်ဆောင် ရပါမယ်၊ ဇာတိ နောက်ခံ၊ လူမှု အတန်းအလွှာ၊ လူမျိုး၊ ဘာသာ မခွဲ လူသား ဂုဏ်သိက္ခာ နဲ့ အညီ နေထိုင်၊ စားသောက် ဘဝ ရပ်တည်နိုင်ခွင့် ရှိဖို့ ကြိုးစားရပါမယ်။

လူသာမန် လူတဦးချင်း အနေနဲ့ အရင်ဆုံး အလုပ်သင့်ဆုံး၊ အလုပ်နိုင်ဆုံးကတော့ “စနစ်ဆိုး ရဲ့ ဖင်ပေါ်ခံ သားကောင်များ” စာရင်းမှာ ငါလည်း ပါ ပါ့လား ဆိုတဲ့ အခြေခံ သဘောကို သိမြင်ကာ ကိုယ့်ထက် ပို လူသား ဂုဏ်သိက္ခာ ကို ချနင်း ကံအကြောင်းမလှစွာနဲ့ လူ့ဘဝကို ဖြတ်သန်းနေရတဲ့ နို့ပိန် ပျဉ်းတွဲ ခေတ်စနစ်ဆိုးရဲ့ နို့ဆို့ဖက်၊ ဖွားဖက်တော် ဘဝတူများကို ပိုမို စာနာ နားလည်၊ ခံစား ပေးကာ လူသား အခြေခံ ယဉ်ကျေးမှု ကျင့်ဝတ် လူပီသမှု တရား တိုးပွားဖို့ ကြံဆောင်ခြင်းပါပဲ။

ဒီ့ အတွက် စနစ်ဆိုး ရဲ့ သားကောင် ဖင်ပေါ်ခံ စာဖတ်သူ ခင်ဗျား နဲ့ စာရေးသူ ကျနော့် မှာ ကျင့်ဝတ် တာဝန် ရှိကြောင်းပါ။

ငြိမ်းချမ်းအေး

ဧပြီ ၁၄၊ ၂၀၁၄