Tuesday, May 6, 2014

ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းများ လယ်သမားများနှင့် နှစ်ဖက်ခိုက်ရန်ဖြစ်ပွား




Eleven Media Group

အငြင်းပွားဖွယ် လယ်မြေပေါ်၌ ဇေကမ္ဘာကုမ္ပဏီဝန်ထမ်းများ ခြံခတ်လျက်ရှိရာ လယ်သမားများနှင့် နှစ်ဖက်ခိုက်ရန်ဖြစ်ပွားပြီး အခြေအနေတင်းမာ

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် အငြင်းပွားဖွယ်ဖြစ်နေသော လယ်မြေပေါ်၌ ဇေကမ္ဘာကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းများက ခြံခတ်မှုများ ပြုလုပ်လျက်ရှိသောကြောင့် မတ် ၄ ရက် နံနက်ပိုင်းတွင် လယ်သမားများနှင့် နှစ်ဖက်အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ နှစ်ဦးနှစ်ဖက်ခိုက်ရန်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာမှ လာရောက်တားဆီးမှုများရှိခဲ့ပြီး မေ ၅ ရက်တွင် မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူးက လယ်သမားများအား ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကာ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားမှုများ မပြုလုပ်ကြရန်နှင့် ထိုသို့ဖြစ်ပွားခဲ့သော အခြေအနေများကို အထက်သို့တင်ပြသွားမည်ဟု မင်္ဂလာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်သိန်းက ဆိုသည်။

"မနေ့က နံနက် ၁၁ နာရီလောက်မှာ ဇေကမ္ဘာက လုံခြုံရေးဝန်ထမ်းတွေက လယ်ကွက်တွေကို ခြံလာခတ်တယ်။ အဲဒါကိုလယ်သမားတွေက အငြင်းပွားမှုဖြစ်နေတဲ့မြေမှာ ခြံမခတ်ဖို့တားတာကို သူတို့ဘက်ကအရင်စပြီး ရန်စောင်တာပါ။ သူတို့ဘက်က လူဦးရေ ၃၀ ကျော်ရှိတယ်။ ဓားတွေ၊ တုတ်တွေ ကိုင်ဆောင်ထားတယ်။ စဖြစ်တုန်းကတော့ လယ်သမားရှစ်ယောက်လောက်ပဲရှိတယ်။ အခုသူတို့ဘက်က ရဲစခန်းမှာ လယ်သမားလေးဦးကို အမှုဖွင့်ထားတယ်။ လယ်သမားတွေဘက်က အမှုပြန်ဖွင့်တော့ ရဲစခန်းကလက်မခံပါဘူး။ အခုလယ်သမားတွေက ခြံခတ်တာကို မှတ်တမ်းဓာတ်ပုံရိုက်ထားတော့လည်း သူတို့ဘက်က လေးခွထဲ ဂုန်းသီးထည့်ပြီး ပစ်တာမျိုးတွေရှိတယ်"ဟု လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်မင်္ဂလာဒုံဥယျာဉ်မြို့တော်နှင့် ရန်ကုန်စက်မှုဇုန်စီမံကိန်း၏ မြေကွက်အမှတ် (၂) (၄၇.၂၂၈) ဧကနှင့် ထင်းရှုးရိပ်သာ (၂) (၄၂.၄၃၀) ဧကတို့အား ဇုန်မြေကွက်ဖော်ထုတ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၃ ခုနှစ် ဖော်ဖေါ်ဝါရီ ၁၃ ရက်တွင် သဘောတူညီ၍ ဇေကမ္ဘာကုမ္ပဏီက လုပ်ငန်းများဆောင်ရွက်သောအခါ ၂၀၁၃ ခုနှစ် မတ်လပိုင်းတွင် ဇေကမ္ဘာကုမ္ပဏီနှင့် လယ်သမားအကြား ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ နှစ်ဦးနှစ်ဖက် မလိုလားအပ်သော ပြဿ နာမဖြစ်ပွားစေရန် ဇေကမ္ဘာကုမ္ပဏီအနေဖြင့် လုပ်ဆောင်ရွက်မှုများအား ရပ်ဆိုင်းထားရန်နှင့် လယ်သမားများအား လယ်မြေပေါ်တွင် ယာယီတဲများထိုး၍ နေထိုင်ကြခြင်းမပြုရန် အမိန့်စာကို ၂၀၁၃ ခုနှစ် မတ်လအတွင်း၌ပင် ထုတ်ပြန်ထားကြောင်း သိရသည်။

"အစိုးရပိုင်ဆိုင်တဲ့မြေကို ကုမ္ပဏီက လျှောက်ထားတဲ့အတွက် လုပ်ပိုင်ခွင့်ရခဲ့တယ်။ ကုမ္ပဏီကလုံခြုံရေးဝန်ထမ်းတွေ ခြံလာခတ်တာကို အေးအေးဆေးဆေးလာတာမျိုးမဟုတ်ဘဲ အုပ်စုဖွဲ့ရမ်းကားပြီး ရိုက်နှက်တာပါ။ ကျွန်တော်တို့ဘက်က လူသုံးဦးဒဏ်ရာရသွားတယ်။ အဲ့ဒီအတွက်ကြောင့် အမှုဖွင့်ထားတယ်။ သူတို့ဘက် လယ်ယာစုံစမ်းရေးကော်မရှင်ကို တိုင်ကြားထားတယ်ဆိုရင်လည်း အဲ့ဒီအဖွဲ့ရဲ့ စစ်ဆေးချက်အဖြေကိုပဲ စောင့်နေသင့်ပါတယ်။ ဒီလိုအုပ်စုဖွဲ့ရမ်းကားစရာမလိုပါဘူး။ ကျွန်တော်တို့ဘက်က ခွင့် ပြုချက်ရရှိထားတာဖြစ်လို့ ခြံခတ်တာကို ဆက်လက်လုပ်ဆောင်သွားမှာပါ"ဟု ဇေကမ္ဘာကုမ္ပဏီ လုံခြုံရေးဌာနမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကပ်လျက်ရှိသည့် ကွင်းအမှတ် (၄၀၇ ဘ)၊ (၅၃၄ဘ)၊ (၅၂၄ခ) လယ်မြေများကို ၁၉၉၅ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဇေကမ္ဘာကုမ္ပဏီက အကျိုးတူပူးပေါင်းဆောင်ရန် လွှဲပြောင်းရယူခဲ့သောကြောင့် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လျက်ရှိသည့် လယ်သမား ၁၈၆ ဦးမှာ နစ်နာကြေး တစ်စုံတစ်ရာမရှိခဲ့သည့်အတွက် တိုင်ကြားစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လယ်ယာနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်ရှင်ထံသို့ ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ ထူးခြားမှုများမရှိသေးကြောင်း လယ်သမားများကဆိုသည်။

ယင်းကဲ့သို့ ဇေကမ္ဘာဝန်ထမ်းများနှင့် လယ်သမားများ ခိုက်ရန်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းမြင့်အား ဆက်သွယ်မေးမြန်းရာ "လောလောဆယ်မှာ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်အချို့ အခင်းဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ထူးခြားမှုရှိမရှိကို စောင့်ကြည့်နေပါတယ်။ ထူးခြားတာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထပ်မံလိုက်သွားပြီး ပြေလည်အောင်ဖြေရှင်းပေးဖို့ စီစဉ်ထားပါတယ်။ အခုဒဏ်ရာရရှိအောင်လုပ်တဲ့သူ သုံးဦးအနက် နှစ်ဦးကိုတော့ ဖမ်းဆီးထားပါပြီ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

(အငြင်းပွားဖွယ်ရာ လယ်မြေပေါ်တွင် ကုမ္ပဏီဘက်မှ လုံခြုံရေးဝန်ထမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))

အပင်နဲ့ကွယ်နေလို့လား၊ရှာပါအုံးဟဲ့နေမျိုးဝေ.....

ကိုထင်ကျော် ပုဒ်မ-၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရ

Eleven Media Group

ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်းဆန္ဒပြသည့် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော် ပုဒ်မ-၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရ

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုထင်ကျော်အား မေ ၅ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်တွင် ဆန္ဒပြနေစဉ်အတွင်း သက်ဆိုင်ရာမှ လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု အဖွဲ့ဝင်များက ပြောကြားသည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ မေ ၅ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၌ (၁၁) ကြိမ်မြောက်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့အား အယုံအကြည် မရှိကြောင်းနှင့် ပြည်သူသည်သာ သခင်ဖြစ်ကြောင်း စာရွက်များဖြန့်ဝေ ဟောပြောဆန္ဒပြနေစဉ်အတွင်း ယင်းကဲ့သို့ လာရောက်ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုနောင်နောင်က "ကိုထင်ကျော်ကို မနက် ၁၀ နာရီလောက်က ရဲတွေက လာဖမ်းသွားပါတယ်။ လောလောဆယ်တပ်ထားတဲ့ ပုဒ်မက ၅၀၅ (ခ) ပါ။ အာမခံပေးမပေးကတော့ မသိသေးပါဘူး။ အခုသူ့ကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှာ ချုပ်ထားပါတယ်" ဟု မေ ၅ ရက် နံနက် ၁၀ နာရီခွဲက ပြောကြားသည်။

ထိုသို့ဖမ်းဆီးပြီးနောက် တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရုံးချိန်းယူပြီး အင်းစိန်ထောင်သို့ ယင်းနေ့ မွန်းလွဲပိုင်းက ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ကိုဇေယျာလင်းက "မွန်းတည့် ၁၂ နာရီလောက်မှာပဲ တရားရုံးမှာ ရုံးချိန်းယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ အာမခံမရပါဘူး။ လာမယ့် မေ ၁၅ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်ပါတယ်" ဟု မေ ၅ ရက် ညနေပိုင်းက ပြောကြားသည်။

ဧပြီ ၃၀ရက်က ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိကြောင်း လက်ကမ်းစာစောင်များကို (၁၀) ကြိမ်မြောက်အဖြစ် ရွှေပြည်သာမြို့နယ်တွင် ဖြန့်ဝေမှုပြုလုပ်ခဲ့ပြီး ယခု (၁၁) ကြိမ်မြောက်အဖြစ် တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်စဉ်ပုဒ်မ-၅၀၅ (ခ) ဖြင့် အဖမ်းခံရခြင်း ဖြစ်သည်။

(ကိုထင်ကျော်အား တောင်ဥက္ကလာပမြို့နယ် တရားရုံးမှ အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားစဉ် (ဓာတ်ပုံ-MDCF))

ဒီနေ့ကာတွန်း

အာဏာရှင် လက်စွဲကျမ်း



တိုင်းပြည်ကို ဘယ်လိုသွေးစုပ်ရမလဲဆိုသည့် အကြံပေးချက် (၁၀)ချက်
 Monday 2014-05-05
Issue No: 369
Monday, May 5,2014
Author:
ရဲမိုး


ယခုသတင်းစာကိုဖတ်နေသူသာ အာဏာရှင်တစ်ဦးဆိုလျှင် ဒီကနေ့ သင်ကံကောင်းသောနေ့ ဖြစ်သည်။ မြန်မာနိုင်ငံမှာရေးသားပြုစုပြီး နိုင်ငံတကာကိုဖြန့်ချိမည့် ‘အာဏာရှင်လက်စွဲကျမ်း’ ကို သင် အခမဲ့ မြည်းစမ်းခွင့်ရတော့မည်။ အောက်မှာဖော်ပြထားသည့် (၁၀) ချက်သည် မန္တလေးမှာ ထိုးမုန့်မဝယ်မီ အမြည်းပေးသလို စာအုပ်ထဲမှာပါမည့် အကြောင်းအရာများကို အမြည်းပေးခြင်းဖြစ်ပါသည်။

(၁) ပြည်တွင်းစစ်ကိုအဆုံးမသတ် နှင့်

‘ငြိမ်းချမ်းရေး’ဆိုသည့်စကားလုံးကို မကြာခဏပြောပါ။  သတင်းစာ၊ ရုပ်သံ၊ ရေဒီယို မီဒီယာအားလုံးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေကြောင်းမကြာခဏပြသပါ။ သို့သော် ပြည်တွင်းစစ်ကို ဘယ်တော့မှ အပြီးတိုင်အဆုံးမသတ်ပါနှင့်။

ကိုယ့်လက်ထဲကစစ်တပ်၏ အခန်းကဏ္ဍကို ထိန်းသိမ်းထားဖို့အတွက် စစ်မီးကိုချန်ထားပါ။ ‘ပြည်ထောင်စု စိတ်ဓာတ်’ကို အဆက်မပြတ်ပြောပါ။

(၂) ပြည်ပရန်သူကိုလက်ညှိုးထိုး

  ပြည်ပရန်သူများရှိနေကြောင်း အမြဲကြွေးကြော်ပါ။ သို့သော် ရန်သူသည် ပြည်တွင်းမှာရှိသည်ကိုတော့ ကိုယ်ကိုယ် တိုင်မမေ့ပါနှင့်။ ပြည်ပရန်သူကို ကာကွယ်နေရသည့်ပုံရိပ်အဖြစ် ကိုယ့်ပုံရိပ်ကိုမြှင့်တင်ပါ။ မျိုးချစ် စိတ်ဓာတ်ဆောင်ပုဒ်တွေ များများရေး၊ များများကပ်ပါ။ အတိတ်က စစ်ပွဲများအကြောင်းကို အဆက်မပြတ်ဖော်ပြပါ။

(၃) လူအများစုဘာသာရေးကို အသုံးချ

အာဏာရှင်ဘဝမှာ လူအများစု၏ ထောက်ခံမှုကို အလွယ်ကူဆုံးရနိုင်သည့်နည်းက လူအများစု၏ ဘာသာရေးကိုထောက် ခံနှိုးဆွခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဘာသာသာသနာကို ကာကွယ်သူ သူရဲကောင်းအဖြစ် ပုံသွင်းပါ။ ဘုရားသွားကျောင်းတက်သည့်သတင်းများ များများထုတ်ပါ။ ဘာသာကွယ်ပျောက်တော့မည်ဆိုသည့် အကြောက်တရားကိုဖြန့်ဖြူးပါ။ ကိုယ့်ကိုအန်မတုနိုင်သည့် လူနည်းစုတစ်စုကို လက်ညှိုးထိုးစွပ်စွဲပါ။

(၄) အတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်

အဓိကအတိုက်အခံအဖွဲ့ အစည်းကို အခြားအဖွဲ့ငယ်များ နှင့်သွေးခွဲပါ။ ဖြစ်နိုင်လျှင် တိုင်းရင်းသားလူနည်းစုများနှင့် အဓိကအတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်လိုက်ပါ။ အတိုက်အခံတွေ အာဏာရလာလျှင် တိုင်းပြည်ပြိုကွဲနိုင်ကြောင်း ခြိမ်းခြောက်ပါ။ အတိုက်အခံနိုင်ငံရေးသမားတွေကို မျိုးချစ်စိတ်ဓာတ်မရှိသူအဖြစ် စွပ်စွဲပါ။

(၅)အနောက်နိုင်ငံများကို စည်းရုံး

အနောက်နိုင်ငံများက အာဏာရှင်နိုင်ငံများကို ဆန့်ကျင်ကြသည့်တိုင် ‘သံခင်းတမန်ခင်း’ရှိပြီး အင်္ဂလိပ်လိုပြောတတ်သူများကို နှစ်ခြိုက်လေ့ရှိသည်ကို ဘယ်တော့မှမမေ့ပါနှင့်။ အနောက်နိုင်ငံက သံတမန်များလာလျှင် ရွှန်းရွှန်းဝေအောင်ပြောတတ်သူများ နှင့် လွှတ်ပေးပါ။

ကိုယ့်တိုင်းပြည်ကို စီးပွားရေးအရမပိတ်ဆို့ဘဲ အပြုသဘောဆောင် ချဉ်းကပ်စည်းရုံးလျှင် ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်ကြောင်း အနောက်နိုင်ငံများက ယုံလာအောင်ပြုလုပ်ပါ။ ကမ္ဘာပတ်ပြီး ရွှန်းရွှန်းဝေအောင်ပြောသူများကို အချိန်တစ်ချိန်မှာ တာဝန်မှနားပါ။ လူသစ်လဲပါ။

(၆) ရွေးကောက်ပွဲကိုအသုံးချ

ရွေးကောက်ပွဲများက သင့်ကို ‘တရားဝင်အာဏာရှင်’ အဖြစ် ပြုလုပ်ပေးမည့်အခွင့်ကောင်း ဖြစ်သည်။ သေချာစွာ ကြိုတင် ပြင်ဆင်ပါ။ လက်ဆုပ်လက်ကိုင် ဖမ်းရခက်ခဲသည့်အဝေးရောက် မဲ၊ ကြိုတင်မဲ၊ ပယ်မဲနည်းလမ်းများသည် အာဏာရှင်များအကြား ခေတ်စားသည့် နည်းလမ်းများ ဖြစ်သည်။

ရှုံးနိုင်သည့်အခြေအနေမျိုးမှာ အဓိကရုဏ်းနှင့်ပဋိပက္ခများ ဖန်တီးပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်အောင် မီးစများမွှေးထားပါ။

အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအလျှော့အတင်းမရှိသည့်အတွက် အဓိက အတိုက်အခံက ရွေးကောက်ပွဲကို သပိတ်မှောက်အောင်လုပ်သည့်နည်းဖြစ်သည်။

(၇)  မီဒီယာကိုမြှောက်လိုက် ခြောက်လိုက်လုပ်

သတင်းမီဒီယာများကို တစ်ခါတစ်ရံ နွေးနွေးထွေးထွေးဆက်ဆံပြပါ။ သို့သော် လိုအပ်လာလျှင် မီဒီယာအချို့ကို ပုံစံအဖြစ် ဖမ်းဆီးထောင်ချပါ။ မီဒီယာတွေကြားမှာ အကြောက်တရား Chilling Factor ပျံ့နှံ့ပါစေ။ ကိုယ်ချုပ်ကိုင်ထားသည့် နိုင်ငံတော်မီဒီယာကို   လက်မလွှတ်ပါနှင့်။ ဖြစ်နိုင်လျှင်တော့ ကိုယ့်ကို သစ္စာရှိသည့်အသိုင်းအဝိုင်းက မီဒီယာလောကကို ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံပါစေ။ သတင်းမီဒီယာနှင့်ပတ်သက်လျှင် ဥပဒေများလေ ကောင်းလေဖြစ်သည်။

(၈) ခရိုနီတွေမွေးမြူ

သင်၏အရေးအကြီးဆုံး ရဲဘော်ရဲဘက်သည် သင့်ဇနီးပြီးလျှင် သင့်ခရိုနီဖြစ်သည်ကိုမမေ့ပါနှင့်။ သင့်ကိုယ်စား စီးပွားရှာပေးဖို့၊ သင့်သားသမီးမြေးမြစ်များ ပြဿနာရှာလျှင် လိုက်ရှင်းလင်းပေးဖို့၊ သင့်ဇနီးကို နိုင်ငံခြားဈေးဝယ်ထွက်ရာမှာ ကူညီဖို့နှင့် သင့်ခိုးရာပါဥစ္စာဓနများကို ပြည်တွင်း ပြည်ပမှာ ဖုံးကွယ်ထားဖို့အတွက် သော့ချက်ဖြစ်သည်။

‘သင့်ကိုခရိုနီအဖြစ် တိုင်းပြည်ကအလိုရှိသည်’ ဆိုသည့် ကမ်းလှမ်းချက်ကို လက်တစ်ဆုပ်စာ အနက်ရောင်စီးပွားရေးသမားတချို့ထံကိုပေးပို့ပါ။

(၉) အရပ်ဘက်လူ့အဖွဲ့အစည်းကိုနှိပ်ကွပ်

အင်န်ဂျီအိုများကိုတည်ရှိခွင့်ပေးပါ။ သို့သော် ဥပဒေများထုတ်ပြီး ချုပ်ကိုင်ပါ။ အင်န်ဂျီအိုများ ဖွံ့ဖြိုးလာမှုက ပြည်သူကိုမျက်စိပွင့်စေပြီး သင့်အာဏာရှင်စနစ်ကို ခြိမ်းခြောက်လာလိမ့်မည်။

အချို့သောဒေသများကို ခရီးသွားလာခွင့် ကန့်သတ်ပါ။ လုံခြုံရေးအကြောင်းပြခြင်းက အကောင်းဆုံးဖြစ်သည်။

(၁၀) ဒီမိုကရေစီ၏အဓိပ္ပာယ်ကို ပြောင်း

ဒီမိုကရေစီဆိုသည့်စကားလုံးကို ကိုယ်ပိုင်အဓိပ္ပာယ်ပြန်ဖွင့်ပါ။ ရုရှားအာဏာရှင်ပူတင်က ဒီမိုကရေစီကို ‘အချုပ်အခြာအာဏာ ရှိသည့် ဒီမိုကရေစီ’ဟု ကိုယ်တိုင်ရေးအနက်အဓိပ္ပာယ်ဖွင့်သည်။ အီရန်အစိုးရကတော့ ဒီမိုကရေစီကို ‘စစ်မှန်သောအစ္စလာမ်ဒီမိုကရေစီ’ဟု ကြွေးကြော်သည်။ သင်လည်း ဒီမိုကရေစီကို နာမဝိသေသနတပ်ပေးပါ။ လူထုအများစုက ဒီမိုကရေစီစနစ်ကို စိတ်ပျက်လာအောင်လုပ်ပါ။ ဒီမိုကရေစီစနစ်မှာ ပဋိပက္ခပိုများတာ၊ လူ့ အဖွဲ့အစည်း ပိုရှုပ်ထွေးလာတာကို မီးမောင်းထိုးပြပါ။

‘အာဏာရှင်လက်စွဲကျမ်း’ စာအုပ်အမြည်းကို ဒီမှာအဆုံးသတ်ပါသည်။ စာအုပ်ထဲမှာ ယခု ဖော်ပြထားသည့်အခန်းများအပြင် တရားစီရင်ရေးစနစ်ကို ထိန်းချုပ်နည်း၊ လက်လွန်ခြေလွန် ပြောဆိုသည့် ဝန်ကြီးများကို ကျိတ်ဆုံးမနည်း၊ တရုတ်နဂါးနှင့် ကခုန်နည်းများအပြင် အနားယူချိန်အတွက် ပြင်ဆင်နည်းများ အထိပါဝင်ပါသည်။ စာအုပ်မထွက်မီ ကြိုတင်အမှာစာများ လက်ခံနေသည်။ နေပြည်တော်မှမှာလျှင် အမြန်ချောပို့ဖြင့် ပေးပို့မည်ဖြစ်ပါကြောင်း။    ။
http://7daydaily.com/story/10139#.U2jH01fDXrd

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ

သားသားရေမလုနဲ့...တ၀က်ရောက်တော့မယ်

အခန်းက လေသလပ် သွားတော့ သင်္ကန်းဝတ်နှစ်ပါးနဲ့



 ဟိန်း ထိုက် ဈာန်

ပြောချင်တာက ကျွန်တော် ဘီယာဆိုင်အရောက် ရှူးရှူးသွားပန်းရင်း လိုက်ကာလေးချထားတဲ့ အခန်းက လေသလပ် သွားတော့ သင်္ကန်းဝတ်နှစ်ပါးနဲ့ လူဝတ်နှစ်ယောက် ဘီယာသောက်နေတာကို မြင်ဖြစ်အောင် လှမ်းမြင်မိပါတယ်။
သင်္ကန်းဝတ်တွေနဲ့ ဘီယာ အရက်သောက်တဲ့ ဘုန်းကြီးတွေတွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်ခုထိ မဝေခွဲတတ်သေးပါဘူး။
ကျွန်တော့် အချစ်ကလေးနဲ့ ကျွန်တော့်မေမေက ဘီယာသောက်တာ မကြိုက်ပေမဲ့ တစ်ခါတရံတော့ ကျွန်တော်လည်း အာရုံဖြေလျော့ရအောင် ဗျစ်ရည်လေးစုပ်တတ်ပါတယ်။
ဒါတောင် ကျွန်တော်ဗျစ်ရည်စုပ်တာ သူတို့သိသွားရင် ဗျစ်တောက် ဗျစ်တောက်နဲ့ လုပ်တတ်လွန်းတော့ ဗျစ်ရည်စုပ်ရတာ မတန်ပါဘူး။ သူတို့ ဗျစ်တောက် ဗျစ်တောက်က ဗျစ်ရည်စုပ်ရတာထက် ပိုမူးစေပါတယ်။
ထားတော့။ ပြောချင်တာက ကျွန်တော် ဘီယာဆိုင်အရောက် ရှူးရှူးသွားပန်းရင်း လိုက်ကာလေးချထားတဲ့ အခန်းက လေသလပ်သွားတော့ သင်္ကန်းဝတ်နှစ်ပါးနဲ့ လူဝတ်နှစ်ယောက် ဘီယာသောက်နေတာကို မြင်ဖြစ်အောင် လှမ်းမြင်မိပါတယ်။
ကိုယ်တော်က ဘီယာခွက်ကို ပါးစပ်ဆီတေ့ခါနားပေါ့။
သင်္ကန်းဝတ်တွေ ယမကာသောက်တာကို ကျွန်တော် ယဉ်ပါးတွေ့ဖူးပါတယ်။ ကဗျာဆရာ ကြည်ဇော်အေးနဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ၄၂ လမ်းကနေ အရက်သောက်ပြန်လာပြီး သူ ခေတ္တစတည်းချရာ ကမ္ဘာအေးဘုရားဘက်က ဘုန်းကြီးကျောင်းကို လိုက်အိပ်တော့ သူ့ကိုယ်တော်တွေအတွက် ဘီအီးဝယ်သွားပေးရတာပါ။
ကိုယ်တော်တွေကလည်း ကြည်ဇော်အေး ပြန်အလာကို မျှော်နေတာဗျ။
ကျွန်တော်တို့ ရောက်သွားတော့ ကိုယ်တော်တွေက ဇေဘီအီးကို ဆွဲကြတာပေါ့။
ကျွန်တော်တို့က သူတို့ကို ဘာပြောနိုင်မလဲ။
သူတို့က ဆွမ်းဟင်းကျန်တွေတောင် ကျွန်တော်တို့စားဖို့ ချန်ထားပေးတာကိုးဗျ။
ကျွန်တော့် စိတ်တွင်းမှာ သင်္ကန်းဝတ်နဲ့ ဘီယာ အရက်သောက်တဲ့ ဘုန်းကြီးတွေကို တွေ့ရတာ အလွန်ပဲ စိတ်မချမ်းမြေ့ဖြစ်ရပါတယ်။
သိပ်ကြိုက်တတ်ရင်လည်း သင်္ကန်းမဝတ်ပါနဲ့လားဗျာ။
နောက်တစ်ဆင့် ပြောရရင် ခွက်ပုန်းချတာက လူမမြင် မသိပါဘူး။ လူအများထိုင်တဲ့ ဘီယာဆိုင် အရက်ဆိုင်တွေမှာ သင်္ကန်းဝတ်ကြီးနဲ့ သောက်နေတာကတော့ အတော့်ကို ဆိုးလွန်းပါတယ်။

မဘသ @




ကောက်ရိုးမီးအမျိုးသားရေးနဲ့
ဇောက်ထိုးကြီးသူခိုးကုလားလေးဆဲပြန်တော့
လွဲပြန်ရှာဒီတစ်သက်
မဲလှန်ရှာဒီအကွက်ကို
နင်မမြင်နင်မသိလေရော့သလား
ဘဝင်ထိရူးနေတဲ့အာဏာရှင်
မညာပါလျှင်အတည်ပြောလိုက်မယ်
ငါသာလျှင်အာဏာတစ်သက်ကိုင်ချင်တာမို့
ဘာသာဝင်တွေချင်းမတည့်အောင်ကြံ
လှည့်ဆောင်ကာရန်တိုက်ပါလို့
အကြံမိုက်လေခြင်း
မှန်မကိုဋ်လည်းထင်းဖြစ်ခဲ့ပြီမို့
အတင်းညစ်တာမဆန်းပေဘူး
မင်းဖြစ်ချင်တာတွန့်တွန့်လူး
သင်းအပြစ်တွေသာရွှံ့ညွန်လူးသလိုပ
မဲသထက်တူး ။

ထိပ်တင်သခင်ကိုယ်တော်ဖြိုး
ခေတ္တ၊မန္တလေး

သိင်္ဂုတ္တရတောင်လဲမျက်ခုံးလှုပ်