Tuesday, May 13, 2014

လမ်းသတိပေးအမှတ်အသားကိုကွယ်ပြီး ကြော်ငြာ

Nay Thiha
မန္တလေး - မုံရွာ ကားလမ်း
မိုင်တိုင် ၃/၂၅
စည်ပင်ကပဲခွင့်ပြုတာလား TGA ကပဲ မသိတာလား

ဒီနေ့ကာတွန်း

ဦးရာဝိက ရဲ့ မျိုးစောင့်ဥပဒေအပေါ် အမေး အဖြေ


UZa Wana

ဆရာတော် ဦးရာဝိက ရဲ့ မျိုးစောင့်ဥပဒေအပေါ် အမေး အဖြေ-အားလုံးဖတ်ရအောက် ကူးတင်ပေးလိုက်ပါတယ်
=========================================================
အမေးနဲ့အဖြေ

"အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး တပြည့်တော် သေသေချာချာ နားမလည်ဘူးဘုရား။ တပြည့်တော်မေးချင်တာက အမျိုးစောင့်ဥပဒေနဲ့ တပည့်တော်တို့မွန်တွေအတွက် ဘာဆိုးကျိုးများဖြစ်လာနိုင်မှာလဲဘုရား"

"ပထမဖြေကြားလိုတာကတော့ မျိုးစောင့်ဥပဒေဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။ မျိုးစောင့်ဥပဒေဆိုတာ (၁)ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ (၂) ထိမ်းမြားလက်ထပ်ခြင်းဥပဒေ၊ (၃)တစ်လင်တစ်မယားစနစ်ဥပဒေနဲ့ (၄) လူဦးရေးထိန်းညှိခြင်းဥပဒေတို့ကို ဆိုလိုတယ်။"

"ဒုတိယအနေနဲ့ ဖြေကြားလိုတာကတော့ အပေါ်ယံအရ ဒီမျိုးစောင့်ဥပဒေဟာ မွန်လူမျိုးတို့အတွက် ဆိုးကျိုးများများစားစား မရှိပါ။ မွန်မှာ ခရစ်ယာန်ဘာသာဝင်က တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ အိမ်ထောင်စု (၂၀၀)ကျော်ပဲ ရှိတယ်။ မွန်မူစလင်ဆိုတာကလည်း သန်းခေါင်စာရင်းထဲမှာ တရားဝင်မရှိခဲ့ဖူးပါ။ မွန်ဟိန္ဒူလည်း ပြောပလောက်အောင် မရှိပါ။ ဒါကြောင့် မွန်လူမျိုးတို့အပေါ် ဆိုးကျိုးသိပ်မရှိဘူးလို့ ဖြေဆိုပါရစေ။"

အတွင်းကျကျ လေ့လာခဲ့ရင်
၁။ ဘာသာတစ်ခုကနေ အခြားဘာသာတစ်ခုကို ပြောင်းချင်ရင် စိစစ်သူ ရှိနိုင်တယ်။ ကူးပြောင်းခြင်းစာချုပ်သဖွယ် ထားရှိရတယ်။ ဥပမာ-ခရစ်ယာန်မွန်တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်ချင်တယ်ဆိုရင် အခုလိုအေးအေးဆေးဆေး ပြောင်းလို့မရတော့ဘူး။ ဘာသာကူးပြောင်းခြင်းဆိုင်ရာခုံရုံးက ကျေနပ်မှပဲ ပြောင်းနိုင်ပါတော့မယ်။ ဒီအချက်ကို ပြည်သူတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်စွာ ကိုးကွယ်မှုကို ထိန်းချုပ်ဖို့ လမ်းစ ဖြစ်တယ်။ Freedom of religions ကို ချိုးဖောက်တာ ဖြစ်တယ်။ (ဗုဒ္ဓဘာသာအရ လူတစ်ယောက်က အခြားလူတစ်ယောက်ကို စိစစ်ပြီး ဘာသာဝင်အဖြစ် ခံယူစေတဲ့ အလေ့အထ မရှိဘူး။ စိစစ်သူကိုယ်တိုင်က ဗုဒ္ဓဘာသာဝင် စစ်ချင်မှ စစ်မယ်။ အရိယာမဖြစ်သေးရင်တော့ မစစ်ဘူး)

၂။ ထိမ်မြားလက်ထပ်ခြင်းဥပဒေက ဒီထက် ပိုဆိုးနိုင်တယ်။ လင်မယား(၂)ယောက်အနေနဲု့ဘာသာရေးခံယူချက် မတူရုံနဲ့ အိမ်ထောင်ပြုလို့ မရတော့ပါ။ အမျိုးသားက ဗုဒ္ဓဘာသာ၊ အမျိုးသမီးက မူစလင်ဆိုရင် မရပါ။ အမျိုးသားက မူစလင်၊ အမျိုးသမီးက ခရစ်ယာန်ဆိုရင်လည်း အိမ်ထောင်ပြုလို့ မရတော့ပါ။ အဲဒီလိုပဲ အိမ်ထောင်တစ်ခုထဲမှာ အမျိုးသားက ဘာသာတစ်ခု၊ အမျိုးသမီးက အခြားဘာသာတစ်ခု လွတ်လပ်စွာ ကိုးကွယ်ခွင့်လည်း မရှိတော့ပါ။ လင်မယား(၂)ယောက်စလုံး ဘာသာတူရမယ်လို့ ဥပဒေအရ ပြဌာန်းလိုက်တယ်။ ဒါဟာ အမျိုးသားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိးဖောက်ခြင်းဖြစ်တယ်။ ဘာသာတစ်ခုခုကို အတင်းယုံခိုင်းတာ ဖြစ်လို့ လက်ရှိ ၂၀၀၈-ခုနာဂစ်ဖွဲ့စည်းပုံ ပုဒ်မ ၄၆၄ ကိုတောင် ချိုးဖောက်လျက် ရှိပါတယ်။ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးဥပဒေနဲ့ တိုင်းတာမနေနဲ့တော့။ မျိုးစောင့်ဥပဒေ အခရာအကျဆုံးမှာ ဒီဥပဒေ ဖြစ်တယ်။ မြတ်စွာဘုရား မဟောတဲ့ တရား၊ ဗိုလ်ချုပ်အောင်ဆန်းမပြောခဲ့တဲ့စကားတွေကို ကိုးကားပြီး ဗုဒ္ဓဘာသာအမျိုးသမီးများရဲ့ အိမ်ထောင်ရေးကို ကြိုးကိုင်ဖို့ ကြံစည်ခြင်းဖြစ်တယ်။ အမျိုးသမီးများရဲ့ အိမ်ထောင်ရေးကို ထိန်းချုပ်ခြင်းမှာ ပုဂံခေတ်က အရည်းကြီးရဟန်းတို့နောက်မှာ အခု ပတမဆုံး တွေ့ရှိရခြင်းဖြစ်တယ်။

၃။ တစ်လင်တစ်မယားစနစ်ကိုတော့ ဝေဖန်စရာ မရှိပါ။ သင့်တော်ပါတယ်။ ဖွဲ့စည်းပုံတိုင်းလိုလိုက တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးလေ့ရှိပါတယ်။

၎။ လူဦးရေးထိန်းညှိခြင်းဥပဒေဆိုတာ ခြွင်းချက်ရှိပါတယ်။ ဒီဥပဒေအရ လူဦးရေကို ဘယ်လိုထိန်းချုပ်မလဲ သေချာမသိရသေးပါဘူး။ မိမိတို့မလိုလားတဲ့ လူမျိုးတစ်မျိုးကို တိန်းချုပ်ဖို့ဆိုရင် ဒီဥပဒေနဲ့ ကိုင်လို့ ရပါတယ်။ ဥပမာ - မွန်ပြည်နယ်မှာ လူဦးရေထူထပ်ပါတယ်။ မန္တလေး၊ရန်ကုန်တို့လိုပဲလူနေထူတပ်ပါတယ်။ ဒါကြောင့် မွန်ပြည်နယ်မှာ လူဦးရေထိန်းချ`ပ်ရမယ်လို့ ပြောလာနိုင်သလား ပြောလို့ မရသေးပါ။ သေချာတကတော့ ဒီဥပဒေဟာ ရခိုင်အဓိကရုဏ်းနဲ့ ပတ်သက်ခဲ့ဖွယ် ရှိတယ်။ ရခိုင်ရှိဘင်္ဂလီများကို ကလေး(၂)ယောက်ထက် မမွေးရ ဥပဒေပြဌာန်းဖို့ လုပ်ခဲ့ပါသေးတယ်။ အဲဒီအကျိုးဆက်အရ ဒီဥပဒေ ပေါ်ပေါက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဥပဒေဟာ ရခိုင်နဲ့ဗမာတို့ အဆိုပြုတဲ့ဥပဒေ ဖြစ်ပုံရပါတယ်။ ဒါကြောင့် ဒီဥပဒေကို ဝေဖန်ဖို့ အချိန်စောပါသေးတယ်။

အကျဉ်းချုံးလိုက်ရင် မျိုးစောင့်ဥပဒေဆိုတာ ပြည်သူတစ်ယောက်ရဲ့ ကိုးကွယ်မှု၊ ပြည်သူတစ်ယောက်ရဲ့ အိမ်ထောင်ရေးနဲ့ လူမျိုးတစ်မျိုးရဲ့ လူ့အရင်းအမြစ်ကို ကစားလို့ ရတဲ့အနေအထားတစ်ရပ်ကို ပေးပါတယ်။ အနာဂတ်မှာ လူမျိုးကို အခြေမပြုဘဲ ဒေသအမည်ကိုပဲ အခြေပြုမဲ့ အုပ်ချုပ်ရေးဌာနတွေကို ဖန်တီးဖို့ စစ်အုပ်စုမှာ အကြံအစည် ရှိပါတယ်။ ဘာသာရေးက အောင်မြင်လာတဲ့အခါ လူမျိုးအစား ဘာသာရေးအရပဲ သတ်မှတ်ကြတော့မှာမို့ မွန်ဆိုတာ မရှိ၊ ဗုဒ္ဓဘာသာပဲ ရှိတယ်၊ ကချင်ဆိုတာ မရှိ၊ ခရစ်ယာန်ပဲ ရှိတယ်၊ ပသီဆိုတာ မရှိ၊ မူစလင်များသာ ရှိတယ်။ ဒီလိုသွားပါလိမ့်မယ်။

စစ်အုပ်စုရဲ့ ပစ်မှတ်ကလည်း လူမျိုးရေးကို ဖြိုဖို့ပဲ ဖြစ်တယ်။ လူမျိုးရေးမရှိရင် အမျိုးသားလွတ်မြောက်ရေးလည်း မရှိတော့ပြီ။ ထေရဝါဒဗုဒ္ဓဗာသာမြန်မာလူမျိုးဆိုတဲ့ အလံထဲက ကြယ်တစ်ပွင့်ပဲ ကျန်စေမဲ့ မဟာဗျူဟာပါပဲ။ ဒီလောက်ဆို မေးသူက သိလောက်ပါပြီ။

" ခင်ဗျားကို မကြိုက်ဘူးဗျ"



By Ma Nandar

သန်းခေါင်စာရင်း စစ်တယ်ဆိုပြီး ခြင်ထောင်ကို လှန်ကြည့်တဲ့အထိ အစော်ကား ခံနေရတာတောင်မှ၊ အထဲက အိပ်နေသူကို စောင်ဆွဲလှန်မသွားတာ၊ ပါးရိုက်မသွားတာ ကျေးဇူးတင်ရမယ်လို့ ရင်တမမနဲ့ အနှစ်(၅၀)ကျော် နေနေခဲ့ရတဲ့ ဘဝတွေ။

လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာတောင် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ဆန္ဒလေးကို ကျယ်ကျယ်မပြောရဲတဲ့ ဘဝတွေ၊

နာဂစ်မုန်တိုင်းလို သဘာဝဘေးအန္တရာယ်မျိုး ကျရောက်လို့ ပူဆွေးသောကရောက်ပြီး သေလုမြောပါး ဒုက္ခပင်လယ်ဝေနေရတဲ့အထဲ၊
ဟယ်လီကော်ပတာကြီးနဲ့ လာပြီး အိုးရှိလား၊ ခွက်ရှိလား လာမေးသူတွေကို နေပူကြီးထဲမှာ ခြေဗလာ၊ လက်ဗလာနဲ့ အပြစ်တစုံတရာမှ မပြုလုပ်ရပါဘဲနဲ့ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီနေရတဲ့ ဘဝတွေ၊

ရွှံ့ရေသာသာလောက်ကို သောက်နေရလို့၊ ရေကောင်းရေသန့်လေး လိုချင်ပါတယ် ပြောမိလို့ ပါးရိုက်တာတွေရော၊ ပုဆိုးလှန်တာတွေရော စုံနေအောင် ဆဲဆိုကြိမ်းမောင်းခံလိုက်ရတဲ့ ဘဝတွေ၊

စပါးစိုက်ပျိုးပေးနေတဲ့ တောင်သူလယ်သမားကြီးတွေကိုမှထမင်းတနပ်လျှော့စားခိုင်းပြီး အကြွေးဆပ်ခိုင်းခံရတဲ့ ဘဝတွေ......
စသဖြင့် စသဖြင့် ပြောရမယ်ဆို နှုတ်မှာ မဆန့်၊ ရင်မှာ အပြည့် လက်တွေ့ဘဝတွေ။

အဲသည့်လို ဘဝတွေက လွတ်မြောက်သွားပြီးသမ္မတတစ်ယောက်လမ်းလျှောက်လာနေချိန်မှာ သူမြင်နိုင်ကြားနိုင်တဲ့ နေရာကနေ " ခင်ဗျားကို မကြိုက်ဘူးဗျ" လို့ အန္တရာယ်ကင်းစွာ လှမ်းအော်ပြောနိုင်တဲ့ ဘဝတွေ ဖြစ်သွားပြီဆိုရင် ကျွန်ုပ်တို့ လူ့အခွင့်အရေးအတော်ကလေး ရသွားပြီလို့ (အကြမ်းအားဖြင့်) ပြောနိုင်ပါပြီ။

အစားကောင်းအသောက်ကောင်း ဆိုတာတောင်မှ ကိုယ်တိုင်စားဖူးသောက်ဖူးမှ အရသာ သိတာမျိုးကလား။
လူ့အခွင့်အရေးဆိုတာလည်း ဒီသဘောမျိုးပါပဲ။

ကျမတို့ မြန်မာပြည်သူလူထုအများစု အနေနဲ့မိမိတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ တခါမှ မခံစားဖူးဘဲ၊ ဆုံးရှုံးနေမှန်း မသိ ဆုံးရှုံးနေရတာကိုက အင်မတန် ဝမ်းနည်းစရာ၊ သနားဂရုဏာသက်စရာ ကောင်းလှပါတယ်။

ဒီတော့ကာ မြန်မာနိုင်ငံမှာက မွေးကတည်းက လူသားတစ်ယောက်ရဲ့ အခွင့်အရေးကို လုယူခြင်းခံထားရတဲ့ အဖိနှိပ်ခံ မြန်မာပြည်သူလူထုအများစုဟာလည်း
ဟာလည်း

" လူ့အခွင့်အရေးဆိုတာ ငါ့အတွက်တော့ ရပ်ကွက်လူကြီးက ပြုံးပြနှုတ်ဆက်တာလောက်တောင် အရေးမပါ ပါဘူး " ဆိုတဲ့ အခြေအနေမျိုး၊ အနေအထားမျိုးရောက်အောင် ဖန်တီးခံထားရတဲ့အတွက် အဖိနှိပ်ခံ ပြည်သူလူထုတချို့အနေနဲ့ လူ့အခွင့်အရေးအတွက် တောင်းဆိုနေသူတွေကို အပိုတွေလုပ်နေသူများလို့ သဘောထား အပြစ်မြင်နေတာကိုလည်း အပြစ်မဆိုရက်ပါဘူး။

လောလောဆယ်မှာတော့ မြန်မာပြည်သူလူထုဟာလည်းလူ့အခွင့်အရေးရဲ့ အနှစ်အရသာကို မခံစားဖူးတဲ့ အချို့သော အယူဝါဒအစွဲကြီး နိုင်ငံများမှ ပြည်သူလူထုများနည်းတူသနားစဖွယ်လူသားများအဖြစ် ကမ္ဘာ့အလယ်မှာ ရပ်တည်နေရပါတယ်ဆိုတာကို နားလည်သိရှိကြမယ်ဆိုရင်ဖြင့် လူ့အခွင့်အရေး ဆိုတာကြီးကို စိတ်ဝင်စားတန်ကောင်းပါရဲ့နော်။

နန္ဒာ

ရာဇာမင်းကားလိုင်းတွေကို ဘယ်သူမှ အပြစ်တင်တာ မတွေ့မိဘူး



Thet Swe Win

အမြန်လမ်းမှာ ရာဇာမင်းကားမှောက်တာကို လမ်းကို အပြစ်တင်တဲ့သူကတင် ကားဆရာကို အပြစ်တင်တဲ့သူကတင်နဲ့ ကားလိုင်းတွေကို ဘယ်သူမှ အပြစ်တင်တာ မတွေ့မိဘူး။ ကျနော်မနှစ်တုန်းက နေပြည်တော်ကနေ ရန်ကုန်ကိုအပြန် အိမ်နဲ့လဲနီး ညနေ၅နာရီမှာ အစောဆုံးထွက်တဲ့ ရာဇာမင်းကားနဲ့ ပြန်ဖြစ်တယ်။ ကားက ထွက်လာကတည်းက တုန်ခါနေတာ။ နေပြည်တော် အထွက် မိုင်၃၀ လောက်လဲရောက်ရော ထိုးရပ်ပါလေရော။ ညနေ ၆နာရီလောက်ပဲရှိသေးတယ်။ ဒရိုင်ဘာက နေပြည်တော်ကို ကားလှမ်းမှာထားတယ်ဆိုပြီး ပြောလို့ စောင့်ကြတာ ည ၂နာရီကျော်မှ ကားတစ်စီးရောက်လာတယ်။ ဒီကြားထဲမှာတော့ အမှောင်ထဲမှာ ငုတ်တုတ်ပေါ့။ ခရီးသည်တွေလဲ ရန်ကုန်ဂိတ်ကို ဖုန်းဆက်ပြီး ပြဿနာရှာတဲ့သူကရှာ။ နေပြည်တော်ဂိတ်ကိုလှမ်းဆဲတဲ့သူကဆဲနဲ့။ မိုင် ၃၀ ကျော်လေးပဲရှိသေးတာကို။ ကားလွှတ်မယ်ဆိုပြီး မလွှတ်တာလေ။ ကျနော်က ဒီကြားထဲမှာ ဒရိုင်ဘာကို မိတ်ဖွဲ့ပြီး ကားသမားဘ၀ကိုမေးကြည့်ဖြစ်တယ်။ သူတို့တွေက ခေါက်ရေနဲ့ရတာဖြစ်တဲ့အကြောင်း။ ကျနော်တို့ စီးလာတဲ့ကားဆိုရင် မော်လမြိုင်ကနေ ရန်ကုန်ကို တက်လာတာဖြစ်ကြောင်း။ ရန်ကုန်ရောက်တာနဲ့ မနားရပဲ နေပြည်တော်ချက်ချင်းတက်လာရကြောင်း။ နေပြည်တော်ကနေ အခု ရန်ကုန်ကို ချက်ချင်းပြန်ထွက်လာရတဲ့အကြောင်း ပြောပြပါတယ်။ ရန်ကုန်ရောက်ရင် ခနအိပ်ပြီး မနက်ကျရင် တခြားတမြို့ကို ဆက်ထွက်ရဦးမှာ ဖြစ်လို့ နားချိန် အိပ်ချိန်ဆိုတာ မရှိသလောက် နည်းပါတယ်လို့ပြောပါတယ်။ သူတို့ ကားသမားဘ၀တွေက ကားပေါ်အိပ် ကားပေါ်စား ဘ၀တွေပါ။ ကားပိုင်ရှင်တွေက ပိုက်ဆံလိုချင်တိုင်း ကားသမားတွေကို မညှာမတာ မောင်းခိုင်း၊ ယဉ်တိုက်မှုဖြစ်ရင်တော့ ကားသမားကသာ ခံရတာ။ ကားပိုင်ရှင်တွေ ကအနေသာကြီး။ အစိုးရတွေအနေနဲ့ရော၊ မီဒီယာတွေအနေနဲ့ရော နောက်ကွယ်က ဇာစ်မြစ်ကို လိုက်ပြီးဖော်ထုတ်ဖို့လိုပါတယ်။ အဝေးပြေးကားတွေ မတော်တဆထိခိုက်မှုတော်တော်များများရဲ့ နောက်ကွယ်မှာ ကားပိုင်ရှင်တွေ၊ ကားလိုင်းတွေရဲ့ လောဘဇောတိုက်ပြီး အလုပ်ချိန်ကျော်လွန် မောင်းနှင်ခိုင်းခြင်းကြောင့် ဖြစ်တယ်။

နေပြည်တော် တည်ဆောက်မှု လျှို့ဝှက်ချက်များ (၁)


Maha Mingyi

မြန်မာပြည်တွင် ဘုရင်ဆိုသော ပဒေသရာဇ်စနစ်အား အရူးထလုပ်ဆောင်သော လုပ်ငန်းများထဲတွင် မိမိတို့နေထိုင်ရန်နှင့် စီမံခန့်ခွဲရန် အကြောင်းရင်းများအပါဝင် မိမိနှင့် မိမိ၏ ဆွေမျိုးညာတိများအတွက် လုံခြုံရေးသည် အရေးကြီးကြောင်း အထူးသတိထားရကာ နေပြည်တော်ဆိုသော မင်းဘုရင်ရူးတို့၏ မြို့တခု မြန်မာတွင် ပေါ်ထွက်လာတတ်သော အလေ့ထ အစဉ်လာများ ရှေ့သမိုင်းများတွင် ရှိသကဲ့သို့ ယခု လက်၇ှိ ကြပ်ပြေး နေပြည်တော် ဆိုသော ကွင်းထီးခေါင်ကြီးတခုလည်း ထိုးထိုးထောင်ထောင် အဆောက်အုံများဖြင့် ပေါ်ထွက်လာလေပြန်သည်။

မြန်မာပြည်တွင်သာမက ထိုခေတ်ထိုကာလတွင် အရှေ့တောင်အာရှဝယ် မင်းဘုရင်တို့၏ စည်းဇိမ်အား ပထမဆုံးရူးနှမ်းသူမှာ မလေးရှားနိုင်ငံမှ ၀န်ကြီးချုပ်ဖြစ်သူ မဟာသီယာ ဘင် မူဟာမက်ဖြစ်ခဲ့သည်။ မဟာသီယာသည် မလေးရှားနိုင်ငံအား ဒီမိုကရေစီဆိုသော အသုံးနုံန်းဖဲချပ်ကို လှန်ပြ၍ ဗျူ၇ိုကရေစီစနစ်ဖြင့် နှစ်ပေါင်း (၂၀) ကြာမျှ အုပ်ချုပ်ခဲ့ပြီး နောက်ဆုံးတွင် အတိုက်ခံတို့၏ နာကျဉ်းလာမှုအား ၄င်းမှတွေ့၇ှိဆန်းစစ်မိပြီး ၄င်း၏ လုံခြုံရေးအတွက် ကွာလာလမ်ပူမြို့တော်နှင့် ၁၅ မိုင်ခန့်ဝေးကွာသော ပုတ္တရာဂျာယားတွင် မြို့တော်အသစ်တခုအား ၁၉၉၇ ခုနှစ်တွင် အဆိုပါဒေသတွင်း၇ှိ ရော်ဘာခြံများနှင့် ဆီအုန်ခြံများအား ဖျက်သိမ်းစေခဲ့ကာ လူဦးရေပေါင်း ၃သိန်း၃သောင်းမျှ နေထိုင် စီမံခန့်ခွဲနိုင်သော ပုတ္တရာဂျာယားမြို့သစ်အား သန်းပေါင်း တစ်ထောင် ဒသမ သန်း သုံးရား အကုန်ခံကာ တည်ဆောက်လုပ်ကိုင်ပြီး နောက် နှစ်ပေါင်း ၁၅ အကြာထိပင် ထပ်မံဖြည့်စွက်မွန်းမံသည့်အနေဖြင့် အမေ၇ိကန်ဒေါ်လာ သန်းပေါင်း ၆ ခြောက်ထောင်ကျော်မျှ ဖြည့်စွက် လုပ်ကိုင်တည်ဆောက်သွားရန် ဥပဒေတ၇ပ် အခိုင်မာထည့်သွင်းရေဆွဲခဲ့ကာ လက်ရှိကွာလာလမ်ပူမြို့အား စီးပွါးရေး မြို့တော်အဖြစ် သတ်မှတ်ပြဌာန်းပြီး ၄င်းတည်ဆောက်စီမံသော ပုတ္တရာဂျာယားနေပြည်တော် မြို့သစ်အား အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး မြို့တော်အဖြစ်သတ်မှတ်ကာ ၁၉၉၉ ခုနှစ်တွင် ပြောင်းရွှေ စံနေတော်မူခဲ့လေသည်။ သို့သော် နိုင်ငံတကာ သံ၇ုံးများဖြစ်သော သံရုံးပေါင်း ၆၈ ရုံးမှာတော့ ပုတ္တရာဂျာယား အရူးများမြို့နေပြည်တော်သို့ ယနေ့ထက်ထိတိုင် ပြောင်းရွေ့ပူးပေါင်းခြင်းမ၇ှိသေးပါ။

သို့သော် မြန်မာပြည်မှ စစ်အာဏာရှင်ကြီးနှင့် ထောက်လှမ်းရေးလူ့မုဒိန်းများမှ ၁၉၉၇ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ (အာစီယံ) အဖွဲ့ဝင်အဖြစ်ထည့်သွင်းရန် ကြိုးစားနေကြချိန်နှင့် ချိန်ကိုက်အခါတိုက် ဖြစ်နေခဲ့လေရာ ထိုအခါက မလေးရှားဝန်ကြီးချုပ် မဟာသီယာ ဘင် မူဟာမက်၏ အမိန့်တော်ဖြင့် မြန်မာနိုင်ငံရန်ကုန်မြို့သို့ မလေးရှားမှ ၀န်ကြီး ၆ ဦး ဆိုက်ဆိုက်မြိုက်မြိုက်ပင် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် လေ့လာချစ်ကြည်ရေး မျက်နှာဖုံးဖြင့် ရောက်၇ှိလာကြပြီး ထိုအခါက ရက်စက်ချိန်းခြောက်မှု မိုးသဲမိုးသီးများ ဖြိုင်ဖြိုင် သွန်းဖြိုး ရွာချနေနိုင်သော ထောက်လှမ်းရေး ဗိုလ်ချုပ် ခင်ညွန့်အပြင် မင်းဘုရင်အဖြစ် အရူးထစပြုလာနေပြီဖြစ်သော ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် အိမ်ရှေ့စံ မင်းသားကြီါ်ကဲ့သို့ အရက်တမြမြနှင့် လျာလေးအာလေး စကားနှေးသော ဗိုလ်ချုပ် မောင်အေး တို့နှင့် (၂) အတွင် ၄ ကြိမ်မျှ ဆွေးနွေးခဲ့ကြပြီး မဟာသီယာ မှ လွှတ်လိုက်သော ၀န်ကြီးများက မြန်မာပြည် တနသာင်္ရီတိုင်းနှင့် မွန်ပြည်နယ်ဒေသအတွင်း စာအုံန်းဆီ ဧက ၇၀၀၀ ခုနှစ်ထောင် နှင့် ရော်ဘာခြံ ဧက ၉၈၀၀ ကိုးထောင်ရှစ်ရာအား မြေငှားလုပ်ကွက် နှစ်(၅၀) စာချုပ်ဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုများကို ချုပ်ဆိုခဲ့ကြ၏။ အကြောင်းမှာ.. မဟာသီရာ၏ ၁၉၉၇ မတ်လတွင် စတင် အကောင်ထည်ဖေါ် ဆောက်လုပ်တော့မည်ဖြစ်သော အထက်ဖေါ်ပြပါ ပုတ္တရာ ဂျာယား နေပြည်တော် မြို့သစ်အစီမံတွင် ဖယ်ရှားရှင်းလင်းလိုက်မည်ဖြစ်သော စာအုန်းဆီ ဧက ၂၅၀၀ နှင့် ရော်ဘာခြံဧက ၃၈၀၀ အတွက် နစ်နာသွားကြသော လုပ်ငန်းရှင်များအတွက် မြန်မာပြည်တွင် ပြန်လည် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ပေါချောင်ချောင်ဈေးဖြင့် လာရောက်ငှားရမ်းခြင်းခဲ့ဖြစ်ခဲ့လေသည်။

မလေးရှားနိုင်ငံဘက်မှလည်း ပြန်လည်တုန့်ပြန်သည့်အနေဖြင့် နိုင်ငံတကာမှ မြန်မာစစ်အာဏာရှင်အုပ်စု၏ လူ့အခွင့်ရေးချိုးဖေါက်မှုနှင့် ဥပဒေမဲ့ ပြည်သူပြည်သားများအပေါ် ကိုင်တွယ်စီမံဖိနှိပ် အုပ်ချုပ်မှုတို့အား ကန့်ကွက်နေသည့်အကြားမှပင် မဟာသီယာ ဘင် မူဟာမက်၏ ကျေးဇူးတော် ဖြင့် ၁၉၉ရ ခုနှစ် ဂျူလိုင်လ ၂၃ ရက်နေ့တွင် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ဝင်အဖြစ် အသိမှတ်ပြုခဲ့၇ပြီး ၀ါးလုံးခေါင်းထဲမှ ခုန်ထွက်လာသော မျက်စေ့ ကလည်ကလည် ပြူးပြူးပြာပြာ ဖြစ်နေသော မြန်မာစစ်အာရှင် ဖားသူငယ်မှာ အာစီယံ ဟုခေါ်သော The Association of Southeast Asian Nations (ASEAN) ရာဝင် စဉ့်အိုးထဲသို့ ရောက်ခွင့်ရခဲ့လေသည်။

သို့သော် အာစီယံ နိုင်ငံများနှင့် မလေးရှား ၀န်ကြီးချုပ်တို့ နောက်ပိုင်းတွင် မခံချိမခံသာ ဖြစ်ခဲ့ရသော အကြောင်းရင်းမှာ အရှေ့တောင်အာရှနိုင်ငံများအတွင်းသို့ တရုတ်အစိုးရမှတဆင့် မြန်မာအစိုးရအား လူယုံလက်သတ်မွေးကာ အာစီယံအဖွဲ့ဝင်နိုင်ငံများနှင့် အနောက်နိုင်ငံများတို့၏ ဆက်ဆံရေးများအား စုံးစမ်းထောက်လှမ်းကာ တရုတ်အစိုးရထံပေးပို့ရန် လုပ်ငန်းများကို မြန်မာ နိုင်ငံကိုယ်စားလှယ်များမှ လုပ်ဆောင်နေကြောင်း ကိစ္စများ တဖြေးဖြေးပေါ်ထွက်လာခဲ့ပြီး အာစီယံ အသင်းဝင်နိုင်ငံများအနေနှင့် ကန့်လန့်တိုက် ဒဇောင်းလိုက်နေသော မြန်မာအတွက် စိတ်ပျက် ၀မ်းနည်းခဲ့ကြရလေသည်။

ထိုစဉ်အခါ (၁၉၉၇) ခုနှစ်ကပင် မြန်မာ စစ်ထောက်လှမ်းရေးမှ တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးအဖြစ်သို့ ၁၉၉၇ နိုဝင်ဘာလ ၁၈ရက်တွင် မိမိဘာသာ မိမိ ရာထူးတိုးမြှင့်လိုက်သော ဗိုလ်ချုပ်မှူးကြီးအား ၀ိုင်းဖားကြသည့်အနေဖြင့် မြန်မာအလင်း သတင်းစာတွင် အားစီယံတပ်မဟာမှူးချုပ်ကြီးအဖြစ်သို့ မကြာခင် တာဝန်ယူဆောင်ရွက်လာ၇န်ရှိကြောင်းကို အင်းစိန်အကျဉ်းထောင်ထဲတွင် ထောင်နန်းစံနေသော ဘ၀မှာပင် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့ ည ၈ နာရီခန့်တွင်း အင်းစိန် အကျဉ်ထောင်၏ အထီးကျန်ဂေဟာ သီးသန့် အမှတ် (၆)တွင် သေဆုံးခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ပြုတ်ဟောင်း ဦးဝင်းအောင် (ဗိုလ်မှူးကြီး) မှ (မဟာ သမွန်) ဆိုသော ကလောင်ဖြင့် တပ်ချုပ်ကြီး၏ ဖင်သို့ လေပြေမှုတ် ဖျော်ဖြေတင်ဆက်သည့် ဆောင်းပါးရှည်ကြီးတပုဒ်အား စာရေးသူ ငြီးငွေ့စွာ အားတင်းဖတ်ရှု့ရင်း ဆောင်းပါးပြီးဆုံးအောင် ဘုံးတော်ဘွဲ့များအား ကြိတ်မှိတ်ကျော်ဖြတ်ကာ ဖတ်ဘူးခဲ့ရလေသည်။ ထိုဆောင်းပါးရှည်၏ ဘုံးတော်ဘွဲ့အချီးမြောက်များကြောင်လားပင် မပြောတတ်သော်လည်း အဆိုပါ ကလောင်ရှင် ထောက်လှမ်းရေး ဗိုလ်မှူးကြီး ၀င်းအောင် ( မဟာ သမွန်) မှာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာပင် နယူးယောက် ကုလသမဂ္ဂ၏ နိုင်ငံတကာ မူးယစ်ဆေးဆိုင်ရာ တားမြစ်ကန့်သတ်ရေးညီလာခံတွင် စကားမှားခဲ့လေသော ဦးအုန်းကျော်၏ နေရာတွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ်သို့ ဆောင်ရွက်ခွင့် ထူးကဲစွာ ရရှိမြောက်စားခြင်းခံရလေ၏။

သို့ဖြင့်၍ ၁၉၉၉ ခုနှစ် ကိုးလေးလုံးဟု အတိုက်ခံများ တင်စားခေါ်ဝှော်သော နှစ်ပတ်လည် သင်္ကြန်အမြောက် ပစ်ဖေါက်မထွက်လေသော ပွဲအား အာဏာရှင်နှင့် ထောက်လှမ်ရေး တို့မှ ဒေသအလိုက်ပင် ကန့်သတ်ကြားဖြတ် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ယခု အနားယူကာ ကာတွန်းဖတ်နေသော တပ်ချုပ်ကြီး၏ အိမ်ထိန်းချုပ်ကြီး ဒေါ်ကြိုင်ကြိုင်ကိုးကွယ်ဆည်းကပ်သော မယ်လမု ချောင်းဘေးတွင် တဲထိုးနေထိုင်ကာ ဘိုးတော် ဖိုးရွှေ၏ ဓါတ်စီးစကားအရ ထိုစဉ်က တပ်ချုပ်ကြီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကျန်စစ်သားမင်း ၀င်စားကြောင်း ဗိုလ်ချုပ်ရွာတွင် သတင်းပေါက်ကာ တပ်ချုပ်ကြီးမှာလည်း အရူးဘုံမြောက် ချီချောက်ခေါင်းရွက်သကဲ့သို့ ဖြစ်ရပြီး မင်းနေပြည်တော်တခု တည်ဆောက်ရန် အကြံပေါက်ကာ ၄င်း၏ သားငယ် ဖိုထိုးထင်းခွေသော ပျဉ်းမနားဒေသတွင် ဓါတ်ကျကာ ယခုနေပြည်တော်အားတည်ဆောက်ဖို့ ဖြစ်ခဲ့ရကြောင်းပါ………..

ဆက်လက်ပြီး မနက်ဖြန် မေလ ၁၃ ရက်နေ့တွင် ဆက်လက်ကာ နိဂုံးပိုင်းအား ယာတြာ ၊ နိုင်ငံရေးအခင်းကျင်း၊ စစ်ရေးဗျူဟာနှင့် စီမံတည်ဆောက်ပုံ အသေးစိတ်တို့အား ဆက်လက် တင်ပြပေးသွားပါမည်။

စာဖတ်သူများအား ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး