Wednesday, May 14, 2014

အမြန်လမ်းပေါ်မှ အကျွတ်အလွတ်ပွဲ



 May 14, 2014
7day Daily

‘‘ကျွန်တော် ကျွန်မတို့ ကျွေးမွေးတဲ့အစားအစာများကိုလည်း သိသိသာသာ အားရပါးရ လာရောက်ယူငင်စားသုံးကြပါရန် ရိုသေလေးမြတ်စွာဖြင့် ပန်ကြားအပ်ပါတယ်ခင်ဗျာ’’

မေလ ၁၀ ရက် ည ၁၀ နာရီကျော်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၆ မိုင် လမ်းဘေး၌ ယာယီတည်ဆောက်ထားသည့် မဏ္ဍပ်အတွင်းမှ ထွက်ပေါ်လာသော ဖိတ်ကြားသံ။ ထပ်တလဲလဲခေါ်ယူနေသည့် ထိုအသံက မလှမ်းမကမ်းရှိ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအတွင်း ညစာစားသောက်နေကြသော ခရီးသွားပြည်သူများနားသို့ပင် ကျယ်လောင်စွာ ပျံ့နှံ့ရိုက်ခတ်လျက်။

အစားအသောက်များ ကျွေးမွေးမည်ဖြစ်သည့်အတွက် လာရောက်စားသုံးကြပါရန် ဖိတ်ကြားနေခြင်းဖြစ်သော်လည်း သက်ရှိထင်ရှား လူပုဂ္ဂိုလ်များကို ဖိတ်ခေါ်နေခြင်းတော့မဟုတ်။ သေဆုံးသွားပြီး မကျွတ်မလွတ်ဖြစ်နေကြသည့် မြန်မာပြည်တစ်နံတစ်လျားရှိ သရဲ၊ တစ္ဆေ၊ ပြိတ္တာအပေါင်းတို့ကို ဖိတ်ခေါ်နေခြင်းသာဖြစ်သည်။

၁၁၆ မိုင် သုညဖာလုံ ဘေးတည့်တည့်တွင် သဲပုံစေတီတစ်ဆူ တည်ထားသည်။ အဆိုပါ သဲပုံစေတီကို ရာဇမတ်ကာထားပြီး အတွင်းသို့ မည်သူမှမ၀င်ရဘဲ ဘုရားဖူးလာရောက်သည့် ပြိတ္တာများ နားနေရန်အတွက်ဟု သတ်မှတ်ထားသည်။ အနီးရှိ မဏ္ဍပ်အတွင်းမှာတော့ သံဃာတော်သုံးပါးနှင့် အကျွတ်အလွတ်ပွဲသို့ လာရောက်ကြသူများ အလုပ်ရှုပ်နေကြသည်။

ပြိတ္တာများကို အစာကျွေးမွေးမည့် အကျွတ်အလွတ်ပွဲ ကျင်းပသည့်နေရာမှာ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက် သန်းခေါင်ကျော် နံနက် ၂ နာရီကျော်က ခရီးသည်တင်ယာဉ်ကြီးနှင့် အိမ်စီးကားတစ်စီးတို့တိုက်မိ၍ မီးလောင်ရာမှ လူ ၁၂ ဦး သေဆုံးခဲ့ရသည့်နေရာနှင့် နှစ်ဖာလုံခန့်သာ ကွာဝေးသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရသည်။ လမ်းပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ ယာဉ်မောင်းအိပ်ငိုက်၍ဖြစ်စေ၊ ယာဉ်ချို့ယွင်းမှုကြောင့်ဖြစ်စေ မတော်တဆဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့ရသည်။ ရိုးရာယုံကြည်သူများကတော့ မကျွတ်လွတ်သေးသည့် ၀ိညာဉ်များကြောင့်ဟုလည်း မှတ်ယူမှုများရှိသည်။

အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူများသည် မကျွတ်မလွတ်ကြဘဲ အဆိုပါလမ်းပိုင်းနေရာများတွင်သာ တ၀ဲဝဲလည်လည်ဖြစ်နေကြရသည်ဟု မှတ်ယူသူများလည်းရှိသည်။ ယခုတော့ မကျွတ်မလွတ်သေးဟု ယူဆထားကြသူများက ၀ိညာဉ်များအတွက် အကျွတ်အလွတ်ပွဲကြီးကို အမြန်လမ်းပေါ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

‘‘ဉာတိပေတ ဥဒ္ဒိဿဒါန အကျွတ်အလွတ်ပွဲ’’ဟု ဗီနိုင်းကပ်ထားသည့် မဏ္ဍပ်ကြီးအတွင်း သင်္ကန်းပရိက္ခရာအစုံများ စီတန်းထားသည်။ မဏ္ဍပ်၏ သုံးပုံတစ်ပုံနေရာလေးကို ရာဇမတ်ကာရံထားပြီး အထဲတွင် ပိုက်ဖျာများ ခင်းကျင်းထားသည်။ ဖျာပေါ်တွင် ရေစက်ချရန် ရေစက်ခွက် ၁၂ ခွက်ကို စီရီထားသည်။ ထိုအတွင်းသို့ လူအများဝင်ရောက်ခြင်းမပြုရဘဲ ဆွေမျိုးပြိတ္တာများ ရေစက်ချရန်နေရာဟု ရေးသားထားသည်။

သဲပုံစေတီကို ကာရံထားသည့် ရာဇမတ်ဝင်းခြံတွင်တော့ ပရလောကမှလာကြသည့် ဧည့်ပရိသတ်များ တည်းခိုရန်နေရာဟု စာကပ်ထားသည်။ ရာဇမတ်အတွင်းမြေနေရာကို သဲဖြင့်ခင်းကျင်းထားပြီး ညီညာအောင် ပြုလုပ်ထားသည်။ ရာဇမတ်အပြင်ဘက်တွင် လူပရိသတ်များက အတွင်းသို့ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ ဓာတ်မီးဖြင့် သဲမြေနေရာကို ခဏခဏထိုးကြည့်နေသူများက သဲပေါ်တွင် ပြိတ္တာတို့၏ ခြေရာတစ်စုံတစ်ရာများ ပေါ်လာလေမလားဟု ဇွဲကောင်းစွာ ကြည့်ရှုနေကြခြင်းပင်။

‘‘သူတို့လာပြီဆိုရင် ခြေရာပေါ်လာတတ်တယ်။ အဲဒါကြောင့် သဲခင်းပေးထားတာ’’ဟု ဖြူးမြို့နယ်မှ ပွဲကျင်းပရေး အဖွဲ့ဝင်တစ်ဦးကဆိုသည်။ ခြေရာပေါ်၊ မပေါ် ဓာတ်ပုံရိုက်သူများ၊ ဓာတ်မီးဖြင့် ထိုးကြည့်နေသူများက သဲပုံစေတီ ခြံဝင်းနံဘေး ရစ်သီရစ်သီ။ ဒေသခံများလိုပင် ပွဲသို့ရောက်ရှိလာသည့် ရန်ကုန်နှင့် မန္တလေးမှ သတင်းမီဒီယာသမားများကလည်း ခြေရာပေါ်လိုပေါ်ငြား ဓာတ်ပုံတဖျတ်ဖျတ်ရိုက်လျက်။

ဤအကျွတ်အလွတ်ပွဲကို မေလ ၁၀ ရက် ညနေက စတင်ခဲ့သည်။ ဘုန်းတော်ကြီးများထံမှ တရားနာယူခြင်းကို စတင်ပြုလုပ်ကြပြီး ည ၁၀ နာရီတွင် ပထမအကြိမ် အစာကျွေးခြင်းကို ဆောင်ရွက်ကြသည်။ မြေစောင့်နတ်၊ မြေဖုတ်ဘီလူး၊ သုသာန်စောင့်နတ်များကို အသားဟင်းနှင့် ထမင်း၊ သက်သတ်လွတ်ထမင်း၊ ရေသန့် စသည်တို့ဖြင့် အစာကျွေးကြသည်။ အပင်ငယ်တစ်ပင်အောက်တွင် ကျွေးမွေးခြင်းဖြစ်ပြီး ခင်းကျင်းထားသည့် အစာထုပ်တစ်ဝိုက်တွင် ဖယောင်းတိုင်ငါးတိုင်နှင့် အမွှေးတိုင်များ ပတ်လည်ထွန်းညှိထားသည်။

ထို့နောက် ဘုန်းတော်ကြီးများက ပြိတ္တာတို့ လာရောက်စားသုံးကြရန် ဖိတ်ခေါ်ကြသည်။ ထိုသို့ နေရာများစွာကို လိုက်လံကျွေးမွေးပြီးသော်လည်း ကျွေးမွေးထားသည့်နေရာတွင် အစာထုပ်ကို ဓာတ်ပုံရိုက်သူများမစဲပေ။ ဓာတ်ပုံထဲတွင် ပြိတ္တာအရိပ်အယောင် တစ်စုံတစ်ရာပေါ်လိုပေါ်ငြား မျှော်လင့်ချက်ဖြင့် ရိုက်ကူးနေကြခြင်းဖြစ်သည်။ သို့တည်းမဟုတ် အစာထုပ်ရှိ ထမင်းပေါ်တွင် လက်ချောင်းရာပေါ်လာမည်လား၊ ရေသန့်ဘူးတစ်ဝက်လျော့သွားမည်လားဟု မျှော်လင့်သူများကလည်း စောင့်ကြည့်လျက်ရှိသည်။

ပွဲစီစဉ်သည့် အဖွဲ့ဝင်များနှင့် အနီးအနားမှ ဒေသခံများက ၁၁၆ မိုင် လမ်းဘေးဝဲယာတစ်ဝိုက်တွင် ဆီမီးတိုင်နှင့် အမွှေးတိုင်များကို လိုက်လံထွန်းညှိကြသည်။ လမ်းဘေးဝဲယာရှိ ချုံများ၊ တောများအတွင်းလည်း ဆီမီးထွန်းညှိကြသည်။ ထို့နောက် မန္တလေးဗြဟ္မစိုရ်ဆရာတော်ကြီးက အကျွတ်အလွတ်ပွဲသို့ လာရောက်သည့် ပြိတ္တာများကို အမျှဝေခြင်း ပြုလုပ်သည်။ ‘‘ဟိုနောက်က ပြိတ္တာတွေ စကားမများကြနဲ့’’ဟု ဆရာတော်ကလှမ်းမိန့်သည်။

ခေါ်ယူရာတွင် အကြောင်းကြောင်းကြောင့် သေဆုံးသွားခဲ့ရသူများ၊ ကြွရောက်လာသူတို့၏ ကွယ်လွန်သွားသော မိဘဆွေမျိုး၊ ဇနီး၊ လင်သားများ၊ အမြန်လမ်းတွင် သေဆုံးသွားသူများ၊ တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားရသည့် စစ်သည်များ၊ မြန်မာပြည်တစ်ဝန်းရှိ မကျွတ်လွတ်သေးသူများအား ထည့်သွင်းဖိတ်ကြားခြင်း ဖြစ်သည်။

‘‘ထပ်တလဲလဲ ဖိတ်ကြားရတယ်။ ခရီးလွန်တာတွေရှိတယ်။ သာသနာစောင့်နတ်မင်းကြီးလေးပါးနဲ့ နတ်ကောင်းနတ်မြတ်တွေက ပြိတ္တာတွေ သာဓုခေါ်နိုင်အောင် ကူညီစောင့်ရှောက်ပေးပါလို့ မေတ္တာရပ်ခံရတယ်’’ဟု အကျွတ်အလွတ်ပွဲ ဦးဆောင်ကျင်းပသူ နတ်ရေကန်ဆရာတော် ဦးသောဘဏက မိန့်ကြားသည်။

ဖိတ်ကြားရာတွင်လည်း ပြိတ္တာ၊ တစ္ဆေသရဲများအနေဖြင့် ကြောက်လန့်ဖွယ်ရာရုပ်အဆင်းကို မပြကြရန်၊ ဆိုးရွားသည့် အနံ့အသက်များမပေးကြရန်၊ ထိတ်လန့်စရာများ မပြုလုပ်ကြရန်နှင့် အကျွတ်အလွတ်ပွဲကို လှူဒါန်းကြသည့် စေတနာရှင်များကို မနှောင့်ယှက်ကြရန် ကြိုတင်မေတ္တာရပ်ခံခြင်းကို အကြိမ်ကြိမ်ပြုလုပ်ကြသည်။

‘‘ကြွရောက်တော်မူကြပါ။ ကြွရောက်တော်မူကြပါ။ ကြွရောက်တော်မူကြပါ’’ဟု ဆွေမျိုးပြိတ္တာများ လာရောက်သုံးဆောင်ကြရန် ဖိတ်ခေါ်ပြီး အစာကျွေးပွဲကို စတင်လိုက်သည်။

ကျွေးမွေးမည့် အစားအစာများကို လူငယ်များက ပြင်ဆင်ကြသည်။ ၀ါးဖြင့်ယက်လုပ်ထားသည့် ခြင်းပေါ်တွင် ငှက်ပျောဖက်အုပ်ပြီး ထမင်းဖြူများကို ထည့်ကြသည်။ ချက်ပြုတ်ထားသည့် ဆိတ်သားဟင်းကို ခပ်ထည့်သည်။ အခွံနွှာပြီးသား ငှက်ပျောသီး၊ ပေါင်မုန့်ချပ်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ကွမ်းယာ၊ ဆေးပေါ့လိပ် စသည်တို့ကို ခြင်းထဲသို့ ထည့်သည်။ ထိုသို့ ပြင်ဆင်ပြီးသည့် ခြင်းများကို ကားပေါ်တင်ဆောင်လျက် ၁၁၆ မိုင်မှစ၍ အမြန်လမ်းတစ်လျှောက် နီးစပ်ရာမိုင်တိုင်များသို့ သယ်ဆောင်ကာ လမ်းဘေးတွင်ချ၍ ကျွေးမွေးခြင်း ပြုလုပ်ကြသည်။

အနီးအနားကျေးရွာများမှ ဒေသခံများလည်း အသီးသီးရောက်ရှိလာပြီး ကျွေးမွေးထားသည့် ထမင်းထုပ်များအနီး ရစ်သီရစ်သီလုပ်ကာ ဓာတ်ပုံရိုက်ကြပြန်သည်။ ရာဇမတ်အနီးကပ်၍ ခြေရာပေါ်လိုပေါ်ငြား ရှာဖွေကြပြန်သည်။

အမြန်လမ်းပေါ်တွင် ပထမဆုံးပြုလုပ်သည့် အကျွတ်အလွတ်ပွဲကို မန္တလေးဗြဟ္မစိုရ်ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော်ကြီး မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကထိကဆရာတော် အဂ္ဂမဟာဂန္ဓ၀ါစကပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒနှင့် ဖြူးမြို့မှ နတ်ရေကန်ကျောင်းတိုက် ဆရာတော်ဦးသောဘဏတို့က ဦးဆောင်၍ ဖြူးမြို့အခမဲ့နာရေးကူညီမှုအသင်း၊ ၀ါဆိုဦးလူမှုရေးအသင်း၊ ဖိုးလမင်းလူမှုကူညီရေးအသင်း၊ စေတနာရှင်မေတ္တာရှင်အဖွဲ့၊ ပဲနွယ်ကုန်းကျေးရွာ၊ တောကျွဲအင်းကျေးရွာတို့မှ ရွာသူ၊ ရွာသားများက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အကျွတ်အလွတ်ပွဲတစ်ခု ပြုလုပ်မည်ဆိုပါက ခုနစ်ရက်၊ ငါးရက်၊ သုံးရက် စသည်ဖြင့် ကြိုတင်၍ ပြုလုပ်မည့်နေရာ၊ အချိန်၊ နေ့ရက်တို့ကို တိတိကျကျ လိုက်လံဖိတ်ကြားရသည်။ ပြုလုပ်မည့်နေရာတွင် သဲပုံစေတီတစ်ဆူကို တည်ထားပေးရသည်။ သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ထားရှိပေးရသည်။ ပရလောကမှ ဧည့်သည်များ လာရောက်နားနေနိုင်ရန် နေရာတစ်ခု သတ်မှတ်ပေးထားရသည်။ အဆိုပါနေရာကို ရာဇမတ်ကာရံ၊ သဲခင်းလျက်၊ သောက်ရေအိုးကို အဖုံးဖွင့်လျက် သောက်သုံးနိုင်ရန် ထားရှိပေးရသည်။ ပရိက္ခရာရှစ်ပါးနှင့် လှူဖွယ်ပစ္စည်းများ၊ အစားအသောက်များကို ပြင်ဆင်ထားပေးရသည်။ ဆီမီးနှင့် အမွှေးတိုင်များကို နေရာအနှံ့ ထွန်းညှိပေးထားရသည်။ ခရီးလွန်နေသူများရှိသည်အတွက် ထပ်တလဲလဲ ဖိတ်ကြားခြင်းကို ပြုလုပ်ရသည်။

ညဥ့်သန်းခေါင်ယံအချိန်တွင် အစာကျွေးမွေးခြင်းကိစ္စများကို ဆောင်ရွက်ကြပြီး အစာကျွေးမွေးနေချိန်အတွင်း မီးများအားလုံးကို ပိတ်ပေးထားရသည်။ ထို့နောက် နောက်တစ်နေ့နံနက် ၈ နာရီတွင် အမျှအတန်းပေးဝေ၍ သာဓုခေါ်နိုင်ရန် တရားပွဲပြုလုပ်ပေးရသည်။ ဒါက အကျွတ်အလွတ်ပွဲများ၏ အစီအစဉ်ဖြစ်သည်။ အကျွတ်အလွတ်ပွဲများကို အထူးသဖြင့် မန္တလေးရှိသုသာန်များ၊ ပြင်ဦးလွင်သုသာန်၊ ဖြူးမြို့ရှိသုသာန်များတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသည်။

‘‘အကျွတ်အလွတ်ပွဲ လုပ်တယ်ဆိုတာ အမှောင်ထဲမှာ တိုင်ထောင်ပြီး ခဲနဲ့ပစ်ရသလိုပါပဲ။ မှန်ချင်လည်း မှန်မယ်။ မမှန်ချင်လည်း မမှန်ဘူး။ ဘုန်းကြီးအနေနဲ့ကတော့ ဒီအမြန်လမ်းမကြီးက သတ္တ၀ါတွေ ကျွတ်ချိန်တန်လို့ လာလုပ်ပေးရတယ်လို့ပဲ ယုံကြည်ထားတယ်။ ပုဂ္ဂိုလ်စွဲမပါဘူး။ လူမျိုးဘာသာမရွေးဘူး။ တစ်ဦးတစ်ယောက်တော့ ကျွတ်တမ်းဝင်သွားကြမှာပေါ့’’ ဟု နတ်ရေကန်ဆရာတော်ဦးသောဘဏက မိန့်ကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် မိုင်တိုင် ၄၅၊ ၉၀ မှစတင်ကာ မိုင်တိုင် ၁၀၀ မှ မိုင်တိုင် ၁၇၀ အကြားတွင် ယာဉ်တိမ်းမှောက်မှုများ အမြဲဖြစ်ပွားလေ့ရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း အန္တရာယ်ဖြစ်စေနိုင်သည့် အမြန်လမ်းနေရာများကို စာရင်းထုတ်ပြန်ခဲ့ရာ မိုင်တိုင်အမှတ် ၇၅ (၅ ဖာလုံ ၆ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၉၀ (၆ ဖာလုံနှင့် ၇ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၀၃ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၅၀ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၂၅ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၆၈၊ မိုင်တိုင်အမှတ် ၁၇၀ (၁ ဖာလုံနှင့် ၂ ဖာလုံကြား) နေရာများကို အထူးသတိပြုကြရန်ဖြစ်သည်။

ယာဉ်တိမ်းမှောက်ခြင်း၊ တံတားကိုဝင်တိုက်ကာ ချောင်းအတွင်းထိုးကျခြင်း၊ အမြန်လမ်းပေါ်တွင် လူသေအလောင်းတွေ့ခြင်း၊ ယာဉ်နှင့်ဆိုင်ကယ်တိုက်မိခြင်း စသည့်ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပြီး သေဆုံးဦးရေမှာလည်း မြင့်မားနေသည်။

အမြန်လမ်းကို ၂၀၀၉ ခုနှစ်မှ စတင်အသုံးပြုခဲ့ရာ ၂၀၁၃ ခုနှစ်အထိ ယာဉ်မတော်တဆမှုပေါင်း ၅၉၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၂၉၀ ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၁၀၀ ဦးအထိ ရှိခဲ့သည်။ စာရင်းများကို ပြန်ကြည့်ပါက ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာခဲ့သည်။

၂၀၀၉ ခုနှစ်တွင် သေဆုံးသူ ၄၇ ဦး၊ ၂၀၁၀ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦး၊ ၂၀၁၁ ခုနှစ်တွင် သေဆုံးသူ ၄၇ ဦး၊ ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ ၅၄ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် သေဆုံးသူ ၁၀၉ ဦးအထိ ရှိလာသည်။ ၂၀၁၄ ဇန်န၀ါရီလမှ ဧပြီလကုန်အထိ လေးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၆၈ ဦးရှိသည်။

ယခုနှစ် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်က ၁၁၆ မိုင်တွင် ယာဉ်မတော်တဆမှုကြောင့် ယာဉ်မီးလောင်ကျွမ်းကာ ပွဲချင်းပြီးသေဆုံးသူ ၁၂ ဦးရှိခဲ့သည့်အတွက် အမြန်လမ်းတွင် အများဆုံးသော လူသေမှုဖြစ်ခဲ့သည်။ တစ်ဦးကတော့ ဆေးရုံသို့ရောက်ပြီးမှ ကွယ်လွန်ခဲ့သည့်အတွက် ၁၃ ဦး ဆုံးရှုံးခဲ့ရမှုဖြစ်သည်။

‘‘သတိနဲ့အသိလိုတာပေါ့။ ဘာသာရေးကလည်း လိုပါတယ်။ ၂၀၀၉ ခုနှစ် မတ်လစဖွင့်ကတည်းက အခုထိဆိုရင် ဒါက အဆိုးရွားဆုံးယာဉ်တိမ်းမှောက်မှုနဲ့ မီးလောင်မှုပေါ့။ အခုအကျွတ်အလွတ်ပွဲကတော့ ကောင်းတဲ့ဟာကို ဘာသာရေးအရ လုပ်တာပါပဲ။ ဒီလိုလုပ်နေသလို ဒီလမ်းမှာသွားတဲ့လူတွေကလည်း အသိနဲ့သတိထားမယ်ဆိုရင် အန္တရာယ်ကင်းကြမှာပါ’’ဟု အကျွတ်အလွတ်ပွဲသို့ တက်ရောက်လာသည့် ဒေသခံတစ်ဦးကပြောသည်။

‘‘ဒီလမ်းကြီးကိုသွားမယ်ဆို ကီလိုမီတာတစ်ရာထက် ပိုမမောင်းရဘူးလို့ သတ်မှတ်ထားတာကို လိုက်နာမယ်ဆိုရင် အန္တရာယ်ကင်းမှာပါ။ လမ်းကို သွားနေကျမဟုတ်တဲ့လူတွေ။ ဘယ်နေရာမှာ အကွေ့ရှိတယ်ဆိုတာ မသိတဲ့သူတွေ။ အရှိန်က အရမ်းပြင်းတဲ့အချိန်မှာ ပါသွားတာပေါ့နော်။ အရှိန်မထိန်းနိုင်တော့ အရက်သေစာသောက်စားတယ်။ အိပ်ငိုက်တယ်။ စက္ကန့်ပိုင်းလေးငိုက်လိုက်တဲ့အငိုက်က လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးစေပါတယ်။ လမ်းကြောင့်က ရာခိုင်နှုန်းနည်းပါတယ်။ နောက်တစ်ခုက ယာဉ်တွေရဲ့ကြံ့ခိုင်မှု။ ကားအသစ်တွေ တာယာတွေကွဲတယ်။ ဒီမှာ ရာသီဥတုက ပူတယ်။ ကွန်ကရစ်ခင်းထားတယ်။ ကားတွေကပူရင် လေပေါင်ကတိုးလာမှာပဲ။ လူတွေက အသိနဲ့ထိန်းသိမ်းမယ်ဆိုရင် အန္တရာယ်ကို လျှော့ချနိုင်မှာပေါ့။ နောက်အရှိန်နှုန်းတိုင်းတဲ့ ကိရိယာရှိပါတယ်။ ကားမောင်းတဲ့ယာဉ်မောင်းတွေက အရှိန်နှုန်းတိုင်းတဲ့ ကိရိယာနားရောက်ရင် အရှိန်လျှော့ချလိုက်တယ်။ အဲဒါကိုကျော်ရင် ဆက်မောင်းတာပဲ။ ကျွန်မတို့အမြင်နဲ့ပြောရင် လမ်းကြောင့်ဆိုတာထက် လူတွေရဲ့အသိအမြင်နဲ့ စည်းကမ်းတွေ လိုက်နာဖို့လိုပါတယ်’’ဟု အမြန်လမ်း အရေးပေါ်ကြက်ခြေနီစခန်း တာဝန်ခံ ဒေါ်သန်းသန်းမြင့်က မှတ်ချက်ပေးသည်။

အမြန်လမ်းသည် အကွေ့အကောက်ပေါများ၍ ကွန်ကရစ်လမ်းပိုင်း လှိုင်းထခြင်းများ ဖြစ်ပေါ်သည့်အတွက် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ တစ်နာရီလျှင် ကီလို ၁၀၀ နှုန်းဖြင့်သာ မောင်းနှင်ရန် သတ်မှတ်ညွှန်ကြားထားသော်လည်း ကီလို ၁၀၀ အထက် ပိုမိုမောင်းနှင်မှုများက အသက်အန္တရာယ်ဆုံးရှုံးရမှုတို့၏ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်လာသည်။ ခါးပတ်ပတ်ကြရန် ညွှန်ကြားထားသော်လည်း အချို့ကလိုက်နာမှုမရှိပေ။

ယာဉ်တိမ်းမှောက်မှုများမှာ လမ်းပိုင်းဆိုင်ရာပြဿနာကြောင့်ဟု လက်ညှိုးထိုးခဲ့ကြသော်လည်း ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းများကြောင့် ဖြစ်ပွားသည့် မတော်တဆမှုများကတော့ ယာဉ်မောင်းတွင် တာဝန်ရှိပါသည်။

‘‘အရင်အစိုးရတုန်းက ရတဲ့ငွေနဲ့ လမ်းရှည်ရှည်ရဖို့ပဲ စိတ်ကူးခဲ့တယ်။ လမ်းလုံခြုံရေးအတွက် ဦးစားပေးလုပ်ခဲ့တာမရှိဘူး။ အခုတော့ လမ်းလုံခြုံရေးအတွက် အဓိကဦးစားပေးလုပ်သွားမယ်။ အရင်က ပိုက်ဆံရရင် လမ်းရှည်ရှည်ရဖို့ပဲ စိတ်ကူးတယ်။ သတ်မှတ်ချိန်အတွင်း အမြန်ပြီးအောင်လည်း လုပ်ရတယ်’’ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်လင်းက ပြောသည်။

လက်ရှိ ရန်ကုန်-နေပြည်တော်လမ်းကို USAID အမေရိကန်အစိုးရ၏ အကူအညီပေးရေးအစီအစဉ်မှ နည်းပညာအကူအညီပေးနိုင်ရေးအတွက် သင်တန်းများ ပို့ချပေးလျက်ရှိသည်။

ယာဉ်မတော်တဆမှုဖြင့် လူသေဆုံးမှုများလာခြင်းအပြင် ညဘက်မောင်းနှင်သူအချို့၏ နာနာဘာဝပရလောက ဖြစ်ရပ်ကြုံတွေ့ရသည်ဟူသည့် ပါးစပ်စကားသတင်းများစွာလည်း ပေါ်ထွက်လာခဲ့သည်။ အမြန်လမ်းတွင် မကျွတ်မလွတ်သေးသည့်ပုဂ္ဂိုလ်များ ရှိနေသည်ဟု ယုံကြည်သူလည်း ပေါများလာခဲ့သည်။

ထို့အတွက် အမြန်လမ်းတစ်လျှောက်တွင် မော်တော်ယာဉ်များဖြင့် မောင်းနှင်လျက် ပရိတ်ရွတ်ဖတ်ခြင်းကို သံဃာတော်များက ပြုလုပ်ပေးခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက တောင်ငူမြို့မှ သံဃာတော် ၁၈ ပါးက အန္တရာယ်ကင်းပရိတ်တရားတော်များကို ၁၄၆ မိုင်မှစ၍ မိုင်တိုင် ၈၄ အထိ ရွတ်ဖတ်ပေးခဲ့ကြသည်။ ယာဉ်မတော်တဆမှုကြောင့် လူ ၁၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့် ၁၂၅ မိုင် ၄ ဖာလုံတွင် ရပ်နား၍ အမျှဝေခဲ့ကြသည်။

ယခု အကျွတ်အလွတ်ပွဲ မပြုလုပ်မီကလည်း သံဃာတော်များသည် အမြန်လမ်းတစ်လျှောက် ပရိတ်တရားတော်များကို တတိယအကြိမ်မြောက် လှည့်လည်ရွတ်ဖတ်ခဲ့ကြသေးသည်။

၁၁၆ မိုင် အကျွတ်အလွတ်ပွဲသို့ ည ၁၁ နာရီခန့်တွင် အနီးအနားမှ ဒေသခံများ တဖွဲဖွဲရောက်ရှိလာကြသည်။ လူပေါင်း ၃၀၀ ခန့် လာရောက်သည့် ပွဲတစ်ပွဲဖြစ်ခဲ့သည်။ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များကလည်း လာရောက်ကူညီပေးခဲ့ကြပြီး အနီးအနားရဲစခန်းတစ်ခုက ၎င်းတို့ စခန်းဝင်းအတွင်းမှ မကျွတ်မလွတ်သည့် ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားခေါ်ယူပေးရန် တောင်းဆိုမှုရှိခဲ့သည်။ လူမှုရေးသင်းအဖွဲ့များကလည်း ထမင်းထုပ်များကို တက်ကြွစွာထုပ်ပိုးလျက် ကားဖြင့် လမ်းတစ်လျှောက် ချထားပေးလျက်ရှိသည်။

ညနေပိုင်းက လူမ၀င်ရောက်ရဟု စာကပ်ထားသည့် သဲပုံစေတီရာဇမတ်ကာခြံဝင်းအတွင်းသို့ ဦးဆောင်သူအဖွဲ့ဝင်အချို့က ၀င်ရောက်ကာ ဆီမီးနှင့် ပန်း၊ ရေချမ်း၊ အမွှေးတိုင်များ ထွန်းညှိခဲ့ကြသည်။ ညပိုင်းတွင်မှ ရောက်ရှိလာကြသည့် လူပရိသတ်များကတော့ ညနေပိုင်းက ၀င်ထွက်ခဲ့ကြသည့် ခြေရာများကို လက်ညှိုးထိုးကာ နာနာဘာဝပြိတ္တာတို့ရောက်ရှိ၍ ဘုရားဖူးသွားကြသည့် ခြေရာများဟု ယုံကြည်မှတ်ယူကာ အထူးအဆန်း ဓာတ်ပုံရိုက်ကူးလျက်ရှိကြသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ယင်းကိစ္စကို ၀င်ရောက်ရှင်းလင်းခြင်းမရှိပါ။ ဖြူးမြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကတော့ ‘‘အမှောင်ထဲကို ဓာတ်ပုံရိုက်ရင် အလုံးတွေ အစက်အပြောက်တွေ ပေါ်လာတယ်။ အဲဒါ ပြိတ္တာတွေ ရောက်နေပြီဆိုတာကိုပြတာ’’ ဟု ဆိုပါသည်။

ပွဲသို့ လာရောက်သတင်းယူသည့် ဓာတ်ပုံသတင်းထောက်တစ်ဦးကတော့ ‘‘ဒါက ကင်မရာလှည့်စားမှုကြောင့်ပါ။ ဘာမှမရှိတဲ့အမှောင်ထဲကိုရိုက်ရင် အဲဒီလိုဖြစ်တတ်တယ်’’ ဟု မှတ်ချက်ပေးသည်။

မေလ ၁၀ ရက် ည ၁၂ နာရီအချိန်ကို နီးကပ်လာပါပြီ။ အစာကျွေးမွေးခြင်းများလည်း ပြီးစီးသလောက် ဖြစ်နေသည်။ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် မေတ္တာရပ်ခံခဲ့သည့်အတိုင်း ထိတ်လန့် ဖွယ်ရာများလည်း မဖြစ်ခဲ့ပါ။ ဆိုးရွားသည့် အနံ့အသက်များလည်း မရခဲ့ပါ။ ကြောက်လန့်ဖွယ်ရာ ရုပ်ဆင်းသဏ္ဌာန်များလည်း မပြသခဲ့ကြပါ။ ထူးခြားမှုလည်း တစ်စုံတစ်ရာမတွေ့ခဲ့ရပါ။ ‘‘လူအရမ်းများတော့ ပြိတ္တာတွေက အနားမကပ်ရဲကြဘူး။ လူတွေရှင်းမှလာကြမှာ’’ဟု ဖြူးမြို့မှ ဒေသခံတစ်ဦးက သူ၏ယုံကြည်ချက်ကို ပြောပြသည်။

၁၂ နာရီခန့်တွင် ဒေသခံပရိသတ်များ၊ သတင်းမီဒီယာများနှင့် ပွဲစီစဉ်သူ အဖွဲ့ဝင်အချို့ ပြန်သွားကြပြီဖြစ်သည့်အတွက် အကျွတ်အလွတ်ပွဲကြီးကျင်းပနေသည့် မဏ္ဍပ်တွင် လူအတော်အတန် ရှင်းလင်းသွားသည်။ ညဥ့်သန်းခေါင်ကျော် ၁၂ နာရီခွဲခန့်တွင် လူရှင်းလင်းသွားသည့် မဏ္ဍပ်တစ်ခုလုံးကို မီးအမှောင်ချလိုက်သည်။ မဏ္ဍပ်အတွင်းနှင့် အပြင်ဘက်တွင် ကျန်ရှိနေသည့်လူများအားလုံး အသံတိတ်ဆိတ်သွားကြသည်။

ထို့နောက် မဏ္ဍပ်အတွင်းမှ ဆရာတော်များက နာနာဘာဝပြိတ္တာများကို တရားဟောသည့် အသံခပ်အုပ်အုပ် ညအမှောင်ထုထဲမှာ စတင်ထွက်ပေါ်လာပါတော့သည်။

7day

အမြန်လမ်းနှင့် အာမခံလုပ်ငန်း


Tuesday, 13 May 2014 10:14
Written by  မြန်မာလူငယ်တစ်ဦး
mizzimaburmese.com
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများဖြစ်ပေါ်နေခြင်းကြောင့် အထူးခရီးသွား အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်မည်ဖြစ်သည်ဟု ပုဂ္ဂလိကအာမခံလုပ်ငန်းများက ထုတ်ပြန်ကြေညာသည်။ အထူးခရီးသွားအာမခံလုပ်ငန်းကို နိုင်ငံတော် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ အထူးခရီးသွား အာမခံလုပ်ငန်းကို ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုထက်မနည်းက ဆောင်ရွက်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလ ၈ ရက်တွင် အထူး ခရီးသွား အာမခံလုပ်ငန်းကို စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ ယင်းစနစ်အရ ခရီးသွားသူ တစ် ဦးသည် မူလယာဉ်လက်မှတ်နှုန်းထားတွင် အာမခံကြေး (ပရီမီယံကြေး ) ကျပ် ၃၀၀ ကို အပိုဆောင်းပေး ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ရန်ကုန်-မန္တလေးခရီးစဉ်အတွက် ကားလက်မှတ်ခကျပ် ၁၀,၅၀၀ ကျသင့် ပါက အာမခံကြေး ကျပ် ၃၀၀ ကိုပါ ထည့်သွင်းပေးရမည်ဖြစ်ရာ ယင်းခရီးစဉ်အတွက်ကားလက်မှတ်ခမှာ ကျပ် ၁၀,၈၀၀ ကျသင့်သည် ဖြစ်သည်။ အာမခံကြေး ကျပ် ၃၀၀ ထားရှိပါက ယာဉ်မတော်တဆဖြစ်၍ သေဆုံးလျှင် လျော်ကြေးအနေဖြင့် ကျပ်သိန်း ၃၀ ရရှိမည်ဖြစ်သည်။ ထိခိုက်ဒဏ်ရာရရှိပါက အချိုးကျနှုန်း ထားများအတိုင်း လျော်ကြေးရရှိမည်ဖြစ်ပြီး အမြင့်ဆုံးငွေ ကျပ် ၂၄ သိန်း ရရှိမည်ဟု အာမခံလုပ်ငန်းများက ကြေညာသည်။

အသက်နဲ့ရင်းရသည့် အာမခံအထူးခရီးသွား အာမခံလုပ်ငန်းတွင် ငွေကျပ် ၃၀၀ အာမခံကြေးပေးသွင်း ခြင်းဖြင့် ကျပ်သိန်း ၃၀ ပြန်လည်ရရှိနိုင်မည်ဟု ယင်းအာမခံလုပ်ငန်းကို ဆောင်ရွက်သည့်သူများကဆို သည်။ ၀န်ကြီး တစ်ဦးကမူ လက်ဖက်ရည်တစ်ခွက်၊ မုန့်ဟင်းခါးတစ်ပွဲဖိုးပင် မရှိသောအာမခံကြေး ကျပ် ၃၀၀ ပေးသွင်းခြင်းဖြင့် အဆပေါင်း တစ်သောင်းကျော်ဖြစ်သော ကျပ်သိန်း ၃၀ အကာအကွယ်ရရှိနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ သို့သော် ကျပ် ၃၀၀ နှင့် အတူခရီးသည်၏ အသက်တစ်ချောင်း ကိုလည်း ထည့် သွင်းရင်းနှီးရမည်ဆိုခြင်းကိုမူ အဆိုပါဝန်ကြီးက ထည့်သွင်းပြော ဆိုခြင်းမရှိခဲ့ပေ။ အထူးခရီးသွား အာမခံ လုပ်ငန်းတွင်ငွေကျပ် ၃၀၀ ပိုမိုပေးဆောင်ခြင်းဖြင့် ကျပ်သိန်း ၃၀ ရရှိနိုင်သည်ဆို သော်လည်း ကျပ်သိန်း ၃၀ ရရှိဖို့ ခရီးသည်များအနေဖြင့် ကျပ် ၃၀၀ နှင့်အတူ မိမိတို့အသက်တစ်ချောင်းကိုရင်းနှီးမြှုပ်နှံရမည်ဆို ခြင်းကို အထူးသတိပြုမိဖို့လိုပါသည်။ သို့ဖြစ်ရာ မေလ ၈ ရက်မှ စတင် အကောင်အထည်ဖော်မည့် အထူး ခရီးသွား အာမခံလုပ်ငန်းသည် တရားမျှတသော စီးပွားရေးလုပ်ငန်းတစ်ခု ဟုတ်မဟုတ် စဉ်းစားဆင်ခြင် ကြည့်ဖို့လို အပ်မည်ဖြစ်ပါသည်။ စားရောသူ၏ မိတ်ဆွေအဝေး ပြေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးကမူ “ တစ် ပြား တစ်ချပ်မှမရတာနဲ့စာလျင်ပို မကောင်းဘူးလား”ဟု ဆိုပါသည်။ စာရေးသူက ယာဉ်မတော်တဆမှုမ ဖြစ်အောင် ဆောင်ရွက်လျှင်ပိုမကောင်းဘူးလား။ ဒီစနစ်က ယာဉ်အန္တရာယ်ပိုဖြစ်အောင်သွယ်ဝိုက်တဲ့နည်း နဲ့ အားပေးရာရောက်မနေဘူးလားဟု ပြန်လည်မေးခွန်းထုတ်ခဲ့ရာ စာရေးသူ၏မိတ်ဆွေက တုံ့ပြန်ဖြေကြား ခြင်း မရှိခဲ့ပါ။

ယာဉ်မတော်တဆမှုများ ဖြစ်ပွားရသည့် အကြောင်းအရင်းအထူးခရီးသွား အာမခံလုပ်ငန်းဝန် ဆောင်မှုကို နိုင်ငံတော်အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရဆောင်ရွက်သည်ဟု သိရပါသည်။ သို့ဖြစ်ရာနိုင်ငံတော်က အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့၏ အတွေးအခေါ်နှင့် အရည်အချင်းကို မွေးခွန်း ထုတ်စရာ ဖြစ်လာပါသည်။ အဖွဲ့အနေဖြင့် အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်အခွင့် အလမ်းရှိပါသည်။ သို့သော် မည့်သည့် အာမခံလုပ်ငန်းကို ဦးစွာဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်သင့် သည် ဆိုခြင်းကို လည်း စဉ်းစားသုံးသပ်နိုင်စွမ်းရှိဖို့လိုပါသည်။ နိုင်ငံတော်အာမခံ လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ဟု အမည်ပေးထားရာ ယင်းအဖွဲ့တွင် အစိုးရအရာရှိများပါဝင်မည်ဟု ထင်မြင်ယူဆမိပါသည်။ အစိုးရ ၀န်ထမ်းဆိုသည်မှာ ပြည်သူကိုယ်စားလှယ်ဖြစ်သည့်အတွက်ပြည်သူ့အကျိုးစီးပွားကာကွယ်ရန် တာဝန်ရှိ သည်။ အာမခံလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းဖြစ်သည်။ အာမခံလုပ်ငန်းများရှုံးခြင်း၊ မြတ်ခြင်သည် အစိုးရနှင့် မည်သို့မျှ ပတ်သက်ဆက်စပ်ခြင်းလည်းမရှိ။ အစိုးရသည် ပြည်သူ့ကိုယ်စားလှယ်ဖြစ်၍ ပြည်သူ့ အကျိုးစီးပွားကိုသာ ကာကွယ်ရန်တာဝန်ရှိသည်။ နိုင်ငံတော် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ငွေကျပ် ၃၀၀ နှင့် အသက်တစ်ချောင်းရင်းလျင် ငွေကျပ် သိန်း ၃၀ ရရှိနိုင်သော အထူးခရီးသွား အာမခံလုပ် ငန်းတွင် မည်သို့မျှ ပါဝင်လမ်းညွှန်ရန်မလိုအပ်ဟု ထင်မြင်ယူဆမိပါသည်။ နိုင်ငံတော်အာမခံလုပ်ငန်း ကြီး ကြပ်ရေး အဖွဲ့အနေဖြင့် ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ်ကာကွယ် စောင့်ရှောက်လိုသည်ဆိုလျှင် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်အောင် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည် ဆိုခြင်းကို သက်ဆိုင်ရာတာဝန်ရှိ သူများအားအထူး အလေးထား တိုက်တွန်းခြင်းသာဆောင်ရွက်သင့် သည်ဟု ထင်မြင်ယူဆမိသည်။ အမြန်လမ်းလုံခြုံစိတ်ချရသည့် အခြေအနေရောက်မှသာ အထူးခရီးသွား အာမခံလုပ်ငန်းကိုဆောင်ရွက်သင့်သည်။ အမြန်လမ်းလုံခြုံသည့်အခြေအနေရောက်လျင် အမြန်လမ်းခရီး သွားအာမခံလုပ်ငန်းမှာ ထင်သလောက်အကျိုးရှိသောလုပ်ငန်းဖြစ်လာတော့မည်မဟုတ်သော်လည်း ပြည် သူများ၏ အသက်အိုးအိမ်ဆုံရှုံးမှုမှာမူလျော့နည်း ကျဆင်းသွားမည်သာဖြစ်သည်။

ယာဉ်မောင်းများက တရားခံလောအဝေးပြေးလမ်းပေါ်တွင် ယာဉ်မတော်တဆဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ ယာဉ်မောင်းများ၏ ပေါ့ဆမှုကြောင့် ဖြစ်သည်။ ယာဉ်မောင်းများသည် ယာဉ်ကို အဘယ်ကြောင့် အလေးအနက်ထား၍ ထိန်းကျောင်းမောင်းနှင်မှု မရှိပါသနည်း။ ယာဉ်မောင်းသည်လည်း လူသားတစ်ဦးပင်ဖြစ်ရာ မတော်တဆမှု ဖြစ်ပွားပါက ၎င်းကိုယ်တိုင်လည်း အသက်ဆုံးရှုံးနိုင်သည်ဆိုခြင်း ကိုပင် မစဉ်းစားမိလောက်အောင် ယာဉ်မောင်းများ အသိဉာဏ်ပညာ နုံနဲ့နေပြီလော စသည်ဖြင့် ယာဉ် မောင်းများနှင့်ပတ်သက်၍လေ့လာစရာ၊ သုတေသနရစရာအများအပြားရှိနေပါသည်။ ယာဉ်မောင်းများ၏ အခြေအနေ၊ ယာဉ်မောင်းများ၏အခက်အခဲများကို မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူလေ့လာ စုံစမ်း မေးမြန်း၍ကူညီဆောင်ရွက်ပေးခြင်း မရှိသေးပေ။ စာရေးသူလေ့လာမိသလောက် ယာဉ်မောင်းအများစုမှာ နားချိန်လုံလောက်စွာ ရရှိခြင်းမရှိပါ။ ယာဉ်လိုင်းပိုင်ရှင်များက ယာဉ်မောင်းများကိုလုံလောက်သော နားချိန် ပေးသော်လည်း ငွေကြေး (ခေါက်ကြေး)က ယာဉ်မောင်းသူတို့၏ နားချိန်အချို့ကို ဖဲ့ယူနိုင်စွမ်းရှိနေဆဲဖြစ်ပါ သည်။ ယာဉ်မောင်းအများစုမှာ အေးချမ်းစွာအနားယူ၍ယာဉ်ကို အေးချမ်းစွာ မောင်းနှင်လိုကြ သူချည်းသာ ဖြစ်ပါသည်။ သို့သော် မိသားစု စားဝတ်နေရေးက ယာဉ်မောင်းများကို လွတ်လပ်စွာအနားယူနိုင်ရန် ခွင့်ပြု နိုင်ခြင်း မရှိပါ။ ရန်ကုန်-မန္တလေးခရီးစဉ်တွင် အဝေးပြေးယာဉ်မောင်းနှစ်ဦး ထားရှိသင့်သည်ဟု အကြံပြုသူ များရှိသည်။ သိုသော် ယာဉ်လိုင်းပိုင်ရှင်များဘက်ကလည်း ယာဉ်မောင်းနှစ်ဦးထားလျင် ငွေကြေးနှစ်ဆကုန် ကျမည်ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ ယာဉ်မောင်း တစ်ဦးတည်းကို ငွေကြေးပိုပေး ၍ မောင်းနှင်စေပါသည်။ ယင်းစနစ်တွင် ယာဉ်မောင်းသူ ပိုမိုပင်ပန်းသည်မှအပယာဉ်မောင်း အတွက်ရော၊ ယာဉ်လိုင်းပိုင်ရှင်အတွက်ပါတွက်ချေကိုက်သည့် စနစ်တစ်ခုဖြစ်ပါသည်။ သို့သော် ယင်းစနစ်၏ အကျိုးဆက် အဖြစ် ယာဉ်မတော်တဆမှုများပိုမိုဖြစ်ပေါ်လာနိုင်သည် ဆိုခြင်းကိုလည်းထည့်သွင်းတွက်ချက်ဖို့လိုအပ် မည်ဖြစ်ပါသည်။

ယာဉ်မောင်းတစ်ဦးအနေဖြင့် လုံလောက်သောလစာရလျှင် ယာဉ်ကိုစိတ်အေးချမ်းစွာမောင်းနှင်ကြမည် ဖြစ်သကဲ့သို့ သတ်မှတ်ထားသောစည်းမျဉ်း စည်းကမ်းများကိုလည်း အတတ်နိုင်ဆုံးလိုက်နာထိန်းသိမ်း ကြမည်သာ ဖြစ်ပါသည်။လက်ရှိကာလတွင် ယာဉ်မတော်တဆဖြစ်ပွားပါက ယာဉ်မောင်းများကိုသာဦးစွာ အပြစ်တင်တတ်ကြသော်လည်း ယာဉ်မောင်းများ၏ စားဝတ်နေရေးအခက်အခဲ မိသားစုအခြေ အနေ စသည့်အမှုကိစ္စများကို မည်သသည့်အဖွဲ့အစည်းကမှ စိတ်ဝင်စားလေ့လာမှတ်တမ်းတင် ဖြည့်ဆည်းပေး ခြင်း မရှိပါ။ ထို့အတူ ယာဉ်မောင်းလိုင်စင်များ အလွယ်တကူထုတ်ပေးနေခြင်း၊ အမြန်လမ်းတစ်လျှောက် တွင် ယာဉ်မောင်းလိုင်စင်စစ်ဆေးမှုမရှိခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်သောယာဉ်များကို သက်ဆိုင်ရာက မည်သို့မျှ ဟန့်တားထိန်းချုပ်နိုင်မှုမရှိခြင်း စသည့်အချက်များကလည်း ယာဉ်မတော်တဆ ဖြစ်ရသည့် အကြောင်းအရင်းများဖြစ်သည်ဆိုခြင်း အထူးသတိပြုမိဖို့ လိုပါသည်။

အပ်ချက်များနှင့်အမြန်မလမ်း ၃၆၆ မိုင် ၃ ဖာလုံ ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးမှာလိုအပ်ချက်များစွာ ရှိနေသေးသောလမ်းမကြီးတစ်ခုဖြစ်သည်ဟု အစိုးရတာဝန်ရှိသူများက အကြိမ်ကြိမ်အခါအခါ ပြောဆိုဝန်ခံထားပြီးဖြစ်ပါသည်။ ကွန်ကရစ်လမ်းမကြီးဖြစ်၍ ကတ္တရာထပ်ပိုးခင်း နိုင်ရန် ကြိုးစားစီစဉ်ဆောင်ရွက်လျက်ရှိနေပါသည်ဟုလည်း အစိုးရတာဝန်ရှိသူများက ပြောဆိုထားပြီးဖြစ် သည်။ သို့ဖြစ်ရာ အဆိုပါလမ်းပိုင်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ မှာ ယာဉ်မောင်းများ ပေါ့ဆမှုကြောင့်သာဖြစ်သည် ဆိုခြင်းကိုသတိပြုမိဖို့ လိုပါသည်။ သို့သော် ယာဉ် မောင်းများ ယာဉ်ကိုပေါ့ဆစွာမောင်းနှင်ရသည့်အကြောင်း အရင်းကိုလည်း (အထက်တွင် ရေးသားဖော် ပြသကဲ့သို့) စနစ်တကျ လေ့လာနိုင်စွမ်းရှိဖို့လိုပါသည်။

ထို့အတူ နိုင်ငံတော်အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့်လည်း ပြည်သူ တို့ အကြောက်တရားဖြင့် ပေးချေရသည့် အာမခံကြေးငွေဖြင့် အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လမ်းညွှန်ပေးရန် မသင့်ဟု ထင်မြင်ယူဆမိပါသည်။ အာမခံ လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းဖြစ်သည့် အတွက်စီးပွားရေးအရရေ ရှည်တည်တံ့နိုင် အောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်ရသည်မှာ သဘာဝကျသော ကိစ္စတစ်ခု ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းဖြစ်၍ စီးပွားရှာခြင်းကို အပြစ်မဆိုသာသော်လည်း လက်ရှိအချိန်တွင် အထူးခရီး သွားအာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ထက် အမြန်လမ်းလုံခြုံစိတ်ချရေး လုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကိုသာ ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

ဘုဏ်းသိုက်နှင့် ချမ်းချမ်းတို့၏ ကလေးအမည်ပေးကင်ပွန်းတပ်


ဘုဏ်းသိုက်နှင့် ချမ်းချမ်းတို့၏ ဘုရားအနေကဇာတင်၊ အိမ်သစ်တက်မင်္ဂလာနှင့် ကလေးအမည်ပေးကင်ပွန်းတပ်
 May 14, 2014

ဘုဏ်းသိုက်နှင့် ချမ်းချမ်းတို့၏နေအိမ်မှာ ဘုရားအနေကဇာတင်နှင့် အိမ်သစ်တက်မင်္ဂလာပြုလုပ်ပြီး သမီးလေးမမြမိုးဂင်္ဂါ၏ အမည်ပေး ကင်ပွန်းတပ်ကို (၁၃.၅.၂၀၁၄)နံနက် ၉ နာရီမှ ၁၁ နာရီထိ နေအိမ်
အမှတ် ၁၄၄ သိမ်ကုန်းကျောင်းလမ်း (၁၈) ကုန်းထိပ်ဘုရားကုန်းရပ်ကွက်၊ သံလျင်မြို့တွင် ပြုလုပ်ခဲ့သည်။

သိမ့်သိမ့်၊
ဓာတ်ပုံ-အိသွဲ့ (တန့်ယန်း)
popular journal

ရွှေမော်ဓောစေတီရင်ပြင်တော်အထိ ပဲခူးတိုင်းအစိုးရအဖွဲ့ ကားမောင်းတက်၍ ဝေဖန်ခံရ



ပဲခူးမြို့ ရွှေမော်ဓောစေတီရင်ပြင်တော်အပေါ်တွင် ခင်းထားသော ကော်ဇောနီပေါ်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ကားတစ်စီးမောင်းနှင်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ကိုရှိုင်း(ပဲခူး))

ကဆုန်လပြည့်နံနက်က ညောင်ရေသွန်းပွဲကျင်းပရာ ပဲခူး မြို့ ရွှေမော်ဓောစေတီ ရင်ပြင် တော်ပေါ်အထိ ကော်ဇောနီလမ်း တစ်လျှောက် ကားမောင်းတက် ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သတင်းဓာတ်ပုံများ အင် တာနက်စာမျက်နှာများပေါ်တွင် တက်လာသဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

‘‘ဘုရားပေါ်မှာ ဘယ်သူမှ ဖိနပ်မစီးဘူး။ ဘုန်းကြီးရော၊ လူ ရော၊ ဘယ်သူမှ စီးခွင့်မရှိပါဘူး။ လူတွေက ကားနဲ့လာရင် တက်လို့ ရတယ်ဆိုတာ မသိကြလို့ပါ။ ရင်ပြင်တော်ကို ကားနဲ့လာဖို့ လမ်းလုပ်ထားတာ အခုမှမဟုတ်ဘူး။ လူတွေက မသိကြလို့ပါ။ လူတိုင်းက မြို့ထဲဘက်ကပဲ တက်ကြတာလေ’’ ဟု ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး တင်နွယ်ထွန်းက ပြောသည်။

ရွှေမော်ဓောစေတီရင်ပြင် မြောက်ဘက်မုခ်တွင် သက်ကြီး ရွယ်အိုများ အလွယ်တကူ တက် ရောက်ဖူးမြော်နိုင်ရန် ကုန်းစောင်းလေးသဖွယ် လုပ်ထားသော်လည်း ထိုင်းနိုင်ငံမှ သာသနာပြုအဖွဲ့ ရောက်စဉ်ကပင် ကားဖြင့် တက်ရောက်ခြင်း မရှိခဲ့ကြောင်း ပဲခူးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မေလ ၁၃ ရက် နံနက် ၇ နာရီ မိနစ် ၃၀ မှ နံနက် ၉ နာရီအထိ ညောင်ရေသွန်းပွဲတော်ကျင်းပခဲ့ ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ ၀န်ကြီးချုပ် ဦးဉာဏ်ဝင်း၊ တိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းတရားသူ ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န် ကြီးများသည် အနက်ရောင်ကား ခြောက်စီးဖြင့် ရင်ပြင်တော်သို့ လက်ယာရစ်တစ်ပတ် ပတ်ခဲ့ကြ ကြောင်း ဒေသခံအမျိုးသားကြီး တစ်ဦးက ပြောသည်။

‘‘ကားတွေက မြောက်ဘက် မုခ်ကတက်ပြီး မုခ်ဦးထိပ်နားက ကျောက်ပန်းတောင်းဓမ္မာရုံနား မှာပဲ ရပ်ထားတာပါ။ ပြီးမှ ၀န် ကြီးချုပ်နဲ့ အဖွဲ့တွေက လမ်းဆင်း လျှောက်ပြီး တောင်ဘက်က အင်္ဂါထောင့်မှာရှိတဲ့ မြင်းကျား ဓမ္မာရုံမှာ ညောင်ရေသွန်းပွဲအ ခမ်းအနားလုပ်တာပါ။ အဲဒီအထိပဲ ကော်ဇောနီခင်းထားတာပါ’’ ဟု ရွှေမော်ဓောစေတီ ဂေါပကရုံးအဖွဲ့မှူး ဦးကျော်အေးက ပြောသည်။

သန်းဌေး၊ အောင်သစ်လွင်
7Day Daily 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့မလိုဘူးလို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော

ဒီနေ့ကာတွန်း

အဖွဲ့ချုပ်နှင့်ပွင့်လင်းတို့ ပူးပေါင်းဆောင်ရွက်သော လူထုဟောပြောပွဲ

r
National League for Democracy

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆) ပြင်ဆင်ရေးနှင့် လူထုဆန္ဒ
လက်မှတ်ရယူခြင်းများဆောင်ရွက်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
 ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သော
လူထုဟောပြောပွဲများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

၁။ ၁၇၊ ၅၊ ၂၀၁၄ ရက်နေ့ နံနက် ၈:၃၀ နာရီ
ဗိုလ်စိန်မှန်ကွင်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

၂။ ၁၈၊ ၅၊ ၂၀၁၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီ
အောင်ပင်လယ်ကွင်း၊ မန္တလေးမြို့။

ဘာသာရေးအကြောင်းပြ၍ မဲဆွယ်ပါက အရေးယူမည်



 May 14, 2014
ရန်မျိုးနိုင်
ရန်ကုန်
7daydaily

လာမည့်ရွေးကောက်ပွဲများတွင် ဘာသာရေးအကြောင်းပြ၍ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ဘာသာရေးတစ်ခုကို အကြောင်းပြုပြီး ယင်းဘာသာတရားအကျိုးအတွက် ဦးစားပေး လုပ်ကိုင်မည့်သူများကိုသာ မဲ ပေးရန် အခြားသောသူများကို မဲ မပေးရန် ဘာသာရေးကို အလွဲသုံးစားပြုသူများ ရှိလာနိုင်သည့် အတွက် ယင်းသို့ မလုပ်ဆောင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

မဲဆွယ်စည်းရုံးရာတွင် ဘာသာရေးကို အကြောင်းပြုကာ စည်းရုံးမှုများ ပြုလုပ်ကြောင်း သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားလာမှုရှိပါက စုံစမ်းစစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

လူမျိုးရေး(သို့) ဘာသာရေး (သို့) လူတစ်ဦးချင်း(သို့) လူအများစုနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု(သို့) စည်းရုံးမှုပြုလုပ်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားလုပ်ခြင်းတို့ကို ပြုလုပ်ပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်မည်ဖြစ်သည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါရှိသည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွင်လည်း ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားပြုလုပ်ခြင်းကို မလုပ်ဆောင်ရန် ဖော်ပြထားသည်။

‘‘ဘာသာရေးကို နိုင်ငံရေး အရ အလွဲသုံးစားမလုပ်ရဘူးဆိုတာက တော်တော်လေး အရေးကြီးတယ်။ အဖွဲ့အစည်းတချို့လုပ်နေတာတွေလည်း တွေ့ရတယ်။ လိုရင်လိုသလို မလိုရင် မလိုသလို လုပ်လို့မရဘူး။ ဥပဒေအတိုင်းဆို လုပ်တဲ့သူအားလုံးကို အရေးယူရမယ်’’ ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်ကဆိုသည်။

လက်ရှိအချိန်တွင် အချို့ သော နေရာများ၌ အမျိုးဘာသာသာသနာနှင့် ဘာသာရေးကို အကြောင်းပြုပြီး အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဦးဆောင်သော ပါတီအား မဲမပေးရန် ဟောပြောမှုများရှိလာသည်ဟု ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူ ကိုမင်းသူကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။

လက်တွေ့ကျကျ ဖြေရှင်းပါ



The Voice Weekly

အသစ်ဖောက်လုပ်ထားသည့် ကွန်ကရစ် အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဆိုသလို ကြားသိနေရသည်။ အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုများ အားလုံးကို ပြန်ကြားရေး ဝန်ကြီးဌာနက ကွပ်ကွဲစီမံနေသည့် အစိုးရအာဘော် သတင်းမီဒီယာ အားလုံးတွင် လမ်းကြောင့် မဟုတ်ဘဲ ယာဉ်မောင်းနှင့် မော်တော်ယာဉ်များ ကြံ့ခိုင်မှု အားနည်းချက်ကသာ အဓိက ဖြစ်ကြောင်း အစဉ်တစိုက် ပြောဆိုရေးသားထားသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနီးပါးတွင် အဝေးပြေးလမ်းမများကို နိုင်လွန် ကတ္တရာကိုသာ အသုံးပြုကြသော်လည်း မြန်မာနိုင်ငံတွင်မူ ကွန်ကရစ်လမ်းကိုသာ အသုံးပြုခြင်းမှာလည်း များစွာထူးခြားလှသည်။ ထိုသို့ ကွန်ကရစ်လမ်း အသုံးပြုရခြင်းကို ပြည်ပမှ ကတ္တရာဝယ်ယူမှု လျှော့ချနိုင်ပြီး နိုင်ငံခြားငွေ သက်သာစေရန်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန (ဝါ) အစိုးရက အကြောင်းပြခဲ့သည်။

စင်စစ်အားဖြင့် နိုင်ငံတကာမှ ပညာရှင်များသည် အဝေးပြေးလမ်းများ ဖောက်လုပ်မည့် လမ်းတစ်လျှောက် ဒေသများ၏ တစ်နှစ်လုံး ပျမ်းမျှအပူချိန်၊ မိုးရွာသွန်းမှု၊ အောက်ခံ မြေအမျိုးအစား၊ အများစု အသုံးပြုသည့် တာယာအမျိုးအစား၊ အရှိန်မြှင့်မောင်းသည့် အချိန်တွင် လမ်းနှင့် တာယာ ပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာနိုင်သည့် အပူချိန်၊ လမ်းအပူချိန်၊ တာယာ၏အပူချိန်၊ ထိုအပူအချိန်ကို မူတည်ကာ တာယာနှင့် လမ်းအကြား စွဲကပ်နိုင်စွမ်း၊ အကွေ့နေရာများတွင် ကြုံတွေ့ရမည့် ဗဟိုခွာအားချိန်ဆမှု စသဖြင့် နှစ်ပေါင်းများစွာ စနစ်တကျ သုတေသန ပြုထားသော အချက်များအပေါ် မူတည်ကာ ဘေးထွက်ဆိုးကျိုး အနည်းဆုံး နိုင်လွန်ကတ္တရာကို အများဆုံး အသုံးပြုနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဆိုပါ အဝေးပြေး လမ်းမကြီး အပါအဝင် ရန်ကုန်မြို့တော်အတွင်းရှိ လမ်းမကြီး အချို့ကိုလည်း ကွန်ကရစ်ဖြင့် အစားထိုးလာခြင်းမှာ နိုင်ငံခြားငွေ သက်သာရန်ဆိုသော အစိုးရ၏ အကြောင်းပြချက်မှာ မလုံလောက်ပေ။ ကွန်ကရစ်လမ်း ခင်းရာတွင် အသုံးပြုရသည့် ဘိလပ်မြေ စက်ရုံများ၊ သဲနှင့် ကျောက်ကန်ထရိုက် လုပ်ပိုင်ခွင့်ရနေသူ များကိုလည်း ဆန်းစစ်ကြည့်ရန် လိုပေမည်။ ထို့အပြင် နိုင်ငံခြားငွေ သက်သာရန်ဆိုသော အကြောင်းပြချက်ကိုလည်း နိုင်လွန်ကတ္တရာ မဖြစ်မနေ အသုံးပြုရမည့် လမ်းများကို ကွန်ကရစ် အစားထိုးကာ သက်သာသွားသော နိုင်ငံခြားငွေနှင့် တန်ဖိုးချင်းယှဉ်၍ မရသည့် လူ့အသက်ပေါင်း များစွာဖြင့် ချိန်ထိုး ကြည့်သင့်လှသည်။

ကွန်ကရစ်၏ သဘာဝမှာ အပူကိုတွန်းကန်သည့် သဘောရှိပြီး တာယာနှင့် ပွတ်တိုက်ပါက အပူချိန်ကို ပိုမြင့်မားကာ တာယာကို ဒုက္ခပေးတတ်သည်။ အခန့်မသင့်ပါက ကွဲထွက်သွားတတ်သည်။ နိုင်လွန်ကတ္တရာတွင် တစ်နှစ်ခန့် သုံး၍ရသော တာယာတစ်စုံကို ကွန်ကရစ်လမ်းတွင် မောင်းပါက သုံးလကျော်ကျော်ခန့်သာ အသုံးခံပေသည်။ ဆိုလိုသည်မှာ မော်တော်ယာဉ်များ၏ တစ်နှစ်စာတာယာဖိုး ကုန်ကျစရိတ်၊ တာယာကွဲထွက်ကာ ယာဉ်တိမ်းမှောက်နိုင်သည့် အန္တရာယ်တို့နှင့် ချိန်ထိုးကြည့်လျှင်ပင် ကွန်ကရစ်လမ်းများ၏ အပိုကုန်ကျစရိတ်နှင့် အန္တရာယ်ရှိမှု အတိုင်းတာကို အလွယ်တကူ သိရှိနိုင်သည်။

လက်ရှိ ဖြစ်ပေါ်နေသော အဝေးပြေးလမ်း ယာဉ်တိမ်းမှောက်မှု ပြဿနာများကို သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနှင့် မလွတ်မကျွတ်သော နာနာဘာဝများအတွက် သဲပုံစေတီတည်ခြင်းနှင့် အစာရေစာ ကျွေးခြင်းများ လုပ်ဆောင်နေသည်ထက် မျက်မှောက်ပကတိ အခြေအနေများ ယထာဘူ တကျကျ၊ နည်းလမ်းမှန်မှန်၊ ကျိုးကြောင်းဆက်စပ်မှုရှိရှိ ဆန်းစစ် ဝေဖန်သုံးသပ်ကာ ကွန်ကရစ်လမ်းပေါ်တွင် ထပ်ပိုးနိုင်လွန်ကတ္တရာ ခင်းခြင်းကဲ့သို့ လက်တွေ့ကျသည့် ပြုပြင်ပြောင်းလဲခြင်းမျိုးကိုသာ အလျင်အမြန် ဆောင်ရွက်သင့်ကြောင်း ထောက်ပြလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၃-၅-၂၀၁၄)

အကျွတ်အလွတ်ပွဲ



အမြန်လမ်းပေါ်တွင် မော်တော်ယာဉ် တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားမှုကြောင့် အကျွတ်အလွတ်ပွဲ ကျင်းပအပြီး တစ်ရက်ခန့် အကြာတွင် မေလ ၁၂ ရက်နေ့ ည ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ယာဉ်လိုင်းမှ ခရီးသည်တင် အဝေးပြေး မော်တော်ယာဉ် တစ်စီးသည် အမြန်လမ်း မိုင်တိုင် ၁၉၇ မိုင်တွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းပေါ်ရှိ ပန်းတင်ရဲစခန်းနှင့် အမြန်လမ်း ထိန်းသိမ်းရေး အင်ဂျင်နီယာရုံးတို့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၇ တွင် ရာဇာမင်းခရီးသည်တင် တိမ်းမှောက်ခဲ့ရာမှ သေဆုံးခဲ့သူ ၁၄ ဦးကို အသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဖြင့် ရက်ပိုင်းအတွင်း ထုတ်ပေးသွားရန် စီစဉ်လျက် ရှိကြောင်း အဝေးပြေး မော်တော်ယာဉ် ထိန်းသိမ်းရေး၊ နေပြည်တော်ရုံးထံမှ သိရှိရသည်။
The Voice Weekly

အကျွတ်အလွတ်ပွဲ လုပ်မှာလား၊လမ်းကိုပြင်မလား၊စည်းကမ်းတကျမောင်းတတ်အောင်သင်မလား။
ကနေဒါကလမ်းတွေကောင်းချက်က၁၅၀လောက်မောင်းကြည့်တာတောင်ကားတုန်မသွားဖူး၊
ရဲမရှိလောက်တဲ့နေရာသိချင်လို့တသက်မှာတခါစမ်းကြည့်တာ၊ဒါပေမယ့်ဟိုင်းဝေးပေါ်မောင်းတဲ့
ဘတ်စ်ကားမောင်းသမားတွေကကီလိုတရာအတိရအောင်မောင်းတယ်၊နာရီနဲ့ပေးတယ်၊ဘယ်
လောက်မောင်းပြီးရင်ဘယ်လောက်နားရတယ်ဆိုတာအတိအကျရှိတယ်၊နားချိန်အတွက်ပါ
ပိုက်ပိုက်ရတာပေါ့၊ထူးခြားတာကအသက်ကြီးကြီးမိန်းမကြီးတွေပါမောင်းတာတွေ့ရတာပဲ၊
ကိုယ်ကတော့စိုးရိမ်တာပါ၊သူမကတော့မောင်းတာဖြောင့်နေရောပဲ၊

အမြန်လမ်းက၁၀၀သတ်မှတ်ရင် တစီးထဲမောင်းချိန်မှာ၁၀၀အောက်မလျော့သင့်ဖူး
နောက်ကားအတွက်မကောင်းဖုး၊၁၁၀ထက်လဲမပိုသင့်ဖူး၊ပိုရင်နောက်ကရဲကားပါ
လာရော၊ဒေါ်လာ၄၀၀+ပြစ်ဒါဏ်၃မှတ်+လစဉ်အာမခံကြေးခုန်တက်........

အသက်အာမခံကြေး တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်းဆိုတော့ဒေါ်လာ၅၀၀၀လောက်ပဲရှိတယ်
ယာဉ်လိုင်းတွေဒီထက်ပိုပြီးအာမခံကြေးသွင်းသင့်တယ်၊
ကနေဒါမှာရိုးရိုးအိမ်သုံးယာဉ်မောင်းအသစ်အာမခံကြေးကားပေါ်မူတည်ပြီးတလကို
၂၅၀ကနေ၅၀၀အထိအာမခံကြေးပေးရတယ်၊၁၅နှစ်လောက်အပြစ်မရှိပဲမောင်းသူတွေကျတော့
၁၀၀လောက်ပဲပေးရတယ်၊နယ်မြို့လေးတွေကတော့၅၀လောက်ပဲပေးရပါတယ်၊
ကိုယ်တိုက်လို့တဖက်လူသေရင်အာမခံကုမ္မဏီကဒေါ်လာသိန်းနဲ့သန်းနဲ့ချီလျော်ရတယ်၊
ကိုယ်လဲအမှုဆိုင်ရ၊အာမခံကြေးကမပေးနိုင်လောက်အောင်တက်လို့ မောင်းခွင့်ပါဆုံးရောပဲ
မျဉ်းကျားကကူးတဲ့မြန်မာကလေးကိုအငှားကားကတိုက်လို့ခြေသလုံးရိုးကျိုးတာဒေါ်လာ
၂သိန်းကျော်အလျော်ရတယ်၊
လူအသက်တချောင်းမြန်မာပြည်မှာဒေါ်လာ၅၀၀၀သတ်မှတ်တာတော့နည်းလွန်းတယ်ထင်ပါတယ်