Saturday, June 14, 2014

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွတ်မယ်လို့ ဆိုတဲ့ သတင်းသံသဲ့သဲ့ကို


ဒီမို ဖက်တီး

ယနေ့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က တီးတိုးသတင်းတစ်ခု ကြားလိုက်ရလို့ ကြိုဆိုလိုက်ပါတယ်။ အဲသည်လို ဖြစ်အောင်လည်း လုပ်ပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခြားပါတီ အတော်များများဟာ ကိုယ့်ပါတီအကျိုးနှင့် ကိုယ်နေရာ မပျောက်ရေးကိုသာ အမြဲအလေးထားပြုလုပ်နေကြလို့ပါပဲ။ အဲသည်ထဲမှာ ကြံ့ဖွတ်ပါတီနှင့် စစ်တပ်ပါတီတို့က ထိပ်ဆုံးကပေါ့။

ဒေါ်အောင်ဆန်းစုကြည် ၂ နှစ်ကျော်နီးပါး လွတ်တော်ထဲမှာ နေခဲ့တဲ့အတွက် နိုင်ငံ အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ခဲ့ပါပြီ။ ဥပဒေမူကြမ်းအချို့ကိုလည်း ရေးဆွဲရာ မှာ ပါဝင်ခဲ့ပါတယ်။ ထို့အပြင် တရားရေးမဏ္ဍိုင်နှင့် ရဲတပ်ဖွဲ့များ ကြံ့ခိုင်ရေးအတွက် ပြည်ပအကူအညီများစွာကို လမ်းညွှန်ရယူနိုင်ခဲ့ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဖက်မှ မည်မျှ အပြုသဘောဆောင်ဆောင် မည်မျှ အလျော့ပေးပေး (၁၉၉၀ ရလဒ်ကိုပင် စွန့်လွတ်ခဲ့သော်လည်း) နောက်ဆုံးတော့ ဗိုလ်ချုပ်ဟောင်းတွေ ဆိုတာ ကိုယ့်အကျိုးစီးပွား၊ ကိုယ့်ဆရာ ကိုယ်တပည့် များရဲ့ အကျိုးစီးပွားတွေ ကိုသာ ကာကွယ်ပြီး ပြည်သူ မျက်နှာကို မထောက်ဘူး တိုင်းရင်းသားတွေရဲ့ မျက်နှာကို မထောက်၊ ဖယ်ဒရယ်ဆိုတာကို လက်မခံဘူး ဆိုတာကို အားလုံးလည်း သိနေကြပါပြီ။ MPC က ပညာတတ်ကြီးများပင် သိနေကြပါပြီ။

အဲဒါကြောင့် ၂၀၁၄ ကြားဖြတ်မတိုင်ခင်မှာ လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွတ်မယ်လို့ ဆိုတဲ့ သတင်းသံသဲ့သဲ့ကို ၀မ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်။ ၂၀၁၅ မှာ မိုးပြို ကမ်းပြို ကောင်းကင်ပြိုအောင်အထိ ပါတီစည်းရုံးရေး လုပ်ငန်းများ၊ ပြည်သူဗဟိုပြုအစိုးရဖွဲ့နိုင်ရေးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ် ဆိုတာ ကြားမိရုံနှင့်ပင် စိတ်အားများ တက်ကြွရပါတယ်။


Kosoe Win

အချိန်တော့ရှိပါသေးတယ် 8.8.2014 နောက်ပိုင်းမှာ ပုဒ်မ ၄၃၆ လက်မှတ်တွေကိုင်ပြီး အမေစုလွှတ်တော်မှာ ပြင်ပေးဖို့တောင်းဆိုလိမ့်မယ် အဲဒီမှာ ဘယ်လိုဆုံးဖြတ်မှာလဲလွှတ်တော်က ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး ခုPR ကိစ္စလို လူအင်အားအများစုနဲ့ပယ်ချခဲ့မယ်ဆိုရင် ခုပြောနေတဲ့လွှတ်တော်ထဲက နှုတ်ထွက်မယ်ဆိုတဲ့ကိစ္စဟာ အကောင်အထည်ပေါ်လာနိုင်ပါတယ် ဘာမှရှည်ရှည်ဝေးဝေးပြောနေစရာမလိုဘူး ခု ၄၃၆ ပြင်မယ်ဆိုတာပြည်သူ့ဆန္ဒကို အလေးထားလို့လုပ်နေတာပါ ဒါကိုမှလွှတ်တော်ကလုပ်မပေးနိုင်ဘူးဆိုပြီး တင်းခံနေရင်လွှတ်တော်ထဲဘာကြောင့်ဆက်ထိုင်နေမှာလဲ

သမ္မတကို ကြိုးကိုင်နေသူများ



Tomorrow

ဒီမိုကရေစီ အစိုးရ သက်တမ်း လေးနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ သုံးဦးမြောက် အဖြစ် စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်ကို ခန့်အပ်လိုက် ပြန်သည်။ ၀န်ကြီးသက်တမ်း အနုဆုံးတွင် ပါဝင်သော်လည်း အချိန်တိုအတွင်း ရထားပို့ဆောင်ရေး ၀န်ကြီးမှ စွမ်းအင် ၀န်ကြီးဌာနသို့ ပြောင်းရွှေ့ခွင့် ရခဲ့သူလည်းဖြစ်သည်။

ဤအပြောင်းအရွှေ့က သမ္မတကို မည်သူတွေက အကြံပေး၍ မည်သို့ ချယ်လှယ်နေသည်ကို သက်သေပြလိုက်သလို ဖြစ်နေသည်။ ပထမဆုံး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အငြင်းပွားဖွယ်ရာနှင့် ထောက်ပြဖွယ်ရာ လုပ်ငန်းများ ဖြစ်သည့် အရက်နှင့် ဘီယာချက်စက်ရုံ (၇)ရုံနှင့် စီးကရက် စက်ရုံ(၃)ရုံကို ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံ ခွင့်ပြုခဲ့သည်။ ဦးစိုးသိန်း နေရာကို ရေတပ်မှပင် ဗိုလ်မှူးချုပ်ဟောင်း ဖြစ်သော ဦးဝင်းရှိန်က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူခဲ့ရာ ဦးစိုးသိန်းက သူ၏တပည့်လည်းဖြစ်၊ သူစိတ်ကြိုက် ချယ်လှယ်ရသည့် သူလည်း ဖြစ်သည့်သူကိုပေးခဲ့သည်ဟု အသံများထွက်ခဲ့သည်။ သို့သော် ဦးဝင်းရှိန်၏ လက်ထက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် မည်သည့် ပြဿနာမှမရှိဘဲ၊ မည်သည့် အသံမှမထွက်ပဲ စွမ်းဆောင်နိုင်ခဲ့သည်။ ယခုအခါ အဘယ်ကြောင့် ဦးဝင်းရှိန် နေရာတွင် ၀န်ကြီးသက်တမ်း အနုဆုံးသူကို တာဝန်ပေးသည်ကို ပြည်သူများရော၊ စီးပွားရေး လုပ်ငန်းရှင်များကပါ သိလိုနေကြသည်။

အပြင် စီးပွားရေးသမားများ နှင့် နိုင်ငံရေး လေ့လာသူများ၊ အငြိမ်းစား အစိုးရ အရာရှိကြီးများကြားတွင် သမ္မတကို ဦးစိုးသိန်းက ချယ်လှယ်နေသည်ဟူသည့် အသံများ ကြားလာရသည်။ ဦးစိုးသိန်းသည် သမ္မတ အခန်းကို တံခါးမရှိ ဓားမရှိဝင်ခွင့်၊ ထွက်ခွင့်ရသော တစ်ဦးတည်းသော ၀န်ကြီးဖြစ်သည် ဟုလည်း ဆိုကြသည်။ သူ့ကိုယ်သူ ၀န်ကြီးအားလုံးကို အုပ်ချုပ်နေရသည့် First Ministerဟု အထင်ရောက်နေကြောင်း ၀န်ကြီးအချင်းချင်း ပြောဆိုသံများ ထွက်လာသည်။ တစ်ချိန်တည်းတွင် သမ္မတ၏ အကြံပေး ဖြစ်သူ ပြန်ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကလည်း လက်စောင်းထက် လာနေသည်။ ဦးဇေယျာအောင်နှင့် ဦးရဲထွဋ်သည် စစ်တက္ကသိုလ် တစ်ပတ်စဉ်ထဲ ဆင်းသူများ ဖြစ်ရုံမက သမီးယောက်ဖ တော်စပ်သူများလည်း ဖြစ်သည်။ ဦးရဲထွဋ် လက်စောင်းထက် လာချိန်တွင် သူ၏ယောက်ဖ တော်စပ်သူကို တစ်ဆင့်ပြီး တစ်ဆင့် ဆွဲတင်လာခြင်းဟုလည်း ဝေဖန်လာကြသည်။ ဦးရဲထွဋ်သည် မီဒီယာ လောကတစ်ခုလုံးက ဝေဖန်နေသော ပုံနှိပ်ထုတ်ဝေ ဥပဒေနှင့် PSM ခေါ် ပြည်သူ့ ၀န်ဆောင်မှု မီဒီယာ ဥပဒေကို ဦးဆောင်ရေးဆွဲသူလည်း ဖြစ်သည်။

အများပြည်သူ အမြင်တွင် သမ္မတကို သမ္မတရုံး ၀န်ကြီးများဖြစ်သော ဦးစိုးသိန်း၊ ဦးအောင်မင်း၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် ယခင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က နောက်ကွယ်မှ ကြိုးကိုင် နေသည်ဟု ခန့်မှန်းနေကြသည်။ အငြိမ်းစား အစိုးရ အရာရှိကြီး တစ်ဦးက “ဒီလို ပြောဆိုကြတာတွေက အကြောင်းရှိတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို အကုန်ပြန်လွှတ်ပေးခဲ့ပေမဲ့ ဦးသန်းရွှေရဲ့ အသက်အန္တရာယ် လုံခြုံရေး အတွက် ထောက်လှမ်းရေး အရာရှိဟောင်း ၁၉ ဦးကို ခုထက်ထိ လွှတ်မပေးဘူး။ ကာလုံမှာ ဒီကိစ္စ ဆွေးနွေးတော့ အဖွဲ့ဝင် နှစ်ဦးက ပြန်လွှတ်ပေးရေးကို ကန့်ကွက်တယ်လို့ သိရတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို ပြည်တွင်းပြည်ပက ငွေတွေပုံပေးပြီး အာဏာကုန်လွှဲ ထားတယ်၊ အခုထိ ဘာမယ်မယ်ရရ သေသေချာချာ သဘောတူညီချက်များ ရလို့လဲ၊ အခုဆိုရင် ကေအိုင်အေက လွတ်လပ်ရေး လိုချင်လို့ တိုက်ပွဲ ၀င်တာဆိုပြီး လေသံ ပြောင်းလာပြီ၊ ၂၀၁၅ မတိုင်ခင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တကယ်ရမဲ့ လမ်းလည်း မမြင်ဘူး။

အပြင်မှာ ကားပါမစ် ရမယ်ဆိုတာသိရင် တောခိုသူပုန် ထပါတယ်ဆိုတဲ့ စကားပဲ ခေတ်စားလာတယ်။ ဦးစိုးသိန်းဆို စကား ပြောတာ မောက်မာတယ်။ တစ်ချိန်လုံး သူလာဘ်မစားပါဘူးပဲ ကြွေးကြော်နေတယ်။ တကယ်ရော ဟုတ်လို့လား။ မြန်မာ့စက်မှု ဆိပ်ကမ်းကို ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီအတွက် ဘာလို့အခွန် ကင်းလွတ်ခွင့် အမေရိကန် ဒေါ်လာသန်း တစ်ထောင်ဖိုး ပစ္စည်းသွင်းခွင့်တွေ ပြုခဲ့တာလဲ။ အခွန်ဌာနက ကန့်ကွက်မှ တွက်ချက်ပုံ မှားသွားတယ်ဆိုပြီး ဖြစ်သွားတယ်။ အများပြည်သူ ထောက်ပြနေတဲ့ အရက်ချက် စက်ရုံတွေ ဘီယာချက် စက်ရုံတွေ စီးကရက်စက်ရုံတွေ အများကြီးကို တိုင်းပြည်အတွက် ဘာကောင်းကျိုးရှိလို့ တက်သုတ်ရိုက်ခွင့်ပြု လိုက်သလဲဆိုတာ အခုထိ ရှင်းမပြနိုင်တဲ့ အပြင် လူမသိသူမသိ ဖြစ်ပေမဲ့ အာဏာကြီးတဲ့ နိုင်ငံတော် စီးပွားရေး ကော်မတီမှာ ဥက္ကဌ လုပ်နေတယ်။ တရားမ၀င် ကုန်စည် ထိန်းချုပ်တားဆီးရေး မိုဘိုင်း အဖွဲ့ကို လှုပ်မရအောင် နည်းမျိုးစုံနဲ့ ညစ်နေတယ်။ ပြောရရင် စီးပွားရေးသမား အလိုကျတွေချည်း လုပ်နေတယ်။

ရန်ကုန်မြို့လယ်က တိရိစ္ဆာန်ရုံကိုတောင် မြို့ပြင်ရွှေ့ပစ်ဖို့ ကြံခဲ့တဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ သမ္မတက အရမ်း ယုံကြည် အားကိုးနေပြီး သူလုပ်ချင်သမျှ လုပ်ခွင့်တွေ ရနေတယ်။ အခုသမ္မတကို နောက်ကွယ်က ကြိုးကိုင်နေသူတွေ အားလုံးဟာ စစ်တပ်က လူတွေချည်း ဖြစ်နေတယ်။ နောက်ဆုံးတော့ သမ္မတပဲ နာမည်ပျက်နေတာ”ဟု သူ၏အမြင်ကို ပြောပြသွားသည်။ ဗိုလ်မှူးချုပ် အထက်ရာထူးဖြင့် တပ်မတော် အငြိမ်းစား အရာရှိကြီးတစ်ဦးက “သမ္မတက စစ်ရုံးမှာတုန်းက ဆက်လက် တင်ပြအပ်ပါသည်ပဲ တစ်သက်လုံး ရေးလာတာ၊ တွေဝေတတ်တယ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက် တစ်ခုကို ရဲရဲ မချရဲဘူး၊ စိတ်ကောင်း စေတနာကောင်းရှိပြီး လာဘ်မစားတာက လွဲရင် လူတွေနဲ့လဲ သိပ်အပေါင်းအသင်း မလုပ်ဖူးဘူး။ ဒါကို အခွင့်ကောင်းယူပြီး သမ္မတ ပတ်ဝန်းကျင်က လူတွေက သူတို့ အကျိုးစီးပွား အတွက် မျိုးစုံလုပ်စားနေကြတာ”ဟု သူ၏အမြင်ကို ရှင်းပြသည်။

ယခုပုံစံအတိုင်း သမ္မတ အနေဖြင့် ဆက်လက်သွားပါက တိုင်းပြည်၏ အနာဂတ် အတွက်ပါ ထိခိုက် လာနိုင်ကြောင်းနှင့် တပ်မတော်မှ အာဏာ သိမ်းယူမှုမျိုးလည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ ယခုဆိုလျှင် သမ္မတ သဘောကောင်းသည်ကို အခွင့်အရေးယူပြီး ပြောင်ပြောင်တင်းတင်း လာဘ်စားနေသော ၀န်ကြီးများ၊ အစိုးရ အရာရှိကြီးများ တစ်နေ့ထက် တစ်နေ့ များလာကြောင်း၊ ပြည်သူများ အတွင်း ၂၁၀၅တွင် ရွေးကောက်ပွဲ ဖြစ်မဖြစ်၊ တပ်မတော်မှ အာဏာ သိမ်းမသိမ်းကိုပင် လောင်းကြေးများ ထပ်လာကြကြောင်း၊ သမ္မတ အနေဖြင့် ယခုထက် ပိုမိုပြတ်သားစွာဖြင့် တိုင်းပြည်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သင့်သည်များကို အမြန်ဆောင်ရွက် ရမည့် အချိန်ဖြစ်ကြောင်း၊ တစ်ဦး တစ်ယောက်၊ မိသားစု တစ်စုကို ကာကွယ်နေမည့် အစား ပြည်သူ့ အသံပိုမိုနားထောင်ရန် လိုအပ်ချိန် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကလည်း သုံးသပ်ပြောကြားသွားခဲ့သည်။

- သံဖနောင့်

မဟာသန္တိသုခအရေးမှာ ရွှေစင်စင်္ကြာ ယာဉ်လိုင်းပါဝင်မှုအပေါ် ဆရာမဒေါ်သန်းမြင့်အောင်မေးပြီးရေးတဲ့စာ ။


 Kyaw Swar Myin
ရွှေစင်စင်္ကြာ ယာဉ်လိုင်းဆိုတာအင်မတန်လူမှုရေးကိစ္စတွေမှာတက်ကြွစွာကူညီ
တတ်သူ။ကျွန်မတို့ရဲ့နာရေးကူညီမှုအသင်းရဲ့ဘယ်ခရီးစဉ်မဆိုအကူညီတောင်းတိုင်း
မငြီးမငြူကူညီတတ်သူ၊ကျွန်မရဲ့အခြားအခြားသော လူမှုရေးလုပ်ငန်းတွေပရဟိတ
ခရီးစဉ်တွေကိုလည်းအကူညီတောင်းတိုင်းငြင်းပါယ်လေ့မရှိသူတွေပါ။

ခုကော.....ရာဇ၀တ်သားသွားဖမ်းသလို သွားမဲ့နေရာကိုလာအကူညီတောင်းကြလို့
မငြင်းပဲလိုက်ခဲ့လေသလား ဒီခရီးစဉ်ကိုသိလျှက်နှင့်ပါဝင်ကူညီခဲ့တယ်ဆိုရင်တော့
ကျွန်မတစ်ခုခုဆုံးဖြတ်ရတော့မည်။

မနေနိုင်သောကျွန်မ ဖြစ်စဉ်ကိုဖုန်းနှင့်လှမ်းမေးလိုက်တော့မှအဖြေကရှင်းသွားသည်
မ.ထ.သ ကနေသူတို့ကားအပါအ၀င်အခြားယာဉ်လိုင်း၂ခုကိုပါခေါ်တာဘယ်သွားပြီး
ဘာလုပ်မယ်လို့သူတို့မသိဘဲနဲ့လိုက်ခဲ့ရတယ်ဆိုတာကိုကြားရတယ်။ရွှေစင်စင်္ကြာပိုင်ရှင်
ကိုလှမိုးလှိုင် ကိုယ်တိုင်အဲဒီအချိန်မှာ ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ပန်းရဲ့လမ်း
အဖွဲ့နဲ့အတူစစ်ဘေးဒုက္ခသည်တွေကိုရွှေစင်စင်္ကြာကားနဲ့အတူလူပါသွားကူနေရာက
ပြင်ဦးလွင်ကိုအပြန်ဝင်နေတဲ့အချိန်ပါ။ကျွန်မတို့အသင်းက ဒုက္ခသည်တွေအတွက်
ဆေးဝါးကိုဘယ်သူမှလိုက်ဘို့မအားတာနဲ့သူနဲ့ထည့်ပေးလိုက်ရတာပါ။

သန္တိသုခကျောင်းဖြစ်စဉ်မှာ ကားကိုချောဆွဲတဲ့အချိန်မန်နေဂျာခဗျာလဲ မ.ထ.သ ကို
ခါတိုင်းလိုပဲမှတ်ပြီးအလွယ်တကူပေးလိုက်တယ်လို့ဆိုပါတယ်။သူတို့ပြောတာကိုကျွန်မ
အကြွင်းမဲ့ယုံပါတယ်ပီးတော့အခြေအနေကိုချက်ချင်းမှန်းဆမိလိုက်တယ် ရွှေစင်စင်္ကြာ
ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်းအကူညီပေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိရုပ်ရှင်ကားအတွက်လည်းငွေသိန်းထောင်ချီလှူတယ်။
ဖြူဖြူသင်းရဲ့ HIVလူနာတွေအတွက်လည်းငွေသိန်းရာချီလှူတယ်။ ၈၈ ငွေရတု ပွဲကြီးမှာ
လည်း မော်တော်ယာဉ်များစွာနဲ့များစွာနဲ.ပွဲအစအဆုံး ကူညီပေးခဲ့တဲ့ယာဉ်လိုင်းဖြစ်ပါတယ်။

ဒါကြောင့် အခုဖြစ်စဉ်မှာရွှေစင်စကြ`်ာကို ပညာပေးလိုက်တာပါပဲ၊တော်ပါပေတယ်
တစ်ချက်ခုတ် နှစ်ချက်မက...သုံး..လေး..ငါးချက်..အကုန်ပြတ်အောင် စနစ်တကျ
လုပ်ကြံ ဖြတ်တောက်နိုင်ကြပါပေတယ်။

ပီနန်ဆရာတော်ဘုရားကြီး မိန့်တဲ့ အမှတ်တမဲ့မနေကြပါနဲ့ဆိုတဲ့စကားကို
ကျွန်မတို့အလေးထားပြီးသတိရှိနေကြရမယ်ဆိုတာဒီဖြစ်စဉ်ကသက်သေပါပဲ။

ဆရာမဒေါ်သန်းမြင့်အောင်
( နာရေးကူညီမှုအသင်း )

တွေ့သမျှကြံဖွတ်လိုက်ရိုက်နေ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တပ်မတော်က PR စနစ်ကို ကန့်ကွက်ရခြင်း ဖြစ်သည်ဟုဆို




 Sat, 2014-06-14
http://www.7daydaily.com/story/13159#.U5w4Pyg1D9s

အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (ပီအာရ်)ကို တိုင်းရင်းသားအများစုက မထောက်ခံသောကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မဲပေးရခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးမိုးက ပြောသည်။

တပ်မတော်တစ်ရပ်လုံး သည် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးကို တန်ဖိုးထားကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးဆိုသည့်အချက်ပေါ် မူတည်ပြီးပီအာရ်စနစ်ကို မဲပေးသည့်အခါတွင် ကန့်ကွက်မဲပေးလိုက်သည့်အနေအထားတစ်ခုဖြစ်သည်ဟုတပ် မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးမိုးက ဇွန်လ ၁၂ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အဓိက,ကတော့ ကိုယ့် အမြင်ကိုပြောပြရရင် ဒီဟာကို တိုင်းရင်းသား ကိုယ်စားလှယ် တော်တော်များများက မထောက် ခံဘူး။ ဒါကို တချို့တိုင်းရင်းသား တွေဆို နည်းနည်းမှမထောက်ခံ ချင်ကြဘူး။ ဒါကို ကိုယ်တို့က အတင်းလုပ်လိုက်မယ်ဆိုလို့ရှိရင် ကိုယ်တို့ ဒို့တာဝန်အရေးသုံးပါးမှာ ဖြစ်တဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ကိုယ်တို့အရမ်း စဉ်းစားရတယ်လေ’’ဟု ၎င်းကဆိုသည်။

ဇွန်လ ၁၁ ရက်က ကျင်းပခဲ့ သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လာမည့်ရွေး ကောက်ပွဲများတွင် မည်သည့် ပါတီမဆို အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်များရွေး ချယ်ရာ၌ အချိုးကျကိုယ်စားပြု စနစ်ကိုကျင့်သုံးရန် လွှတ်တော်မှ အဆုံးအဖြတ်ပေးပါရန် ရွေး ကောက်ပွဲကော်မရှင်အား တိုက် တွန်းကြောင်းအဆိုကို မတ်တတ် ရပ်သည့်နည်းဖြင့် မဲခွဲဆုံးဖြတ်ရာ တွင် အမျိုးသားလွှတ်တော်ရှိ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များအားလုံးက ကန့်ကွက်သည့်ဆန္ဒမဲကို ပေးခဲ့ကြသည်။

ယင်းအဆိုကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များ၊ ဒီမိုကရက်တစ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်း သားလွှတ်တော်ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့ကြသော် လည်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်အများစု၏ ထောက်ခံ မဲကြောင့် အဆိုမှာ အမျိုးသား လွှတ်တော်တွင် ထောက်ခံသူ ၁၁၇ ဦး ကန့်ကွက်မဲ ၈၅ ဦးဖြင့် အတည်ပြုလိုက်သည်။

နီပေါ နိုင်ငံ မှ ပြည်သူ လူထုမှ သောင်းသောင်းဖျဖျ ကြိုဆို

မဟနရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ မဟာသန္တိသုခ



စည်သူအောင်မြင့်

ခုရက်ပိုင်းအတွင်း ဂယက်အရိုက်ခတ်ဆုံး သတင်းကတော့ ပီနန်ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ တာမွေနတ်ချောင်းက မဟာသန္တိသုခ ကျောင်းတော်ကြီးကို ဆရာတော်ကြီး ဂျပန်ပြည် ကြွနေခိုက် သာသနာရေးဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ၊ ရဲတွေနဲ့ သံဃာတချို့ ပူးပေါင်းပြီး ည အချိန်မတော် ၀င်ရောက်စီးနင်း သိမ်းပိုက် ချိတ်ပိတ်လိုက်တဲ့ ကိစ္စပါပဲ။ နည်းပညာတွေ တိုးတက်လာတာနဲ့အညီ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်လာတာနဲ့အညီ အဲဒီ ညက ရဲ၊ လူပုဂ္ဂိုလ်နဲ့ သံဃာတစ်ချို့ ကျောင်းတော်ကြီးကို ၀င်ရောက်ခဲ့တဲ့ ပုံတွေ ဆိုရှယ်မီဒီယာတွေကနေ တဆင့် ကမ္ဘာအနှံ့ ပျံ့သွားခဲ့ပါတယ်။ ပြဿနာ ဘယ်လို ဖြစ်တာပါလဲ၊ သာသနာရေး ၀န်ကြီးဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ခုလို ဖြေရှင်းတာ သင့်တော်မှု ရှိပါရဲ့လား။ ဒီလို ဖြေရှင်းလိုက်တဲ့အတွက် မြန်မာ့ပုံရိပ်၊ သာသနာတော် ပုံရိပ် ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖြစ်စဉ်အကျဉ်းကတော့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို ၀င်ရောက် စီးနင်းမှု ဇွန်လ ၁၁ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားချိန် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ကျောင်းတော်ကြီးမှာ မရှိပါဘူး။ ပြည်ပရောက်နေပြီး တပည့် ရဟန်းသံဃာတချို့ပဲ သီတင်းသုံးနေပါတယ်။ အတိုခေါက်အားဖြင့် မဟန လို့ခေါ်တဲ့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ရဲ့ ဓမ္မစက်ကို သာသနာရေးဝန်ကြီးဌာနက အကောင်အထည် ဖော်ပေးတာဖြစ်ပြီး၊ သာသနာရေး ၀န်ကြီးဌာနရဲ့ တောင်းဆိုချက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့တွေ ပါဝင်ရတာလို့ ဆိုပါတယ်။ ကျောင်းတိုက်ကြီးထဲကိုဝင်၊ သီတင်းသုံးနေတဲ့ သံဃာတွေကိုခေါ်ဆောင်သွားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်ပြီးချိန် နောက်တနေ့မှာ သာသနာရေး ၀န်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ပြောတာကတော့ ၁၉၉၆ ခုနှစ်မှာ ဗိုလ်မှူးကြီးဟောင်း စောမြင့်က မဟာသန္တိသုခ ကျောင်းတော်ကြီးကို နိုင်ငံတော် အစိုးရက ဦးဆောင်တည်ဆောက်ပေးဖို့ နိုင်ငံတော် အကြီးအကဲဆီ တင်ပြခဲ့တယ် ဆိုတဲ့အကြောင်း၊ ခွင့်ပြုချက်ရတော့ ကော်မတီဖွဲ့ပြီး ဆောက်ခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။ ကျောင်းတော်ကြီးအတွက် ပီနန်ဆရာတော်ကြီးနဲ့ တပည့်ဒါယကာ၊ ဒါယိကာမတွေက ငွေကျပ် သိန်း ၂ ထောင်၊ အလှူရှင်တွေက ငွေကျပ် သိန်း ၂၁၀၀၊ စည်ပင် နဲ့ အေးရှားဝေါလ်က ကျပ် သိန်း ၂၄၀၀၊ ဘဏ်ချေးငွေ သိန်း ၂ ထောင် အပါအ၀င် စုစုပေါင်း ကျပ် သိန်း ၈၅၀၀ နဲ့ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၉ ခုနှစ်ကျတော့ ဒီကျောင်းတော်ကြီးကို “သံဃိက” သံဃာကိုရည်မှန်းပြီး ဗုဒ္ဓသာသနာတော်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၂ နှောင်းပိုင်းမှာ ကျောင်းတော်ကြီးကို ကော်မတီဖွဲ့ပြီး အုပ်ချုပ်စေခဲ့တဲ့အကြောင်း၊ နောက်ပိုင်း အစိုးရက ဒီကျောင်းတော်ကြီးကို နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ မဟန ကို လွှဲပြောင်းလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ရောက်တော့ ပီနန်ဆရာတော်ဘုရားကြီး မြန်မာပြည် ပြန်ရောက်လာတဲ့အချိန် မဟန အဖွဲ့က အာဂန္တု (ဧည့်သည်) အဖြစ် တပါးတည်း တည်းခိုသီတင်းသုံးခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက နောက်လိုက်သံဃာတွေကိုပါ သီတင်းသုံးစေခဲ့တဲ့အတွက် မဟန အဖွဲ့က ဆရာတော်နဲ့ အဖွဲ့ကို ၂၀၁၄ မတ်လ မှာ ကျောင်းတော်ကြီးက အပြီးအပိုင် ထွက်သွားဖို့ နှင်ထုတ်မိန့် ထုတ်ခဲ့တဲ့အကြောင်း၊ ဒါပေမယ့်လည်း ထွက်မသွားတဲ့အတွက် တိုင်းသံဃ မဟာ နာယကအဖွဲ့နဲ့ တိုင်းအစိုးရအဖွဲ့တို့ဟာ ခုလို ပီနန်ဆရာတော်ကြီး နဲ့ အဖွဲ့ကို ရှင်းလင်း ဖယ်ရှား ချိတ်ပိတ်ရတာ ဖြစ်တယ်လို့ ရှင်းပါတယ်။

သာသနာရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေ ရှင်းတဲ့အထဲမှာ မမှန်တာတွေ၊ ဖုံးကွယ်ထားတာတွေ အများကြီး ပါပါတယ်။ ဒီ မဟာသန္တိသုခ ကျောင်းတော်မြေကွက်ကြီး ဟာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်ပေါက် ဖြစ်တယ်ဆိုတာ မပြောခဲ့သလို၊ ကျောင်းဆောက် ပြီးပြီးချင်း ကျောင်းတိုက်ကို သံဃာကို ရည်စူးပြီးလှူတယ်၊ နောက်ပိုင်း အစိုးရက မဟန ကို ပြန်လွှဲပြောင်းပေးတယ် ဆိုတာကလည်း ရှေ့နောက် ဆီလျော်မှု မရှိပါဘူး။ ဒီကျောင်းတိုက်ကြီးဟာ ပီနန်ဆရာတော်ကြီးနဲ့ ဘယ်အချိန်တုန်းကမှ ဘယ်လိုမှ မပတ်သက် မဆိုင်သယောင် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပီနန်ဆရာတော်ကြီး မီဒီယာတွေကို ရှင်းပြတာက ဒီလိုပါ။ ကျောင်းတော်ကြီးဆောက်ဖို့ ဆရာတော်ကြီးနဲ့ တပည့် ဒါယိကာ ဒါယိကာမတွေ ကြိုးပမ်းခဲ့ကြတယ်၊ ၁၉၉၅ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဆရာတော်ကြီးဆီ ရေစက်ချ လှူဒါန်းခဲ့တယ် လို့ ဆိုပါတယ်။ ပီနန်ဆရာတော်ကြီး ပြည်ပ ထွက်ခွာသွားပြီးနောက်ပိုင်း ၂၀၀၂ ခုနှစ်မှာ ကျောင်းကို စီမံခန့်ခွဲသူတွေ နိုင်ငံရေးလုပ်တယ်၊ ငွေအလွဲသုံးစားလုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဲဒီအချိန်က အာဏာရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ကျောင်းတိုက်ကို မဟန အဖွဲ့ဆီ အပ်လိုက်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ၂၀၀၄ ခုနှစ်မှာ ဦးခင်ညွန့်က ပီနန်ဆရာတော်ကြီးဆီ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟန အဖွဲ့မှာ ခေတ္တ အပ်နှံထားတဲ့အကြောင်း စာရေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ပီနန်ဆရာတော်ကြီး မြန်မာပြည် ပြန်ရောက်လာပြီး ကျောင်းတော်ကြီးမှာ ပြန်သီတင်းသုံးဖို့ လုပ်တဲ့အခါ ခုလို ကျောင်းပိုင်ဆိုင်မှု ပြဿနာ ပေါ်လာတာ ဖြစ်ပါတယ်။ ဒီအခါ နိုင်ငံတော်သမ္မတဟာ ငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်ကို စေလွှတ်ပြီး စိတ်ပူပန်ကြောင့်ကြ ကင်းစွာနဲ့ အေးချမ်းစွာ သီတင်းသုံးပါ ဆိုပြီး လျှောက်ထားစေခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပီနန်ဆရာတော်ဘုရားကြီးက “သူခိုးက လူ လူလို့ ဟစ်တဲ့ ဖြစ်ရပ်” အဖြစ် ပြောဆိုပါတယ်။

ဒါနဲ့ပတ်သက်ရင် ပဋိပက္ခ ပြဿနာတွေမှာ ချင့်ချင့်ချိန်ချိန် နှိုင်းနှိုင်းဆဆ မိန့်တော်မူတတ်တဲ့၊ တိုင်းပြည်က ကြည်ညိုလေးစား အားထားရတဲ့ ကမ္ဘာ့သာသနာပြု သီတဂူဆရာတော် အရှင်ဥာဏိဿရရဲ့ ၀င်ရောက်မိန့်ကြားချက်ကတော့ တရားမျှတမှု အရှိဆုံး ဖြစ်မယ် ယူဆရပါတယ်။ သီတဂူဆရာတော်ကြီး အာရ်အက်ဖ်အေ သတင်းဌာနကို မိန့်ကြားတာက “နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးမှာ သာသနာရေးတို့ နိုင်ငံတော် သံဃာ့မဟာနာယကတို့က ထိန်းပေးရမယ်။ သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့က ထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်။ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံးကို ဆူပူအောင်လှုံ့ဆော်ရာ ရောက်တယ်။ နောက် တချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စမှာ ဘုရားဟော ပါဠိတော်ထဲမှာ ပါတဲ့အတိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံပြီးတော့ ဆွေးနွေး ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အခိုက် တိတ်တဆိတ် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော် မသင့်လျော်တဲ့ကိစ္စဖြစ်တယ်” လို့ မိန့်ပါတယ်။

“ ပီနန်ဆရာတော်ကြီးဟာ ဒီကျောင်းတိုက်ကြီး တည်ထောင်ပြီး နိုင်ငံခြား ထွက်သွားပြီး “သံဃာ့ဥသျှောင်” ဆိုတဲ့ အဖွဲ့ကြီး ဖွဲ့ပြီးတော့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကို အပြင်ကနေ အပြင်းအထန် တိုက်ခိုက်တဲ့ အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ အဲဒါတွေကို အညှိုးထားပြီး ရန်ညှိုးတွေနဲ့ လုပ်နေတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားမှာကို အလွန်စိုးရိမ်တယ်။ လက်နက်ကိုင် သောင်းကျန်းသူတွေကိုတောင် လက်နက်ကိုင် သောင်းကျန်းသူလို့ မခေါ်တော့ဘူး။ လက်နက်ကိုင် အဖွဲ့လို့ ခေါ်တယ်။ တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်း ၆၀ လောက် တိုက်ခိုက်လာတာ အခု စားပွဲဝိုင်းမှာ ဆွေးနွေးနေကြပြီ။ နိုင်ငံတော်ရဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးနေကြပြီ။ သာသနာရေး ၀န်ကြီးဌာနက ဒါကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြေရှင်းနိုင်သေးတာဟာ အလွန်ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်တစ်ခုပဲ။ လူတွေတောင် စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်သေးရင် သံဃာတော်တွေ၊ သာသနာရေး ၀န်ကြီးဆိုသူတွေက စားပွဲဝိုင်းမှာ အေးအေးဆေးဆေး ဖြေရှင်းလိုက်ရင် နိုင်ငံအတွက် အေးချမ်းသွားမှာ။”

“ခုတော့ ဒေါသ အာဃာတ ရန်ညှိုးနဲ့ လိုက်လံပြီးတော့ ပိတ်ဆို့ နှောင့်ယှက်နေတဲ့ သဘောတွေ ဆောင်ပြီးတော့ ဒါ အတော်လေးကို ၀မ်းနည်းစရာကောင်းတဲ့ အချက်ပဲလို့ မြင်ပါတယ်။ ကျောင်းတိုက်ကြီးရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောရရင် ဒါတွေက အလွန်ရှည်လျားတယ်။ စာရွက်စာတမ်းပေါင်း မြောက်မြားစွာကို ကြည့်ပြီးတော့ အသေးစိတ် ပြောဖို့ လိုလိမ့်မယ်။ ကျောင်းတိုက်မြေကြီးဟာ ပီနန်ဆရာတော်ကြီးရဲ့ နာမည်နဲ့ ထွက်ထားတာပါ။ သာသနာရေး ၀န်ကြီးဌာန နာမည်နဲ့ မဟုတ်ဘူး။ ပြောရရင် ရှည်လျားတယ်။ သံဃာတော်အား ရေစက်ချထားတဲ့ ကိစ္စကို သိမ်းယူခြင်း ပြုတယ်ဆိုတဲ့ ကိစ္စဟာ တော်တော်လေး မသင့်လျော်တဲ့ ကိစ္စ။ မြင်းခြံဆရာတော်၊ မင်းကွန်းဆရာတော် သက်တော်ထင်ရှားရှိစဉ်က ဒီကျောင်းတိုက်ကြီးကို ရေစက်ချထားတာပါ။ သံဃိက ပစ္စည်းကို သိမ်းပိုင်ခွင့် မရှိဘူး။ သံဃာ့မဟာနာယက ဆိုတဲ့ အဖွဲ့အစည်းတစ်ခုခုကလည်း ပိုင်ဆိုင်ခွင့် မရှိဘူး။ သံဃိက ပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ သံဃိက ပစ္စည်းကို သိမ်းတယ်ဆိုတာ မသင့်လျော်ပါဘူး” လို့ မိန့်တော်မူပါတယ်။

ဒီလောက်ဆို ဖြစ်စဉ် တခုလုံးကို မှန်းဆနိုင်ပါပြီ။ တကယ်တော့ ဒီ ပြဿနာဟာ ကျောင်းတိုက် ပိုင်ဆိုင်မှု ပြဿနာ သက်သက် မဟုတ်ပါဘူး။ နိုင်ငံရေး ပါဝင်တဲ့ အညှိုးအတေး အာဃာတ တရားတွေကနေ ပေါက်ဖွားလာတာ အလွန်ထင်ရှားပါတယ်။ ဒီအထဲ လူပုဂ္ဂိုလ် တစ်ချို့ရဲ့ ငွေရေးကြေးရေး အကျိုးစီးပွားပြသနာတွေကလည်း ရောယှက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အခု ဖြစ်ရပ်ဟာ ပီနန်ဆရာတော်ဘုရားကြီး မိန့်သလို ဗုဒ္ဓသာသနာတော်ကို အကြမ်းဖက်တဲ့ ဘာသာအဖြစ် ပုံရိပ် ထင်စေခဲ့ပါပြီ။ ဒီအတွက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆရာတော်ကြီး မိန့်မှာသလို လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြဖို့ပဲ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

အင်္ဂလန်ဆရာတော်အပါအဝင်သံဃာ ၅ပါးကိုအင်းစိန်ထောင် တိုက်နံပါတ် (၅)ကို ပို့



အတင်းအဓမ္မလူဝတ်လဲခံရတဲ့ (လန်ဒန် က ဆရာတော်) သန္တိသုခကျောင်းတိုက်က အင်္ဂလန်ဆရာတော်ဦးဥတ္တရ
************************************************************************
(၁၃/၆/၂၀၁၄) ၁၂ နာရီခွဲခန့်မှာ အင်္ဂလန်ဆရာတော်အပါအဝင်သံဃာ ၅ပါးကို
သံဃနာယကရုံးမှ အဓမ္မလူဝတ်လဲစေပြီး တာမွေတရားရုံးမှာ ၂၉၅၊ ၂၀၊ ၉၀
ပုဒ်မတွေနဲ့ စွဲချက်တင်ပြီး အင်းစိန်ထောင် တိုက်နံပါတ် (၅)ကို ပို့လိုက်ကြကြောင်း သတင်းရရှိပါသည်။

ဒီနေ့ကာတွန်း