Tuesday, July 1, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ် (ယာယီ)ကပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးနှင့်ပတ်သက်၍သဘောထားကြေညာချက်ထုတ်ပြန်ြ



မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအဖွဲ့ချုပ် (ယာယီ)

ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးအား မယူမနေရပင်စင်ပေးခဲ့သော ပညာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအား ပယ်ဖျက်ကြောင်းပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်ခဲ့ခြင်းနှင့်ပတ်သက်၍သဘောထားကြေညာချက်ထုတ်ပြန်ခြင်း

သဘောထားကြေညာချက်အမှတ် (၂/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဇွန်လ ( ၃၀ ) ရက်
၁၃၇၆ ခုနှစ်၊ ဝါဆိုလဆန်း ( ၄ ) ရက်

၁။ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင်ပါမောက္ခ/ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဒေါက်တာဒေါ်ကျင်ဌေး အား (၂၉-၃-၂၀၁၃) ရက်နေ့တွင် နိုင်ငံဝန်ထမ်းဥပဒေပုဒ်မ (၄၁) အရ ဟုဆိုကာ ပညာရေးဝန်ကြီးဌာနမှ၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် - ၁ ပညာ၊ ၂(ဃ) ၂၀၁၃ (၄၁၈၀) ဖြင့် မယူမနေရပင်စင်ပေးခဲ့ပါသည်။

၂။ ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေးအနေဖြင့် ၄င်းအပေါ်ပညာရေးဝန်ကြီးဌာနမှ ချမှတ်ခဲ့သောပြစ်ဒဏ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ၂၀၁၃ ခုနှစ် နိုင်ငံဝန်ထမ်းဥပဒေ၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ၊ လုပ်ထုံးလုပ်နည်းများဖြင့် ညီညွတ်မှုမရှိခြင်း၊ တရားမျှတမှုမရှိ ဟုယူဆသည့်အတွက် ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အပါအဝင် အာဏာပိုင်အဖွဲ့အစည်းအသီးသီးသို့ အသနား ခံတင်ပြမှုများပြုလုပ်ခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့သည့်အတွက် နောက်ဆုံးတွင် အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြလျှောက်ထားခဲ့ပါသည်။

၃။ ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေး၏ တင်ပြလျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ၂၀၁၃ ခုနှစ်၊ တရားမအထွေထွေ လျှောက်ထားမှုအမှတ် - ၂၉၀ ဖြင့် လက်ခံပြီးကြားနာစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှ နှစ်ဖက်လျှောက်လဲချက်များကို သက်သေခံအထောက်အထားများနှင့်တကွ ကြားနာစစ်ဆေးပြီးနောက် (၉-၆-၂၀၁၃) ရက်နေ့ တွင် ပါမောက္ခဒေါက်တာဒေါ်ကျင်းဌေးအား မယူ မနေရပင်စင်ပေးလိုက်သော ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာကိုပယ်ဖျက်လိုက်သော အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့်လိုက် သည့် စီရင်ချက်အမိန့်ကို ချမှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများအသင်းချုပ် (ယာယီ) မှ လှိုက်လှဲစွာ ကြိုဆိုပါသည်။

၎။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အမိန့်သည် ကာယကံရှင် ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေး အတွက်သာမက နိုင်ငံဝန်ထမ်းထု တစ်ရပ်လုံး၏ ဘဝလုံခြုံမှုအတွက်သော်လည်းကောင်း၊ နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက်သော်လည်းကောင်း အလားအလာကောင်းများ ဖြစ်ပေါ်စေမည့် သမိုင်းဝင် စီရင်ချက်တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်(ယာယီ)က လေးလေး နက်နက်ယုံကြည်ပါသည်။

၅။ ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေးသည်
ပြည်တွင်း၊ ပြည်ပအတွေ့အကြုံကောင်းများကြွယ်ဝပြီး
နိုင်ငံတော်အတွက်အားထားထိုက်သည့် ပညာရှင်တစ်ဦးဖြစ်သည့်အပြင် ၄င်း၏ဝန်ထမ်းဘဝတစ်လျှောက်လုံးတွင်လည်း ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး မည်သည့် ပြစ်မှု(တရားရုံးဆိုင်ရာပြစ်မှုကိုလည်းကောင်း၊

ဝန်ထမ်းဆိုင်ရာပြစ်မှုကိုလည်းကောင်း)ကိုမျှ ချိုးဖောက်ကျူးလွန်ခဲ့မှုမရှိခဲ့ခြင်း မရှိပါသော်လည်း ပညာရေးဝန်ကြီးဌာနမှ မယူမနေရပင်စင်ပေးရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသည် ပညာရေးဝန်ကြီးဌာနရှိ အာဏာပိုင်များနှင့်တာဝန်ရှိသူများမှ နိုင်ငံဝန် ထမ်းတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာအပေါ် အာဏာရှင်ဆန်ဆန် အနိုင်အထက်ပြုကျင့်မှုတစ်ရပ်ဖြစ် ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်အမိန့်အရ ပေါ်လွင်ထင်ရှားခဲ့ပြီးဖြစ် ပါသည်။

၆။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏စီရင်ချက်အမိန့်တွင် -
“…………….လျှောက်ထားသူ၏ဝန်ထမ်းဆိုင်ရာ အခွင့်အရေးထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်းပေါ်ပေါက်သည်။ အာဏာပေးစာချွန် တော်အမိန့်သည် ဥပဒေအရအပ်နှင်းထားသောအာဏာဖြင့် ဆောင်ရွက်ပေးရန်ရှိသည်ကို ပုဂ္ဂိုလ်တစ်ဦးကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကဖြစ်စေ၊
ဆောင်ရွက်မပေးဘဲနေသည့်ကိစ္စများ၌ တစ်စုံတစ်ယောက်၏ ဥပဒေရေးရာအခွင့်အရေးကိုထိခိုက်ခြင်း၊

ဆုံးရှုံးခြင်းဖြစ်ပေါ်မှုမှ ကာကွယ်ရန်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ထုတ်ပေးခြင်းဖြစ်သည်။”
ဟူသည့် အဖိုးထိုက်တန်လှသည့် တရားစီရင်ရေးဆိုင်ရာ ဥပဒေကြောင်းမှတ်ချက်ပြုမှု (opinio juris) သည်လည်း ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ တရားရေးမဏ္ဍိုင်တည်ကြည်မှုကိုအထင်အရှားဖေါ်ညွှန်းပါကြောင်း ပညာရေးဝန်ထမ်းထုမှ လှိုက်လှဲစွာမှတ်ကျောက်တင်အပ်ပါသည်။

၇။ ထို့ပြင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အမိန့်သည် ပညာရေးဝန်ကြီးဌာနရှိ အာဏာပိုင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၏ လုပ်ပိုင်ခွင့်အာ ဏာအလွဲသုံစားပြုမှုနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်မှုမရှိကြောင်း ပေါ်လွင်ထင်ရှားစေသည်။ သို့အတွက် ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်မှုမရှိဘဲ တရားမျှတမှုမရှိသည့် မှားယွင်းသော အမိန့်ကြော်ငြာစာကို ထုတ်ဆင့်ခဲ့သော၊ ထိုသို့ထုတ်ဆင့်ရန် အားပေးအားမြောက်ပြုခဲ့သော အာဏာပိုင်များ၊ တာဝန်ရှိသူများကို ပညာရေး ဝန်ကြီးဌာန အနေဖြင့် ဖော်ထုတ်အရေးယူရန် တာဝန်ရှိသည်။

ထို့အပြင် ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေး၏ နစ်နာမှုများ (လစာ၊ ရာထူး၊ လုပ်သက်) ကို ပြန်လည် ကုစားပေးရန်လည်း တာဝန်ရှိပါသည်။ သို့မှသာ၊ ပညာရေးဝန်ကြီးဌာန၏ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း လေးနက်စွာ တောင်းဆိုခြင်းဖြင့် ဤကြေညာချက်ကို ထုတ်ပြန်လိုက်သည်။

ကြံဖွတ်စည်းရုံးရေးလူမျိုးရေးပါတိုက်ခိုက်




ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များမှ
သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်အတွင်း
တစ်အိမ်တက်ဆင်း လိုက်လံဝေငှထားသော
လက်ကမ်းစာစောင်

ရန်ကင်း မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ဇူလိုင်(၁၀)ရက်တွင် အပြီးသတ် ကြားနာစစ်ဆေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ် ၄/၀၆/၂၀၁၄



၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရန်အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆အား ပြင်ဆင်ရေး
ပြည်သူလူထုပါဝင်လက်မှတ်ရေးထိုးခြင်းကို ၂၇၊ ၅၊ ၂၀၁၄ မှ
၁၉၊ ၇၊ ၂၀၁၄ ရက်နေ့အထိတပြည်လုံးအတိုင်းအတာဖြင့်ရက်
သတ်မှတ်ကာဆောင်ရွက်လျက် ရှိပါသည်။
၂။ ပြည်သူလူထုပါဝင်လက်မှတ်ရေးထိုးဆောင်ရွက်ခြင်း
တစ်လပြည့်မြောက်သည့် နေ့ရက်တွင် ပြည်နယ်/တိုင်းအသီးသီးမှ
 ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက်
လက်မှတ်ရေးထိုးသူပေါင်း သုံးဆယ့်သုံးသိန်း( ၃၃၀၀၀၀၀) ကျော်ရှိကြောင်း
 ကြေညာအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
National League for Democracy

ဒီနေ့ကာတွန်း

“ ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ် ပြသနာ အဖြေရှာပါ”



စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ၊ ၁-၇-၁၄။ စာ-၉။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ၊ မာဆတ်တွေ ကိစ္စ မေးခွန်းမေးပါတယ်။ အားလုံးသိတဲ့ လျှို့ဝှက်ချက်လို့ ခေါ်နိုင်တဲ့ မေးခွန်း အမျိုးအစားပါ။ သက်ဆိုင်ရာက အဲဒီ ကေတီဗွီ၊ မာဆတ်တွေကို အရေးမယူဘူးလား၊ ရဲတွေ၊ အာဏာပိုင်တွေကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြတာကြောင့် အဲဒီ လိုင်းကြေးယူ၊ အဂတိလိုက်စားတဲ့ ရဲနဲ့ တာဝန်ရှိသူတွေကိုရော ဘယ်လို လုပ်နေသလဲ ဆိုတဲ့ မေးခွန်းမျိုးပါ။ ပြန်ဖြေတဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကတော့ ထုံးစံအတိုင်း စာအုပ်ထဲက မရိုးနိုင်တဲ့ ကိန်းဂဏန်းတွေ၊ ရဲတပ်ဖွဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေ ရွတ်ဆိုပြီး ဖြေသွားခဲ့ပါတယ်။
ဒီ ဖြေကြားချက်ကို ဘ၀င်မကျနိုင်တာကြောင့် ဦးသိန်းထွန်းဦးက ထပ်ဆင့် မေးခွန်းထုတ်ပါတယ်။ အဲဒီ ကေတီဗွီ၊ မာဆတ်တွေ ဖွင့်တာကို သာမန်ပြည်သူတွေက သိရင် တိုင်ကြားဖို့ မဆိုထားနဲ့၊ သူတို့လို့ အမတ်တွေက ပြောတာတောင် မရတဲ့အကြောင်း၊ အဲဒီ ရဲ နဲ့ တာဝန်ရှိသူတွေက ကျွန်တော်တို့ သဘောက မဖမ်းချင်ပါဘူး၊ တိုင်တဲ့သူရှိလို့ ဖမ်းရတာ ဆိုပြီး ပြောတာမျိုးတောင် ကြုံရတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်ကျော်ကျော်ထွန်းကတော့ စည်းကမ်းချိုးဖေါက်တဲ့ ရဲအရာရှိနဲ့ အခြားတပ်ဖွဲ့ဝင်တွေကို အရေးယူမှုတွေ ရှိခဲ့ပါတယ်ဆိုပြီး နှစ်အလိုက် ကိန်းဂဏန်းနဲ့ ပြောဆိုဖြေကြားတာ လောက်ပဲ လုပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ် ဘယ်လိုတွေ ရပ်တည်နေကြသလဲ၊ ဘယ်လိုဖြစ်သင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ်တွေ ရှိခဲ့တာ ခုမှ မဟုတ်ပါဘူး။ ကြာ ကြာလှပြီလို့ ပြောရင်တောင် ရပါတယ်။ ဖွင့်ပုံ ဖွင့်နည်း ခွင့်ပြုပုံ ခွင့်ပြုနည်းပဲ ကွာခြားခဲ့တာပါ။ ရှိတာတော့ ရှိခဲ့တာ ချည်းပါပဲ။ ပထမ တစ်ချက် ဆွေးနွေးဖို့ လိုတာက ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ်တွေကို ဖွင့်ခွင့်ပေးမလား၊ မပေးဘူးလား ဆိုတာပါ။ ဒါနဲ့ ပါတ်သက်လို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုဒေါင့်က ကြည့်သူတွေကတော့ ခွင့်မပြုပေးသင့်ဘူးလို့ ဆိုကောင်းဆိုကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်တကယ် လက်ရှိ တိုင်းပြည်က ကျင့်သုံးနေတဲ့ တံခါးဖွင့် ဈေးကွက်စီးပွားရေး ပုံစံအရဖြစ်စေ၊ နိုင်ငံထဲကို နိုင်ငံတကာ ခရီးသွားတွေ နှစ်စဉ် သန်းနဲ့ချီ လာရောက်လည်ပါတ်တဲ့ အခြေအနေအရ ကြည့်ရင်ပဲ ဖြစ်စေ၊ ခွင့်ပြုပေးထားရမယ် ဆိုတာကတော့ ငြင်းလို့ မရပါဘူး။ ပြသနာက ဘယ်နည်း ဘယ်ပုံ ဖွင့်ခွင့် ပေးမလဲ ဆိုတာပါပဲ။
ဒါနဲ့ ပါတ်သက်လို့ နောက်တစ်ချက် ထပ်စဉ်းစားဖို့ လိုတာက ဒီ လုပ်ငန်းတွေကို သူ့ဖာသာသူ မှောင်ခိုသဘော၊ လျှို့ဝှက်သဘော၊ ရဲတွေ အာဏာပိုင်တွေကို လိုင်းကြေးပေးပြီး ခိုးကြောင်ခိုးဝှက် ဖွင့်ခွင့်ပေးမလား၊ ဖမ်းတဲ့အခါဖမ်း၊ ပိတ်တဲ့အခါပိတ် မတည်မငြိမ် အခြေအနေမျိုးထားမလား၊ ဥပဒေ စည်းမျဉ်းစည်းကမ်းအောက် ရောက်လာအောင် ထားမလား စဉ်းစားဖို့ လိုပါတယ်။ မြန်မာနိုင်ငံထက် စီးပွားရေး ပိုဖွံ့ဖြိုးတိုးတက်ပြီး ရှေ့ပိုရောက်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နမူနာကို လေ့လာလိုက်ရင် ဥပဒေ စည်းမျဉ်းစည်းကမ်းအောက် ရောက်လာအောင် လုပ်တာ အကောင်းဆုံးဆိုတဲ့ အဖြေ တွေ့ကြရပါလိမ့်မယ်။ ဒါဟာ အဲဒီ လုပ်ငန်းတွေကနေ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အခွန်ဝင်ငွေ အများကြီး ရလာနိုင်သလို၊ ဥပဒေ အောက်မှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိမ်းချုပ်နိုင်တဲ့အတွက် ရာဇ၀တ်မှုတွေ အပါအ၀င် မလိုလားအပ်တဲ့ ဘေးထွက်ပြသနာတွေကိုလည်း ကြိုတင်ကာကွယ် တားဆီးနိုင်၊ ဖြစ်လာရင်လည်း အချိန်မီ ထိန်းသိမ်းနိုင်မှာမို့ ဖြစ်ပါတယ်။
အဲဒီအတွက် ဆက်ပြီး စဉ်းစားဖို့ လိုတာက ဘယ်သူတွေကို လုပ်ကိုင်ခွင့် ပြုမလဲ၊ ဘယ်နေရာမှာ လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်အချိန်ကနေ ဘယ်အချိန် အတိုင်းအတာ အတွင်း လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ကိုင်ခွင့်ပြုမလဲ၊ ဘယ်သူတွေကို သွားခွင့်ပေးမလဲ စသဖြင့် သတ်မှတ်ပေးဖို့ လိုပါတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရေး လက်ရှိ မြန်မာနိုင်ငံထဲမှာက ပြသနာ ရှိနေပါတယ်။ အရင် စစ်ထောက်လှမ်းရေးတွေ တံခိုးထွားနေစဉ်တုန်းက ဒီ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူတွေဟာ ထောက်လှမ်းရေးနဲ့ နီးစပ်သူတွေ ဖြစ်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးတွေ မရှိတော့တဲ့ ဒီကနေ့ အချိန်မှာလည်း အဲဒီ လုပ်ငန်း လုပ်ကိုင်သူတွေဟာ အာဏာပိုင် အသိုင်းအ၀ိုင်းနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်တဲ့၊ ဒါမှမဟုတ် လိုင်းကြေးလို့ခေါ်တဲ့ လာဘ်ငွေကောင်းကောင်း ပေးထားနိုင်တဲ့ လုပ်ငန်းရှင်တွေပဲ များပါတယ်။ ဒါက လက်ရှိ မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းတွေ တရားဝင်သလိုလို မ၀င်သလိုလို ဖြစ်နေတာကြောင့်လို့ သုံးသပ်ရပါတယ်။ တရားဝင် လုပ်ကိုင်တဲ့ လုပ်ငန်းတွေအဖြစ်သာ စည်းကမ်းတကျ သတ်မှတ်ပေးလိုက်ရင် အခွန်အခ တရားဝင် ပေးဆောင်သူတွေ၊ သတ်မှတ် စည်းမျဉ်းစည်းကမ်း လိုက်နာသူတွေဟာ လုပ်ငန်းရှင်တွေ ဖြစ်လာနိုင်ပါတယ်။
နောက်တစ်ချက်က ဒီလုပ်ငန်းတွေရဲ့ အမျိုးအစားအလိုက် သတ်မှတ်နေရာတွေမှာ လုပ်ကိုင်ခွင့်ပြုစေတာမျိုးပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာဆို နိုက်ကလပ်တွေ၊ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေး ရှိုးပြပွဲခန်းမတွေကို စုစည်းပြီး “ပက်ပုန်း”ဆိုတဲ့ ရပ်ကွက်တစ်ခု သတ်မှတ် နေရာ ပေးထားပါတယ်။ ရပ်ကွက် ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို အကူအညီပေးမယ့် ရဲကင်းတွေ ချထားပေးပါတယ်။ အလားတူ ပတ္တရားကမ်းခြေမှာလည်း သီးသန့် ရပ်ကွက်တစ်ခု သတ်မှတ်ပေးထားပြီး ရဲတွေ လုံခြုံရေးတွေကလည်း စည်းအပြင်ကနေ စောင့်ရှောက်ပေးပါတယ်။ ပြသနာ ရှိရင် ချက်ခြင်း ရှင်းပေးပါတယ်။ ရာဇ၀တ်မှု ဒုစရိုက်မှုတွေ မဖြစ်ပွားရလေအောင်ပါ။
ဒီလိုနည်းနဲ့ အခြား စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုအပ်သလို သတ်မှတ်ပေးလို့ ရပါတယ်။ တစ်ချို့နေရာ၊ တစ်ချို့ဧရိယာတွေကို မြန်မာနိုင်ငံသားတွေအတွက် မဟုတ်ပဲ နိုင်ငံခြားသားတွေ အတွက်ပဲ သီးသန့် သတ်မှတ်ပေးလို့ရပါတယ်။ ( ရှမ်းပြည်နယ် ထိုင်း-မြန်မာ- လာအို နယ်စပ် ရွှေတြိဂံ ဒေသက မြန်မာပိုင် လောင်းကစားရုံကို မြန်မာတွေ မသွားရလို့ ကန့်သတ်ထားပါတယ်။ အလားတူ ထိုင်းနယ်စပ်က ကမ္ဘောဒီးယားပိုင် လောင်းကစားရုံထဲကိုလည်း သူ့နိုင်ငံသားတွေ မသွားခိုင်းပါဘူး)။ လက်တွေ့ကျတဲ့ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ဥပဒေဘောင်အောက်သာ ရောက်လာရင် အဲဒီ လုပ်ငန်းတွေအားလုံးဟာ လက်ရှိ နိုင်ငံက သွားနေတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ကောင်းကောင်း အထောက်အကူ ပြုပါလိမ့်မယ်။ ရသင့်ရထိုက်တဲ့ အခွန်အခတွေ အများကြီး ရလာပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းသစ်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း အများကြီး ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဥပဒေဘောင်အောက်၊ အလင်းရောင် အောက်မှာ ဖြစ်တဲ့အတွက် ရာဇ၀တ်မှုတွေ၊ ဒုစရိုက်မှုတွေ ဖြစ်ပွားမလာအောင်လည်း အကာအကွယ်ရစေမှာဖြစ်ပါတယ်။ ပိုပြီးကောင်းကျိုးဖြစ်စေမှာက လိုင်းကြေးပြသနာ၊ ရဲနဲ့ အာဏာပိုင်တွေ အဂတိလိုက်စားမှု ပြသနာ လျော့နည်းစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကေတီဗွီ၊ မာဆတ်၊ နိုက်ကလပ် တွေကို နိုင်ငံတကာနည်းတူ ဥပဒေ စည်းမျဉ်းစည်းကမ်း အလင်းရောင်အောက် ရောက်လာအောင် အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

ယူနတီ သတင်းထောက်တွေကိုဇူလိုင်လ( ၁၀)ရက်နေ့မှာ စီရင်ချက်ချမည်



Ma Lwin

ယူနတီ သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေ ပုဒ်မ ၃/၁( က )/၉ နဲ့ စွဲထားတဲ့အမှုကို
လာမယ့် ဇူလိုင်လ( ၁၀)ရက်နေ့မှာ စီရင်ချက်ချပါမယ်။
တရားစီရင်ရေးဟာ လွတ်လပ်စွာစီရင်ဆုံးဖြတ်သလား ဆိုတာအဲဒီနေ့မှာ အဖြေပေါ်ပါလိမ့်မယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ရောထွေးမှု မရှိပါစေနဲ့လို့ ဆုတောင်းယုံ။

အိမ်ဖေါ်ကိုလျော့ဈေးနဲ့တင်ရောင်းမှုဖိလစ်ပင်းကစုံစမ်းပြီ၊မြန်မာကကော

မြန်မာအိမ်အကူများအပါအ၀င် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာန ဖော်ပြမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက စုံစမ်းစစ်ဆေးမှုများစတင်
June 30, 2014
မြန်မာအိမ်အကူများအပါအ၀င် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ အိမ်အကူအလုပ်သမားများအား စင်ကာပူရှိကုန်တိုက်များတွင် ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် ရောင်းချနေကြောင်း အယ်လ်ဂျားဇီးရားသတင်းဌာန၏ ဖော်ပြချက်နှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေသည်ဟု စင်ကာပူနိုင်ငံအခြေစိုက် The Strait Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
တနင်္လာနေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချားလ်စ်ဂျို့စ်ကပြောဆိုရာ၌ ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံရပ်ခြားစင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော ဖိလစ်ပိုင်အလုပ်သမားများကို တိုးမြှင့်အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့်လုပ်ဆောင်မှန်သမျှကို လုပ်ဆောင်ရန်အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။
မစ္စတာဂျို့စ်က ဆက်လက်ပြောဆိုရာ၌ အကယ်၍ အယ်လ်ဂျားဇီးရားသတင်းဌာနကဖော်ပြခဲ့သည့် အချက်အလက်များနှင့် အလွဲသုံးစားမှုအဖြစ်အပျက်များသည် မှန်ကန်သည်ဆိုပါက နိုင်ငံရပ်ခြားရောက် ဖိလစ်ပိုင်အလုပ်သမားရုံးသည် အဆိုပါအဖြစ်အပျက်ကို စင်ကာပူရဲတပ်ဖွဲ့သို့ သတင်းပို့နိုင်သည်ဟုလည်း ပြောဆိုခဲ့သည်။
အယ်လ်ဂျားဇီးရားသတင်းဌာနက ယခင်အပတ်က သတင်းတင်ဆက်ရာတွင် စင်ကာပူနိုင်ငံရှိ အိမ်အကူခန့်ထားရေးအေဂျင်စီများသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ အိမ်အကူများကို စင်ကာပူနိုင်ငံရှိ ဈေးဝယ်ကုန်တိုက်ပြခန်းများတွင် ပြသရောင်းချလျက်ရှိနေသည်ဟု သတင်းတင်ဆက်ခဲ့သည်။
စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် အဓိကလာရောက်လုပ်ကိုင်နေသည့် နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများဖြစ်ကြပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူအရေအတွက်မှာ ယခင်က ၂၀၀၀၀ ခန့်ရှိရာမှ နှစ်နှစ်အတွင်း ၃၀၀၀၀ အထိ တိုးတက်လာခဲ့သည်
စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် အဓိကလာရောက်လုပ်ကိုင်နေသည့် နိုင်ငံများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများဖြစ်ကြပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူအရေအတွက်မှာ ယခင်က ၂၀၀၀၀ ခန့်ရှိရာမှ နှစ်နှစ်အတွင်း ၃၀၀၀၀ အထိ တိုးတက်လာခဲ့သည်။ အင်ဒိုနီးရှား အိမ်အကူအရေအတွက်မှာ ၁၂၅၀၀၀ ကျော်ရှိပြီး ဖိလစ်ပိုင်အိမ်အကူအရေအတွက်မှာ ၇၀၀၀၀ ကျော်ရှိသည်။
စင်ကာပူရှိအိမ်အကူများကြုံတွေ့ရသည့် အခက်အခဲများတွင် လစာငွေမရရှိခြင်း၊ အစားအစာ လုံလောက်စွာ မစားသောက်ရခြင်း၊ သတ်မှတ်ထားချိန်ထက်ပိုအောင် နာရီပေါင်းများစွာ ခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ခံစားရခြင်းတို့အပြင် အိမ်တွင်းအကူအလုပ်သမားများအနေဖြင့် အလုပ်ရှင်အိမ်တွင် မနေမဖြစ်ဥပဒေအရ သတ်မှတ်ထားသည့် စင်ကာပူနိုင်ငံ၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းကြောင့်လည်း အမျိုးသမီးအိမ်အကူများအနေဖြင့် အလွဲသုံးစားမှု ပိုမိုခံစားနေရကြောင်း အဆိုပါသတင်းဆောင်းပါးတွင် အိမ်အကူများအရေး အကူအညီပေးနေသည့် အဖွဲ့အစည်းများကိုကိုးကား၍ ရေးသားထားခဲ့သည်။
စင်ကာပူနိုင်ငံသည် မြန်မာအမျိုးသမီး အိမ်အကူအများစုသွားရောက်လုပ်ကိုင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်မတ်လတွင် မြန်မာအမျိုးသမီးအိမ်အကူဟုယူဆရသူ တစ်ဦးသေဆုံးလျက်တွေ့ရှိခဲ့ရသည်။ ထို့ပြင် ယခုနှစ်များအတွင်း နိုင်ငံခြားရောက် မြန်မာအမျိုးသမီးအိမ်အကူများအား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပြီး နိုင်ငံတကာတွင်လည်း ပြည်ပရောက် အိမ်အကူများအား အိမ်ရှင်များက အကြမ်းဖက်မှုအဖြစ်အပျက်များ ဖြစ်ပွားလျက်ရှိသောကြောင့် အမျိုးသမီးအိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ များမကြာမီအချိန်က ဟောင်ကောင်ရောက် အင်ဒိုနီးရှားအိမ်အကူတစ်ဦးအား ဟောင်ကောင်အိမ်ရှင်လင်မယားက အလွန်အမင်း နှိပ်စက်ညှဉ်းပန်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံက ၎င်း၏အမျိုးသမီးအိမ်အကူတင်ပို့မှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံက ၂၀၁၇ ခုနှစ်နောက်ပိုင်း အိမ်အကူပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံသားများအား ပို့ဆောင်ခြင်းခွင့်မပြုတော့ဟု ရည်ရွယ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားသို့ အလုပ်သမားတင်ပို့ရာ ဈေးကွက်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ပြည်ပရောက်အိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်စရာများဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံအနေဖြင့်မူ ပြည်ပသို့ အိမ်အကူပို့ဆောင်ရေးလုပ်ငန်းများကို ဆက်လက်တွန်းအားပေးလုပ်ဆောင်လျက်ရှိနေပြီး ယခုနှစ်အနည်းငယ်အတွင်း ဟောင်ကောင်သို့ အိမ်အကူထောင်နှင့်ချီ၍ တရားဝင်ပို့ဆောင်ရန်လည်း စီစဉ်လျက်ရှိသည်။ မြန်မာအစိုးရက ယခုလောလောဆယ်တွင် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်တို့သို့ အိမ်အကူတင်ပို့ခြင်းအတွက် ခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့လည်း တင်ပို့ခွင့်ပြုရန် မျှော်မှန်းထားသည်ဟု သိရသည်။ ယခုစင်ကာပူနိုင်ငံရှိ ဈေးဝယ်ကုန်တိုက်များတွင် မြန်မာအိမ်အကူများအပါအ၀င် အိမ်အကူအလုပ်သမားများအား ရောင်းကုန်ပစ္စည်းများသဖွယ် ပြသရောင်းချနေသည်ဆိုသည့်အချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခြင်းမရှိသေးပေ။
= http://news-eleven.com


The Straits Times

The Philippine Government is investigating reports that say maids, including Filipinos, are being put on display in mall shop windows in Singapore under signs offering special discounts.
http://bit.ly/1nWi4DY


ရင်နာရပါသော Discount ကြေငြာတစ်ခု
=======================
ဈေးဝယ်တိုင်း discount ပေးရင် သဘောကျတတ်ပေမဲ့ ဒီဟာလေးကတော့ ရင်နာမိပါတယ်။
ကိုယ်တိုင်းပြည်လေး အပြည့်အဝတိုးတက်ချင်တယ် လူငယ်တွေတိုင်း အလုပ်အကိုင် အခွင့်
အလမ်းပေါများစွာနဲ့ သူတို့ရဲ့ အနာဂတ်ကို စိတ်ကြိုက် ပုံဖော်ချယ်လှယ်စေချင်ပါတယ်။
ဒီနေရုံးကို မကြာမီလက်ထပ်မဲ့ အသက် ၂၈အရွယ်စုံတွဲ သူတို့ အိမ်အတွက် အိမ်တွင်း ဒီဇိုင်းပြင်ဖို့
အလုပ်လာအပ်တယ်။လက်ထပ်ပြီးရင် အတူနေဖို့ပေါ့။သူမိဘတွေက ဖောက်သည်ဟောင်းဆိုတော့
သူတို့နဲ့ အထိုက်အလျောက်ရင်းနှီးပါတယ်။သူတို့ကို ကြည့်ပြီး ကျွန်မတို့နိုင်ငံက အတူနေနိုင်ဖို့ ရုန်းကန်
နေကြရတဲ့ ချစ်သူစုံတွဲတွေကို ခုလိုပြီးပြည်စုံတဲ့ ဘဝလေးတွေကို ရရှိစေချင်တယ်။မင်္ဂလာ မဆောင်
ခင်ကတည်းက နေဖို့အိမ် စီးဖို့ကား စသည့်ဖြင့် အရာရာပြည့်စုံအောင် ဖန်တီးနိုင်ကြတယ်။
ကျွန်မတို့နိုင်ငံက မိဘအရှိန်အဝါ အားနည်းတဲ့ ချစ်သူစုံတွဲလေးတွေကတော့ ရရှိတဲ့လုပ်ခ လစာလေးတွေ
ကြောင့် အဆမတန်ဈေးမြင့်နေတဲ့ အိမ်ဝယ်ဖို့ ဆိုတာ အင်မတန်ခက်လှပါတယ်လို့ တွေးပြီး ကိုယ်နဲ့ကိုယ်ချင်း
စာမိသနားမိပါတယ်။ချစ်သူတိုင်း အတူနေနိုင်ဖို့ လှပတဲ့ အိမ်မက်ကလေးတွေ ပြီးပြည့်စုံပါစေလို့ပဲ ဆုတောင်း
ပေးနိုင်ပါတော့တယ်။
သူတို့ အိမ်အတွက် လိုအပ်တာတွေ ရွေးချယ်အပြီးမှာတော့ သူတို့မေးတဲ့ မေးခွန်းကြောင့် အနည်းငယ် စိတ်မသက်မသာ
ဖြစ်မိပါတယ်။မြန်မာနိုင်ငံက အကျယ်ကြီးဆိုတော့ ဘယ်နယ်ပယ်က အိမ်အကူအထွက်များဆုံးလည်းဒီလုပ်ငန်းကို ဘယ်နယ်
ကလူတွေ ပိုကျွမ်းကျင်ပါသလည်းတဲ့ အခုလက်ရှိ သူတို့အိမ်ရယ်သူအမျိုးအိမ်တွေက အိမ်အကူလေးတွေက မြန်မာတွေမို့ သူတို့
မင်္ဂလာဆောင်ပြီးလို့ အိမ်ခွဲရင်လည်း မြန်မာပဲခေါ်ချင်လို့ပါတဲ့။ကျွန်မ ပြုံးပြီးနာထောင်ရုံပဲနားထောင်ခဲ့မိပါတယ်။ဘာမှပြန်မပြော
ခဲ့ပါဘူး။ရင်နာရလို့ပါ။
ကျွန်မတို့ နိုင်ငံကလူတွေ ပညာရှင်နေရာမှာ အလုပ်လုပ်နေကြတာတွေတွေ့ရင် ဂုဏ်ယူရလွန်းလို့ မြေကြီးနဲ့ ခြေထောက်မထိသလို ပီတိဖြစ်
ရသလို ညီမအရွယ် အမအရွယ် မောင်လေးအရွယ် အကိုအရွယ်တွေ နွမ်းပါးစွာ အလုပ်လုပ်နေကြရတာ တွေ့ရပြန်တော့လည်း စာနာသနားစိတ်
နဲ့ စိတ်မကောင်းဖြစ်မိရတာပါဘဲ။ကိုယ်လည်းကူညီဖို့ရာ မစွမ်းသာဘူးလေ။
ကျွန်မတို့နိုင်ငံလေး အများကြီးမတိုးတက်ရင်နေပါစေတော့ရှင်။အခုလို နိုင်ငံရပ်ခြားမှာ ကုန်ပစ္စ္စည်းလို discount အပေးခံရတဲ့ အလုပ်လာလုပ်မဲ့သူတွေ
မရှိစေချင်လို့ လူတိုင်း အလုပ်အကိုင် အခွင့်အလမ်းလေးတွေ ပေါမျာစွာ ရရှိနိုင်ရင် လုံလောက်ပါပြီရှင်။စင်ကာပူကိုမမှီရင်နေပါစေ စင်ကာပူနိုင်ငံမှာ
discount အပေးခံရတဲ့ ဘဝကတော့ ကျွတ်ချင်လှပါတယ်လို့သာ.....................

သမ္မတနှင့်အတူမင်းသားတလက်လဲတရုတ်သို့ပါ


Nik Nayman

စက်မှုဝန်ကြီးဌာနက ခုချိန်ထိလည်း နံပတ်(၁)နေရာမှာပဲ။


Moe Zay Nyein
အစိုးရခေတ်အဆက်ဆက် မြန်မာပြည်ရဲ့ ထူးခြားချက်က ၀န်ကြီးဌာနတွေက အမြဲလိုလို ပိုးစိုးပက်စက်အရှုံးပေါ်တယ်။ ဒါပေသိ အဲဒီဝန်ကြီးဌာနတွေရဲ့ ၀န်ကြီးတွေ၊ ၀န်ကလေးတွေ၊ ထိပ်တန်းအရာရှိကြီးတွေကတော့ ဘယ်ကဘယ်လို အမြတ်တွေရမှန်းမသိ ရနေပြီး ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်။

လုပ်လို့ရရင် လုပ်ကြဦးမှာ၊ ဖမ်းကွာ


Moe Zay Nyein
June 28
မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတဲ့ သတင်းတွေ ဖတ်နေရတော့ အိမ်း - ကောင်းလေစွ၊ ကောင်းလေစွ ပေါ့။ သတင်းတွေ ဖတ်ရင်းနဲ့ ကြုံဖူးတာလေးတစ်ခုကို ဖျတ်ကနဲသတိရမိတယ်။

တစ်ခါက ခင်မင်တဲ့ ဒုရဲအုပ်ကောင်လေးတစ်ယောက် ရှမ်း-ရှေ့(ရပရ-ရှေ့) ကို ပြောင်းသွားတယ်။ သူပြောင်းသွားပြီး သိပ်မကြာခင်မှာပဲ သတင်းကောင်းတစ်ခု ကြားရတယ်။ အဆိုပါဒုရဲအုပ်လေးဟာ ရပရထဲက ဂိတ်တစ်ခုမှာ စစ်ဆေးရေး တာဝန်ကျခိုက် သိန်းထောင်ပေါင်းများစွာရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနိုင်တယ် ဆိုတဲ့ သတင်း၊ ဒါ့ကြောင့်မို့ ရပရမှူးမှ ချီးကျူးကြောင်းသတင်း၊ ပမာဏ အတော်အသင့်များတဲ ဆုကြေးငွေတို့ ရရှိကြောင်း သတင်းတွေကို ကြားသိလိုက် ရပါတယ်။ လာမဲ့ ၀ထရအစည်းအဝေးမှာ တဆင့်မြှင့်ရာထူးတိုးပေးဖို့ စဉ်းစားကြတဲ့ အကြောင်းပါ အသံသဲ့သဲ့ကြားမိတယ်။ ကိုယ့်လူတော့ တယ်ဟုတ်နေပါလား - ကောင်းပေစွပေါ့။

နောက်လအတန်ကြာတော့ ရဲအုပ်အလောင်းအလျာလေးက ကိစ္စတစ်ခုနဲ့ နေပူတော်ကို ရောက်လာလို့ ကျွန်တော်နဲ့ တွေ့ဖြစ်ကြတယ်။ လာကွာ၊ တနေရာ သွားရအောင်၊ မင်းသတင်းတွေကြားတယ်။ ငါပြုစုပါမယ် ပေါ့။ ဒီလိုနဲ့ မောခမ်းနွံမှာ ထိုင်စကားပြောဖြစ်တယ်။
* ကျွန်တော် - တလောက မင်း မူးယစ်ဆေးဖမ်းလိုက်တာ တို့လူကြီးတွေတော့ အတော်သဘောကျနေသကွ။ အတွေ့အကြုံလေး ပြောပါဦး။
* ဒုရဲအုပ် - အာ၊ အကိုကြီးရာ။ ဒီလူတွေက အချိုးမပြေလို့ပါ။ မှတ်လောက် သားလောက် ဖြစ်အောင် ဖမ်းပေးလိုက်တာ။
* ကျွန်တော် - အွန်၊ ဘယ်လို?
* ဒုရဲအုပ် - သူတို့သယ်လာမဲ့ လမ်းကြောင်းက ခင်းပြီးသားဗျ၊ ဘယ်နေ့မှာ ဘယ်လောက် သယ်လာမယ်၊ အဲဒါအတွက် ဆိုင်ရာ ဆိုင်ရာတွေကို ဘယ်လောက် ဆိုပြီး လမ်းကြောင်းခတွေလည်း ရပြီးသားဗျ။ ဒါပေမဲ့ ကျွန်တော့်ဆီကအဖြတ် စစ်ဆေးကြည့်တော့ သူတို့သယ်လာတာက ပြောထားတဲ့ပမာဏထက် ပိုနေတယ်။ နှစ်ပေါက်တစ်ပေါက်ရိုက်တာပေါ့ဗျာ။ ကျနော်လည်း အပေါ်(သူ့အထက်အရာရှိ ဖြစ်ဟန်တူ) ကို လှမ်းပြောတော့ ထပ်တောင်းရမယ်ပြောတယ်။ အဲ့တာနဲ့ ကျနော်က ခများတို့ သယ်လာတာက ညှိထားတာထက် ပိုများနေတယ်၊ ထပ်ပေးရမယ်လို့ ထပ်တောင်းတယ်။ သူတို့က မပေးဘူးဗျ။ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ ဈေးလျှော့ပေးပါတယ်။ သူတို့ကလည်း လုံးဝထပ်မပေးနိုင်ဘူးလို့ တင်းခံနေတယ်။ နောက်ဆုံး အပေါ်ကို လှမ်းတိုင်ပင်တော့ ဒါမျိုးတော့ အကျောမခံနဲ့- နောက်ဆို ဒါမျိုးလုပ်လို့ရရင် လုပ်ကြဦးမှာ၊ ဖမ်းကွာ ဆိုတာနဲ့ ဖမ်းပလိုက်တာ။ ဒါပါပဲဗျာ။
* ကျွန်တော် - တိန်

(ပုံစာ- ရပရ(ရှမ်း-အရှေ့)ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်စဉ် တစ်ခု မြင်ကွင်း)