Wednesday, July 9, 2014

M.D.C.F ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်အား သက်ဆိုင်ရာမှ ဖမ်းဆီး


ဒီမိုကရေစီတူဒေး

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူမှ တင်မြှောက်ကြောင်း ဆန္ဒပြခဲ့ သူ M.D.C.F ရန်ကုန်တိုင်းတာဝန်ခံ ကိုနောင်နောင်အား သက်ဆိုင်ရာမှ ဖမ်းဆီး

ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အား စုများကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူမှ တင်မြှောက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဒီမိုကရေစီ စဉ် ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (M.D.C.F) မှ ရန်ကုန်တိုင်း တာဝန်ခံ ကိုနောင်နောင်အား ရဲတပ်ဖွဲ့မှ ဇူလိုင် ၈ရက်က ဖမ်းဆီး လိုက်ပြီဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြု ပြောကြားလိုက်သည်။
ဇူလိုင် ၈ရက် နံနက် ၁နာရီခွဲ အချိန်ခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ (၅၆)ရပ်ကွက်ရှိ ကိုနောင်နောင် နေ အိမ်၌ လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးအပါအဝင် သက် ဆိုင်ရာအာဏာပိုင်ငါးဦးက လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကိုနောင် နောင်၏ဇနီးကိုလည်း စိတ်မပူရန်နှင့် စစ်ဆေးမေးမြန်းစရာရှိခြင်းကြောင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ကို လာရောက်ခေါ်ဆောင်သွားသူများ က ပြောကြားခဲ့ပြီး ယခုအချိန်အထိ မည်သည့်သတင်းမျှ မကြားရသေး ကြောင်း ကိုနောင်နောင်၏ဇနီးဖြစ်သူက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ကိုနောင်နောင်၏ ဇနီး မကြူကြူ က ''မနေ့က မြို့ထဲမှာ ဆန္ဒပြတဲ့ကိစ္စ ကြောင့် ဖမ်းတယ်လို့တော့ ပြောသွား တာပဲ။ အရင်က သူလုပ်ခဲ့တဲ့စာရွက် တွေရော၊ လက်ကမ်းစာစောင်တွေ ရော အားလုံးကို သိမ်းသွားတယ်။ ဖုန်း ပါသိမ်းမယ်ပြောတာ ကျွန်မက ဖုန်း တော့ မသိမ်းပါနဲ့။ ဒီကိစ္စက ဖုန်းက လုပ်တာမဟုတ်ဘူး။ လူကလုပ်တာ။ ဖုန်းတော့ထားခဲ့ပါဆိုလို့ ဖုန်းတော့ ထားခဲ့တယ်။ ဒါပေမဲ့ သူတို့လာဖမ်း တော့ ကိုနောင်နောင်က ဖမ်းဝရမ်း စာရွက်ပြလို့ ပြောတယ်။ သူတို့က ဖမ်းဝရမ်းကျန်ခဲ့တယ်။ စစ်ဆေးစရာ ရှိလို့ပါလို့ပဲပြောပြီး ခေါ်သွားတာပါ'' ဟု ပြောသည်။
ယင်းမှဆက်လက်၍ လာရောက် ခေါ်ဆောင်ချိန်မှစတင်ကာ ယခုထက် တိုင် မည်သည့်သတင်းမျှ တစ်စုံတစ်ရာ မကြားရသေးကြောင်း၊ မိသားစုအနေ ဖြင့် စိတ်ပူလျက်ရှိကြောင်း ပြောသည်။

ယင်းနှင့်ပတ်သက်၍ အနောက် ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက် သွယ်မေးမြန်းရာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦး က ''ကျွန်တော်တို့ကတော့ ဘယ်သူ့ ကိုမဆို ဥပဒေမဲ့လုပ်လာရင် အရေး ယူမှာပဲ။ ကျောက်တံတားရဲစခန်းမှာ လတ် တလော စစ်ဆေးမှုတွေလုပ်နေ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်း ထုတ်ပြန်ဖို့ကိစ္စတွေကတော့ အချိန် ကြန့်ကြာဦးမယ်''ဟု ဒီမိုကရေစီတူ ဒေးသို့ အတည်ပြုပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဇူလိုင် ၇ ရက် မြို့တော်ခန်းမရှေ့၌ ဆန္ဒပြ စဉ်ကလည်း တရားဝင်ခွင့်ပြုမိန့် မရ ရှိခဲ့သည့် အတွက် ကျောက် တံတား ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ သို့သော် ဖမ်းဆီးခဲ့ခြင်းမရှိဘဲ ပြန် လည်လွှတ်ပေးခဲ့ပြီး ဇူလိုင် ၈ရက် နံနက် ၁နာရီတွင် လာရောက်ဖမ်းဆီးခဲ့ခြင်း သာဖြစ်ကြောင်း ထို့အပြင် ကိုနောင် နောင်သည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်တွင် ဖယောင်းတိုင်ထွန်း ဆန္ဒပြ ခဲ့သည့်အတွက် ပုဒ်မ-၁၈အရ အမှုရင် ဆိုင်နေရသူဖြစ်သည်။

ပြည်သူ့ရဲနှင့်သံဃာများလည်း၄၃၆ပြင်ပြီ


Nyi Nyi Lwin Pyl

ငွေလည်းလှူ
လက်မှတ်လည်းထိုးတဲ့
ရေဦးမြို့က
ဒီမိုကရေစီဘက်တော်သား
ပြည်သူ့ဝန်ထမ်းများ။ ။

သံဃာတော်များလည်းအားဖြည့်
Htun Htun Lwin's photo.

ဒီနေ့ကာတွန်း

ယက်ကန်လိမ်တွန့်ပြနေတာရှက်စရာ


သူများကြေငြာချက်တရားဝင်ထုတ်တာကိုမီဒီယာက
လက်ဦးမှုရအောင်တင်တယ်။အခြားနိုင်ငံတွေမှာလဲ
တင်ကြတာပဲ၊
ဦးထင်ကျော်အဖွဲ့ကသူတို့လေးစားတဲ့အဖွဲ့အစိုးရ
ဖြစ်စေချင်တာ၊သူတို့ချစ်တဲ့သူသမ္မတဖြစ်စေချင်တာ
နိုင်ငံသားတယောက်အနေနဲ့ပြောခွင့်ရှိတာပြောတာ
ကိုဖေါ်ပြတဲ့မီဒီယာဖမ်းတာတော့ဖေါင်းသွားပြီဦးသိန်း
စိန်၊နိုင်ငံခေါင်းဆောင်လုပ်သူဆိုတာပါးစပ်နဲ့နိုင်ငံရေး
စိန်ခေါ်မှု၊တိုက်ခိုက်မှု၊ယှဉ်ပြိုင်မှုတွေကိုအရေးယူခွင့်
မရှိဖူး၊ယူနတီဂျာနယ်တုန်းကနိုင်ငံတော်လျှို့ဝှက်ချက်
ဆိုပြီးဖမ်းတယ်။အခုလဲအကြည်ညိုပျက်မှုတဲ့၊
အဲဒီစကားလုံးကနိင်ငံတကာမှာအာဏာရှင်နိုင်ငံတွေ
ပဲသုံးတာ၊စစ်ယူနီဖေါင်းချွတ်တယ်ဆိုလဲကွင်းလုံးကျွတ်
ချွတ်လိုက်ပါလား၊ဖါးတပိုင်းငါးတပိုင်းအဆင့်နဲ့ယက်
ကန်လိမ်တွန့်ပြနေတာရှက်စရာကြီးပါဗျာ.......

မွန်းတည့်နေ သတင်း ဂျာနယ်မှ အယ်ဒီတာ ၃ ဦးကို
၁၉၅၀ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ ၅ (ည)
တို့ဖြင့် အရေးယူ

ထင်ရှားတဲ့ အမုန်းတရား ဖြန့်ဖြူးးသူတွေ


Sithu Aung Myint

ထင်ရှားတဲ့ အမုန်းတရား ဖြန့်ဖြူးးသူတွေထဲမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ၊ မန္တလေး မဘသ အဖွဲ့ခေါင်းဆောင် အရှင်ဝီရသူနဲ့ အခြား သူတွေ ပါဝင်ကြပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးမှု အခြေခံက စပြီး မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့် က လက်ဖက်ရည်ဆိုင် ပါတ်ဝန်းကျင်မှာ မငြိမ်မသက်ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် တိုင်းပြည်ကို တည်ငြိမ်အောင် မဆောင်ကျဉ်းနိုင်ဘူးလား
စည်သူအောင်မြင့်

VOA အသံလွှင့်ဌာန၊ ဇူလိုင် ၆ ည နဲ့ ဇူလိုင် ၇ မနက်ပိုင်း အစီအစဉ်။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ အလွန် အရုပ်ဆိုးအကျည်းတန်းတဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားသွားခဲ့ပါပြီ။ လူနှစ်ယောက်သေ၊ တစ်ချို့ ဒါဏ်ရာရ၊ နေအိမ်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ တိုက်ခိုက်ဖျက်ဆီး ခံရတာတွေ ဖြစ်ပွားခဲ့ပါပြီ။ ထုံးစံအတိုင်း နည်းပညာခေတ်ကြီးမှာ ဒီ သတင်း ကမ္ဘာတစ်လွှား တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီ ထက်ပိုဆိုးတာက မန္တလေးနေ ပြည်သူတွေရဲ့ စိတ် မလုံခြုံမှု၊ အထူးသဖြင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ နိုင်ငံသားတွေရဲ့ စိတ်မလုံခြုံမှုကတော့ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါပြီ။ ရခိုင်ပြည်နယ်က စ လိုက်တဲ့ ဒီ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပြသနာဟာ မိတ္တီလာ၊ ရှမ်းပြည်နယ် လားရှိုး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေမှာ ဖြစ်ပွားခဲ့ပြီး ရပ်ဆိုင်းမသွားရုံမက အခု မန္တလေး ရွှေမြို့တော်ကြီးမှာလည်း ဖြစ်ပွားခဲ့ပြန်ပါပြီ။ ပြသနာ ဘယ်လိုဖြစ်ရတာပါလဲ၊ ဒီ ပြသနာနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ကိုင်တွယ်ဆောင်ရွက်နိုင်ပါရဲ့လား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်ရှိ မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ အထူးအဆန်း ဖြစ်စဉ်မျိုးတော့ မဟုတ်ပါဘူး။ ကြိုတင် မသိရှိ၊ မတားဆီး လို့ မရတဲ့ အဖြစ်အပျက်မျိုးလည်း မဟုတ်ပါဘူး။ ဇတ်လမ်းကတော့ ထုံးစံအတိုင့်း မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့်က နေ လဖက်ရည်ပိုင်ရှင် အစ္စလာမ် ဘာသာဝင်နှစ်ယောက် ပျဉ်းမနားမြို့ရဲစခန်းမှာ မုဒိန်းမှုနဲ့ အမှုဖွင့် တိုင်ကြားခံရတယ် ဆိုတာ ကနေ စ ပါတယ်။ ဒါက တိုင်ကြားထားတဲ့အဆင့်မှာပဲ ရှိသေးပြီး ရဲတပ်ဖွဲ့ကိုယ်တိုင်က စုံစမ်း မေးမြန်းနေဆဲ အခြေအနေပါ။ စွတ်စွဲခံရသူတွေကိုလည်း ဖမ်းတာ ဆီးတာ မလုပ်ပါဘူး။ ဒါပေမယ့် ပြသနာက အဲလောက်နဲ့ ရပ်မနေပါဘူး။ ဒီ တိုင်ကြားခံရမှု ပြသနာကို အခြေပြုပြီး အစွန်းရောက်သူ တစ်ချို့ဟာ အင်တာနက် လူမှုကွန်ယက် စာမျက်နှာကနေ တဆင့် တကယ်ကျူးလွန်ခဲ့တဲ့ မှုခင်းကြီးဖြစ်သယောင်၊ အမုန်းတရား ပေါ်ပေါက်လာအောင် လှုံ့ဆော်မှုတွေ တရစပ် လုပ်ခဲ့ကြပါတယ်။
ထင်ရှားတဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေထဲမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ၊ မန္တလေး မဘသ အဖွဲ့ခေါင်းဆောင် အရှင်ဝီရသူနဲ့ အခြား သူတွေ ပါဝင်ကြပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးမှု အခြေခံက စပြီး မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့် က လက်ဖက်ရည်ဆိုင် ပါတ်ဝန်းကျင်မှာ မငြိမ်မသက်ဖြစ်ပါတယ်။ ဒါကို ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အဲဒီလို ထိန်းသိမ်းနေတဲ့ကြားက စောစောက ပြောခဲ့သလို လူသေဆုံး၊ ထိခိုက်ဒါဏ်ရာ ရသူရ၊ နေအိမ်အဆောက်အဦနဲ့ ကားဆိုင်ကယ်တွေ ဖျက်ဆီးခံရတဲ့ အထိ ဖြစ်ပွားခဲ့တာပါ။ ဒီနေရာမှာ မေးစရာ တစ်ခုရှိပါတယ်။ အခုလို ဘာသာခြားက မုဒိန်းကျင့်တယ် ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းကို ပျံ့အောင် ဖြန့်၊ တဆက်တည်း ဘာသာခြား အမုန်းတရား ပျံ့နှံ့အောင်လုပ်၊ နောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွား ဆိုတဲ့ ဖေါ်မြူလာဆန်ဆန် လုပ်ရပ် သမ္မတ ဦးသိန်းစိန် အစိုးရက မသိ၊ မတားဆီး နိုင်ဘူးလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်တော့ ဒီ ပြသနာကို သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက သိခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၃ ဇူလိုင် ၂ ရက် မိန့်ခွန်းကို နည်းနည်း ပြန်နားထောင်ကြည့်ရအောင်ပါ။ သမ္မတရဲ့ မိန့်ခွန်းတစ်နေရာမှာ အဲဒီ အချိန်က မလေးရှားရောက် မြန်မာအလုပ်သမားတစ်ချို့ တိုက်ခိုက်ခံရတာနဲ့ ဆက်စပ်ပြီး ခုလို ပြောဆိုထားပါတယ်။ “ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့် ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပြည်ပ နိုင်ငံများမှာ ရောက်ရှိနေထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တာပဲ ဖြစ်တယ်။ ” လို့ ဆိုပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ဟာ Hate Speech လို့ခေါ်တဲ့ အမုန်းတရား ဖြန့်ဖြူးမှုရဲ့ အန္တရာယ်ကို သိနေတဲ့ သဘော သက်ရောက်ပါတယ်။
ဆက်ပြီးပြောတာက “ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။ အခုဆို သမ္မတ အဲဒီ မိန့်ခွန်းပြောတာ တစ်နှစ်တိတိ ရှိသွားပါပြီ။ အကြမ်းဖက်မှုတွေ ဖြစ်ပွားမှုရဲ့ အဓိက လက်သည်တရားခံဖြစ်တဲ့ အဲဒီ အမုန်းတရား ဖြန့်ဖြူးသူ တစ်ဦးတစ်ယောက်ကိုမှ အစိုးရက အရေးယူတာ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ပိုပြီး အတင့်ရဲ ပိုပြီး ဆိုးရွားလာ၊ နောက်ထပ် အကြမ်းဖက်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်သေးတယ် ဆိုတဲ့ အနေမျိုး ကြုံတွေ့ရလာတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အမုန်းတရားဖြန့်ဖြူးတဲ့သူတွေကို အရေးယူမယ် ဆိုတဲ့ မိန့်ခွန်းပြောပြီး တစ်နှစ်အကြာ အခု ဇူလိုင် ၃ ရက်နေ့မှာ နောက်ထပ် မိန့်ခွန်းတစ်ခု ပြောခဲ့သလို မန္တလေးမှာ အကြမ်းဖက်မှုကြီးတစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ဖြစ်လာတာ ကြုံရပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောတာက “ ပြုပြင်ပြောင်းလဲရေး အာင်မြင်နိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူများအကြားမှာ မုန်းတီးမှုများဖြစ်ပွားစေမယ့် ပြုမူပြောဆို ရေးသားမှုများနဲ့ လှုံ့ဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း၊ အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေဒုက္ခမျိုးစုံ တွေ့ကြုံနေကြရတာကို ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြ နေပါတယ်။ ဒါကြောင့် နိုင်ငံသားများအကြား အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြရမှာလည်း ဖြစ်ပါတယ်။” လို့ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် ပြောတာ ရှင်းပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က အမုန်းတရား ဖြန့်ဖြူးနေသူတွေကို အရေးယူရမယ် ပြောခဲ့ပေမယ့် အခုတစ်နှစ်ပြည့်တဲ့ အချိန်မှာတော့ သူတို့ အစိုးရ အာဏာပိုင်တွေအနေနဲ့ ဘာတာဝန်မှ ယူတော့မှာ မဟုတ်ပဲ လူ့အဖွဲ့အစည်းကသာ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြပါ ဆိုပြီး ပြည်သူတွေ လက်ထဲ ပြန်ထိုးထည့်သွားခဲ့တာပါ်။ အဓိပ္ပါယ်ကတော့ ဒီပြသနာကို ကိုင်တွယ် အရေးယူနိုင်တဲ့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန် ညွှန်ကြားလို့ မရဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပြောရရင် နိုင်ငံ့အကြီးအကဲ အထွတ်အထိပ် လို့ ခေါ်ဝေါ်သမုတ်နေကြတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုကြည့်ရင် သူ့အစိုးရလက်ထက် ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး ဘာမှ အရေးယူနိုင်တာ မရှိသလို လုပ်နိုင်စွမ်းမရှိတာလဲ ပေါ်လွင်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

၁၅ ဦးပါဝင်သော အန်နယ်လ်ဒီဗဟိုလူငယ်လုပ်ငန်းအဖွဲ့စာရင်း



National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံကို ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းညီလာခံမှ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင် ၅၇ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပါသည်။ ထိုဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင်များမှနေ၍ အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ကို ထပ်မံရွေးချယ်တင်မြှောက်ခဲ့ပါသည်။
၁။ ဒေါက်တာစိုးမိုးသူ( ဧရာဝတီတိုင်းဒေသကြီး) တာဝန်ခံ
၂။ ဒေါက်တာဝေဖြိုးအောင်(ရန်ကုန်တိုင်းဒေသကြီး) တွဲဘက်တာဝန်ခံ
၃။ ကိုကျော်ဇေယျ (ပဲခူးတိုင်းဒေသကြီး) စည်းရုံးရေးမှူး
၎။ မနီနီမေမြင့် (ရခိုင်ပြည်နယ်) အုပ်ချုပ်ရေးမှူး
၅။ မဇင်နီနီဝင်း (မကွေးတိုင်းဒေသကြီး) ဘဏ္ဍာရေးမှူး
၆။ ကိုနေစိုးအောင် ( စစ်ကိုင်းတိုင်းဒေသကြီး) သတင်းနှင့်ပြန်ကြားရေးမှူး
၇။ မစန္ဒီမြင့် (ရှမ်းပြည်နယ်) လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးမှူး
၈။ မဇာခြည်မြင့် (ကချင်ပြည်နယ်) လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများရေးရာမှူး
၉။ ကိုခိုင်ညီညီကျော်(ရှမ်းပြည်နယ်) လူထုလူတန်းစားရေးရာမှူး
၁၀။ မကေသီအောင်(ချင်းပြည်နယ်) အဖွဲ့ဝင်
၁၁။ ကိုအောင်ဇမ္ဗူ (စစ်ကိုင်းတိုင်းဒေသကြီး) အဖွဲ့ဝင်
၁၂။ ကိုနေထက်ဝင်း (မကွေးတိုင်းဒေသကြီး) အဖွဲ့ဝင်
၁၃။ မစန်းစန်းမော် (ကယားပြည်နယ်) အဖွဲ့ဝင်
၁၄။ ကိုဇော်ဖြိုးနောင် ( မန္တလေးတိုင်းဒေသကြီး) အဖွဲ့ဝင်
၁၅။ မရည်မာဇော် ( မွန်ပြည်နယ်) အဖွဲ့ဝင်
အသေးစိတ်အချက်အလက်များသိရှိလိုပါက ကိုမောင်မောင်ဦး( ၀၉-၄၃၀၅၂၀၃၂) ထံဆက်သွယ်နိုင်ပါသည်။

မန္တလေးဖြစ်ရပ် နောက်ဆက်တွဲ အန်နယ်လ်ဒီထုတ်ပြန်ကြေညာချက်



ကြေညာချက်အမှတ် ၆/၀၇/၂၀၁၄

National League for Democracy

ပုဒ်မ ၄၃၆ ၏ ဇာစ်မြစ်


By
အေးသူစံ
On
Wed, 2014-07-09 13:45
Issue No.
အတွဲ (၁၃)၊ အမှတ်(၁၈)
7daydaily
အမျိုးသားညီလာခံတွင် သဘာပတိအဖြစ် ဆောင်ရွက်နေသော ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ဆန္ဒလက်မှတ်များ ကောက်ခံနေသည်။ တစ်ချိန်တည်းမှာပင် အစိုးရနှင့် နိုင်ငံရေးအင်အားစုအချို့က ပြင်သင့်သည့်အချက်များကိုသာ ပြင်လိုသည်ဟု လေသံပစ်သည်။ မကြာသေးမီကဆိုလျှင် သမ္မတဖြစ်ခွင့် ကန့်သတ်ချက် ပုဒ်မ ၅၉(စ)ကို ပြင်မည်မဟုတ်ဟု အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံမှ စကားအစွန်းထွက်လာခဲ့သည်။

ထို့ကြောင့် ပုဒ်မ ၄၃၆ ပြင်ရန် ဒီချုပ်ဘက်တွင် ပြည်သူများကလွဲ၍ အခြားမည်သည့်နိုင်ငံရေးအင်အားစုများ ရပ်တည်နေသလဲဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။

လောလောဆယ် ပြည်သူသုံးသန်းကျော် လက်မှတ်ရေးထိုးထားပြီး ပြင်လိုကြောင်း ဆန္ဒရှိသော ပုဒ်မ ၄၃၆ ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံကတည်းကပင် ကိုယ်စားလှယ်အများစု ကန့်ကွက်ခဲ့ခြင်းမရှိကြောင်း ညီလာခံသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ညီလာခံဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများက အံ့အားသင့်ဖွယ် ညွှန်ပြနေသည်။

‘‘ပုဒ်မ ၄၃၆ ကို ညီလာခံမှာ စဉ်းစားတော့ ပြင်ဖို့ခက်အောင် လုပ်ထားတာကို မူအားဖြင့် လက်မခံခဲ့ဘူး။ ဒါပေမဲ့ ပြင်ဖို့သိပ်လွယ်နေရင် ပါတီတစ်ခု တက်လာတိုင်း အခြေခံဥပဒေကို ပြင်ပြင်နေမယ်ဆိုရင် တည်ငြိမ်တဲ့ နိုင်ငံတော် ဖြစ်လာမှာ မဟုတ်ဘူး။ တပ်ပါဝင်မှုကို အတိုင်းအတာတစ်ခုထိ ပြောပေမယ့် လတ်တလော ပါဝင်သင့်တယ်လို့ ပြောခဲ့တယ်။ ၅၉(စ)ပြင်ဖို့မလိုဘူးဆိုတာလည်း ဟိုတုန်းကတည်းက ကျွန်တော်တို့ပါတီတွေ ပြောပြီးသား။ အဲဒီတုန်းက ကိုယ်စားလှယ်အများစုက အခုခေတ်လို ဘယ်သူသမ္မတဖြစ်လာမလဲဆိုတာတွေးပြီး ဒါတွေ သဘောတူခဲ့တာမဟုတ်ဘူး။ နိုင်ငံအတွက် တကယ်လိုအပ်တဲ့အချက်တွေဖြစ်လို့ပဲ’’ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးထွန်းရီကပြောသည်။

၎င်းက ၁၉၉၃ မှ စတင်ခဲ့ပြီး ရပ်နားကာ  ၂၀၀၄ ခုနှစ် မှော်ဘီညောင်နှစ်ပင်တွင် အမျိုးသားညီလာခံ ပြန်လည်စတင်စဉ်မှ ပြီးဆုံးသည်အထိ တက်ရောက်ခဲ့သူ ဖြစ်သည်။

သို့သော် ယင်းပုဒ်မတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံမှဆိုသော စာသားတွင် ‘‘ကျော်’’ဆိုသည့် စကားရပ်ကို ကန့်ကွက်ခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘ဒါကတော့ နိုင်ငံတကာအခြေခံဥပဒေတွေမှာလည်းမပါလို့ ကန့်ကွက်ခဲ့တာ။ ဒါပေမဲ့ မူတွေကို အတည်ပြုမယ့် စုံညီအစည်းအဝေးအထိတောင် ပါမလာဘူး။ ကျန်ကိုယ်စားလှယ်တွေက ဘာမှမပြောတော့ ဒီမိုကရေစီနည်းအရ ကျွန်တော်တို့ စာတမ်းက ပြုတ်သွားတယ်’’ဟု ဆိုသည်။

အမျိုးသားညီလာခံတွင် အစုအဖွဲ့ရှစ်ဖွဲ့အနက် နိုင်ငံရေးပါတီ အစုအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ မြို(ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ‘၀’ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီတို့ တက်ရောက်ခဲ့သည်။

အစုအဖွဲ့ရှစ်ဖွဲ့တွင် နိုင်ငံရေးပါတီနှင့် ရွေးကောက်ခံအစုအဖွဲ့မှလွဲ၍ ကျန်အဖွဲ့များမှာ စစ်အစိုးရအလိုကျ ရွေးချယ်ခဲ့သော ကိုယ်စားလှယ်များဖြစ်ကြောင်း အတိုက်အခံအများစုက သုံးသပ်ခဲ့သည်။ ထို့ကြောင့် ညီလာခံဆုံးဖြတ်ချက်အများစုမှာ လူအများစုကို ကျော်လွန်နိုင်ခြင်းမရှိဟုဆိုသည်။ သို့သော် နိုင်ငံရေးပါတီအစုအဖွဲ့ထဲမှာပင် ပုဒ်မ ၄၃၆ ကို ထိုစဉ်ကတည်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သူမရှိကြောင်း ညီလာခံတက်ရောက်ခဲ့သူတို့နှင့် တွေ့ဆုံမေးမြန်းမှုများက ညွှန်ပြနေသည်။

ပုဒ်မ ၄၃၆ ဖြစ်တည်လာမည့် အခြေခံမူများကို အမျိုးသားညီလာခံတွင် ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တရားသူကြီးချုပ် ဦးအောင်တိုးက တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဦးအောင်တိုးသည် ပုဒ်မ ၄၃၆ မူများသာမက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအတွက် အခန်းအလိုက်၊ ခေါင်းစဉ်အလိုက်၊ အကြောင်းအရာများကို လမ်းကြောင်းပေး စာတမ်းတင်သွင်းခဲ့သူလည်းဖြစ်သည်။

ကမ္ဘာ့အခြေခံဥပဒေ ၁၀၀ ကျော်ကို လေ့လာပြီးမှ အခန်းလိုက်ခေါင်းစဉ်များကို တရားသူကြီးချုပ် ဦးအောင်တိုးက တင်သွင်းသည်။ ဦးအောင်တိုး တင်သွင်းသည့်ခေါင်းစဉ်များကို နိုင်ငံရေးပါတီအစုအဖွဲ့၊ ရွေးကောက်ခံ ကိုယ်စားလှယ်အစုအဖွဲ့၊ တစ်သီးပုဂ္ဂလ၊ တိုင်းရင်းသားအစုအဖွဲ့၊ တောင်သူလယ်သမားအစုအဖွဲ့၊ လယ်သမားအလုပ်သမား၊ နိုင်ငံ့ဝန်ထမ်း၊ တတ်သိပညာရှင်နှင့် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်အစုအဖွဲ့များက ဆွေးနွေးကြသည်ဟုဆိုသည်။

အများစု၏ သဘောတူညီချက်များကို လက်ရှိသမ္မတဦးသိန်းစိန် ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် စုံညီအစည်းအဝေးတွင် အခြေခံမူအဖြစ် ချမှတ်သည်။ ယင်းမှာ အမျိုးသားညီလာခံကျင်းပသည့်ပုံစံပင် ဖြစ်သည်။

‘‘အစုအဖွဲ့ရှစ်ဖွဲ့လုံး သူတို့လူတွေချည်းပဲ။ ရွေးကောက်ခံကိုယ်စားလှယ်တွေပဲ အပြင်ကပါတယ်။ ပုဒ်မ ၄၃၆ အပါအ၀င် အပေါ်ကချပေးတဲ့ မူတွေကို အခြေခံမူအဖြစ် ချမှတ်လိုက်တယ်ဆိုပြီးလုပ်တာ။ ကျွန်တော်တို့က ကန့်ကွက်တယ်။ မရဘူး။ အကုန်အပယ်ခံရတယ်။ ဘယ်သူကမှလည်း ထပ်မဆွေးနွေးဘူး။ ဒါကြောင့် ညီလာခံကထွက်ခဲ့တာ’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ညောင်နှစ်ပင်ညီလာခံ အတွေ့အကြုံကို ပြန်ပြောင်းပြောသည်။

၎င်းတို့ချမှတ်ထားသည့် မူများကို စစ်အစိုးရက အထိမခံသည့်အပြင် ညီလာခံကိုယ်စားလှယ်အများစုကလည်း နှုတ်ဆိတ်မှုများကြောင့် ဒီချုပ်နှင့် SNLD တို့မှာ ညီလာခံမှ ယတိပြတ်ထွက်ခွာခဲ့သည်။

SNLD မှ ဦးခွန်ထွန်းဦးနှင့် ပါတီဝင်အချို့ဆိုလျှင် ညီလာခံမတက်တော့ဟု အကြောင်းပြန်သဖြင့် ၂၀၀၄ တွင် အုံနှင့်ကျင်းနှင့် အဖမ်းခံခဲ့ရသည်။

၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပသော အမျိုးသားညီလာခံတွင် ပြည်သူများက ရွေးကောက်တင်မြှောက်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းသာ တက်ရောက်နိုင်ခဲ့ပြီး အားလုံးပါဝင်သော ဆွေးနွေးပွဲတစ်ရပ်  ဖြစ်မြောက်စေသည်အထိ စောင့်ဆိုင်းမည်ဟုဆိုကာ ၂၇ ရက် နိုဝင်ဘာ ၁၉၉၅ ခုနှစ်တွင် ဒီချုပ်က ဦးအောင်တိုးထံ စာပို့ခဲ့သည်။ သို့သော် ညီလာခံကမူ ဒီချုပ်ကိုယ်စားလှယ် ၈၆ ဦးကို ကြိုတင်အကြောင်းကြားရန် ပျက်ကွက်သည်ဟုဆိုကာ ထုတ်ပယ်ခဲ့သည်။

‘‘ကျန်တဲ့အစုအဖွဲ့ဆိုတာ လက်ညှိုးထောင်ခေါင်းညိတ်ပဲ။ ဒီချုပ်က ဘာမှပြောခွင့်မရဘူး။ သုံးကြိမ်စာတင်တယ်။ လက်မခံဘူး။ အဲဒီကတည်းက ပုဒ်မ ၅၉(စ)ဆိုတာ လူတစ်ဦးတစ်ယောက်ကို မပါအောင်လုပ်ထားတယ်ဆိုပြီး ကန့်ကွက်ခဲ့တယ်။ ၁၉၄၇ မှာရော ၁၉၇၄ ဖွဲ့စည်းပုံမှာပါ ဒီလို သမ္မတကို ကန့်သတ်ထားတာမှမရှိဘဲ။ တပ် ၂၅ ရာခိုင်နှုန်းလည်း ကန့်ကွက်တယ်။ အုပ်ချုပ်ရေးအပိုင်းအရောက်မှာပဲ တွေ့ဆုံဆွေးနွေးမှုကို စောင့်မယ်ဆိုပြီး စာပို့ခဲ့တာ။ အဲဒါကို စစ်အစိုးရက တစ်ခါတည်း သပိတ်မှောက်တာဆိုပြီး ထုတ်ပစ်လိုက်တာပဲ’’ဟု ၁၉၉၅ နိုဝင်ဘာတွင် ညီလာခံနောက်ဆုံးတက်ရောက်ခဲ့သည့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောသည်။

ထို့ကြောင့် ၁၉၉၆ နှစ်ဦးပိုင်းတွင် ညီလာခံရပ်နားသွားခဲ့သည်။ ညီလာခံပြန်စသည့် ၂၀၀၄ တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အခြေခံမူ ၁၀၄ ချက်ကို အတည်ပြုနိုင်ကြောင်း နအဖအစိုးရက ကြေညာခဲ့သည်။

မဲပေးခွင့်ရှိသူ၏ ၉၂ ရာခိုင်နှုန်းကျော်က တစ်ခဲနက်ထောက်ခံခဲ့သည်ဟုဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပုဒ်မ ၄၃၆ တွင် အရေးကြီးပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည့်အတွက် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက သဘောတူရုံသာမကသေး။ ကာကွယ်ရေးဦးစီးချုပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိသော အနည်းဆုံး တပ်မတော်သားကိုယ်စားလှယ်တစ်ဦး၏ ထောက်ခံမှုမဖြစ်မနေလိုအပ်နေသည်။

‘‘အဲဒီ ၄၃၆ ဖြစ်လာမယ့် မူတွေကရှိပြီးသား။ တော်တော်များများက ဒီအချက်တွေကို ထောက်ခံတယ်။ အစုအဖွဲ့အစည်းအဝေးတွေမှာလည်း ၄၃၆ မူတွေကို သိပ်ပြီးကန့်ကွက်တာ၊ ခက်ခက်ခဲခဲ ဆွေးနွေးကြတာမရှိဘူး။ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေက တပ်နဲ့ပတ်သက်လို့ နည်းနည်းပါးပါး ကန့်ကွက်တာတော့ရှိတယ်’’ဟု နအဖအစိုးရဖိတ်ကြားမှုကြောင့် အခြားဖိတ်ကြားသင့်သော အစုအဖွဲ့များအနေဖြင့် ညီလာခံတက်ရောက်ခဲ့သူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဂါးအဖွဲ့မှ ဦးလွင်မိုးငိန်းကပြောသည်။

‘‘အဲဒီ ၄၃၆ အထိတောင် မရောက်သေးပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တိုင်းကိစ္စတွေမှာ ဦးအောင်တိုးကို တည့်ပြောလို့ စစ်ဥပဒေချုပ် ဗိုလ်မှူးချုပ်သန်းဦးက ဖမ်းရမလားဆိုပြီး ထအော်တာ။ နောက်အထုတ်ခံလိုက်ရတယ်။ ဒါကြောင့် ဒီညီလာခံဟာ သူတို့ဖြစ်စေချင်တဲ့အချက်တွေကို အတင်းအတည်ပြုခိုင်းတဲ့ ညီလာခံပဲ’’ဟု ကယားပြည်နယ်လူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့ချုပ်မှဖြစ်ပြီး ပါတီဖျက်သိမ်းပြီးနောက် တစ်သီးပုဂ္ဂလအဖြစ် ညီလာခံတက်ရောက်ခဲ့သော ဦးခင်မောင်ချိုကပြောသည်။

သူက ၁၉၉၄ ခုနှစ်တွင် ညီလာခံကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခံရသည်။

အခြေခံဥပဒေရေးဆွဲရန် ညောင်နှစ်ပင်ညီလာခံကျင်းပစဉ်က ဖိတ်ခေါ်ခဲ့သော်လည်း မိမိသဘောဖြင့် နုတ်ထွက်သွားကြပြီး ယခုမှ တောင်ပြောမြောက်ပြောလာမပြောနှင့်ဟု လက်ရှိ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က လူထုတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားထားသည်။ ဦးသိန်းအောင်နည်းတူ အခြားသောပါတီအချို့နှင့် ညီလာခံကိုယ်စားလှယ်အချို့တွင်လည်း အဆိုပါ သဘောထားမျိုးရှိခဲ့သည်။

‘‘ပြောတာမရလို့ ထွက်ရကြေးဆို ကျွန်တော်တို့က PR (အချိုးကျကိုယ်စားပြုစနစ်)ကို ညီလာခံမှာ တင်ခဲ့သေးတယ်။ ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ခံတွေနဲ့ ခန့်ရမယ်ဆိုတာတွေ မရခဲ့ဘူး။ မရလို့ သပိတ်မှောက်ရင် ကိုယ်ပြောချင်တာ ဆက်မပြောရရုံပဲရှိမယ်။ အခုအချိန်ကျမှ အရိုးများတယ်၊ ချေးခါးတယ် လုပ်လို့မရတော့ဘူးလေ’’ဟု တစညပါတီမှ ဦးထွန်းရီကပြောသည်။

ညီလာခံက ချမှတ်သည့် အခြေခံမူများကို သတင်းစာများတွင် အခန်းလိုက်ထည့်သွင်းခဲ့ပြီး ယခုအခြေခံဥပဒေပြင်လိုသည်ဟု အော်နေသူများမှာ ထိုစဉ်က ဘာမျှမကန့်ကွက်ခဲ့ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အကြံပေး၊ အတိုင်ပင်ခံ တက္ကသိုလ်မြတ်သူကပြောသည်။

သို့သော် ထိုစဉ်က ဒီချုပ်နှင့် နိုင်ငံရေးအင်အားစုတို့မှာ ကန့်ကွက်ခွင့်ပင်မရခဲ့။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးသမားအများစုမှာ စစ်အစိုးရ၏ အကျဉ်းထောင်များအတွင်း နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရခြင်းဖြစ်သည်။

‘‘ပြည်ထောင်စုက ခွဲမထွက်ရတို့၊ အာဏာသုံးရပ် ပိုင်းခြားကျင့်သုံးတာ၊ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ့မြေမှာ ဘယ်နိုင်ငံခြားတပ်မှ တပ်မချရဆိုတဲ့မူတွေ လွယ်လွယ်အပြင်မခံနိုင်ဘူး။ ၅၉(စ) အပါအ၀င် အခန်း (၁)၊ (၂)၊ (၃) ပြည်ထောင်စုရဲ့ အခြေခံမူတွေ တစ်ခုမှအပြင်မခံနိုင်ဘူး။ အားလုံးသဘောတူလို့ ဆုံးဖြတ်လို့ စုံညီအစည်းအဝေးက အသေးစိတ်မူတွေအဖြစ် ချမှတ်ခဲ့တာပေါ့’’ဟု ညီလာခံကျင်းပသည့် ၁၄ နှစ်လုံးလုံး တစ်ရက်မျှခွင့်မယူဘဲ တက်ရောက်ခဲ့သည့် သတင်းစာဆရာနှင့် နိုင်ငံပိုင်သတင်းစာများတွင် ပင်တိုင်ဆောင်းပါးရေးသားခဲ့သူ တက္ကသိုလ်မြတ်သူကဆိုသည်။

‘‘၄၃၆ အခြေခံမူတွေက အရင်ကတည်းက ချထားပြီးသား။ ကျွန်တော်တို့ကတော့ နည်းနည်းပါးပါးဆွေးနွေးဖူးတယ်။ အသေးစိတ်တော့ မမှတ်မိဘူး။ ကျွန်တော်က ဦးသိန်းစိန်ဆီကို အသေးစိတ်အခြေခံမူ နောက်ဆုံးအပ်ရတာကလည်း အလှည့်ကျသဘာပတိမို့ အပ်ရတာပဲ’’ဟု အခြေခံဥပဒေရေးဆွဲရန် အခြေခံရမည့်မူများကို ၂၀၀၇ စက်တင်ဘာတွင် အပြီးသတ်ရေးဆွဲခဲ့သည့် ကချင်ပြည်နယ် အထူးဒေသ(၂)မှ ဒေါက်တာတူးဂျာကပြောသည်။

NLD ပါတီ၏ ပုဒ်မ ၄၃၆ ပြင်ရေးလှုပ်ရှားမှုမှာ လွှတ်တော်သို့ သက်ရောက်မှုမရှိနိုင်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အတိအလင်းပြောကြားပြီး ၎င်း၏သဘောဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်ထံ သတင်းစကားပါးလိုက်ပြီဖြစ်သည်။ သမ္မတဦးသိန်းစိန်ကလည်း တစ်ဦးတစ်ယောက်တည်းကို နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ထားခြင်းမျိုးမဟုတ်ဘဲ ဥပဒေနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လိုလားကြောင်း ဆိုထားသည်။ အစိုးရနှင့် လွှတ်တော်၏ သတင်းစကားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပုဒ်မ ၄၃၆  ပြင်ဆင်ရေး လှုပ်ရှားမှုကို အရှိန်မြှင့်မည်ဟု လူငယ်ညီလာခံတွင်ပြောသည်။

လေ့လာမိသမျှဆိုလျှင် ဦးအောင်တိုးတင်လာသမျှ မည်သည့်ခေါင်းစဉ်မဆို ကျော်လွန်အောင် ဆွေးနွေးနိုင်သည့်၊ ကန့်ကွက်နိုင်သည့် ကိုယ်စားလှယ်မျိုး ညီလာခံတွင် မတွေ့ခဲ့ရဟု နိုင်ငံရေးလေ့လာသူဇာဂနာကပြောသည်။

‘‘အခုတိုင်းပြည်အတွက်လို့ အော်နေတဲ့သူတွေ အမျိုးသားညီလာခံမှာကတည်းက ကန့်ကွက်ခဲ့ကြပါလားဗျာ။ ဒါသမိုင်းပဲဗျ’’ဟုလည်း သူက မချင့်မရဲ မှတ်ချက်ပြုသည်။

ကြေညာချက်အမှတ် ၇/ ၀၇/ ၂၀၁၄ အန်နယ်လ်ဒီထုတ်ပြန်


National League for Democracy
ကြေညာချက်အမှတ် ၇/ ၀၇/ ၂၀၁၄
========================
အဖွဲ့ချုပ်နှင့် CRPP အဖွဲ့ဝင်ပါတီများ ဆွေးနွေးပြီး သဘောထား ထုတ်ပြန်ကြေညာ......

လှုံ့ဆော်သူများ အရေးယူမခံရသေးပါ



By
အောင်ခိုင်၊ ထွန်းခိုင်
On
Wed, 2014-07-09 13:45
Issue No.
အတွဲ (၁၃)၊ အမှတ်(၁၈)

‘‘မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီးအစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေး ပြောကြားလိုပါတယ်’’

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိတ္ထီလာပဋိပက္ခအပြီး ၂၀၁၃ မတ်လ ၂၈ ရက်က ပြည်သူလူထုသို့ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆူပူစေရန်လှုံ့ဆော်မှုများကို ထိရောက်စွာအရေးယူမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်းစတင်ကာ ဘာသာရေး၊ လူမျိုးရေး အခြေခံသည့် ရုန်းရင်းဆန်ခတ်များ၊ ပဋိပက္ခများ ဆယ်ခုထက်မနည်း ဆက်လက်ဖြစ်ပွားခဲ့သည်။ ပဋိပက္ခများဖြစ်ပွားစေသည့် အမုန်းစကားများမှာလည်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာများ၊ ပြည်သူများကြားတွင် ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။

လတ်တလောဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခမတိုင်မီ ဆူပူစေရန် လှုံ့ဆော်မှုများ၊ ကောလာဟလများ ဖြန့်ချိမှုများမှာလည်း ယမန်နှစ်အတွင်းက တိုင်းဒေသကြီးတစ်ခုလုံး ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ လှုံ့ဆော်မှုများကို အကြိမ်ကြိမ်ကျော်လွှားနိုင်ခဲ့သော မန္တလေးမြို့တွင် အားလုံးသိပြီးသည့်အတိုင်း ဇူလိုင် ၁ ရက်မှာတော့ လူမှုရေး၊ ဘာသာရေး အသွင်ဆောင်သည့် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုကြောင့်ပင် ပဋိပက္ခများဖြစ်ပွားစေသည့် အမုန်းစကားလှုံ့ဆော်နေမှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသင့်ပြီဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အင်တာနက်စာမျက်နှာများမှတစ်ဆင့် အမုန်းစကားများ ဖြန့်ဝေနေမှုများနှင့်ပတ်သက်၍ နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက ‘‘ဒါတွေကို အရေးမယူတာဟာ အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုအတွက် ကိုင်တွယ်တာ အားနည်းတဲ့ အချက်တွေထဲကတစ်ခုပဲ’’ဟု ပြောသည်။

ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကို ကြည့်ပါက ဘာသာနှစ်ခုကြား ဒေါသထွက်စေမည့် အရေးအသား၊ အွန်လိုင်းဝါဒဖြန့်ချိလှုပ်ရှားမှုများကို ဗုဒ္ဓဘာသာဝင်အမည်ခံ လှုံ့ဆော်သူများရော အစ္စလာမ်ဘာသာဝင်အမည်ခံ လှုံ့ဆော်သူများပါ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်ကို မြင်တွေ့နိုင်သည်။

ထိုသို့ ပြုလုပ်သူများတွင် နိုင်ငံရေးပါတီဥက္ကဋ္ဌမှစကာ ဖေ့စ်ဘွတ်ခ်မှစကာ အမည်မဖော်၊ ဓာတ်ပုံမမှန်သူများအထိ ပါဝင်သည်။

ယင်းကဲ့သို့ အမုန်းစကား လှုံ့ဆော်နေသူများကို တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်သည့် နည်းလမ်းများလည်းရှိကြောင်း ဥပဒေပညာရှင်များက ထောက်ပြပြောဆိုသည်။

‘‘ခေတ်အဆက်ဆက် နိုင်ငံရေးသမားတွေကို ဒုက္ခပေးခဲ့တဲ့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ (၅/ည)နဲ့လည်း ဆွဲလို့ရတယ်။ နောက်တစ်ချက်က ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ်ဥပဒေပါ အချက်တွေနဲ့လည်း ဆွဲလို့ရတယ်’’ဟု ဥပဒေပညာရှင် ဦးရောဘတ်စန်းအောင်ကပြောသည်။

ပဋိပက္ခဖြစ်စဉ်များတွင် အမုန်းစကားများ၊ ကောလာဟလထုတ်လွှင့်သူများ ရှိသကဲ့သို့ ယင်းကောလာဟလများကို တိုက်ဖျက်၍ သတင်းအမှန်ကို ထုတ်လွှင့်ခဲ့သော ပြည်သူများကိုလည်း မန္တလေးပဋိပက္ခအတွင်း တွေ့ရသည်။

နိုင်ငံတော်သမ္မတရုံးက ဆူပူရမ်းကားလိုသူများ၏ လှုပ်ရှားမှုများကို အချိန်မီသတင်းပေးဆက်သွယ်သော မန္တလေးမြို့သူမြို့သားများ၏ တာဝန်ကျေပွန်မှုကို အသိအမှတ်ပြု ကျေးဇူးတင်ပြီး ကောလာဟလများကို မိမိတို့အသိစိတ်ဓာတ်ဖြင့် တိုက်ဖျက်၍ သတင်းမှန်ထုတ်ပြန်ပေးခဲ့သော မန္တလေးသူ၊ မန္တလေးသားများ၊ တာဝန်သိ လူမှုကွန်ရက်အသုံးပြုသူများ၊ မီဒီယာများ၏ ပူးပေါင်းပါဝင်မှုကို ယခုဖြစ်စဉ်တွင် အထင်အရှား မြင်တွေ့ခဲ့ရကြောင်း ဇူလိုင် ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအပြီး ဆက်တိုက်ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် ကြိုးကိုင်သူများ၊ လှုံ့ဆော်သူများရှိနေသည်ဟု အစိုးရတာဝန်ရှိသူများ၊ စောင့်ကြည့်လေ့လာသူများက အစဉ်တစိုက် ထောက်ပြပြောဆိုခဲ့ကြသည်။

ယင်းကြောင့်ပင် ပဋိပက္ခများကြောင့် မည်သူတွေ အကျိုးကျေးဇူးရရှိသလဲ ဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်လာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ဘာသာရေးကို အသုံးပြုကာ နိုင်ငံရေးလုပ်နေကြောင်း ဇူလိုင် ၄ ရက်က ပြောကြားသည်။

ပဋိပက္ခများသည် ၂၀၁၅ ရွေးကောက်ပွဲနီးလာချိန်တွင် ဆက်တိုက်ဖြစ်ပွားနေခြင်းမှာ သွေးရိုးသားရိုးလားဆိုသည်မှာ ပြောရခက်ပြီး မမြင်နိုင်သည့် အကြောင်းအရာများ ရှိနိုင်ကြောင်း ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးစောဝင်းထွန်းကသုံးသပ်သည်။

‘‘အစိုးရအနေနဲ့ အာဏာကို ဗဟိုပြုတဲ့ အစိုးရဖြစ်ရင် ဒါကိုဖက်တွယ်ဖို့ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားရင် ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်တာကို သမိုင်းတစ်လျှောက်မှာ မြင်တွေ့ခဲ့ရပါတယ်’’

၂၀၁၃ စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ သင့်မြတ်စွာနေထိုင်ရေး ဆွေးနွေပွဲ၌ မလေးရှားနိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာချန်ဒရာမူဇာဖာက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအနက် ရခိုင်အရေးမှာ ကွဲပြားသည့် အခြေအနေရှိပြီး ကျူးကျော်ဝင်ရောက်၍ တိုင်းရင်းသားအဖြစ် တောင်းဆိုနေသူများကြောင့် ဖြစ်ပွားနေရခြင်းဟုလည်း စောင့်ကြည့်လေ့လာသူ ပညာရှင်အချို့နှင့် ရခိုင်အမျိုးသားအင်အားစုများကပြောသည်။

ရခိုင်ပဋိပက္ခနောက်ပိုင်း မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(မြောက်)၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် အကြမ်းဖက်မှုများကြောင့် လူဦးရေ ၄၆ ဦးခန့် သေဆုံးခဲ့ပြီး ၇၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ နေအိမ်၊ ဘာသာရေး အဆောက်အအုံ၊ ဆိုင်ခန်းများအပါအ၀င် အဆောက်အအုံ ၂၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

‘‘မြန်မာနိုင်ငံအတွက် ရွေးချယ်စရာနှစ်လမ်းရှိပါတယ်။ တစ်လမ်းက ပဋိပက္ခနဲ့ဆင်းရဲခြင်း၊ နောက်တစ်လမ်းက ငြိမ်းအေးမှုနဲ့ တိုးတက်ခြင်းဆီသွားတဲ့လမ်းပါ’’ဟု ဗုဒ္ဓ၀ိပဿနာပြန့်ပွားရေးများကို အနောက်နိုင်ငံများတွင် လုပ်ဆောင်နေသော အမေရိကန်နိုင်ငံသား ဒေါက်တာဂျက်ကွန်းဖီးလ်က ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် တိုင်းပြည်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရခြင်းထက် ဒေသတစ်ခုပြီး တစ်ခုတွင် ပေါ်ပေါက်နေသော ပဋိပက္ခများကို ဖြေရှင်းနေရကာ ရှေ့မဆက်နိုင်ဖြစ်နေသည်။

‘‘အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တဲ့သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးခံရမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်းလည်း ထပ်လောင်းပြောကြားအပ်ပါတယ်’’ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က မန္တလေးပဋိပက္ခအပြီး ဇူလိုင် ၇ ရက်တွင် ပြောပြန်သည်။

လတ်တလော ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သမ္မတကဆိုသည်။ သို့သော် မည်သည့်အဖွဲ့အစည်းက လုပ်နေကြောင်းကိုမူ ပြောဆိုခြင်းမရှိပေ။

‘‘လက်ရှိမန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံရဲ့ အခြားမည်သည့်နေရာဒေသမှာမှ ထပ်မံမဖြစ်ပွားဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမယ့် သွေးထိုးလှုံ့ဆော်မှုတွေကိုလည်း တရားဥပဒေနဲ့အညီ ပြတ်သားစွာ အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်သူအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားရင် နိဂုံးချုပ်အပ်ပါတယ်’’ဟု သမ္မတကဆိုပါသည်။

သို့သော် အမုန်းပွားစေသော ပြောဆိုမှုများ၊ အန္တရာယ်များသော ပြောဆိုရေးသားမှုများ၊ လှုံ့ဆော်သူများ၊ ပဋိပက္ခများတွင် ပါဝင်သူများကို အစိုးရက ထိရောက်စွာ အရေးယူမှုမရှိ၍ ပြည်သူအများစုကတော့ အစိုးရအပေါ် ယုံကြည်မှု နည်းနေသည်။

‘‘ဒီအာဏာပိုင်အဖွဲ့အစည်းဟာ ပြည်သူလူထုက ရွေးကောက်ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘက်မလိုက်ဘဲ ချက်ချင်းအရေးယူပေးဖို့ လိုအပ်တယ်။ အကြမ်းဖက်မှုကို ဖြစ်ပွားစေတဲ့ စကားတွေ၊ အသုံးအနှုန်းတွေ၊ ဖြစ်ရပ်တွေဖြစ်ရင် ချက်ချင်းအချိန်မဆိုင်းဘဲ အရေးယူပေးဖို့ ပြောချင်ပါတယ်’’ဟု စာရေးဆရာဆူးငှက်က ပြောသည်။

ကမာရွတ်မြို့နယ်မှ အထည်ဆိုင်ပိုင်ရှင် ဦးဖုန်းက ‘‘ပဋိပက္ခဖြစ်တဲ့နေရာတွေက လူမြင်ကွင်းတွေမှာဖြစ်ပြီး တရားခံတွေကို ဖမ်းလို့မမိတာတွေက ပိုပြီးဆိုးရွားစေတာပေါ့။ ဒီလိုတရားခံတွေကို ဖမ်းလို့မရဘူးဆိုတာတွေက အားနည်းချက်တစ်ရပ်လို့ ထင်တယ်’’ဟု ပြောသည်။        ။

http://www.7daydaily.com/story/15329#.U71ITbE1D9s

ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေပြီလား


By
မောင်တာ
On
Wed, 2014-07-09 10:31
Issue No.
အတွဲ (၁၃)၊ အမှတ်(၁၈)
7daydaily
ပဋိပက္ခတွင် ကွယ်လွန်သွားသော ကိုထွန်းထွန်း၏မိခင် ၀မ်းနည်းစွာ ငိုကြွေးနေစဉ် (ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ)

အိမ်ဦးနတ်ဖြစ်သူ ကိုထွန်းထွန်း မိသားစုနှင့်ခွဲခွာသွားချိန်မှာ မနွယ်နီတွင် ကလေးသုံးဦးနှင့်အတူ တစ်သိန်းပင်မပြည့်သော လစာငွေတို့သာ ကျန်ရစ်ခဲ့သည်။ မိသားစုစားဝတ်နေရေးကို ပင်တိုင်ဖြေရှင်းပေးနေသည့် ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းသည် ဇူလိုင် ၂ ရက်က ဆုံးပါးသွားပြီးနောက် ကလေးသုံးဦးနှင့် အနာဂတ်ကို ဘယ်လိုခရီးဆက်မလဲတွေးရင်း မနွယ်နီတစ်ယောက် သောကကြီးစွာရောက်နေသည်။

လူမမည်သားသမီးသုံးဦးရှိသော ကိုထွန်းထွန်းနှင့် မနွယ်နီတို့ မိသားစုသည် ချမ်းသာသူများ မဟုတ်ကြသော်လည်း ဘဝကို အဆင်ပြေအောင် တည်ဆောက်နိုင်ခဲ့သလို သားသမီးသုံးဦးစလုံးကို ကျောင်းထားနိုင်ရန် ကိုထွန်းထွန်း၏ လေဂဟေဆိုင်က အကူအညီဖြစ်ခဲ့ပြီး မနွယ်နီကတော့ တစ်လ လစာငွေ ကိုးသောင်းခန့်ရသည့် အစိုးရဝန်ထမ်းဖြစ်သည်။

ကိုထွန်းထွန်းက လေဂဟေဆိုင်ပိတ်သည်နှင့် ည ၁၁ နာရီခန့်အထိ ရွှေကြေးစည်လူမှုကူညီရေးအသင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် နာရေးကားမောင်းသည်။

ပျော်ရွှင်စွာနေထိုင်တတ်မှု၊ ကားမောင်းကျွမ်းကျင်မှုနှင့် သူတစ်ပါး အကူအညီလိုလျှင် အိမ်အလုပ်ပစ်ကာ နေ့ညအချိန်မရွေး ကူညီပေးမှုများကြောင့် ဆက်ဆံဖူးသူတိုင်းက ကိုထွန်းထွန်းကို ချစ်ခင်ကြသည်။ ကိုထွန်းထွန်းတို့၏ ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝလေးမှာ ဇူလိုင် ၂ ရက် ညပိုင်းတွင် အဆုံးသတ်ခဲ့သည်။

‘‘အိမ်ထောင်ဦးစီးတစ်ယောက်လုံး ဆုံးရှုံးသွားတော့ အရမ်းအကျပ်အတည်း ဖြစ်တယ်။ အရမ်းဝမ်းနည်းတယ်။ ကျွန်မရဲ့ ဝန်ထမ်းလစာနဲ့ ကလေးတွေ ပညာရေး၊ သူတို့ရှေ့ရေးအတွက် စိုးရိမ်တယ်’’ဟု မနွယ်နီကပြောသည်။

အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည်ဟူသော သတင်းကို အခြေခံကာ မန္တလေးမြို့တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဇူလိုင် ၁ ရက် ညမှစတင်ကာ ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂ ရက် ညတွင် အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

တစ်ဦးမှာ စေတနာ့ဝန်ထမ်းနာရေးကားမောင်းသည့် ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းနှင့် ကျန်တစ်ဦးမှာ မန္တလေးတွင်မွေး၊ မန္တလေးတွင်ကြီးကာ စက်ဘီးဆိုင်ဖွင့်လှစ်ထားပြီး ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေသော အစ္စလာမ်ဘာသာဝင် ကိုစိုးမင်းတို့ဖြစ်သည်။ မည်သူမည်ဝါ သဲကွဲစွာမသိသော လူအုပ်စု၏ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သူတို့နှစ်ဦး ဆုံးပါးခဲ့ရသည်။

 ‘‘ဘယ်သူ့ကို အပြစ်ပြောရမှန်းကို မသိတော့ပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး။ ကျွန်မမှာတော့ အခုအရမ်းဒုက္ခတွေ့နေရတယ်။ သမီးလေးနှစ်ယောက်နဲ့ မအေအိုကြီးလည်း ရှိတယ်။ အဖြစ်ကဆိုးပါတယ်ရှင်’’ဟု အဓိကရုဏ်းကာလအတွင်း အုပ်စုဖွဲ့အကြမ်းဖက်သူများ၏ တိုက်ခိုက်ခံရမှုကြောင့် ဆုံးပါးခဲ့ရသည့် အသက်(၅၁)နှစ်အရွယ် ကိုစိုးမင်း၏ဇနီးသည် မမာဂရက်ကပြောသည်။

ကိုစိုးမင်းနှင့် မမာဂရက်တို့သည် စက်ဘီးဆိုင်ဖွင့်ထားပြီး ခုနစ်တန်းနှင့် လေးတန်းတွင် ပညာသင်ကြားနေကြသည့် သမီးငယ်နှစ်ဦးရှိသည်။ ကိုစိုးမင်း ဆုံးပါးသွားပြီးနောက် သမီးများ၏ ပညာရေး၊ စားဝတ်နေရေးများအတွက် သူ ပူပန်နေသည်။

‘‘အစ်ကို့ရဲ့ စက်ဘီးဆိုင်လေး ရှိတယ်။ ကျွန်မလည်း ဈေးရောင်းတတ်တော့ အဲဒီဆိုင်လေးနဲ့ပဲ ဈေးဆက်ရောင်းပြီး ရှေ့ဆက်ရမှာပေါ့’’ဟု ကိုစိုးမင်းဆုံးပါးပြီး ငါးရက်အကြာတွင် ငိုကြွေးရင်း သတင်းထောက်အား ၎င်း၏ခံစားချက်ကို ရင်ဖွင့်သည်။

အစ္စလာမ်ဘာသာဝင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးက ၎င်းတို့ဆိုင်တွင် အလုပ်လုပ်သူ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သည်ဟူသော သတင်းများ ဇွန်လကုန်မှစတင်ကာ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

ယင်းသတင်းအပေါ် အခြေခံကာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်တို့ကြား အမုန်းပွားစေမည့် သွေးထိုးလှုံ့ဆော်မှုများ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဆက်တိုက်ပြုလုပ်ခဲ့ကြပြီး ဇူလိုင် ၁ ရက် ညမှစတင်ကာ မန္တလေးမြို့တွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၁ ရက်မှ ဇူလိုင် ၄ ရက်အထိ မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် နှစ်ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အဓိကရုဏ်းများကြောင့် ဇူလိုင် ၃ ရက်မှစတင်ကာ မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်နှင့် နိုင်ငံအတွင်း ဗုဒ္ဓဘာသာ အထွန်းကားဆုံးမြို့တော်အဖြစ် သတ်မှတ်ထားသည့် မန္တလေးမြို့တွင် ယခုကဲ့သို့ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမှုနှင့်ပတ်သက်၍ မြို့ခံအများစုက ထိတ်လန့်အံ့သြပြီး မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။

လူဦးရေ ၁ ဒသမ ၂ သန်းကျော် နေထိုင်ပြီး မြန်မာနိုင်ငံ၏ တတိယမြို့တော် မန္တလေးမြို့တွင် ယခုကဲ့သို့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့တွင် တာဝန်မကင်းဟု မြို့ခံအချို့က မှတ်ယူသည်။

‘‘ဒါက ဘာမှအစရှာမရတဲ့ နိုင်ငံရေးအရ လှည့်ကွက်ကြီးတစ်ခုပါ။ မွတ်စလင်တွေကို ထိုးကျွေးခံရတာပါ’’ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) ဒုဥက္ကဋ္ဌ အစ္စလာမ်ဘာသာရေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဝင်းအောင်က မှတ်ချက်ပြုသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေးလုပ်ခြင်းသည် အခြေခံဥပဒေနှင့် မကိုက်ညီကြောင်း မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ဇူလိုင် ၄ ရက်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ဆန္ဒပြုလက်မှတ်များ ကောက်ခံနေချိန်၊ ဒီမိုကရေစီပန်းတိုင်ကြီးဆီသို့ ရဲရဲဝံ့ဝံ့ချီတက်နေချိန်တွင် အနှောင့်အယှက် အဟန့်အတားဖြစ်စေရန် ယခုကဲ့သို့ ပဋိပက္ခများ ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

လူနှစ်ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်းတွင် ဆရာတော်၊ သံဃာတော်များ ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဆရာတော်၊ သံဃာတော်များက အုပ်စုဖွဲ့အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန် အာဏာပိုင်အဖွဲ့များနှင့် ပူးပေါင်းကာ ၀ိုင်းဝန်းထိန်းသိမ်းကြပ်မတ်ခဲ့သည်ဟု အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂများအဖွဲ့ချုပ်မှ နာယကဆရာတော် ဦးကာဝိယ (ဂဋုန်နီဆရာတော်)က မိန့်ကြားသည်။

မန္တလေးပဋိပက္ခဖြစ်စဉ်ကို ပြန်လည်သုံးသပ်လျှင် သွေးထိုးလှုံ့ဆော်မှုများ အမှန်တကယ်ရှိခဲ့ပြီး နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေနိုင်သည်ဟု မြို့ခံများက ယူဆနေကြသည်။

‘‘မန္တလေးက ပဲလှော်ကြားမှာ ဆားညှပ်ခံရတာ။ ဘာမှမဟုတ်ဘူး။ တို့မန္တလေးသူ၊ မန္တလေးသားတွေက ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့ကြတာ။ ၄၃၆ အရှိန်ကို လှမ်းရိုက်တာပဲ’’ဟု မန္တလေးမြို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကော်မတီဝင် ဦးသိန်းတန်က မန္တလေးအဓိကရုဏ်းဖြစ်စဉ်အပေါ် သုံးသပ်ပြောကြားသည်။

‘‘လွန်ခဲ့တဲ့ရက်တွေက ပျဉ်းမနားမှာဖြစ်ခဲ့တဲ့ ပြဿနာကနေ ဘာလို့မန္တလေးမှာ ပဋိပက္ခဖြစ်ရတာလဲ။ ပျဉ်းမနားမှာဖြစ်တဲ့ဟာကို အစောကြီးကတည်းက ဖမ်းဆီးလိုက်ရင် ရရဲ့သားနဲ့ အခုကျမှ ပြန်လာဖြစ်တယ်ဆိုတာ မဖြစ်သင့်ဘူး’’ဟု ၎င်းကပြောသည်။

လမ်းမပေါ်တွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ မဖြစ်ပွားမီကတည်းကပင် အင်တာနက်နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဘာသာရေး၊ လူမျိုးရေးအရ သွေးထိုးလှုံ့ဆော်မှုများ၊ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် အစွန်းရောက်လူငယ်အချို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အစွန်းရောက်သည့် စကားလုံးအသုံးအနှုန်းများဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ အပြန်အလှန်တိုက်ခိုက်နေမှုများ ရှိနေခဲ့သည်ဟု မြို့ခံများကပြောသည်။

ပဋိပက္ခများအစပျိုးရာ ဇူလိုင်၂ ရက်ညတွင် လမ်းပေါ်ထွက်လာသည့် လူအုပ်စုများအား တားဆီးထိန်းသိမ်းနိုင်ခြင်း မရှိခြင်းကြောင့်လည်း ပဋိပက္ခပိုမိုဆိုးရွားသွားစေခဲ့သည်ဟု မြို့ခံများက သုံးသပ်ကြသည်။

အစ္စလာမ်ဘာသာဝင်များအနေနှင့် စိုးရိမ်ကြောက်လန့်နေခဲ့ကြသော်လည်း ဆိုင်ကယ်များဖြင့် လမ်းပေါ်တွင် အုပ်စုဖွဲ့သောင်းကျန်းနေသူများမှာ အပျော်သဘောဖြစ်နေသည်ဟု မြို့ခံအစ္စလာမ်ဘာသာဝင်တစ်ဦးကပြောသည်။

‘‘အများစုက လူငယ်တွေ။ သူတို့က လမ်းကြားတွေ၊ ၀င်းတွေထဲ မ၀င်ဘူး။ လမ်းမကြီးတွေပေါ်မှာပဲ လျှောက်သွားပြီး အုပ်စုဖွဲ့အပျော်သဘောနဲ့ လုပ်နေကြတာ။ အဲဒါတွေကို တားဆီးနိုင်ရင် ဘာမှဆက်ဖြစ်လာစရာမရှိဘူး’’ဟု အစ္စလာမ်ဘာသာဝင်အမျိုးသမီးကပြောသည်။

 မန္တလေးပဋိပက္ခကိုကြည့်လျှင် ကနဦးတွင် ဆိုင်ကယ် သုံး၊ လေးစီးဖြင့် လူတစ်စုက အော်ဟစ်လှုံ့ဆော်သွားပြီး အများစုမှာ စူးစမ်းသည့်အနေနှင့် သွားရောက်ကြည့်ရှုနေကြရာမှ လူအုပ်စုများ ဖြစ်သွားကြခြင်း ဖြစ်သည်ဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။ နောက်ကွယ်မှ ကြိုးကိုင်သည်ဆိုခြင်းထက် မူးယစ်ရမ်းကားသည့် လူတစ်စုက လိုက်လံလှုံ့ဆော်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

လုံခြုံရေးဆိုင်ရာဆောင်ရွက်မှု အားနည်းခြင်းနှင့် ဖမ်းဆီးအရေးယူနိုင်မှု အားနည်းခြင်းများကြောင့် ဇူလိုင် ၂ ရက်တွင် လူသေဆုံးသည်အထိ အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်းဖြစ်သည်။ အချိန်ကိုက်ထွက်ပေါ်လာခဲ့သော ကောလာဟလများကြောင့်လည်း ပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့သည်။

‘‘ကောလာဟလတွေကြောင့် ဒီပဋိပက္ခတွေ ပိုမိုကြီးထွားလာတယ်။ ကျွန်တော်တို့ မန္တလေးမှာ ဖြစ်သွားတာဆိုရင် ဗုဒ္ဓဘာသာနဲ့ မွတ်စလင် လူနှစ်ယောက် အသတ်ခံရတယ်။ အဲဒါက တစ်အုပ်စုတည်းက လုပ်သွားတာလား။ ပစ္စည်းလုတာလား။ လူသတ်တာလား။ ဘာကြောင့်ဖြစ်တာလဲမသိဘူး။ ဒါပေမဲ့ မွတ်စလင်ကို ဗုဒ္ဓဘာသာက သတ်တယ်။ ဗုဒ္ဓဘာသာကို မွတ်စလင်က သတ်တာဆိုတာမျိုး ဖြစ်သွားတယ်’’ဟု ကောလာဟလများ သတိထားရန် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးသိန်းဝင်းအောင်ကပြောသည်။

ပဋိပက္ခတွင် လူသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ နှစ်ဖက်အုပ်စု ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့မှုများမရှိခဲ့ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဇူလိုင် ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အုပ်စုဖွဲ့အကြမ်းဖက်မှုများတွင် ပါဝင်ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးကာ ဥပဒေနှင့်အညီ ထိရောက်သော အရေးယူအပြစ်ပေးမှုများ ပြုလုပ်ပေးစေလိုကြောင်း မန္တလေးမြို့ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြသည်။

ထိရောက်သော ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဆိုလျှင် အုပ်စုဖွဲ့အကြမ်းဖက်မှုများကို ဟန့်တားနိုင်ပြီး မြို့ရွာတည်ငြိမ်အေးချမ်းရေး အထောက်အကူပြုမည်ဟု ဘာသာပေါင်းစုံခေါင်းဆောင်များက ၀န်ကြီးချုပ်ကို အကြုံပြုသည်။

မိတ္ထီလာဖြစ်စဉ်တွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများပေါ် အခြေခံကာ မန္တလေးပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ထားသူများအား မည်သူမည်ဝါမခွဲခြားဘဲ ထိရောက်သော အပြစ်ပေးအရေးယူမှုများ ပြုလုပ်မည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က ဇူလိုင် ၃ ရက်က ဘာသာပေါင်းစုံအဖွဲ့များအား ကတိပေးပြောကြားသည်။

သို့သော် အဓိကရုဏ်းတွင် ပါဝင်ခဲ့သူအများစုနှင့် အုပ်စုဖွဲ့လူသတ်မှုကျူးလွန်ခဲ့သူများကို ယနေ့တိုင် ဖမ်းဆီးရမိခြင်းမရှိသေးပါ။ ဇူလိုင် ၇ ရက်အထိ လူ ၁၆ ဦးကို ဖမ်းဆီးထားပြီး ဗမာ ၁၁ ဦးနှင့် မွတ်စလင်ငါးဦးဖြစ်ကြောင်း ၀န်ကြီးချုပ်ကပြောသည်။

မွတ်စလင်ငါးဦးမှာ ဂျွန်းဗလီအတွင်း လက်နက်များတွေ့ရှိမှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး မြန်မာ ၁၁ ဦးတွင်လည်း အဓိကရုဏ်းကာလအတွင်း လှုံ့ဆော်သူများနှင့် ဖျက်ဆီးသူများသာ ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် အဓိကရုဏ်းများ စတင်ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည့် အဓမ္မပြုကျင့်မှုများမှ သံသယရှိသူများကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။ နေကဖေးနှင့် ဆန်းကဖေး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးနေ၀င်းနှင့် ဦးဆန်းမောင်တို့ ညီအစ်ကိုနှစ်ဦးသည် ဇွန်လ ၂၈ ရက်က ၎င်းတို့လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သူ အမျိုးသမီးငယ်တစ်ဦးအား နေပြည်တော်တွင် ဆိုင်သစ်ဖွင့်ရန်ဟုဆိုကာ ကားဖြင့်တင်ဆောင်ခေါ်ယူလာပြီး ပျဉ်းမနားမြို့အနီးတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

၎င်းတို့နှစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် အရေးယူပေးပါရန် အမျိုးသမီးငယ်က တိုင်ကြားထားပြီး ပျဉ်းမနားမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဆန်းကဖေးဆိုင်ပိုင်ရှင်၏ ဇနီးဖြစ်သူကမူ ဆိုင်တွင် အမျိုးသမီးအလုပ်သမားမရှိဘဲ ၎င်းကိုယ်တိုင် ထမင်းချက်သည်ဟု လူစုလူဝေးများ စတင်ဖြစ်ပေါ်သည့် ဇူလိုင် ၁ ရက်က မီဒီယာများအား ပြောထားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးကမူ အဓမ္မပြုကျင့်ခံရသည့် မစိုးစိုးဆိုသည့် အမျိုးသမီးမှာ မေလ၂၈ ရက်တွင် ဆန်းကဖေးလက်ဖက်ရည်ဆိုင်တွင် အကူထမင်းချက်အနေဖြင့် အလုပ်စ၀င်ပြီး တစ်လပြည့်သည့် ဇွန်လ ၂၈ ရက်တွင် အဓမ္မပြုကျင့်ခြင်းခံရသည်ဟု ပြောကြားထားသည်။

မစိုးစိုးသည် ဘုတလင်မြို့ဇာတိဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ကာ ကလေးတစ်ဦးရှိပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်က အိမ်ထောင်ကွဲသွားကာ ယခုကဲ့သို့ လက်ဖက်ရည်ဆိုင်သို့ လာရောက်အလုပ်လုပ်စဉ် အဓမ္မပြုကျင့်ခံရသည်ဟု ထွက်ဆိုထားကြောင်း ပြောသည်။ လက်ရှိတွင် မစိုးစိုးသည် ပျဉ်းမနားရဲစန်း၌ရှိနေပြီး မှုခင်းဖြစ်စဉ်အတွက် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ၎င်းကဆိုသည်။

‘‘ဘာမှမဟုတ်တဲ့ ရာဇ၀တ်မှုကို အခြေခံပြီးမှ ဖြစ်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပဲ။ ဆွေစဉ်မျိုးဆက်တစ်လျှောက်လုံး နှစ်အိမ်တစ်အိမ်နေလာကြတာ။ ခုတော့ မလိုလားအပ်တဲ့ သံသယတွေ ဖြစ်လာကြပြီ’’ဟု မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကပြောသည်။

မြန်မာ့ယဉ်ကျေးမှုမြို့တော်ကြီးမှာတော့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် ပဋိပက္ခများကြောင့် သွေးစွန်းခဲ့ရပြီဖြစ်သည်။ အစွန်းရောက်သူများကြောင့် မြေစာပင်အဖြစ် ကိုထွန်းထွန်းနှင့် ကိုစိုးမင်းတို့ အသက်ပေးခဲ့ရလေပြီ။

 ‘‘မိသားစုဘ၀တွေအားလုံး လုံလုံခြုံခြုံဖြစ်စေချင်တယ်။ တခြားသူတွေကို ကျွန်မတို့လိုမဖြစ်စေချင်ဘူး။ အေးအေးချမ်းချမ်းပဲ ရှိနေစေချင်တယ်’’ဟု မမာဂရက်ကပြောသည်။

အသက်လေးနှစ်ခွဲအရွယ် အငယ်ဆုံးသားက ဖခင်ဆုံးပါးသွားသည်ကို သေချာမသိဘဲ တစ်ခါတရံ မေးနေတတ်သေးသည်ဟု မနွယ်နီကပြောသည်။

‘‘လူတိုင်းကို ကျွန်မလို မခံစားရပါစေနဲ့။ မဖြစ်သင့်တာတွေမဖြစ်အောင် တာဝန်ရှိသူတွေကလည်း တားဆီးပေးကြပါ။ အခုဖြစ်ခဲ့တာတွေအပေါ်မှာလည်း တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်’’ဟု မနွယ်နီကဆိုလေသည်။           ။


ပဋိပက္ခတွင် ကွယ်လွန်သွားသော ဦးစိုးမင်း၏ မိသားစုဝင်များ ငိုကြွေးနေစဉ် (ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ)

မန်းလေးမှာဆိုင်ကယ်လိုက်ရှာနေပုံ



မန္တလေးမြို့ လုံခြုံရေးယူရန်ရောက်ရှိနေတဲ့ စစ်ကားများ မန္တလေးနန်းတွင်းကနေ
၇၈ လမ်း မျက်ပါးရပ်စစ်တပ်ဝင်းသို့ ယနေ့နေ့လည် တစ်နာရီခန့်က တပ်ပြောင်းရွှေ့
နေစဉ်။မန္တလေးမြို့မှာ ယခုလဆန်းပိုင်းက ပဋိပက္ခတွေဖြစ်ပွားခဲ့ကာ မန္တလေး ၇
မြို့နယ်ကို ပုဒ်မ ၁၄၄ ည ၉ နာရီမှ မနက် ၅ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်
ထားပါတယ်။

သတင်းဓါတ်ပုံ-The Modern News Journal.

ကျနော်တို့ တစ်ရွာလုံး ဓူဝံကုလားလေးပဲ သုံးတယ်


Kyi Soe
ကွမ်းယာဆိုင်က ကုလားလေး စပ်ပေးလိုက်တာ

အင်းစိန်ဈေးထဲမှာလက်ကားဆိုင်တွေကဆေးဝယ်ချိန်မှာသက်တမ်းကုန်ဘယ်လောက်ရာခိုင်နုန်းထည့်ရင်
ဈေးဘယ်လောက်ဆိုတာရှိတယ်၊သူငယ်ချင်းကလမ်းမတန်းမှာဆေးဆိုင်လေးဖွင့်ထားတော့သူနဲ့အဖေါ်
လိုက်ရင်သိရတာ၊သက်တမ်းကုန်သောက်မိရင်လူတွေဂန့်ကုန်မှာပေါ့လို့တိုးတိုးလေးကပ်မေးတော့
အန္တရာယ်မဖြစ်ရုံလောက်ပဲရောတာပါ၊မရောရင်လည်းမကိုက်လို့ပါတဲ့၊ဒါတွေသုံးရင်းကျွန်တော်တို့လူမျိုး
တွေချူ ချာပြီးလုံးပါးပါလာတာနေမှာ၊ဆရာဝန်တွေထိုင်တဲ့ဆေးခန်းတွေကပါအဲလိုလုပ်ရင်တော့
သေပြီဆရာ၊
ကနေဒါကမိသားစုဆရာဝန်တွေဆေးစာပဲရေးခွင့်ရတယ်
ဆေးဆိုင်တွေမှာပြလိုက်ရင်ကျောင်းပြီးထားတဲ့ဆေးစပ်
သမားတွေကစနစ်တကျထည့်ပေးတယ်၊မရှိတဲ့ဆေးဆိုရင်
နောက်တဆိုင်ပြောင်းမ၀ယ်ချင်ရင်အော်ဒါမှာပေးတယ်၊
၂ရက်၃ရက်စောင့်ရတယ်၊
မြန်မာပြည်မှာဆေးရောင်းချင်ရင်Pharmacist
ဆေးစပ်ဒီပလိုမာရှိမှခွင့်ပြု သင့်ပြီ၊