Tuesday, July 15, 2014

ဒီနေ့ကာတွန်း

“ စာနယ်ဇင်းသမားတွေ သမ္မတ ကို ဘာကြောင့် ဆန္ဒပြသလဲ ”



စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ၊ ၁၄-၇-၁၄။ စာ-၉။

ဇူလိုင် ၁၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန် ကမာရွတ်မြို့နယ် ရွှေလီလမ်းက မြန်မာငြိမ်းချမ်းရေး စင်တာကို လာပြီး ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာသည်တွေနဲ့ လာရောက် တွေ့ဆုံပါတယ်။ သမ္မတ အနေနဲ့ ဒီလို လာရောက်မယ် ဆိုတာကို ကြို သိထားကြတဲ့ စာနယ်ဇင်း မီဒီယာ သမားတွေဟာ ငြိမ်းချမ်းရေးစင်တာ အပြင်ဘက် ရွှေလီလမ်းပေါ်နဲ့ ဦးဝိစာရ လမ်းပေါ်မှာ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြကြပါတယ်။ အကြောင်းကတော့ ယူနတီ ဂျာနယ်က စီအီးအိုနဲ့ သတင်းထောက် ၄ ယောက်ကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃/၂၉ နဲ့ ထောင်ဒါဏ် ၁၀ နှစ် ချမှတ်လိုက်လို့ပါ။ ဒါကို အားလုံးက တရားမျှတမှု မရှိတဲ့ စီရင်ချက်အဖြစ် ခံယူပြီး ဆန္ဒထုတ်ဖော်ကြတာပါ။ စာနယ်ဇင်းသမားတွေ ဆန္ဒပြတာ မှန်ရဲ့လား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
မြန်မာငြိမ်းချမ်းရေး စင်တာ အပြင်ဘက် ရွှေလီလမ်းပေါ်မှာ စာနယ်ဇင်းသမားတွေ ဆန္ဒပြနေတယ်ဆိုပေမယ့် သမ္မတ ကတော့ ဒီ အခြေအနေကို တွေ့မြင်သွားခြင်း မရှိပါဘူး။ လုံခြုံရေးတွေက လိမ္မာပါးနပ်စွာ ခေါ်ဆောင်သွားနိုင်တဲ့အတွက် ဦးသိန်းစိန် ငြိမ်းချမ်းရေး စင်တာထဲကိုရောက်၊ တွေ့ဆုံမှုကို လုပ်ပြီး ဘယ်သူမှ မသိနိုင်တဲ့ လမ်းကနေ ပြန်ထွက်ခွာသွားနိုင်ခဲ့တာပါ။ သမ္မတ ဦးသိန်းစိန် အနောက်နိုင်ငံဘက် ခရီးသွားခဲ့စဉ် အချိန်အခါက လူ ၄-၅ ယောက်လောက် လမ်းပေါ်ထွက် ဗွီနိုင်းကိုင် ဆန္ဒပြတာကိုတောင် သူ့လူတွေ၊ သူ့ဝန်ကြီးတွေကို ခေါ်တွေ့ခိုင်း၊ ခေါ်မေးခိုင်း လုပ်ခဲ့တဲ့ လုပ်ရပ်မျိုးနဲ့ကတော့ လုံးဝ ကွာခြားပါတယ်။ သမ္မတ အနားကလူတွေဟာ သတင်းမီဒီယာသမားတွေ ဆန္ဒပြတာကို မမြင်အောင်၊ မကြားအောင်၊ မတွေ့အောင် စီစဉ် ဆောင်ရွက်ပေးခဲ့ကြပါတယ်။
အလားတူပါပဲ။ နောက်တစ်နေ့မှာထွက်တဲ့ အစိုးရပိုင် မြန်မာ့အလင်း၊ ကြေးမုံနဲ့ စစ်တပ်ပိုင် မြ၀တီ သတင်းစာတွေမှာ အဲဒီ သတင်း လုံးဝ မဖော်ပြပါဘူး။ ဒါပေမယ့် ပုဂ္ဂလိကပိုင် သတင်းစာနဲ့ ဂျာနယ် မျက်နှာဖုံးတွေမှာတော့ ဖော်ပြကြပါတယ်။ စာနယ်ဇင်းသမားတွေ အဓိက ပြောချင်တဲ့ သဘောက သတင်းရေးသား ဖော်ပြမှု တစ်ခုအတွက် သတင်းထောက်နဲ့ ဂျာနယ် တာဝန်ရှိသူတွေကို ဒီလောက်များပြားတဲ့ နှစ်ရှည်ထောင်ဒါဏ် ချမှတ်ဖို့ မသင့်တော်ဘူး၊ အဲဒီလို ချမှတ်လိုက်တာဟာ တရားမျှတမှု မရှိဘူး၊ အစိုးရဟာ စာနယ်ဇင်းလောကကို ကြောက်သွားအောင် ခြိမ်းခြောက်ခြင်တဲ့ သဘောနဲ့ ခုလို ကြီးလေးတဲ့ ပြစ်ဒါဏ် ချလိုက်တာလို့ ယူဆ ပြီး ဆန္ဒပြပွဲတွေ လုပ်ကြတာပါ။ ဆန္ဒပြတဲ့ အတွက်ကြောင့်လည်း သက်ဆိုင်ရာ ရဲစခန်းကနေ ပုဒ်မ ၁၈ နဲ့ တရားစွဲတာ ခံကြရပါပြီ။ သတင်းထောက်တွေ ဆန္ဒပြတာ မှန်ရဲ့လား ဆက်ကြည့်ရအောင်။
၂၀၁၄ ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီ ဂျာနယ်မှာ “ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့်၊ လက်ရှိ ကာချုပ်တို့ဇ။် ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ” လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းဆောင်းပါး တစ်ပုဒ် နှစ်ပါတ် ဆက်တိုက် ဖော်ပြပါရှိပါတယ်။ ဆောင်းပါးကို အသေအခြာ ဖတ်ကြည့်ရင် ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ဆက်စပ်တဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ သတင်းနဲ့ ပါတ်သက်ပြီး ဂျာနယ် စီအီးအို နဲ့ သတင်းထောက် ၄ ယောက် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃/၂၉ နဲ့ ထောင်ဒါဏ် ၁၀ နှစ် ချတာ ခံလိုက်ရပါတယ်။
ဒီနေရာမှာ မေးစရာ မေးခွန်းက သတင်းထောက်တွေဟာ အဲဒီ ပြစ်မှု ကျူးလွန်ခဲ့သလား ဆိုတာပါ။ အမှုကို တရားရုံးမှာ စစ်ဆေးစဉ် တရားလို ဒုဗိုလ်မှူးကြီးကျော်ကျော်ဦးကို တရားခံ ရှေ့နေတွေက ဒီ စက်ရုံကြီးမှာ နိုင်ငံတော် လျှို့ဝှက်ချက် ကိစ္စမျိုး ရှိသလား မေးပါတယ်။ သူက မရှိဘူးလို့ ပြန်ဖြေပါတယ်။ လျို့ဝှက်ချက် မရှိတဲ့အတွက် ဒီ သတင်းဖော်ပြချက်ထဲမှာ လျှို့ဝှက်ချက် ပေါက်ကြားသွားတယ် ဆိုတာမျိုးရော ရှိနိုင်သလား မေးတာကို သူက မရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါဆိုရင် သတင်းဖော်ပြခဲ့တဲ့ သတင်းထောက်နဲ့ အယ်ဒီတာတွေကို ဒီ ပုဒ်မနဲ့ ထောင် ၁၀ နှစ်ချလိုက်တယ် ဆိုတာ မှန်ကန်မှု မရှိဘူးလို့ ကောက်ချက် ချနိုင်ပါတယ်။
သမ္မတ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်ကတော့ အမှုမှာပါတဲ့ သတင်းထောက် ၃ ယောက် လက်နက်စက်ရုံထဲ ခိုးဝင်တာ၊ ဓာတ်ပုံရိုက်ယူတာတွေကြောင့် ခုလို ထောင်ဒါဏ် ချမှတ်ခံရတာလို့ ပြောပါတယ်။ ရေးသားဖော်ပြမှု အတွက် မဟုတ်ပါဘူးလို့ ဆိုပါတယ်။ ဒါဆိုရင်လည်း ကန့်သတ်ဧရိယာထဲ ခိုးဝင်ခဲ့တဲ့ ပိုင်နက်ကျူးလွန်မှုလို ပုဒ်မမျိုးနဲ့ပဲ ပြစ်ဒါဏ်ချနိုင်မယ် ထင်ပါတယ်။ နောက်တစ်ချက် ဖြစ်ရပ် တစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင် ဒီ သတင်းထောက်တွေ အဲဒီ လက်နက်စက်ရုံထဲ ၀င်ဖို့ ကြိုးစားတာဟာ ယူနတီဂျာနယ်မှာ သတင်းဖော်နိုင်ရေး တစ်ခုတည်းအတွက် ဆိုတာလည်း အလွန်ပေါ်လွင်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ လက်နက်စက်ရုံထဲ ခိုးဝင်မယ်၊ အချက်အလက်တွေ ယူမယ်၊ ဓာတ်ပုံတွေရိုက်မယ်၊ ပြီးရင် အခြား မြန်မာနိုင်ငံကို ဆန့်ကျင်တဲ့ တစ်နိုင်ငံငံ၊ ဒါမှမဟုတ် ဆန့်ကျင်ဘက် အဖွဲ့အစည်း တစ်ခုခုကို အချက်အလက်တွေ ပေးမယ်ဆိုတာမျိုး အကြံအစည် မရှိခဲ့တာ၊ လုံးဝ မလုပ်ခဲ့တာလည်း အလွန်ထင်ရှားပါတယ်။ ဒါကြောင့် ခုလို လျှို့ဝှက် အက်ဥပဒေ နဲ့ ထောင် ၁၀ နှစ်ချတာ လုံးဝ မတရားဘူး ဆိုတာ သတင်းထောက်တွေ အားလုံး သိရှိ နားလည်ကြလို့ ဆန္ဒပြတာ ဖြစ်နိုင်ပါတယ်။
ဒါတင်မက တရားရုံးက အမိန့်မချခင် ၃ ရက်အလို ဇူလိုင် ၇ ရက် သမ္မတ မိန့်ခွန်းကလည်း တရားစီရင်ရေးစနစ်ကို ဖိအားပေးသလို ဖြစ်နေတာကလည်း မကျေနပ်နိုင်စရာပါ။ စာနယ်ဇင်းသမားတွေ ဆန္ဒပြရတဲ့ နောက်ထပ် အကြောင်းအချက်တွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေကတော့ သိပ်မကြာသေးခင် အချိန်တုန်းက ပြည်ထဲရေးလက်အောက်က ရဲ အထူးသတင်းတပ်ဖွဲ့ဟာ စာနယ်ဇင်း မီဒီယာ တာဝန်ရှိသူတွေကို ခေါ်ယူစစ်မေးခဲ့တဲ့ ကိစ္စပါ။ ကိုယ့်အလုပ်မဟုတ်ပဲ ခေါ်ယူစစ်မေးတာတွေ လုပ်လို့ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ကြောင်း စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း အဖွဲ့အစည်းတွေနဲ့ စာနယ်ဇင်းသမားတွေက မကျေမနပ် သဘောထား ထုတ်ပြန်ခဲ့ကြပြီလည်း ဖြစ်ပါတယ်။
အခုနောက်ဆုံး ကိုထင်ကျော် ဦးဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် ဖော်ပြခဲ့တဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်ရဲ့ အယ်ဒီတာနဲ့ သတင်းထောက်တွေကို ဖမ်းဆီး စစ်ဆေးစဉ်မှာလည်း အလားတူပါပဲ။ ဖမ်းဆီးရေး အဖွဲ့တွေဟာ ရေးသားဖော်ပြမှုနဲ့ မဆိုင်တဲ့၊ ထောင်ဒါဏ် အများကြီး ချနိုင်တဲ့ ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အမှုဖွင့်ထားပါတယ်။ ဒီထက် ပြင်းထန် ဆိုးရွားတဲ့ ပုဒ်မ ပြစ်ဒါဏ်တွေနဲ့ အရေးယူနိုင်အောင် ဆက်ကြိုးစားနေတယ်ဆိုတဲ့ ထိတ်လန့်စရာ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီလို လွတ်လပ်ခွင့်ရလာကာစ စာနယ်ဇင်း အပေါ် တစ်ဆင့်ချင်း တဆင့်ချင်း ဖိနှိပ်ချုပ်ခြယ် ခြိမ်းခြောက်မှုတွေ လုပ်လာတဲ့အတွက် စာနယ်ဇင်း မီဒီယာသမားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု မှန်ကန်ပါကြောင်း၊ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒီမိုကရေစီ စနစ်ကို တကယ်ပဲ သွားချင်တယ်ဆိုရင် ဒီကိစ္စ လေးလေးနက်နက် ဆင်ခြင်သုံးသပ် သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

ကကလှမ်းနဲ့ MPC


Eleven Media Group

Written by : နေထွန်းနိုင်

(၁)
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဦးဆောင်ခဲ့တဲ့ ကကလှမ်း (တပ်မတော်ထောက်လှမ်းရေး) က ၂ဝဝ၄ ခုနှစ်မှာ ပြိုလဲခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၂ဝဝ၄ ခုနှစ် ၁၆ နှစ်တာ ကာလအတွင်းမှာ ကကလှမ်းကို ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရပါတယ်။ ကကလှမ်းဆိုတာနဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုရေးသမားတွေ၊ အနုပညာရှင်တွေအပြင် နယ်ပယ်အသီးသီးက လူတွေဟာ ကြောက်ရွံ့ခဲ့ကြရပြီး မပတ်သက်ချင်လည်း ပတ်သက်ခဲ့ကြရပါတယ်။ ကကလှမ်းကလည်း ဒီလူတွေအားလုံးကို လွှမ်းမိုးချုပ်ကိုင်ခဲ့ပါတယ်။

ဒီလို လွှမ်းမိုးချုပ်ကိုင်ခဲ့တာနဲ့အတူ ကကလှမ်းက ဝင်ရောက်စွက်ဖက်ခဲ့တဲ့အတွက် မကင်းနိုင်ပဲ အကြောက်တရား အရိပ်မည်းအောက်မှာ နေထိုင်ခဲ့ကြရပါတယ်။

၂ဝဝ၄ ခုနှစ် ကကလှမ်း ပြိုလဲချိန်မှာ ကကလှမ်းနဲ့ပတ်သက်ပြီး အဲဒီတုန်းက နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးသူရဦးရွှေမန်း (လက်ရှိ ပြည်ထောင်စုလွှတ်တော်နာယက) နိုင်ငံတော်၏ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း (ကွယ်လွန်) နဲ့ အတွင်းရေးမှူး-၁ ဒုတိယဗိုလ်ချုပ်ကြီးသိန်းစိန် (လက်ရှိနိုင်ငံတော်သမ္မတ) တို့ ရှင်းလင်းခဲ့ပါတယ်။

အဲဒီအချိန်မှာ သူရဦးရွှေမန်း ပြောကြားခဲ့တဲ့ စကားက ကကလှမ်းက ဥပဒေရဲ့အထက်မှာ မရှိဘူးဆိုတဲ့စကား ဖြစ်ပါတယ်။

အခု ဒီအချိန်မှာ ကကလှမ်းနဲ့ ပတ်သက်တဲ့ဟာတွေက အမှတ်ရစရာ ဖြစ်လာပါပြီ။

တစ်ချိန်တုန်းက ကကလှမ်းကို ကြောက်နေရသလို ဒီအချိန်မှာလည်း နိုင်ငံတော်သမ္မတရုံးနဲ့ မြန်မာ့ငြိမ်းချမ်းရေးဗဟို (MPC) ဆိုရင် ကြောက်ရွံ့ရတဲ့သူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒေသအချို့မှာလည်း နိုင်ငံတော်သမ္မတရုံး ဒါမှမဟုတ် MPC ကလာတယ်လို့ပြောရင် အရင်ခေတ် ကကလှမ်းကို ကြောက်ရသလို ကြောက်ရတဲ့ပုံစံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်တွေကလည်း ကကလှမ်း အရိပ်မည်းကို ပြန်ပြီး အမှတ်ရစေပါတယ်။

(၂)
ဇူလိုင် ၁၂ ရက်က မြန်မာ့ငြိမ်းချမ်းရေးဗဟို(MPC) ရုံး အဝင်လမ်းထိပ်မှာ အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဂျာနယ်လစ်တွေကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။ အမှန်တော့ ဂျာနယ်လစ်တွေဟာ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတာ မဟုတ်ပါဘူး။ ဂျာနယ်လစ်တွေနဲ့ ပတ်သက်ပြီး အရေးယူမှုတွေမှာ ပြစ်မှုပြစ်ဒဏ် မမျှတာတွေ၊ ဥပဒေပြင်ပရောက်သလို ဖြစ်နေတဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကို ထပ်မဖြစ်စေဖို့ အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်တွေအတိုင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံလိုက်ရပါပြီ။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ မပြေးသော်ကန်ရာရှိ ဆိုသလိုMPC က ဒါရိုက်တာတချို့နဲ့လည်း ပတ်သက်နေဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

(၃)
သမ္မတနဲ့ အနုပညာရှင်တွေရဲ့ တွေ့ဆုံပွဲကို ဇူလိုင် ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်။ ဇူလိုင် ၁၁ ရက်မှာကတည်းက ဂျာနယ်လစ်တွေဟာ MPC မှာ သတင်းယူရင်း သူတို့သဘောဆန္ဒကို သမ္မတသိအောင် လုပ်မယ်ဆိုတဲ့ စီစဉ်မှုတွေ ရှိပြီးသားပါ။

ဒါပေမဲ့ ဇူလိုင် ၁၁ ရက်မှာပဲ MPC မှာ ဆန္ဒပြရင် ဆန္ဒပြတဲ့ မီဒီယာသမားတွေကို ထောင်ထဲပို့ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်သံတစ်ခု ထွက်လာပါတယ်။ MPC ရဲ့ ဒါရိုက်တာ ဦးမင်းဇော်ဦး ပြောတယ်ဆိုပြီး အသံထွက်လာတာပါ။ ဦးမင်းဇော်ဦးရဲ့ ပြောစကားကို 7Day သတင်းစာရဲ့ သတင်းထောက်ချုပ် ကိုအောင်သူရကတစ်ဆင့် ပြန်ပြောပါတယ်။ ကိုအောင်သူရဆီက သိရတယ်ဆိုပြီး ဓာတ်ပုံသတင်းထောက် ရွှေအင်းသား ခင်မောင်ဝင်းက သူ့ရဲ့ Facebook ပေါ်မှာ တင်ခဲ့ပါတယ်။

ဒီအချိန်မှာပဲ ဦးမင်းဇော်ဦးက သူ့ရဲ့Facebook မှာ ကိုယ့်ရဲ့ သတင်းရင်းမြစ်ကို ကာကွယ်ခြင်းနဲ့ ဆက်စပ်တဲ့ Status တစ်ခုကို တင်လိုက်ပါတယ်။ ဒါကြောင့်ပဲ “ဆန္ဒပြတဲ့ မီဒီယာသမားတွေကို ထောင်ထဲပို့မယ်” ဆိုတာကို ဦးမင်းဇော်ဦး တကယ်ပြောခဲ့သလားဆိုတဲ့ သံယယကို ခိုင်မာစေခဲ့ပါတယ်။ (ဇူလိုင် ၁၃ ရက်မှာ သူဒီလိုပြောတာ မဟုတ်တဲ့အကြောင်း သွယ်ဝိုက်အားဖြင့် ဦးမင်းဇော်ဦးက သူ့ရဲ့ Facebook မှာ ရှင်းခဲ့ပါတယ်။)

ဇူလိုင် ၁၂ ရက်မှာ ဂျာနယ်လစ်တွေက သူတို့စီစဉ်ထားတဲ့အတိုင်း သမ္မတသိအောင် MPC မှာ ဆန္ဒထုတ်ဖော်တယ်။ ဆန္ဒပြတဲ့ပုံစံမျိုး မဟုတ်ဘူး။ ရဲက ဝင်တားရာက ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ပါတယ်။

နေ့လည်ပိုင်း အချိန်အထိ ရတဲ့သတင်းတွေအရ ဆန္ဒထုတ်ဖော်တဲ့ ဂျာနယ်လစ်တွေကို အမှုဖွင့်ဖို့ အစီအစဉ်အစဉ် မရှိသေးဘူး။ ညနေပိုင်းမှာတော့ ပုဒ်မ ၁၈ နဲ့အမှုဖွင့်လိုက်ပြီဆိုတဲ့ သတင်းထွက်လာတယ်။ ညပိုင်းမှာ ဒီသတင်းက သေချာခဲ့တယ်။ အမှုမဖွင့်ဖို့ မသေချာတဲ့ အခြေအနေကနေ အမှုဖွင့်ဖြစ်သွားတဲ့ အခြေအနေအတွက် အကြောင်းပြချက်တွေထဲမှာ ‘အထက်ကညွှန်ကြားချက်’ ဆိုတာ ပါဝင်ခဲ့ပါတယ်။ အထက်ဆိုတာ ဘယ်ကမှန်းတော့ မသိရပါဘူး။

(၄)
ဂျာနယ်လစ်တွေ ဆန္ဒထုတ်ဖော်တယ်ဆိုတာက မမျှတမှုတွေ ဖြစ်နေတာကို ပြောချင်တာပါ။ ယူနတီဂျာနယ်လစ်တွေ မှန်တယ်လို့ ပြောနေတာ မဟုတ်ဘူး။ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ Bi မွန်းတည့်နေ ဂျာနယ်လစ်တွေ မှန်တယ်လို့လည်း မပြောပါဘူး။ ဒါပေမဲ့ စာနယ်ဇင်းကောင်စီကို အကြောင်းမကြားဘဲ ဝင်ဖမ်းချင်သလိုဖမ်း၊ သိမ်းချင်သလိုသိမ်းနဲ့ ဥပဒေပြင်ပဆန်ဆန် လုပ်ဆောင်တာတွေ မသင့်တော်ဘူးလို့ ပြောချင်တာပါ။

ဒီလိုပါပဲ။ Eleven Media Group နယ်သတင်းထောက် မခိုင်ကို ထောင်ချခဲ့တာ၊ DVB သတင်းထောက် ကိုဇော်ဖေကို ထောင်ချခဲ့တဲ့ အမှုတွေဟာ ငွေဒဏ်နဲ့ပြီးရမယ့် ကိစ္စတွေပါ။ အာဏာပိုင်တွေကတော့ ငွေဒဏ်နဲ့မပြီးဘဲ ထောင်ချပစ်ပါတယ်။

ဂျာနယ်လစ်တွေ ဖမ်းဆီး၊ အရေးယူ၊ ထောင်ချခံရတဲ့ ဖြစ်စဉ်တိုင်းကိုကြည့်ရင် ပြစ်မှု၊ ပြစ်ဒဏ် မမျှတတာတွေ၊ ဥပဒေပြင်ပဆန်ဆန် ဆောင်ရွက်ခံရတာကို တွေ့နေရပါတယ်။

ဒါဟာ သတင်းမီဒီယာတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ချင်တဲ့၊ ခြိမ်းခြောက်ချင်တဲ့ ပုံစံမျိုးတွေ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ကို ဖော်ဆောင်မယ့် ဂျာနယ်လစ်တွေ မလှုပ်ရဲအောင် လုပ်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ငန်းအတိုင်း သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ချင်တဲ့ သဘောပါပဲ။

(၅)
ဒီရက်ပိုင်းမှာပဲ MPC ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးက မီဒီယာတွေနဲ့ပတ်သက်ပြီး သူ့ရဲ့မိတ်ဆွေဟောင်းတစ်ဦးကို စကားတစ်ခွန်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဆင့်စကားဖြစ်လို့ အတည်ပြုချက် မရှိပါဘူး။ ဦးအောင်နိုင်ဦး ပြောခဲ့တယ်ဆိုတဲ့ စကားက ‘ရန်သူမျိုးခြောက်ပါး ဖြစ်နေပြီ။ တိုးလာတဲ့တစ်ပါးက မီဒီယာ’ လို့ ဆိုပါတယ်။ ရန်သူမျိုးငါးပါးမှာ မီဒီယာကို ထပ်တိုးပြီး ရန်သူမျိုးခြောက်ပါး ရှိနေပြီဆိုတဲ့ စကား တကယ်ပြောခဲ့တာ ဟုတ်၊ မဟုတ်ကိုတော့ ဦးအောင်နိုင်ဦးပဲ အသိဆုံးဖြစ်မှာပါ။

သေချာတာကတော့ ဆန္ဒပြတဲ့ သတင်းထောက်တွေကို ထောင်ထဲပို့မယ်လို့ ပြောခဲ့တယ်ဆိုတဲ့ ဦးမင်းဇော်ဦးစကား၊ မီဒီယာကို ထပ်တိုးပြီး ရန်သူမျိုးခြောက်ပါး ရှိနေပြီလို့ ပြောခဲ့တယ်ဆိုတဲ့ ဦးအောင်နိုင်ဦးစကား၊ ဒီစကားတွေကို သူတို့ပြောခဲ့တာ မှန်ရင်တော့ MPC ဟာ မီဒီယာတွေ၊ ဂျာနယ်လစ်တွေကို ရန်သူလို သဘောထားနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဇူလိုင် ၁၂ ရက် ညနေပိုင်းမှာ ဆန္ဒထုတ်ဖော်တဲ့ ဂျာနယ်လစ်တွေ အမှုဖွင့်ခံရတဲ့အတွက် MPC ဟာ သမ္မတနဲ့ မီဒီယာတွေကြား ရန်တိုက်ပေးသလားဆိုတဲ့မေးခွန်း ပေါ်လာပါတယ်။

MPC ဟာ ဂျာနယ်လစ်တချို့ကို ကိုယ့်လူသူ့ဘက်သားဖြစ်အောင် လုပ်ခဲ့တဲ့ပုံစံမျိုးတွေ ရှိခဲ့ပါတယ်။ လူမွေးပြီး သတင်းလက်သိပ်ထိုးပေးခဲ့တဲ့ ပုံစံတွေ ရှိခဲ့ပါတယ်။ သူတို့အလိုကျ ပုံစံမျိုးကို ဂျာနယ်လစ်တိုင်းက ပုံဖော်မပေးခဲ့ပါဘူး။ သူတို့ရဲ့ အားနည်းချက်တွေကို ခပ်စိတ်စိတ် ထောက်ပြတာတွေ ရှိလာတဲ့အချိန်မှာ MPC ရဲ့ မီဒီယာအပေါ် သဘာထားဟာ ‘ရန်သူ’ အဖြစ် ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။

အခုရေးသားနေတဲ့ ပုံစံတွေအတိုင်းသာ ဆက်သွားနေရင် မီဒီယာဟာ Enemy of the State ဖြစ်လာမယ်ဆိုတဲ့ စကားကလည်း MPC အဝန်းအဝိုင်းကပဲ ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဂျာနယ်လစ်တွေကို၊ မီဒီယာတွေကို ဖိနှိပ်မယ်၊ ခြိမ်းခြောက်မယ်၊ ရန်သူလို သဘောထားမယ်ဆိုတာ ဟာအာဏာရှင်စနစ်ကို လိုလားသူတွေ၊ အာဏာရှင် လက်ကိုင်တုတ်တွေရဲ့ သဘောထားဖြစ်ပါတယ်။

(၆)
ဒီနေရာမှာ လက်ရှိ MPC ကို ပြည်သူလူထုက ဘယ်လိုသဘောထားသလဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်နဲ့ စကားပြောဖြစ်ခဲ့တဲ့ ထောက်လှမ်းရေးအရာရှိဟောင်း တချို့ရဲ့ အဆိုအရ MPC ဟာ အရင် ကကလှမ်းပုံစံ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ရရှိထားတဲ့ အာဏာကို လိုတာထက်ပိုပြီး သုံးနေတယ်လို့ သူတို့က ဆိုလိုချင်တာပါ။

ကကလှမ်းက ထင်ရှားတဲ့ အချက်သုံးချက်ကို အဓိကထား လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ပထမအချက်က လူထုမြင်ကွင်းမှာ စဉ်ဆက်မပြတ် ပုံရိပ်ထင်အောင် ကြိုးစားတာ ဖြစ်ပါတယ်။ ဒုတိယအချက်က ဝါဒဖြန့်ချိမှုတွေကို ပါးနပ်လျင်မြန် သွက်လက်စွာနဲ့ နည်းမျိုးစုံသုံး ဖြန့်ချိတာ ဖြစ်ပါတယ်။ တတိယအချက်က ပြည်သူလူထုက ဘာလိုအပ်နေသလဲ ဆိုတာကို ကြိုတင်ထောက်လှမ်းပြီး ပြည်သူလူထု လိုအပ်တာ နည်းနည်းပေးပြီး သူတို့လိုချင်တာကို များများပုံဖော်တာ ဖြစ်ပါတယ်။

MPC က နိုင်ငံခြားရောက် အတိုက်အခံ နိုင်ငံရေးသမားတွေကို ခေါ်တယ်။ လိုအပ်သလို အသုံးချတယ်။ ‘ငြိမ်းချမ်းရေးဆွေးနွေးပွဲ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တရားဝင်၊ တရားမဝင်တွေ့တယ်။ သူတို့သဘောထားအတိုင်း ဆွဲခေါ်လို့ရတဲ့ အဖွဲ့တွေကို လာဘ်သိပ်ထိုး၊ မက်လုံးပေး စကားပြောတယ်။ သူတို့နဲ့အတူ လိုက်ပါခြင်းမပြုတဲ့ အဖွဲ့တွေကို သဘောထားတင်းမာသူ၊ ခေါင်းမာသူတွေလို့ သတ်မှတ်ပါတယ်။ MPC ကြောင့်ပဲ ပြည်သူ့အခွန်ဘဏ္ဍာငွေများစွာ ဆုံးရှုံးခဲ့ရတဲ့ ငြိမ်းချမ်းရေးကားပါမစ်ဆိုတာ ပေါ်လာတယ်။ သူတို့နဲ့ အကြောင်းပေါင်းသင့်သွားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကတော့ ကားပါမစ်တွေအပြင် လုပ်ငန်းလုပ်ပိုင်ခွင့်တွေ ရရှိသွားခဲ့တယ်။

နိုင်ငံခြားရောက် အတိုက်အခံ နိုင်ငံရေးသမားတွေကို ခေါ်တဲ့အခါမှာလည်း မက်လုံးပေး၊ အခွင့်အရေးပေး ဆွဲဆောင်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအချက်ကို MPC ရဲ့ အစီအစဉ်နဲ့ ပြည်တွင်းပြန်ရောက်လာတဲ့ နိုင်ငံရေးသမားတွေ ကောင်းကောင်းသိပါတယ်။

ဒါတွေအပြင် သူတို့နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့ ကိစ္စတွေမှာလည်း MPC က ပါဝင်ပတ်သက်လေ့ရှိပါတယ်။ ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ သမ္မတနဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲ၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်က လူတွေနဲ့ သမ္မတ တွေ့ဆုံပွဲတွေမှာလည်း MPC က နေရာယူထားပါတယ်။

(၇)
သမ္မတဦးသိန်းစိန်ကို အကြံပေးတဲ့ Think Tank စာရင်းမှာ MPC ကလူတချို့ ထိပ်ဆုံးရောက်နေပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေ၊ ပြောဆိုချက်တွေကို ကြည့်ရင်လည်း သူ့ရဲ့အကြံပေးတွေ ဘယ်ကိုဦးတည်နေသလဲဆိုတော့ စိုးရိမ်သူတွေ ရှိနေတာ မမှားပါဘူး။ နောက်တစ်ချက်က သမ္မတအကြံပေးအချို့၊ MPC လို အဖွဲ့အစည်းအချို့ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ၊ ဘယ်နိုင်ငံကလူတွေ ရှိနေသလဲ။ ဒီလူတွေကရော တိုင်းပြည်ကို ချောက်ထဲကျအောင် အန္တရာယ်ပေးနေပြီလား။ ဒီကြားထဲမှာ သမ္မတအကြံပေးအချို့က သမ္မတဦးသိန်းစိန်ကို ညာနေသလားဆိုတဲ့ မေးခွန်းတွေ ထွက်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အနုပညာရှင်တွေနဲ့ တွေ့ဆုံပွဲမှာပဲ သမ္မတဦးသိန်းစိန်ပြောတဲ့ စကားတွေက အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။ ဦးသိန်းစိန်ပြောခဲ့တာက ရန်ကုန်နဲ့ မန္တလေး မြို့ကြီးနှစ်မြို့မှာ ရုပ်ရှင်၊ ဂီတ၊ သဘင်အားလုံး ရာသီဥတုမရွေး အသုံးပြုနိုင်တဲ့ ခေတ်မီပြဇာတ်ရုံကြီးဖြစ်ဖို့ အစိုးရက မတတ်နိုင်ရင် ပြည်ပအကူအညီယူဖို့ လိုတယ်။ အဆောက်အအုံ ဆောက်လုပ်ကူညီပေးတဲ့ အစဉ်အလာ တရုတ်မှာရှိတာကြောင့် ရလိုရငြား တရုတ်ဝန်ကြီးချုပ်ဆီ အကူအညီတောင်းပေးမယ်။ သက်ဆိုင်တဲ့သူတွေလည်း ရဖို့ ဝိုင်းဝန်းဆုတောင်းပေးဖို့ ပြောခဲ့တာပါ။ အစိုးရဘတ်ဂျက်နဲ့ဆောက်ဖို့ လွှတ်တော်ကို တင်ပြရင် လွှတ်တော်က ကြိုက်မှာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

သမ္မတဦးသိန်းစိန်က ဘယ်လိုခံစားချက်နဲ့ ပြောသလဲတော့ မသိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောစကားဟာ နိုင်ငံခေါင်းဆောင်တစ်ဦး ပြောကြားတဲ့ စကားပုံစံမျိုးမဟုတ်ဘဲ နိုင်ငံရေးအသိအမြင် ခေါင်းပါးသူတစ်ဦးပြောတဲ့ စကားမျိုး ဖြစ်နေပါတယ်။

နိုင်ငံသားတစ်ယောက်ရဲ့ ခံစားချက်နဲ့ ပြောရင်တော့ အင်မတန် ရှက်စရာကောင်းပါတယ်။ နည်းမှန်လမ်းမှန် ဖြစ်သင့်ဖြစ်ထိုက်တာကို တင်ပြရင် လွှတ်တော်က စဉ်းစားပေးမှာပါ။ ဒါပေမဲ့ ဦးသိန်းစိန်ကိုယ်တိုင်က လွှတ်တော်ကိုဘေးဖယ်ပြီး ပြည်ပနိုင်ငံဆီက တောင်းခံမယ်ဆိုတဲ့အခါ မြန်မာနိုင်ငံဟာ သူ့ကျွန်ဘဝ ရောက်နေလို့လားလို့ တွေးမိပါတယ်။

သမ္မတဦးသိန်းစိန်ပြောခဲ့တဲ့ စကားကို နိုင်ငံရေးအသိပညာနဲ့ နိုင်ငံရေးရေချိန် နိမ့်ပါးတဲ့ အနုပညာရှင်တွေက လက်ခုပ်တီး အားပေးခဲ့ပေမဲ့ နိုင်ငံရေးခံစားချက်၊ နိုင်ငံရေးအသိစိတ် မြင့်မားတဲ့ ပြည်သူတွေကြားမှာတော့ လက်ခံမှာမဟုတ်သလို ရင်ခုန်မှာလည်း မဟုတ်ပါဘူး။

တစ်ဆက်တည်းမှာပဲ MPC ကလူတချို့ ထိပ်ဆုံးမှာပါနေတဲ့ သမ္မတအကြံပေးအဖွဲ့ဝင်အချို့က သမ္မတဦးသိန်းစိန်ကို ချောက်ထဲပို့နေရုံတင် မကဘဲ တိုင်းပြည်ကိုပါ ချောက်ထဲရောက်စေမယ့် အကြံတွေ ပေးနေပြီလား မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ပြဇာတ်ရုံတွေ ဆောက်ဖို့အတွက် တရုတ်ဆီက အကူအညီတောင်းစရာ မလိုပါဘူး။ မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ကျောက်မျက်ပွဲမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလျံဖိုး ရောင်းခဲ့ရပါတယ်။ ပုံမှန်အတိုင်း အခွန်ငွေအတိုင်း ရာခိုင်နှုန်း ၃ဝ ကောက်ရင် တစ်ဘီလျံလောက် အခွန်ငွေရမှာပါ။ ဒါ့အပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရောင်းချတာတွေ ရှိနေပါတယ်။ သမ္မတဦးသိန်းစိန်လက်ထဲမှာ သယံဇာတ လုပ်ကိုင်ခွင့်တွေကို ပုဂ္ဂလိက ခရိုနီလုပ်ငန်းရှင်တွေ ရခဲ့ပါတယ်။ သူတို့တွေဆီကသာ သတ်မှတ်ထားတဲ့အတိုင်း အခွန်ငွေရမယ်ဆိုရင် ဘယ်သူဆီကမှ လက်ဖြန့်တောင်းနေရမှာ မဟုတ်ပါဘူး။

သစ်ထုတ်လုပ်မှုမှာလည်း ဒီအတိုင်းပါပဲ။ သစ်အလုံးလိုက်တင်ပို့မှုကို ဒီနှစ်မှာ လုံးဝရပ်ဆိုင်းခဲ့ပေမဲ့ နောက်ဆုံးတင်ပို့ခြင်းဆိုပြီး သစ်ထုတ်လုပ်သူတွေက တစ်နှစ်တည်းနဲ့ သုံးနှစ်စာ လုပ်သွားတာတွေလည်း ရှိခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြောစကားကို လက်ခုပ်တီး အားပေးနေတဲ့သူတွေကို ကြည့်ပြန်တော့လည်း အရင် ကကလှမ်းလက်ထက်က ကကလှမ်းနဲ့ လုံးထွေးနေတဲ့သူတွေပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ဇူလိုင် ၁၂ ရက်ပွဲကို ဖြစ်မြောက်အောင် ဆော်ဩခဲ့တဲ့ ဦးဇာဂနာဆိုတာကလည်း ကကလှမ်းနဲ့ အဆက်အသွယ်ရှိဖူးတဲ့ သူတစ်ယောက်ပါ။ အခုလည်း သူတို့တွေက MPC နဲ့ ချိတ်ဆက်လုပ်ကိုင်နေကြပါတယ်။

(၈)
MPC နဲ့ ကကလှမ်းတို့ တူညီမှုရှိတဲ့ အချက်တွေထဲမှာ အစိုးရနဲ့ သဘောကွဲလွဲသူတွေကို မက်လုံးပေးဆွဲဆောင်ပြီး ကိုယ်ဘက်သားဖြစ်အောင် လုပ်တာချင်းတူပါတယ်။ မလျော်ဩဇာသုံးပြီး အသေးအဖွဲ ကိစ္စတွေကအစ အာဏာပြတတ်တာချင်း တူပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုက ငွေကြေးကိစ္စ ဖြစ်ပါတယ်။ ကကလှမ်းတုန်းကလည်း သူတို့ရရှိတဲ့ ငွေကြေး၊ သုံးစွဲတဲ့ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတွေ ရှိခဲ့ပါတယ်။

အခုချိန်မှာ အရေးကြီးဆုံးက MPC ရဲ့ ငွေစာရင်းရှင်းလင်းမှု ဖြစ်ပါတယ်။ တရားဝင်အတိအလင်း ထုတ်ပြန်ရှင်းလင်းတာ မရှိသေးသလို လွှတ်တော်ကို တင်ပြရှင်းလင်းတာမျိုးလည်း မရှိသေးပါဘူး။ သူတို့ဘက်က အတည်ပြုချက်မပေးဘဲ ရရှိထားတဲ့ အချက်အလက်တွေအရ MPC ဟာ အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ကျော် ငွေကြေးအထောက်အပံ့တွေ ရထားပါတယ်။ ဒါတွေကို ဘယ်နေရာမှာ သုံးနေသလဲ၊ ဘယ်လောက်အကျိုးဖြစ်ထွန်းသလဲဆိုတာ လွှတ်တော်က မသိပါဘူး။

MPC မှာ နေရာယူထားတဲ့ ABSDF အဖွဲ့ဝင်ဟောင်းဆိုသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားဟောင်း ဆိုသူတွေရဲ့ အကြောင်းကိုတော့ ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက သိနေကြပါတယ်။ သူတို့တွေရဲ့ မှတ်ချက်စကားတွေက လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြန့်နှံ့နေပါတယ်။ ကောင်းသတင်းထက် မကောင်းသတင်းက ပိုများနေတယ်လို့ ဆိုရမှာပါ။

တစ်ဖက်မှာလည်း MPC ဟာ သူတို့ အဓိကလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ အောင်မြင်မှုရအောင် မလုပ်နိုင်သေးပါဘူး။ မဆိုင်တဲ့ ကိစ္စတွေမှာတော့ ဆက်တိုက်ဆိုသလို ဝင်ပါနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကရော၊ ပြည်တွင်းနေ တိုင်းရင်းသားတွေကပါ MPC ကို မယုံကြည်ပါဘူး။ ဒီလို မယုံကြည်တဲ့ အကြောင်းကို တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် ပြောဆိုထားကြပြီး ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ပါရာက MPC ဟာ အစိုးရနဲ့မီဒီယာကို ရန်တိုက်ပေးနေတာလား၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြား ရန်တိုက်ပေးနေတာလား၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရကြား ရန်တိုက်ပေးနေတာလား၊ လွှတ်တော်နဲ့အစိုးရကြား ရန်တိုက်ပေးနေတာလား၊ ပြည်သူလူထုနဲ့ အစိုးရကြား ရန်တိုက်ပေးနေတာလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။

ကကလှမ်းခေတ်ကို ကောင်းကောင်းဖြတ်သန်းခဲ့ဖူးတဲ့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေနဲ့ ဂျာနယ်လစ်တွေက ဒီလိုမေးခွန်းတွေ ဘာကြောင့်ထွက်နေသလဲဆိုတဲ့ အကြောင်းရင်းကို သိရှိနေပါတယ်။ လက်ရှိပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေလည်း သိရှိနေကြမှာပါ။

(၉)
MPC က ဖြေဖို့မလိုဘဲ ကျန်တဲ့သူတွေက ဖြေရမယ့် မေးခွန်းတွေ ရှိနေပါတယ်။

MPC ရှိနေခြင်းဟာ ပြည်သူတွေက ကျေနပ်သလား၊ MPC ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေက တပ်မတော်က ကျေနပ်သလား၊ လွှတ်တော်က ကျေနပ်သလား၊ တိုင်းရင်းသားအဖွဲ့တွေ ကျေနပ်သလား၊ ဂျာနယ်လစ်တွေ၊ မီဒီယာတွေ ကျေနပ်သလား၊ ဘယ်သူတွေအတွက်ပဲ အကျိုးရှိနေသလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေက MPC ကို အကဲဖြတ်ပေးနိုင်ပါလိမ့်မယ်။

ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။ ဂျာနယ်လစ်တွေလည်း မရှိပါဘူး။ သမ္မတလည်း မရှိပါဘူး။ လွှတ်တော်လည်း မရှိပါဘူး။ အစိုးရလည်း မရှိပါဘူး။ ဒါပေမဲ့ ဥပဒေအထက်မှာ MPC ရှိနေသလား။ သမ္မတ အထက်မှာ MPC ရှိနေသလား။ ဒီမေးခွန်းကို MPC ကလူတွေ ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကကလှမ်းလို ငွေကြေးအရှုပ်အရှင်းတွေ၊ မလျော်ဩဇာနဲ့အာဏာ တလွဲအသုံးပြုမှုတွေ ရှိနေမယ်ဆိုရင်တော့ ကကလှမ်းပြိုလဲခဲ့သလို MPC ပြိုလဲမယ့်အချိန် ရောက်လာမှာ ဖြစ်ပါတယ်။

ကကလှမ်း ဖြိုဖျက်ခဲ့ရပြီးတဲ့နောက် ရှင်းလင်းမှုပြုလုပ်ခဲ့သူနှစ်ဦး ကျန်နေပါသေးတယ်။ သမ္မတဦးသိန်းစိန်နဲ့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကကလှမ်းလိုမျိုး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အနုပညာနယ်ပယ် နေရာစုံမှာ ပါဝင်ပတ်သက်လာတဲ့ MPC ကို ဘယ်နည်းတွေနဲ့ တားဆီးမလဲ။ MPC က လူအချို့ကြောင့် ဖြစ်ပေါ်နေတဲ့ သဘောထားတင်းမာမှုတွေ၊ အမှားတွေ၊ ညှိနှိုင်းယူလို့ မရနိုင်တဲ့အထိ ဖြစ်နေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ။ အဖြေရှာရမယ့်အချိန် ရောက်နေပါပြီ။