Thursday, September 4, 2014

မြန်မာလူဦးရေ ကိုးသန်း ဘာလို့ လျော့တာလဲ


မြန်မာနိုင်ငံမှာ အနီးဆုံးကောက်ယူခဲ့ တဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှာ လူဦးရေ ၃၅ သန်းကျော်ထိ ရှိခဲ့ပါတယ်။ အဲဒီတုန်းက တိုင်းပြည်က ပြည်တွင်းစစ်ထဲက မကျွတ်သေးလို့ ကျေးရွာအုပ်စုပေါင်း ၉၄၁ စု ကျေးရွာပေါင်း ၁၀,၀၀၀ ကျော်ထိ မကောက်နိုင်ခဲ့ပါဘူး။

အခု ၂၀၁၄ ခုနှစ်မှာ ကောက်ခဲ့တဲ့သန်း ခေါင်စာရင်းမှာတော့ ဘင်္ဂါလီ ၁ ဒသမ ၀၉ သန်း၊ ကချင်မှ ၄၆, ၀၀၀ ကျော်၊ ကရင်မှာ ၇၀,၀၀၀ခန့် စုစုပေါင်း တစ်သန်းကျော်သာ မကောက်နိုင်ပေမယ့် အဲဒီစာရင်းတွေကို အခုကြေညာတဲ့ ရှေ့ပြေးစာရင်းမှာ ခန့်မှန်း ထည့်နိုင်ခဲ့ပါတယ်။

အဲဒီခန့်မှန်းတာကလည်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာက သန်းခေါင်စာရင်း မကောက် မီ ပြင်ဆင်မှုဖြစ်တဲ့ ရပ်ကွက်အလိုက် စာရင်းကောက် မြေပုံရေးစွဲခြင်းကနေ ခန့်မှန်း ထားတဲ့ စာရင်းတွေဖြစ်ပါတယ်။

အဲဒီတော့ နှစ်ပေါင်း ၃၀ အတွင်းမှာ မြန်မာလူဦးရေက နှစ်ဆ မတိုးနိုင်တာ က ပြည်သူတွေ အကြားမှာ အငြင်းပွားစရာဖြစ်လာခဲ့တာပါ။

မြန်မာ့လူဦးရေ လျော့ကျလာတာကိုတော့ လူဦးရေပညာရှင်တွေက “တိုင်းပြည်က စီးပွားရေး မကောင်းတဲ့အခါ လူတွေက စားဝတ်နေရေးကျပ်တည်းလာတယ်။ အဲဒီ အတွက် လူတွေက အိမ်ထောင်မပြုကြတာရယ်။ အိမ်ထောင်ရှိတဲ့သူတွေကလည်း ကလေးတွေ လျှော့ယူလာကြတာတွေကြောင့်က အဓိကဖြစ်ပါတယ်”လို့ သုံးသပ်ကြ ပါတယ်။
Mizzima News

ဒီပုံကို စာတမ်းထိုးပေးပါ

ဆားလင်းကြီးပြည်ခိုင်ဖြိုးမြို့ဆိုင်းဘုတ် ပြင်ဆင်ပေးရန်


 Yangon Media Group
ဆားလင်းကြီးပြည်ခိုင်ဖြိုးမြို့ဆိုင်းဘုတ် ပြင်ဆင်ပေးပါရန်နှင့် တစ်လအတွင်းမပြင်ပါက
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့ စာသားပါ ဆိုင်းဘုတ်သစ် စိုက်ထူမည်ဟုတင်ပြ
=================================================

လှိုင်ထွေးအောင် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၄)။

ဆားလင်းကြီး၊

ဆားလင်းကြီးမြို့ ပခုက္ကူ- မုံရွာလမ်း ရွှေမုဋ္ဌောကုန်းတွင် စိုက် ထူထားသော ဆားလင်းကြီးပြည်ခိုင် ဖြိုးမြို့စာသားပါ ဆိုင်းဘုတ်မှစာသား များအား ပြင်ဆင်ပေးပါရန်နှင့် တစ် လအတွင်း ပြင်ဆင်ရေးသားခြင်းမပြု ပါက ဆားလင်းကြီးအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် မြို့စာသားပါ မြို့ဆိုင်း ဘုတ်သစ် စိုက်ထူမည်ဖြစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က မြို့နယ်ကော်မ ရှင်နှင့် သက်ဆိုင်ရာဌာနများထံ သြ ဂုတ် ၂၉ရက်တွင် အကြောင်းကြားစာ ပေးပို့တင်ပြထားကြောင်း မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့် အောင်က ပြောသည်။

ဆားလင်းကြီးမြို့တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအ သင်းလက်ထက်က ဆားလင်းကြီး ပြည်ခိုင်ဖြိုးမြို့ စာသားပါဆိုင်းဘုတ် ကို စိုက်ထူထားရှိရာ ထိုစဉ်က အ သင်းအဖြစ်သာ ရပ်တည်သည့်အပြင် လူမှုရေးအဖွဲ့အစည်းအမည်ခံထား ခြင်း၊ တခြားပါတီများ၊ အဖွဲ့အစည်း များလှုပ်ရှားနိုင်သည့် အခွင့်အရေး နည်းပါးခြင်းကြောင့် မြို့လူထုမှလက် ခံခဲ့ကြောင်း သိရသည်။

''အရင်က အသင်းဆိုင်းဘုတ် ဖြစ်တဲ့အတွက် လျစ်လျူရှုပေးပါရန် မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးများနဲ့ ပြီးခဲ့တဲ့ဇွန်၆ရက်က တွေ့ဆုံရာမှာ ပြောကြားခဲ့လို့ လက် ခံခဲ့ပါတယ်။ အခုသြဂုတ် ၂၆ရက်က နေ ၂၈ရက်အထိ အဲဒီဆိုင်းဘုတ်ကို ကြံ့ခိုင်ရေးပါတီက လာပြင်တယ်။ ဒီ လိုအသစ်ပြင်တာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့မြို့ ဟာ ကြံ့ခိုင်ရေးမြို့လဲ မဟုတ်ပါဘူး။ ဒါကြောင့် လက်မခံနိုင်လို့ သက်ဆိုင် ရာကော်မရှင်ကို စာနဲ့တင်ပြအကြောင်း ကြားတာပါ'' ဟု ဦးမြင့်အောင်ကပြော သည်။

ဆားလင်းကြီးမြို့တွင် မြို့ဝင် မြို့ထွက်နေရာများ၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆားလင်းကြီးမြို့ စာသားပါဆိုင်းဘုတ်ကြီးများကို ခံ့ ညားသပ်ရပ်စွာ စိုက်ထူထားရှိသဖြင့် မြို့အမည် စာသားမဟုတ်သော နိုင်ငံ ရေးပါတီတစ်ခု အမည်ပါ စာသား များဖြစ်၍ မြို့အမည်သာရေးသား သင့်ကြောင်း၊ အကယ်၍အဆိုပါဆိုင်း ဘုတ်စာသားများကို စာတင်ပြသည့် နေ့မှ တစ်လအတွင်း ပြောင်းလဲခြင်း မပြုပါက ၄င်းတို့ပါတီမှလည်း ဆိုင်း ဘုတ်စိုက်ထူမည်ဖြစ်ကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲ မှူးကြီးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များထံ လိပ်မူတင်ပြအကြောင်း ကြားထားသည်ဟု သိရသည်။

အဆိုပါပြည်ခိုင်ဖြိုးမြို့/ရွာစာ သားပါဆိုင်းဘုတ်များကို ကြံ့ခိုင်ရေး အသင်းလက်ထက်က မုံရွာခရိုင်အ တွင်း မြို့ရွာတချို့နှင့်မြင်းခြံခရိုင်အ တွင်း တောင်သာ၊ ကျောက်ပန်းတောင်း၊ ပုဂံ၊ ညောင်ဦးမြို့နယ်များတွင် စိုက်ထူ မှုပြုလုပ်ထားရှိခဲ့ကြောင်း၊ ဆားလင်း ကြီး ပြည်ခိုင်ဖြိုးမြို့အမည်ပါ ဆိုင်း ဘုတ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ငှားရမ်းခိုင်းစေမှုဖြင့် အမှတ်(၂) ကုန်းခင်ရပ်မှ ဦးဌေးအောင် နှင့်အဖွဲ့က ပြုပြင်မှုလုပ်ငန်းများဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန်အလှန်ရင်ဆိုင်မည်ဟုဆို



Eleven Media Group

Miss Asia Pacific World Organization နှင့် မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန်အလှန်ရင်ဆိုင်မည်ဟုဆို

Miss Asia Pacific World Organization နှင့် မေမြတ်နိုး၏ မိခင်ဖြစ်သူတို့ ဥပဒေကြောင်းအရ အပြန်အလှန်ရင်ဆိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။ Miss Asia Pacific World Organization အနေဖြင့် မေမြတ်နိုးအား ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ သရဖူပြန်လည်ရယူလိုခြင်းထက် မေမြတ်နိုး၏ လိမ်ညာခဲ့မှုများအတွက်ဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ Founder တစ်ဦးဖြစ်သူ Lawrence Choi ထုတ်ဖော်ပြောကြားသည်။
ယင်းကိစ္စ နှင့်ပတ်သက်၍ မေမြတ်နိုး၏မိခင်က ယင်းအဖွဲ့အစည်းအနေဖြင့် ယခုကဲ့သို့လိမ်ညာမှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“စက်တင်ဘာ ၂ ရက်မှာပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းမှုမှာ ပြောဆိုခဲ့တဲ့ စကားတွေမှာ လိမ်ညာမှုတွေ ပါဝင်နေပါတယ်။ ဒါကြောင့် မေမြတ်နိုးကို တရားစွဲဆိုသွားမှာပါ။ အခုကိစ္စက အာရှနိုင်ငံအသီးသီးမှာ ဖော်ပြနေကြတဲ့ကိစ္စပါ။ ဒီအတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာက အရေးကြီးပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ကိုရီးယားလူမျိုးတွေအတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် သူလိမ်ညာခဲ့တာတွေအတွက် တရားစွဲဆိုသွားမှာပါ။ မနေ့ကပဲ ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကိုလည်း သွားခဲ့ပြီးပါပြီ။ ကျွန်တော်တို့လက်ထဲမှာ အထောက်အထားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။ကိုရီးယားမှာရှိတဲ့ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်ကိုလည်း တင်ပြသွားမှာပါ။ အဓိကတော့ နှစ်နိုင်ငံကြားမှာရှိတဲ့ ဆက်ဆံရေး၊ ဂုဏ်သိက္ခာနဲ့ တခြားနိုင်ငံအသီးသီးရဲ့အလယ်က ကိုရီးယားနိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု Lawrence Choi က ပြောကြားသည်။

ယခုကိစ္စရပ်နှင့်ပတ်သက်၍ မေမြတ်နိုး၏ မိခင်ဖြစ်သူက “မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာပြောခဲ့သလိုပါပဲ။ တောင်းပန်စာပေးပို့မယ်ဆိုရင်တော့ သရဖူကိုပြန်ပေးသွားမှာပါ။ အဲဒီလိုမှမဟုတ်ဘဲ ထပ်ပြီး မဟုတ်မှန်တာတွေပြောဆိုနေတဲ့ Lawrence Choi နဲ့ လှနုထွန်းတို့ကို အန်တီ့အနေနဲ့ ဥပဒေအတိုင်းပဲ ရင်ဆိုင်သွားပါမယ်။ သမီးကတော့ အသက်မပြည့်သေးတဲ့အတွက် သူဘာမှဆောင်ရွက်မှာ မဟုတ်ပါဘူး။ အန်တီ့အနေနဲ့တော့ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားပါမယ်။ သူတို့ပြောနေတဲ့ ခွဲစိတ်မှုနဲ့ပတ်သက်လို့ သက်သေရှိတယ်ဆိုရင်လည်း တင်ပြလိုက်ပါလို့ပဲပြောချင်တယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

မေမြတ်နိုးသည် စက်တင်ဘာ ၂ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး နောက် Miss Asia Pacific World Organization အနေဖြင့် တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာများအား အဖော်လုပ်ပေးရန်၊ ဧည့်ခံဖျော်ဖြေရန်၊ အတင်းအကျပ်စေခိုင်းမှုများရှိခြင်း၊ မိခင်ဖြစ်သူအား မြန်မာနိုင်ငံသို့အတင်းပြန်စေပြီး မိမိတစ်ဦးတည်းသာနေခဲ့ရန် စေခိုင်းခြင်းများကြောင့် မြန်မာနိုင်ငံသို့ပြန်လာရခြင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းမှ ထုတ်ဖော်ပြောဆိုထားသကဲ့သို့ ရင်သားခွဲစိတ်ပြုပြင်မှု ပြုလုပ်ထားသည်ဟုဆိုခြင်းမှာ လုံးဝမဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ ယင်းအတွက် အဆိုပါအဖွဲ့အစည်းမှ တရားဝင်တောင်းပန်စာ ပေးပို့မှသာ သရဖူပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး ယင်းသို့မဟုတ်ပါက ဥပဒေကြောင်းအရ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားထားခဲ့သည်။

အယ်လ်ကေးဒါးခေါင်းဆောင်က မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့၌ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာ

r


Eleven Media Group


အယ်လ်ကေးဒါးခေါင်းဆောင်က အိန္ဒိယတိုက်ငယ်တွင် အဖွဲ့ခွဲသစ် ထူထောင်ပြီး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့၌ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာ

အယ်လ်ကေးဒါးခေါင်းဆောင် အေမင်အယ်လ်ဇာဝါဟီရီက အိန္ဒိယတိုက်ငယ် (အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့) တွင် အားသစ်လောင်းလျက် လှုပ်ရှားမှုများ ချဲ့ထွင်သွားရန်အတွက် အယ်လ်ကေးဒါးအဖွဲ့ခွဲသစ်တစ်ခုကို စတင်ထူထောင်လိုက်ကြောင်း စက်တင်ဘာ ၃ ရက်က ကြေညာခဲ့သည်။

အယ်လ်ကေးဒါး ထိပ်တန်းခေါင်းဆောင်များ ပုန်းအောင်းနေသည်ဟု ယူဆရသော အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အယ်လ်ကေးဒါးအဖွဲ့ သက်ဝင်လှုပ်ရှားလျက်ရှိသော်လည်း အသစ်ဖွဲ့စည်းလိုက်သော အယ်လ်ကေးဒါးအဖွဲ့ခွဲဖြစ်သည့် Qaedat alJihad သည် အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ တွင် တိုက်ခိုက်မှုပြုလုပ်မည်ဟု ဇာဝါဟီရီက အယ်လ်ကေးဒါးမီဒီယာအဖွဲ့ AsSahab Media Foundation မှ ဖန်တီးသော ၅၅ မိနစ်ကြာမြင့်သည့် ဗီဒီယိုတစ်ခုတွင် ပြောကြားထားကြောင်း အကြမ်းဖက်မှုစောင့်ကြည့်ရေးအဖွဲ့ (SITE) က ထုတ်ပြန်ခဲ့သည်။

ကက်ရှ်မီးယားနှင့် မြန်မာတို့တွင် ဖြစ်ပွားနေသော မငြိမ်သက်မှုများကို အသုံးချပြီး ၎င်းတို့အဖွဲ့ ရေပန်းစားမှုပြန်လည်ရရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဇာဝါဟီရီက ပြောကြားခဲ့သည်။ ရန်သူများကို တိုက်ခိုက်ရန်၊ နယ်မြေများကို လွတ်မြောက်အောင်လုပ်ဆောင်ရန်၊ မွတ်စလင်ပိုင်နက်များ၏ အချုပ်အခြာအာဏာ ပြန်လည်ဖော်ဆောင်ရန်အတွက် ဂျီဟတ်များ ညီညွတ်ကြရန် ဇာဝါဟီရီက မွတ်စလင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ထို့ပြင် အာဖဂန်တာလီဘန်ခေါင်းဆောင် မူလာမူဟာမက်အိုမာနှင့် ပါကစ္စတန်ထိပ်တန်း စစ်သွေးကြွခေါင်းဆောင် အဆင်အူမာတို့၏ ခေါင်းဆောင်မှုများကိုလည်း ယင်းအဖွဲ့ခွဲသစ်က အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ဇာဝါဟီရီကပြောကြားခဲ့သည်။

ယင်းဒေသအတွင်း မွတ်စလင်လူထုကို တကွဲတပြားစီဖြစ်စေသည့် နယ်နိမိတ်သတ်မှတ်ချက်များကို အဆိုပါအဖွဲ့ခွဲက ဖြိုခွဲသွားမည်ဟု ဇာဝါဟီရီကပြောကြားခဲ့သည်။ ယခုအဖွဲ့သစ်ကို ယနေ့တစ်နေ့တည်းဖြင့် ဖွဲ့စည်းလိုက်ခြင်းမဟုတ်ကြောင်း၊ အိန္ဒိယတိုက်ငယ်ဒေသရှိ မူဂျာဟစ်ဒင်များကို တစ်စုတစ်စည်းတည်း စုပေါင်းရန် အချိန် နှစ်နှစ်ကျော်ကြာ ကြိုးပမ်းမှု၏ရလဒ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိုစမာဘင်လာဒင် စတင်ထူထောင်ခဲ့သော အယ်လ်ကေးဒါးအဖွဲ့သည် မွတ်စလင်ဒေသများကို တစ်ခုတည်းသောနိုင်ငံအဖြစ် ထူထောင်နိုင်ရေးအတွက် တိုက်ခိုက်နေကြသော ဂျီဟတ်များ၏ ခေါင်းဆောင်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားခဲ့သည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။ ဘင်လာဒင်သည် ၂ဝ၁၁ ခုနှစ် မေတွင် ပါကစ္စတန်၌ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး နောက်ပိုင်း အယ်လ်ကေးဒါးအဖွဲ့ အနည်းငယ်မှေးမှိန်သွားခဲ့သော်လည်း အာဖရိကနှင့် အာရေဗျကျွန်းဆွယ် အဖွဲ့ခွဲသည် ယခုအခါ အီရတ်နှင့် ဆီးရီးယားတွင်တိုက်ခိုက်နေသော အစ္စလာမ္မစ်နိုင်ငံတော် (IS) ဟု မိမိဘာသာသာ ကြေညာထားသောအဖွဲ့အဖြစ် သီးခြားရပ်တည်နေသည်။

အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြရာတွင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များကို မေးမြန်းခဲ့ရာ၌ ဇာဝါဟီရီ၏ တိုက်ခိုက်ရန် လှုံဆော်မှုများကို သူတို့သတိမပြုမိကြောင်းနှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုသည် အစွန်းရောက်အစ္စလာမ်ဟူသော အကြောင်းအရာနှင့် ဆက်နွှယ်ပုံမရကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။မြန်မာလုံခြုံရေးတပ်များက သူတို့သည် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး၌ ပြန်လည်အသက်သွင်းခဲ့ကြောင်း အထောက်အထားများ ရရှိထားသည် ဟုဆိုသည်။ သို့သော် ယင်းသည် ဘာသာရေးဆိုင်ရာ အစွန်းရောက်ဝါဒနှင့် စဉ်ဆက်မပြတ်ဆက်နွှယ်နေမှုမရှိကြောင်းနှင့် ကျွမ်းကျင်သူအများအပြားက RSO သည် အသက်ကင်းမဲ့နေသည်မှာ ကာလကြာခဲ့ပြီဖြစ်သည့်အဖွဲ့ဖြစ်သည်ဟု ယုံကြည်ကြကြောင်း အေအက်ဖ်ပီသတင်းဌာန၌ ဖော်ပြထားသည်။

ယခုထွက်ပေါ်လာသော သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက “အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားလုံခြုံရေးကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း သီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အစည်းတွေ ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့ မျှဝေနိုင်ဖို့အတွက် Early Warning System တစ်ခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်လျက်ရှိပါတယ်”ဟု The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

တရုတ်လူမျိုး ရှောက်စန်းပိုင် ကုမ္ပဏီတွင် ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏သမက် ပါဝင်ပတ်သက်မှု၊


ရွှေပြည်သာစက်မှုဇုန် အပိုင်း(၃) ဦးရွှေဘင်လမ်းရှိ Yangon Crown ၀ိုင်ယာကြိုးစက်ရုံအား တွေ့ရစဉ်
Eleven Media Group

Tomorrow ဂျာနယ်ပါ တရုတ်လူမျိုး ရှောက်စန်းပိုင် ကုမ္ပဏီတွင် ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏သမက် ပါဝင်ပတ်သက်မှု၊ ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာတစ်ဝိုက် ရှောက်စန်း၏ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီမှ မြေဧကထောင်ချီ ၀ယ်ယူထားမှု သတင်းများအပေါ် အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာ

Written by: နေထွန်းနိုင်၊ မာန်သူရှိန်

Tomorrow သတင်းဂျာနယ်ပါ တရုတ်လူမျိုး ရှောက်စန်းပိုင်ကုမ္ပဏီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ သမက်ဖြစ်သူ ဦးတာရာမြင့်ဆွေ ပါဝင်ပတ်သက်မှု၊ ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတစ်ဝိုက်၌ ရှောက်စန်းမှ မြေဧကထောင်ချီ ကြိုတင်ဝယ်ယူထားမှုများအပေါ် ဝန်ကြီးချုပ်ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း ဖော်ထုတ်ရှင်းလင်းရန် လိုအပ်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ထောက်ပြလာကြသည်။

စက်တင်ဘာ ၂ ရက်ထုတ် Tomorrow သတင်းဂျာနယ်တွင် “ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း နောက်ကွယ်က တရုတ်လူမျိုး ရှောက်စန်းအကြောင်း” ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးကို ဖော်ပြခဲ့သည်။

အဆိုပါ ဆောင်းပါးတွင်“ အေးရွာမြို့သစ်စီမံကိန်းကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းလိုက်သော မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်ရန် မူလကလက်သိပ်ထိုးစီစဉ်ခဲ့ကြသည်။ ထိုကုမ္ပဏီအပါအဝင် Yangon Crown ကုမ္ပဏီ၊ Crown Advance ကုမ္ပဏီတို့၏ ပိုင်ရှင်အစစ်ကိုလည်း ပြည်သူများ သိလိုလာကြသည်။ ထိုကုမ္ပဏီများတွင် နာမည်ထည့်မထားသော်လည်း အမှန်ပိုင်ဆိုင်သူနှစ်ဦးမှာ ရှောက်စန်းနှင့် ရှောင်စွတ်ဆိုသည့် တရုတ်ညီအစ်ကိုဖြစ်သည်” ဟု ဖော်ပြထားသည်။

ထို့ပြင် “ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သမက် ဩစတြေးလျနိုင်ငံသားခံယူထားသူ ဦးတာရာမြင့်ဆွေသည် ရှောက်စန်း၏ Yangon Crown ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးဖြစ်သည်” ဟုလည်း ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ၊ ရှောက်စန်းနှင့် ရှောင်စွတ် တရုတ်ညီအစ်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ ပတ်သက်ဆက်နွှယ်မှု ရှိ၊ မရှိဆိုသည်ကို ဩဂုတ် ၂၈ ရက်ထုတ် The Irrawaddy သတင်းဂျာနယ်၌လည်း ဖော်ပြထားသည်။

“ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ်စီမံကိန်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သော The Irrawaddy သတင်းဂျာနယ်သတင်း၌ “ဧရာဝတီက မေးမြန်းစုံစမ်းခဲ့တဲ့ စီးပွားရေးအသိုင်းအဝိုင်းနဲ့ လုပ်ငန်းရှင်တွေ က မြန်မာ့စေတနာကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်းဆိုတဲ့ ညီအစ်ကိုနှစ်ဦး ရှိနေတယ်လို့ ဆိုကြပါတယ်။ သူတို့ဟာ အရင်စစ်အစိုးရဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးလှသူတွေလည်းဖြစ်တဲ့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရှိစဉ်ကတည်းက ဆက်ဆံရေးပြေလည်မှုရှိကြောင်း စုံစမ်းသိရှိရပါတယ်” ဟု ဖော်ပြခဲ့သည်။

ထို့ပြင် “ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကတော့ ရှောက်ပန်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးတို့နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ယခုစီမံကိန်း လုပ်ပိုင်ခွင့်ရရှိအောင် ဦးမြင့်ဆွေက လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဦးမြင့်ဆွေ က ရန်ကုန်မြို့သစ်စီမံကိန်းအတွက် သမ္မတဦးသိန်းစိန်ထံသွားပြီး စည်းရုံးပြောဆိုဖျောင်းဖျခဲ့ရာမှ အခုစီမံကိန်းကို သမ္မတက မီးစိမ်းပြခဲ့တယ်လို့ပြောဆိုပါတယ်” ဟု The Irrawaddy သတင်းဂျာနယ် သတင်း၌ ဆက်လက် ဖော်ပြခဲ့သည်။

ဩဂုတ် ၂၉ ရက် ရက်စွဲဖြင့် ထုတ်ဝေခဲ့သော The Hot News သတင်းဂျာနယ်၌မူ “ရန်ကုန်မြို့သစ်စီမံကိန်း မြေသိမ်းဆည်းရန် စီမံကိန်းလျာထား မြေဧကသုံးသောင်းလား၊ သုံးသိန်းလား” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကိုဖော်ပြခဲ့ပြီး ထိုဆောင်းပါးတွင် “အခြားတိုင်းပြည်တစ်ခုမှ တစ်နှစ်နီးပါး ကြိုတင်သိရှိခဲ့သော မြေဧကသုံးသိန်း အကျယ်အဝန်းရှိ ရန်ကုန်မြို့သစ်စီမံကိန်းဆိုသည် မှာ ယခု ထုတ်ပြန်ကြေညာသော မြေဧက သုံးသောင်းစီမံကိန်းနှင့် တစ်ခုတည်းသော ဧကသုံးသိန်းစီမံကိန်းကြီးအတွင်းမှ ဆက်စပ်လျက်ရှိသည့် စီမံကိန်းဧရိယာအတွင်းရှိ ဧရိယာငယ်အစိတ်အပိုင်းတစ်ခုအား သတင်းထုတ်ပြန်ကြေညာခြင်း ဖြစ်နိုင်ခြေရှိကြောင်း သုံးသပ်မိသည်” ဟု ရေးသားခဲ့သည်။

The Irrawaddy သတင်းဂျာနယ်က ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်မြို့သစ်စီမံကိန်းနောက်ကွယ် အခြေအနေများအား သတင်းဖော်ပြပြီးနောက် စက်တင်ဘာ ၂ ရက်ထုတ် Tomorrow သတင်းဂျာနယ်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သမက်ဖြစ်ပြီး ဩစတြေးလျနိုင်ငံသား ခံယူထားကာ မကြာသေးမီအချိန်က မြန်မာနိုင်ငံသားအဖြစ် ပြောင်းလဲခံယူထားသူအဖြစ် သတင်းထွက်ပေါ်ခဲ့သူ ဦးတာရာမြင့်ဆွေသည် ရှောက်စန်း၏ ကုမ္ပဏီ၌ ဒါရိုက်တာတစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ၎င်း၏ သမက် ဦးတာရာမြင့်ဆွေ၊ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ၊ အမည်မခံသော်လည်း တရုတ်လူမျိုး ရှောက်စန်းပိုင်သည့် Yangon Crown Wire and Electric Cable Product Factory ကုမ္ပဏီ၊ Yangon Crown Wire and Electric Cable Trading ကုမ္ပဏီ၊ Crown Advanced Construction ကုမ္ပဏီ၊Crown Advanced Trading ကုမ္ပဏီတို့ ပတ်သက်ဆက်စပ်မှုရှိကြောင်းထောက်ပြနိုင်သည့် လုပ်ငန်းရှင်များ ရှိနေသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ခွင့်ပြုချက်ရရှိခဲ့သော မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီသည် ၂ဝ၁၃ ခုနှစ်အတွင်းက မှတ်ပုံတင်ရရှိခဲ့သော ကုမ္ပဏီဖြစ်သည်။ သို့သော် အဆိုပါကုမ္ပဏီ၏ ရုံးခန်းနှင့် လုပ်ငန်းလုပ်ကိုင်မှုများအား လက်ရှိအချိန်အထိ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးပေ။

ကုမ္ပဏီမှတ်ပုံတင်လျှောက်ထားစဉ်က ဖော်ပြခဲ့သော ကုမ္ပဏီရုံးခန်းလိပ်စာဖြစ်သည့် တိုက်အမှတ်(၂)၊ ဦးရွှေဘင်လမ်းနှင့် မြတ်ဧရာလမ်းသွယ်၊ ရွှေပြည်သာစက်မှုဇုန်အမှတ် (၃)၊ ရွှေပြည်သာမြို့နယ်သို့ The Daily Eleven က ဩဂုတ်နောက်ဆုံးပတ်က သွား ရောက်စုံစမ်းရှာဖွေခဲ့ရာ ကုမ္ပဏီရုံးခန်းမှာ ထိုလိပ်စာတွင် ကုမ္ပဏီဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်းမရှိသေးကြောင်း သိရသည်။ ထို့ ပြင် ရွှေပြည်သာစက်မှုဇုန်အမှတ် (၃) စီမံခန့်ခွဲမှုရုံးမှ တာဝန်ရှိသူကလည်း မြန်မာ့စေတနာ မြို့သစ်အများပိုင်ကုမ္ပဏီအမည်ဖြင့် ဖွင့်လှစ်ထားသည့် ကုမ္ပဏီရုံးခန်းမှာ ရွှေပြည်သာစက်မှုဇုန် (၃) ဧရိယာအတွင်း လုံးဝမရှိကြောင်းနှင့် ၎င်းတို့ဖော်ပြထားသော လိပ်စာအနီး၌ နေထိုင်ကြသူများကလည်း ထိုကုမ္ပဏီမှာ လုံးဝမရှိကြောင်း ပြောကြားကြသည်။

သို့သော် ထူးခြားချက်အနေဖြင့် မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီရုံးခန်း ရှိသည်ဟု ဖော်ပြခဲ့သော လိပ်စာအနီးတွင် တရုတ်လူမျိုးလုပ်ငန်းရှင် ရှောက်စန်းပိုင်ဆိုင်သော Yangon Crown Wire စက်ရုံဝန်ထမ်းအိမ်ရာ ရှိနေသည်။ ထို့ပြင် ဦးရွှေဘင်လမ်း အမှတ် (၆၆-၆၄) တွင် Yangon Crown Wire စက်ရုံ ရှိနေသည်။

Yangon Crown Wire စက်ရုံဝန်ထမ်းအိမ်ရာနေထိုင်ကြသူများ၏ အဆိုအရ Yangon Crown Wire စက်ရုံမှ အကြီးတန်းဝန်ထမ်းအချို့သည် ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းဟောင်းနေရာတွင် Crown Advanced Construction ကုမ္ပဏီက စီးပွားဖြစ်တည်ဆောက်နေသည့် စီမံကိန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ပေးနေရကြောင်း သိရသည်။

ထိုအချက်များအရ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ၊ တရုတ်လူမျိုးရှောက် စန်းပိုင် Yangon Crown Wire စက်ရုံနှင့် Crown Advanced ကုမ္ပဏီတို့မှာ တစ်ဦးတည်းပိုင်အဖြစ် ပတ်သက်ဆက်နွှယ်နေကြောင်း တွေ့ရှိရသည်။

တရုတ်လူမျိုး ရှောက်စန်းနှင့်ပတ်သက်သည့် ကုမ္ပဏီလေးခုတွင် ဒါရိုက်တာများအဖြစ် ဒေါ်လျိုကျင်မင့်၊ ဒေါ်နန်းမြဟန်၊ ဦးကျင်သိန်း၊ ဒေါ်အေးအေးခိုင်၊ ဒေါ်လှလှနွယ်၊ ဒေါ်လွေးလွေးအမည်များဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် ဒေါ်အေးအေးခိုင် ပါဝင်ကြောင်းသိရသည်။

Tomorrow ဂျာနယ်ပါဆောင်းပါး၌ (ရှောက်စန်း၏) “ညီဖြစ်သူ ရှောင်စွတ်သည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာဘွဲ့ရထားသူဖြစ် ပြီး မြန်မာစကားကို ကောင်းစွာမပြောတတ်ပေ။ ရှောက်စန်းသည် လွန်ခဲ့သည့် ၁၅ နှစ်က ယူနန်ပြည်နယ်မှ ဝင်ရောက်လာသည့် တရုတ်လူမျိုးဖြစ်ပြီး သူ၏ဇနီးမှာ ယူနန်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦး၏ သမီးဖြစ်ပြီး ကူမင်းမြို့တွင် နေထိုင်သည်။ ရှောက်စန်းသည် တရုတ်နယ်စပ်မှ ဝိုင်ယာကြိုးများကို ပြည်တွင်းသို့ တရားမဝင်ခိုးသွင်းရင်း ယခင်ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝက ရင်းနှီးခဲ့သည်။ ဗိုလ်ချုပ်ခင်မောင်မြင့်၏ အကူအညီဖြင့်ပင် ဆောက်လုပ်ရေးလောကထဲသို့ ရောက်လာခဲ့သည်”ဟုဖော်ပြထားသည်။

ထိုသို့ဖော်ပြထားသည့်အတွက် လက်ရှိ ရှောက်စန်းမှာ နိုင်ငံခြားသားအနေဖြင့် နေထိုင်လုပ်ကိုင်နေခြင်းလား၊ သို့တည်းမဟုတ် မည်သည့်နိုင်ငံသားကတ်အမျိုးအစားကို ကိုင်ဆောင်ထားသည်ဆိုခြင်းတို့ကို တိကျစွာစိစစ်ချပြရန် လိုအပ်လာပြီဟု လုပ်ငန်းရှင်များက ဝေဖန်ခဲ့သည်။

ထို့ပြင် Tomorrow ဂျာနယ်၌ပင် “ ရှောက်စန်းသည် သူ၏ကုမ္ပဏီများတွင် သူ၏လူယုံ မြန်မာလူမျိုးများအမည်ကိုသာ ထည့်သွင်းလေ့ရှိသည်”ဟုလည်းကောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍လည်း “ယခု မီဒီယာများနှင့် အများပြည်သူကန့်ကွက်မှ တင်ဒါခေါ်မည်ဟု ကြေညာခဲ့သော်လည်း အေးရွာတွင် လယ်မြေဧက ထောင်ချီဝယ်ယူပြီးဖြစ်သော ရှောက်စန်းမှလွဲပြီး အခြားမည်သူမှ တင်ဒါအောင်မြင်လိမ့်မည် မဟုတ်။ ထိုအချိန်တွင် ရှောက်စန်း မျက်လှည့်ပြထားမည့် ကုမ္ပဏီတစ်ခုက မည်သို့မည်ပုံ ရယူသွားမည်ကို စောင့်ကြည့်ရပေဦးမည်ဖြစ်သည်”ဟုလည်းကောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်များအရ အမည်မခံထားသော်လည်း တရုတ်လူမျိုး ရှောက်စန်းသည် နိုင်ငံခြားသားဖြစ်နေပြီး မြန်မာနိုင်ငံသို့ လာရောက်လုပ်ငန်းလုပ်ကိုင်နေသည်ဆိုပါက ယခုကဲ့သို့မြန်မာနိုင်ငံသားနာမည်ခံခိုင်းပြီး စီမံကိန်းများတွင် မြှုပ်နှံခွင့်ရှိ၊ မရှိ၊ အကယ်၍ နိုင်ငံသားကတ်အမျိုးအစားတစ်ခုခုကို ကိုင်ဆောင်ထားသည်ဆိုပါကလည်း အဆိုပါကတ်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ထုတ်ပေးထားခဲ့ခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို စိစစ်ချပြသင့်ကြောင်း ပြောကြားမှုများ ရှိနေသည်။

အမည်မခံထားသော်လည်း တရုတ်လူမျိုး ရှောက်စန်း ပိုင်ဆိုင်နေသည့်ကုမ္ပဏီများသည် ဥပမာအားဖြင့် ဟံသာဝတီစီမံကိန်းကို ကျပ်ဘီလျံ ၁ဝဝ ဝန်းကျင်၊ ရန်ကုန်မြို့သစ်စီမံကိန်းကို ကျပ်ဘီလျံ ၁၅ဝဝဝ ဖြင့် မြှုပ်နှံနိုင်သည်အထိ အင်အားကြီးမားသော ငွေပမာဏများ ပိုင်ဆိုင်လုပ်ကိုင်နေသည်ဟု ဆိုနိုင်သည်။ ထိုသို့ဆိုလျှင် နိုင်ငံခြားသားတစ်ဦးအနေဖြင့် အဆိုပါငွေကြေးများ မည်သို့ရလာသည်၊ မည်သည့်ငွေများဖြင့် မြှုပ်နှံနေသည်ကို အခွန်ထမ်းဆောင်၍ တရားဝင်မြှုပ်နှံနေသော နိုင်ငံသားလုပ်ငန်းရှင်များကိုယ်စား စုံစမ်းဖော်ထုတ်ရန် လိုအပ်မည် ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် မြေယာစီမံခန့်ခွဲမှု၊ စီမံကိန်းများခွင့် ပြုပေးနိုင်မှုတွင် အခရာကျသော တိုင်းဒေသကြီးဝန်ကြီးချုပ်တာဝန်ကို လက်ရှိထမ်းဆောင်နေသူဖြစ်ပြီး မြို့သစ်စီမံကိန်း ခွင့်ပြုမိန့်ချထားပေးမှုတွင် ရှင်းလင်းမှုရှိစေရန်အတွက် တရုတ်လူမျိုးရှောက်စန်း နှင့်ပတ်သက်ဆက်နွှယ်ခြင်း ရှိ၊ မရှိ၊ ရှောက်စန်းပိုင်ကုမ္ပဏီတွင် ၎င်း၏ သမက် ဦးတာရာမြင့်ဆွေ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိ အစရှိသည်တို့ကို ဝန်ကြီးချုပ်ကိုယ်တိုင် ထုတ်ဖော်ရှင်းလင်းရန် လိုအပ်လာသည်။ အကယ်၍ ထိုကိစ္စရပ်များတွင် ဦးတာရာမြင့်ဆွေ ပါဝင်ပတ်သက်နေသည်ဆိုပါက ယင်းကိစ္စနှင့် ဆက်နွှယ်၍ စုံစမ်းဖော်ထုတ်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၌လည်း တာဝန်ရှိနေမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရန်ကုန်မြို့သစ်စီမံကိန်း၊ ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ တရုတ်လူမျိုး ရှောက်စန်းပိုင်ကုမ္ပဏီများ၊ ဝန်ကြီးချုပ်၏သမက် ဦးတာရာမြင့်ဆွေတို့၏ သတင်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းအကြား ပျံ့လွင့်နေပြီး မည်သည့်အတိုင်းအတာအထိ ပတ်သက်မှုရှိသည်ကို မပြောနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ ပတ်သက်မှုရှိနေသည်ဟု ၎င်းတို့က ပြောဆိုကြသည်။

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ပုဂ္ဂလိကသတင်းစာ၊ သတင်းဂျာနယ်အသီးသီးတွင် ဖော်ပြခဲ့သော သတင်းများ အရ အဆိုပါစီမံကိန်းသည် ကြိုတင်အကွက်ချစီစဉ်ပြီး လျှို့ဝှက်စွာအကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အကျိုးအမြတ်ကို လက်ဦးမှုရယူနိုင်စေရန်အတွက် လူတစ်စုသို့ သတင်းကြိုပေးလုပ်ကိုင်စေခဲ့သည့် စီမံကိန်းဖြစ်ကြောင်းဖော်ညွှန်းနေသည့်အချက်များကို တွေ့ရှိခဲ့ရသည်။

ထို့သို့ဆိုလျှင် ၂ဝ၁၄ ခုနှစ် မတ် ၁၄ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဌာန်းလိုက်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ငြိစွန်းလျက်ရှိနေသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၃)၊ ပုဒ်မ (၅) ၌ အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသောငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချမှု ပြုလုပ်ခြင်းသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဟု ပြဌာန်းထားပြီး ပုဒ်မ(၅) (ဇ) တွင် “သတင်းအချက်အလက်ကို ဦးစွာသိရှိနိုင်သူက မိမိသိရှိသည့် သတင်းအချက်အလက်ကို အသုံးပြု၍ မိမိကိုယ်တိုင်ဖြစ်စေ၊ ယင်းသတင်းအချက်အလက်ကို သူတစ်ပါးအား ပေးအပ်၍ဖြစ်စေ တရားမဝင်အကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ထိန်းချုပ်ရန်ပြုလုပ်ခြင်းဆိုင်ရာပြစ်မှုများ”ဟု ပြဌာန်းထားသည်။

လက်ရှိတွင်လည်း အဆိုပါစီမံကိန်းဧရိယာတစ်ဝိုက်တွင် သတင်းမထုတ်ပြန်မီအချိန်ကပင် တရုတ်လူမျိုး ရှောက်စန်းပိုင်ကုမ္ပဏီက ဧကထောင်ချီ ဝယ်ယူထားကြောင်း၊ ယင်းအပြင် အချို့သတင်းကြိုရသူ လုပ်ငန်းရှင် အနည်းငယ်ကလည်း လွန်ခဲ့သည့်နှစ်လ ခန့်ကပင် ငွေထုပ်ပိုက်၍ မြေဧကအများအပြား ဝယ်ယူထားကြောင်း သိရသည်။

ထို့အတွက်ကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာတစ်ဝိုက်တွင် သတင်းကြိုတင်ရရှိ၍ အကျိုးအမြတ်အလို့ငှာ ကြိုတင်ဝယ်ယူထားသူအားလုံးသည် ငွေကြေးခဝါချမှုတိုက်ဖျက်ဥပဒေအရ ငြိစွန်းနေပြီဖြစ်သည့်အတွက် ထိုသူအားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ စုံစမ်းစစ်ဆေးရန် လိုအပ်နေသည်။

ကြိုတင်သတင်းရ၍ ဝယ်ယူထားသူများထဲတွင် ယခင်အစိုးရ၊ လက်ရှိအစိုးရတို့မှ တာဝန်ရှိသူများနှင့် ဆက်နွှယ်ပတ်သက်သူများ ပါဝင်နေပါကလည်း ထိုသူများသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အပြစ်ပေးအရေးယူခံရမည်ဖြစ်ပြီး ယင်းကဲ့သို့ အရေးယူဖော်ထုတ်ရန် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့တွင် တိုက်ရိုက်တာဝန်ရှိနေသည်။

မအားလို့ခိုင်းတာ