Saturday, September 6, 2014

ဒီနေ့မှာသူတို့လက်ထပ်ခဲ့သည်

တရုတ်အဆောင် မီးရှို့မူဖြင့် မြန်မာအလုပ်သမား (၁၇) ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ



ရခိုင်ပြည်နယ် အမ်းမြို့နယ် တောင်စောက် တရုတ်ရေနံတွန်းအားပေး စက်ရုံရှိ တရုတ် အလုပ်
သမား အဆောင် မီးရှို့မူနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသူ မြန်မာ အလုပ်သမား ချင်းလူမျိုး (၁၇)
ဦးကို အမ်းမြို့နယ်တရားရုံးက နှစ်ရှည် ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။

စက်တင်ဘာလ (၅) ရက်နေ့ နောက်ဆုံး ရုံးချိန်းတွင် အမ်းမြို့နယ် တရားရုံးက ဦးဆောင်ပါဝင်သူ သုံးဦးကို ထောင် ၁၀ နှစ်၊ ကျန် ၁၄ ဦးကို ထောင် ၆ နှစ်စီ အသီးသီး စီရင်ချက်ချလိုက်ကြောင်း မြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ သူတို့ထဲက ဓာတ်ဆီယူလာသူ၊ မီးခြစ်ပေးသူ၊ မီးရှို့သူ သုံးဦးကို ထောင် (၁၀) နှစ်စီ တရားရုံးက အပြစ်ပေးလိုက်တယ်။ ကျန် ၁၄ ဦးကိုတော့ ၆ နှစ်စီချလိုက်တယ်။ အမ်းမြို့နယ် တရားရုံးက ခုလို သူတို့ကို ထောင်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်” ဟု သူက ဆိုသည်။

သူတို့အား ထောင်ချလိုက်သော ပုဒ်မမများမှာ မီးရှို့မူ ပုဒ်မ ၄၃၆၊ ပိုင်နက်ကျူးလွန်မူ ပုဒ်မ ၄၅၂ နှင့် အကျိုးဖျက်ဆီးမူ ပုဒ်မ ၄၂၇ တို့ဖြစ်ကြောင်း၊ ထိုအထဲမှ မင်းကို၊ မောင်ဇော်နဲ့ ငမဲတို့မှာ ဦးဆောင်သူများဖြစ်၍ ထောင် (၁၀) နှစ်စီ ချမှတ်လိုက်ကြောင်း၊ ကျန် ၁၄ ဦးကို (၆) နှစ်စီ ချလိုက်ကြောင်း အဆိုပါ ရဲတာဝန်ရှိသူက ဆိုသည်။

“ ဖြစ်တာက တရုတ်အလုပ်သမားတွေက သူတို့ကို အနိုင်ခံတယ်။ နောက်တစ်ချက်က လစာနည်းတယ်ဆိုပြီး မြန်မာ အလုပ်သမားတွေက မကျေနပ် ဖြစ်ရာကနေ အဆောင်တွေကို ဖျက်ဆီး၊ မီးရှို့မူတွေ လုပ်ခဲ့အတွက် အမ်းမြို့နယ် တရားရုံးက ခုလို ထောင်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်” ရဲတာဝန်ရှိသူက ဆိုသည်။

ယခု တရားစီရင်မူမှာ ဥပဒေကြောင်းရ မျှတမူ မရှိသဖြင့် ကျောက်ဖြူခရိုင် တရားရုံးတွင် အယူခံဝင်သွားမည်ဟု သူတို့အမူကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ (၄) ဦးထဲမှ တစ်ဦးဖြစ်သူ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

“ ဥပဒေကြောင်းအရရော၊ တခြားအကြောင်းအခြင်းအရာတွေအရရော ခုလို စီရင်ချက်ချလိုက်တာဟာ မျှတမူ မရှိဘူးလို့ ယုံကြည်တဲ့ အတွက် ကျောက်ဖြူခရိုင် တရားရုံးမှာ ဆက်လက် အယူခံ ၀င်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့က အမ်းမြို့နယ် တောင်စောက် ရေနံတွန်းအားပေး စက်ရုံတွင် အဆောင် အပေါ်ထပ်တွင် နေထိုင်သူ တရုတ်အလုပ်သမားများက အောက်ထပ်တွင် နေထိုင်သူ မြန်မာအလုပ်သမားများ အပေါ်သို့ ရေဖြင့် လောင်းချရာမှ အချင်းများခဲ့ကြပြီး ကျေနပ်မူ မရှိသော မြန်မာ အလုပ်သမားများက တရုတ်အလုပ်သမားများနေထိုင်သော အဆောင် တစ်ဆောင်အား မီးရှို့ ဖျက်ဆီးခံခဲ့ကြသည်။

ယင်းအမူနှင့် ဆက်စပ်ပြီး မြန်မာ အလုပ်သမား ၁၇ ဦးကို ရဲက ဖမ်းဆီးခဲ့ပြီး တရားစွဲတင်ကာ အမ်းမြို့နယ်တရားရုံးက (၈) လအကြာ အမူကို ကြာနာ စစ်ဆေးခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် အမ်းမြို့နယ် တရားရုံးက မြန်မာ အလုပ်သမားများကို ပြစ်မူ ထင်ရှားသည်ဟု ဆိုကာ ထောင် (၆) နှစ်ကနေ (၁၀) နှစ်ထိ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။

နိရဉ္စရာသတင်းဌာန

အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း


----

မြန်မာနိုင်ငံအပေါ် စေတနာထားကြတဲ့ မိတ်ဆွေနိုင်ငံတွေဟာ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကောင်းမြင်လွန်းနေကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

-------------------------------------------

စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မိဆာကာဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ “မြန်မာနိုင်ငံ အသွင်ကူပြောင်းရေးကာလ၏ စိန်ခေါ်မူများ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“အသွင်ကူးပြောင်းရေးကာလဆိုရင် ကျမတို့အပေါ်မှာ စေတနာထားတဲ့ မိတ်ဆွေနိုင်ငံတွေဟာ သိပ်ပြီးအကောင်းဘက်က မြင်ချင်ကြပါတယ်။
ဒါကြောင့် ကျမက စိန်ခေါ်လိုက်တယ်ဆိုတာ အဖြစ်ကို အဖြစ်အတိုင်းမြင်ပြီး အခြေအနေတွေကို တကယ်ကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားကြပါဆိုတာ ဒီလိုစိန်ခေါ်မှုကို ပြောချင်ပါတယ်။

ဒါပေမယ့် ဒီဟာက ကျမတို့ တဦးချင်း တဦးချင်းအတွက် စိန်ခေါ်မှုပါ။
ကျမတို့ မိတ်ဆွေနိုင်ငံအတွက် မဟုတ်ဘူး။ ကျမတို့ နိုင်ငံအတွက်၊ ကျမတို့နိုင်ငံအတွက်ဆိုတာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အတွက်၊ ကျမတို့ ပြည်သူပြည်သားတွေဆိုတာ တဦးချင်း တဦးချင်းအတွက်ပဲ။”

တရားဥပဒေစိုးမိုးမှု မရှိဘဲ ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ဘူးလို့လည်း ပြောသွားပါတယ်။
“တရားဥပဒေ စိုးမိုးရေးရှိဖို့က အဓိက ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ကနေပြီးတော့ ကျမတို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက် နံပတ် ၁ လိုအပ်ချက်က တရားဥပဒေစိုးမိုးရေးပါ။ နံပတ် ၂ ပြည်တွင်းငြိမ်းချမ်းရေးဆိုတော့ တချို့က ဒါကို ကန့်ကွက်ကြတယ်။
အထူးသဖြင့် တိုင်းရင်းသားတွေပါ။
ဘာဖြစ်လို့ နံပတ် ၂ က ပြည်တွင်းငြိမ်းချမ်းရေးလဲ၊ နံပတ် ၁ က ပြည်တွင်းငြိမ်းချမ်းရေး မဟုတ်ဘူးလားဆိုတော့ ဒါလည်း ကျမ လက်တွေ့ကျကျကြည့်တာပါ။ တကယ်ပြည်တွင်းငြိမ်းချမ်းရေးဟာ ရေရှည်ခံဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု မရှိပဲနဲ့ မရပါဘူး။
ဘယ်လိုပဲ သဘောတူညီချက်တွေ ယူယူ၊ ဘယ်လိုပဲ သဘောတူညီချက်တွေ လက်မှတ်ထိုးထိုး၊ ဘယ်လိုပဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးထိုး တကယ်တော့ တရားဥပဒေ စိုးမိုးရေး မရှိရင် ဒီသဘောတူညီချက်တွေဟာ ဘယ်လောက်အထိ တည်မြဲမှာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ။ ”

ပြည်သူတွေ တဦးချင်းအနေနဲ့ အသွင်ကူးပြောင်းဖို့ လိုတယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုသွားပါတယ်။
“အသွင်ကူးပြောင်းရေးမှာ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ ပြည်သူတွေဟာ မိမိတို့ တဦးချင်း တဦးချင်းဟာ ကိုယ့်ဘာသာကိုယ် အသွင်ကူးပြောင်းဖို့ စိတ်ဓာတ်ဖြစ်လာအောင်လို့ ကျမတို့ ပညာပေးတယ်ပဲဖြစ်ဖြစ် စည်းရုံးတယ်ပဲဖြစ်ဖြစ် ဆော်သြတယ်ပဲဖြစ်ဖြစ် အဲဒါလုပ်ဖို့ လိုမယ်ဆိုတာကို ကျမတို့ လက်ခံခဲ့တယ်။
ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲ လုပ်လုပ် ကျမတို့ ပြည်သူကို ချပြတယ်။
အာဏာရှင်စနစ်အောက်မှာ အကြာကြီးနေခဲ့တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ အာဏာရှင်အနေနဲ့ အကြာကြီး အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်များဟာ ပြည်သူတွေကို အထင်သေးတတ်ပါတယ်။
ပြည်သူတွေက နားမလည်လို့ ပြည်သူတွေဟာ ပြားပြားဝပ်နေတဲ့ စိတ်ဓာတ် ရှိလို့ နင်းပြားဟာ နင်းပြားပဲဆိုတဲ့ စိတ်ဓာတ်မျိုးရှိလို့ အာဏာရှင် အစိုးရများဟာ တက်လာနိုင်တာ အကြာကြီး အုပ်ချုပ်နိုင်တာ၊ ဒါကြောင့်မို့လို့ ပြည်သူတွေထဲမှာ အင်အား မရှိဘူးဆိုတဲ့ အဲဒီအမြင်တွေ ရှိတတ်ပါတယ်။

ကျမက ဒီဟာကို တုံ့ပြန်တဲ့နေရာမှာဆိုရင် ချက်နိုင်ငံက ကျမတို့အများကြီးလေးစားခဲ့တဲ့ ဗာစကာ ဟာဗယ်လ် Václav Havel ပြောခဲ့ဖူးတဲ့ The Power of the Powerless “အာဏာမရှိတဲ့ သူများရဲ့ အင်အား”ပေါ့။
အဲဒီလိုမျိုး ခဏခဏ သုံးခဲ့ပါတယ်။
ဒီအင်အားဟာ ရှိတယ်လို့ ကျမတို့ ယုံကြည်ခဲ့ပါတယ်။”

ဒါတွေကတော့ ရန်ကုန်က အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက တချို့ကို ကောက်နုတ် တင်ဆက်ပေးခဲ့တာပါ။

အလုပ်ရုံ ဆွေးနွေးပွဲကို ဗေဒါအင်စတီကျုနှင့် ဂျာမနီနိုင်ငံအခြေစိုက် ပညာရေးအထူးပြု အဖွဲ့အစည်း တခုဖြစ်သည့် Konrad-Adennuer-Stiftung တို့ ပူးပေါင်း ကျင်းပနေတာဖြစ်ပြီး စက်တင်ဘာ ၅ နဲ့ ၆ ၂ရက် ပြုလုပ်မယ်လို့ သိရပါတယ်။

DVB

BAYDA Institute သတင်းထုတ်ပြန်ချက် ( ၆၊ ၉ ၊ ၂၀၁၄ )

------------------------------------------------------------------
၅-၉-၂၀၁၄ နှင့် ၆-၉-၂-၁၄ရက်နေ့တွင် ရန်ကုန်မြို့၊ MiCasa Hotal တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီ (၁၁)ပါတီ၊ စုစုပေါင်း ၊နိုင်ငံရေးပါတီ (၁၂) ပါတီတို့တက်ရောက်ဆွေးနွေးသော
“ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလနှင့် စိန်ခေါ်မှုများ”
အလုပ်ရုံဆွေးနွေးပွဲကို ဗေဒါအင်စတီကျုမှ တာဝန်ခံကျင်းပပြုလုပ်ခဲ့ပြီး၊ ခေါင်းစဉ်သုံးခုဖြင့် ဆွေးနွေးခဲ့ကြ သည်။
၁။ ပြည်ထောင်စုဥပဒေပြုစာရင်း၊ ပြည်နယ်ဥပဒေပြုစာရင်းနှင့် စိန်ခေါ်မှုများ၊
၂။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စိန်ခေါ်မှုများ၊
၃။ ၂၀၁၅ ရွေးကောက်ပွဲနှင့် စိန်ခေါ်မှုများ၊
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ အောက်ပါအတိုင်း သဘောတူမှတ်ချက်ပြုခဲ့ ကြသည်။
၁။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည့် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဥပဒေပြု အာဏာခွဲဝေသည့် ဇယားကို ပြင်ဆင်းခြင်းသည် လုပ်နည်းလုပ်ဟန်ကိစ္စသာဖြစ်ပြီး၊ ပြည်ထောင်စုဆိုင်ရာ၊ တိုင်းရင်းသားဆိုင်ရာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းခြင်းမဟုတ်သောကြောင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။နိုင်ငံရေးပြဿနားများ၊ တိုင်းရင်းသားပြဿနာများ ဖြေရှင်းနိုင်ရန် နိုင်ငံရေးဆန်သော တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာကာ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြိးပြုလုပ်ပြီး ပြည်ထောင်စုကို ပြည်ထောင်စု ယူနစ်ဘယ်နှစ်ခုဖြင့် တည်ဆောက်မည်ဟု ဦးစွာဆုံးဖြတ်ကာ ပြည်ထောင်စုနှင့် ပြည်နယ်ကြား အာဏာခွဲဝေမှု ကို ဆုံးဖြတ်ရမည်။ ထို့နောက်မှသာ ထိုဆုံးဖြတ်ထားသောအာဏာခွဲဝေမှုအပေါ်မူတည်၍ ပြည်ထောင်စုဥပဒေ ပြုစာရင်း၊ ပြည်ထောင်စုယူနစ်ဥပဒေပြုစာရင်း၊ ထပ်တူကျဥပဒေပြုစာရင်းကို ပညာရှင်များမှ ပြုစုသင့်သည်။
၂။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည် အစိုးရမှ တစ်ဖက်သတ်ပြုလုပ်နေသောကြောင့် ငြိမ်းချမ်းရေးမအောင်မြင် နိုင်ပါ။ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုဌာန ( Myanmar Peace Centre - MPC ) သည် အစိုးရ လက်အောက်ခံအဖွဲ့အစည်းဖြစ်သောကြောင့် အဆိုပါဗဟိုဌာနမှ ငြိမ်းချမ်းရေးအကျိုးဆောင်များသည် သမ္မတ နှင့် အစိုးရ၏ အကျိုးဆောင်များဖြစ်ကြသည်။ ထို့ကြောင့် စစ်မှန်သောငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဘက်မလိုက် သော ကြားနေအဖွဲ့ သို့မဟုတ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် လူပုဂ္ဂိုလ်ကို ကြားနေအဖွဲ့အဖြစ်ထားရှိသင့် ပါသည်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည် အစိုးရ၏ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်သည်ဟု မြင်ကြသည်။

၃။ ရွေးကောက်ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းသင့်သည်။ ရွေးကောက်ပွဲကောင်မရှင်ဥပဒေနှင့် နည်းဥပဒေကို ပြင်ဆင့်သင့် သည်။ ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စု ဖွံ့ဖြိုးရေးနှင့် ကြံခိုင်ရေးပါတီ ကို ဘက်လိုက်နေသည်။ တရားမျှတမှုမရှိ။
- ကြားဖြတ်ရွေးကောက်ပွဲသော်လည်းကောင်း၊ အထွေထွေရွေးကောက်ပွဲသော်လည်းကောင်း၊ မဲဆန္ဒနယ် သုံးနယ်အနည်းဆုံးပါဝင်ယှဉ်ပြိုင်မှု မရှိသော နိုင်ငံရေးပါတီများ ဖျက်သိမ်းခံရမည်။ ဤအချက်ကို ပြင် ဆင်သင့်သည်။
- ပါတီတွေစုပြီး မမျှတသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ နှင့် နည်းဥပဒေများကို ပြင်ဆင်ရန်ဝိုင်း ၀န်းတောင်ဆိုသင့်သည်။
- ပီအာစနစ်ကို တက်ရောက်လာသည့် ပါတီတိုင်းက လုံးဝ လက်မခံပါ။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပါတီများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ကယန်းအမျိုးသားဒီမိုကရက်တစ်ပါတီ
၂။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
၃။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
၎။ ရခိုင်အမျိုးသားပါတီ
၅။ “၀” အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီ
၆။ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ကရက်
၇။ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးရေးပါတီ
၈။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
၉။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်
၁၀။ မွန်အမျိုးသားပါတီ
၁၁။ ကရင်ပြည်သူ့ပါတီ
၁၂။ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်

သတင်းထုတ်ပြန်ရေးဌာန (BAYDA Institute) ဖုန်း - ၀၉ ၃၁၀၅၈၇၄၇

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ကိုယ်ရေးအရာရှိကို ဘယ်သူသတ်တာလဲ


Tomorrow သတင်းဂျာနယ်ရဲ.မျက်နှာဖုံးဆောင်းပါး

လွန်ခဲ့သော ကိုးနှစ်ကျော်ကာလ၊ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၁ရက် ည ၁၁ နာရီ ဖြစ်သည်၊
ရှစ်မိုင် စစ်ရုံးသစ်ကြီး၏ အဆောင်( ၁ )အပေါ်ဆုံးထပ်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ကပ်ရက် အခန်းထဲမှ ဒိုင်းကနဲပေါ်ထွက်
လာတဲ့ သေနတ်သံကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ အဆောင် ( ၁ ) တစ်ခုလုံး
တွင် အလုပ်လုပ်နေသော အရာရှိစစ်သည်များ တုန်လှုပ်သွားသည်၊ အကြောင်းကလည်း
ရှိသည်၊ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့တစ်ခုလုံးကို ဖြိုခွင်းထားသည်မှာ မကြာသေး
သဖြင့် မကျေနပ်သူတစ်ဥိီးဦးက တပ်ချုပ်ကိုဖြစ်စေ ဒုတပ်ချုပ်ကိုဖြစ်စေ လုပ်ကြံလိုက်လေ
သလောဟု အချင်းချင်းတီတိုးပြောနေကြသည်။

သေနတ်သံကြားပြီးသည်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို သူ့ကိုယ်ရေးအရာရှိ
ရုံးခန်းတွင် တွေ့လိုက်ကြရသည်၊ မြင်လိုက်ရသည်က ကိုယ်ရေးအရာရှိသည် အဆောင်
အယောင်သေနတ်ဖြစ်သော Colt ခြောက်လုံးပြူးသေနတ်ကို ပါးစပ်တွင်ငုံပြီး မောင်းခ
လုတ်ဆွဲကာ သူ့ကိုယ်သူသတ်သေသွားသည့် မြင်ကွင်းပင်ဖြစ်သည်၊ ဗိုလ်ချုပ်ကြီး
မောင်အေးသည် သူ့တပည့် အလောင်းအနီးကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်လိုက်
ရင်း`` ဘာကြောင့် မင်းဒီလိုလုပ်လိုက်ရတာလဲ၊ဒီလိုလုပ်စရာလိုလို့လားကွာ၊ မင်းနဲ့ငါ
တွဲလာတာ ၁၇ နှစ် ရှိပါပြီ ´´ဆိုသည့် စကားများကို ရေရွတ်နေသည်ကို ရောက်လာသည့်
သူများ ကြားလိုက်ရသည်။

အဆောင် ( ၁ ) တွင်ပင် အခန်းချင်း မလှမ်းမကမ်းရှိသော တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသည် ကွမ်းစားရင်းတီဗီအကြည့်မပျက်သည်ကတော့ သွေးလေး
လွန်းသည်ခေါ်ရမည်လော၊ ထူးဆန်းသည်ဟု ခေါ်ရမည်လော မည်သူမှမသိနိုင်။

ဇာတ်လမ်းအစမှာ တပ်မတော်ထောက်လှမ်းရေးများကို ဖြိုခွင်းပြီးနောက် ယခုရန်ကုန်
ဟော်တယ်တည်ရှိရာ ရှစ်မိုင်ရှိ ထောက်လှမ်းရေးရုံးမှ လူကြီးများနှင့် ပတ်သတ်သည့်
ဖိုင်တွဲများကို ရှာဖွေပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပို့ရသည်၊ ဤကိစ္စသည် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေသည်၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်
အချို့ကို အာဏာအလွဲသုံးစားလုပ်ခြင်း၊ စီးပွားရေးသောင်းကျန်းခြင်းဟုဆိုကာ ဖမ်းဆီး
ထောင်ချခဲ့သည်အတွက် ကျန်သည့်သူများရော မည်မျှကင်းရှင်းနေလို့လဲဟုဆိုကာ သူ၏
တပည့်များကို အမှုတွဲများ ပြင်ဆင်ခိုင်းထားသောကြောင့်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ရောက်လာသော ဖိုင်တွဲများထဲမှ သူ့မိသားစုနှင့်ပတ်သတ်
သော ဖိုင်တွဲများမှာ မည်သူမှဖတ်ခွင့်မရလိုက်ပဲ အစဖျောက်လိုက်သော်လည်း
ကျန်သည့်တပ်မတော်လူကြီးများ၏ ဖိုင်တွဲများကိုမူ သူဖတ်ရှု့ပြီးသည်နှင့် သက်ဆိုင်ရာ
လူကြီးများထံ ပေးပို့ခိုင်းသည်၊ ဖိုင်တွဲတစ်ခုသည်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး
မောင်အေး လက်ဝယ်ရောက်လာသည်၊ ထိုဖိုင်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး
နှင့် ပတ်သတ်သည့်အတွင်းသတင်းများကို ဖော်ပြထားပြီး ထိုသတင်းများကို ကိုယ်ရေး
အရာရှိ၏ ဇနီးထံမှ ထောက်လှမ်းရေးက ရရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကိုယ်ရေးအရာရှိဖြစ်သူ ဒုဗိုလ်မှူးကြီးက ကုန်သွယ်ရေးမူဝါဒကောင်စီ၏
ဆုံးဖြတ်ချက်များကို အစည်းအဝေး ပြီးလျှင်ပြီးချင်း တရုတ်ကုန်သည်များထံ အကြောင်း
ကြားခြင်း၊ နှစ်ပတ်တစ်ခါ ပြောင်းလဲသွားသည့် မူဝါဒကို ကြိုတင်သိခွင့်ရှိသော တရုတ်
ကုန်သည်များက စီးပွားရေးအရ အကျိုးအမြတ်များစွာရရှိခြင်းမှသည် ထိုစဉ်က တရား
မဝင်လုပ်ငန်းဖြစ်သော ဒေါ်လာအရောင်းအဝယ်လုပ်ငန်းကြီးတစ်ခုလုံးကို သူ၏ကိုယ်ရေး
အရာရှိမှ ဦးဆောင်နေခြင်း၊တရားမဝင် ဒေါ်လာရောင်းဝယ်ရေးဈေးကွက်တွင် နေ့စဉ်
ပေါက်ဈေးသတ်မှတ်ပေးသူမှာ သူ၏ ကိုယ်ရေးအရာရှိဖြစ်နေကြောင်း ဖတ်လိုက်ရသည်။

ထိုအချိန်ရောက်မှ ဗိုလ်ချုပ်မှူးကြီးက သူ့အား ကုန်သွယ်ရေးမူဝါဒကောင်စီဥက္ကဌရာထူးက
 ဖယ်ရှားလိုက်သည့် အကြောင်းအရင်းကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတစ်ယောက်
 သိလိုက်ရသည်။

ဖိုင်တွဲကို ဖတ်ရှု့ပြီး အလွန်စိတ်ဆိုးသွားသောကြောင့် သူ၏ ကိုယ်ရေးအရာရှိဖြစ်သူ
ဒုဗိုလ်မှူးကြီးကိုခေါ်ကာ`` ရော့ ... ဒီဖိုင်က မင်းနဲ့ပတ်သတ်နေတယ်၊ မင်းဟာ
မင်းဖတ်ပြီး ဆုံးဖြတ် ´´ဟု ပြောလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး၏ တွက်ကိန်းမှာ ဒုတပ်ချုပ်က သူ့တပည့်ကို ကာကွယ်လျှင် တစ်ခါတည်း
ရောပြီး အနားပေးရန်ဖြစ်သည်၊ တပ်ချုပ်သည် ဗိုလ်ချုပ်ခင်ညွှန့် အကူအညီဖြင့် ဗိုလ်ချုပ်
မှူးကြီးစောမောင်ကို အာဏာသိမ်းခဲ့သလို သူ့ကိုတပ်ချုပ်ခန့်ရန် အမိန့်ပေးခဲ့သော
 ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း နေအိမ်အကျယ်ချုပ်ဘဝဖြင့် ဘဝဇာတ်သိမ်းစေခဲ့သည်၊
 ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် ထောက်လှမ်းရေးတစ်ဖွဲ့လုံကို ဖြိုခွဲလိုက်ချိန်တွင် သူ့အတွက်
ကြောက်စရာဟူ၍ တပ်မတော်ကို လက်ထဲတွင်ကိုင်ထားသော ဒုတပ်ချုပ်တစ်ယောက်
သာ ရှိတော့သည်၊ ထို့ကြောင့် ထောက်လှမ်းရေးနှင့် ရောပြီး ဒုတပ်ချုပ်ကိုပါရှင်းရန်
အကွက်ချလိုက်ခြင်းဖြစ်သည်။

ဖိုင်ကို ဖတ်ပြီးသည်နှင့် ဒုဗိုလ်မှူးကြီး ခေါင်းငိုက်စိုက်ကျသွားသည်၊ ထိုစီးပွားရေး
လုပ်ငန်းအားလုံးကို သူနှင့် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ ကိုယ်ရေးအရာရှိတို့အပြင်
ထောက်လှမ်းရေးမှ အခြားဗိုလ်မှူးတစ်ဦးတို့ သုံးယောက်ပေါင်းလုပ်ခြင်းဖြစ်သည်။

ထို့အပြင် ဆရာသမား၏ သတင်းများသည်လည်း မိမိဇနီးထံမှ ပေါက်ကြားခဲ့သည်၊ သို့သော် ထောက်လှမ်းရေးရီပို့တွင်မိမိတစ်ဦးတည်းကိုသာ ဖော်ပြထားသည်၊ ထောက်
လှမ်းရေးများကို ကျူပင်ကျူငုတ်မကျန် ခုတ်နေသော အချိန်တွင် ဤဖိုင်ကြောင့် မိမိ
ဆရာသမားပါ ထိခိုက်တော့မည်၊ မိမိဆရာသမားကိုလည်း တစ်လက်စတည်းရောရှင်း
ရန် ဗိုလ်ချုပ်မှူးကြီး ကြံစည်လိုက်ခြင်း ဖြစ်သည်ကို စစ်ရုံးတွင် အနေကြာပြီဖြစ်သော
ဒုဗိုလ်မှူးကြီးက သဘောပေါက်လိုက်သည်၊ အဖြစ်မှန်ကလည်း သူတွေးသလိုပင်
ဖြစ်သည်။

ဤကိစ္စကိုအကြောင်းပြုပြီး မိမိဆရာသမားလည်းဖယ်ရှားခံရတော့မည်ကိုသိလိုက်သော
 သူ့အတွက်အဖြေက တစ်ခုတည်းသာရှိတော့သည်၊ ထို့ကြောင့် ညနေတွင် ဆရာသမား
ကို ခွင့်တောင်းပြီး အိမ်ပြန်သည်၊ သားသမီးများကို နောက်ဆုံးတွေ့ဆုံရန်သွားခြင်း
ဖြစ်သည်၊ အိမ်တွင် ဇနီးဖြစ်သူကို ညစာစားမည် ပြောပြီးမှ မစားတော့ပဲ ရုံးသို့ ပြန်လာ
ခဲ့သည်၊ သူ့ဘဝအတွက် ပြင်မရတော့မည့် ဆုံးဖြတ်ချက်ကို ချရသည်မှာ လွယ်ကူသော
 ကိစ္စမဟုတ်ပါ၊ ညဖက်ရုံးတွင်ထိုင်ရင်း သူ့ဆုံးဖြတ်ချက်ကို အပြန်ပြန်အလှန်လှန်စဉ်းစား
နေစဉ် ဗိုက်ကဆာလာသည်၊ ထို့ကြောင့် ရုံးခန်းထဲတွင်ရှိသော သူ့တပည့် တပ်ကြပ်ကြီး
ကို ခေါ်လိုက်သည်၊

`` ငါ့အတွက် ခေါက်ဆွဲပြုတ်လေး လုပ်ကွာ ´´
ဟုပြောရင်း သူ့လက်မှ တန်ဖိုးကြီးလက်ပတ်နာရီကို ချွတ်ကာ သူ့တပည့် လက်ထဲ
ပေးလိုက်ရင်း

`` ရော့ ... ဒါမင်းဖို့ ငါ့ရဲ့ လက်ဆောင် ´´
ဟုပြောလိုက်သည်၊ တပည့်ဖြစ်သူမှာ ယနေ့အတွက် ဆရာဖြစ်သူ ထူးခြားနေသည်ကို
သတိပြုမိသော်လည်း သူ့ဆရာ၏ ဘဝဇာတ်သိမ်းခန်းရောက်နေသည်ကို မသိပဲ
ခေါက်ဆွဲပြုတ်ရန် အခန်းတွင်းဝင်သွားသည်၊ ထိုအချိန်တွင်ပင် သေနတ်သံကြောင့်
ပြေးထွက်လာချိန်တွင် သူ့ဆရာ၏ ဘဝဇာတ်သိမ်းခန်းကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်၊
 စားပွဲပေါ်တွင်မူ တစ်ကြောင်းထဲရေးထားသည့် စာလေးတစ်စောင်ရှိပြီး

`` ဉာဏ်စိုး အားလုံသိပါတယ် ´´ ဟု ရေးထားသည်။

ညတွင်းချင်း အပြင်သို့ ထွက်ပေါ်လာသည့်သတင်းတစ်ခုကတော့ ဆရာတပည့်နှစ်
ယောက် စကားများပြီး အရက်မူးနေသည့် ဒုတပ်ချုပ်က သူ့တပည့်ကို ပစ်သတ်လိုက်
သည်ဟု ဖြစ်သည်၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကို အရေးယူရန်ဖွဲ့စည်းပေးထား
သော ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်သည့် ၁၂ ဦးကော်မတီ အစည်းအဝေးတွင်
မူ အဆိုပါ ကိုယ်ရေးအရာရှိသည် အိမ်ထောင်ရေးပြဿနာကြောင့် သူ့ကိုယ်သူ အဆုံး
စီရင်ခြင်းဟု ကြေငြာကာ လူတစ်ယောက်၏ ဘဝဇာတ်သိမ်းပိုင်းကို သွေးအေးစွာဖြင့်
ပယ်ဖျက်လိုက်ကြသည်။

တပည့်ဖြစ်သူ အသက်နှင့် ရင်းသွားသဖြင့် ဒုတပ်ချုပ်ကြီးကို အနားယူရန် ကြံစည်ထား
သည့် အစီအမံလည်း ပျက်သွားခဲ့သလို နှစ်ဦးစလုံး တပ်မှအနားယူသည်အထိ
ဆက်ဆံရေးအေးခဲသွားကြောင်း၊ ဒုတပ်ချုပ်အနေဖြင့် အရက်ကိုသာ နေ့ညအဖော်ပြုရင်း
သူ၏တပ်မတော်အရာရှိဘဝနောက်ဆုံပိုင်းကို ဖြတ်သန်းသွားခဲ့ကြောင်းကို တပ်မတော်
အသိုင်းအဝိုင်းမှ အရာရှိကြီးများက မြင်တွေ့နေရသော်လည်း ဒုဗိုလ်မှူးကြီး၏ ဘဝ
ဇာတ်သိမ်းသွားရခြင်း ဖြစ်ရပ်မှန်ကိုတော့ အများစုက ယနေ့အထိ မသိရှိခဲ့ကြပါ။

ဤဖြစ်ရပ်ဖြစ်ပွားပြီး ထူးဆန်းသည့် အချက်နှစ်ချက်ကို တွေ့ သည်၊ ပထမအချက်မှာ
 ဒုတိယဗိုလ်ချုပ်မှူးကြီး၏ ရုံးအဖွဲ့ဝင် အခြားအဆင့်လေးဦး တပ်မှ နုတ်ထွက်စာတင်ပြီး
ထွက်သွားခြင်းဖြစ်သည်၊ ဒုတိယအချက်မှာ မိမိကိုယ်ကို သေကြောင်းကြံခဲ့သောသူကို
တပ်တွင် ထုံးစံမရှိသော်လည်း စစ်အခမ်းအနားဖြင့် သဂြို င်္လ်ပေးခဲ့ခြင်းဖြစ်သည်၊
အလားတူ `` ဉာဏ်စိုး အားလုံးသိတယ် ´´ ဆိုသည့် စာကလည်း ယခုအချိန်ထိ
ပဟေဠိဖြစ်နေဆဲပင် ----///

( လက်စောင်းထက် )

သင့်ခန္ဓာကိုယ်၏အံ့မခန်းလှည့်ကွက်များ



===========================
၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်းအသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့်အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Credit - Original Writer

နဂါးစောင့်စောင့် နတ်စောင့်စောင့် မပါမဖြစ်သော အဆင့်များ


======================================
ခေါင်းလောင်းကြီးဆယ်ယူရန်ကြိုးပမ်းနေကြခြင်းကို အဓိပ္ပါယ်မရှိ ခေါင်းလောင်းလည်း
တကယ်မရှိဟုတခါမှမပြောပါ။ ကျနော်တို့ အားမလိုအားမရြုဖစ်နေသည်မှာ
 အင်ဂျင်နီယာများ၏တွက်ချက်မှုအစီအစဉ်များ စနစ်တကျမရှိပဲ ဂမ္ဘီရလိုလို
နဂါးတွေနတ်တွေ ကူညီနေသလို ရိုးသားမျှော်လင့်နေသောသူတွေကို
 လျှောက်ပြောတာကိုလုံးဝလက် မခံနိုင်ခြင်းဖြစ်သည်။ ဤမျှလေးလံပြီး
မြစ်ကြမ်းပြင် ရွံ့နွံထဲ နှစ် ၄၀၀ မြုပ်နေသော ခေါင်းလောင်းကြီးကို ဆယ်ယူရန်
အတွက် ဖြစ်သင့်သော နည်းလမ်း (Method Statement)ကို ၂၀၁၂ က ကျနော်
သူငယ်ချင်း Civil Engineer ကိုနေမင်းဟိန်းက အင်ဂျင်နီယာ ညီလာခံမှာ
တင်ပြခဲ့ဘူးသည်။ စာမျက်နှာ (၃၀)ကျော် ရှည်လျားသော သူ၏အစီရင်ခံစာ
ထဲက ပုံ ( 11)ပုံလောက်ကို ကောက်နှုတ်ကာ မြန်မာလို သာမန်လူများနားလည်အောင်
ကျနော် ပြန်ရှင်းပြရေးပြပါမည်။ အစီအစဉ်အတိုင်းကြည့်စေချင်ပါသည်။ (၁၁)ပုံ ကုန်အောင်ကြည့်ပါ။

ဖြစ်နိုင်ခြေ (၂) ခုအနက် သဲနွံထဲမှာ မြုပ်နေဖို့က ပိုများပေရာ ရှိနိုင်သောနေရာကို
သတ္ထု ( metal) များကို detectလုပ်နိုင်သော ဘူမိရူပ အသံလှိုင်းပြန်ဖမ်းယူခြင်းနည်း
( Seismic sonic rador surveying) များဖြင့် နေရာကိုတိကျအောင်အရင်ရှာရမည်။
 နေရာသေခြာသောအခါ ခေါင်းလောင်းအပေါ်ရှိ နံဘေးရှိ သဲများကို ဒီတိုင်း
သယ်မထုတ်နေလို့မရ။ (သည်မျှထူအောင်အုပ်နေသာ သဲများကိုကျော်ကာ
 ခေါင်းလောင်းကိုယ်ထည်ကို ရေငုပ်သမား မည်သို့စမ်းမိသည် မသိပါ ။)
 ဘောင်ခတ်မထားပါက သဲနှစ်များက ပြန်ကျ ပြန်အုပ်သွားမည်သာဖြစ်သဖြင့်
 Temporary Cofferdam (Retaining walls/ sheet piles..etc )
များခတ်ကာ ပတ်ပတ်လည် ရှင်းသွားအောင် အရင် ခြစ်ထုတ်ရ (dredge) မည်။

ခြစ်ထုတ်ကလော်ယူလာသော သဲများကို dredging barge ဖြင့်သယ်ကာ ဝေးရာမှာ
သွားပြန်သွန်ချရမည်။ ကြိုးချည်နှောင်ရမည့်နေရာ hooks နှင့် ချည်နှောင်မည့်
နည်းစနစ်တို့ကို အသေအချာတွက်ချက်လုပ်ဆောင်ရမည်
(ဒါတောင် နောက်ကျိနေသောရေအောက်မှာ လုပ်ကြရမည်မှာ အလွန် ခက်ခဲပါလိမ့်မည်။
 စင်ကာပူမှာကုန်းပေါ်မှာ သာမန် ၃-၄ တန် အလေးချိန်လေး ပစ္စည်းတင်ဖို့ကြိုးချည်ကြ
တာတောင်Lifting supervisor / safe work load..etc) တွေဘာတွေနှင့်
ရှုတ်ယှက်ခတ်နေသည်)ခေါင်းလောင်းကြီးမှာ ချည်စရာဆိုလို့ ထိပ်ကက
 ကွင်းတခုသာရှိသည်။ ကိုယ်ထည်မှာ သိုင်းပတ်ချည်ရအောင် မြင်သာထင်သာ
ပေါ့ပေါ့ပါးပါး ကုန်းပေါ်မှာ မဟုတ်ပေ။ ထို (ပုစွန်တုပ်)ကွင်းသည်ပင်
ဆွေးမြေ့နေလောက်ပြီ။

ခေါင်းလောင်းကြီး တန် ၂၉၀ ဆိုသည်မှာ နည်းနည်းနောနောမဟုတ် ။ရှေးကသမိုင်းဆရာတွေ
 ချဲ့ကားတာမဟုတ်ဘူးဆိုလျှင် လေယာဉ်တစီးစာလောက်လေးနေပြီ။ ပြီးမှ လေဘူဘောင်းများ
တပ်ဆင်ထားသော ဖောင်ပေါ်သို့ အလေးချိန်အသေအချာတွက်ထားသော ကရိန်းဖြင့်မတင်ရနည်။
 ပြီးမှ ကုန်းပေါ်သို့သယ်ရမည်။ ရွှေတိဂုံဘုရားလမ်း ကမ်းနားလမ်းတို့က အလေးချိန် ခံနိုင်ရဲ့လားတွေးရဦးမည်။

ရျွေတိဂုံရင်ပြင်ရောက်သည်အထိ ရထားလမ်းသီးသန့်ဖောက်ရမည်။ .ခုပြောသည်မှာ မပါမဖြစ်သော
 အဆင့်များကို အကြမ်းတင်ပြခြင်းဖြစ်သည်.။ အသေးစိတ်တွက်ချက်မှု များစွာလိုအပ်သည်။
မဟုတ်ပါက လမ်းတွင် နောက်တခါ ပြန်ပြုတ်ကျ ဒုက္ခများဘွယ်ရာရှိပေသည်။

ဒေါ်လှနုထွန်းနှင့် တွေ့ဆုံခြင်း




    Saturday, 06 September 2014

မြန်မာ့ဂုဏ်ဆောင် အလှမယ် မေမြတ်နိုးကို Miss Asia Pacific World Organization မှ သရဖူ ပြန်လည်အပ်နှင်းရန် တောင်းဆိုထားသည့်အပေါ် National Director ဒေါ်လှနုထွန်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲတွင် မေမြတ်နိုး၏ အသက်ကို လိမ်လည် ယှဉ်ပြိုင်ခိုင်းခဲ့သည့် အကြောင်းအရင်း၊ မေမြတ်နိုးနှင့် ကိုရီးယား Organization တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများ၊ အငြင်းပွားမှုများအပေါ် ၎င်း၏အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice- Miss Asia Pacific World ပြိုင်ပွဲ ယှဉ်ပြိုင်တဲ့ အချိန်တုန်းက သူ့အသက် ၁၆ နှစ်ပဲ ရှိသေးတယ်လို့ မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်။ သူ့ရဲ့အသက်ကို ၁၈ နှစ်လို့ လိမ်လည်ပေးပြီး ပြိုင်ပွဲမှာ ဘာကြောင့် ယှဉ်ပြိုင်ခိုင်းခဲ့တာလဲ။

HNT- မေမြတ်နိုးနဲ့ လှနုတို့ စတွေ့တဲ့အချိန်မှာ ဒီပွဲအကြောင်းပြောခဲ့တယ်။ ဒီပွဲမှာ National Costume၊ ရေကူးအင်္ကျီ၊ ညနေခင်း ဝတ်စုံတွေနဲ့ ပြိုင်ရမယ်။ မမမှာ ရေကူးဝတ်စုံ ရှိတယ်၊ ညီမလေး ဝတ်ကြည့်ဆိုတော့ သူဝတ်ပြတယ်။ အဲဒီအချိန်မှာ သူ့အမေလည်း ရှိပါတယ်။ အဲဒီမှာ သူ့အမေကို မေမြတ်နိုးရဲ့ အသက်ကို ပြောပါဆိုတော့ ၁၈ နှစ် ရှိပြီတဲ့။ မှတ်ပုံတင်ပါလား ဆိုတော့ လုပ်ထားတုန်းတဲ့။ အဲဒါနဲ့ သူပြိုင်ပွဲဝင်ဖို့ လှနုတို့ ကိုရီးယားကို ဖောင်လှမ်းပို့လိုက်တယ်။ ဒါပေမဲ့ သူတို့က ချက်ချင်း လက်မခံသေးဘူး။ သူသည် K Pop Star ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ သုံးသပ်နိုင်ဖို့အတွက် သူဆိုထားတဲ့ သီချင်းတွေ ဟိုဘက်ကို ပို့ပေးရသေးတယ်။ ပြီးတော့မှ မေမြတ်နိုးက Miss Asia Pacific World ပြိုင်ပွဲအတွက် အရွေးခံခဲ့ရတာပါ။ အဲဒီအချိန်အထိ သူ့ရဲ့ အသက်က ၁၈ နှစ်ပဲလို့ လှနုတို့ သိထားတယ်။
ကိုရီးယားကို တကယ် သွားပြိုင်ရတော့မယ့် အချိန်မှာ ဗီဇာလျှောက်ဖို့အတွက် သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဟိုဘက်ကို ပို့ပေးရတယ်။ အဲဒီတော့မှ သူ့ရဲ့ အသက်က ၃၀ ရက် ၁၀ လ ၁၉၉၈ ခုနှစ် ဖြစ်နေတယ်။ အဲဒီမှာ ကိုရီးယားဘက်ကို ပြန်မေးကြည့်တော့ ၁၈ နှစ် ဆိုရင်တော့ အဆင်ပြေတယ်။ ၁၆ နှစ် ဆိုရင်တော့ သူ့ရဲ့ မိဘကို မေးကြည့်ပါဦးတဲ့၊ သူငယ်နေသေးတယ်တဲ့။ သူ့အမေကို မေးကြည့်တော့ ရပါတယ်တဲ့။ သူမြန်မာပြည် ပွဲတွေမှာလည်း ၁၈ နှစ်နဲ့ပဲ ပြိုင်တယ်တဲ့။ ကလေးက independent လည်း ဖြစ်တယ်။ နိုင်ငံတကာကိုလည်း သူ့အမေမပါဘဲ အဖွဲ့အစည်းတွေနဲ့ သူသွားနေကျတဲ့။ ဒါနဲ့ ကိုရီးယားဘက်ကို ပြန်ပြောတော့ရတယ်တဲ့။ ငါတို့ကတော့ သူ့ အသက်ကို ၁၆ နှစ် ပြန်ပြောင်းလိုက်မယ် ဆိုပြီး ပြောင်းလိုက်တယ်ရှင့်။ ပြိုင်ပွဲဝင် တစ်ယောက်က အနည်းဆုံး အသက် ၁၈ နှစ်တော့ ဖြစ်သင့်တယ်ဆိုပြီး သတ်မှတ်ထားတယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင် တစ်ယောက်က အရမ်း Talent ရှိတယ် ဆိုရင်တော့ လက်ခံတယ်လေ။

Voice- ဒီပြိုင်ပွဲက အလှမယ်တွေကို သရဖူ ရုပ်သိမ်းတဲ့ ကိစ္စတွေ၊ အလှမယ်တွေ ပြိုင်ပွဲကနေ ထွက်ပြေးတဲ့ ကိစ္စတွေ ရှိခဲ့ဖူးတယ်ဆိုပြီး အင်တာနက်မှာ သတင်းတွေ ပျံ့ခဲ့တယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံကနေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မစီစဉ်ခင် ဒီအကြောင်းတွေကို မလှနုထွန်း ကြိုသိခဲ့လား။

HNT- အဲဒီလို ဖြစ်ရပ်မျိုးတွေက ဒီနှစ် Miss Universe Thailand 2014 ပြိုင်ပွဲမှာလည်း ဖြစ်ခဲ့သေးတယ်ရှင့်။ ဒီအကြောင်းတွေကို မေမြတ်နိုးနဲ့တောင် ပြိုင်ပွဲမတိုင်ခင် လှနုတို့ ပြောဖြစ်ကြသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီ Miss Asia Pacific World 2011 ပြိုင်ပွဲတုန်းက အလှမယ် နှစ်ယောက် သရဖူ အသိမ်းခံရသလို Miss Universe Thailand မှာလည်း နှစ်ယောက် သရဖူ အသိမ်းခံခဲ့ရသေးတယ်လို့။ ဒီပွဲကို လှနု တာဝန်ယူဖြစ်တာကလည်း Miss Golden Land Myanmar Organization က ကိုဝေယံတို့၊ ကိုဟန်ဇော်လတ်တို့ မလုပ်ဖြစ်ဘဲ ပိုနေတဲ့ ပွဲတွေထဲက ယူခဲ့တာပါ။ လှနုက ကိုရီးယားကို ၂၀၁၂ ခုနှစ်တုန်းက အလည်ရောက်ဖူးတဲ့အတွက် သူတို့တွေ အရမ်းစည်းကမ်းကြီးတယ် ဆိုတာကို သိတယ်။ ကိုဝေယံတို့၊ ကိုဟန်ဇော်တို့ကိုလည်း ယုံတဲ့အတွက် ဒီပွဲကို ယူခဲ့တာပါ။ ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ Star တစ်ယောက်ကို မွေးထုတ်ပေးတာပါ။ ရုပ်ရှင်၊ အနုပညာလောကအတွက် Star တစ်ယောက်ကို မွေးထုတ်ပေးတာရှင့်။
ဒီပြိုင်ပွဲကို လှနု ယူပြီးသွားတဲ့ အချိန်မှာ ဒီလိုကိစ္စတွေ ဖြစ်ခဲ့တယ် ဆိုတာကို အလှမယ် ပြိုင်ပွဲတွေကို စောင့်ကြည့်နေတဲ့ ပရိသတ်တွေက လှနုကို ပြောဖူးတယ်ရှင့်။ ဒါပေမဲ့ သူတို့ဘက်က မယ်တွေကို သရဖူသိမ်းတာ၊ မယ်တွေ ထွက်ပြေးကြတာနဲ့ ပတ်သက်ပြီး သူတို့ဘက်က ပြန်လည်ဖြေရှင်းထားတဲ့ စာရွက်စာတမ်းတွေ လှနုမှာ ရှိတယ်ရှင့်။ ဒီပြိုင်ပွဲက မယ်တွေကို အရမ်းစည်းကမ်း တင်းကျပ်တယ်လေ။ နောက်ကျပြီးမှ ရောက်လာရင် အမှတ်တွေ လျှော့တယ်။ မနက်ဆို အစောကြီး ထရသလို၊ ဓာတ်ပုံရိုက်တဲ့ အစီအစဉ်တွေလည်း အများကြီး ရှိတယ်လေ။ အဲဒီလိုဆိုတော့ မခံနိုင်တဲ့သူတွေက ထွက်ပြေးကြတယ်ရှင့်။ လှနုကိုယ်တိုင် မေမြတ်နိုးနဲ့အတူ ကိုရီးယားကို သွားခဲ့ဖူးတာ ဆိုတော့ သူတို့ ဘယ်လောက် စည်းကမ်းကြီးတယ် ဆိုတာ လှနု သိတာပဲ။

Voice- မေမြတ်နိုးက ကိုရီးယား Organization ကနေ သူ့ကို ခွဲစိတ်ပြုပြင်မှုတွေ အတင်းအကျပ် လုပ်ခိုင်းသလို၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ အဖော်အဖြစ် နေခိုင်းပြီး စပွန်ဆာ ရှာခိုင်းတယ်လို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောခဲ့တယ်။ ကိုယ့်နိုင်ငံရဲ့ အလှမယ် တစ်ယောက်ကို ဒီလိုတွေ ခိုင်းစေခဲ့တဲ့အပေါ် National Director တစ်ယောက် အနေနဲ့ ဘယ်လိုခံစားရလဲ။

HNT- မေမြတ်နိုးနဲ့အတူ ပြိုင်ပွဲအတွက် လှနု National Director တစ်ယောက် အနေနဲ့ လိုက်သွားတုန်းက သူလုံးဝ မှဲ့တစ်ပေါက် မစွန်းခဲ့ဖူးလေ။ ကလေးက သရဖူဆောင်းပြီး ပြန်လာနိုင်ခဲ့တယ်လေ။ ဒီအလုပ်တွေမှာ Professional နဲ့ Family က ကြီးကြပ်ပေးတာ သတ်သတ်စီပဲလေ။ ပညာရှင်တစ်ယောက်က ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သိတယ်ရှင့်။ ဥပမာ- ဂျက်စတင်ဘီဘာတို့ဆိုရင် ငယ်ငယ်လေးနဲ့ အောင်မြင်တယ်လေ။ နိုင်ငံခြားက အနုပညာရှင်တွေမှာ သူတို့ရဲ့ အနုပညာကိစ္စတွေကို စီမံခန့်ခွဲပေးတဲ့ မန်နေဂျာတွေ ရှိတယ်ရှင့်။ နာမည်ကြီး ဘောလုံးသမားတွေမှာလည်း သူတို့ကို ကြီးကြပ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ လှနုက အင်္ဂလိပ်စာ တတ်ပေမယ့် အိမ်တစ်လုံးကိုတော့ ဆောက်လို့မရဘူး။ ကျွန်မဘာသာ အိမ်ဆောက်မယ်ဆိုရင် အဲဒီအိမ်က ပြိုသွားမှာပေါ့ရှင်။ လှနုက အင်ဂျင်နီယာမှ မဟုတ်တာ။ သူနဲ့ သက်ဆိုင်တဲ့ ပညာရှင်ကိုပဲ လှနုတို့က အလုပ်အပ်ရတယ်ရှင့်။ ဒီတစ်ခေါက်မှာ သူတို့ ဘာတွေဖြစ်ခဲ့ကြတယ် ဆိုတာ လှနု မသိနိုင်ဘူးလေ။ လှနုမှ ကိုရီးယားမှာ ရှိမနေခဲ့တာ။
အခုကိစ္စတွေ ဖြစ်ခဲ့တာကလည်း သူတို့ကြားမှာ နားလည်မှုတွေ လွဲခဲ့ကြတယ်လို့ လှနုထင်တယ်။ အိမ်ထောင်မှုကိစ္စတွေ တိုင်ပင်ရင် အမေတစ်ယောက်က ကောင်းကောင်းကျွမ်းကျင်တယ်။ ငါးဖယ်ဟင်းကို ဘယ်လိုချက်မယ်၊ ငါးကို ဘယ်လိုရွေးမယ်ဆိုရင် အိမ်ရှင်မ တစ်ယောက်က ပိုသိတယ်။ ဒါပေမဲ့ အိမ်ရှင်မ တစ်ယောက်က အနုပညာရှင် တစ်ယောက်ကို ကြီးကြပ်ဖို့ဆိုရင် ဒီနယ်ပယ်မှာ ပြောတဲ့ စကားတွေရှိတယ်။ အဲဒီစကားတွေကို နားမလည်ရင် နားလည်မှု လွဲနိုင်တယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကလေးက လှနုတို့ကို အကြောင်းကြားခဲ့မယ်ဆိုရင် လှနုတို့ တစ်ခုခု လုပ်ပေးလို့ ရတယ်ရှင့်။ လှနုက မေမြတ်နိုးကို သြဂုတ်လ ၁၅ ရက်နေ့ကတည်းက သူ့အမေဆီ လွှဲလိုက်တာလေ။ သူတို့ ကိုရီးယားသွားတာလည်း လှနုတို့ မသိလိုက်ဘူး။ နောက်ပြီး သူတို့ဘက်က မေမြတ်နိုးကို စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အဖော်အဖြစ် နေခိုင်းပြီး စပွန်ဆာရှာဖို့ တကယ် ပြောခဲ့တာဆိုရင် လှနု ဘယ်လက်ခံပါ့မလဲရှင်။ သူက လှနုရဲ့ သမီးအရွယ်လေ။ ချက်ချင်းသူ့ကို လက်ဆွဲပြီး ပြန်လာမှာပေါ့။ ဒါမှမဟုတ်ရင် လှနုတို့ မြန်မာသံရုံးကို သွားလိုက်မှာပေါ့။

Voice- ပြိုင်ပွဲမှာ ဆုရသွားတဲ့ Miss တစ်ယောက်က ခွဲစိတ်ပြုပြင်မှုတွေ လုပ်ရမယ်လို့ စာချုပ်မှာ ထည့်ရေးထားခဲ့လို့လား။

HNT- သူတို့ ဒီစည်းကမ်းတွေကို အရင်ကတည်းက ပြောပြထားတယ်ရှင့်။ ဆုရသွားတဲ့ Miss ကို နှာခေါင်းပြင်တာတို့၊ ရင်သားပြင်တာတို့ လုပ်ပေးမယ်လို့ ပြောထားတယ်။ ဒါဆို ပျော်စရာကြီးလို့ လှနုတို့ အားလုံးတောင် ပြောခဲ့သေးတယ်။ အနုပညာရှင် ကြယ်ပွင့်ဆိုတာ လှနေမှ ပရိသတ်က ကြိုက်တာကိုး။ ပြိုင်ပွဲအတွင်းမှာလည်း လှနုတို့ကို မျက်နှာပြုပြင်ဖို့အတွက် အခမဲ့ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ မေမြတ်နိုးတောင် Botex သွားထိုးခဲ့သေးတယ်။

Voice- ဒီလိုကိစ္စတွေ ဖြစ်လာခဲ့ပြီးနောက် Miss Asia Pacific World Organization နဲ့ ဆက်လက်လက်တွဲသွားဖို့ ရှိလား။

HNT- လှနုက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ အင်္ဂလိပ်လို ဖြေရတဲ့ နိုင်ငံတကာ အင်တာဗျူးနှစ်ခုကို ငြင်းလိုက်တယ်။ လှနု အင်္ဂလိပ်လို ဖြေလိုက်ရင် တစ်ကမ္ဘာလုံး သိသွားမယ်လေ။ မေမြတ်နိုးရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကိုရီးယားဘက်က အထောက်အထားတွေ၊ သက်သေတွေ ပေးထားပေမယ့်၊ ရဲကိုလည်း သွားတိုင်ခိုင်းသလို၊ တရားလည်း စွဲခိုင်းပေမယ့် လှနု မလုပ်ဘူးလို့ ငြင်းလိုက်တယ်။ အဲဒီအတွက် လှနုက အမှန်တရားဘက်က မရပ်တည်ဘူးဆိုပြီး ကိုရီးယားဘက်နဲ့ လှနုတို့ကြားမှာ သဘောထား ကွဲလွဲမှုတော့ ရှိနေတယ်ရှင့်။ လှနုက ကိုယ့်မြန်မာဘက်ကပဲ ကိုယ်ရပ်တည်ရမှာပေါ့ရှင်။

Voice- သူတို့ဘက်က မေမြတ်နိုးနဲ့ ပတ်သက်ပြီး ဘယ်လို အချက်အလက်တွေ ပို့ပေးထားတာလဲ။

HNT- လှနု မပြောဘူးရှင့်။ လှနုဘက်ကနေတော့ ဒီအချက်အလက်တွေက ထွက်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ ၁၆ နှစ် ကလေးလေးကို သရဖူသိမ်းတယ် ဆိုပြီး လှနုတို့ အဆဲခံနေရတဲ့ အချိန်မှာ ဘာကိုမှ ပြောမှာမဟုတ်ပါဘူး။ အမှန်တော့ မေမြတ်နိုးနဲ့ ပတ်သက်ပြီး လှနုက အပြင်လူ ဖြစ်သွားပါပြီ။ သူ့ရဲ့ မေမေကို လွှဲပေးထားတာ ကြာပါပြီ။ သူတို့က မေမြတ်နိုးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လှနုတင် မကဘူး၊ သူတို့နဲ့ သက်ဆိုင်တဲ့ သူတွေကို ပေးပါလိမ့်မယ်။ ဒီအချက်အလက်တွေကို နိုင်ငံတကာဘက်က သူတို့ ထုတ်ဖော်ပါလိမ့်မယ်။

သန့်ဇင်ဦး
- See more at: http://thevoicemyanmar.com/index.php/entertainment/item/2516-dhn#sthash.cGBNNfng.dpuf

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခြင်းအား ဂုဏ်ယူပါ



i Love Myanmar

------------------------------------------------------------
ကျမသည် ယနေ့ည ၇ နာရီတွင် ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ စင်ကာပူနိုင်ငံသို့ ပထမတန်းဖြင့် ၇ နာရီကြာ လိုက်ပါလာခဲ့သည်။ ဂျပန်နိုင်ငံမှာ လေယာဉ်ပြောင်းစီးရန် ခေတ္တာနားခြင်းဖြစ်ပြီး ထိုမတိုင်ခင်တွင် အမေရိကနိုင်ငံ ချီကာကိုမြို့မှ ၁၃ နာရီကြာ လေယာဉ်စီးလာခဲ့သည်။

ဂျပန် နာရီတာလေဆိပ် လေယာဉ်အတွင်းသို့ ၀င်ရန် ဂိတ်မှာ First Class, Business Class ပထမတန်း၊ ဘစ်စနက်စ်တန်းတို့ကို ခေါ်တဲ့အခါ ကျမ၀င်လာခဲ့ပါတယ်။ လေယာဉ်အ၀င်ပေါက်ဂိတ်မှာ ကျမစာအုပ်ကို သိမ်းထားလိုက်ပြီး ကျမကို ခဏစောင့်ပါလို့ ပြောပါတယ်။ ကျမလဲ စောင့်နေလိုက်ပါတယ်။ ၅ မိနစ်လောက်ကြာတော့ အထူးတန်းခရီးသည်တွေလဲ လေယာဉ်ထဲ ၀င်ကုန်ပြီ။ ရိုးရိုးတန်းခရီးသည်တွေ စတင်ဝင်လာကြပါပြီ။

ကျမရပ်စောင့်နေရင်း ဘာကြောင့် ကျမစာအုပ်ကို ယူသွားရတာလဲလို့ တွေးမိတယ်။ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က နာရီတာလေဆိပ်မှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်သတိရစေတဲ့အတွက် ကျမစာအုပ်ယူသွားသူ ၀င်သွားတဲ့အခန်းထဲ ကျမ၀င်သွားပါတယ်။ (အဲဒီတုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ ဒီစာရဲ့အဆုံးနားမှ ဖေါ်ပြပါမယ်)

အဝေးကနေ သားလေးကတော့ စိုးရိမ်းတကြီးနဲ့ ပြေးလာပြီး မေမေ ဘာမှ သွားမပြောနဲ့ မကြာတော့ပါဘူး။ စောင့်လိုက်ပါဦးလို့ လာပြောပါတယ်။ သာလေး အဝေးမှာသွားရပ်နေ မေမေသိတယ်။ ဖြေရှင်းလိုက်မယ်လို့ ပြောတော့ သားက မသွားဘဲ ကျမဘေးကနေ လိုက်လာပါတယ်။

ကျမစာအုပ်ယူသွားတဲ့သူက အသက်ကြီးပိုင်း ဂျပန်အမျိုးသမီး ဖြစ်ပြီး ကျမစာအုပ်ကိုကြည့်လိုက်၊ ကွန်ပြူတာထဲကြည့်လိုက်၊ စာရိုက်လိုက် လုပ်နေပါတယ်။ ကျမတို့ အပြန်အလှန်ပြောတဲ့စကားကို အောက်ပါအတိုင်း ဖတ်ပါ။
ကျမ - ကျမ စာအုပ်ကို ဘာကြောင့် ရွေးပြီး စစ်တာလဲ
ဂျပန်ဝန်ထမ်း - ရွေးပြီး စစ်တာတော့ မဟုတ်ပါဘူး
ကျမ - ဒါဆိုဘာလို့ ယူသွားတာလဲဆိုတာ မရှင်းပြနိုင်ရင် ကျမစာအုပ်ကို အခုချက်ချင်း ပြန်ပေးပါ။
ဂျပန်ဝန်ထမ်း - သင်ရဲ့ အကျိုးအကြောင်းကို မှတ်တမ်းယူထားမလို့ပါ။
ကျမ - ဒါဆို အခု ကျမနဲ့ လေယဉ်တစီးတည်း စီးမယ့် ခရီးသည်အားလုံးရဲ့မှတ်တမ်းကော မလိုဘူးလား။ သူတို့ စာအုပ်ကိုလဲ တောင်းလေ။
ဂျပန်ဝန်ထမ်း - သူတို့က မလိုဘူး။ သင့် ဒါထာက United Airline ယူနိုက်တက်လေယာဉ်ကနေ ANA Airline အနာလေယာဉ်ကို ပြောင်းစီးတဲ့အခါ တက်မလာလို့ပါ
ကျမ - ဒါဆို ကျမနဲ့အတူတူ Check In (ချက်အင်) အတူတူ ၀င်ခဲ့သူတွေက ဘာကြောင့် ၀င်ခွင့်ရတာလဲ။ Data (ဒါထာ) တက်လာတာ အတူတူဘဲလေ။

ဂျပန်ဝန်ထမ်း မျက်နှာတွေ ပျက်လာပြီ။

ကျမ - မြန်မာစာအုပ်ကိုင်တဲ့သူဆို အဲလိုဘဲ ခွဲခြားဆက်ဆံသလား။ ကျမက ဂျပန်ပြည်ကနေ ခရီးစထွက်တာလဲ မဟုတ်ဘူး၊ ဂျပန်ပြည်ကိုလဲ မ၀င်ခဲ့ဘူး။ transit (ထရန်စစ်) ဘဲ ၀င်ခဲ့တာ။ အထူးတလည် စစ်ဆေးစရာမလိုဘူး။ မြန်မာနိုင်ငံလဲ အကြမ်းဖက်သမားတွေ နေတဲ့နိုင်ငံ မဟုတ်ဘူး။

သားလေးက ကျမလက်ကိုဆွဲပြီး မေမေ ဘာမှမပြောပါနဲ့လို့ ဘေးမှာ ခုန်ဆွခုန်ဆွဖြစ်နေပါပြီ။ ၀န်ထမ်း ကျမရှေ့မှာ လာရပ်ပြီး စာအုပ်ကို ချက်ချင်းပြန်လာပေးတယ်။

ကျမ - မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ဂျပန်လေဆိပ်ကို ဖြတ်သွားတာဖြစ်စေ၊ ရောက်လာတာဖြစ်စေ၊ ခွဲခြားပြီး မဆက်ဆံပါနဲ့။ သင့်အထက်လူကြီးတွေကိုလဲ အကြောင်းကြားပေးပါ လို့ ကျမပြောတော့ မျက်လုံးပြူးနဲ့ ကျမကို ကြည့်နေပါတော့တယ်။

အရပ်အမောင်းအားဖြင့်ဆိုလဲ ကျမက ၅ ပေ ၆ လက်မ မြင့်တော့ ဂျပန်ဝန်ထမ်းအမျိုးသမီးက ကျမရင်ဘတ်လောက်သာ ရှိပါတယ်။ ကျမကို မော့ကြည့်ပြီး သူမ တုန်တုန်ယင်ယင်လဲ ဖြစ်လာပါတယ်။ ကျမရှေ့မှာ ဒူးမထောက်ရုံတမယ် ခေါင်းကို ငုံ့ချလိုက် ကျမကို မော့ကြည့်လိုက်နဲ့။ ဆောရီးလို့သာ တထွင်ထွင်ပြောပါတယ်။

မြန်မာတွေကို နှိမ်တယ်လို့ နာမည်ကြီးတဲ့ လေဆိပ် ၂ ခု ရှိပါတယ်။ ဘန်ကောက်လေဆိပ်နဲ့ ဂျပန် နာရီတာလေဆိပ်တို့ ဖြစ်ပါတယ်။ အခုတော့ မြန်မာပြည်လဲ ပွင့်လင်းလာပြီမို့ တော်တော်လေး သက်သာလာပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ် ၇ နှစ်လောက်က လေဆိပ်မှာ အနှိမ်ခံရတဲ့ မြန်မာတွေ ဇတ်လမ်းတွေ ရင်နာစရာကောင်းလှပါတယ်။

ဂျပန်လေဆိပ်ကို ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကျမရဲ့ ခရီးသွား ထရန်စစ်အဖြစ် အသုံးပြုခဲ့ဖူးပါတယ်။ တခါတလေ ၇ ရက်အတွင်း ၂ ကြိမ် ၀င်တဲ့အချိန်လဲ ရှိခဲ့ပါတယ်။ ဗီဇာလျှောက်ချိန်မရခဲ့ရင်လဲ လေဆိပ်မှာ ဗီဇာထုပေးပါတယ်။ ထိုအချိန်မှာ မြန်မာစာအုပ်ကို ဗီဇာမပါရင် ၀င်ခွင့်မပေးတဲ့အချိန် ဖြစ်ပါသော်လည်း ကျမအနေနဲ့ အခက်အခဲ မကြုံတွေ့ဖူးပါဘူး။ ဒါပေမယ့် မြန်မာမိတ်ဆွေများဆီကနေ မြန်မာစာအုပ်ကို ဘယ်လိုနှိမ်ကြောင်း ကြားဖူးပါတယ်။

ဘာကြောင့် ဂျပန်ဝန်ထမ်းကို အဲလို ပြောခဲ့တယ်ဆိုတာ အခု ရှင်းပြပါမယ်။ လေယာဉ်ပေါ်တက်ပြီးနောက် အဲဒီ အဖြစ်အပျက်ကို ပြန်သတိရပြီး မျက်ရည်များ တလိမ့်လိမ့်ဆင်းလာပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကျမတို့ မိသားစု ဂျပန်ပြည်ကနေ ပြန်လည်ထွက်ခွါခါနီး နာရီတာလေဆိပ်မှာ မြန်မာအမျိုးသမီးနဲ့ အမျိုးသား ၃၀ ခန့်ကို လက်ထိတ်ခတ်ပြီး ရဲများမှ ခေါ်လာတာကို ကျမမြင်ခဲ့ရတယ်။ သူတို့အချင်းချင်းစကားပြောတာ ကြားမိလို့ မြန်မာပြည်ကဆိုတာ သိတာပါ။ အစောင့်ရဲကို ကျမချဉ်းကပ်ပြီး ဘာအမှုလဲလို့ မေးတော့ တရားမ၀င်အလုပ်လုပ်တဲ့ မြန်မာတွေကို ဖမ်းပြီး လေယာဉ်နဲ့ မြန်မာပြည်ကို ပြန်ပို့တာ လို့ ပြောပါတယ်။

ကျမချက်ချင်း တွေဝေသွားပါတယ်။ သူတို့ကို စကားပြောချင်တယ်လို့ ရဲကိုခွင့်တောင်းတော့ ပြောခွင့်မပေးပါဘူး။ တွေးမိတာပေါ့ သူတို့တွေ ငွေကုန်ခံပြီး ဂျပန်မှာ အလုပ်လာလုပ်ကြတာ။ မိသားစုကို ထောက်ပံ့ကြတာ။ အခုသူတို့ပြန်ပို့ခံရတော့ ဘယ်လို ဘ၀ပြန်စမလဲလို့ တွေးပြီး အလိုလိုဝမ်းနည်းပြီး ငိုခဲ့ပါတယ်။ ကျမ ပြန်လှည့်လာခဲ့ပြီး ဒေါ်လာ ၅၀ ဆီ ပေးပေးပါလို့ ရဲကို ခွင့်ထပ်တောင်းတော့ ဘာမှ မပေးရဘူးလို့ ထပ်ပြောပါတယ်။ စိတ်အနာဆုံးအချက်က ဒုစရိုက်သမား မဟုတ်ရပါရက်နဲ့ မြန်မာတွေကို အများရှေ့မှာ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်နေတာကို ဖြစ်ပါတယ်။

အထူးတန်း နားနေဆောင်ထဲ ၀င်သွားပြီး သားလေးနဲ့ အမျိုးသားက တခုခုစားပါလို့ ပြောရင်လဲ လက်ထိတ်ခတ်ခံရတဲ့ မြန်မာတွေကို မြင်ယောင်ပြီး မစားနိုင်။ လူတွေကသာ မသိတာ သူတို့အတွက် ထပ်တူထပ်မျှ ခံစားခဲ့တာကို ဂျပန်လေဆိပ်ရောက်တိုင်း ပြန်သတိရစေပါတယ်။ ဒါကြောင့် ကျမစာအုပ်ကိုမှ ရွေးပြီး ခဏယူ စစ်ဆေးနေတာကို ကျမ လက်သင့်မခံတာလဲ ဖြစ်ပါတယ်။ (ကျမအထင်လွဲတာလဲ ဖြစ်မှာပေါ့လေ)

မြန်စာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဂျပန်လေဆိပ်ကို ဖြတ်သွားတာဖြစ်စေ၊ ရောက်လာတာဖြစ်စေ၊ ခွဲခြား မဆက်ဆံပါနဲ့။ သင့်အထက်လူကြီးတွေကိုလဲ အကြောင်းကြားပေးပါ လို့ ပြောခဲ့တာကို ပြန်တွေးရင်း ကျမကျေနပ်တယ်။ အနာဂါတ်မှာ ဂျပန်လေဆိပ်ကို မြန်မာစာအုပ်ဖြတ်သန်းသွားခဲ့သော် ကျမနဲ့ တွေ့တဲ့ အဆိုပါဝန်ထမ်းမှ ကောင်းကောင်းမွန်မွန် ဆက်ဆံမှာလို့ တွေးမိပါတယ်။

ကျမကို နိုင်ငံတော်တော်များများ သွားလာနိုင်တာကို တခြားနိုင်ငံသားခံယူထားလို့ အထင်ခံရပါတယ်။ မြန်မာနိုင်ငံကူးစာအုပ်ကို ယနေ့ထိ အခက်အခဲကြားမှ ထိန်းသိမ်းထားဆဲပါ။ ဘယ်နိုင်ငံကဘဲ နှိမ်ပါစေ မြန်မာစာအုပ်ကိုင်ရတာ ဂုဏ်ယူတယ်။ မရှက်ပါဘူး။

နီနီရဲရဲလေးနဲ့ မြန်မာနိုင်ငံကူးစာအုပ်ဆိုတာ ရဲရင့်ပါတယ်။
ကမ္ဘာ့လှည့်တဲ့ သတ္တိရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ဖြစ်ပါတယ်။
သင်လဲ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နိုင်တာ ဂုဏ်ယူလိုက်ပါ။

မှတ်ချက်
တချို့က ထင်ကြတယ် မြန်မာနိုင်ငံသားဖြစ်တာကို စွန့်လွှတ်လိုက်တဲ့သူတွေကို မြန်မာနို်င်ငံကို မချစ်ဘူးလို့ ယူဆကြမယ်။ ကျမ မိတ်ဆွေတွေ မြန်မာစာအုပ်ကို အခြေအနေအရ မတတ်သာလို့ စွန့်လွှတ်ခဲ့ကြတာ မြန်မာပြည်ကို ကျမချစ်သလောက် သူတို့ အမိနိုင်ငံကို အချစ်မလျော့ဘူးဆိုတာ သိစေချင်ပါတယ်။

လီဗီဆပ်နိုင်ထန်း

ကူလီကူမာ ပုန်းလျှိုးကွယ်လျှိုး OIC



Sep 5, 2014
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ရှိတ်ဟာမစ်အာလ်ဘာ နှင့်အဖွဲ့ စစ်တွေ လူမှုအဖွဲအစည်းဝင်တို့နှင့်
၃. ၉. ၂၀၁၄ နေ့ နေ့လည် ၂း၃၀ နာရီတွင် ECC ခန်းမ၌ တွေ့ဆုံ ။ တွေ့ဆုံပွဲရောက်မှ မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်မှန်းသိရ ။

ဗိုလ်မှူးကြီး ထိန်လင်း ( နယ် / လုံ ၀န်ကြီး )
---------------------
ECC မူဝါဒများကို ရှင်းပြ။
ပဋိပက္ခလွန်ကာလတွင် ဒေသခံရခိုင်တိုင်းရင်းသားများသည် UN , INGO နှင့် OIC အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ရပ်အပေါ် သံသယစိတ်များ ၊ စိုးရိမ်စိတ်များ ဖြစ်ပေါ်လာရ။

ဦးလှသိန်း ( ပြည်နယ်ဥပဒေချုပ် )
-----------------------
လက်ရှိ ဖြစ်ပျက်နေမှု နှင့် အစိုးရ၏ စီမံဆောင်ရွက်နေမှုများကို နိုင်ငံတကာသတင်းဌာနများမှ ထုတ်ပြန်မှုများသည် Negative သဘောဆောင်ပြီး ၊ ဖြစ်ရပ်မှန်များနှင့် များစွာကွဲလွဲမှု ရှိသည် ။

OIC
----
သတပ်းမှားများကို မယုံကြည်၍ လူကိုယ်တိုင် လာရောက် လေ့လာကြည့်ရှုခြင်းဖြစ်သည် ။ OIC အပေါ် Negative View ရှိကြသည်ကိုလည်း နားလည်ပါသည် ။ OIC အနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုမရှိ ၊ စွက်ဖက်၍လည်းမရ ။ မြန်မာနိုင်ငံထဲတွင် မည်သည့်နေရာတွင်မျှ OIC ရုံးခွဲ ဖွင့်လှစ်ထားခြင်းမရှိ ။

ဦးသာပွင့် ( စစ်တွေ မြို့မိ မြို့ဖ )
-------------

မြန်မာနိုင်ငံတွင် ဖြစ်ပျက်ဆုံးရှုံးခဲ့သည့် ဂီရိ ၊ နာဂစ် အစရှိသည့် ဆိုးဝါးသော သဘာဝဘေးအန္တရာယ်များနှင့်ဆုံတွေ့ခဲ့စဉ်က OIC အနေဖြင့် မည်ကဲ့သို့မျှ စိတ်ဝင်စားအကူအညီပေးမှုများ မတွေ့ခဲ့ရ ။ မူဆလင်တွေနဲ့ ပဋိပက္ခဖြစ်ပြီးမှ စိတ်ဝင်တစား အကူအညီပေးရန် ရောက်ရှိလာမှုကိုထောက်ရှု၍ OIC သည် ဘာသာရေးကို အခြေမခံပါဟု ငြင်း၍မရနိုင်။
မြန်မာမူဆလင်အဖွဲ့ချုပ်မှ ဦးဝဏ္ဏရွှေ တို့ကတောင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမော်လ၀ီများသည်
ပါကစ္စတန်မှ လေ့ကျင့်မွေးထုတ်ပေးထားသော သဘောထားတင်းမာသည့် အစွန်းရောက်သူမျာဖြစ်ကြောင်း
ပြောထားချက်များရှိသည် ။ ယခုလို OIC ရောက်ရှိလာမှုသည် တည်ငြိမ်စပြုနေသည့် ရခိုင်ပြည်နယ်ကို အခြေအနေ ပြန်လည်ရှုတ်ထွေးလာနိုင်သလို တစ်ဘက်မှ မူစလင်ဘာသာဝင် ဘင်္ဂလီများကို မျှော်လင့်ချက်ပေး အားသစ်လောင်းသလို ဖြစ်ပေါ်စေသည် ။

ဦးသန်းထွန်း ( စစ်တွေ မြို့မိ မြို့ဖ )
------------
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းဆို၍သာ လာရောက်တွေ့ဆုံခြင်းဖြစ် ။ မြန်မာနိုင်ငံဆိုင်ရာ OIC ကိုယ်စားလှယ်မှန်းသာ သိခဲ့လျင် မိမိတို့ ရခိုင်လူမှုအဖွဲ့အစည်းက လာရောက်တွေ့ဆုံလိမ့်မည်မဟုတ် ။
ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာဆက်ဆံရေးအရ OIC အဖွဲ့ကို ၀င်ရောက်ခွင့် တွေ့ဆုံခွင့်ပေးသော်လည်း မြန်မာပြည်သူလူထု တစ်ခုလုံးနီးပါးက ယခုလို အစ္စလမ်ဘာသာဝင်များနှင့် ထိပ်တိုက်တွေ့နေကြချိန်တွင် OIC ကို အလိုမရှိကြ ။ OIC အနေဖြင့် Two communities လူမှုအဖွဲ့အစည်း နှစ်ခုဟု မြင်သော်လည်း ၊ မိမိတို့ ရခိုင်ဘက်ကမူThree communities သုံးခုဟုမြင်သည် ။ ရခိုင်ဗုဒ္ဓဘာသာဝင်များ ၊ နိုင်ငံသား/ပြု ဖြစ်လာနိုင်ဖွယ်ရှိဘင်္ဂလီများ နှင့်
Illigal immigrants(or)settelers တရားမ၀င် ကျူးကျော်ခိုးဝင်နေထိုင်သူဘင်္ဂလီများ ဟူ၍ဖြစ်သည် ။
နိုင်ငံသား/ပြု များ နှင့် ရားမ၀င်ကျူးကျော်ခိုးဝင်သူများ ကွဲပြားအောင် စီစစ်နေသည့် ယခုလိုအချိန်မျိုးတွင်OIC လာရောက်ခြင်းသည် ကောင်းသောလက္ခဏာမဟုတ်၍ လက်ခံနိုင်ဖွယ်မရှိပါ ။

ရခိုင်လူမှုအဖွဲ့အစည်း နှင့် အမျိုးသမီးကွန်ယက်မှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေးပြောဆိုမှုများ ရှိကြသည် ။

( Than Tun Than )

OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွား

(နိရဉ္စရာ- ၅ စက်တင်ဘာ ၂၀၁၄)


အိုအိုင်စီကို ယခုလိုကန့်ကွက်မူများရှိခဲ့သဖြင့် တိတ်တိတ်ကလေး စစ်တွေသို့ ၀င်လာခဲ့သည်။ (Photo-RFA)

မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း Tan Sri Syed Hamid Albar ဦးဆောင်သော အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC) ၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအဖွဲ့တွင် အဖွဲ့ဝင် (၆)  ဦးခန့်ပါဝင်ပြီး စစ်တွေမြို့သို့စက်တင်ဘာလ ၃ ရက်နေ့က ရောက်ရှိလာပြီး ၄ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

သူတို့၏ စစ်တွေ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်နှင့် မူဆလင် နှစ်ဘက်အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များကို ယင်းOIC ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“ သူတို့က အိုအိုင်စီကိုယ်စားလှယ်အဖွဲ့လို့လည်း မပြောဘူး။ သူတို့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို စနည်းနာတဲ့ အနေအထားမျိုးနဲ့ လာကြည့်တဲ့သဘောပါ။ အဲဒီမှာ စစ်တွေက မြို့မိမြို့ဖတွေ၊ မူဆလင် ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်” ဟု သူတို့နှင့် အတူ ခရီးစဉ်ကို လိုက်ပါ ကူညီပေးခဲ့သူ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲအား စစ်တွေမြို့ရှိ ၀န်ကြီးချုပ်ရုံးခန်းတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ (၆) နာရီခန်.တွင် ပြုလုပ်ခဲ့ပြီး OIC ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းဆိုင်ရာ အကူအညီများကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည် ဆိုသည်။

“ သူတို့က လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုပြီင်္းတော့ ကမ်းလှမ်းပါတယ်။ ၀န်ကြီးချုပ်ကတော့ ကျေးဇူးတင်တဲ့ အကြောင်းတွေကို ပြောတယ်။ ဒါ့ပြင် အခုအချိန်ဟာ အခြေအနေတွေ မတည်ငြိမ်သေးတဲ့ အတွက် အိုအိုင်စီက အကူအညီကြောင့် နောက်ထပ် ပြသနာတွေ ထပ်ဖြစ်မှာကို စိုးရိမ်ရတယ်။ အခု အစိုးရက နိုင်ငံသား စိစစ်ရေးကို လုပ်နေတယ်။ အဲသလို လုပ်ပြီးတဲ့အခါ နေရာချထားပေးမူတွေကို စီစဉ်ပေးမယ်။ အဲဒီအခါ အကူအညီတွေ လိုကောင်းလိုမယ်။  အဲဒီအချိန်ရောက်မှ အကူအညီတွေကို စဉ်းစားမယ်လို့ ပြောဆိုလိုက်ပါတယ်” ဟု ဆိုသည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လက်ရှိ ဖြစ်ပေါ်တိုးတက်မူများကို ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စအပေါ် တစ်စုံတစ်ရာ ဖွင့်ဟ ပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးလှသိန်းက ပြောသည်။

ယင်းOIC ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မိမြို့ဖများနှင့်လည်း ယင်းနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ပြီး အကူအညီပေးရန် ကမ်းလှမ်းမူများ ရှိခဲ့သည်ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ဆိုသည်။

“ သူတို့က ကျွန်တော်တို့ကို ဖိတ်တာက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်အဖွဲ့ တစ်ဖွဲ့က တွေ့ချင်တယ်ဆိုပြီး ဖိတ်ပါတယ်။ ကျွန်တော်တို့က အိုအိုင်စီအဖွဲ့မှန်း မသိဘူး။ သိရင် ဆွေးနွေးပွဲကို မတတ်မှာကို စိုးရိမ်လို့ ခုလို လိမ်ပြီးဖိတ်တာပေါ့။ အစည်းအဝေးမှာ သူတို့လိုချင်နေတဲ့ အတိုင်း လူသားချင်း စာနာတဲ့ အကူအညီတွေကို ပေးမှာပေါ့။ ဘက်မလိုက်ဘဲ နှစ်ဘက်စလုံးကို ပေးမှာပေါ့။အိုအိုင်စီက ဘာသာရေးအဖွဲ့မဟုတ်ကြောင်း၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှာ မဟုတ်ကြောင်း ဒါတွေကို ပြောကြားတာပေါ့” ဟု ဆိုသည်။

ဦင်္းသာပွင့်မှ သူတုန့်ပြန်ပြောကြားခဲ့မူကို ယခုလို ဆက်ပြောဆိုသည်။

“ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ၂၁၀၂ အရေးအခင်းမတိုင်မှီ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ဒီင်္မတိုင်ခင်မှာလည်း အမျိုးမျိုးကပ်ဆိုးတွေကျရောက်ခဲ့တယ်။ ဒီတုန်းကတော့ ခင်ဗျားတို့က ဘာမှ အကူအညီပေးဖို့ ရောက်လာခဲ့တာ မရှိခဲ့ဘူး။ အခု ၂၀၁၂ ကျမှ ဘင်္ဂလီတွေ ငိုပြတော့ ခင်ဗျားတို့က ကူညီဖို့ ရောက်လာခဲ့တယ်။ ဘယ်လောက်ဘဲ မင်းတို့က ဘက်မလိုက်ဘဲ သမာသမတ်ကျပါတယ်လို့ဆိုဆို ဒီအချက်ကို ကြည့်ကတည်းက သမာသမတ် မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါ့ပြင် လူသားချင်းစာနာတဲ့ အကူအညီပေးမယ်ဆိုရင်လည်း အစိုးရက တဆင့်သာပေး။ ခင်ဗျားတို့ကိုယ်တိုင် ပေးတာတို့ လက်မခံနိုင်ဘူးလို့ ပြောလိုက်တယ်” ဟု ဆိုသည်။

လူသားချင်း အကူအညီကို အစိုးရမှ တဆင့် ပေးကမ်းရန် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း ဖွံ့ဖြိုးရေး အကူအညီကို လက်ခံမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရေး အကူအညီ နောက်ကွယ်တွင် လူမျိုးရေး၊ နိုင်ငံရေး စသည့် အကြောင်းအရာများ နောက်ကွယ်တွင် ကပ်ပါလာတတ်၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးသာပွင့်က ဆိုသည်။

OIC ကိုယ်စားလှယ်အဖွဲ့သည် နောက်ပိုင်းတွင် စစ်တွေမြို့တွင် တည်ရှိသော ရခိုင်နှင့် မူဆလင် ဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပတ် ကြည့်ရှု့ခဲ့ပြီး  တွေ့ရှိချက်များကို အိုအိုင်စီအဖွဲ့သို့ အစီရင်ခံ တင်ပြ သွားမည်ဟု သိရသည်။