Thursday, September 11, 2014

ဘင်္ဂါလီများကိုတိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော


ဥပဒေနှင့်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးနိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော
By
အေးသူစံ
On
Thu, 2014-09-11 18:04
Location
ရန်ကုန်
Issue No.
No.498 Thursday, September 11, 2014
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ −အီးပီအေ)

http://www.7daydaily.com/story/20364#.VBIDXhaTGSo
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿနာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။

စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင် ဂျာများအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂ လိပ်လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။

‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။

နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီအရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ   လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။

ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း ဖော်ပြကြ သည်။

‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။

နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿနာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပဲလှော်ကြားဆားညပ်တဲ့ အုန်းရေ


Ko Shwe Mung

ပဲလှော်ကြားဆားညပ်တဲ့ အုန်းရေ
************************

ဒီရက်ပိုင်းမယ် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကနေ အတည်ပြုလိုက်တယ်ဆိုတဲ့ ယစ်မျိုးခွန်ဥပဒေနဲ့ပတ်သက်ပြီး တော်တော်လေး ဝေဖန်နေကြတယ်။ တကယ်တမ်းတော့ အဲဒီယစ်မျိုးခွန်ဥပဒေက တခြားတိုင်းဒေသကြီးတစ်ချို့မှာ ၂၀၁၃ ခုနှစ်ကတည်းက ဥပဒေပြဌာန်းပြီးသွားပြီ အဲဒီတုန်းကတော့ ဘယ်သူမှ သိပ်သတိမထားမိလိုက်ဘဲ ရန်ကုန်တိုင်းဒေသကြီးဆိုတော့မှ အားလုံးကအာရုံစိုက်မိသွားတာလားမသိဘူး။ ဘာဘဲပြောပြော ခေါင်းလောင်းတို့ သရဖူတို့ မြန်မာဘောအသင်းတို့ပြီးရင် ယစ်မျိုးခွန်ထဲက အုန်းရည်ကိစ္စကလဲ ခေါင်းစဉ်တစ်ခုရတာပေါ့။ တကယ်တမ်းတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေဖွဲ့ ပြီးတော့ ၀တ္တရားကျေအောင် လွှတ်တော်အသီးသီးကနေ ဒေသန္တရဥပဒေတွေပြဌာန်းတဲ့အခါမှာ အခု နာမည်ကြီးနေတဲ့ ယစ်မျိုးခွန်ဥပဒေက ပါလာတာပါ။

ယစ်မျိုးခွန်ဥပဒေရယ်လို့ မြန်မာပြည်မှာ စပြီးပေါ်ပေါက်ခဲ့တာက အင်္ဂလိပ်ကိုလိုနီလက်ထက် ၁၉၁၇ ခုနှစ်ဆိုတာ အင်္ဂလိပ်ရဲ့ဥပဒေ The Burem Excise Act အရသိရပါတယ်။ Excise ဆိုတဲ့စကားလုံးကို အဘိဓာန်တွေထဲမှာ တောင်လှန်မြောက်လှန် ဖတ်ကြည့်ရင်တော့ Excise ဆိုတာ ယစ်မျိုးခွန်ဆိုတာအပြင် ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချတဲ့ကုန်စည်အပေါ် စည်းကြပ်ကောက်ခံတဲ့ အခွန်လို့လဲ တွေ့နိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အင်္ဂလိပ်မင်းများလက်ထက်ကတည်းက ဒီ Excise ဆိုတာကြီးကို ယစ်မျိုးခွန်လို့ဘဲ အသားတကျ သုံးစွဲလာခဲ့တာပါ။ ယစ်မျိုးဝန်ထောက်ဆိုတဲ့ အမှုထမ်းတွေခန့်အပ်ပြီး ယစ်မျိုးခွန်စကောက်တဲ့အချိန်တုန်းက ဘိန်းခွန်ပါ ပါပေမယ့် နောက်ပိုင်းမှာတော့ ဥပဒေထဲကနေ ဘိန်းခွန်ကို ထုတ်ပယ်လိုက်ပုံရပါတယ်။ အခုခေတ်မှာတော့ အဲဒီယစ်မျိုးခွန်ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက ကောက်ခံတဲ့ အခွန်အမျိုးအစားထဲကို ရောက်သွားပါတယ်။ မြန်မာပြည်ရဲ့ အခွန်စနစ်ဟာ အင်္ဂလိပ်ဗြိတိသျှဆီကနေ အမွေဆက်ခံတာဖြစ်တဲ့အပြင် အင်္ဂလိပ်လက်ထက်က အခွန်ဥပဒေကို အခုအချိန်အထိ အမြတ်တနိုး ထိန်းသိမ်းထားတဲ့အထဲမယ် အဲဒီယစ်မျိုးခွန်ဥပဒေလည်း ပါမယ်ထင်ပါရဲ့။ Excise ကိုမြန်မာတွေက ဘာဖြစ်လို့ ယစ်မျိုးခွန်လို့ တရားသေမှတ်သားထားကြသတုန်းလို့ ပြောရမယ်ဆိုရင် အဲဒီ ၁၉၁၇ ခုနှစ်ကတည်းက ပြဌာန်းခဲ့တဲ့ The Burma Excise Act ထဲမှာ ကောက်ခံတဲ့ အခွန်အခအားလုံးဟာ မူးယစ်စေသော သေရည်သေရက်နဲ့ ပတ်သက်တဲ့ကုန်စည်တွေချည်းဖြစ်လို့ပါဘဲ။ တခြားပြည်တွင်းထွက် ကုန်စည်အချို့အပေါ်မှာကောက်တဲ့ Excise ကိုတော့ အင်္ဂလိပ်က သီးခြားဥပဒေတစ်ခုစီပြဌာန်းပြီးတော့မှ ကောက်ပါတယ်။ ဥပမာအားဖြင့် - The Sugar ( Excise Duty ) Act တို့ The Matches (Excise Duty) Act တို့ The Silver (Excise Duty) Act တို့ဘာတို့ပေါ့။

ဒီလိုနဲ့ ဒီဖက်ခေတ်မှာ တိုင်းဒေသကြီးအလိုက် ပြည်နယ်အလိုက် ယစ်မျိုးခွန်ဥပဒေတွေ ပြဌာန်းပြီး ကိုယ့်နယ်နဲ့ကိုယ် စည်းကြပ်ရမယ့် အချိန်ရောက်လာတဲ့အခါ တိုင်းဒေသကြီးလွှတ်တော်တွေကို ပြည်ထဲရေးကဘဲ ဥပဒေကြမ်းရေးပြီးတင်ဟန်တူပါတယ်။ အဲဒီဥပဒေကြမ်းရေးတဲ့အခါမှာလည်း အင်္ဂလိပ်လက်ထက်ကတည်းက အမွေဆက်ခံလာတဲ့ The Burma Excise Act ဆိုတဲ့စာအုပ်ကြီးကို ပြေးလှန်ပြီး မြန်မာလို ဘာသာပြန်..ပြီးတော့ လိုအပ်သလိုကြည့်ကောင်းအောင်ပြုပြင်ပြီး ဥပဒေကြမ်းရေးကြဟန်တူပါတယ်။ အဲသည်အခါမှာ ဘာဖြစ်သတုန်းဆိုတော့ မူရင်းအင်္ဂလိပ်ဥပဒေမှာ ပါတဲ့အသုံးအနှုန်းတွေကို ဘာသာပြန်ပြီး ဒီနေ့ခေတ်ပုံစံနဲ့ ရေးထည့်လိုက်တဲ့အခါ မြင်ကြ ကြားကြတဲ့အတိုင်း ပေရေ၊ ဓနိရေ၊ ထန်းရေ တွေနဲ့ရောပြီး အုန်းရေခမြာ အဆစ်ပါသွားပုံပါဘဲ။ ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲ့ အရင် ပြဌာန်းခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့ရဲ့ ဥပဒေပါ စာသားတွေကို ဖတ်ကြည့်ပါ ထပ်တူထပ်မျှနီးပါး တူညီနေတာကို တွေ့ရပါလိမ့်မယ်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၃/၂၀၁၃
ပဲခူးတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ
ပုဒ်မ ၂။ (ဎ) ထန်းရည် (Tari) ဆိုသည်မှာ ကစော်ဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ၊ ထန်း၊ ဓနိ၊ အုန်း၊ ပေ စသည့်အပင်များမှ ထွက်ရှိသည့် အရည်များကို ဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၈/၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ
ပုဒ်မ ၂။ (ဋ) ထန်းရည် (Tari) ဆိုသည်မှာ ကစော်ဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ၊ ထန်း၊ ဓနိ၊ အုန်း၊ ပေ၊ စသည့် အပင်အမျိုးမျိုးမှ ထွက်သောအရည်ကို ဆိုသည်။

အဲသတော့ မူရင်း The Burma Code Vol. III မှာပါဝင်တဲ့ ၁၉၁၇ ခုနှစ် The Burma Excise Act ရဲ့ ပုဒ်မ ၂။ (ဒ) မှာ အင်္ဂလိပ်လို

' Tari ' means the sap or juice whether fremented or unfermented of any kind of palm tree;

ဆိုပြီးရေးထားပါတယ်။ အဲဒီ Tari ဆိုတဲ့ အင်္ဂလိပ်စာလုံးဟာ အင်္ဂလိပ်အဘိဓာန်မှာ မရှိပါဘူး ဒီတော့ ကျနော့်စိတ်ထင် မြန်မာဝေါဟာရကို ဥပဒေရေးတဲ့ အင်္ဂလိပ်က သူ့နားမှာ ကြားတဲ့အတိုင်း ဘာသာပြန်ပြီးရေးထဲ့လိုက်ပုံပါဘဲ။ မူရင်းဥပဒေမှာ ရေးထားတဲ့အတိုင်း ဘာသာပြန်ကြည့်တဲ့အခါ any kind of palm tree ဆိုတာကိုကြည့်ပြီး ကြိတ်ထဲ့လိုက်တော့ အုန်းရေခမြာကြားညပ်သွားပုံရပါတယ်။ ပထမဆုံး ဒေသဆိုင်ရာ ယစ်မျိုးခွန်ဥပဒေပြဌာန်းတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အမတ်မင်းများကလည်း ဒီ အုန်းရေကို ကွန်ပလိမ့် တက်ခဲ့ပုံမရသလို ဒုတိယမြောက် ပြဌာန်းခဲ့တဲ့ ဧရာဝတီ တိုင်းလွှတ်တော်မှာလည်းကွန်ပလိမ့် တက်ခဲ့ပုံမရပါ။ ထိုနည်းတူစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထဲက ပညာရှိ လွှတ်တော်အမတ်မင်းများကလည်း ဥပဒေကြမ်းထဲက ပဲလှော်ကြားဆားညပ်နေတဲ့ အုန်းရေ လေးကို ကယ်တင်ဖို့ သတိထားမိကြပုံမရဘဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ တစ်ခဲနက် မဲပေးအတည်ပြုလိုက်ကြပါတယ်။ နောက်ဆုံးတော့ အများပြည်သူက ဒီဥပဒေကြမ်းပါ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုဖတ်ပြီး ဥပဒေကြမ်းရေးဆွဲသူ ပညာရှိ ပညာရှင်များရဲ့ ဉာဏ်ပညာကြီးမားပုံကို အုတ်အော်သောင်းတင်း ချီးမွမ်းခန်းဖွင့်ကြတာပေါ့။

မြန်မာရွာသားများဘ၀ကို ခြိမ်းခြောက်နေသည့် တရုတ်တို့၏ စွမ်းအင်လောဘ


http://www.7daydaily.com/story/20299#.VBH-NhaTGSo
By
ခင်မေဇော် (ဝါရှင်တန် ဒီစီ)
On
Wed, 2014-09-10 10:13
Issue No.
အတွဲ (၁၃)၊ အမှတ်(၂၇)
ရခိုင်ပြည်နယ်ရှိ ရေနံတွင်းများမှ ရေနံစိမ်းများသယ်ယူလာသော ဒေသခံအမျိုးသမီးတစ်ဦးကိုတွေ့ရစဉ် (ဓာတ်ပုံ− Hereward Holland)

မြန်မာနိုင်ငံအနောက်ပိုင်းတွင် တရုတ်တို့ ကျောထောက်နောက်ခံပေးထားသည့် စွမ်းအင်နှင့် ကုန်သွယ်မှုဇုန်တို့၏ အကျိုးဆက်များက ရွာစွန်းကျွန်းလေးအပေါ် သက်ရောက်စပြုနေပြီ ဖြစ်သည်။

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းရွာလေးပေါ်က ယိုင်နဲ့နဲ့အရက်ဆိုင်တွင် ဖြစ်ပျက်သမျှအတွက် ကြမ္မာဆိုးကိုသာ ယိုးမယ်ဖွဲ့နေကြပုံရသည်။ ဖုန်အလိမ်းလိမ်းနှင့် တစ်ကိုယ်တော် ရေနံတူးသူ ဦးညွန့်ရွှေတစ်ယောက် ချန်းဘီယာနွေးနွေး တစ်ဘူးကိုပင် အားပါးတရမော့ချလိုက်ရင်း လတ်တလော တရုတ်တို့တွန်းအားကြောင့် သဘာဝဓာတ်ငွေ့ လှိုင်လှိုင်တူးနေသည့်အပေါ် ညည်းညူလိုက်ည်။

‘‘ဒီကနေ့ တရုတ်တွေက အမြတ်အစွန်းတွေ အများကြီးရကြတာ။ ဒေသခံတွေက ဘာမှရတာမဟုတ်ဘူး။ ငါးကြီးရဖို့ ငါးစာတော့လိုတာပေါ့’’


 စီမံကိန်းများက ဒေသခံများ၏ဘ၀များအပေါ် ရိုက်ခတ်စေခဲ့သည် (ဓာတ်ပုံ− Hereward Holland)

ဤအရာကိုပင် အိမ်လုပ်ကာနေရသည့် ဦးညွန့်ရွှေ၏ ရေနံတူးသည့် ၀ါးဆိုင်းကို မကြာမီ ရွှေ့ပေးရတော့မည်။ ဤနေရာကို အထူးစီးပွားရေးဇုန်နှင့် ကူးသန်းသွားလာရေးလမ်းဆုံ လုပ်တော့မည်။ တရုတ်တို့၏ စွမ်းအင်နယ်နိမိတ် ချဲ့ထွင်ရေးအစီအစဉ်နှင့် ကုန်သွယ်ရေးလုံခြုံမှု တစ်စိတ်တစ်ပိုင်းအတွက် အရေးပါလှသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်။

ရမ်းဗြဲကျွန်းသည် အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ကို သွယ်တန်းထားသည့် မိုင် ၇၇၀ ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အနောက်ဘက်ဂိတ်ဆုံး ဖြစ်နေသည်။ ယင်းပိုက်လိုင်းက အမေရိကန်တို့ စောင့်ကြပ်နေသော မလက္ကာရေလက်ကြားကို ရှောင်ကွင်းဖောက်လုပ်သွယ်တန်းထားသည်။

လူဦးရေသန်းတစ်ထောင့်သုံးရာကျော်ဖြင့် စီးပွားရေးအတက်မြန်လာနေသည့် တရုတ်တို့က စွမ်းအင်ကို ငမ်းငမ်းတက်လိုနေသည်။ တရုတ်တို့က ကမ္ဘာ့အကြီးဆုံး စွမ်းအင်အသုံးပြုသူ၊ ထုတ်လုပ်သူအဖြစ် အမေရိကန်ကို မကြာမီကျော်တက်သွားလိမ့်မည်ဟု အမေရိကန်စွမ်းအင်ဆိုင်ရာဌာနက ဆိုသည်။

မကြာသေးမီက ပြီးစီးသွားခဲ့သည့် ရေနံပိုက်လိုင်းက ၆ မိုင်ခွဲမျှသာ ရှည်လျားသည့် ဤကျွန်းငယ်လေးကို စတင်ရိုက်ခတ်နေပြီ ဖြစ်သည်။ ကုန်သွယ်မှု၏ ဗဟိုချက်မတစ်ခုဆိုရလျှင် မြန်မာနိုင်ငံ၏ ချို့ငဲ့သော အနောက်ဘက်ကမ်းခြေက စင်ကာပူလိုဖြစ်လာရန် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ ၆၆ ဒသမ ၆ ကုဗပေ (၁ ဒသမ ၈ ဘီလီယံကုဗမီတာ)ကို တရုတ်သို့ တင်ပို့ခဲ့သည်။ ယခု ရေနံပိုက်လိုင်းက ဤနှစ်အတွင်း စတင်ရန်ရှိပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ ရေနံစည်ပေါင်း လေးသိန်းကျော် (၄၄၀,၀၀၀)ကို နေ့စဉ်သယ်ယူပို့ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

‘‘အထူးစီးပွားရေးဇုန်’’၏ ပထမအဆင့်တွင် လာမည့် ၁၀ နှစ်အတွင်း မြေဧကပေါင်း ၂၄၇၁ ပေါ်တွင် ဇုန်တည်ဆောက်ရေးလုပ်ငန်းများ၊ ၁၂,၃၅၅ ဧကပေါ်တွင် လူနေအိမ်များနှင့် ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ခြမ်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု ဆောက်လုပ်ရေးတို့ပါဝင်သည်။

နှစ်ပေါင်းရာချီနေပြီဖြစ်သည့် ဦးညွန့်ရွှေလို ဒေသခံရွာသားများ၏ ရေနံတူးလုပ်ငန်းများက မရေရာတော့ပါ။

ယနေ့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နယူးယောက်အခြေစိုက် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ သိပ္ပံကဲ့သို့သော ပွင့်လင်းမြင်သာမှုအဖွဲ့များက စိုးရိမ်ကြောင့်ကြဖြစ်နေရသည့် ဖြစ်ရပ်များတွင် ဦးညွန့်ရွှေရင်ဆိုင်နေရသည့် အခြေအနေမျိုးလည်း ပါဝင်သည်။ နိုင်ငံ၏ အရင်းအမြစ်များကို တူးဆွမွှေနှောက်မှုများကြောင့် ဒေသခံများ အမြတ်ထုတ်ခံရ၊ ဖိနှိပ်ခံရကာ ဆက်လက်ပြီး ဆင်းရဲချွတ်ခြုံကျနေသည့် အခြေအနေများပင် ဖြစ်သည်။

မြန်မာအများအပြားအတွက် လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြစ်သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းတို့က စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးရန်အတွက် ဟန်ပြသက်သက် လူမြင်ကောင်းရန် လုပ်နေခြင်းများလား၊ သို့တည်းမဟုတ် အမှန်တကယ်ပင် ဖိနှိပ်သည့် အကျည်းတန်လှသည့် သမိုင်းကကွက်ကို အဆုံးသတ်ရန် ကြိုးပမ်းမှုလေလားဆိုသည်က မသေချာ မရှင်းလင်းလှပါ။ ဦးညွန့်ရွှေဘက်က အမြင်ကတော့ အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် သဲသဲမဲမဲဖြစ်နေပုံက အာဏာရှင်လက်သစ်ပုံစံတစ်ခု ဖြစ်သည်ဟူ၏။ ရမ်းဗြဲကျွန်းလေးပေါ်က ဖွံ့ဖြိုးမှုများက သူ့ကို အလုပ်လက်မဲ့အိုးမဲ့အိမ်မဲ့အဖြစ် တွန်းပို့မည်ကို စိုးရိမ်နေသည်။

‘‘ရခိုင်မှာ အရင်းအမြစ်တွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့က အဲဒါတွေလည်း လိုချင်တယ်’’

လက်ယက်တွင်းများမှသည် ကမ်းလွန်ရေနံတူးဖော်မှုများဆီသို့

ရေနံတောင်ဟု ဒေသခံများ ခေါ်ဆိုကြသည့်နေရာတွင် အမိုးချွန်ချွန်နှင့် ဆောက်ထားသည့် တဲလေးများ ဟိုတစ်ကွက်ဒီတစ်ကွက်ရှိနေပြီး ငြမ်းဆင်ထားသည့် ပိရမစ်များ တောင်ကြောတစ်လျှောက်ပြန့်နေသလို ထင်ရသည်။ ဦးညွန့်သန်းလို တွင်းပိုင်ရှင်များက ကြေးနီရောင်အရည် ရှစ်ဂါလန်ခန့်ကို မြေတွင်းမှ နေ့စဉ်နှင့်အမျှ တူးဖော်ရရှိကြသည်။ ဓာတ်ဆီလိုအနံ့ရသည့် ရမ်းဗြဲရေနံစိမ်းကို အနီးအနားက ကျောက်ဖြူမြို့တွင် ရွှေ့ပြောင်းတဲများဖြင့် သန့်စင်ခဲ့ဖူးသည်။ ယင်းနောက် မော်တော်ဆိုင်ကယ်နှင့် ကားများအတွက် ရောင်းချခဲ့သော်လည်း ဆီသန့်စင်ရေးလုပ်ငန်းက အန္တရာယ်များလှသည်။ ယခုအခါတွင်မူ ပို၍စိတ်ချရသော ရန်ကုန်မြို့မှ ဓာတ်ဆီများကို ပို့ဆောင်လာနေပြီ ဖြစ်သည်။

တစ်နေ့တူးသည့် ရေနံစိမ်းအတွက် ၁၄,၀၀၀ ကျပ် (၁၄ ဒေါ်လာခန့်)ရကြောင်း ဦးညွန့်သန်းက ပြောပြသည်။ ဈေးချိုသည့် ရေနံဆီအဖြစ် သုံးကြသည်။ ရသမျှကို ရွာက သူ့မိန်းမထံပို့ပေးသည်။ တစ်နာရီခန့် လမ်းလျှောက်ရသည့် ရွာဖြစ်သော်လည်း အိမ်ပြန်ရန်တော့ သူအချိန်သိပ်မပေးနိုင်။

ရေနံစိမ်းတူးသည့်နည်းကတော့ မြန်မာနိုင်ငံကိုလိုနီခေတ်ကတည်းက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပေးခဲ့သောနည်းပင် ဖြစ်သည်။ ၀ါး (သို့မဟုတ်) အပြာရောင် ပလတ်စတစ်ပိုက်ဖြင့် လုပ်ထားသည့် တော်ပီဒိုပုံစံထိပ်ဖူးကို တူးထားသော ကျင်းသို့ချသည်။ ရေနံစိမ်းပြည့်လာသည့် ထိပ်ဖူးကို အပေါ်ကို ကြိုးဖြင့် လက်နှင့်ဆွဲတင်သည် (သို့မဟုတ်) တွဲထုပ်တန်းတွင် တွဲထားသည့် မောင်းနှင့်ဆွဲတင်သည်။

သို့ရာတွင် ခေတ်မီရေနံရှာဖွေတူးဖော်ခြင်းက နေရာအတော်များများကို ၀င်ရောက်နေလေပြီ။ ပြီးခဲ့သည့် ဧပြီလပိုင်းက လေလံပစ်ခဲ့သည့် ကမ်းလွန်လုပ်ကွက် ၂၀ ကို ပံ့ပိုးပေးရန် ဤနေရာတွင် ပင်လယ်ဆိပ်ခံတစ်ခုဆောက်ရန် မြန်မာအစိုးရက စီစဉ်ထားသည်။ အနောက်နိုင်ငံ ရေနံကုမ္ပဏီများဖြစ်သည့် Shell, ENI, Total, Chevron တို့ပါဝင်သည့် အစုအစပ် ဖြစ်သည်။

ဒုတိယအကြီးဆုံး ကမ္ဘာ့ရေနံဖောက်သည်ကြီး တရုတ်မပါဝင်လာခြင်းက ထူးဆန်းနေသည်။ မြန်မာက သူ၏နိုင်ငံတကာမဟာမိတ်များအား စည်းတားထားပုံရကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ သို့သော် တရုတ်က မြင်ကွင်းမှ ပျောက်ကွယ်မသွားပါ။ ဘေဂျင်းက မြန်မာ၊ အထူးသဖြင့် ရမ်းဗြဲကျွန်းကို လုံခြုံမှုများ၊ မြန်ဆန်သော ကုန်သွယ်မှုများ၏ အဓိကသော့ချက်အဖြစ် မြင်ထားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်တွင် ရထားလမ်းများ၊ ကားလမ်းများ ဖောက်လုပ်ရန် အစီအစဉ်ရှိနေသည်။ သယ်ယူပို့ဆောင်ချိန်ကလည်း တိုတောင်းပြီး ပင်လယ်ဓားပြများဖြင့် ပြည့်နှက်နေသည့် ရေပြင်ကို ရှောင်ရှားနိုင်သည့် စီးပွားရေးပင်မလမ်းကြောင်းကြီး တည်ထောင်ရန်နှင့် ပို၍အရေးကြီးသည်က မလက္ကာရေလက်ကြားအသုံးပြုရာတွင် အမေရိကန်နှင့် ရှေ့လျှောက်ရင်ဆိုင်စရာမလိုသည့် အာမခံချက် ဖြစ်သည်။

လွန်ခဲ့သည့် ၁၀ နှစ် ဤရေနံပိုက်လိုင်းအစီအစဉ်ကို တင်ပြခဲ့စဉ်က တရုတ်စီးပွားရေးပညာရှင်များက စိုးရိမ်တကြီးဖြစ်ခဲ့ကြသည်။

‘‘တရုတ်ရဲ့ အဓိကရေနံတင်ပို့မှုက အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့က ဖြစ်တယ်။ လက်ရှိ မလက္ကာရေလက်ကြားအခြေအနေကိုကြည့်ရင် တခြားသင့်တော်တဲ့နည်းတစ်ခုခုကို ရွေးရတော့မယ်။ အမေရိကန်ထိန်းချုပ်မှုအောက် ရောက်ဖို့ဆိုတာက တရုတ်အတွက် အင်မတန် အန္တရာယ်များလွန်းတယ်’’ဟု အစီအစဉ်ကို ပူးတွဲရေးသားတင်ပြခဲ့သူ လီချန်ရန်းက ၂၀၀၄ ခုနှစ်တွင် စထရိတ်တိုင်မ်းသတင်းစာကို ပြောဆိုခဲ့သည်။

ပြုပြင်ပြောင်းလဲမှု အစစ်အမှန်လား ဟန်ပြလား

ကျောက်ဖြူမှ မိနစ် ၄၀ မော်တော်ခရီးက သင့်ကို ရမ်းဗြဲကျွန်း၏ အေးဆေးငြိမ်သက်နေသည့် ဖြူညစ်ညစ် စစ်သင်္ဘောဆိပ်ခံအစုအပုံကို ကျော်ဖြတ်ပြီး ရေနံပိုက်လိုင်း၏ အနောက်ဘက်ဂိတ်ဆုံးဖြစ်သည့် ဆိပ်ကမ်းကို ခေါ်ဆောင်သွားလိမ့်မည်။

မကြာမီ ရေနံကိုစုပ်ယူတော့မည့် မြင့်မားစီးမိုးနေသော လိမ္မော်ရောင် ပိုက်လိုင်းများတစ်လျှောက် ဖြတ်မောင်းသွားစဉ် ရွှေဂက်စ်လှုပ်ရှားမှုစည်းရုံးသူတစ်ဦးဖြစ်သူ ကိုစိုးရွှေက မြန်မာနိုင်ငံအရေး သူ့အမြင်များကို ပြောပြနေသည်။

‘‘အရင်စစ်အစိုးရနဲ့ အခုအစိုးရသစ်က အတူတူပါပဲ။ အင်္ကျီပဲလဲလိုက်တာပါ’’ဟု ၂၀၁၀ ရွေးကောက်ပွဲနှင့် တက်လာသည့် အရပ်သားတစ်ပိုင်းအစိုးရကို ရည်ညွှန်းပြောဆိုလိုက်သည်။ အနောက်နိုင်ငံသံတမန်များက ယင်းရွေးကောက်ပွဲကို အလိမ်အညာအဖြစ် လက်ခံထားကြသည်။

အ၀တ်လဲလိုက်သော်လည်း လူထုအကျိုးကို မငဲ့ကွက်သည့် ဤလူများကပင် တိုင်းပြည်၏ အရင်းအမြစ်များကို ဆက်လက်၍ လုယက်ရယူနေမည်ကို သူကစိုးရိမ်နေသည်။

အစိုးရသစ်တွင် ယခင်စစ်အစိုးရနှင့် အဆက်အသွယ်ကောင်းလှသည့် ပင်စင်စား စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ပြည့်နှက်နေသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်တွင် မြန်မာသည် ကမ္ဘာ့သို့ ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ခဲ့ပြီး အာရှတစ်ခွင်လုံးတွင် အကောင်းဆုံးပညာရေးတက္ကသိုလ်များရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံအပါအ၀င် ဖြစ်ခဲ့သည်။

ရာစုနှစ်ထက်ဝက်ခန့် အာဏာရှင်အုပ်ချုပ်မှုနှင့် ညံ့ဖျင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုတို့က နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာဖြစ်စေခဲ့ပြီး ဆင်းရဲတွင်းနက်စေခဲ့သည်။

မြေပေါ်မြေအောက်သယံဇာတများဖြစ်သည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်၊ ရှားပါးသတ္တု၊ ကျောက်မျက်ရတနာများ တူးဖော်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံသူများ တန်းစီနေချိန်၊ ဈေးပေါသော လုပ်အားခများကို အသုံးချနိုင်မည့် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်များအတွက် အမေရိကန်နှင့် ဥရောပတို့ထံမှ အားပေးသံသဲ့သဲ့မျှသာ ထွက်ပေါ်ခဲ့သည်။

သဘာဝသယံဇာတအရင်းအမြစ်များ ထိန်းချုပ်ကွပ်ကဲရေးသိပ္ပံမှ ဘီလီကိုက်က မြန်မာသည် အတိတ်ကလိုပင် ပွင့်လင်းမြင်သာမှုမရှိသည့် စီးပွားရေးစနစ်မျိုးကို ဆက်လက်အကောင်အထည်ဖော်သွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ပြောဆိုလိုက်သည်။ ယင်းစနစ်တွင် လူတစ်စုကသာ အကျိုးများပြီး အောက်ခြေလူထုကို အကျိုးအမြတ်များ သက်ရောက်မှုမရှိပါ။ စီးပွားရေးကို အလျင်အမြန်ဖွင့်လှစ်ပြီး နိုင်ငံတကာကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ ဖက်စပ်လုပ်ရန် အားပေးမှုများသည် အတွင်းသိများကိုသာ အခွင့်အလမ်းကောင်းများရစေခဲ့သည်ဟု သူကထောက်ပြခဲ့သည်။

‘‘ရေနံနဲ့ သဘာဝဓာတ်ငွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ပုန်းလျှိုးကွယ်လျှိုးပိုင်ဆိုင်ကြတဲ့သူတွေက အရင်ခရိုနီတွေပါပဲ။ သူတို့က အမြတ်ခွန်တွေရှောင်တာတွေ၊ လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှုတွေအတွက် အပြစ်ပေးမခံရအောင် ရှောင်တာတွေမှာ ကျွမ်းကျင်ကြတယ်။ ပြီးတော့ ဒေသခံလူထုအဖွဲ့အစည်းတွေရဲ့ဘ၀ကို လုံးဝလျစ်လျူရှုထားတဲ့သူတွေပါ’’

မျှော်လင့်ချက်၏ လက္ခဏာများ

ရမ်းဗြဲကျွန်းတွင် တရုတ်တို့ ကျောထောက်နောက်ခံပေးထားသည့် ဖွံ့ဖြိုးမှုလုပ်ငန်းများက မြန်မာအစိုးရ၏ တကယ့်ရည်ရွယ်ချက်များ၏ မှတ်ကျောက်ဖြစ်နေသည်။ ကောင်းသောလက္ခဏာများ ရှိနေသည်ကတော့ အသေအချာပင် ဖြစ်သည်။

ဒေသခံလူထုကို အကြောင်းကြားအသိပေးရန်နှင့် သူတို့၏ စိုးရိမ်ပူပန်မှုများကို လက်ခံဖြေကြားပေးရန်အတွက် အစိုးရက ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး စင်ကာပူအကျိုးဆောင်အဖွဲ့တစ်ခုဖြစ်သည့် စီပီဂျီကိုလည်း ငှားရမ်းကာ စီမံကိန်းချမှတ်၍ ရင်းနှီးမြှုပ်နှံမည့်သူများကို ရွေးချယ်မည် ဖြစ်သည်။ ယင်းစီမံချက်တွင် သဘာ၀၀န်းကျင်အပေါ် ရိုက်ခတ်မှုကို လေ့လာသုံးသပ်ချက်လည်း ပါဝင်သည်။

ဖွံ့ဖြိုးမှု၏ ပထမအဆင့်တွင် ထုတ်လုပ်မှု၊ အထူးသဖြင့် ဆောက်လုပ်ရေးပစ္စည်းများ၊ အ၀တ်အထည်ထုတ်လုပ်မှုနှင့် ရေလုပ်ငန်းကို အဓိကဦးစားပေးမည်ဖြစ်ကြောင်း စီပီဂျီအကျိုးဆောင်အဖွဲ့က အီးမေးလ်တွင် ရေးသားခဲ့သည်။ ‘‘ဒေသခံလူထုက ဒီစီမံချက်ရဲ့ အဓိကလုပ်အားတွေဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားမယ်’’

ဇူလိုင်လတွင် နော်ဝေးနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ EITI က မြန်မာကို တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုဆိုင်ရာအဖွဲ့ဝင်အဖြစ် လက်ခံလိုက်သည်။

EITI အောက်တွင် နိုင်ငံတစ်ခုသည် ၎င်း၏ သဘာဝအရင်းအမြစ်များကို မည်သို့မည်ပုံစီမံခန့်ခွဲကြောင်း လုပ်ငန်းစဉ်တိုးတက်မှုများကို ပြသထားသည့် အစီရင်ခံစာတစ်ခုကို ၁၈ လအတွင်း ပြင်ဆင်ပြီး တင်သွင်းရသည်။ ယင်းအချက်က မြန်မာနိုင်ငံ၏ လျှို့ဝှက်လုပ်ကိုင်နေကြသည့် တူးဖော်ရေးလုပ်ငန်းများ၏ ခြုံလွှာကို ဖယ်ရှားပစ်နိုင်ရေးအတွက် သိသာသည့် ခြေလှမ်းရပ်တစ်ခုပင် ဖြစ်သည်။

ကမ္ဘာ့ဘဏ်အတွက် EITI ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမ်မာအာဗင်က ‘‘မြန်မာနိုင်ငံအတွက် ပွင့်လင်းမြင်သာမှုနဲ့ ပြဿနာတွေနဲ့ ပတ်သက်တဲ့ လူထုဆွေးနွေးမှုတွေ ဖြစ်လာစေဖို့အတွက် တကယ့်အခွင့်အခါကောင်းကြီး တစ်ရပ်ပါပဲ။ ဒီထဲမှာ အခွန်ဘဏ္ဍာဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လိုင်စင်ချပေးတဲ့ လုပ်ငန်းစဉ်တွေ၊ ပိုင်ဆိုင်မှုကို ဆက်ခံတဲ့ကိစ္စတွေနဲ့ စာချုပ်စာတမ်းတွေကို ထုတ်ဖော်ပြသတာတွေလည်း ပါဝင်ပါတယ်’’

EITI ၏ ညွှန်ကြားချက်များနှင့်အညီ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ငွေလက်ခံမှတ်တမ်းများကို အများပြည်သူသိအောင် ကြေညာပေးမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ကတိပြုခဲ့သည်။ ‘‘အရေးကြီးဆုံးကတော့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး လုံးဝဥဿုံပွင့်လင်းမြင်သာမှုရှိပြီး လူတိုင်းက ဒီတူးဖော်ရေးလုပ်ငန်းတွေက အခွန်ငွေတွေ ဘယ်ကိုသွားတယ်ဆိုတာကို သိနိုင်ဖို့ လုပ်ရပါမယ်’’ဟု ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

မကောင်းသည့် မျိုးစေ့များ

ယင်းသို့သော အာမခံမှုများကတော့ ထိုမျှပင်ဖြစ်သည်။ ဦးညွန့်ရွှေလို ရွာသားများ၏ စိုးရိမ်ကြောင့်ကြမှုများက ခါးသီးလှသော အတွေ့အကြုံများတွင် အရင်းခံနေလေသည်။ အတိတ်ကဆိုလျှင် မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှုသည် သာမန်အရပ်သားများအတွက် ကြွယ်ဝမှုမဟုတ်ခဲ့ပါ။ တရုတ်တို့ ကျောထောက်နောက်ခံပေးထားသည့် စီမံချက်ကြီးများကြောင့် ဒေသခံများ မြေယာပျောက်ဆုံးခဲ့ရသည်ဟူသော စွပ်စွဲမှုများရှိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းတိုးချဲ့မှုအပေါ် ဆန့်ကျင်ကန့်ကွက်သူများကို အင်အားသုံးဖြိုခွဲခဲ့သည့် ဖြစ်ရပ်က အကြမ်းဖက်သည့် အခြေအနေသို့ ရောက်ခဲ့သည်။ ရဲများက အဖြူရောင်ဖော့စဖရပ်သုံးပြီး လူအုပ်ခွဲခဲ့သဖြင့် ဗုဒ္ဓဘာသာဘုန်းကြီးများအပါအ၀င် လူဒါဇင်ပေါင်းများစွာ မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံရောက်လာခဲ့သည်။

တရုတ်တို့ တည်ဆောက်မည့် ၃ ဒသမ ၆ ဘီလီယံဒေါ်လာတန် မြစ်ဆုံရေကာတာစီမံချက်ကို ဆန့်ကျင်ကန့်ကွက်သူများက ယခုနှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့မှ နိုင်ငံတစ်ဝန်းဖြတ်ကျော်ပြီး မိုင် ၈၀၀ ဝေးသည့် မြစ်ဆုံဆည်တည်ဆောက်မည့် နေရာဆီသို့ ချီတက်သွားခဲ့ကြသည်။ ယင်းရေကာတာစီမံချက်ကို ၂၀၁၁ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းထားခဲ့သည်။ ယင်းမတိုင်မီ တစ်နှစ်က စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား တိုက်ပွဲကြောင့် ဆည်စီမံကိန်းအနီးတွင် တရုတ်အလုပ်သမားတစ်ဦးနှင့် အခြားလူတချို့ သေဆုံးခဲ့ရသည်။

၂၀၁၅ အလွန်တွင် တရုတ်တို့က မြစ်ဆုံရေကာတာစီမံကိန်း ပြန်လည်စတင်မည်ကို ဆန္ဒပြသူများက စိုးရိမ်နေကြသည်။ ယင်းမှထွက်သည့် လျှပ်စစ်၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို ပို့ဆောင်ရန် စီစဉ်ထားသည်။

ရမ်းဗြဲကျွန်းတွင် အကြမ်းဖက်မှုများတော့ မစတင်သေးပါ။ သို့သော် မနှစ်မြို့မှုများကို စတင်တွေ့နေရပြီဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် မောင်ဝင်းနိုင်၏ မြေ ၂ ဧကကို ရေနံပိုက်လိုင်းတူးဖော်ရေးအတွက် အာဏာပိုင်များက သိမ်းယူခဲ့သည်။

အစိုးရက လယ်သမားများကို နစ်နာကြေးအဖြစ် ဒေါ်လာ ၄၅၀၀ ပေးခဲ့သော်လည်း ယင်းငွေက အလျင်အမြန်ပင် ကုန်သွားခဲ့သည်။ ယခုအခါ သူ့အတွက် ၀င်ငွေရလမ်းမရှိတော့ပါ။ ‘‘ကျွန်တော်အိမ်တစ်လုံးဆောက်တယ်ဗျ။ အဲဒါပြီး နောက်တစ်နှစ်ကျတော့ ငွေက အားလုံးကုန်သွားတာပဲ’’ဟု သူက နှမြောတသစွာပြောသည်။

တရုတ်အမျိုးသားရေနံကုမ္ပဏီနှင့် ဒေသခံအာဏာပိုင်များအား ရေနံပိုက်လိုင်းအတွက် မြေယာသိမ်းမှုများ တိုင်တည်ရန် ကြိုးစားကြသော ရွာသားများကို အစပိုင်းတွင် ဖမ်းဆီးခြင်းများဖြင့် ရဲများက တုံ့ပြန်ခဲ့ကြပြီးနောက်ပိုင်းတွင်မှ နစ်နာကြေးပေးရန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ရမ်းဗြဲကျွန်းပေါ်က တံငါများကလည်း ရေနံပိုက်လိုင်းစတင်သည့် ၂၀၁၀ ပြည့်နှစ်ကစပြီး ငါးဖမ်းရမှု သုံးပုံနှစ်ပုံလျော့နည်းသွားသည်ဟု ဆိုသည်။

ဒီရေရောက်တောစပ်ရှိ ယိုင်နဲ့နဲ့စင်ဖြင့် ငါးဒိုင်ဖွင့်ထားသည့် ဦးတင်ကြည်က ရေနံပိုက်လိုင်းအနီးတွင် ဖမ်းဆီးရမိသည့် ငါးများကိုဝယ်ပြီး ကျောက်ဖြူတွင် သွားရောက်ရောင်းချသည်။ ရေနံပိုက်လိုင်းနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမှ မေးမြန်းပြောဆိုခြင်းမရှိခဲ့ဟု သူကပြောပြသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် ငါးဖမ်းပိုက်များချထားရာ ကမ်းရိုးတန်းတစ်လျှောက် ကျောက်တောင်ကြီးများကို ဖြိုချခဲ့သဖြင့် မည်သို့မျှ ငါးဖမ်း၍ မဖြစ်နိုင်တော့ဟု သူကဆိုသည်။

ပို၍ဆိုးသည်က သင်္ဘောလမ်းကြောင်းအတွက်ဟုဆိုကာ ရေနက်ပိုင်းတွင်လည်း ငါးဖမ်းခွင့်ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။ ရေနံတင်သင်္ဘောကြီးများ၏ လမ်းကြောင်းကို ငါးဖမ်းလှေများက အနှောင့်အယှက်ဖြစ်စေသည်ဟူ၏။

ယခင်က သူ၏လုပ်ငန်းမှ တစ်နှစ်လျှင် အသားတင်အမြတ်ငွေ ကျပ် ၁၀ သန်း (ဒေါ်လာ ၁၀,၅၀၀)ရရှိကြောင်း ဦးတင်ကြည်ကဆိုသည်။ ယင်းအမြတ်ငွေများက နိဋ္ဌိတံသွားခဲ့သည်။ ထို့ကြောင့် အခြားရွာသားများနှင့်အတူ ရေနံပိုက်လိုင်းဆန့်ကျင်ဆန္ဒပြရာတွင် သူဝင်ပါခဲ့သည်။ ရဲကဖမ်းပြီး သူ့ကို ထောင်နှစ်လချခဲ့သည်။ ‘‘အခုတော့ ကျွန်တော်ဝင်ငွေလည်း မရှိတော့ဘူး။ မိသားစုအတွက် ကုန်တာပဲရှိတော့တယ်။ ကျွန်တော်တို့ကို ဖမ်းမယ့်အစား အစိုးရက ဒီပြဿနာကို ဖြေရှင်းပေးသင့်တယ်’’

နိုင်ငံတော်အဆင့်တွင်တော့ အကျင့်ဟောင်းများပြင်ရန် ခက်နေသည်။ ပြီးခဲ့သည့် ၂ နှစ်အတွင်း အစိုးရက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက် ၂၀ နှင့် ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်ကို လေလံပစ်ခဲ့သည်။ ပွင့်လင်းမြင်သာမှုအကြောင်း ပြောဆိုနေသော်လည်း ယင်းရေနံလုပ်ကွက်များကို လေလံရသွားသည့် ကုမ္ပဏီ၏ အကျိုးခံစားခွင့်ရသူအများစုကို မသိရဘဲ သံသယဖြစ်ဖွယ်တွေ့ရကြောင်း တူးဖော်ရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်နေသည့် Global Witness အဖွဲ့ကြီးက ပြောဆိုလိုက်သည်။

‘‘အမည်မဖော်တဲ့ကုမ္ပဏီတွေက လာဘ်စားတဲ့ နိုင်ငံရေးသမားတွေ၊ ရာဇ၀တ်သမားတွေနဲ့ အခွန်ရှောင်တဲ့သူတွေအတွက် နိုင်ငံတကာထွက်ပေါက်ပေးနေတဲ့ နည်းလမ်းကြီးလိုပါပဲ’’ဟု Global Witness အဖွဲ့ကြီးမှ ဂျူမန်းကပ်ဘာက ပြောဆိုသည်။

‘‘အာဏာရှိတဲ့ တစ်သီးပုဂ္ဂလတွေကို သူတို့ ဘယ်သူတွေဖြစ်တယ်၊ ဘာတွေလုပ်နေတယ်ဆိုတာတွေကို ဖုံးကွယ်ခွင့်ပေးထားတဲ့အတွက် အဲဒီလူတွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဈေးမတန်တဆနှိမ်ပြီး ကိုယ့်ဘာသာ ပြန်ဝယ်ခွင့်ရတဲ့အခြေအနေကို ဖန်တီးပေးနိုင်ပါတယ်’’

ထို့အပြင် ကုမ္ပဏီကို လျှို့ဝှက်ထားခြင်းက ယခင်စစ်အစိုးရအဖွဲ့ဝင်များကို ငွေလွှဲပေးရာတွင် အကူအညီဖြစ်စေသဖြင့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက်နှောင့်ယှက်ပေးရန် အထောက်အကူပေးနေခြင်းလည်း ဖြစ်သည်။

ရေနံ၏ သီချင်းသံ

ရမ်းဗြဲကျွန်း၏ အနောက်ဘက်ကမ်းခြေရှိ လိပ်အေးရွာ၏ ပင်လယ်ဘက်က စပါးခင်းများတွင် မောင်အေး၏ မိသားစုမျိုးဆက်သုံးဆက်က ရေနံ၏သီချင်းသံကို နာယူရင်း ကြီးပြင်းခဲ့ကြသည်။

ယင်းသီချင်းသံဆိုသည်မှာ တွင်းထဲသို့ ပုံးပြုတ်ကျသည့်အသံ ဖြစ်သည်။ ‘‘ရေနံကို ပုံးကထိလိုက်တဲ့အခါ အသံပျော့ပျော့လေးကို ကျွန်တော်ကြားရတယ်။ ရေကိုထိရင်တော့ အသံကမာတယ်။ ပိုကျယ်တယ်’’ဟု သူက ရှင်းပြသည်။ ကမ်းခြေကို  ခပ်ပြေပြေ နှိမ့်ဆင်းသွားသည့် သူ၏မြေကွက်ပေါ်တွင် လူနေအိမ်ဆောက်မည်ဟု အထူးစီးပွားရေးဇုန်ကော်မတီ၏မြေပုံက ဖော်ပြထားသည်။ ဟိုတယ်လည်း ဖြစ်ကောင်းဖြစ်မည်။ အရင်းအမြစ်ကို အသည်းအသန်လိုအပ်နေသော တရုတ်တို့က ၁၉၉၀ နှောင်းပိုင်းမှစ၍ ၂၀၁၂ ခုနှစ်အထိ အနောက်က စီးပွားရေးပိတ်ဆို့ထားချိန်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအားလုံးကို နေရာယူထားပြီး ဖြစ်သည်။ ယင်းအချိန်က မြန်မာနိုင်ငံကို တရုတ်လက်ဝေခံနိုင်ငံငယ် ဖြစ်လာမည်ကို စိုးရိမ်ခဲ့ကြသည့် မြန်မာအရာရှိများက ဥရောပနှင့် အမေရိကန်တို့ကို ဆွဲဆောင်ပြီး နိုင်ငံခြားမှ လွှမ်းမိုးမှုချိန်ခွင်လျှာမျှတရေး စတင်ကြိုးပမ်းခဲ့ကြသည်။

‘‘ရေနံချမ်းသာတဲ့နိုင်ငံတွေက သာမန်အားဖြင့်ဆိုရင် လိုင်စင်ချတဲ့အခါ ကွဲပြားတဲ့ ရေနံကုမ္ပဏီအမျိုးမျိုးရအောင် ကြိုးစားကြတယ်။ ဒါမှလည်း နိုင်ငံရေးအရ အကျိုးအများဆုံးဖြစ်အောင် လုပ်နိုင်မှာဖြစ်သလို သူတို့နိုင်ငံရဲ့ ဒေသန္တရနိုင်ငံရေးသြဇာဖြန့်ကြက်နိုင်ဖို့လည်း ဖြစ်တယ်’’ဟု ဗြိတိန်အခြေစိုက်နိုင်ငံတကာတူးဖော်ရေးလုပ်ငန်း အကျိုးဆောင်တစ်ဦးဖြစ်သူ ဂျီးလ်ရန်ကယ်မန်က ပြောဆိုသည်။

‘‘ဒီတော့ မြန်မာက တရုတ်တစ်ဦးတည်းမဟုတ်ဘဲ ဥရောပ၊ မြောက်အမေရိကနဲ့ အာဆီယံရင်းနှီးမြှုပ်နှံသူတွေကို ခွဲပေးဖို့လုပ်တာက ဘာမှအံ့သြစရာမရှိပါဘူး’’။ သို့သော် မြန်မာနိုင်ငံက ပွင့်လင်းမြင်သာမှုရှိသည့် စီမံခန့်ခွဲမှုကို ကျင့်သုံးမှုမရှိမချင်း၊ ကြွယ်ဝမှုများကို သူ့ပြည်သူများကို ပြန်လည်ပေးအပ်မှုမရှိမချင်း မည်သည့်နိုင်ငံခြားအာဏာပိုင်က အခွင့်အရေးရသည်ဆိုသည့်အချက်က ရမ်းဗြဲကျွန်းမှ လူထုအတွက် သိပ်တော့ခြားနားမှုမရှိပါ။

‘‘ကျွန်တော်က ဒီမြေကိုချစ်တယ်’’ ရေနံစိမ်းကို ပုံးထဲဂရုတစိုက်လောင်းထည့်ရင်း မောင်အေးက ပြောလိုက်သည်။ ‘‘ဒီမှာနေတဲ့လူတွေအတွက်တော့ နေပြည်တော်မှာရှိတဲ့အစိုးရက ဂရုမစိုက်ပါဘူးဗျာ’’

(National Geographic မဂ္ဂဇင်းပါ ဆောင်းပါးရှင် ဟီးယားဝါဒ်ဟောလန်၏ In Myanmar, China's Scramble for Energy Threatens Livelihoods of Villagers ဆောင်းပါးကို ခင်မေဇော် ဘာသာပြန်ဆိုသည်။)

သံတွဲမြို့သို့ကျောက်နီမော်မှဘင်္ဂလီများခိုး၍ဝင်ရောက်


သံတွဲမြို့သို့ကျောက်နီမော်မှဘင်္ဂလီများခိုး၍ဝင်ရောက်လာမှုကို
ဆရာတော်များနှင့်ဒေသခံတို့ဖမ်းပြီ ။

၁၀-၉-၂၀၁၄ နေ့ နေ့လည်(၃)နာရီအချိန်ခန့်တွင်ကျောက်နီမော်ကျေးရွာမှ ဘင်္ဂလီ
ဦးခင်မောင်(ခ)အာမီဆတ်ပိုင်ဆိုင်သည့်စက်လှေဖြင့်ဘင်္ဂလီများတင်ဆောင်ပြီး
သံတွဲမြို့သို့လာကြောင်းသတင်းရရှိသဖြင့်သက်ဆိုင်ရာသို့အကြောင်းကြားပြီး
သိမ်ကုန်း ဆရာတော်နှင့်အတွင်းရေးမှုးသုခဝတီဆရာတော်တို့သည်ကင်းမော်
ဆိပ်ကမ်းမှသွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့သည်၊။

၎င်းကိစ္စနှင့်ပတ်သက်ပြီးဒေသခံတို့မှမကျေနပ်၍ပြဿနာဖြစ်သွားနိင်သည့်တင်းမာမှုများ
ဖြစ်ပေါ်နေ၍ဆရာတော်များမှမြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှုးခင်ဇော်တို့နှင့်ပူးပေါင်းကာအခြေ
အနေအရပ်ရပ်ကိုထိန်းသိမ်းပြီးစက်လှေကို၎င်းတင်ဆောင်လာသောဘင်္ဂလီများနှင့်
အတူကျောက်နီမော်ကျေးရွာသို့ပြန်လည်စေလွှတ်ခဲ့ပါသည်၊ထိုစက်လှေပေါ်တွင်ပါသည့်
ဘင်္ဂလီ၏များမှာမြန်မာစကားမပြောတတ်ဘဲ လဝက မှငွေယူပြီးထုတ်ပေးထားသည့်
အထောက်အထားများပါရှိသည်ကိုတွေ့ရှိရပါသည်၊

နောက်နေ့များတွင်လည်းထိုသို့ဝင်လာပါကဒေသတွင်းတင်းမာမှုမြင့်မားပြီးအေးချမ်း
နေသောသံတွဲမြို့သည့်ပဋိပက္ခအသွင်ဆောင်သွားနိုင်သည်ဟုဒေသခံများမှသုံးသပ်
နေပါသည်။

ဒီကိစ္စကိုသက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်ဗိုလ်ချုပ်မောင်မောင်အုန်း သံတွဲမြို့ကိုရောက်
ရှိပြီးမြို့ပေါ်အသင်းအဖွဲ့များနှင့်တွေ့ဆုံစဉ်က ဦးသိန်းစံမှတင်ပြထားခဲ့သေိာလည်း ယနေ့ထိထူးခြားမှုမရှိသေးဘဲလျှစ်လျှူရှုနေ ပါသည်။

ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ လဝက လာဘ်ငွေစားပြီးကျောက်နီမော်မှသံတွဲသို့ဘင်္ဂလီ
များဝင်ရောက်မှုကိုမတားဆီးရင်တော့သံတွဲမြို့တွင်ပြဿနာများဆက်တိုက်ဖြစ်ပွားမည့်
အခြေအနေရှိပါကြောင်းမီးမောင်းထိုးပြလိုက်ပါသည်စက်လှေသမားနှင့်အကြိုအပို့
လုပ်သည့်သုံးဘီးဆိုင်ကယ်အားစစ်မေးကြည့်ရာယခုအခေါက်နှင့်ဆိုလျှင်(၄၀)ကျော်
ရှိပြီဟုသိရှိရကြောင်းသတင်းရရှိပါသည်။

သတင်းဓါတ်ပုံ- ရခိုင်လူမူကွန်ရက် - သံတွဲ

မြန်မာပြည်အတွင်း ပထမဦးဆုံး Mobile App ဖြင့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ရှာနိုင်ပြီ



Lamudi ကုမ္ပဏီမှ Mobile App ဖြင့် အိမ် ခြံ မြေ တိုက်ခန်း ရှာသည့် လုပ်ငန်းကို ၂၈ နိုင်ငံတွင် ချဲ့ထွင်


ကမ္ဘာ့အိမ်ခြံ တိုက်ခန်းရှာ ရောင်း ၀ယ် လုပ်ငန်းဖြစ် သည့် Lamudi  မြန်မာ အတွင်း အခေါ် House မှ ဤအပတ်အတွင်း Android App ကို ရွှေမြန်မာပြည်သူများ အိမ်ခြံ တိုက်ခန်း ကွန်ဒို ရှာဖွေ မှု အဆင်ပြေရန် တီထွင်လိုက်ပါပြီ။                       

ဤ App ရဲ့ လုပ်ငန်း အရ Lamudi က သူ့ရဲ့ Mobile App ထဲမှာ အိမ်ခြံမြေ တိုက်ခန်း ကွန်ဒို ပေါင်းစုံ ၄၀၀၀၀၀ နီးပါးကို ထည့်သွင်းထားပါတယ်။ အများအားဖြင့် အာရှ၊ အရှေ့ အလယ်ပိုင်း ဒေသ၊ တောင်အမေရိကနဲ့ အာဖရိ ကတိုက်တွေမှာ ရှိတဲ့ အိမ်ခြံမြေ များဖြစ်ပါတယ်။ App ကတော့ ၂၈ နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကိုလန်ဘီယာ နဲ့ မြန်မာကဲ့သို့တိုးတက်ဆဲနိုင်ငံတွေမှာ ချဲ့ထွင်တာဖြစ်ပါတယ်။ ဤ App ရဲ့ လုပ်ဆောင်ချက်ကတော့ အိမ် ရောင်း ၀ယ်လုပ်ငန်း ရှာဖွေမှုကို လွယ်ကူစွာ လုပ်ဆောင်ပေးတဲ့ ၀န်ဆောင်မှု စနစ်ဖြစ်ပါတယ်။

Lamudi App ဟာ ဈေးကွက် ကြီးမားတဲ့ အာရှတိုက် မှာ စွမ်းစွမ်းတမံ အင်တာနက် ၀န်ဆောင်မှု ပေးနေပါတယ်။ လွန်ခဲ့ သော အပတ်အတွင်း State of the Internet ၏ သုံးသပ်ချက်အရ အာရှအတွင်း  မိုဘိုင်း ဈေးကွက် နဲ့ သုံးသူများမှာ အိမ်သုံး ကွန်ပြူတာ အင်တာနက် ၏ တ၀က်နီးပါးခန့် ရှိသည်ဖြစ်ကြောင်းပြော ကြားခဲ့ပါတယ်။

မြန်မာအတွင်း Android Mobile ဟာလူ ကြိုက်များ နံပါတ် ၁ ဖြစ်ပါတယ်။ Google ရဲ့ Operating system နှင့် ကိုက်ညီတဲ့ Android ဟာ လောလောဆယ်မှာတော့် ဈေးကွက်အရ ၆၀ % ရှိပါတယ်။ ဒုတိယ Operating System ကတော့် Apple iOS ဖြစ်ပြီး ဈေးကွက်မှာ ၂၂% ရာခိုင်နှုန်းရှိပါတယ်။

Lamudi ရဲ့ ကုမ္ပဏီလုပ်ငန်းရှင်ဖြစ်တဲ့ Antonius Salis ကအခုလိုပြောပါတယ်။ ‘Android ဟာ Smartphone ရဲ့ အနာဂတ်ဖြစ် တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ယခုလို ၀န်ဆောင်မှုလုပ်ငန်း ကို ၂၈ နိုင်ငံမှာ ချဲ့ထွင်လိုက်တာဖြစ်ပါတယ်။ ‘

မြန်မာပြည် ရဲ့ Managing Director ဖြစ်တဲ့ Michiel Bakker ကတော့ ‘ မြန်မာပြည်အတွင်း အိမ်ခြံ မြေဈေးကွက်ကြီးလာတာနဲ့ Customers တွေတော်တော်များ များ ဟာလည်း သူတို့ ရဲ့ အိမ်ခြံ မြေ တိုက်ခန်း တွေမှာ ပိုပြီး ရင်းနှီး ရောင်း ၀ယ် လာတာကို တွေ့ရပါတယ်။ ယခု App ထွက်လာပြီဆိုတော့် ပြည်သူတွေအတွက်လည်း အလွယ်တကူ ဤ လုပ်ငန်း များကို ကောင်းမွန်စွာ လုပ် နိုင်ပါပြီ။

Android နဲ့ iOS ဟာ အသုံးပြုသူများအတွက် လွယ်ကူစွာ Customized လုပ်နိုင်အောင်ထွင်ထားတာဖြစ်ပြီး ကိုကြိုက်နှစ်သက်ရာ အိမ်ခြံမြေတိုက်ခန်း ကွန်ဒိုများကိုလည်း  Alert Function ဖြစ်တဲ့ သတင်းပေး အခြေအနေနဲ့ ချက်ခြင်း အကြောင်းကြားပေးပါတယ်။ မိမိကြိုက်နှစ်သက်ရာ တိုက်ခန်းများကိုလည်း ရွေးချယ် သိမ်းဆည်းထားနိုင်ပါတယ်။

 မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ် ဈေးကွက်ကြီးမားလာသည်နှင့် အမျှ အင်တာနက် မိုဘိုင်းလ် ဖြင့် လုပ်နိုင်သည့် စီးပွား နှင့် ၀န်ဆောင်မှု အကျိုးဆောင်လုပ်ငန်းများ လာမည့် နှစ်များအတွင်း ပို၍ ချဲ့ထွင်လာ နိုင်မှာဖြစ်ပါတယ်။

Admin

www.lamudi.com

www.house.com.mm