Wednesday, December 3, 2014

ဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ခွင့် မရှိ



2014-12-03
RFA
မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားမှု အကြောင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန တာဝန်ရှိသူတွေ ရှင်းလင်းနေ စဉ်
Photo: Myo Zaw ko/RFA

ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်ယူပြီး နေထိုင်ကြ တဲ့ မြန်မာနိုင်ငံသားဟောင်းတွေ အပါအ၀င် ပြည် တွင်းပြည်ပ အမည်မည်းစာရင်းပါဝင်နေသူတွေနဲ့ အပြည်ပြည်ဆိုင်ရာက ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်း ခံထားရသူတွေဟာ မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေ ထိုင်ခွင့် Permanent Residency လျှောက်ထားခွင့် မရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဋ္ဌာနက ဒီကနေ့ ပြောပါတယ်။

ရန်ကုန်မြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဋ္ဌာနရုံးမှာကျင်းပတဲ့ မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် PR လျှောက်ထားမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အခုလို ပြောခဲ့တာပါ။

"လျှောက်ခွင့်မရှိတဲ့သူက အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်းခံရသူ၊ နောက် တစ်ခုက နိုင်ငံတစ်ခုခုမှာ နိုင်ငံရေးခိုလှုံခွင့် ယူပြီးတော့ နေထိုင်တဲ့သူ၊ နောက်ပြီးတော့ ပြည်တွင်းပြည်ပ သို့မဟုတ် နိုင်ငံတကာ ပြစ်မှုမှတ်တမ်း စာရင်းဝင်သူတွေပါ"

နိုင်ငံရေးခိုလှုံခွင့် ယူထားသူတွေ PR လျှောက်ချင်တယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်ကနေ ပယ်ဖျက်ရမှာဖြစ်သလို ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ကူးစက်ရောဂါမရှိကြောင်း ထောက်ခံချက်လက်မှတ် လိုအပ်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ဦးမောင်မောင်သန်းက ပြောပါတယ်။

ဒါ့အပြင် ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ နိုင်ငံသားဟောင်းတွေရဲ့ မိသားစုဝင်တွေကို အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခွင့်ပြုမှာဖြစ်ပေမဲ့ လျှောက်ထားသူတိုင်းကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူတွေကို ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီး စိစစ်လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နေထိုင်ခွင့်ရသူတွေကို ၅ နှစ်သက်တမ်းရှိတဲ့ PR ကဒ်ကို ထုတ်ပေးမှာဖြစ်ပြီး ၅ နှစ်ကျော်သွားရင် ၁ နှစ်တစ်ခါ သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဟောင်းတစ်ဦးအတွက် လျှောက်လွှာကြေး အမေရိကန် ဒေါ်လာ ၅၀၀ နဲ့ နှစ်စဉ်ကြေး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅၀၀ ပေးသွင်းရမှာဖြစ်တယ်လို့လည်း သိရပါတယ်။



    မြန်မာနိုင်ငံတွင်း အမြဲနေထိုင်ခွင့် လျှောက်ထားနိုင်ပြီ
 voa
သီဂီင်္လင်း

03.12.2014 21:05

မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် PR စနစ်ကို လာမယ့် ဒီဇင်ဘာလကုန်ပိုင်းကနေစတင်ပြီး လျှောက်ထားနိုင်ပါပြီ။  မြန်မာနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်မယ့် နိုင်ငံခြားသားတွေအပြင် မြန်မာနိုင်ငံ သားဟောင်းတွေပါ အမြဲတမ်းနေထိုင်ခွင့်အတွက် လျှောက်ထားနိုင်မှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အမည်မည်းစာရင်းဝင်သူတွေ၊ တခြားနိုင်ငံတစ်ခုမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိထားသူတွေနဲ့ ပြစ်မှုကျူးလွန်ထားသူတွေကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ လ၀က က ထုတ်ပြန်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီလင်းက ပြောပြပေးမှာပါ။

အမြဲတမ်းနေထိုင်ခွင့် ၅ နှစ်သက်တမ်း ရရှိနိုင်မယ့် PR စနစ်ကို နိုင်ငံခြားသားတွေ အနေနဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကစပြီး လျှောက်ထားနိုင်ပါပြီ။ တိုင်းပြည်အတွက် လိုအပ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသူတွေအပြင် မြန်မာနိုင်ငံသားဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အမှတ်ပေးစနစ်နဲ့ ရွေးချယ်မယ့်အကြောင်း ဒီနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကနေ သတင်းထုတ်ပြန်လိုက်တာပါ။ ဘယ်လိုလူမျိုးတွေက အမြဲနေထိုင်ခွင့် လျှောက်ထားနိုင်မလဲ ဆိုတာကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ရှင်းပြပါတယ်။

“လျှောက်ခွင့်ရှိတဲ့ လူကတော့ ခုနက ဒုက္ခသည်အဖြစ် ခံယူသတ်မှတ်ခြင်း ခံရသူမဟုတ်ဘူး၊ နောက်တခါ နိုင်ငံရေးခိုလှုံခွင့် ယူထားတဲ့လူ မဟုတ်ဘူး၊ ပြီးတော့ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ ပြစ်မှုစာရင်းဝင်သူ မဟုတ်ဘူး၊ ပြီးတော့ ကျန်းမာရေး ကောင်းမွန်ကြောင်းနဲ့ ကူးစက်ရောဂါ ကင်းရှင်းကြောင်း သက်ဆိုင်ရာ နိုင်ငံကနေပြီးတော့ တရားဝင် ထောက်ခံချက်မူရင်း တင်ပြနိုင်တဲ့သူ။ ပြီးတော့မှ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာပြီးတော့၊ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အလေးထားလိုသူ ပံ့ပိုးကူညီ ဆောင်ရွက်မယ့်သူဖြစ်ကြောင်း ၀န်ခံချက်ပေးနိုင်တဲ့သူ၊ အကောင်အထည်ဖော်မှု ဗဟိုကော်မတီက အကြောင်းကြားတဲ့အခါမှာ လျှောက်ထားသူကိုယ်တိုင် လာရောက်ပြီးတော့ အစစ်ဆေးခံနိုင်တဲ့သူ။ နောက်အမြဲနေထိုင်ခွင့် ရရှိလို့ရှိရင် ပြည်တွင်းမှာ လုပ်ကိုင်တဲ့ လုပ်ငန်းအမျိုးအစားအလိုက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်တွေနဲ့အညီ အခွန်ထမ်းဆောင်နိုင်သူ။”

ဒါ့အပြင် အခြေအနေ အရပ်ရပ်ကြောင့် တခြားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခံယူဖူးတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ အနေနဲ့ လက်ရှိမှာ ဒုက္ခသည် မဖြစ်တော့ဘူးဆိုရင်တော့ အမြဲနေထိုင်ခွင့် လျှောက်ထားနိုင်ပေမဲ့ အမည်မည်း စာရင်းဝင်ခဲ့ရင်တော့ လျှောက်ထားခွင့် မရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ ရွေးချယ်မယ့် ဘုတ်အဖွဲ့မှာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အရာရှိတွေအပြင် လိုအပ်ချက်အရ ခေါ်ယူမယ့် ပညာရှင်တွေကိုရွေးချယ်ဖို့ ပြင်ပအသင်းအဖွဲ့တွေဖြစ်တဲ့ အင်ဂျင်နီယာအသင်း၊ ဆရာဝန်အသင်း အစရှိတဲ့အသင်းတွေက တာဝန်ရှိသူတွေကိုလည်း ဘုတ်အဖွဲ့မှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ကနေ ဘယ်လို အမှတ်ပေးပြီး ရွေးချယ်သွားမလဲ ဆိုတာကို ဦးမောင်မောင်သန်းက ပြောဆိုပါတယ်။

“မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတဲ့ဥစ္စာ ဒေါ်လာ ၅ သန်းကို ကျနော်တို့က ၂ မှတ်ထားတယ် ဆိုလို့ရှိရင်၊ ၁၀ သန်းသမားက ၄ မှတ် ဖြစ်မှာပေါ့၊ ၁၅ သန်းသမားက ၆ မှတ် ဖြစ်မှာပေါ့။ ဒီလိုမျိုး သူ့ဟာနဲ့သူ သွားမှာပေါ့။ အဲဒီလိုပုံစံမျိုးနဲ့ ကျနော်တို့ ။ နောက်တခုက ကျနော်ပြောတဲ့ ပညာရှင်ဆိုတဲ့ အခါမှာလည်း ဒီလိုပါပဲ။ ကျွမ်းကျင်ပညာရှင် အနေနဲ့ ပေးတဲ့ဥစ္စာမှာ အင်ဂျင်နီယာချင်းတူရင် သူက မာစတာဒီဂရီ ရထားတယ်၊ သူကတော့ Doctorate ရထားတယ်။ ပြီးလို့ရှိရင် Doctorate ရတဲ့အပြင်၊ သူကတခုမဟုတ်ဘူး ဒီပြင်ဟာတွေပါရတယ်။ ဒီလိုဟာမျိုးတွေအပေါ်မှာ ကျနော်တို့ မူတည်ပြီး သက်ဆိုင်ရာ အနေနဲ့ အမှတ်ပေးစည်းမျဉ်း ဆွဲပြီးတော့ အဲဒီဥစ္စာတော့ အမြဲတမ်း အပြောင်းအလဲ လုပ်လုပ်ပြီး ဆွဲသွားမှာပါ။”

မြန်မာနိုင်ငံသားဟောင်းတွေ လျှောက်ပိုင်ခွင့်ရှိတဲ့ အမြဲတမ်းနေထိုင်ခွင့်မှာ သူတို့ရဲ့ မိသားစုတွေကိုလည်း ခေါ်ထားနိုင်ပေမဲ့ မိသားစုဝင်တွေကတော့ ပုံမှန်နိုင်ငံခြားသားတွေရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း နေကြရမယ်လို့ လ၀က တာဝန်ရှိသူတွေက ပြောပါတယ်။

“ဥပမာအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံသားနဲ့ အိမ်ထောင်ကျနေတဲ့ နိုင်ငံခြားသား၊ နောက်တခါ သူတို့ကနေမွေးတဲ့ ဟိုနိုင်ငံသားခံထားတဲ့ သားသမီးတွေ ဒါပေမဲ့ သူက ကျနော်တို့ မြန်မာနိုင်ငံသားတော့ မခံဘူး။ ဟိုဘက်နိုင်ငံသား ခံယူထားတယ်။ အဲ့လိုလူမျိုးတွေ အဲ့ဒါတွေ လျှောက်ပိုင်ခွင့်ရှိတယ်လို့ ကျနော်တို့ ဆိုလိုတာ။ ဒါပေမဲ့ ကျန်တဲ့ဥစ္စာတော့ ကျန်တဲ့နိုင်ငံခြားသားတွေ အတိုင်းပဲ သူက ခုနကလိုပေါ့နော် Stay ကြေးတွေ၊ ဟိုဒင်းတွေကတော့ ပေးနေရမယ်။”

အမြဲတမ်းနေထိုင်ခွင့်ရမယ့် နိုင်ငံခြားသားတွေ အနေနဲ့ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့် မရှိသလို ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်၊ ကိုယ်စားလှယ် အဖြစ်လည်း ၀င်ရောက်ခွင့် မရှိပါဘူး။ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွား မထိခိုက်စေဖို့၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ မထိခိုက်စေဖို့ အဓိကဦးစားပေးပြီး ရေးဆွဲထားတဲ့ အမြဲတမ်းနေထိုင်ခွင့် နည်းဥပဒေနဲ့ PR အမြဲနေထိုင်ခွင့် လျှောက်ထားဖို့ လိုအပ်ချက်တွေကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ စတင်ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးအားပြိုင်မှုများကြားမှေ၀၀ါးအနာဂတ်


By
အောင်သူရ
On
Wed, 2014-12-03 12:05
Issue No.
အတွဲ (၁၃)၊ အမှတ် (၃၉)

ဓာတ်ပုံ − နိုင်ငံတော်သမ္မတရုံး
http://www.7daydaily.com/story/26202#.VH_KXMl5W8A
မြန်မာ့နိုင်ငံရေးတွင် ယခုလပိုင်းအတွင်း အပွင့်များက ခေတ်စားနေသည်။ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုထားချိန်တွင် သမ္မတဦးသိန်းစိန်က အင်အားစုငါးစု၏  ၁၄ ပွင့်ဆိုင် လုပ်သည်။ ဟန်ရေးပြတွေ့ဆုံပွဲဟု စွပ်စွဲခံရသော ထိုတွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်သလို လူများ၍ ဆွေးနွေးပွဲထက် လက်ဆုံထမင်းစားပွဲသာ ဖြစ်ခဲ့သည်။

ထို့နောက်တွင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်က အရေးကြီးအဆိုတင်ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

သို့သော် ခြောက်ပွင့်ဆိုင်မှာ အဖွဲ့အစည်းကိုယ်စားမပြုဘဲ လူပုဂ္ဂိုလ်ကိုသာ အခြေခံသော စဉ်းစားပုံဖြစ်၍ တွေ့ဆုံရေးမဖြစ်နိုင်ဘဲ ခြောက်ပွင့်ဆိုင်အဆိုကြောင့် သမ္မတက ဆက်လုပ်မည်ဆိုသော ၁၄ ပွင့်ဆိုင်ပင် နှောင့်နှေးသွားပြီဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။

ကာချုပ်ကလည်း ကေအင်န်ယူဗဟိုကော်မတီဝင်များနှင့် နိုဝင်ဘာ ၂၉ ရက်က တွေ့ဆုံရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး လက်မခံဟု ပြောခဲ့ပြန်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုတောင်းဆိုလိုက်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို သမ္မတနှင့် တပ်ချုပ်တို့က ငြင်းဆန်လိုက်သည့်အပေါ် ‘‘အပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားနေသယောင်ဖြစ်နေတယ်’’ဟု နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သူ ဗဟိုအဖွဲ့မှ အကြီးတန်းသုတေသီ ဦးတင်မောင်သန်း(သင့်ဘ၀)က သုံးသပ်သည်။

ထိုကဲ့သို့ ဖြစ်လာရသည်မှာလည်း အကြောင်းအရာထက် ပုဂ္ဂိုလ်ရေးအမြင်မကြည်မှုများကြောင့်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးထိပ်သီးခေါင်းဆောင်လေးဦးကြား အမြင်မကြည်လင်မှု၊ အစိုးရနှင့် လွှတ်တော်ကြား အားပြိုင်မှုများရှိနေသည်ဟု သုံးသပ်မှုများရှိသည်။

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့ကြား ၂၀၁၂ ကပင် တင်းမာမှုများရှိခဲ့သည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် ကိစ္စနှင့် ဖြစ်သည်။ လွှတ်တော်က ပြည်ထောင်စုအဆင့် သတ်မှတ်သော်လည်း အခြေခံဥပဒေခုံရုံးအဆိုကို ကိုးကား၍ သမ္မတက ပြည်ထောင်စုအဆင့်မဟုတ်ဟု သတ်မှတ်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်က အနိုင်ရရှိခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ အဖွဲ့ဝင်များအားလုံးကို နုတ်ထွက်ခွင့်ပြုခဲ့သည်။

ထို့နောက်ပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေခုံရုံး၏ ဖွဲ့စည်းပုံကိုလည်း လွှတ်တော်မှ ပြန်လည်ပြင်ဆင်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ကြား ဆက်ဆံရေး စတင်တင်းမာလာခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ကြား ရင်းနှီးသောဆက်ဆံရေးကို တပ်မတော်နှင့်အစိုးရက သတိထားစောင့်ကြည့်နေသည်။ ထိုအခြေအနေတွင် သူရဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရေးကို ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ပြုလုပ်မည်ဟု ပြောခဲ့သော်လည်း အခြေခံဥပဒေပြင်ဆင်ရေးမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ပထမဆုံးခေါ်ယူသော လွှတ်တော်တွင်မှ စတင်နိုင်မည်ဟု ပြင်ဆင်ပြောသည်။ သူရဦးရွှေမန်းပြောကြားမှုမှာ သဘာဝကျကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခဲ့သည်။ ထိုအခြေအနေမှာ ၎င်းတို့လေးဦးကြား သံသယပိုကြီးစေနိုင်ကြောင်း သုံးသပ်နေကြခြင်းဖြစ်သည်။

ထို့အပြင် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေချိန်အတွင်း အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်(PR)နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်က ပယ်ဖျက်လိုက်သည့် အပေါ်တွင်လည်း အစိုးရအဖွဲ့က မကျေလည်မှုများရှိကြောင်း အစိုးရနှင့်နီးစပ်သူများကပြောသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ကြား အားပြိုင်မှုများက အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေခဲ့သည်။ လွှတ်တော်မှ ဥပဒေများပြဋ္ဌာန်းသော်လည်း အစိုးရဘက်က နည်းဥပဒေများ ပြဋ္ဌာန်းရာတွင် ကြန့်ကြာမှုများရှိခဲ့သည်။

ထိုအခြေအနေများမှာ သိပ်မသိသာသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည့်ကိစ္စများတွင်မူ လူသိရှင်ကြား ပြန်ဖြစ်လာပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။

သို့သော် သမ္မတအနေဖြင့် ထိုတောင်းဆိုမှုကို လက်မခံဘဲ အောက်တိုဘာ ၃၀ ရက်တွင် အင်အားစုငါးစုမှ ခေါင်းဆောင်များ ပါဝင်သော ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ခဲ့သည်။ အခါအခွင့်သင့်ပါကလည်း ဆက်လက်တွေ့ဆုံပွဲများ ပြုလုပ်သွားမည်ဟု သမ္မတက ပြောကြားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လေးပွင့်ဆိုင်ကိုသာ ဆက်လက်ကိုင်စွဲထားကြောင်း ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် အရေးကြီးအဆိုတင်သွင်းပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် အကျပ်အတည်းအခြေအနေမဖြစ်စေရန် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၂၅ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အရေးကြီးအဆို တင်သွင်းခဲ့ရာ လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်ဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ကတစ်ဖွဲ့ကဲ့သို့ ဖြစ်လာသည်။

‘‘လွှတ်တော်ပြင်ပတောင်းဆိုမှုမဟုတ်ဘူး။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်လို့ အုပ်ချုပ်သူတွေအနေနဲ့ အလေးအနက်ထားစဉ်းစားရမယ်လို့မြင်တယ်’’ဟု ၈၈ မျိုးဆက်(ငြိမ်းပွင့်) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကပြောသည်။

‘‘ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတစ်ခေါက်က တကယ်လိုအပ်လို့ အဆိုတင်ရတာ တပ်မတော်ကဲ့သို့ပင် လွှတ်တော်ဟာ အကြီးဆုံး အင်စတီကျူးရှင်းဆိုတာကို သတိထားဖို့လိုတယ်’’ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။

ထို့အပြင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးမှာပင် တိုင်းရင်းသားကိုယ်စားလှယ် တစ်နေရာအတွက် လွှတ်တော်အတွင်းမှ ဖြစ်သင့်သည်၊ လွှတ်တော်ပြင်ပမှ ဖြစ်သင့်သည်ဟု အငြင်းပွားနေကြဆဲ။

တိုင်းရင်းသားပါတီအချို့က တိုင်းရင်းသားခုနစ်မျိုးစလုံး ပါဝင်ခွင့်ရသင့်သည်ဟုပင် ဆိုသည်။ သို့သော် ၁၄ ပွင့်ဆိုင် အတွေ့အကြုံအရ လူများခြင်းက ခရီးတွင်ရန်ခက်ခဲသည်။

‘‘အားလုံးပါဝင်ရေးဆိုတာ ခေါင်းစဉ်အောက်မှာရှိတဲ့ အင်အားစုတွေ အားလုံးကိုထည့်ဖို့ဆိုတာ လူကြားကောင်းပေမယ့် အလုပ်မဖြစ်ဘူး’’ဟု စာရေးဆရာကျော်ဝင်းက သုံးသပ်သည်။

နိုင်ငံအများစုတွင်လည်း ထိပ်ပိုင်းခေါင်းဆောင်များ အရင်တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိမှသာ ကျန်ရှိသူများနှင့် တွေ့ဆုံကြသည်။ အချို့သော နိုင်ငံများတွင် သက်ဆိုင်ရာအကြီးအကဲများ၏ အလုပ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်ရမှာသာ ခေါင်းဆောင်များ တွေ့ဆုံသည့်သဘောရှိသည်။ စစချင်း လူအများနှင့်တွေ့ဆုံခြင်းမျိုး သိပ်မရှိပေ။ မြန်မာနိုင်ငံတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် သမ္မတနှင့် နှစ်ဦးတည်း တွေ့ဆုံခဲ့သည်။ ထို့နောက်ပိုင်း တိုင်းပြည်လည်း တိုးတက်မှုများရှိခဲ့သည်။

ထို့ကြောင့်လည်း အဓိကကျသည့် ခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံဆွေးနွေးရေးမှာ အရေးကြီးသည်။ ထို့နောက်ပိုင်းမှာသာ ကျန်ရှိသူများ ဆက်လက်ဆွေးနွေးပါက ပိုမိုအကျိုးရှိမည်ဖြစ်သည်။

‘‘ခြောက်ပွင့်ဆိုင်တွေ့ဆုံခြင်းကို ငြင်းတယ်ဆိုတာ အစိုးရရဲ့လက်ထဲမှာ အခြေအနေဖန်တီးခွင့်ရှိနေတယ်ဆိုတာကို ထင်ရှားအောင်ပြတဲ့သဘောလို့ ထင်တယ်။ အစိုးရဆိုတာကတော့ ဘုရားပဲဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ လွှတ်တော်ဆိုတာက အဲဒီဘုရားကို မွေးဖွားပေးလိုက်တဲ့ မယ်တော်မာယာနဲ့ အလားတူဖြစ်ပါတယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်မှ တောင်းဆိုလိုက်သည့်အချက်ကို နိုင်ငံတော်သမ္မတအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သို့သော် အကြောင်းပြချက်ခိုင်လုံစွာဖြင့် ငြင်းဆန်နိုင်သည့် အခွင့်အရေးရှိသည်။

လုပ်ထုံးလုပ်နည်းများအရ ပြည်ထောင်စုလွှတ်တော်အနေဖြင့်လည်း နိုင်ငံတော်သမ္မတထံ အတည်ပြုခဲ့သော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို သ၀ဏ်လွှာပေးပို့ရမည်ဖြစ်သည်။

လက်ရှိအငြင်းပွားနေမှုနှင့်ပတ်သက်၍ ‘‘မြန်မာ့နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်ပါဝါရှိသူတွေကြားမှာ သဘောထားတိုက်ဆိုင်မှုတွေ လျော့နည်းလာတာကို သွားတွေ့တယ်။ အဲဒါကတော့ နိုင်ငံရဲ့ ကောင်းတဲ့အလားအလာမဟုတ်ဘူး’’ဟု ကိုမြအေးက သုံးသပ်သည်။

ထို့အပြင် လက်ရှိ နိုင်ငံရေးခေါင်းဆောင်များမှာ အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးထက် အပေါ်ယံ နိုင်ငံရေးကစားကွက်များကိုသာ လုပ်ကိုင်နေကြဆဲဖြစ်၍ တိုင်းပြည်အနာဂတ်မှာေ၀၀ါးနေဆဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာနေသူများက သုံးသပ်သည်။

 ‘‘ညှိနှိုင်းဆွေးနွေးမှုများ၏ ရည်ရွယ်ချက်မှာ ပဋိပက္ခမဟုတ်။ သဟဇာတ ဖြစ်ရပါလိမ့်မည်။ နည်းနာမှာလည်း ထိပ်တိုက်ရင်ဆိုင်ရေးမဟုတ်။ အပြန်အလှန်အလျှော့ပေးစေ့စပ်ရေး ဖြစ်ရပါလိမ့်မည်။ တစ်ကြိမ်တည်း၊ တစ်ခါတည်းနှင့် အဖြေရဖို့မလွယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းကြရမည်ကိုလည်း နှလုံးသွင်းကြဖို့ လိုပါလိမ့်မည်’’ဟု အနှစ်သာရရှိသော တွေ့ဆုံဆွေးနွေးပွဲများကို ချဉ်းကပ်မည့်ပုံစံနှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်းကလည်း ရေးသားထားသည်။

လိပ်ကျွန်းလူသတ်မှု အမှုတွဲ ဆောလျင်စွာ အချောသပ်




    By ဒီဗွီဘီ
    3 December 2014
  

လိပ်ကျွန်း (ခိုတောင်) လူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိတွေတွေကို တရားရုံးမှာ စွဲချက် တင်စစ်ဆေးနိုင်ဖို့  သက်ဆိုင်ရာ အစိုးရရှေ့နေတွေက အမှုတွဲ တခုလုံးကို အဆောတလျင် အချောသပ်ခဲ့တယ်လို့  သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Koa-ToaThai-300x199အမှတ်  ၈ တိုင်းဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက်က “အစိုးရ ရှေ့နေကောင်စီက တောင်းခံထားတဲ့ အမှုတွဲလိုအပ်ချက်တွေကို အထူးစုံစမ်းစစ် ဆေးရေးရဲတပ်ဖွဲ့က အားလုံး ရှာဖွေဖြည့်စွက်ပေးခဲ့ပြီ ဖြစ်တဲ့အတွက်  တိုင်းအဆင့် အထူးရှေ့နေနဲ့ ကော့စမွီခရိုင်က အစိုးရရှေ့နေတွေကိုပါ အစည်းအဝေးခေါ် ယူပြီး အမှုတွဲကို စစ်ဆေးအချောသပ်ခဲ့တယ်”လို့ သတင်းထောက်တွေကို ပြောပါ တယ်။

ဒီဇင်ဘာလ ၃ ရက် မနက် ၁၀ နာရီက ဆူရတ်ဌာနီမြို့ အမှတ် ၈ တိုင်းဒေသ ရှေ့နေချုပ်ရုံးမှာ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူရှေ့နေတွေဟာ စိတ်ဖိစီးပုံရနေပြီး သတင်းထောက်တွေကို ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ခဲ့တယ်လို့  သနေရှင်းသတင်းထောက်က ပြောပါတယ်။

ဖိစီးမှုဖြေလျော့ဖို့ ခေတ္တအပြင်ထွက်လာတဲ့ ရှေ့နေချုပ်ကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ ဒီကနေ့ အစည်းအဝေးဟာ ခိုတောင်ကျွန်းလူသတ်မှုကို မနက်ဖြန် ဒီဇင်ဘာလ ၄ ရက်နေ့ ကော်စမွီတရားရုံးမှာ စွဲချက်တင်စစ်ဆေးနိုင်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။

အမှုတွဲအားလုံးမှာ  လူသက်သေ၊ ပစ္စည်းသက်သေနဲ့ အရေးကြီးတဲ့ မှုခင်းဆေးသိပ္ပံဆိုင်ရာ သက်သေတွေ ခိုင်လုံစွာရှိနေပြီဖြစ်တဲ့အတွက် အမှတ် ၈ တိုင်းဒေသရှေ့နေကောင်စီ အနေနဲ့ စိတ်ချယုံကြည်မှုရှိကြောင်း၊ ကျန်တာတွေကတော့ တရားရုံးရဲ့ အဆုံးအဖြတ် အတိုင်းသာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။


BBC Burmese
ထိုင်းနိုင်ငံ ကော့တောင် ကျွန်းမှာ ဗြိတိသျှလူမျိုး ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အဖမ်းခံထားရတဲ့ မြန်မာလူငယ် ၂ ဦးကို မနက်ဖြန် ကြာသပတေးနေ့မှာ စွဲချက်တင်တော့မယ်လို့ ထိုင်း တရားစွဲ အရာရှိတွေက ပြောပါတယ်။
သူတို့ကို လူသတ်မှု၊ အဓမ္မကျင့်မှု၊ ပစ္စည်းလုမှု အပါအဝင် စွဲချက် ၆ ခုနဲ့ စွဲဆိုသွားမယ်လို့ ဆိုပါတယ်။
ချုပ်ရက် ၁၂ ရက်စီနဲ့ ရမန် ၆ ကြိမ် ယူခဲ့အပြီး အခုတော့ တရားစွဲဆိုတော့မယ်လို့ ဖြစ်လာတာပါ။
မြန်မာ လူငယ်တွေဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ထိုင်း ရှေ့နေများကောင်စီက ရှေ့နေတွေကတော့ တင်ပြတဲ့ သက်သေတွေ မခိုင်လုံဘူး၊ ဒါကြောင့် တရားရုံးမှာ ခုခံ ချေပသွားမယ်လို့ ပြောပါတယ်။