Wednesday, March 25, 2015

မကွေးနည်းပညာကျောင်းသားများ လက်ပတ်နက်ဝတ်၍ စာမေးပွဲဖြေဆို



အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒထုတ်ဖော်သော ကျောင်းသားများနှင့် ဒေသခံအချို့ကို လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းကို ရှုတ်ချသည့် အနေနှင့် မကွေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားအချို့က မတ်လ ၂၃ ရက်နေ့ မှစပြီး လက်ပတ်နက် ဝတ်ဆင်ကာ စာမေးပွဲ ဖြေဆိုခဲ့ကြောင်း အဆိုပါတက္ကသိုလ် ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

နိုင်ငံတစ်ဝန်း နည်းပညာတက္ကသိုလ် စာမေးပွဲများကို မတ်လ ၂၃ ရက်တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လက်ပတ်နက် လှုပ်ရှားမှုတွင် ကျောင်းသား ၅၀ ဦးနီးပါး ပါဝင်ခဲ့ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။

“ဒီနေ့ ကျောင်းသား ၅၀ လောက် ရှိတယ်။ တချို့သိသွားတယ်။ ဘာကြောင့် ပတ်ရတာလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှင်းပြတော့ ဒီလိုဆို နောက်နေ့ ငါတို့လည်း လက်ပတ်ပတ်ပြီး စာမေးပွဲဖြေမယ်။ လက်ပတ်တွေပေးပါ ဆိုပြီးတော့ တောင်းထားကြတယ်” ဟု မကွေးနည်းပညာ တက္ကသိုလ်ကျောင်းသား ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုချစ်ဝင်းမောင်က ရှင်းပြသည်။

အဆိုပါ လက်ပတ်နက် လှုပ်ရှားမှုသည် ဆူပူအော်ဟစ်လိုခြင်းနှင့် စာမေးပွဲ ဖြေဆိုရာတွင် မသမာနည်းဖြင့် ဖြေဆိုလိုခြင်းအတွက် မဟုတ်ကြောင်း၊ ယင်းလှုပ်ရှားမှု ပြုလုပ်ရန် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူအဖွဲ့ကို ကြိုတင်အသိပေးထားကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“ပြည်ထဲရေးက ထောင်ထဲမှာ ကျောင်းသားအစစ်တွေ မကျန်တော့ဘူး ပြောပေမယ့် ကျွန်တော်တို့ သိရသလောက် ကျန်နေသေးတယ်။ အဲဒီကျောင်းသားတွေကို စာနာသောအားဖြင့် ကျွန်တော်တို့က လုပ်တာ” ဟု နည်းပညာတက္ကသိုလ် စတုတ္ထနှစ် လျှပ်စစ်ဆက်သွယ်ရေး ဘာသာမှ ကိုကျော်ဇင်ထွန်းက ပြောဆိုသည်။

လက်ပတ်နက် လှုပ်ရှားမှုအတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ပါမောက္ခချုပ် ဒေါက်တာထိန်ဝင်းထံ ကြိုတင်အသိပေးထားသော်လည်း ခွင့်ပြု၊ မပြု အကြောင်းပြန်ကြားခြင်း မရှိခဲ့ကြောင်း၊ သို့သော် မတ်လ ၂၃ ရက် စာမေးပွဲမဖြေဆိုမီ ခွင့်ပြုကြောင်း ပြောကြားခဲ့ပြီး ဆူပူမှုမလုပ်ဘဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂထံမှ သိရှိရသည်။

နည်းပညာတက္ကသိုလ် စာမေးပွဲများသည် မတ်လ ၂၃ ရက်မှ ဧပြီလ ပထမပတ်အထိ ဖြေဆိုရမည် ဖြစ်ပြီး စာမေးပွဲ မပြီးမချင်း လက်ပတ်နက် ဝတ်ဆင်ဖြေဆိုကြမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

============

The Voice Weekly

ဓါတ်ပုံများကို မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကူးယူဖေါ်ပြပါသည်။

တတိယအရွယ်ရောက်ဒုတိယဝေဒနာသည်တစ်ဦးရဲ.မှတ်ချက်



ကို ထင်
(ဓာတ်ပုံနဲ.ဓာတ်ပုံပါစာသားတွေကတော့ ဖင်ကြီးတဲ့မော်ဒယ်မနဲ.မင်းသမီးတွေကိုကြည့်ပြီး တံတွေးတစ်မြိုမြိုဖြစ်နေရှာတဲ့ တတိယအရွယ်ရောက်ဒုတိယဝေဒနာသည်တစ်ဦးရဲ.မှတ်ချက်ပါ၊ ဖတ်ကြည့်လိုက်ကြပါဦး။ )
ကျနော်ပြောချင်တာကတော့
ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊ ဘယ်အတိုက်အခံခေါင်းဆောင်မဆို တိုင်းပြည်ကိုနိုင်နိုင်နင်းနင်းကွပ်ကဲအုပ်ချုပ်နိုင်ခြင်းရှိ မရှိဆိုတာကိုတော့ တာဝန်ပေးကြည့်မှသိမှာပါဘဲ။ ဘယ်လိုတာဝန်ပေးမလဲဆိုရင် မဲပေးပြီးအစိုးရဖွဲ. အုပ်ချုပ်ခိုင်းလိုက်ဖို.ပါဘဲ။ လီကွမ်ယူးဟာ ထက်မြက်တဲ့ခေါင်းဆောင်ကောင်းဆိုတာ ငြင်းမရတဲ့အချက်ပါ။ ဒါပေမယ့် ရက်စက်တဲ့သူတစ်ယောက်ဖြစ်တာကိုလည်း မမြင်ချင်ယောင်ဆောင်ဖို.မဖြစ်နိုင်ပါဘူး။ စင်္ဂပူဟာ ဒီမိုကရေစီနိုင်ငံမဟုတ်ပါဘူး၊ ရွေးကောက်ပွဲအာဏာရှင်စံနစ်ကိုကျင့်သုံးတယ် ဆိုတာ လီ မင်းဆက်သမဏိရှည်စွာအုပ်ချုပ်နိုင်ရေးအကွက်ချထားတဲ့ အဆင့်ဆင့်ဆက်ခံဆင်းသက်ပုံတွေကိုကြည့်ခြင်းအားဖြင့် ကောင်းကောင်းသိနိုင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို. ဒေါ်အောင်ဆန်းစုကြည်တို.လိုပုဂ္ဂိုလ်မျိုးတွေကတော့ ပြည်သူလူထုက ဟေ့-ဆင်းပါ ဆိုတာနဲ. အိတ်ဆွဲပြီးဆင်းသွားကြမယ့်လူစားတွေပါ။
* အမျိုးသားရေးကိုသစ္စာမဖောက်တို.၊
* အမျိုးသားနိုင်ငံရေးကိုလုပ်နေတယ်တို.၊
* သမိုင်းပေးတာဝန်ကိုထမ်းရွက်ဖို.တို.ဆိုတဲ့
မိမိတို.ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်း သားဝမယားဝစီမံချက်တွေကိုဖုံးကွယ်ဖို.အတွက် ဒေဝဒတ်နဲ.စိဉ္စမာန စပ်ကျသောဒိုင်ယာလော့ခ်တွေသုံးပြီး အာဏာကိုဆက်ထိမ်းထားမှာမဟုတ်တာတော့ ဧကန်မုချပါဘဲ။
ဘယ်သူ.ကိုမှမနာစေချင်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အုပ်ချုပ်ရင်လည်း မငြိမ်မသက်ဖြစ်လာနိုင်တဲ့ ပုန်ကန်သူတွေရှိကြပါသေးတယ် ဘယ်သူတွေလဲဆိုရင်
- စစ်အုပ်စုဓမြဂိုဏ်းရယ်
- ဓမြဂိုဏ်းရဲ.ပါတနာခရိုနီတွေရယ်
- ဓမြဂိုဏ်းရဲ. အောက်ဆွဲ ဘောမ အရိုးကိုက် ဖိနပ်တိုက် ခွေးကတက်အိပ်တွေရယ်
- ပူးတွဲပါပုံနဲ.စာကိုရေးတဲ့ လွှတ်တော်အတွင်းနဲ.အပြင်ကဝေဒနာသည်တွေရယ်
- ကလေကဝစွမ်းအားရှင်တွေရယ် တို.ဖြစ်ကြပါတယ်။
အပြုတ်တိုက်၊အပြတ်ရှင်း ဆိုတဲ့မူကိုလက်ကိုင်ထားတဲ့ အာဃာတသမားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းလို၊ ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင်ဖြစ်မလာခြင်းဟာ ဗိုလ်လှဆွေအပါအဝင်စစ်အုပ်စုဓမြဂိုဏ်းနဲ. အပေါင်းအပါအားလုံးအတွက် အလွန်တရာကံကောင်းနေသေးတဲ့အချက်ဖြစ်နေတာပါ။
အကယ်၍သာအတိုက်အခံဟာ စစ်အုပ်စုဓမြဂိုဏ်းကိုထပ်တူစိတ်မျိုးထားခဲ့တယ်ဆိုရင် ဗိုလ်လှဆွေနဲ. စစ်ခေါင်းဆောင်တွေရဲ.မယားတွေ ခုလောက်ဆိုမုဆိုးမဖြစ်ပြီး နှစ်လည်ဆွမ်းတွေ သွတ်နေရလောက်ပါပြီ။ မွေးထားတဲ့ကလေးတွေ လူတောတိုးဖို.၊ နိုင်ငံခြားသွားစာသင်ဖို.ဆိုတာမျိုးတွေလည်း အိပ်မက်တောင်မမက်လိုက်ကြပါနဲ.။
သားရေပေါ်အိပ်သားရေနားစားတဲ့သူတွေကတော့ ကျေးဇူးတရားဆိုတာကိုဟောပြောပြသ နေငြားလည်း အပင်းကိုတယောထိုးပြသလို ဘာမှအရာထင်မှာမဟုတ်ပါဘူး။ တဖက်ပိတ်တွေကိုး။ ပိုအရေးကြီးတာက
ကျေးဇူးတရားသည်
- ပြုရန်ခက်ခဲသည်
- သိရန်ပို၍ခက်ခဲသည်
- တုန်.ပြန်ပေးဆပ်ဖို.ရန်အခက်ခဲဆုံးဖြစ်သည် ဆိုတဲ့ကိစ္စလေးပါဘဲဗျာ။
ပေါက်လွတ်ပဲစားပြောနေတဲ့ ဝေဒနာသည်လည်းမိမိကိုယ်ကို သိမြင်နားလည်သူဖြစ်လျက် ပညာရှိသူတော်ကောင်းတို.တံတွေးခွက်တွင်ပက်လက်မြောရမည့်အဖြစ်ကနေ ကင်းလွတ်ပါစေဗျာ ... ။ ။

ကျောင်းသားများနှင့် မိဘများကို အချိန် ၅ မိနစ်ခန့် တွေ့ဆုံခွင့်ပြု

Eleven Media Group
ယနေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်မှ ကျောင်းသားများနှင့် ဝန်းရံသည့် ပြည်သူများကို လက်ပံတန်းတရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံထားရသည့် ကျောင်းသားများနှင့် မိဘများကို အချိန် ၅ မိနစ်ခန့် တွေ့ဆုံခွင့်ပြုလျက်ရှိကြောင်းနှင့် ကျောင်းသားမိဘများလည်း လာရောက် စောင့်ဆိုင်းနေကြကြောင်း သိရှိရသည်။


ကမ္ဘာကျော်တဲ့ကျောင်းသားလေးတွေဒီနေ့ရုံးထုတ်

သင်္ကြန်ရောက်မှာစိုးကြောက်မိသည်

စွမ်းအားရှင်တစ်ဦး အလိုရှိသည်


Tuesday, 24 March 2015
မတ်လ ၂၂ ရက်နေ့ထုတ် The Voice Sunday သတင်းစာ မျက်နှာဖုံးမှာ “ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းမှု သမ္မတ ပြောကြားချက်ကို အပြင်းအထန်ဝေဖန်” ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ဖော်ပြထားပြီးတော့ သတင်းစာကိုယ်မှာလည်း “လက်ပံတန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ် ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်အပေါ် ပြည်တွင်းရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ အချို့က ဝေဖန်ပြောဆိုလိုက်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ပအသံလွှင့်ဌာနတစ်ခု ဖြစ်သည့် ဘီဘီစီ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ပြောဆိုခဲ့မှုအပေါ် ၎င်းတို့က တုံ့ပြန်ဝေဖန်လိုက်ခြင်း ဖြစ်ပါသည်” ဆိုပြီး ဆက်လက် ရေးသားဖော်ပြထားတာကို ဖတ်ရှုလိုက်ရပါတယ်။ အကြောင်းအရာ အသေးစိတ်ကိုတော့ လူအတော်များများလည်း ဘီဘီစီရဲ့ သတင်းထုတ်လွှင့်ချက်တွေ၊ ပြည်တွင်းသတင်းစာစောင်တွေရဲ့ ရေးသားချက်တွေကို ဖတ်ရှုသိရှိပြီး ဖြစ်လို့ ပြန်လည်မဖော်ပြတော့ပါဘူး။

သမ္မတကြီးအနေနဲ့ ဘီဘီစီ သတင်းဌာနကို ဘာ့ကြောင့် ဒီလိုပြောရတာလဲ။ သမ္မတကြီးက လိမ်ညာပြီး ပြောနေတာလား။ သူ့အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကာကွယ်ပြီး ပြောနေတာလား စသည်ဖြင့် ဝေဖန်ချက် အမျိုးမျိုးတွေ Online လူမှုစာမျက်နှာတွေပေါ်မှာလည်း ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ သမ္မတကြီးအနေနဲ့ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကိုမှ ကာကွယ်ပြီး ပြောဆိုနေတာ မဟုတ်ပါဘူး။ လိမ်ညာပြီးလည်း ပြောဆိုနေတာ မဟုတ်ပါဘူး။ သမ္မတကြီးဟာ ပြည်သူတွေရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘူးဆိုတာ လစဉ် ပြောကြားနေတဲ့ မိန့်ခွန်းတွေကို နားထောင်ရင် သိနိုင်ပါတယ်။ နောက်ပြီး သမ္မတကြီးဟာ လိမ်ညာပြောဆိုတတ်သူ တစ်ယောက် မဟုတ်ဘူး ဆိုတာကိုလည်း သူ လုပ်ကိုင်ဆောင်ရွက် ပြောဆိုခဲ့တာတွေကို ပြန်လည်ဖတ်ရှု၊ လေ့လာ၊ သုံးသပ်ရင် သိသာပါတယ်။
ဒါဆိုရင် သမ္မတကြီးက ဘာဖြစ်လို့ လက်ပံတန်း သပိတ်ဖြိုခွဲမှုမှာ “ကျောင်းသားတွေက စတင်ရိုက်နှက်ခဲ့တာတို့၊ ဆန္ဒပြတဲ့သူတွေက ရဲတွေကို ခဲနဲ့ပေါက်တာ၊ ရဲအမျိုးသမီးတွေ ခေါင်းတွေကွဲသွားတာ၊ ရဲကားမှန်တွေ ကွဲသွားတာ၊ ရဲအတားအဆီးတွေကို ရိုက်ချိုးပြီး ဖျက်ဆီးတာ” ဆိုပြီးတော့ ပြောသွားရတာပါလဲ။ တကယ်တော့ သမ္မတကြီး ကြည့်ရှုလိုက်ရတဲ့ ဓာတ်ပုံတွေ၊ မှတ်တမ်းအထောက်အထားတွေဆိုတာ ဘယ်သူက ဖော်ပြတာပါလဲ။

ကျွန်တော်တို့ရဲ့ နိုင်ငံတော်သမ္မတကြီးဟာ အမေရိကန်သမ္မတ အိုဘားမား၊ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် အစရှိတဲ့ တချို့နိုင်ငံက ခေါင်းဆောင်တွေလို Facebook တို့၊ Twitter တို့လို လူမှုကွန်ရက် Account တွေ မရှိဘူး၊ ကြည့်လဲမကြည့်ဘူး ဆိုတာကတော့ သေချာပါတယ်။ ဒါဖြင့်ရင် သမ္မတကြီးက ဘာတွေကြည့်နေပါလဲ။ သမ္မတကြီးအနေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လွှင့်တဲ့ မြန်မာ့ရုပ်မြင်သံကြား၊ MRTV-4 နဲ့ မြဝတီလောက်ပဲ ကြည့်ဖြစ်မှာပါ။ သိပ်အလုပ်များတဲ့ သမ္မတကြီးအနေနဲ့ အလွန်ဆုံးကြည့်နိုင်ရင် SkyNet လောက်ပါပဲ။ ပြန်ကြားရေး ဝန်ကြီးဌာန ဆိုတာလည်း အများသိကြတဲ့ အတိုင်းပဲ မကြာသေးမီကပဲ ဒုတိယဝန်ကြီး တစ်ယောက်ကို ဝန်ထမ်းတစ်ယောက်က ထီးမိုးပေးနေတာကို သမ္မတကြီးတွေ့ရင် ဆူမှာစိုးလို့ ထင်ပါတယ်။ ကွန်ပျူတာနဲ့ ပြုပြင်ပြီး ထီးကိုဖျောက်ထားတာ ပုံထဲမှာ ထီးရဲ့အရိပ်ကြီးက ထင်းထင်းကြီး ပေါ်နေလို့ ဖေ့စ်ဘွတ်မှာ ဝိုင်းပြီးတော့ သရော်ထားလိုက်ကြတာ ဖတ်လိုက်ရပါတယ်။
ဒီတော့ ကျွန်တော်တို့ဆီမှာ အစိုးရ မီဒီယာတွေက ဒီလိုဒီလို ရှိကြပါတယ် ဆိုတာ အများသိကြပါတယ်။ အထွေအထူးပြောနေ၊ ရေးနေစရာတောင် မလိုတော့ပါဘူး။ သတင်းစာတွေကို ဖတ်မယ်ဆိုရင်လည်း သမ္မတကြီး အနေနဲ့ သတင်းမှန်တွေ ဆိုတာထက် သမ္မတကြီး စိတ်မချမ်းမသာဖြစ်မဲ့ သတင်းမျိုးတွေ မပါတဲ့ စိတ်ချမ်းသာစရာ သတင်းမျိုးတွေပဲ နေ့စဉ် ဖတ်ရှုနေရမှာပါ။ နေ့စဉ်စောင်ရေများစွာ ထုတ်ဝေနေတဲ့ ပုဂ္ဂလိက သတင်းစာတွေကိုလည်း သမ္မတကြီးအနေနဲ့ အချိန်ပေးပြီး ကြည့်ရှုဖြစ်မှာ မဟုတ်ပါဘူး။ သမ္မတရုံးက ဆင်ဆာလုပ်ပြီး တင်ပြတဲ့ သတင်းစာတချို့လောက်ပဲ ဖတ်ရမှာပါ။ ဒီလို ဘာကြောင့်ပြောနိုင်သလဲ ဆိုရင် ဒီကနေ့ စာနယ်ဇင်းတွေမှာ တိုင်းကျိုးပြည်ကျိုးအတွက်၊ ပြုပြင်ပြောင်းလဲရေးအတွက်၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အကြံကောင်း၊ ဉာဏ်ကောင်းတွေကို လွတ်လပ်တဲ့ ပညာရှင်တွေက တင်ပြနေသလို၊ ပြည်သူတွေကလည်း ဆောင်းပါးရေးသားလို့ တစ်မျိုး၊ ပြည်သူ့အသံကဏ္ဍကနေ တစ်နည်း စသည်ဖြင့် နည်းလမ်းပေါင်းစုံနဲ့ အဖြစ်မှန်တွေကို တင်ပြနေကြပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ရေးသားတင်ပြ၊ အကြံပြုနေကြပါစေ သမ္မတကြီးရဲ့နားဝကို မရောက်သလို မျက်စိရှေ့ကိုလည်း မရောက်ပါဘူး။

မြန်မာနိုင်ငံမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ပြည်သူတွေ မကြာခဏ လမ်းပေါ်ကိုထွက်ပြီး ဆန္ဒထုတ်ဖော် ပြသနေတာကို ကြည့်ရင် ဒီအချက်ဟာ ထင်ရှားပါတယ်။ တကယ်လို့သာ ပြည်သူတွေ တင်ပြတဲ့ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ၊ အနိုင်ကျင့်ခံရမှုတွေကို သမ္မတကြီးသာ သိရမယ်ဆိုရင် ဆောလျင်စွာ ဖြေရှင်းခိုင်းမှာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အစိုးရ၊ ဘယ်သမ္မတကမှ ပြည်သူတွေကို လမ်းပေါ်ကို ထွက်စေချင်မှာ မဟုတ်ပါဘူး၊ ဘယ်အစိုးရ၊ ဘယ်သမ္မတကမှလည်း ပြည်သူတွေကို လမ်းပေါ်ခေါ်ထုတ်ပြီး လမ်းပေါ်ရောက်ကာမှ မင်းလားကွ ဆန္ဒဖော်ထုတ်တာဆိုပြီး ရိုက်နှက်ခိုင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ တစ်ခုခုတော့ မှားယွင်းနေပြီ ဆိုတာ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေး လေ့လာသူတွေက လေ့လာ၊ သုံးသပ်၊ ဝေဖန်ပြောကြားနေကြတာ ဖြစ်ပါတယ်။ ဒီလိုမှားယွင်းနေတာ အခုမှမဟုတ်ဘူး ဆိုတာလည်း ရှေးမီ၊ နောက်မီသူများ အားလုံးက သိကြပါတယ်။
မဆလခေတ်မှာ စီးပွားရေး စီမံကိန်းတွေ မအောင်မြင်တာ မကြားချင်ဘူးဆိုလို့ ကိန်းဂဏန်းတွေကို ပိုပြခဲ့ကြတာတွေ (ဒီအကြောင်းတွေကို ကျွန်တော်ကိုယ်တွေ့တွေနဲ့ယှဉ်ပြီး ရေးပြဖူးပါတယ်) ရှိခဲ့ဖူးသလို နဝတခေတ်မှာလည်း ဘောလုံးပွဲရှုံးတဲ့အသံ မကြားချင်ဘူးဆိုလို့ ဘောလုံးပွဲ ရှုံးလာရင် ဘယ်သတင်းစာမှာမှ မထည့်ဘဲ တိုးတိုးတိတ်တိတ် ပြန်လာကြလို့ ပြည်သူတွေတောင် မသိလိုက်ကြပါဘူး (နဝတ၊ နအဖခေတ်မှာလည်း အောက်ခြေကနေ သတင်းတွေ လိမ်ညာ တင်ပြကြတဲ့အကြောင်း ကိုယ်တွေ့ဖြစ်စဉ်တချို့ကို ရေးသားတင်ပြခဲ့ဖူးပါတယ်)။

အခုတော့ ကျွန်တော်တို့နိုင်ငံဟာ အာဏာရှင် လမ်းကြောင်းကနေ ဒီမိုကရေစီ လမ်းကြောင်းကို ပြောင်းလဲဖော်ဆောင်ပြီး နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတက်ရေး၊ ပြည်သူတွေ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီး တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး အစရှိတဲ့ ဦးတည်ရည်မှန်းချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ မဏ္ဍိုင်ကြီးသုံးရပ်က အချိုးညီညီ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မဏ္ဍိုင်ကြီးသုံးရပ်က အဂတိကင်းကင်းနဲ့ အချိုးညီစွာ ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်ဖို့အတွက် စတုတ္ထမဏ္ဍိုင်လို့ တင်စားခေါ်ဝေါ်ထားတဲ့ သတင်းမီဒီယာ ကဏ္ဍကိုလည်း သမ္မတကြီးကိုယ်တိုင်က အားပေးချီးမြှင့် မြှောက်စားပြီး မင်းတုန်းမင်းကြီး ပြောခဲ့တဲ့ “ငါမကောင်းလျှင် ငါ့အကြောင်းရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားအကြောင်းရေး၊ ငါ၏ သားသမီး ဆွေတော်မျိုးတော်နှင့် ဝန်မင်း အမတ် (မင်းမှုထမ်း) များ မကောင်းလျှင် ၎င်းတို့အကြောင်းရေး” ဆိုတဲ့ စကားလုံးအတိုင်း မဟုတ်ပေမယ့် “မိမိတို့ အစိုးရအဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်ပုံနှင့် ပတ်သက်၍ လိုအပ်ချက်/အားနည်းချက်များ ရှိလျှင် အပြုသဘောဖြင့် ဝေဖန်သုံးသပ် ရေးသားနိုင်ပါသည်” ဆိုပြီးတော့ မရဲတရဲ၊ ရွံ့တွန့်တွန့်နဲ့ လမ်းဖွင့်ပေးခဲ့ပါတယ်။

သမ္မတကြီးက အမြော်အမြင်ကြီးစွာနဲ့ သတင်းမီဒီယာတွေအပေါ် နားလည်မှုရှိရှိနဲ့ သဘောထားကြီးစွာ လမ်းဖွင့်ပေးခဲ့ပေမယ့် သမ္မတကြီးရဲ့ မှူးမတ်ဗိုလ်ပါ ဝန်မင်းအပေါင်းနဲ့ မင်းမှုထမ်းတွေက မီဒီယာတွေ ဒီလို အရေးပါအရာရောက်ပြီး နေရာရလာကြမှာကို လုံးဝလိုလားနှစ်သက်ခြင်း မရှိကြပါဘူး။ ဒီလို ဘာကြောင့်ပြောနိုင်သလဲ ဆိုတော့ ဖြစ်ပြီးခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် အထင်းသား တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

သတင်းမီဒီယာသမားတွေ နည်းနည်းလေးမှ ပါဝင်ပတ်သက်ခြင်း မပြုလိုက်နဲ့ (သတင်းမီဒီယာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ညှိနှိုင်းဆောင်ရွက်ခြင်း အလျဉ်းမရှိသလို ဒဏ်ငွေချလို့ရတဲ့ အမှုတွေမှာတောင် ဒဏ်ငွေမချမှတ်ဘဲ) ထောင်ထဲကိုတန်းပြီး ပို့လိုက်ကြတာပါပဲ။ ဒါဟာ ဘာကိုပြသလဲဆိုရင် သတင်းမီဒီယာတွေက ဌာနဆိုင်ရာတွေရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ၊ နိုင်ငံတော် ဘဏ္ဍာငွေကြေးနဲ့ ပစ္စည်း ဆုံးရှုံးလေလွင့်မှုတွေ၊ ဥပဒေနဲ့မညီတဲ့ လုပ်ကိုင်ဆောင်ရွက်မှု စတာတွေကို ပြည်သူတွေ သိအောင် ဖော်ထုတ်ရေးသားကြတဲ့အတွက် သတင်းမီဒီယာတွေအပေါ်မှာ ဘယ်လောက်များ မေတ္တာစူးနေကြမလဲ ဆိုတာ စဉ်းစားသာကြည့်ကြပါတော့။ အခုနေများ မြွေပွေးနဲ့ မီဒီယာသမား တွေ့ရင် ဘယ်သူ့ကို အရင်သတ်မလဲလို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို မေးလိုက်ရင် မဟုတ်မမှန်လုပ်တဲ့ ဝန်ထမ်းတွေကတော့ မီဒီယာသမားကို အရင်သတ်မယ်လို့ပဲ ဖြေမှာဖြစ်ပါတယ်။

သမ္မတကြီးအတွက် အဖြစ်မှန်၊ သတင်းမှန်တွေကို ရနိုင်တဲ့နေရာ ဌာနတွေကတော့ မိမိရဲ့ မှူးကြီးမတ်ရာများ အပါအဝင် မင်းမှုထမ်းများနဲ့ သတင်းမီဒီယာများပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ မင်းမှုထမ်းတွေဟာ ရှေးရိုး (မဆလ၊ နဝတ၊ နအဖ) စွဲနဲ့ သတင်းတွေကို ထိမ်ချန်တာ၊ သတင်းတွေကို လိမ်တင်တာ၊ ယနေ့တိုင် အထင်အရှား ရှိနေသေးတဲ့အတွက် သမ္မတကြီးအနေနဲ့ သတင်းမီဒီယာတွေကို အားကိုးအားထား ပြုရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အထက်မှာ တင်ပြခဲ့သလို သတင်းမီဒီယာတွေကို နှိပ်ကွပ်နေတာ၊ သတင်းတွေကို (သမ္မတကြီး မသိအောင်) မှောင်ချနေတာတွေကြောင့် သမ္မတကြီးအနေနဲ့ ဘယ်လိုမှ သတင်းမှန်တွေ မရနိုင်တဲ့အပြင် “လူနာတင်ကားကို ဒေါကြီးမောကြီးနဲ့ ကန်ကျောက် ရိုက်နှက်ဖျက်ဆီးနေတာတွေ၊ ပုဆိုးကျွတ်ကျလို့ ပြန်ဝတ်နေသူတစ်ဦးကို ဆယ်ယောက်လောက်က သဲကြီးမဲကြီး ဝိုင်းရိုက်နေတာတွေကို မမြင်ရတဲ့အတွက်၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းထက် မကျော်လွန်ပါဘူးလို့” ဘီဘီစီကို ဖြေကြားခဲ့တာပဲလို့ ယူဆပါတယ်။

ဒီတော့ ကျွန်တော်တို့ ပြည်သူတွေနဲ့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ သတင်းမီဒီယာတွေ အနေနဲ့ အရေးကြီးတဲ့သတင်း၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိခိုက်စေမယ့် (မြို့တော်ခန်းမရှေ့နဲ့ လက်ပံတန်း အကြမ်းဖက်ဖြိုခွဲမှု စတဲ့) သတင်းမျိုးကို နိုင်ငံတော်သမ္မတကြီး သိအောင် (ဓာတ်ပုံတွေ၊ အထောက်အထားတွေ အပါအဝင်) တင်ပြဖို့ ကျွန်တော်တို့တစ်တွေ ဘယ်သူ့ကိုများ အားကိုးရပါမလဲ။ တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင် သမ္မတကြီးအနေနဲ့ ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေကို သိရှိ၊ ဖတ်ရှု၊ မြင်တွေ့နိုင်အောင် သမ္မတကြီးရဲ့ ရှေ့မှောက်ကို အရောက်ပို့နိုင်ဖို့ဆိုတာ သာမန်လူတစ်ဦး အနေနဲ့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အစွမ်းအစရှိသူတစ်ဦး လိုအပ်ပါတယ်။ တစ်နည်းပြောရရင် စွမ်းအားရှင်တစ်ဦး အမှန်တကယ် လိုအပ်နေပါတယ်။ အဲဒီစွမ်းအားရှင်ဟာ ဘယ်လို အရည်အချင်းမျိုးတွေ ရှိရမလဲဆိုရင်- နိုင်ငံခြားရုပ်ရှင်တွေထဲက ဇာတ်လိုက်မင်းသားလို အစောင့်အကြပ်တွေ အများကြီး ချထားတဲ့အကြားက ဘယ်သူမှ မမြင်အောင် (မြင်ရင်လည်း အပြတ်ရှင်းပြီး) လူဆိုးဂိုဏ်းချုပ်ကြီး ရှေ့မှောက်ကို အရောက်သွားခဲ့သလို၊ နိုင်ငံတော်သမ္မတရုံးက အနီးကပ်လုံခြုံရေး အပါအဝင် ရုံးဝန်ထမ်းတွေ၊ ညွှန်ကြားရေးမှူးတွေ၊ အကြံပေးတွေ၊ ပြည်ထောင်စု ဝန်ကြီးတွေကို ဖြတ်ကျော်ဝင်ရောက်ပြီး ဖြစ်စဉ်အမှန်တွေ ပါဝင်တဲ့ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ စတာတွေကို နိုင်ငံတော်သမ္မတကြီး ရှေ့မှောက်ကို အရောက်ပို့နိုင်တဲ့ အရည်အချင်း၊ စွမ်းပကား၊ စွမ်းအားတွေ ရှိရမည် ဖြစ်ကြောင်းပါ။
ထို့ကြောင့် “စွမ်းအားရှင်တစ်ဦး” အလိုရှိပါသည်။
လျှောက်ထားနိုင်ကြောင်းပါ ခင်ဗျာ..။

သိန်းထက်အောင်
http://thevoicemyanmar.com/index.php/perspective/item/6244-srs