Friday, April 3, 2015

တစ်သောင်းတန် အတု

Aung Thet

===================
မနေ့ကဘဏ်မှာငွေသွားသွင်းတော့ တစ်သောင်းတန် ၁ ရွက်အတုပါလာတယ်လို့ပြောလို့သွားကြည့်တော့ကျနော်
ဇဝေဇဝါဖြစ်သွားတယ်။ နောက်မှဘဏ်ဝန်ထမ်းတွေရှင်းပြ
မှသဘောပေါက်သွားတယ်။
ပိုက်ဆံအတုကရုတ်တရက်ကြည့်မယ်ဆိုရင်အစစ်အတိုင်းပဲ၊
‪#‎ဒါပေမဲ့ပိုက်ဆံအစစ်ရဲ့နောက်ကျောအဖြူရောင်‬
လေးထောင့်ကွက်ထဲမှာ " ၁၀၀၀၀" လို့ရေးထားပြီး
‪#‎အတုမှာတော့ရေးထားခြင်းမရှိဘူး‬
အဲဒါနဲ့ပဲအတုအစစ်ခွဲလို့ရတယ်။အခုအတုကတော်တော်လေးကိုအစစ်နဲ့တူတယ်

အငြင်းပွားမှုဖြစ်ထားသည့် မြေပေါ်တွင်တရုတ်အလံစိုက်

တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်ရှိ အငြင်းပွားမှုဖြစ်ထားသည့် မြေပေါ်တွင် တရုတ်စစ်သားများ ပါဝင်သော မြေတိုင်းအဖွဲ့က တံတားဆောက်ရန်ဟုဆိုကာ တရုတ်အလံစိုက်ပြီး တိုင်းတာမှုများ ပြုလုပ်သဖြင့် ဒေသခံများ ကန့်ကွက်


Wunpawng Sai Facebook တွင် ဖော်ပြထားသော ပုံအချို့အား တွေ့ရစဉ်
တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် စင်ဟိုင်းကျေးရွာအုပ်စု ကုန်းဆာကျေးရွာ ကူးတို့ဆိပ်အနီး နှစ်နိုင်ငံအငြင်းပွားမှုဖြစ်ထားသည့် မြေပေါ်တွင် တရုတ်စစ်သားများ ပါဝင်သော မြေတိုင်းအဖွဲ့က တံတားဆောက်ရန်ဟုဆိုကာ တရုတ်အလံစိုက်ပြီး မတ် ၃ ရက် နံနက်ပိုင်းက တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မြေတိုင်းတာမှုကို မတ် ၃ ရက် နံနက် ၈ နာရီခန့်တွင် တရုတ်စစ်သားများပါဝင်သော တရုတ်မြေတိုင်းအဖွဲ့က ရွှေလီမြစ် (လက်ရှိ မြန်မာဒေသခံများ နေထိုင်သည့်ဘက်ခြမ်း) သို့ ရောက်ရှိလာပြီး တရုတ်အလံစိုက်ထူကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုအား အနီးပတ်ဝန်းကျင်ရှိ စင်ဟိုင်း၊ ကုန်းဆာ၊ မန့်နောင်ကျေးရွာများမှ ရွာသား ၅ဝဝ ကျော်ခန့်က ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း နမ့်ခမ်းမြို့နယ် မြို့ဖွံ့ဖြိုးရေး ထောက်ကူပြုအဖွဲ့ဝင် ဦးစိုင်းအောင်ဝင်း (နမ့်ခမ်းမြို့နယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး) က ပြောကြားသည်။

ထို့သို့ ဒေသခံများက ကန့်ကွက်သည့်အပြင် နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း တံတားဆောက်သည့် မြေတိုင်းတာမှုမျိုး ခွင့်မပြုနိုင်ကြောင်း စာထုတ်ပြန်ထားမှုကို တရုတ်မြေတိုင်းအဖွဲ့ထံ သွားရောက်၍ ဖတ်ကြားခဲ့သည့် နံနက် ၁ဝ  နာရီကျော်တွင် တရုတ်မြေတိုင်းအဖွဲ့သည် တရုတ်အလံကို ပြန်နုတ်ယူကာ စက်လှေများဖြင့် တရုတ်နိုင်ငံဘက်ကမ်းသို့ ပြန်လည်ကူးသွားကြောင်း ဦးစိုင်းအောင်ဝင်းက ပြောကြားသည်။

“အခု ကျွန်တော် သုံးသပ်ကြည့်တာ တရုတ်က လုပ်နေတာ မတရားဘူးပေါ့ဗျာ။ အနိုင်တအားကျင့်လွန်းတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားပေါ်မှာ သူတို့က လူလိုသူလို ဆက်ဆံတာမျိုး မရှိသလောက်ဘဲဗျ။ အခု ကျွန်တော်တို့ နိုင်ငံသားတွေက သူတို့နိုင်ငံရောက်ရင် ဘာညာဖမ်းဆီးပြီးတော့ ဆေးစစ်တာလို့ပြောပြီး တစ်ခါတည်း ထောင်ထဲသွင်းပြီးတော့ ကုမ္ပဏီကို ရောင်းစားနေတာ အခုပြန်လုပ်နေပြီ။ အဲဒီဟာကိုလည်း ကျွန်တော်တို့ အထက်တင်ထားတယ်။ အဲဒီလိုဖြစ်တဲ့သူတွေ ရဲ့စာရင်းအတိအကျနဲ့ ကျေးရွာအုပ်စုတွေ ဘာတွေ အတိအကျတင်ပေးဖို့ ကျွန်တော်တို့ လုပ်ထားတယ်။ အခုဟာက ဒီဟာတွေအပြင် တံတားဆောက်ဖို့ဆိုတာက တကယ်တမ်းဆို ကျွန်တော်တို့ သိထားသလောက်က အထက်က ခွင့်မပြုဘူး။ အဲဒီအထက်က ခွင့်မပြုဘဲနဲ့ အောက်ခြေက လှုပ်ရှားလို့ ကျွန်တော်တို့ပိုင်းက ဒီတိုင်းပဲ မျက်စိပိတ်နားပိတ်နေမယ်ဆိုရင်တော့ သူတို့ကတော့ နယ်ချဲ့လာမှာပဲ။  ဒီနေရာမှာ ကျွန်တော်တို့ ဝန်ကြီးဌာနအလိုက်ရော၊ သက်ဆိုင်တဲ့ ပြည်နယ်ဝန်ကြီးတို့၊ ပြည်ထောင်စုဝန်ကြီးတို့ နောက်ပြီးတော့ ကျွန်တော်တို့ဒေသမှာရှိတဲ့ ပြည်သူတွေအားလုံး စုပေါင်းပြီးတော့ ကိုယ့်မြေ၊ အမိမြေအကျူးကျော်မခံရအောင် စုပေါင်းပြီး ကာကွယ်သင့်တယ်လို့ မြင်တယ်။ အခုက အလံစိုက်ဖို့ကတော့ စိုက်ပိုင်ခွင့် မရှိဘူး။ နယ်မြေကျူးကျော်တာပဲလေ။ တခြားနိုင်ငံကို ပိုင်နက်ကျူးလွန်မှုပဲ”ဟု ဦးစိုင်းအောင်ဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်းကလည်း အဆိုပါနေရာ၌ပင် နှစ်နိုင်ငံ ပူးတွဲမြေတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှ စိုက်ထူသည့် နယ်နိမိတ်အမှတ်အသားများကြောင့် မြန်မာနိုင်ငံသား ဒေသခံအချို့၏ လယ်မြေများ တရုတ်နိုင်ငံပိုင်နယ်ထဲသို့ ရောက်ရှိသွားသဖြင့် ဒေသခံများက နယ်နိမိတ်မှတ်တိုင်များကို ဖျက်ဆီးခဲ့ပြီး ကန့်ကွက်မှုများပြုလုပ်ခဲ့ရာ နယ်နိမိတ်တိုင်းတာမှုမှာလည်း ခေတ္တရပ်ဆိုင်းခဲ့ကာ နှစ်နိုင်ငံနယ်နိမိတ် အတိအကျ မသတ်မှတ်ရသေးသည့်နေရာဖြစ်ကြောင်း သိရသည်။

ကျောင်းသားတွေကိုဝိုင်းဝန်ထောက်ခံပေးကြဖို့ အကယ်ဒမီထွန်းအိန္ဒြာဗိုတိုက်တွန်း



ဒီမိုကရေစီပညာရေးအတွက် ကြိုးပမ်းနေသည့်ကျောင်းသားတွေကို ဝိုင်းဝန်းထောက်ခံပေးကြပါလို့ တိုက်တွန်းလိုကြောင်း အကယ်ဒမီထွန်းအိန္ဒြာဗိုက မတ်လ ၂၇ ရက်နေ့တွင် သရုပ်ဆောင်မိုးဟေကို၏ မိုး Fabric house ဆိုင်ဖွင့်ပွဲ၌ Oriental News သို့ ပြောသည်။

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က “ဒီမိုကရေစီပညာရေးအတွက် ကြိုးစားနေတဲ့ ကျောင်းသားတွေရဲ့ လုပ်ရပ်ကို ကျွန်မထောက်ခံပါတယ်။

တိုင်းပြည်တစ်ပြည် တိုးတက်အောင်မြင်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေ မှာ ပညာရေးလည်းပါပါတယ်။
ပညာရေးကဏ္ဍ နိမ့်ကျခဲ့တဲ့အတွက် ကျွန်မတို့တိုင်းပြည် နှစ်ပေါင်း ၆ဝ အတွင်း မှာ အောက်ဆုံးရောက်ခဲ့ရတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။

အဲဒါကိုကယ်တင်လိုစိတ်နဲ့ ကျောင်းသားတွေ ညီညီညွတ်ညွတ်နဲ့ စွန့်စားပြီးလုပ်ခဲ့တာ နိုင်ငံတော်ကောင်းစားဖို့ ဝိုင်းဝန်းကြိုးစားနေတယ်မမြင်နိုင်ဘဲ အကြမ်းဖက်ဖြိုခွင်းခံရတာ တော်တော်ရုပ်ဆိုးတယ်။ တော်တော်စိတ်ပျက်စရာကောင်းပြီး ရှုတ်ချပါတယ်။

ကျောင်းသားတွေကို ဘယ်လိုကဏ္ဍများက ကူညီခွင့်ရမလဲ ကျွန်မလည်း မျှော်လင့်ပါတယ်။ ကူညီချင်စိတ် လည်း အပြည့်အဝရှိပါတယ်။ ကျောင်းသားတွေကို ကိုဇာဂနာကတစ်ဆင့် လက်ရှိမှာလည်း လှူနေပါတယ်။ ကျောင်းသားတွေလိုနေပူထဲထွက် ဆန္ဒပြရမယ့်အရွယ်မဟုတ်တော့ အပင်ပန်းမခံနိုင်ဘူး။

ကျောင်းသားတွေ လုပ်ရပ် ဘယ်လိုနည်းနဲ့ပံ့ပိုးရမလဲ အဆင်သင့်ရှိပါတယ်။ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့အရေးကြီးတဲ့ကဏ္ဍမှာ ပညာရေးလည်းပါတဲ့အတွက် ဒီမိုကရေစီပညာရေးရအောင်ကြိုးစားနေတဲ့ ကျောင်းသားတွေကို ဝိုင်းဝန်း ထောက်ခံပေးကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်သည် လက်ရှိအနုပညာ အလုပ်နှင့်ပတ်သက်ပြီး အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ရွက်နေကြောင်း၊ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးထားပြီး နောက်ထပ်ရုပ်သံ

ဇာတ်လမ်းတွဲများရိုက်ကူးဖို့ ဆွေးနွေးနေတာလည်းရှိကြောင်း၊ ဇာတ်ကားများကို သူမအသက်အရွယ်နှင့် လုပ်ခွင့်ရမည့်၊ သူမစိတ်ဝင်စားသည့် ဇာတ်ရုပ်မျိုးမှသာ ရိုက်ကူးသွားတော့မည်ဖြစ်ကြောင်း ပြောသည်။

Author : Su Su Khaing Myo ( March 29)

ရခိုင်ပြည်နယ်၌ White Card များကို လက်ခံစခန်းနေရာများ သတ်မှတ်လက်ခံ

ရခိုင်ပြည်နယ်၌ White Card များကို လက်ခံစခန်းနေရာများ သတ်မှတ်လက်ခံရာ ပထမနေ့တွင် လာရောက်အပ်နှံသူ (၁၇၆၁) ဦး ရှိခဲ့

စစ်တွေမြို့နယ်အတွင်း White Card များ ပြန်လည်အပ်နှံ စာရင်းရေးသွင်းနေကြသူများကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
White Card များကို လက်ခံစခန်းနေရာများ သတ်မှတ်လက်ခံခဲ့ရာ ဧပြီ ၁ ရက် ပထမနေ့တွင် ရခိုင်ပြည်နယ်၌ လာရောက်အပ်နှံသူ ၁၇၆၁ ဦးရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့၌ White Card များသည် တရားမ၀င်သော ကတ်များအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ အဆိုပါ White Card ကိုင်ဆောင်ထားသူများ အနေဖြင့် ဧပြီ ၁ ရက်မှ စတင်ကာ လက်ခံရေးစခန်းများသို့ လာရောက်အပ်နှံရမည်ဖြစ်ကြောင်း၊ ယင်းသို့ အပ်နှံသူများအား သင့်လျော်သော ကတ်တစ်ခုခုကို ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ပြည်နယ်လ၀ကမှူး ဦးခင်စိုးက “ရခိုင်ပြည်နယ်အနှံ့ လက်ခံရေးစခန်းတွေဖွင့်ပြီး လက်ခံပေးနေပါတယ်။ ဒီမနက်မှ စလက်ခံပေးတာပါ။ အေးအေးချမ်းချမ်းပါပဲ။ အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ လာရောက်အပ်နှံတာ တွေ့ရပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီတစ်သန်းကျော်ရှိကြောင်း သိရသော်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ အရေအတွက်မှာ လ၀ကစာရင်းများအရ ၆၆၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မြို့နယ်တချို့မှ ဘင်္ဂါလီများသာ နိုင်ငံသားစိစစ်ရေးအတွက် လာရောက်လျှောက်ထားသော်လည်း လုံးဝမလျှောက်သော မြို့နယ်အများအပြား ရှိသေးကြောင်း၊ အထူးသဖြင့် စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့ ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြေပုံမြို့နယ်တွင် နိုင်ငံသား ၉၇ ဦးနှင့် နိုင်ငံသားပြုခွင့်ရသူ ၃၆၀ ကို လက်မှတ်များပေးထားပြီးဖြစ်ကာ ထပ်ပြီးလျှောက်လွှာတွင်ပါသော အသက် ၁၈ နှစ်အထက် ၁၀၆ ဦးကိုလည်း လက်မှတ်များ ပေးထားပြီးဖြစ်ကြောင်း၊ ကျန်သော သားသမီးများကိုမူ ရေးဖြည့်တုန်း ရှိသေးကြောင်း၊ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့နယ်များမှ ၈၂၅ ဦး အမည်စာရင်း ပေးသွင်းထားကြောင်း၊ ယင်းအနက် လိုအပ်သော အထောက်အထားများယူကာ အမှုတွဲ တည်ဆောက်ပြီးသူ ၃၇၂ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လက်မှတ်လက်ခံရေးစခန်း ၇၁ ခု ဖွင့်လှစ်ကာ လက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။


မောင်တောမြို့နယ်အတွင်း White Card များ ပြန်လည်အပ်နှံ စာရင်းရေးသွင်းနေသူ အချို့ကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

ယာယီသက်သေခံ လက်မှတ်များကို ပြန်လည်လက်ခံရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့မှ ၀န်ထမ်းများ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များက လက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။ သက်တမ်းကုန်ဆုံးပြီး ပြန်လည်အပ်နှံရမည် ယာယီသက်သေခံ လက်မှတ်များကို မအပ်နှံဘဲ ဆက်လက်ကိုင်ဆောင်ပါက ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေပုဒ်မ ၂၂ နှင့် ငြိစွန်းမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ ငြိစွန်းပါက ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆ (၂) ဖြင့် တရားစွဲဆိုနိုင်ပြီး ၆ (၃) နှင့် တရားစီရင်နိုင်ကြောင်း၊ ပြစ်မှုထင်ရှားလျှင် နှစ်နှစ်ထက်မပိုသော အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ၊ အလုပ်မဲ့ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငွေ ၅၀၀ ထက်မပိုသော ပြစ်ဒဏ်ကို ဖြစ်စေ၊ ငွေဒဏ်၊ ထောင်ဒဏ် နှစ်ရပ်လုံးကို ချမှတ်နိုင်ကြောင်း သိရသည်။ ယာယီသက်သေခံ လက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့်ရက်ကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက် သတ်မှတ်ခဲ့ပြီး မေ ၃၁ ရက်တွင် နောက်ဆုံးထားအပ်နှံရန် နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၀ှိုက်ကတ်ကိုင်ဆောင်ထားသူ ဦးရေသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၃ ရက်အထိ စုစုပေါင်း ၅၉၀,၀၁၆ ဦး ရှိသည်။

မောင်တောခရိုင်အတွင်းရှိ ဘင်္ဂါလီများ၏ သက်တန်းကုန်ဆုံး ၀ှိုက်ကတ်များအား စတင်အပ်နှံသည့်နေ့တွင် ကတ်အရေအတွက် ၉၀၀ ကျော် လက်ခံရရှိခဲ့ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူ အများဆုံးရှိနေသည့် မောင်တောခရိုင်အတွင်း ၀ှိုက်ကတ်လက်ခံရာ စုရပ်ပေါင်း ၁၁ ခုဖွင့်လှစ်ကာ လက်ခံနေခြင်းဖြစ်ပြီး စတင်လက်ခံသည့် ဧပြီ ၁ ရက်တွင် ဘင်္ဂါလီ ၉၁၆ ဦး၏ ၀ှိုက်ကတ်များအား လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Writer:
သန်းလှိုင်(စစ်တွေ)၊ သားရွှေဦး (ကစ္ဆပ)

ကော်မရှင်ဥက္ကဌစစ်ဝတ်စုံဖြင့်ပြန်လည်တွေ့ရ