စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း အင်အား ၇၀ ပါ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းလက်ချက်ဖြင့် တစ်ပတ်အတွင်း ဒေသခံ ၂၃ ဦး သတ်ဖြတ်ခံရကာ ထိုအထဲမှ ၇ ဦးမှာ ဦးခေါင်း၊ ခြေ၊ လက်များ အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရသည်။ မောင်ရွှေဝါ Published on Mar 7, 2023 (သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်) Myanmar Now ယခုလ မတ်လ ၁ ရက် အရုဏ်မတက်မီ နံနက် ၁ နာရီကျော်ဖြစ်သည်။ ဧရာဝတီမြစ်နှင့် မူးမြစ်ပေါင်းစုံရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့နယ် အနောက်ဖျား တာတိုင်ရွာနှင့် မလှမ်းမကမ်း လယ်တောတစ်ခုထဲတွင် အသက် ၂၀ အရွယ် ကိုကံကောင်း*နှင့် သူငယ်ချင်းနှစ်ဦး အိပ်စက်အနားယူနေသည်။ အားကစားဘောင်းဘီ အတို၊ အရှည်၊ အရပ်ဝတ်အရပ်စားများ ဆင်မြန်းကာ အင်္ကျီပေါ်မှ ကျည်ကာ ထပ်ဝတ်ထားသည့် လူတစ်စု ရုတ်တရက်ရောက်လာကာ လှုပ်နှိုးသဖြင့် ကိုကံကောင်းနှင့် အပေါင်းအပါများ လန့်နိုးသွားရသည်။ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ထိုအဖွဲ့မှာ အထုပ်အပိုးများ၊ လက်နက်များ ကိုင်ဆောင်ထားပြီး အင်အား ၇၀ လောက်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်။ ကိုကံကောင်းတို့ ခေါင်းနားပန်းကြီးသွားသည်။ တုံ့ပြန်ရန် မပြောနှင့်