နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ကန့်သတ်ချက် များလွန်းနေ
၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကို တွေ့ရစဉ်။ RFA အာဏာသိမ်းစစ်တပ်ရဲ့ အရေးပေါ်ကာလ သက်တမ်း နှစ်နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေသစ်ဟာ အရင် စစ်အစိုးရလက်ထက်က ပြဌာန်းထားတဲ့ ဥပဒေတွေထက် ကန့်သတ်ချက်တွေ ပိုများပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအပေါ် တင်းကြပ် ထားတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ အရင် ဥပဒေဟောင်းမှာတော့ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ (သုံးလ) အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင် စည်းရုံးရမယ်လို့ ဖော်ပြထားပါတယ်။ အခု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်မှာတော့ တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ပါတီတွေဟာ ပါတီဝင် တစ်သိန်းအထိ စည်းရုံးရမယ့်အပြင် ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်း ဖွင့်ထားဖို့ လိုအပ်ပါတယ်...