Skip to main content

မြန်မာလက်နက်ကိစ္စ တရုတ်၊ အိန္ဒိယလုပ်ငန်းများနှင့် နော်ဝေးရန်ပုံငွေအဖွဲ့ လမ်းခွဲ

အပေါ့စား တိုက်ခိုက်ရေးလေယာဉ်များနှင့် လက်နက်စနစ်တခုကို စစ်အာဏာသိမ်းထားသည့် မြန်မာသို့ ရောင်းချသောကြောင့် တရုတ်နှင့် အိန္ဒိယ ကုမ္ပဏီ နှစ်ခုကို ကမ္ဘာ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ လုပ်ငန်းဖြစ်သော နော်ဝေးအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က လမ်းခွဲလိုက်သည်။

“နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို အပြင်းအထန်၊ စနစ်တကျ ချိုးဖောက်သော နည်းလမ်း” ဖြင့် အသုံးပြုနေသော နိုင်ငံတခုသို့ လက်နက် ရောင်းချခြင်းကြောင့် ထိုကုမ္ပဏီများက ဖြစ်ပေါ်စေနိုင်သည့် “လက်မခံနိုင်သော အန္တရာယ်” ကြောင့် AviChina Industry & Technology နှင့် Bharat Electronics တို့မှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရောင်းချခဲ့ကြောင်း Norges Bank Investment Management က ကြေညာသည်။

တန်ဖိုး ခရိုနာ ၁၃ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ) ရှိသော ထိုရန်ပုံငွေအဖွဲ့သည် ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် အထက်ပါ တရုတ်ကုမ္ပဏီ၏ ဝ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် အိန္ဒိယကုမ္ပဏီ၏ ဝ ဒသမ ၃၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ကြောင်း နောက်ဆုံးရရှိထားသည့် စာရင်းများအရ သိရသည်။ ထိုကုမ္ပဏီများနှင့် လမ်းခွဲရန် ဆုံးဖြတ်ချက်ကို ကျင့်ဝတ်ဆိုင်ရာအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ပုံငွေအဖွဲ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

AviChina သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာသို့ အပေါ့စားလေယာဉ်များ ပေးပို့ခဲ့ပြီး Bharat Electronics သည် အဝေးထိန်းလက်နက်များကို မြန်မာသို့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် ပေးပို့ခဲ့ကြောင်း အဆိုပါ ရန်ပုံငွေအဖွဲ့က ပြောသည်။

“၂၀၂၁ ခုနှစ် အာဏာမသိမ်းမီနှင့် သိမ်းပြီးနောက်တွင် မြန်မာစစ်တပ်သည် အလွန်ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရပ်သားများအပေါ် ကျူးလွန်နေပြီး တိုက်ခိုက်ရေး လေယာဉ်များကို အသုံးပြု တိုက်ခိုက်ခြင်းလည်း ပါဝင်သည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများစွာ၏ ပြောကြားချက်များတွင် ဖော်ပြထားကြောင်း” အထက်ပါ ရန်ပုံငွေအဖွဲ့က AviChina နှင့် လမ်းခွဲသည့် အကြောင်းရင်းကို ရှင်းပြသည်။

“စစ်အာဏာသိမ်းမှု၊ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရှိနေသော်လည်း ထိုကုမ္ပဏီသည် မြန်မာသို့ လက်နက်များရောင်းချခဲ့သည် ဆိုသည့်အချက်ကို ကျင့်ဝတ်ဆိုင်ရာကောင်စီက အလေးထားသည်။ ကျင့်ဝတ်ကောင်စီ၏ စုံစမ်းမေးမြန်းမှုများကိုလည်း ထိုကုမ္ပဏီက အကြောင်းပြန်ကြားခြင်း မရှိ” ဟုလည်း ရန်ပုံငွေအဖွဲ့က ပြောသည်။

အထက်ပါ ရန်ပုံငွေအဖွဲ့၏ အဆိုအရ Bharat Electronics ၏ လက်နက်စနစ်သည် “သံချပ်ကာယာဉ် အတွင်းမှ အဝေးထိန်းစနစ်ဖြင့် ပစ်ခတ်သော လက်နက်များဖြစ်ကြောင်း” သိရသည်။

“ထိုသို့သောယာဉ်များကို မြန်မာမှ အရပ်သားများအား တိုက်ခိုက်ရာတွင် အသုံးပြုကြောင်း သတင်းရရှိသည်” ဟု ရန်ပုံငွေအဖွဲ့က ပြောသည်။ “ထိုတိုက်ခိုက်မှုများသည် များပြားပြီး ကောင်စီ၏ အမြင်အရ နိုင်ငံတကာဥပဒေကို အပြင်းအထန်နှင့် စနစ်တကျ ချိုးဖောက်ခြင်းဖြစ်သည်” ဟု ဆိုသည်။

နော်ဝေးနိုင်ငံပိုင် ရေနံမှဝင်ငွေများထားရှိသော ထိုရန်ပုံငွေအဖွဲ့သည် ကမ္ဘာတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတခုဖြစ်ပြီး ကုမ္ပဏီပေါင်း ၉,၀၀၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားသည်။ ထို့ပြင် ငွေတိုက်စာချုပ်များနှင့် အိမ်ခြံမြေများတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သော ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံခြင်းကို တားမြစ်သည့် စည်းကမ်းအရ အထက်ပါ ရန်ပုံငွေအဖွဲ့သည် Airbus, Boeing, Glencore, Lockheed Martin နှင့့် အမေရိကန် ဆေးရွက်ကြီးလုပ်ငန်းကြီးဖြစ်သော Philip Morris တို့မှ ရင်းနှီးမြှုပ်နှံမှုများကို ယခင်ကလည်း ရောင်းထုတ်ခဲ့ဖူးသည်။

ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ စင်ကာပူနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီများသည် မြန်မာတွင် လက်နက်ထုတ်လုပ်ရေးအတွက် “အရေးပါသည့်” ထောက်ပံ့မှုများ လုပ်နေကြောင်း ကုလသမဂ္ဂမှ ကျွမ်းကျင်သူဟောင်း သုံးဦးက လွန်ခဲ့သောအပတ်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် လက်နက်အများအပြား ထုတ်လုပ်ရာတွင် ကိုယ့်အားကိုယ်ကိုးလာနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အစီရင်ခံစာတခုတွင် ဖော်ပြခဲ့သည်။

အရပ်သားများကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်များ ထုတ်လုပ်နိုင်စေရန် စစ်ကောင်စီကို ကူညီသည့် ထုတ်ကုန်များထုတ်လုပ်သော ကုမ္ပဏီများကို အုပ်ချုပ်ရေးအရ သို့မဟုတ် ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေး အရေးယူရန် SAC-M က နိုင်ငံများကို တောင်းဆိုသည်။

ကိုးကား ။ ။ Al Jazeera သတင်း China, India firms dropped by Norway fund over Myanmar weapons

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ