အောင်ဒင် (၁) ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၃ (NDAA 2023) မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ ရန်ပုံငွေခွဲဝေသုံးစွဲရန်လမ်းညွှန်မှုတွေကို ပြဋ္ဌာန်းထားတဲ့ The Burma Act of 2022 ကိုပါ ထည့်သွင်းအတည်ပြုခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ NDAA 2023 က မူဝါဒဆိုင်ရာ ဥပဒေ (Policy Bill) ဖြစ်ပါတယ်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (Appropriations Bill) မဟုတ်တဲ့အတွက် အဲဒီ NDAA/The Burma Act ထဲမှာ မြန်မာနိုင်ငံကို အကူအညီပေးမယ့် ထောက်ပံ့ငွေပမာဏ မပါဝင်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပမာဏဟာ ကွန်ဂရက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက ခေါင်းဆောင်တွေ ညှိနှိုင်းရေးဆွဲနေကြတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ ငွေကြေးခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (The Consolidated Appropriations Act 2023/ CAA 2023) မှာ ပါဝင်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ (၂) ကျနော်တို့ စောင့်စားခဲ့တဲ့ CAA 2023 မူကြမ်းကို ဒီကနေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့) မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ပြည်ထောင်စုအစိုးရ အသုံးစားရိတ်ခွဲ...