အမေရိကန်နိုင်ငံကပေးအပ်မယ့် အကူအညီတွေကြောင့် စစ်အာဏာရှင်တော်လှန်ရေးမှာ အလှည့်အပြောင်းဖြစ်လာမယ်
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်
အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ် အာဆီယံအလှည့် ကျဥက္ကဌ ဖြစ်လာမှုနဲ့အတူ နေပြည်တော်က အာဏာ သိမ်းစစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အမေရိကန်နိုင်ငံက နည်းပညာနဲ့ စစ်ရေးမ ဟုတ်တဲ့အကူအညီ ပေးအပ်နိုင်မယ့် ၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေလို့ လူသိများတဲ့ ဉပဒေကြမ်းတစ်ရပ်ကို မကြာ သေးမီက အမေရိကန် ကွန်ဂရက်က အတည်ပြုလိုက်ခြင်းဟာ မကြာမီ သုံးနှစ်အထိရှိလာတော့မယ့် မြန်မာ့အရေး အတွက် အပြောင်း အလဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
၂၀၂၂ ခုနှစ်မြန်မာအက်ဥပဒေအရ အမေရိကန် အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အကူအညီတိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မည်သည့်အနောက်နိုင်ငံကမှ အခုလိုမျိုး မြန်မာစစ်အာဏာရှင် တော်လှန်ရေးအဖွဲ့တွေ ကို ကူညီပေးဖို့ ဉပဒေပြဌာန်းတာ မရှိသေးပါဘူး။ အမေရိကန်ကွန်ဂရက်မှာ ဒီမိုကရေစီနဲ့ ပြည်သူလူထုကို နှိပ် ကွက်တာမဟုတ်ရင် အခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးအတွက် ဉပဒေပြဌာန်းပြီး ကူညီတာမရှိသေးပါဘူး။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့ နေ ပြည်တော်က အာဏာသိမ်းစစ်ကောင်စီကို တွန်းလှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကို စစ်ရေးမဟုတ်တဲ့ အကူအညီပေးအပ်လိုတာ ရှင်းပါတယ်။
သမိုင်းကြောင်းအမြင်အရ အရှေ့တောင်အာရှဒေသရှိ စစ်ပွဲတွေမှာ အခုလို စစ်ရေးမဟုတ်တဲ့အကူအညီက တစ်ခါတစ်ရံ စစ်ရေးအကူအညီ ဖြစ်လာနိုင်ပါတယ်။ စစ်ရေးမဟုတ်တဲ့ အကူအညီဆိုပေမယ့် ရန်သူ့တပ်ဖွဲ့တွေကို တိုက်ခိုက်မယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေမယ့် လေ့ကျင့်ရေးသင်တန်းပေးတာ တွေ ပါဝင်နိုင်ပါတယ်။
လာမယ့်လတွေအတွင်း သိသာတဲ့ တိုးတက်မှုမရှိလာရင် မြန်မာ့အရေးဟာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲတစ်ဖြည်းဖြည်းကြားခံစစ်ပွဲတစ်ခုအဖြစ် ပြောင်း လဲလာနိုင်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက လာမယ့်နှစ်လယ်မှာ ရွေးကောက်ပွဲတစ်ရပ်ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် လာမယ့်ရှစ်လအတွင်း သွေးထွက်သံယိုမှုတွေ ရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီဟာ ရွေး ကောက်ပွဲပြုလုပ်ဖို့ သက်ဆိုင်သူတွေရဲ့ သဘောထားကို ရယူခြင်းမရှိတဲ့အပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေလည်း အခုချိန်ထိ လုပ်ဆောင်ခြင်းမရှိပါဘူး။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ကြိုတင်တိုင် ပင်ဆွေးနွေးမှုတွေမရှိဘဲ ရွေးကောက်ပွဲပြုလုပ်ရင် ထွက်ပေါ်လာတဲ့ရလဒ်ဟာ အတုအယောင်သာဖြစ်ပါလိမ့်မယ်။
အာဆီယံ အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ မတူ ညီတဲ့ အကြံဉာဏ်တွေ၊နည်းလမ်းတွေ ရှိနေပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တစ်ဉီးအဖြစ် ချီးမွမ်းခံခဲ့ရတဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက စားနပ်ရိက္ခာ၊ စွမ်း အင်၊ ကျန်းမာရေးအပြင် ဒစ်ဂျစ်တယ်အသွင်ကူး ပြောင်းမှု အပါအဝင် အကျပ်အတည်းပေါင်းစုံအပေါ် အင်ဒိုနီးရှားနိုင်ငံရဲ့ အလေးထားမှုကို ဆက် လက်ပြသလိုပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဆီယံအလှည့်ကျဥက္ကဌ ဘရူနိုင်းနိုင်ငံက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။ ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံကလည်း အာဆီ ယံ တူညီဆန္ဒငါးရပ် ဖော်ဆောင်ရေးမူကိုသာ တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီး ချုပ် ဟွန်ဆမ်က အာဆီယံငြိမ်းချမ်းရေးစီမံချက်ကို ဉီးဆောင်ခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက အဆိုပြုချက်တွေကို မဖော်ဆောင်ခဲ့ပါဘူး။
၂၀၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဖော်ဆောင်ဖို့ စစ်ကောင်စီကို တွန်းအားပေးမှာ သေချာပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီ အင်ဒိုနီးရှား နိုင်ငံက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကူညီပေးလိုပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှုတွေ ပြုလုပ်ကာ စစ်ကောင်စီအား ဘုံသဘောတူညီချက်ကို အပြည့်အဝ ဖော်ဆောင်စေလိုပါတယ်။
ဒါပေမယ့်လည်း မြန်မာ့အရေးမှာ ပါဝင်နေသူအား လုံးက ဒီစစ်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်နေတာ ကြောင့် စေ့စပ်ညှိနှိုင်းတာတွေ မပြုလုပ်လိုကြပါဘူး။ အမေရိကန်ကွန်ဂရက်က ၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေအတည်ပြုလိုက်တာကြောင့် အတိုက် အခံတွေက စစ်ကောင်စီကို တိုက်ခိုက်ရာမှာ ပိုပြီး အကူအညီတွေ ရရှိနိုင် တော့မှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက လာမည့်လမှာပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးမှာ အာဆီယံအစီအစဉ်ကို တင်ပြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၁၄၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ တစ်ခုခု အမှားအ ယွင်းဖြစ်ရင် အကြီးမားဆုံး နစ်နာမှာဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ပြည် သူများစွာဟာ ထိုင်းနယ်စပ်အနီးကို ထွက်ပြေးလာကြပါတယ်။ အမှန်တစ်ကယ်တော့ ထိုင်း-မြန်မာနယ်စပ်ဟာ အရှိန်မရွေး ပေါက်ကွဲလာနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ထိုင်းအစိုးရက တိတ်ဆိတ် သော သံခင်းတမန်ခင်းနည်းလမ်းကို အသုံးပြုခဲ့ပြီး နေပြည်တော်က သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ရှိ နယ်စပ်တစ်လျှောက် အဖွဲ့အစည်းအား လုံးနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ် တပ်က အာဏာသိမ်းပြီး ချိန်ကတည်းက ပဋိပက္ခမှာပါဝင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးကြဖို့ ထိုင်းနိုင်ငံက ဆောင်ရွက်ပေးလိုခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း လက်ရှိ ရန်လိုတဲ့အခြေအနေတွေကြောင့် အဲဒီလို တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာနိုင် ဖွယ် မရှိတော့ပါဘူး။ မြန်မာနိုင်ငံမှာ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝှိုက်ဖြစ်စေ အကျိုးစီးပွားရှိနေတဲ့ တိုင်း ပြည်တွေကြား ယုံကြည်မှုတည်ဆောက်မယ့် တရားဝင် ရေရှည်လုပ်ငန်းစဉ်တစ်ရပ် စတင်နိုင်ဖို့ ထိုင်းနိုင်ငံက တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကို တက်ရောက်ကြဖို့ အာဆီယံအဖွဲ့ဝင်တွေကို ဖိတ်ကြားခဲ့ပါတယ်။
လာမည့် ကြာသပတေးနေ့မှာပြုလုပ်မယ့် အလွတ် သဘော အစည်းအဝေးက အာဆီယံအစည်းအဝေး တစ်ခု မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တိုင်းပြည်တွေကို အမြင်ချင်းဖလှယ်ဖို့ အနာဂတ် မှာ ဖိတ်ကြားမယ်လို့ ထိုင်းနိုင်ငံက မျှော် လင့်ပါတယ်။ ခုခံတော်လှန်ရေးတပ်ဖွဲ့တွေအတွက် ပြည်ပမှ အထောက်အပံ့ ပိုမိုရရှိတော့မှာဖြစ်တာကြောင့် မြန်မာ့အရေးဟာ ပိုမိုပြင်းထန်လာတော့မယ့် အခြေအနေသစ်တစ်ရပ်ကို ရောက် ရှိတော့မှာဖြစ်ပါတယ်။
ယနေ့ထုတ် Bangkok Post သတင်းစာပါ ဝါရင့်သတင်းစာဆရာ Kavi Chongkittavorn ရေးသားထားတဲ့ Myanmar and two new game-changers ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
Comments