ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်


အာဏာသိမ်း စစ်အုပ်စုက ဆရာတော်အား ပစ်ခတ်သတ်ဖြတ်မှု ဝန်မခံသေးဘဲ ဆက်လက် စုံစမ်းဦးမယ်လို့ဆို၊

MFP ၊ ဇွန်-၂၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ဇွန်(၁၉)ရက် မနက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်(ငြိမ်း)၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါ လာတဲ့ မော်တော်ကားကို ဖောကားပေါ်နေ ဝိုင်းဝန်း ပစ်ခတ် သတ်ဖြတ်ခဲ့သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန်မြို့နယ် ပြည်သူ့စစ်ခေါ် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မန္တလေးနန်းတွင်းမှာ အခြေပြုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ လက်အောက်ခံ အမှတ်(၂) အင်အားပြန်လည် ဖြည့်တင်းရေးတပ် (အပတ-၂-ကျောက်ဆည်တပ်နယ်)က ဗိုလ်မှူးအဆင့် မိုးမင်းဦးဟာ စစ်အာဏာသိမ်းစ ကတည်းက ငါန်းဇွန်နယ်ထဲ ရောက်ရှိလာကာ ဒေသတွင်း လူသတ်၊ လုယက်၊ အကြမ်းဖက်မှုတွေမှာ ဦးဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန်(၁၉)ရက်က အဲ့ဒီ ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်တဲ့ စစ်အုပ်စု အင်အား(၁၄)ယောက်၊ ငါန်းဇွန်မြို့နယ် ပျူခေါင်းဆောင် မျိုးမင်းခိုင် ဦးဆောင်တဲ့ အင်အား(၁၅)ယောက်၊ စုစုပေါင်း အင်အား(၃၀)နီးပါးပါ စစ်ကြောင်း မိုင်းဆွဲ ခံရကာ ဒု-တပ်ကြပ်အဆင့်တစ်ယောက် သေပြီး အလောင်းကောက်ပြီး ပြန်လာချိန် ငါန်းဇွန်မြို့နယ်၊ မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ မှန်မချဘဲ မောင်းနှင်လာတဲ့ Surf အမျိုးအစား 3E-၁၂၈၄ ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ စစ်အုပ်စုဘက်က ပြန့်လာတဲ့ ကြေးနန်းစာမှာ ဖော်ပြထားတယ်လို့ အဲ့ဒီ ကြေးနန်းစာကို လက်ခံရရှိထားတဲ့ ဒေသခံမြေပြင်ကင်းထောက်အဖွဲ့ ငါန်းဇွန်သတင်းစုံက MFP ကို ပြောပါတယ်။

ဒါပေမယ့် အဲ့ဒီ ကြေးနန်းစာဟာ အလိမ်အညာ ဖြစ်နိုင်ပြီး ကြေးနန်စာပါ အချက်အလက်တွေဟာလည်း အလိမ်အညာတွေ ဖြစ်တယ်လို့ ငါန်းဇွန်သတင်းစုံက ဆိုပါတယ်။

“သူတို့ ကြေးနန်းစာကလည်း အလိမ်၊ ဖြစ်စဉ်နေရာ ပုံတွေကလည်း လိမ်ထားတာ၊ ကားမှောက်တာလည်း မရှိ၊ မိုင်းဆွဲတာလည်း မရှိ၊ ကင်းပုန်းနဲ့ ပတ်ကင်းက ပစ်ခတ်တာသာဖြစ်။ ပြောရမယ်ဆိုရင် ဆရာတော်တွေရဲ့ ကားမပစ်ခံရခင် (၁၈)ရက်က သူတို့ စခတွေ ပစ်ခံရပြီး အထိနာထားတော့ ငါန်းဇွန်-မြို့သာလမ်းနဲ့ အနီးဝန်းကျင်က ရွာတွေကို နောက်တစ်ရက်မှာ ပတ်မွှေနေတာ။ အဲဒီလို မွှေနေတဲ့ အချိန်မှာ ဆရာတော်ကားက မှန်မချဘဲ ဆွမ်းစားဖို့ အတင်းမောင်းချိန်မှာ ဖောကားက ပစ်လိုက်တာ” လို့ ငါန်းဇွန်သတင်းစုံက ဆိုပါတယ်။

ကြေးနန်စာပါ အချက်အလက်တွေက အလိမ်အညာတွေ ဖြစ်ပေမယ့် ဗိုလ်မှူးနာမည်နဲ့ ပျူခေါင်းဆောင်ရဲ့ နာမည်တွေသာ မှန်ကန်တယ်လို့ ဆိုပါတယ်။

“မိုးမင်းဦးနဲ့ မျိုးမင်းခိုင်တို့အုပ်စု စစ်ဆေးခံရနိုင်ဖွယ်ရှိတယ်” လို့ ငါန်းဇွန်သတင်းစုံ တာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။

ဇွန်(၁၉)ရက် မနက်(၁၀)နာရီခွဲ ဝန်းကျင်က၊ မန္တလေး - တံတားဦး - မြို့သာ - ငါန်းဇွန်လမ်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၊ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသ တို့ စီးနင်း လိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာ တော်ပျံလွန်တော်မူကာ ကန်သုံးဆင့် ပရိယတ္တိ စာသင်တိုက်ဆရာတော်နဲ့ ယာဉ်မောင်း တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ငါန်းဇွန်နယ် ကမ္မရွာကနေ မန္တလေးဘက်အပြန် ဖောကားပေါ်မှာ ရှိနေတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေက ကားကို သေနတ်နဲ့ ခုနှစ်ချက်၊ ရှစ်ချက် ဝိုင်းပစ်ခတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ပြီး ပျံလွန်တော်မူတာလို့ ပစ်ခတ်ခံရတဲ့ ကားပေါ်မှာ အတူပါရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မင်္ဂလာဒုံ၊ ကန်သုံးဆင့်ကျောင်း ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသ က မနေ့က ဇွန်(၂၀)ရက်မှာ ပြန်လည် မိန့်ကြားပါတယ်။

"ဖောကားပေါ်ကနေ သေနတ်နဲ့ ဝိုင်းပြီးတော့ ပစ်ပါတယ်။ ကားမှာ ခုနစ်ချက်၊ ရှစ်ချက်လောက် မှန်ပါတယ်။ ဘုရားတပည့်တော် ကားတံခါးဖွင့်ပြီးတော့ အပြင်ဘက် ထွက်လိုက်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ကန်းသည် သွေးတွေ အလိမ်းလိမ်း အကပ်ကပ် ဖြစ်နေပါတယ်။ ဘုရားတပည့်တော်က ကားထဲ ကြည့်လိုက်တဲ့အခါ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ ခေါင်းငိုက်စိုက် ကျပြီး အသက် မရှိတော့ပါဘူး။ ဝိုင်းပြီးတော့ ပစ်လိုက်တာ ခုနှစ်ချက်၊ ရှစ်ချက်လောက် ရှိပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာ ရုပ်သိမ်းသွားပါတယ် ဘုရား။ ဘုရားတပည့်တော်ကတော့ ခေါင်းရယ်၊ ကားရဲ့ မှန်စ ထိပါတယ်ဘုရား။ ဘုရားတပည့်တော် အပြင်ဘက် ရောက်တဲ့အခါ 'ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက် ရက်စက်ရသလား' လို့ ဖောကားပေါ်မှာ ပါတဲ့၊ ရှင်းရှင်းပြောရရင် 'စစ်ဗိုလ် စစ်သားတွေ၊ ရက်စက် လှချည်လား' ဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်း မသိလို့ပါ တဲ့၊ 'ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကား ထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရား' တဲ့၊ သူတို့ကိုယ်တိုင် ဝန်ခံပါတယ်” လို့ မင်္ဂလာဒုံ၊ ကန်သုံးဆင့်ကျောင်း ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသက မိန့်ကြားပါတယ်။

နိုင်ငံတော်သံဃနာယက အဖွဲ့ဝင်၊ ရွှေကျင်ဂိုဏ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဆရာတော်၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါတဲ့ ကားကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အုပ်စုက သူတို့ လုပ်တာ မဟုတ်ဘဲ PDF တွေက ပစ်ခတ်တာလို့ ဇွန်(၁၉)ရက်မှာ လိမ်လည် ထုတ်ပြန်ခဲ့ပါတယ်။

ကားပေါ်ပါတဲ့ ကန်သုံးဆင့်ဆရာတော်နဲ့ ယာဉ်မောင်းတို့ကို အကြိမ်ကြိမ် စစ်ဆေးပြီးနောက် ပစ်ခတ်မှုဖြစ်အပြီး (၁၀)နာရီခန့်အကြာမှာ စစ်အုပ်စုက အထက်ပါအတိုင်း လိမ်လည် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က ဇွန်(၂၀)ရက်မှာ ပစ်ခတ်ခံရတဲ့ ကားပေါ်မှာ ပါရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မင်္ဂလာဒုံ၊ ကန်သုံးဆင့်ကျောင်း ဆရာတော်  ဘဒ္ဒန္တ ဂုဏိကာဘိဝံသ ရဲ့ ပြန်လည် မိန့်ကြားချက် ထွက်ပေါ်လာပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းမယ်လို့ ထပ်မံ သတင်းဖြန့်ပါတယ်။

အဲ့ဒီ မန္တလေး - တံတားဦး - မြို့သာ - ငါန်းဇွန် လမ်းပိုင်းမှာ စစ်အုပ်စုက ဂိတ်တွေဖွင့်ပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စစ်ဆေးတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုရဲ့ လိမ်လည် ထုတ်ပြန်ချက်နဲ့ စစ်အုပ်စု ရဲကြေးနန်းစာ/Photo - စစ်အုပ်စု၊ ငါန်းဇွန်သတင်းစုံ

#Mandalay_Free_Press_MFP



Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Hotelတွေထဲမှာ Share အများဆုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး ဒေဝါရွှေ

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

​ဒေါ်‌ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

ဒဗမက၏ဇနီး ထမီအလှန်ခံရ