အကြမ်းဖက် မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကချက်ချင်းအရေးယူရေးအရပ်ဘက်အဖွဲ့ ၅၂၁ ခု တောင်းဆို
ရန်ကုန်၊ နိုဝင်ဘာ ၅ မြန်မာနိုင်ငံတွင် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရန် အရပ်ဘက်အဖွဲ့ ၅၂၁ ခုက တောင်းဆိုလိုက်သည်။ ချင်းပြည်နယ်တွင် ထန်တလန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်း ဖိနှိပ် သတ်ဖြတ် ဖျက်ဆီးမှုများ လုပ်ဆောင်နေသော မြန်မာစစ်ကောင်စီ အကြမ်းဖက်မှု ကို အဆုံး သတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရန် တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းနှင့် ပတ်သက်၍ အရှိန်အဟုန်ဖြင့် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန်နှင့် မြန်မာနိုင်ငံတွင် လျင်မြန်စွာ ဆိုးရွားလာနေသော လူ သားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရန် အရပ်ဘက်အဖွဲ့အစည်းများက ကုလသမဂ္ဂကို တောင်းဆိုကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချပိတ်ပင်ရေး ချမှတ်ရန် တောင်းဆိုလိုက်ပြီး စစ်တပ်သည် နိုဝင်ဘာလ ၃ ရက်နေ့အထိ လူပေါင်း ၁၂၃၆ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၉၆၆၇ ဦး မတရား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။