မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

စောဖိုးခွား(ဝါရှင်တန်ဒီစီ) ■ဒီကနေ့ မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် နေအိမ်ထဲမှာရှိနေတဲ့ အသက် ၇ နှစ် ကလေးငယ်တစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။

နေအိမ်ထဲမှာနေနေတဲ့ ဖခင်ဖြစ်သူ ရင်ခွင်ထဲ ပိုက်ချီထားတဲ့ မခင်မျိုးချစ် (၇ နှစ်)ဟာ ဗိုက်ကို သေနတ်ကျည်ဆံထိမှန်ပြီး ဖခင်ဖြစ်သူ လက်ထဲမှာတင် သေဆုံးသွားတာလို့ အမဖြစ်သူက RFA ကိုပြောပါတယ်။ သေဆုံးသွားတဲ့ မခင်မျိုးချစ် (၇ နှစ်) ဟာ မောင်နှမ ၈ ယောက်အနက် အငယ်ဆုံးဖြစ်ပြီး မိသားစုဟာ အစ္စလာမ် ဘာသာဝင်တွေဖြစ်ပါတယ်။

စစ်အာဏာ သိမ်းပြီးနောက် ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ မခင်မျိုးချစ် (၇ နှစ်)ဟာ အငယ်ဆုံး ဖြစ်ပါတယ်။ မန္တလေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ မတ် ၂၃ ရက် ဒီနေ့သေဆုံးသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်။

မနေ့က မန္တလေးမြို့တွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာလည်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပါတယ်။ အဲ့ဒီ ၁၄ နှစ်အရွယ်ကလေးငယ်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခြင်းမရှိဘဲ နေအိမ်နားတဝိုက်မှာရှိနေစဉ် ပစ်ခတ်ခံရတာလို့ မိသားစုဝင်တွေက ပြောထားပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး အခုအချိန်ထိ သေဆုံးသူ ၂၅၀ ကျော်သွားပါပြီ။ သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး အနည်းဆုံး အယောက် ၂၀ ကျော်ပါတယ်လို့ နိုင်ငံတကာ ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ Save The Children အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက်မပြည့်သေးဘဲ ဖမ်းဆီးခံထားရတဲ့ ကလေးကအမှုပေါင်း ၁၄၆ မှု ရှိတယ်လို့လည်း ဆိုပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့ တက္ကသိုလ် ကျောင်းသား လူငယ်ကတော့ ၄၈၈ ယောက်အထိရှိတယ်လို့ Save The Children ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်ရေးအတွက် စစ်ဏာသိမ်းအဖွဲ့ လက်အောက်ခံ စစ်သားတွေ အနေနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန်းကရပ်ဖို့လည်း Save The Children အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော