မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်း နှင့် စိုးထွဋ်အသံဖိုင်ပေါက်ကြားမှု ဒုဝန်ကြီးမှစ၍ ဌာနဆိုင်ရာ ညွှန်ချုပ်များအထိ စစ်ဆေးခံရ၊ စစ်ကိုင်းတိုင်းမှ ထွေ/အုပ်အရာရှိတစ်ဦး ဖမ်းဆီးခံထားရ


ရန်ကုန်၊ မတ် ၂၀ 


မင်းအောင်လှိုင်က နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော အလွတ်သဘော လျှို့ဝှက်အစည်းအဝေး ပြောဆိုမှုများ မှတ်တမ်း ပေါက်ကြားသည့်အတွက် စစ်ကိုင်းတိုင်းမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။ 


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး ပြောဆိုမှု မှတ်တမ်းများကို ရန်ကုန်ခေတ်သစ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မှတ်တမ်းဖိုင်များအားလုံး ဖော်ထုတ်တင်ပြခဲ့ရာ ယင်းဖော် ထုတ်တင်ပြမှုအတွက် ရန်ကုန်တိုင်းအစိုးရ ၊ E-government ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်နေပြည်တော် စစ်ကောင်စီရုံးမှ ဝန်ထမ်းတချို့ ၁ ပတ်ကျော်ကြာ ခေါ်ယူ စစ်ဆေးခံရကြောင်း၊ ယင်းနောက် စစ်ကိုင်းတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ 


"မအလနဲ့ တိုင်းကောင်စီဥက္ကဋ္ဌတွေရဲ့ အစည်းအဝေး မှတ်တမ်း ခေတ်သစ်ကိုပို့ပေးလို့ လိုင်းပေါ်တက်လာတယ်ဆိုပြီး စစ်ကိုင်းတိုင်းထွေ/အုပ်အရာရှိတစ်ဦး အဖမ်းခံရပါတယ်" ဟု စစ်ကိုင်းတိုင်းမှ အရာရှိတစ်ဦးက ပြောသည်။ 


ထို့ပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ်သပိတ်တားဆီးရေး ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ပြောဆိုသော အသံဖိုင်သည် ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပေါက်ကြားခဲ့မှုအတွက်လည်း အစည်း အဝေးတက်ရောက်သူ ဒုဝန်ကြီးမှစ၍ ထွေ/အုပ်အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ အရာရှိကြီးများနှင့် စည်ပင် အရာရှိများ၊ ဌာနဆိုင်ရာများကို ခေါ်ယူ စစ်ဆေးခြင်း၊ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးခြင်းများ စစ်တပ်က လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


"ဝန်ကြီးကတော့ သူ့အသံဖိုင်ပေါက်ရမလားဆိုပြီး ငါနဲ့ချည်းကိုင်တုပ်တာ။ စားပွဲပေါ်က ဖိုင်တွေပါ ပစ်ပေါက်တယ်။ တော်တော်ကို ဒေါသထွက်တယ်တဲ့။ ဒီလောက်ကြီးအထိ ဖြစ်ရလား မလုံခြုံတော့ဘူးလားဆိုပြီး အကုန်ပတ်ရမ်းတယ်" ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။ 


ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၏ အသံဖိုင်ကို မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်က ထုတ်လွှင့်တင်ဆက်ခဲ့သည်။ 


အစည်းအဝေးမှတ်တမ်းဖိုင်များ၊ စစ်ရေးဆိုင်ရာကိစ္စရပ်များ မကြာခဏဆိုသလို ပေါက်ကြားနေမှုနှင့်ပတ် သက်၍ အထူးစိစစ်ဆောင်ရွက်ရန်၊ အစည်းအဝေးခန်းမများအတွင်းသို့ မည်သူမဆို တယ်လီဖုန်း အပါအဝင် လျှပ်စစ်ပစ္စည်းများ ယူဆောင်ခြင်းမပြုရန်၊ ရန်ကုန်ခေတ်သစ်မီဒီယာနှင့်ချိတ်ဆက်၍ စစ်ကောင်စီ၏ သတင်းများ ဆက်တိုက်ပေါက်ကြားနေမှုကို စုံစမ်းစစ်ဆေးရန်၊ ခေတ်သစ်မီဒီယာကို ဖမ်းဆီးအရေးယူရန်ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က အမိန့်ထုတ်ထားကြောင်း သိရှိရသည်။


ထို့ပြင် တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေတုများသတင်းကို ရန်ကုန်ခေတ်သစ်က အမည်မဖော်လိုသူ ဗဟိုဘဏ်အရာရှိကို ကိုးကားသတင်းဖော်ပြခဲ့ရာ ယင်းဖော်ပြမှုအတွက်လည်း ဗဟိုဘဏ်က ရန်ကုန်ခေတ်သစ်မီဒီယာကို အရေးယူပေးပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ စာပေးပို့ထားကြောင်း သိရှိရသည်။


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️