ကချင်ဘာသာရေးခေါင်းဆောင်ကို ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲထား

ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်းကို မြစ်ကြီးနားထောင်တွင် ချုပ်နှောင်ထားပြီး မတရား အသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု မိသားစုဝင်ထံမှ​ သိရသည်။
Published on Jan 2, 2023
 ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Hkalam Samson Facebook)

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Hkalam Samson Facebook)

ဒီဇင်ဘာ လဆန်းပိုင်းကတည်းက ဖမ်းဆီးခံထားရသည့် ကချင်နှစ်ခြင်းအသင်းတော်(KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပါ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားပြီး ဇန်နဝါရီ ၁၁ တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ဒေါက်တာခလမ်ဆွန်မှာ KBC အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ဆေးကုသရန် ထိုင်းနိုင်ငံသို့သွားရောက်မည့်ဆဲဆဲ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထို့နေ၌ပင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကာ နောက်တစ် ရက်တွင် တရားစွဲဆိုမည့်အကြောင်း စစ်တပ်က KBC တာဝန်ရှိသူများကို အသိပေးခဲ့သည်။​

ကချင်လူထုအကြား ဩဇာတိက္ကမကြီးမားသည့် ဘာသာရေးခေါင်းဆောင်ကို မြစ်ကြီးနားထောင်တွင် ချုပ်နှောင်ထားကာ ဒီဇင်ဘာ ၂၈ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက တရားလိုပြု လုပ်ကာ မြစ်ကြီးနားရဲစခန်း၌ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

"လောလောဆယ် အတိအကျတော့ ၁၇(၁)ပဲ။ အခြားအမှုဘာတွေပါသေးလဲ အတိအကျ မသိရသေးဘူး " ဟု မိသားစုဝင် အမျိုးသမီးက ပြောသည်။"(တရားလိုက) ရဲစခန်းက မဟုတ်ဘူး။ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က ဗိုလ်မှူးတစ်ယောက်လို့ ပြောတယ်။ နာမည်ပြောလို့ မရသေးဘူးတဲ့"

ဒီဇင်ဘာ ၃၀ ရက်တွင် မြစ်ကြီးနားရဲစခန်းသို့ ဒေါက်တာခလမ်ဆမ်ဆွန်၏ မိသားစုဝင်များက သွားရောက် စုံစမ်းစဉ် ၁၇(၁)ဖြင့် တရားစွဲထားကြောင်း သိခဲ့ရခြင်းဖြစ်သည်။

"The Bible and electronic devices (သမ္မာကျမ်းစာအုပ်နှင့် အီလက်ထရောနစ်ပစ္စည်းများ) တွေကိုတော့ သိမ်းလိုက်တယ်၊ သက်သေတဲ့။ ၁၀ မျိုးတော့ သိမ်းထားတယ်လို့တော့ ပြောတာပဲ" ဟု အထက်ပါ မိသားစုဝင်က ပြောသည်။

အဖမ်းခံထားရသည်မှာ တစ်လနီးပါးရှိလာသည့်အချိန်ထိ မိသားစုအနေဖြင့် ဒေါက်တာခလမ်ဆမ်ဆွန်ကို တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။ အသင်းတော် ဥက္ကဋ္ဌဟောင်းနှင့် တွေ့ဆုံခွင့်ရရန် KBC တာဝန်ရှိသူ များက တောင်းဆိုခဲ့သော်လည်း စစ်တပ်က အကြောင်းမပြန်ကြောင်း KBC မှ ဓမ္မဆရာတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ လိုင်ဇာသို့သွားရောက်ကာ KIA ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း ကြောင့် ဖမ်းဆီးအရေးယူခံရခြင်းဖြစ်သည်ဆိုသော ပြောဆိုချက်မှာ အဓိပ္ပာယ်မရှိကြောင်း မိသားစုဝင် အမျိုးသမီးက ဆိုသည်။​

ဒေါက်တာခလမ်ဆမ်ဆွန်သည် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တပါးဖြစ်သည့်အပြင် KBC အဖွဲ့၏ တာဝန်ရှိသူဖြစ်သည့်အတွက် အသင်းသူ၊ အသင်းသားများရှိသည့် မည့်သည့်နေရာကိုမဆို သွားလာ သည့်အတွက် ၎င်းတွင် အပြစ်မရှိကြောင်း မိသားစုဝင်က ဆိုသည်။

“အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးထားတာကို အမြန်ပြန်လွှတ်ခိုင်းစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ KBC ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ပင် ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။ ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ဒီဇင်ဘာတွင် မြစ်ကြီးနားရောက်လာသည့် မင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတကတွေ့ဆုံခဲ့သည်။

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ