လုထားသည့် ပလ္လင်ကို လောင်မြိုက်စေသူဟု မင်းအောင်လှိုင် ရည်ညွှန်းသည့် အသက် ၈၀ ကျော် NLD နာယက ဦးဝင်းထိန်သည် ဇရာနှင့် ဝေဒနာကို အန်တုလျက် အကျဉ်းစံဘဝကို ဖြတ်သန်းနေသည်။ ဉာဏ်လှိုင်လင်း Published on Feb 27, 2023 Myanmar now ကော်လာကတုံး အဖြူရောင်လက်တို၊ ကချင်ပုဆိုးဝတ်ဆင်ထားပြီး အရပ်ပုပြတ်ပြတ်၊ ဝဝဖိုင့်ဖိုင့် ပုံပန်းသဏ္ဌာန်ရှိသည့် အသက် ၈၀ ကျော် အဘိုးကြီးတစ်ဦး သတ္တုဖြင့် လုပ်ထားသည့် ငှက်ခေါင်းပုံ ကွပ်ထားသော သစ်သားတုတ်ကောက်ကို အားပြုလျက် တရွေ့ရွေ့ လျှောက်နေသည်။ ခါးရိုးကို ထိန်းကွပ်နိုင်သည့် ခါးပတ် အမြဲတစေ ပတ်ထားရကာ ရောဂါပေါင်းစုံရှိသည့် ထိုသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်။ အချိန်ကား ၂၀၂၁ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်း။ သာမန်အခြေအနေဆိုလျှင် တစ်ဦးဦးက တွန်းပေးသည့် ဝှီးချဲပေါ်တွင် ပါးစုန့်ကြီးများ မို့အစ် ဖောင်းကားနေသည့် ဦးဝင်းထိန်ကို ထိုင်လျှက် တွေ့ရမည်။ ၅ မိနစ်၊ ၁၀ မိနစ်ထက်ပို၍ အကူအညီမပါဘဲ လမ်းလျှောက်နိုင်သည့် ကျန်းမာရေးအခြေအနေ သူ့တွင် မရှိတော့။ လမ်းကြာကြာလျှောက်လျှင် အမောဖောက်တတ်သည်။ ယခုမူ မြန်မာပြည် ဗြိတိသျှအောက်မှ လွတ်မြောက်ပြီးနောက် ပေါ်ထွက်လာသည့် တတိ...