ထွန်းမင်းလတ်နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခု ဖျက်သိမ်း

ဇွန် ၂၆

အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားသမီးများ အကျိုးစီးပွားပက်သက်နေသည့် လက်နက်ပွဲစား ထွန်းမင်းလတ်၏လုပ်ငန်းစုနှင့် ဆက်နွယ် သော ကုမ္ပဏီသုံးခုအား  စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ပြန်တမ်းများတွင်ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီသုံးခုသည် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုနှင့် နယ်စပ်ဖြတ်ကျော်ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲခံထား ရသူ လက်နက်ပွဲစားထွန်းမင်းလတ်ချုပ်ကိုင်ထားသည့် Star Sapphire လုပ်ငန်းနှင့် ဆက်နွယ်နေသည့် Star Sapphire Phoenix co.,Ltd၊ Star Sapphire Dragon co.,Ltd နှင့် Royal Mawtaung Mining Co.,Ltd တို့ဖြစ်ကြသည်။

လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် စစ်အုပ်စုသားသမီးများ အကျိုးစီးပွားဆက်နွယ်နေသည့် ကုမ္ပဏီသုံးခု ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး အရင်းခံအကြောင်းအချက်အား သိရှိနိုင်ရန် ခက်ခဲသော်လည်း ၎င်းတို့အနေဖြင့် လုပ်ငန်းစုတခုလုံးနှင့် လူပုဂ္ဂိုလ်တဦးချင်းစီအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများအား ကြိုတင်ရှောင်တိမ်းရန်ကြိုးပမ်းမှုဖြစ်နိုင်ကြောင်း မြန်မာစစ်အုပ်စု၏ စီးပွားရေးအရင်းအမြစ်နှင့် လက်နက်ရောင်းဝယ်မှုများအပေါ် လေ့လာနေသည့် Justice For Myanmar အဖွဲ့မှ မရတနာမောင်ကပြောသည်။

၎င်းက “ Star Sapphire အုပ်စုရဲ့ ကွန်ရက်တခုလုံးနဲ့ လူပုဂ္ဂိုလ်တဦးချင်းစီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရောက်လာသေးခင် ကြိုတင်ပြီး ရှောင်တိမ်းဖို့ ကြိုးပမ်းတာမျိုး ဖြစ်နိုင်ပါတယ်၊ Star Sapphire ရဲ့ လုပ်ငန်းတခုလုံးကို ထိခိုက်နစ်နာစေခဲ့တဲ့ ထွန်းမင်းလတ်နဲ့ အပေါင်းအပါတွေ ကို ပိတ်ဆို့အရေးယူခံရမှုတွေမှာ သူတို့ရဲ့လုပ်ငန်းတွေပါ ဒုက္ခရောက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ Star Sapphire အုပ်စုနဲ့ ကွန်ရက်တခုလုံးအပေါ် ပိတ်ဆို့အရေးယူတာတွေအပါအဝင် အခြားခရီုနီလုပ်ငန်းစုတွေနဲ့ လက်နက်ပွဲစားတွေအားလုံးကို သတိကြီးကြီးထားပြီး ဆက် လက်ဖိအားပေးနိုင်ဖို့က အားလုံးအတွက် အရေးကြီးပါတယ်” ဟု ပြောသည်။

ဖျက်သိမ်းရန်ကြေညာထားသည့် Star Sapphire Phoenix co.,Ltd ၏ ရုံးချုပ်မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းတွင် ဖွင့်လှစ် ထားကြောင်း ဖော်ပြထားပြီး ကုမ္ပဏီမှ ရရန်ရှိနှင့် ပေးရန်ရှိသည်များအား ဩဂုတ်လ ၁၆ ရက်နေ့နောက်ဆုံးထားကာ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံ ပေးသွင်းခြင်း၊ တောင်းခံခြင်းများပြုလုပ်နိုင်ကြောင်းလည်း ကြေညာထားသည်။

ယင်းအပြင်အခြားကုမ္ပဏီနှစ်ခုဖြစ်သည့် Star Sapphire Dragon co.,Ltd နှင့် Royal Mawtaung Mining Co.,Ltd တို့၏ ရုံးချုပ်မှာ နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ရွှေအင်ကြင်းလမ်းတွင် ဖွင့်လှစ်ထားကြောင်းဖော်ပြထားပြီး Royal Mawtaung Mining Co.,Ltd အတွက် ပေးရန်ရှိ၊ရရန်ရှိစာရင်းများအား ဩဂုတ် ၂ ရက်နေ့နှင့် Star Sapphire Dragon co.,Ltd အတွက် စာရင်းများအား ဩဂုတ် ၉ ရက်နေ့ နောက်ဆုံးထားကာ ဆောင်ရွက်ကြရန်လည်း ဖော်ပြထားသည်။

အဆိုပါ ကုမ္ပဏီများ၏ ဒါရိုက်တာနှင့် ရှယ်ယာရှင်များစာရင်းတွင် လက်နက်ပွဲစားထွန်းမင်းလတ်၏ ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုး၊ အငြိမ်းစား ဗိုလ်မှူးချုပ် ဇင်ယော်၏သားဖြစ်သူ ထက်အောင်တို့ပါဝင်နေသည့်အပြင် အထူးသဖြင့် Royal Mawtaung Mining Co.,Ltd သည် အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန် ဦးစီးတည်ထောင်ခဲ့သည့် Star Thiri Investment Limited အား အမည်ပြောင်းလဲထားသည့် ကုမ္ပဏီတခုဖြစ်သည်။ သို့သော် ဒေါ်ခင်သီရိသက်မွန်သည် ၎င်းကုမ္ပဏီ ဒါရိုက် တာစာရင်းမှ ၂၀၂၀ ခုနှစ်တွင် နှုတ်ထွက်ထားကြောင်းလည်း သိရသည်။

လက်နက်ပွဲစားထွန်းမင်းလတ်နှင့် စစ်ခေါင်းဆောင်သားသမီးများကြား အကျိုးစီးပွားဆက်နွယ်မှုအနေဖြင့်လည်း ထိုင်းရဲတပ်ဖွဲ့က ယမန်နှစ် စက်တင်ဘာလတွင် ထွန်းမင်းလတ်အား ဖမ်းဆီးကာ ပိုင်ဆိုင်မှုများ စစ်ဆေးစဉ် စစ်ခေါင်းဆောင်သားဖြစ်သူ ဦးအောင်ပြည့်စုံနှင့် သမီးဖြစ် သူ ဒေါ်ခင်သီရိသက်မွန်တို့၏ ဘဏ်စာအုပ်များ၊ ဘန်ကောက်ရှိ အဆင့်မြင့်ကွန်ဒိုတိုက်ခန်း ပိုင်ဆိုင်မှုများပါ တွေ့ရှိခဲ့သည်။

ယင်းအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်က မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများဖြင့် တရားစွဲခံထားရ သည့် ထွန်းမင်းလတ်အမှုတွင် သမီးဖြစ်သူ၏ အမည်ပါဝင်နေမှုအား ပယ်ဖျက်ပေးရန် ထိုင်းအာဏာပိုင်များအား ပုဂ္ဂိုလ်ရေးအရ တောင်း ဆိုခဲ့ဖူးကြောင်း ဧရာဝတီ၏သတင်းအရင်းအမြစ်များက ပြောထားသည်။

Justice For Myanmar အဖွဲ့က ထွန်းမင်းလတ်အမှုတွင် ပါဝင်ပတ်သက်နေသည့် အောင်ပြည့်စုံနှင့် ခင်သီရိသက်မွန်တို့၏ ပိုင်ဆိုင်မှုများအား ထိုင်းအာဏာပိုင်များအနေဖြင့် သိမ်းဆည်းကာ ထွန်းမင်းလတ်၏ မူးယစ်ဆေးဝါနှင့် ငွေကြေးခဝါချမှုများတွင် ၎င်းတို့အနေဖြင့် အကျိုးအမြတ်ရရှိခဲ့ခြင်း ရှိမရှိအား စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့ပြီး ထိုင်းနိုင်ငံ၏ ဥပဒေအား တစုံတရာချိုးဖောက်မှုရှိပါက တရားစွဲဖို့လည်း တောင်းဆိုခဲ့သည်။

လက်ရှိတွင် ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်အား စစ်လက်နက်များတင်သွင်းပေးရာ တွင် ထွန်းမင်းလတ်နှင့် ၎င်း၏ Star Sapphire လုပ်ငန်းစုအနေဖြင့် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ က ပိတ်ဆိုအရေးယူမှုများ ချမှတ်ထားသည်။

ယင်းအပြင် စစ်ခေါင်းဆောင်၏ သားသမီးများဖြစ်သည့် ဦးအောင်ပြည့်စုံနှင့် ဒေါ်ခင်သီရိသက်မွန်တို့ကိုလည်း အမေရိကန်နှင့် ကနေဒါနိုင်ငံ တို့က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည်။

လက်နက်ပွဲစား ထွန်းမင်းလတ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားသမီးများ အကျိုးစီးပွားပတ်သက်ဆက်နွယ်နေသည်။
Credit ဧရာဝတီ


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ