မမိုးဝေကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မီးရှို့သတ်

ယင်းမာပင်၊ မြောက်နုံးရွာတွင် အသက် ၂၅ နှစ်အရွယ် မမိုးဝေကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မီးရှို့သတ်ဖြတ် အလောင်းဖျောက် 

■ စိတ်ဝေဒနာရှင် ဦးဖိုးနီနှင့် အခြားပြည်သူတစ်ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ 

ရန်ကုန်၊ မတ် ၆ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ၊ ကျေးရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် အသက် ၂၅ နှစ်အရွယ် မမိုးဝေကို  မုဒိမ်းကျင့် မီးရှို့သတ်ဖြတ် အလောင်းဖျောက်သွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
 
မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာသို့ ဝင်ရောက်လာကြောင်း၊ ယင်းနောက် ထွက်ပြေးခြင်းမပြုနိုင်ဘဲ  ပိတ်မိနေခဲ့သည့် စိတ်ဝေဒနာရှင် ဦးဖိုးနီကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ အခြားကျေးရွာသား ၁ ဦးကိုလည်း ပစ်ခတ်ပြီး နာရေးကားထဲသို့ ထဲထည့်၍ ကားရော လူပါ မီးရှို့သွားကြောင်း၊ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အသက် ၂၅ နှစ်အရွယ် မမိုးဝေကို စစ်တပ်က မုဒိမ်းကျင့်သွားခဲ့ကြောင်း၊ ယင်းနောက် မမိုးဝေကို မီးရှို့ သတ်ဖြတ် အလောင်းဖျောက်ဖျက်ကြောင်း  သိရှိရသည်။ 

"မမိုးဝေရဲ့ အလောင်းဘေးမှာ ကွန်ဒုံးတွေ တွေ့ပါတယ်။ မမိုးဝေရဲ့ အလောင်းကို မီးရှို့ သတ်ဖြတ်သွားတာ အရိုးပြန်တွေ့ရပါတယ်။ မမိုးဝေက အသက် ၂၅ နှစ်အရွယ် အပျိုလေးပါ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 

စစ်တပ်က မမိုးဝေကို  မုဒိမ်းကျင့်သတ်ဖြတ်သည့်အပြင် စိတ်ဝေဒနာသည် ဦးဖိုးနီနှင့် အမည်မသိရသေးသည့် ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။ 

"ရွာ ကိုလည်း မီးရှို့သလို အရပ်သားတွေကိုလည်း သတ်ဖြတ်တယ်။  စိတ်ဝေဒနာသည် ကိုဖိုးနီကို ‌သတ်ထားခဲ့ကြတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းထဲက နာရေးကားပေါ်မှာလည်း အရပ်သားတစ်ဦးကိုလည်း ကားနဲ့အတူမီးရှို့သတ်ဖြတ်ထားတယ်။ မီးရှို့အသတ်ခံရတဲ့ အလောင်းကတော့ ဘယ်သူဆိုတာအတည်ပြုလို့မရသေးဘူး"ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ 

ထို့ပြင် မြောက်နှုံးရွာမှ အိမ်ခြေ ၁၂၀ ကျော်မှာလည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးပြာကျခဲ့ရပြီး  အိမ်မွေးတိရိစ္ဆာန်ဖြစ်သည့် မြင်း၊ နွား၊ဆိတ်များကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူပိုင် လယ်ယာသုံးထွန်စက်များနှင့် စိုက်ပျိုးရေးပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြောက်နှုံးကျေးရွာမှ မမိုးဝေကို မုဒိမ်းကျင့်သတ်ဖြတ်သွားသည့် ကွန်ဒုံးများနှင့် မမိုးဝေ၏ အလောင်း။




Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း