မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း လှောင်ရယ်စရာဖြစ်လာ

တစ်ပတ်တိတိ ၂၄ နာရီ မီးပြတ်မည်ဟု ကြေညာပြီးနောက် နေရာအလိုက်အချိန်ပိုင်း မီးပေးမည်ဖြစ်၍ ပြည်သူများ မစိုးရိမ်ရန် ထပ်မံထုတ်ပြန်၊ မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း  လှောင်ရယ်စရာဖြစ်လာ


ရန်ကုန်၊ မတ် ၇ 


မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ်အား ၂၄ နာရီ ပြတ်တောက်မှုများ ဖြစ်မည်ဟု စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ကြေညာပြီးနောက် ယခုတစ်ဖန် လျှပ်စစ်မီးကို အပိုင်းလိုက် အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်၍ မစိုးရိမ်ကြရန် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့  ထပ်မံ ကြေညာချက် ထုတ်ပြန်သည်။


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မတ်လ ၆ ရက်နေ့  အများပြည်သူသို့ပန်ကြားချက်တွင် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ် ဓာတ်အား ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူ လူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြပါရန် အသိပေးပန်ကြားအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထပ်မံ သတင်းထုတ်ပြန်သည်။ 


ယမန်နေ့ညပိုင်း ကြေညာချက်တွင် လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ  တစ်ပတ် လျှပ်စစ်မီး ၂၄ နာရီ ပြတ်တောက်မည်ဖြစ်ကြောင်း အကြမ်း ဖက်စစ်ကောင်စီက ကြေညာသည်။ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊‌ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊ ထပ်မံ တွေ့ရှိရသည့် သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊  ထို့ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် ၂၄ နာရီ မီးပြတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ 


လက်ရှိတွင် LNG ဓာတ်အားပေးစက်ရုံများတွင် LNG စျေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထားကြောင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းများလည်း ဖောက်ခွဲခံထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း စစ်ကောင်စီက ကြေညာသည်။  


ယခင်က  အမြင့်ဆုံး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၂၀၀ ထုတ်လုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ် လုပ်နိုင်ကြောင်း၊ ဓာတ်‌ငွေ့ပိုက်လိုင်း သစ်များသွယ်တန်းရန်အတွက် ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းမည်ဖြစ်ကြောင်း၊  တစ်နိုင်ငံလုံးတွင် ၈၇၃ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၄ နာရီ မီးဖြတ်တောက်မှုများဖြစ်ပေါ်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။ 


လက်ရှိဓာတ်အားသုံးစွဲမှု လိုအပ်ချက်မှာ နေ့ဘက်တွင် အများဆုံး လျှပ်စစ် ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ်၊ ညဘက်တွင် အများဆုံး ၃၆၀၀ မဂ္ဂါဝပ်ရှိကြောင်း၊ တစ်ရက်တာ ပျှမ်းမျှ ဓာတ်အားသုံးစွဲမှု ၂၆၀၀ မဂ္ဂါဝပ် သုံးစွဲလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင်  မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သည်။


ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင်  လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။


၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ 


မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာအဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများ တရှိန်ထိုးမြင့်တက်လျက်ရှိနေကြောင်း သိရှိရသည်။


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ