အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာကိုချည်နှောင်မည့် အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာ တ-ရုတ်နဲ့စီးပွားရေး ချည်နှောင်မှုတွေဟာ အားနည်းသွားတဲ့အနေအထားရောက်ခဲ့တယ်လို့ အချက်အလက်ကိန်းဂဏန်းတွေအရ သိရပါတယ်။

ပိုမိုပွင့်လင်းတဲ့ စီးပွားရေးလုပ်‌ဆောင်နိုင်တဲ့အနေအထား‌တွေအရ ဥရောပအပါအ၀င် အခြားနိုင်ငံများနဲ့ သိသိသာသာတိုးမြှင့်ဆက်ဆံနိုင်ခဲ့လို့ တ-ရုတ်ကြွေးမြီကို ၂၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်နဲ့ကုန်သွယ်ရေး လိုငွေပြမှုတွေလည်း သိသိသာသာလျော့ချနိုင်ခဲ့ပါတယ်။

တ-ရုတ်ဟာ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အာဆီယံနိုင်ငံတွေကို သူ့ရဲ့ ခါးပတ်လမ်းစီမံကိန်း One Belt One Road BRI အရ ချုပ်ကိုင်ထားဖို့ ၂၀၁၃ ခုနှစ်တည်းက စတင်ခဲ့ပါတယ်။ ၂၀၁၃ ကစပြီး အာဆီယံဒေသတွင်းမှာ တ-ရုတ်အစိုးရက BRI ခေါင်းစဉ်အောက်ကနေ ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်သုံးစွဲခဲ့ပြီး ဒါဟာ နိုင်ငံတခုချင်းစီရဲ့ နှစ်စဉ်သုံးရန်ပုံငွေထက်၀က်နဲ့ညီမျှတဲ့အထိဖြစ်ပါတယ်။ တချို့ဆို ကျော်တောင်ကျော်လွန်နေပါသေးတယ်။ အဲ့ထဲမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာပါ၀င်ပါတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာဟာ ချိုင်းနားကြွေးမြီကို အထူးမှီတည်နေရတဲ့အနေအထားလို့ ဆိုနိုင်ပါတယ်။ အရှေ့တောင်အာရှ ကုန်းမကြီးပေါ်က မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့ဟာ မိမိတို့ရဲ့နှစ်စဉ် ပုံမှန်အသုံးစရိတ်ထက် တ-ရုတ်ကြွေးမြီက ၁ ဆခွဲကနေ ၂ ဆအထိ ပိုများနေပါတယ်။

မြန်မာမှာဆိုရင် အမေရိကန်၊ ‌ဥရောပနဲ့ဆက်ဆံရေးတိုးလုပ်နေတာတောင်မှ တ-ရုတ်က ကုန်သွယ်ဖက်စာရင်းမှာထိပ်ဆုံးရှိနေပါသေးတယ်။

ကမ္ဘာဘဏ်အဆိုအရ ၂၀၁၉ ခုနှစ်မှာ မြန်မာရဲ့ တ-ရုတ်ကြွေးမြီဟာ ဒေါ်လာ ၃.၃၄ ဘီလီယံဖြစ်ပြီး ‌ဒါဟာ ၂၀၁၅ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၄ နှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ တိုင်းပြည်မှာ တင်ရှိနေတဲ့ တ-ရုတ်ကြွေးမြီကို ၂၆ ရာခိုင်နှုန်းအထိလျော့ချခဲ့နိုင်တာဖြစ်ပါတယ်။ ဒီလေးနှစ်အတွင်းမှာပဲ ကမ္ဘောဒီးယားမှာ တ-ရုတ်ကြွေးမြီ ၃၄ ရာခိုင်နှုန်းနဲ့ လာအိုမှာ တ-ရုတ်ကြွေးမြီ ၇၂ ရာခိုင်နှုန်းအထိ ထိုးတက်လာခဲ့ပါတယ်။ 

အကယ်၍ ကြွေးမြီများ တရိပ်ရိပ်တက်လာပါက နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို
ပေကျင်းဆီ လွှဲပြောင်းရမယ့် အကြွေးထောင်ချောက်တစ်ခုထဲသို့ကျသွားနိုင်ခြေရှိပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ဟာ အလေးအနက်သတိပြုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒအပြောင်းအလဲများအနက် သိသာတဲ့ ဥပမာတစ်ခုကတော့ တ-ရုတ်က အိန္ဒိယသမုဒ္ဒရာကိုလွှမ်းမိုထားဖို့ ကြိုးစားနေတဲ့ ကျောက်ဖြူဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းရဲ့ သမ္မတသိန်းစိန်ဆင်းခါနီး သဘောတူခဲ့တဲ့ မူလအစီအစဉ်တွေကို ပြန်လည်ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူဆိပ်ကမ်းဟာ ကီလိုမီတာအားဖြင့် ၈၇၀ ရှိတဲ့ ပိုက်လိုင်းကြီးနှစ်ခုနဲ့ တ-ရုတ်ကုန်တွင်းပိတ်ပြည်နယ်၊ ယူနန်ထဲကို သဘာ၀ဓါတ်ငွေ့နဲ့ ရေနံတွေ သယ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် ရေစူးနက်တဲ့ သင်္ဘောကြီးများတွေပဲ ဆိုက်ကပ်နိုင်မယ့် ‌ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ တရုတ်ရဲ့ မဟာမိတ် ‌အရှေ့အလယ်ပိုင်းနဲ့ တ-ရုတ် အကြွေးနွံထဲနစ်နေတဲ့ အာဖရိကက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို မလက္ကာရေလက်ကြားထိ တကွေ့တပတ် ဖြတ်သန်းစရာမလိုဘဲ တ-ရုတ်ပြည် ကုန်းတွင်းပိုင်းကို သယ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် တသွေမတိမ်းလိုက်နာမယ့် ဩဇာခံအစိုးရတစ်ရပ်ကို ရှီကျင့်ဖင်က လိုလားပါတယ်။

ကျောက်ဖြူစီမံကိန်းရဲ့ ငွေကြေးပမာဏကို ဦးသိန်းစိန်အစိုးရက မူလက ဒေါ်လာ ၇•၂ ဘီလျံနဲ့ သတ်မှတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရဲ့ ပြန်လည်စိစစ်မှုအရ ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလမှသာ အခြေခံသဘောတူညီချက်ရရှိခဲ့ပြီး ဒေါ်လာ ၁•၃ ဘီလျံအထိ ပြန်လျှော့ချပစ်နိုင်ခဲ့ပါတယ်။ စီမံကိန်းအသေးစိတ်ကို ဒေါ်‌အောင်ဆန်းစုကြည်အစိုးရရဲ့ တောင်းဆိုချက်နှင့်အညီပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆိပ်ကမ်းဝယ်လိုအားကို လက်တွေ့မှ တွေ့မြင်အကောင်အထည်ဖော်ပြီးမှသာလျှင် ကျန်တဲ့နောက်ဆက်တွဲ ရင်းနှီးမြှုပ်နှံမှု အစိတ်အပိုင်းတွေကို ဆက်ဆုံးဖြတ်မယ်လို့ ပြောင်းလဲပစ်ခဲ့ပါတယ်။ ( အဆင့် Phase တခုပြီးမှ တခုထပ်လုပ်မယ်၊ Phase တခုစာပဲ ချေးငွေယူမယ်၊ အဲလိုမဟုတ်ဘဲ Phase အားလုံးတခါတည်း ငွေလုံးငွေရင်းကြီး ချေးထား ပိုက်ထားပြီး လုပ်နေရင်းအတိုးတွေတက်နေတဲ့ အကြွေးထောင်ချောက်ထဲ မ၀င်ဘူး)

ရှီကျင့်ဖင်ရဲ့ ငွေပေး ကြွေးမြီထောင်ချောက်ဗျူဟာကို Debt Trap Diplomacy လို့ သုံးနှုန်းကြပါတယ်။ အာရှ ရှစ်နိုင်ငံဖြစ်တဲ့ ဂျီဘူတီ၊ ကာဂျစ္စတန်၊ လာအို၊ မွန်ဂိုလီးယား၊ မွန်တီနီဂရိုး၊ မော်လ်ဒိုက်၊ ပါကစ္စတန်နှင့်တာဂျစ်ကစ္စတန်နိုင်ငံတို့ဟာ တ-ရုတ်အကြွေးပြဿနာများအတွက်အထူးစိုးရိမ်ရတဲ့ နိုင်ငံများဖြစ်ပါတယ်။ တ-ရုတ်ကြွေးမြီထောင်ချောက် သံတမန်ရေးရဲ့ လက်ရှိနောက်ဆုံးသားကောင်မှာလာအိုနိုင်ငံဖြစ်ပါတယ်။ လာအိုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်း အများစုရဲ့ ထိန်းချုပ်ခွင့်ကို တ-ရုတ်နိင်ငံ ကွမ်ကျိုးမှာ ရုံးစိုက်တဲ့ အစိုးရပိုင် China Southern Power Grid Company ဆီ ပေးအပ်ထားရတဲ့အနေအထားဖြစ်ပါတယ်။

တ-ရုတ်အစိုးရဟာ အခြားဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ
ပမာဏများပြားလွန်းတဲ့ ငွေကြေးအစီအစဉ်တွေအတိုင်းအဆမရှိပေးအပ်နေပြီး အပြန်အလှန်အားဖြင့်နိုင်ငံ၏ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကို ဆုပ်ကိုင်ထားခဲ့ပါတယ်။ သီရိလင်္ကာနဲ့ ပါကစ္စတန်လို နိုင်ငံတွေဟာ တ-ရုတ်ရဲ့ အကြွေးဟောင်းများကိုပြန်ဆပ်ဖို့ သူတို့ရဲ့မဟာဗျူဟာမြောက်နေရာတွေကို အလျော့အတင်းလုပ်လိုက်၊ တ-ရုတ်ထံကနေ ချေးငွေအသစ်တွေယူလိုက်နဲ့ ဆိုးဝါးတဲ့ သံသရာမှာ ပိတ်မိနေတာဖြစ်ပါတယ်။

သီရိလင်္ကာဟာ ကိုလံဘိုမှာ Hambantota ဆိပ်ကမ်းတည်ဆောက်ဖို့ တ-ရုတ်ကုမ္ပဏီတစ်ခုကို ၉၉ နှစ် စာချုပ်နဲ့အငှားချခဲ့ရပါတယ်။ 

ပါကစ္စတန်နိုင်ငံမှာ တ-ရုတ်အစိုးရက Gwadar ဆိပ်ကမ်းကို တည်ဆောက်ဖို့ နှစ် ၄၀ စာချုပ် ချုပ်ဆိုခဲ့ပြီး အထူးသီးသန့်အခွင့်အရေးတွေနဲ့ ထူးခြားတဲ့ အခွန်ကင်းလွတ်ခွင့်‌တွေ ရရှိခဲ့ပါတယ်။ ဆိပ်ကမ်း၀င်ငွေရဲ့ ၉၁ ရာခိုင်နှုန်းကို တ-ရုတ်အစိုးရက ရရှိမှာဖြစ်ပါတယ်။ တရုတ်ဟာ Gwadar ဆိပ်ကမ်းဘေးမှာ တရုတ်ရေတပ်အတွက်မဟာဗျူဟာမြောက်ကင်းစခန်းတစ်ခုတည်ဆောက်ဖို့ အစီအစဉ်ရှိနေပြန်ပါတယ်။ တ-ရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများအပေါ် ပါကစ္စတန်ဟာ အလွန်မှီခိုလာရတဲ့အတွက် နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကိုလည်း ပြင်းထန်စွာထိခိုက်လာပါတယ်။ ထင်ရှားတဲ့ဥပမာကတော့ တ-ရုတ်နိုင်ငံထဲက ရှင်းကျန်း ဝီဂါမူစလင်တွေ တိုက်ပိတ်ဖိနှိပ်ခံရတာကို ပါကစ္စတန်က ဒါဟာ လုပ်ရိုးလုပ်စဉ်ပါလို့ ပြောပေးခဲ့ရတဲ့အထိ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်ကစပြီး ငွေကြေးကြွယ်ဝတဲ့ တ-ရုတ်ကွန်မြူနစ်ရဲ့ အကြွေးထောင်ချောက်ထဲကျရောက်သွားတဲ့ တာဂျစ်ကစ္စတန်ဟာ နိုင်ငံပိုင် Pamir တောင်တန်းများထဲက ၁,၁၅၈ စတုရန်းကီလိုမီတာရှိသောနယ်မြေကို တ-ရုတ်လက်ထဲ လွှဲပြောင်းပေးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တ-ရုတ်ကုမ္ပဏီတွေဟာ ဒီဒေသက ရွှေ၊ ငွေနှင့်အခြားတွင်းထွက်တွေကို တူးဖော်ထုတ်ယူခဲ့ကြပါတယ်။ 

နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေပြီး တ-ရုတ်အကြွေးနွံနစ်နေတဲ့ ကာဂျစ္စတန်မှာ တ-ရုတ်ပို့ကုန်သွင်းကုန်ဘဏ် (Eximbank) ဟာ ဒေါ်လာ ၄ ဘီလျံနီးပါး ချေးငွေချထားပြီး နိုင်ငံ့ပြည်ပအကြွေးရဲ့ ငါးပုံ ၂ ပုံကျော်ဟာ တရုတ်ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ နိုင်ငံအတွင်းက အဓိကသယ်ယူပို့ဆောင်ရေးနှင့်စွမ်းအင်စီမံကိန်းများကို တရုတ်ကို ပေးအပ်ခဲ့ရပါတယ်။

ဒါတွေဟာ အာရှက တ-ရုတ်အကြွေးနွံနစ်နေတဲ့ နိုင်ငံတွေကိုပဲ ဖော်ပြထားတာဖြစ်ပြီး အာဖရိကတိုက်က နိုင်ငံတွေပါ ထည့်ရေးရင် ပြီးနိုင်တော့မှာမဟုတ်ပါဘူး။

နောက်ကျကျန်ခဲ့တဲ့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ
ဒီနိုင်ငံတွေရဲ့ တ-ရုတ်အပေါ်မှီခိုမှုကို လျော့ချဖို့ ကြိုးစားနေပါတယ်။ Indo-Pacific ကိုဖြတ်ပြီး တ-ရုတ်ရဲ့ကြီးထွားလာနေတဲ့ သြဇာကိုထိန်းချုပ်ဖို့ အမေရိကန်နဲ့ Quad အဖွဲ့က ရှင်းရှင်းလင်းလင်း တန်ပြန်ဆောင်ရွက်ဖို့ ကြိုးစားနေပေမယ့် အောင်မြင်မယ် မအောင်မြင်ဘူး အလားအလာ ဘယ်လိုရှိမလဲဆိုတာ လက်တွေ့မသိနိုင်သေးပါ။

(Nikkei Asia, Reuters, Eurasiatimes နှင့် နိုင်ငံတကာသတင်းဆောင်းပါးများကို ကိုးကားသည်။)

Credit AKS








Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ