ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ

🤣 ဘုန်းတော်ကြောင့် ရေ မထွက် 🤣

စစ်ကောင်စီဥက္ကဋ္ဌ မြေအောက် အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်၍ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ  

နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၃ 

စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၃၀ ရက်နေ့က ကန်တော်ကြီးသို့ ရေဖြည့်တင်းမည့် မြေအောက်အကူ ရေပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်သဖြင့် မြေအောက်ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူခံရနိုင်ဖွယ်ရှိနေသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့၊ ကန်တော်ကြီးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက " ဟိုတစ်နေ့က ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ကန်တော်ကြီးကိုသွားပြီးတော့ စက်ခလုတ်ဖွင့်ပြီး  ရေစမ်းသပ်လွှတ်ကြည့်တယ်လို့ သိရတယ်။ ခဏစမ်းသပ်လွှတ်ကြည့်တာပါ။ ရေဖြည့်တော့ ရေမထွက်လို့ မအောင်မြင်ခဲ့ဘူးလို့ သိရတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

သို့အတွက် ၎င်းမြေအောက်ရေရှာဖွေတူးဖော်နေသည့် ရေရရှိရေးလုပ်ငန်း အဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ရေတူးရာတွင် ပါဝင်သည့် တာဝန်ရှိသူများ အရေးယူခံရနိုင်ဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

စစ်တွေမြို့ အစိုးရဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက "ရေလွှတ်ကြည့်တော့ ရေကမထွက်လို့ အဆင်မပြေဘူးလို့ သိရတယ်။ အဲဒါမြေအောက်ရေတူးတဲ့ ပိုက်လိုင်း တာဝန်ရှိတဲ့သူတွေကိုတောင် အရေးယူမယ်လို့ ပြောသံကြားတယ်" ဟု သူက ပြောသည်။

မတ်လ ၃၀ ရက်က စစ်တွေမြို့သို့ ဒုတိယအကြိမ်ရောက်ရှိလာသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီး မြေအောက်ရေ စမ်းသပ်တူးဖော်နေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး သင်္ဂနက်ရွာမှ စစ်တွေကန်တော်ကြီးသို့ သွယ်တန်းထားသည့် မြေအောက် အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ်ဖြည့်တင်းခဲ့ကြောင်း မတ်လ ၃၁ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင်လည်း ဖော်ပြထားသည်။

စစ်တွေမြို့ တစ်ခုလုံးကို ရေပေးဝေသည့် ကန်တော်ကြီးတွင် မတ်လ ဆန်းပိုင်းက စပြီး ရေခမ်းခြောက်သွားခဲ့ပြီ ဖြစ်သဖြင့် ၎င်းကန်တော်ကြီးသို့ ရေဖြည့်ရန် ရည်ရွယ်ချက်ဖြင့်  စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီးတွင် မတ်လ ဒုတိယအပတ်မှစတင်ကာ ရေရရှိရေး လုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)ကဦးဆောင်၍ မြေအောက်(အဝီစိ)တွင်း ၆ တွင်းခန့်ကို စက်ယန္တရားကြီးများဖြင့် စမ်းသပ်တူးဖော်နေသည်ဟု သိရသည်။ 

အဆိုပါ အဝီစိတွင်းရေများမှ ရေများကို စစ်တွေကန်တော်ကြီးသို့ ပိုက်လုံးများဖြင့် သွယ်တန်းပို့ဆောင်ရန် စီစဉ်နေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် စက်ခလုတ်ဖွင့်ပြီး ရေစမ်းသပ်ပို့လွှတ်ရာ ရေအနည်းငယ်သာထွက်ပြီးနောက် ပြန်ပိတ်သွားခဲ့သည်ဟု မျက်မြင် တက်ရောက်သူများက ပြောကြားသည်။ 

စစ်တွေကန်တော်ကြီးမှ ရေကို စစ်တွေတစ်မြို့လုံးနီးပါးကို သောက်သုံးရေ ဖြန့်ဝေပေးနေရပြီး စစ်တွေမြို့တွင် နေထိုင်သူ လူဦးရေတိုးပွားလာသည့် အပြင် တစ်ခြားတစ်ဖက်တွင်လည်း မိုးရေကို ခေတ်စနစ်နှင့်အညီစနစ်တကျ ထိန်းသိမ်းသိုလှောင်မှု အားနည်းနေသဖြင့် နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။

၂ဝ၁၄ ခုနှစ်မှစတင်ကာ အစိုးရက ကျပ်သိန်းပေါင်း မြောက်များစွာ အကုန်အကျခံကာ ကန်တော်ကြီးကို တူးဖော်မွန်းမံသော်လည်း “အလုပ်ထက် အစား” များသဖြင့် ငွေသာကုန်ပြီး နှစ်စဉ်နွေရာသီရောက်တိုင်း စစ်တွေတွင် ရေရှားပါးမှုနှင့် ကြုံနေရဆဲဖြစ်သည်ဟု စစ်တွေဒေသခံများက ပြောကြားသည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင် နှစ်စဉ် သောက်သုံးရေ ရှားပါးသဖြင့်  ဝယ်ယူသုံးစွဲနေကြရသည့် အတွက် ငွေကုန်ကြေးကျ ပိုများလျက်ရှိသည်ဟုလည်း မြို့ခံများက ပြောသည်။



စစ်တွေကန်တော်ကြီးကန်ကို အင်္ဂလိပ်အစိုးရတို့ ရခိုင်ပြည်ကို သိမ်းယူ အုပ်စိုးစဉ် ၁၉ဝ၆ ခုနှစ်မှ စတင် တူးဖော်ခဲ့သည်ဟု သိရသည်။  


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ