သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

အောင်ဇော်
1 April 2023
အမေရိကန် ပြည်ထောင်စုသည် မြန်မာစင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပြီး ဒီမိုကရက်တစ် အတိုက်အခံနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထောက်ခံရန် စိတ်အားထက်သန်လာသောအခါ အိမ်နီးချင်း တရုတ်နိုင်ငံသည် အမေရိကန် သြဇာကြီးထွားလာခြင်းကို ဆန့်ကျင်ရန် ခြေလှမ်းများ လှမ်းလာသည်။ သို့သော် တရုတ်သည် မှန်ကန်သောမူဝါဒကို ချမှတ်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်ရန်ရှိသည်။

တရုတ်က အသစ်ခန့်လိုက်သည့် အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာသို့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်လာရောက် လည်ပတ်ခဲ့သည်။ သူ၏ ခရီးစဉ်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခြင်းလည်း ပါဝင်သည်။

သူသည် မြောက်ပိုင်းမဟာမိတ်များထံသို့ သွားရောက်ပြီး ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။ ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် တရုတ်သြဇာအောက်တွင် ရှိနေပြီး ၎င်းတို့အနက် သုံးဖွဲ့ဖြစ်သည့် KIA, TNLA နှင့် MNDAA တို့သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင် စစ်ကောင်စီကို အပြင်းအထန် တိုက်ခိုက်နေသည်။

တရုတ်နိုင်ငံ၏ လက်ရှိသဘောထားမှာ ထိုအဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်စပ်တွင် တိုက်ခိုက်မှုများ ရပ်ဆိုင်းစေရန်ဖြစ်သည်။

မကြာသေးမီက ‘ဝ’ ဒေသတွင် အစည်းအဝေးကျင်းပပြီးနောက် ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဘေဂျင်း၏ အားထုတ်မှုများကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မြန်မာ့ပြည်တွင်း ပဋိပက္ခတွင် တရုတ်က ကြားဝင်ခြင်းကို ကြိုဆို” ကာ ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုသည်။
မကြာသေးမီက ‘ဝ’ ဒေသတွင် အစည်းအဝေးကျင်းပပြီးနောက် ထိုတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဘေဂျင်း၏ အားထုတ်မှုများကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် ကြေညာချက်တစောင် ထုတ်ပြန်ပြီး “မြန်မာ့ပြည်တွင်း ပဋိပက္ခတွင် တရုတ်က ကြားဝင်ခြင်းကို ကြိုဆို” ကာ ပူးပေါင်းလုပ်ဆောင်ရန် ကတိပြုသည်။

ထိုကြေညာချက်သည် နေပြည်တော်မှ စစ်ကောင်စီခေါင်းဆောင်များ၏နားတွင် အလွန်သာယာသော ကြေညာချက် ဖြစ်သည်။

ဒီဇင်ဘာလတွင် မစ္စတာ တိန့်သည် နေပြည်တော်သို့ ခပ်လျှိုလျှိုသွားရောက်ပြီးနောက် စိတ်ဝင်စားစရာတခု ဖြစ်လာသည်။ စစ်ကောင်စီသည် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်အောက်မှ စစ်ဆင်ရေးဌာနချုပ် သုံးခု သို့မဟုတ် တပ်ရင်း ၃၀ ခန့်ကို ထုတ်နုတ်ပြီး ကယားနှင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် တောင်ပိုင်းတွင် ထိုဒေသများမှ လက်နက်ကိုင်ခုခံသူများနှင့် အရပ်သားများကို အဓိကထိုးစစ်များဆင်ရန် ပြန်လည်ဖြန့်ကျက်သည်။

အယူအဆတခုမှာ တရုတ်အထူးသံတမန်က ရွှေလီ-မန္တလေး ရထားလမ်း တည်ဆောက်ရန် တရုတ်အနေဖြင့် စိတ်အားထက်သန်နေသည့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးတင်းမာမှု လျှော့ချပေးရန် စစ်ကောင်စီကို ကတိပြုသည်ဆိုသည့် အချက်ဖြစ်သည်။ မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံသောအခါ တရုတ်အထူးသံတမန်က နယ်စပ်တွင် တိုက်ခိုက်မှုရပ်ရန် ပြောဆိုသည်။


တရုတ်အထူးသံတမန်က စစ်ကောင်စီခေါင်းဆောင်နှင့် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်များအကြား လွန်းပျံခရီးစဉ်များသည် အမေရိကန် ကွန်ဂရက်က မကြာသေးမီက အတည်ပြုလိုက်သည့် အမျိုးသားကာကွယ်ရေး အခွင့်အာဏာပေးမှု ဥပဒေ NDAA ၏ အစိတ်အပိုင်းဖြစ်သော Burma Act ကို တုံ့ပြန်မှုဖြစ်သည်ဟု သုတေသီများက ပြောသည်။ Burma Act သည် မြန်မာမှ EAOs များ အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ငွေကြေးနှင့် နည်းပညာအကူအညီပေးရန် ခွင့်ပြုခြင်းဖြစ်သည်။ သို့သော်မည်သည့် အကူအညီမျှ ရောက်မလာသေးပေ။ မည်သို့ဆိုစေ တရုတ်သည် ၎င်း၏နယ်စပ်တွင် အနောက်တိုင်းသြဇာ ပျံ့နှံ့လာခြင်းကို မလိုလားဘဲ တားဆီးမည်ဖြစ်သည်။

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ဝါရှင်တန်တွင် ရုံးခန်းတခုဖွင့်ထားသည်။ တရုတ်နိုင်ငံမြို့တော်တွင် ထိုသို့သောရုံး မရှိသော်လည်း NUG အရာရှိများသည် ဘေဂျင်းနှင့် ယူနန်ပြည်နယ်မှ တရုတ်အရာရှိများကို ဆက်သွယ်သည်။ NUG သည် အောက်တိုဘာလက ကျင်းပသည့် ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်အတွင်း တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူများသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သော ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်သည်။

မစ္စတာ တိန့်ရှီကျွန်းက မြောက်ပိုင်းနယ်စပ်သို့ သွားရောက်နေသည့်အချိန်တွင် NUG အဆင့်မြင့် ကာကွယ်ရေးအရာရှိများသည် UWSA ဌာနချုပ် ပန်ဆန်းတွင် ရှိနေသည်။

အင်အားကြီးမားသော ‘ဝ’ ခေါင်းဆောင်များက NUG ကို ထောက်ခံရန် မကြာသေးမီက ကတိပြုပြီး MNDAA သည် လွန်ခဲ့သောနှစ်မှ စတင်ပြီး NUG နှင့် PDF တပ်များကို လက်နက်နှင့် လေ့ကျင့်မှု ပေးနေသည်။ နေပြည်တော်မှ စစ်ကောင်စီသည် ကြီးထွားလာနေသည့် ထိုမဟာမိတ်များကို သွေးခွဲလိုပြီး တရုတ်ထောက်ခံမှုကို ရယူလိုသည်။

တရုတ်၏ ကစားပွဲသစ်လား

ASEAN အထူးသံတမန်ဟောင်းဖြစ်သော မစ္စတာ တိန့်သည် မြန်မာတွင် အာဏာသိမ်းပြီးနောက် လာရောက်လည်ပတ်သည့် ဆွန်ကော့ရှန်နေရာတွင် ခပ်လျှိုလျှို အစားထိုးဝင်ရောက်လာခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက မစ္စတာ ဆွန်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ဆုံသော်လည်း ဖြုတ်ချဖမ်းဆီးခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သူ၏တောင်းဆိုမှုကို ငြင်းပယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုအထူးသံတမန်ကို တွေ့ဆုံလိုသော်လည်း ဖြုတ်ချခံ သမ္မတ ဦးဝင်းမြင့်နှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်တို့လည်း တက်ရောက်ရမည်ဟု တောင်းဆိုခဲ့ကြောင်း အတိုက်အခံ သတင်းရင်းမြစ်များက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ၎င်းတို့ နှစ်ဦးသည် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီမှ အခြားထိပ်တန်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန် တောင်းဆိုသော်လည်း ခွင့်မပြုကြောင်း ဖော်ပြကြသည်။ ထို့ကြောင့် တရုတ်အထူးသံတမန်နှင့် မတွေ့ဆုံဖြစ်တော့ပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် တရုတ်က မည်သည့်အတွက် စိတ်ဝင်စားနေသနည်း။ ၂၀၂၁ ခုနှစ်က စစ်ကောင်စီ၏လက်တွင် တရားစွဲဆိုခံရသည့် ကနဦးကာလ၌ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးသို့ ရောက်လာသည့် ပါတီခေါင်းဆောင်များကို တရုတ်နိုင်ငံနှင့် ဆက်သွယ်ရန် ပြောသည်ဟု ဆိုသည်။
ယခုအခါ ပုန်းအောင်းနေရသည့် မြန်မာအစိုးရ အရာရှိများက တရုတ်သည် ပြောင်းလဲလာသည့် နိုင်ငံရေးရှုခင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်ကို သိလိုသည်ဟု ယုံကြည်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် “ကိုယ်တိုင်ပြောကြားသည့်” စကားကိုကြားလိုသည်ဟု ဆိုသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖိတ်ခေါ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ရှီ၏ အထူးဧည့်သည်တော်ဖြစ်ခဲ့သည်။ ထိုရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုနိုင်သည်။
၂၀၂၀ ပြည့်နှစ်တွင် မြန်မာသို့ လာရောက်လည်ပတ်စဉ် မစ္စတာ ရှီက တရုတ်-မြန်မာစီးပွားရေး စင်္ကြံ (CMEC) မှ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နှစ်ဖက် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ပြောခဲ့သည်။ နှစ်နိုင်ငံတို့သည် CMEC ၏ မဏ္ဍိုင် သုံးခုဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်းတို့ကိုအားပေးရန်လိုကြောင်း သူကအလေးထားပြောသည်။ အာဏာသိမ်းပြီးနောက် ထိုစီမံကိန်းများအားလုံး ရပ်ဆိုင်းသွားသော်လည်း တရုတ်နိုင်ငံသည် ထိုစီမံကိန်းများ ပြန်လည်စတင်ရန် လွန်ခဲ့သောနှစ်မှစတင်ပြီး တိတ်တဆိတ် လုပ်ဆောင်နေသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရန် မန္တလေးတိုင်း၊ ရှေးဟောင်းမြို့တော် ပုဂံသို့ ရောက်လာသည်။ သို့သော် မြန်မာတွင် ကျင်းပရန် စီစဉ်ထားသည့် LMC ထိပ်သီး ဆွေးနွေးပွဲမှာမူ နိုင်ငံတကာအထီးကျန်မှု၊ ကြီးထွားနေသော မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပုန်ကန်မှုများ ရင်ဆိုင်နေရသည့် စစ်ကောင်စီက တရုတ်ကို ဖိတ်ခေါ်သည်ကို တရုတ်က မတုံ့ပြန်သောကြောင့် မကျင်းပဖြစ်ပေ။
ထိုထက်ပိုမိုအရေးကြီးသည့် အချက်မှာ လွန်ခဲ့သောနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ကောင်စီကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ချသောအခါ တရုတ်နိုင်ငံက မဲမပေးဘဲနေခြင်းဖြစ်သည်။ ထိုအချက်က တရုတ်သည် တရားဝင်မှုကို တောင့်တနေသည့် စစ်ကောင်စီကို ထောက်ခံမှုသည် အကန့်အသတ်ရှိကြောင်း ပြသနေသည်။ တရုတ်နှစ်သစ်ကူးတွင် ပေးပို့သည့် သဝဏ်လွှာတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အစိုးရသည် ကုလသမဂ္ဂတွင်၊ အထူးသဖြင့် လုံခြုံရေးကောင်စီတွင် မြန်မာပြည်သူများနှင့်အတူ ရပ်တည်သောကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြထာသည်။
ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သော ASEAN ကလည်း စစ်ကောင်စီခေါင်းဆောင်ကို ရှောင်ရှားပြီး ထိပ်သီးဆွေးနွေးပွဲများသို့ ဖိတ်ကြားခြင်းမပြုပေ။ တရုတ်သည် ASEAN အင်အားချိနဲ့သည်ကို မမြင်လိုဘဲ ASEAN ၏ ရပ်တည်ချက်အတိုင်း လိုက်နာသည်။ ထို့အပြင် တရုတ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခြင်း မပြုပေ။ ဘေဂျင်းက စစ်ကောင်စီနှင့် ဆက်ဆံရေးတွင် အကန့်အသတ်ရှိကြောင်း ထပ်မံပြသလိုက်ခြင်းဖြစ်သည်။
မြန်မာ၏ တရုတ်ဆန့်ကျင်ရေး ရပ်တည်ချက်
စစ်ကောင်စီကို လူသိရှင်ကြား ထောက်ခံသည့် ထိုအကန့်အသတ်များရှိသော်လည်း တရုတ်သည် အခြားနိုင်ငံများထက် မြန်မာတွင် ရေရှည်သေနင်္ဂဗျူဟာ အကျိုးစီးပွားရှိနေပြီး မြန်မာ၏ ပြည်တွင်းရေးကို အမြဲတမ်း စွက်ဖက်နေသည်။
မြန်မာနိုင်ငံသားများသည် တရုတ်ဆန့်ကျင်ရေးဝါဒဖြန့်ချိမှုနှင့် ထိတွေ့နေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ယခုအခါ သယံဇာတငတ်မွတ်နေသော တရုတ်၏ စီမံကိန်းကြီးများကို မြန်မာတွင် တွေ့နေရသည်။ မြန်မာနိုင်ငံသားအများစုသည် မြောက်ပိုင်းအိမ်နီးချင်း တရုတ်ကို အယုံအကြည်မရှိဟု ဆိုနိုင်သည်။
၂၀၁၂ ခုနှစ်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တရုတ်နိုင်ငံကို ကြောက်ရကြောင်း စစ်ကိုင်းတိုင်း၊ မုံရွာမှ လူထုအစည်းအဝေးတခုတွင် လူသိရှင်ကြားဝန်ခံသည်။ ထိုစဉ်က သူနှင့် အစိုးရအဆင့်မြင့် အရာရှိများသည် တရုတ်ကျောထောက်နောက်ခံဖြင့် ပြုလုပ်နေသည့် အငြင်းပွားဖွယ် ကြေးနီစီမံကိန်းကို ဆန့်ကျင်သည့် ဒေသခံပြည်သူများကို သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများကဲ့သို့ပင် စစ်ခေါင်းဆောင်များကလည်း တရုတ်ကို မနှစ်သက်ပေ။
၂၀၁၉ ခုနှစ်က အစည်းအဝေးတခုတွင် ထိုစဉ်က တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်နှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်ထံမှ လက်နက်များ ဝယ်ယူနေကြောင်း ပြောသည်ဟုဆိုသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနှင့် ချစ်ကြည်ရေးကို အားကိုးပြီး ရုရှားသည် မြန်မာကို လက်နက်အဓိက ထောက်ပံ့သည့် နိုင်ငံဖြစ်လာသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာမှ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို စစ်ကောင်စီက သွေးချောင်းစီးနှိမ်နင်းမှုကို အနောက်နိုင်ငံများက ရှုတ်ချသော်လည်း တရုတ်က မရှုတ်ချခဲ့ပေ။ ကြီးမားသည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ မြန်မာတွင် ဖြစ်ပေါ်လာသည်။ တရုတ်၏ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပစ်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အပါအဝင် ခုခံတော်လှန်ရေး အင်အားစုများက ခြိမ်းခြောက်ကြသည်။
တရုတ်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) တွင် မြန်မာသည် အရေးပါသည့် နိုင်ငံများအနက် တခုဖြစ်သည်မှာ မှန်သည်။ သို့သော် ယခုကဲ့သို့သော မတည်ငြိမ်မှုများနှင့် ရေရှည် လက်နက်ကိုင် ပဋိပက္ခများကြားတွင် မြန်မာမှ BRI စီမံကိန်းများသည် မရေမရာဖြစ်နေသည်။




မြန်မာနိုင်ငံတွင် တရုတ်ဩဇာလွှမ်းမိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ တည်နေရာပြမြေပုံ

သို့သော် စစ်ကောင်စီက တနိုင်ငံလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း ဝန်ခံသည့်တိုင် ထိုစီမံကိန်းများကို ပြန်လည်စတင်လိုသည့် လက္ခဏာများကို တရုတ်က ပြသနေသည်။ မေးစရာဖြစ်လာသည့် မေးခွန်းမှာ တရုတ်၏ သေနင်္ဂဗျူဟာ စီးပွားရေး စီမံကိန်းများနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဖြည့်ဆည်းပေးနိုင်သည့် စွမ်းရည်ရှိသလား ဆိုသည့် မေးခွန်းပင်ဖြစ်သည်။
တရုတ်သည် မြန်မာတွင် အာဏာသိမ်းကတည်းက ရပ်ဆိုင်းထားရသည့် လက်ပံတောင်း ကြေးနီစီမံကိန်းကို ပြန်လည်စတင်လိုသည်။ တရုတ်ကုမ္ပဏီများသည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လေအားလျှပ်စစ်တာဘိုင်များ တပ်ဆင်မည့် ကန်ထရိုက်တခုကို ယခုလအတွင်း လက်မှတ်ရေးထိုးထားပြီး ထိုစီမံကိန်းကို ဒီဇင်ဘာလတွင် စတင်ရန် စီစဉ်ထားသည်။
ဘေဂျင်းအတွက် အခြားထိပ်တန်း ဦးစားပေးတခုမှာ BRI အတွက် အရေးပါသည့် အစိတ်အပိုင်းဖြစ်သော တရုတ်နိုင်ငံ၊ ရွှေလီနှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ဆက်သွယ်မည့် ရွှေလီ-မန္တလေး-ကျောက်ဖြူ ရထားလမ်း တည်ဆောက်ရေးဖြစ်သည်။ သို့သော် မြန်မာမှ မတည်ငြိမ်မှုများကြောင့် ထိုရည်မှန်းချက်ကြီးမားသော စီမံကိန်း မကြာမီ စတင်နိုင်မည့် အလားအလာမရှိပေ။ ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် တရုတ်သည် မြန်မာမြောက်ပိုင်းမှ EAOs များကို စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး တွန်းအားပေးနေမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် သေနင်္ဂဗျူဟာပြောင်းလဲပြီး နေပြည်တော်မှ ရာဇဝတ်စစ်ကောင်စီကို ပိုမိုသိသိသာသာ ထောက်ခံရန် လုပ်ဆောင်နေသည်။ သမိုင်းအရပြောရပါက တရုတ်သည် မြန်မာတွင် မှားယွင်းသောဘက်၌ အမြဲရှိနေပြီး မြန်မာပြည်သူများ စက်ဆုတ်မုန်းတီးသည့် စစ်အုပ်စုများကို ထောက်ခံခြင်း၊ ပူပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သည်။ ပိုမိုအရေးကြီးသောအချက်မှာ မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို လူထုက မထောက်ခံခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဦးစားပေးများကို မပြောင်းလဲလျှင် မြန်မာတွင် အောင်ပွဲခံနိုင်မည်မဟုတ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Aung Zaw ၏ China Once Again on Wrong Side of History in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)


Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ