ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ
▪️ပြည်သူလူထုဘက် ရပ်တည်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် အချိန်တန်နေပြီဖြစ်ပြီး လက်ကမ်းကြိုနေသော ပြည်သူများရှိနေသည်ကို ပြောလိုကြောင်း ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း ပြော —People’s Spring ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်နေသည့် လုပ်ရပ်များကြောင့် စစ်တပ်က ဂုဏ်သိက္ခာမရှိတော့သည်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းက သိရှိနေပြီဖြစ်ကြောင်း CDM တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်လာသည့် ခမရ (၃၅၁)တပ်ရင်မှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြည်သူ့ပန်းတိုင်အဖွဲ့မှ ဗိုလ်ကြီး ညီသုတနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီးအဆင့်မှာ လက်ရှိအချိန်အထိ ထောင်နှင့်ချီသော ပြည်သူလူထုဘက်ကူးပြောင်းရပ်တည်လာသည့် တပ်မတော်သားများအနက် ရာထူးအကြီးဆုံးဖြစ်ပြီး အနည်းဆုံး ၂ ဦး ရှိနေပြီဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းအနေဖြင့် ပြည်သူ့လူထုဘက် ကူးပြောင်းရပ်တည်လာခြင်း၏ အဓိက တွန်းအားမှာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ကောင်စီ၏ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဆိုသည်