အမေရိကန်အစိုးရဘက်ဂျက် ၂၀၂၂ နဲ့ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု

(၁)

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရရဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျက်ကို မတ်လ ၁၁ ရက်နေ့၊ သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ လွှတ်တော် နှစ်ရပ်စလုံးက တခဲနက်ထောက်ခံအတည်ပြုလိုက်တာမို့ သမ္မတ ဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးပြီး ဥပဒေဖြစ်လာပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလမှာ စပြီး စက်တင်ဘာလမှာ အဆုံးသတ်တာမို့ ဒီ ဘတ်ဂျက်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အစိုးရရဲ့ ကုန်ကျစားရိတ်များအတွက် ဖြစ်ပါတယ်။ တကယ်တော့ အခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ၆ လလောက်တောင် နောက်ကျနေပါပြီ။ ဒီဘက်ဂျက်ကို အတည်မပြုနိုင်သေးခင်မှာ အစိုးရလုပ်ငန်းတွေ ရပ်တန့်မသွားစေဖို့ ကွန်ဂရက်လွှတ်တော်က အစိုးရကို အရင်နှစ်က ဘတ်ဂျက်ပမာဏအတိုင်း ဆက်လက်သုံးစွဲခွင့်ပြုတဲ့ ကာလတိုဘတ်ဂျက်ဥပဒေ (Short-term Continued Resolution) ၄ ကြိမ် ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုပေးခဲ့တဲ့ ကာလတိုအသုံးစားရိတ်ဘတ်ဂျက်က မတ်လ ၁၁ ရက်နေ့အထိပဲ သက်တမ်းရှိတာမို့ ဒီတစ်ကြိမ်လည်း ပါတီကြီး ၂ ခုက လွှတ်တော်ကိုယ်စားလှယ်များ သဘောတူညီမှုမရခဲ့ရင် အစိုးရလုပ်ငန်းတွေ ရပ်တန့်ရမယ့် အခြေအနေမျိုး ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်သူများက ကွန်ဂရက်လွှတ်တော်ရဲ့ ဆွေးနွေးမှုတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ 

အဲဒီအထဲ ကျနော်တို့ အမေရိကန်ရောက် မြန်မာတွေလည်း ပါကြပါတယ်။ ကျနော်တို့ စိုးရိမ်တကြီး စောင့်ကြည့်ကြတာက ကျနော့်တို့ မျှော်လင့်ထား၊ တောင်းဆိုထားတဲ့ နွေဦးတော်လှန်ရေးကြီးအတွက် ထောက်ပံ့ကူညီမှုတွေကို လွှတ်တော်ကိုယ်စားလှယ်များက အတည်မပြုမှာ၊ ချန်ထားရစ်ခဲ့မှာ၊ တစိတ်တပိုင်းပဲ ခွင့်ပြုမှာတွေကို စိုးရိမ်ပြီး စောင့်ကြည့်ကြပါ။ အခုတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ မြန်မာနိုင်ငံနဲ့ နွေဦးတော်လှန်ရေးကြီးအတွက် ထောက်ပံ့ကူညီမှုများလည်း ကျနော်တို့ မျှော်လင့်သလို ပါဝင်ပါတယ်။ နိုင်ငံတကာ သတင်းတွေမှာတော့ ဒီ ဘတ်ဂျက်မှာပါဝင်တဲ့ ယူကရိန်းနိုင်ငံအတွက် အထောက်အပံ့ အကူအညီတွေကိုသာ ဦးစားပေးဖော်ပြနေတာမို့ ကျနော်က အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထောက်အပံ့များနဲ့ မူဝါဒများအကြောင်း ရှင်းပြချင်ပါတယ်။  

(၂)

အတည်ပြုလိုက်တဲ့ အမေရိကန်အစိုးရ ဘတ်ဂျက်ဥပဒေကို The Consolidated Appropriations Act 2022”လို့ ခေါ် ပြီး စာမျက်နှာပေါင်း ၂,၇၄၁ မျက်နှာ ရှိပါတယ်။ ဒီ့အပြင် အဲဒီ ဥပဒေနဲ့ တွဲဖက်အာဏာသက်ရောက်တဲ့ အသေးစိတ်ရှင်းပြချက်တွေ (The Explanatory Statements) ကလည်း အပိုင်းပေါင်း ၂၀ ကျော်၊ စာမျက်နှာပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။ ဒီလောက်များပြားတဲ့ စာမျက်နှာတွေထဲမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်သမျှက စာမျက်နှာ အနည်းငယ်ပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ စာမျက်နှာအနည်းငယ်မှာ ကျနော့တို့ရဲ့ နွေဦးတော်လှန်ရေးကြီးအတွက် အားတက်စရာ အချက်အလက်တွေ ပါရှိပါတယ်။ အောက်ပါအတိုင်း အကျဉ်းချုပ်ပြီး ရှင်းပြပါရစေ။         

ကွန်ဂရက်လွှတ်တော်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၃၆ သန်း ၁သိန်း ၂သောင်း ၇ထောင် ($ ၁၃၆,၁၂၇,၀၀၀) ထောက်ပံ့ဖို့ သတ်မှတ်ပါတယ်။ အဲဒီ ထောက်ပံ့မှုတွေဟာ အောက်ပါအကြောင်းအရာများအတွက် ဖြစ်ပါတယ်။

# ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများအကြား အပြန်အလှန် နားလည်မှု၊ ညီညွတ်မှုများကို တည်ဆောက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် Gender-based အကြမ်းဖက်မှုများကို တားဆီး တိုက်ဖျက်ရန် ဆောင်ရွက်မှုများ၊  

# မြန်မာနိုင်ငံအရှေ့ပိုင်း၊ ထိုင်းနယ်စပ်ဒေသရောက် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) ကို အကူအညီပေးနေကြတဲ့ ဒေသအခြေပြုအဖွဲ့အစည်းများ (Community-Based Organizations)၊ (မြန်မာဒုက္ခသည်များကို ကူညီထောက်ပံ့ရန် သီးခြား သတ်မှတ်ထားသည့် Migration and Refugees Assistance Fund ရန်ပုံငွေများအပြင်) 

# မြန်မာဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေစုဆောင်းခြင်းဆိုင်ရာလုပ်ငန်းများ။ 

# အရေးအကြီးဆုံးအချက်ကတော့ ""အသေးစိတ် ရှင်းလင်းချက် အပိုင်း ၄" (Section 4: The Explanatory Statement Division K) မှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများ၊ အားလုံးပါဝင်သော၊ အားလုံးကို ကိုယ်စားပြုသော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုများအကြား တန်းတူညီမျှရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ"" ရဲ့ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ကွန်ဂရက်လွှတ်တော်ရဲ့ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ (Appropriations Committees) နဲ့ ကြိုတင်ညှိနှိုင်းတိုင်ပင်ပြီး ထောက်ပံ့ကူညီရန် ဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ "ဘယ်အဖွဲ့အစည်းများ" ဆိုတာကို အသေးစိတ် ဖော်ပြမထားလို့ အဲဒီ စာပိုဒ်ရဲ့ ညွှန်ကြားချက်အတိုင်း  "အသေးစိတ် ရှင်းလင်းချက် အပိုင်း ၄" ကို ရှာကြည့်ပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းများက အောက်ပါအတိုင်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) 

စီဒီအမ် (CDM)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ

ဒါဟာဖြင့် ကျနော်တို့ မျှော်လင့်တောင်းဆိုတာကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ဖြည့်ဆည်းပေးလိုက်တာပါ။ 

ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရကို မြန်မာနိုင်ငံအတွက် ၂၀၂၁-၂၀၂၂ တစ်နှစ်စာ အမေရိကန်ဒေါ်လာ ၁၃၆ သန်း ၁သိန်း ၂သောင်း ၇ထောင် ထောက်ပံ့ကူညီခွင့်ပြုပြီး အဲဒီ ဘတ်ဂျက်ထဲကမှ NUG၊ NUCC၊ CRPH၊ CDM နဲ့ EAOs စတဲ့ နွေဦးတော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများကို အကြမ်းမဖက်လှုပ်ရှားမှုများ (ရုံးလုပ်ငန်း၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ၊ ဒီမိုကရေစီအရေး၊ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး၊ စသည်များ) အတွက် တရားဝင် ထောက်ပံ့ကူညီခွင့်ပြုလိုက်တာပါ။ ကျနော်တို့အတွက် အင်မတန်ကြီးမားတဲ့ အောင်မြင်မှုပါ။  

(၃) 

ဆက်လက် ပြဋ္ဌာန်းထားတာတွေကတော့ ကန့်သတ်ချက်တွေပါ။ ဒီဥပဒေမှာ လျာထားသတ်မှတ်တဲ့ ထောက်ပံ့ငွေများကို မြန်မာဖက်ဆစ်တပ်အတွက် အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာ လုံးဝအသုံးပြုခွင့် မရှိပါ။ “နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီ" အပါအဝင် မြန်မာဖက်ဆစ်တပ်က ထိန်းချုပ်ထားတဲ့၊ ဖွဲ့စည်းထားတဲ့၊ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါတ်သက်တဲ့၊ ဘယ်လိုအဖွဲ့အစည်းမျိုးအတွက်မှ သုံးခွင့်မရှိပါ။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာရေးအမြင်ကွဲပြားသူတွေ၊ သာမာန်ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဓမ္မအနိုင်ကျင့်မှုတွေ ကျူးလွန်တဲ့၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအတွက် သုံးခွင့်မရှိပါ။ 

အဲဒါအပြင် ကွန်ဂရက်က အတည်ပြုတဲ့ ဘတ်ဂျက်ထဲမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ကူညီထောက်ပံ့ဖို့ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထဲက အမေရိကန်ဒေါ်လာ ၂၃သန်း ၅သိန်းကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် အသုံးပြုရမယ်လို့ သတ်မှတ်ထားပါတယ်။ ပြီးတော့ နောက်ထပ် အမေရိကန်ဒေါ်လာ ၂သန်းကို ရိုဟင်ဂျာဒုက္ခသည်များရဲ့ ဒီမိုကရေစီဆိုင်ရာ လှုပ်ရှားမှုများမှာ အသုံးပြုခွင့်ပေးထားပါတယ်။ 

ဒီ ဘတ်ဂျက်ဥပဒေ အတည်ပြုပြီး ရက်ပေါင်း ၉၀ အတွင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ (USAID) တို့က တာဝန်ခံအရာရှိတွေဟာ လွှတ်တော် ၂ ရပ်က ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများနဲ့ တွေ့ဆုံပြီး အကောင်အထည်ဖော်မယ့် ထောက်ပံ့ကူညီရေးအစီအစဉ်များကို ညှိနှိုင်းရမယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။  

(၄)

အခုအတည်ပြုလိုက်တဲ့ ၂၀၂၁-၂၀၂၂ ဘတ်ဂျက်ဥပဒေပါ မြန်မာနိုင်ငံအတွက် ထောက်ပံ့ကူညီရေး ပြဋ္ဌာန်းချက်တွေဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၂ (National Defense Authorization Act 2022/ NDAA) ပါ မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထပ်မံ အားဖြည့်ထားခြင်း ဖြစ်ပါတယ်။ NDAA က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက်များက အောက်ပါအတိုင်း ဖြစ်ပါတယ်။  

၁။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် စတဲ့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက မြန်မာဖက်ဆစ်တပ်အား ငွေကြေးနှင့် နည်းပညာ ထောက်ပံ့ခြင်း၊ ချေးငှါးခြင်း၊ လွှဲပြောင်းပေးခြင်း၊ အာမခံခြင်းများ လုံးဝမပြုလုပ်ရန်။

၂။ ဥပဒေအတည်ပြုပြီးသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အမေရိကန်အစိုးရ ထိပ်တန်းအရာရှိများက ကွန်ဂရက်လွှတ်တော်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရန်။ အဲဒီလို ရှင်းလင်းတင်ပြရာမှာ 

(က) အမေရိကန်အစိုးရက NUG၊ CDM နဲ့ အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ နိုင်ငံတကာမှ တရားဝင်အသိအမှတ်ပြုခံရရေးအတွက် မည်သို့မည်ပုံ ကူညီနေသည်များ ပါဝင်ရန်၊ 

(ခ) အမေရိကန်အစိုးရမှ မဟာမိတ်နိုင်ငံများနှင့် တွဲဖက်၍ မြန်မာဖက်ဆစ်တပ်အပေါ် ချမှတ်ထားသော အရေးယူမှုများအားနှင့် မြန်မာစစ်အုပ်စု၏ တရားဝင်အစိုးရအဖြစ်မှ ငြင်းပယ်မှုများအား ရှင်းပြရန်။

(ဂ) အမေရိကန်အစိုးရမှ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ၊ ကျန်းမာရေးနှင့် ဒုက္ခသည်များအရေးဆိုင်ရာ ကူညီမှုများ၊ NUG နဲ့ အရပ်ဖက်အဖွဲ့အစည်းများ၏ ဒီမိုကရေစီရေး ဆောင်ရွက်မှုများအပေါ် ကူညီမှုများကို ရှင်းလင်းတင်ပြရန်၊

NDAA က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို ဘတ်ဂျက်ဥပဒေပါ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ငွေ ခွဲဝေသတ်မှတ်မှု၊ NUG၊ NUCC၊ CRPH၊ CDM၊ EAOs များအား တရားဝင်ထောက်ပံ့ခွင့်ပြုမှုနဲ့ အသေးစိတ်လမ်းညွှန်ချက်တွေက ထပ်မံအားဖြည့်လိုက်တာပါပဲ။

ဒီဥပဒေများကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့၊ ဒီ ဘတ်ဂျက်ဥပဒေပါ အထောက်အပံ့များကို လက်တွေ့ရနိုင်ဖို့အတွက် NUG၊ NUCC၊ CRPH၊ EAOs စတဲ့ အဖွဲ့အစည်းများက စတင်လှုပ်ရှားဖို့ လိုပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ၊ ဒီမိုကရေစီရေး၊ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ရေး၊ စီဒီအမ်ဝန်ထမ်းများကို ထောက်ပံ့ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရေး၊ အမျိုးသမီးနဲ့ ကလေးသူငယ်များအရေး စတဲ့ လက်နက်ကိုင်လှုပ်ရှားမှုနဲ့ မပါတ်သက်သော လုပ်ငန်းများအတွက် အစီအစဉ်များ၊ ခန့်မှန်းကုန်ကျစားရိတ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အဲဒီ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်များနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ USAID နဲ့ ကွန်ဂရက်လွှတ်တော်၊ ဘဏ္ဍာငွေခွဲဝေသတ်မှတ်ရေးကော်မတီများ ကို ဆက်သွယ်ဆွေးနွေးသင့်ပါတယ်။


(မတ်လ ၁၂၊ ၂၀၂၂)  

 Aung Din 


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ