စစ်ကောင်စီ ခမရ ၄၀၅ တပ်၌ တပ်တွင်းပုန်ကန်မှုဖြစ်ပွား၊

Breaking News

တပ်အချင်းချင်း ပြန်ဝိုင်းပြီး တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင်အကြီးတန်းအရာရှိ ၃ ဦးကို စစ်တပ်က ဖမ်းဆီး

ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၁၅ ရက်

ကရင့်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ ၅ ထိမ်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊  ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးဝင်ရောက်နေသော အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ - ၄၀၅) တပ်၌ ဒီဇင်ဘာ လ ၁၄ ရက်နေ့က တပ်တွင်းပုန်ကန်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ခမရ ၄၀၅ တပ်အား ၎င်း၏အထက်ကွပ်ကဲမှုဌာန ချုပ်ဖြစ်သည့် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် (စကခ-၈)၏ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးမှ တပ်မဟာ ၅ အတွင်းရှိ စစ်ကောင်စီခြေကုပ် မဲဝိုင်စခန်းသို့ သွားရောက်ရန် အမိန့်ပေးခဲ့သည်ကို မခရ ၄၀၅ တပ်ရင်းမှူးအပါအဝင် ထိပ်တန်းအရာရှိ ၃ ဦး က ငြင်းဆန်ကာ အမိန့်မနာခံဘဲ ဖီဆန်ခဲ့ကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုသို့ အမိန့်မနာခံဘဲ အာဏာဖီဆန်သဖြင့် ခမရ ၄၀၅ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် ဦး ဆောင်သော အင်အား ၇၀ ခန့်ရှိ ခမရ ၄၀၅ တပ်ကို အာဏာသိမ်းစစ်တပ်က အခြားသော အင်အား ၁၀၀ ကျော်ရှိသည့် တပ်ရင်းတစ်ခုဖြင့် ပြန်ဝိုင်းစေကာ ခမရ ၄၀၅ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

“မဲဝိုင်စခန်းကို ချီတက်ခိုင်းတာကို ခမရ ၄၀၅ တပ်က တပ်ရင်းမှူးနဲ့ ထိပ်ပိုင်း ၂ ယောက်က မလုပ်နိုင်ဘူးလို့ ငြင်းတာ။ ခိုင်းတာက စကခမှူး (ဗိုလ်မှူးချုပ် အေးမင်းဦး) ကိုယ်တိုင်အမိန့်ပေးတာကို မနာခံတာလို့ သိရတယ်။ အဲ့လို အမိန့်မနာခံလို့ဆိုပြီး ခမရ ၄၀၅ တပ်ထက် အင်အားများတဲ့တပ်နဲ့ ပြန်ဝိုင်းခိုင်းပြီး တပ်ရင်းမှူးနဲ့ ထိပ်ပိုင်း ၂ ယောက်ကို ပြန်ဖမ်းခိုင်းတာ”ဟု သရက်ချောင်းတပ်နယ် ခမရ ၄၀၅ နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်များပေးသောအမိန့်ကို မနာခံဘဲ အာဏာဖီဆန်သဖြင့် ဖမ်းဆီးခံရသူများမှာ ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူးတိုးမြှင့်ခံရမည့်ဗိုလ်ကြီး) ၁ ဦးတို့ဖြစ်ပြီး တပ်ခွဲမှူးအမည်ကို ဧရာ၀တီတိုင်းမ်သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ခမရ ၄၀၅ တပ်၏ထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လည်ဖမ်းဆီးခဲ့သဖြင့် လက်ရှိတွင် အဆိုပါတပ်ကို မပြိုကွဲစေရန်အတွက် စကခ ၈ လက်အောက်ခံ အခြားသောတပ်ရင်းတစ်ခုမှ အရာရှိတစ်ဦးကို ယာယီတပ်ရင်းမှူးခန့်၍ ဦးစီးကွပ်ကဲခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ-၈)၏လက်အောက်ခံဖြစ်သည့် ခမရ ၄၀၅ တပ်မှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့တွင်အခြေပြုသည့်တပ်ရင်းဖြစ်သည်။ ၎င်းတပ်မှာ စစ်ခေါင်းဆောင်များအမိန့်အရ ကရင်ပြည်နယ်အတွင်း ရှေ့တန်း (စစ်ဆင်ရေး) ထွက်နေရသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး KNLA နှင့် PDF တပ်များ ၏တိုက်ခိုက်မှုကြောင့် အထိနာနေသော တပ်ရင်းတစ်ခုလည်း  ဖြစ်သည်။ 

စစ်တပ်လုပ်ထုံးလုပ်နည်းအရအမိန့်မနာခံဘဲ အာ ဏာ ဖီဆန်သဖြင့် ဖမ်းဆီးခံရသူ ခမရ ၄၀၅တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး မှူး/ဗက ၁ ဦး တို့ကို စကခ ၈ ဌာန ချုပ်သို့ပြန်ခေါ်၍ စစ်ခုံရုံးဖြင့် ပြင်းပြင်းထန်ထန်အရေးယူဖွယ်ရှိကြောင်း တပ်မတော်သားဟောင်းများက သုံးသပ်ပြောဆိုသည်။

“စစ်ဥပဒေအရ ရှေ့တန်းထွက်ချိန် အမိန့်မနာခံရင် သာမာန်ရာထူးအဆင့်ဆို သတ်ပစ်မှာ။ ဒါက ရာထူးကြီးနေတဲ့ အရာရှိတွေဖြစ်နေလို့သာ။ လုပ်ထုံး လုပ် နည်းအရတော့ နောက်တန်းကို ချက်ခြင်းပြန်ပို့ခိုင်းမယ်။ ပြီးရင် စုံခုံဖွဲ့ပြီး အမိန့်မနာခံမှုနဲ့ အရေးယူမှာပေါ့။ တခြားလူတွေ လိုက်မလုပ်ရဲအောင် ဒီအရာရှိ ၃ ယောက်ကို စံပြအနေနဲ့ ပြင်းပြင်းထန်ထန် အရေး ယူမယ် ထင်တယ်”ဟု စစ်သက်ရင့် တပ်မတော်သားဟောင်းတစ်ဦးက  သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ မဲသလွတ်စခန်းကို KNLA နှင့် PDF တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး အပါအဝင်စခန်းတစ်ခုလုံးရှိ စစ်ကောင်စီတပ်သားများအားလုံး စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ စခန်းကို စွန့်ခွာထွက်ပြေးခဲ့သည့် ခမရ ၄၀၃ တပ်မှဒုတပ်ရင်းမှူး ဗိုလ်မှူး သန်းနိုင်အေးကို အာဏာ သိမ်းစစ်တပ်က ရက်အတန်ကြာတွင် တောထဲမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် စစ်ခုံရုံးဖွဲ့၍ မိမိစခန်းကို စွန့်ခွာ ထွက်ပြေးမှု၊ တာဝန်ပေါ့လျော့မှုတို့ဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

................................

သတင်းမှန်များတင်ဆက်နေသော Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို Facebook မှ အရေးယူကာ ပြစ်ဒဏ်ချမှတ်မှုများ လုပ်ဆောင်ထားသဖြင့် Ayeyarwaddy Times Facebook Page ကို Review ရေးပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံပါသည်။

https://www.facebook.com/ayeyarwaddytimes/photos/a.509163249241681/2358970324260955

ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့(ပုံဟောင်း)။


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️