တပ်တွင်းသူပုန်များ


ကျွန်တော်တို့CDMစစ်သားတွေ အရင်ကစကားဝိုင်းတွေ၊social mediaတွေမှာ ပြောခဲ့တဲ့စကားတစ်ခုပေါ့ တနေ့နေ့ တချိန်ချိန်ကျရင် တပ်တွင်းပုန်ကန်မှုတွေ ဖြစ်လာနိုင်တယ်၊ပြိုကွဲမှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး ပြောခဲ့ကြပါတယ်။ပြီးတော့ ကျွန်တော်DSA အပတ်စဥ်(၆၄) ကျောင်းဆင်းပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောကြားတဲ့မိန့်ခွန်းတွေကို နားထောင်ကြည့်ပြီးတော့ ပညာတွေလည်းရလိုက်တယ်။(အရမ်းတွေရယ်ရတာ😁)ကျွန်တော် နားထောင်ကြည့်ပြီး ကျွန်တော်တို့ကိုကြီး ကိုထက်မြတ်နဲ့ဆွေးနွေးဖြစ်တယ်၊စကားတွေပြောကြတယ်ပေါ့။ကိုထက်မြတ်ကနေ စပြီးကျွန်တော့်ကို "ရေခဲ...မင်းအဲ့ဒီvideoကိုကြည့်ပြီး ဘာတွေတွေ့လဲ..." ဆိုပြီးမေးခဲ့တယ်။ကျွန်တော်လဲပြောတာပေါ့...ကျွန်တော်တွေးမိတဲ့အကြောင်းတွေ၊ပြီးတော့...မအလက ဘားမှမသိသေးတဲ့ ကျောင်းဆင်းမယ့် ဗိုလ်လောင်းတွေကို မတရားစည်းရုံးရေးတွေဆင်းပြီး ဝါဒမှိုင်းတွေ ဖြန့်နေတယ်ဆိုပြီး ပြန်ဖြေလိုက်တယ်။ကိုထက်မြတ်
ကလဲ "အေးဟုတ်တယ်...မင်းအဲ့သူပြောတဲ့ စကားတွေကို နားထောင်ကြည့်ယုံနဲ့ အထဲထဲမှာ ဘယ်လောက်ထိ ပွဲပျက်နေလဲ၊သူတို့ဘယ်လောက်ထိ စည်းရုံးမှုပြိုကွဲနေလဲ ကြောက်နေလဲဆိုတာ သိနိုင်တယ်.." ဆိုပြီးပြောခဲ့ပါတယ်။

ဒီနေ့မှာတော့ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အကြောင်းတွေ၊ထင်မြင်ယူဆချက်တွေ ဟာတကယ်လဲမှန်ခဲ့ ဖြစ်လာခဲ့တယ်ဗျ။ဘာလဲဆိုရင်....ဒီနေ့ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်း အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ထားဝယ်အခြေစိုက် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၈)၏ လက်အောက်ခံ အမှတ်(၄၀၅) ခြေမြန်တပ်ရင်း ၌  တပ်တွင်းပုန်ကန်မှု၊ အာဏာဖီဆန်မှု ပြုလုပ်ခဲ့ပါတယ်။ တပ်ရင်းမှူးကတော့ ဒုတိယ ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် ဖြစ်ပြီး ၎င်း တပ်ဟာ KNU တပ်မဟာ(၅) ထိမ်းချုပ်နယ်မြေ ဖြစ်သည့် ဖာပွန်ခရိုင်အတွင်း စစ်ဆင်ရေးဝင်ရောက်နေသော တပ်လည်းဖြစ်ပါတယ်။ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး မှ တပ်မဟာ ၅ အတွင်းရှိ စစ်ကောင်စီခြေကုပ်မဲဝိုင်စခန်းသို့ စစ်သည်များ အင်အားဖြည့်သွားရောက်ရန် အမိန့်ပေးစေခိုင်းခဲ့ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် အရာရှိ/ စစ်သည်များက သွားရောက်ရန်  ငြင်းဆန်ကာ အမိန့်မနာခံဘဲ အာဏာဖီဆန်ခဲ့ပါတယ်။ 
 
ထိုသို့ အာဏာဖီဆန်ခဲ့သောကြောင့် အမှတ်(၄၀၅)ခြေမြန်တပ်ရင်းကို စကခ(၈) လက်အောက်ခံတပ်များဖြင့် ပြန်လည်ဝိုင်းကာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူး တို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့ပါတယ်။ ကျန်အရာရှိ/စစ်သည် များကိုလည်း ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ အမှတ်(၄၀၅)ခြေမြန်တပ်ရင်း၌ လက်ရှိ တွင် အင်အား ၇၀ ဦးခန့်သာရှိပါတယ်။ 

ဒီလိုအာဏာဖီဆန်မှုတွေက အခုမှဖြစ်လာတာမဟုတ်ပါဘူး။အရင်ကတည်းက ရှိခဲ့ကြပါတယ်၊နေ့စဥ်နေ့တိုင်းလဲ တပ်တိုင်းလိုလိုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေထဲကတစ်ခုပါ။ပစ်မှုအသေးအကြီးသာ ကွာသွားခဲ့တာပါ။စစ်တပ်ထဲမှာ ဖြစ်ခဲ့တဲ့ အကြီးဆုံးပုန်ကန်မှုတစ်ခုလဲရှိခဲ့ပါတယ်။ဘယ်မှာဖြစ်ပွားခဲ့လဲဆိုရင် ပြင်ဦးလွင်မြို့ မှာရှိခဲ့တဲ့ 'တပ်မတော်နည်းပညာကောလိပ်'(MTC)လို့ခေါ်တဲ့ စစ်ကျောင်းကြီးတစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။ 

အဲ့ကျောင်းကို စစ်အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေရဲ့ ညွှန်ကြားချက်နဲ့ စစ်ထောက်ချုပ် ဗိုလ်တင်လှကနေပြီး ဖွင့်လှစ်ခဲ့တာပါ။ကျောင်းရဲ့အတိုကောက်ကိုတော့ (MTC)လို့ခေါ်ခဲ့ကြပါတယ်။MTCလို့မသတ်မှတ်ခင် ၁၉၉၈ ခုနှစ်မှာ တပ်မတော်လျှပ်စစ်နှင့်အင်ဂျင်နီယာ သင်တန်းကျောင်းဆိုပြီး 
အပတ်စဥ်(၁)သင်တန်းသား(၄၁၈)ယောက်နှင့်စတင်ဖွင့်လှစ်ခဲ့တယ်။၁၉၉၉ ခုနှစ်ကျမှ "တပ်မတော်နည်းပညာကောလိပ်" (Military Technological Collage)လို့ခေါ်ပြီး အပတ်စဥ်(၂)ကိုခေါ်ယူခဲ့တယ်။၂၀၀၀ ခုနှစ်တွင်အပတ်စဥ်(၃)ကိုတော့ သင်တန်းသား (၂၀၀၀)ကျော်၊ ၂၀၀၁ ခုနှစ်မှာတော့
အပတ်စဥ် (၄)ကိုခေါ်ယူခဲ့ပါတယ်။ အပတ်စဥ် (၁)ကနေ (၄)အထိ သင်တန်းသား (၄၀၀၀)ကျော်တက်ရောက်သင်ကြားခဲ့ကြပါတယ်။

အဲ့ကျောင်းဟာဆိုရင် မြန်မာ့တပ်မတော်သမိုင်းမှာ ပထမဆုံး စစ်အာဏာရှင်ကို အကြီးအကျယ်ပုန်ကန်ခဲ့တဲ့ စစ်ကျောင်းတခုဖြစ်ဘဲ ဖြစ်ပါတယ်။
အကြောင်းအရာတွေက ဘယ်ကနေ စဖြစ်ခဲ့လဲဆိုရင် ကျောင်းတက်ရတဲ့နှစ်ကိုတော့ ပထမနှစ်နှစ်တက်ရမယ်။တက်ရောက်ပြီးတဲ့သူတိုင်းက AGTIလက်မှတ်ရပြီး တပ်ကြပ်ကြီး အဆင့်နဲ့ကျောင်းဆင်းရမယ်။အဲ့နှစ်နှစ်မှာ ဂုဏ်ထူးမှတ်ပါတဲ့သူတွေက B.techဘွဲ့ကိုရပြီး ဒုအရာခံဗိုလ် 
အဆင့်နဲ့ကျောင်းဆင်းရမယ်။အဲ့ကနေပြီး ဂုဏ်ထူးမှတ်ရသူတွေက နောက်တစ်နှစ်B.Eဘွဲ့ကိုရပြီး အရာခံဗိုလ် အဆင့်နဲ့ကျောင်းဆင်းရမယ်။အနည်းဆုံး (၁၀)နှစ်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး စာချုပ်တွေနဲ့ အသေချုပ်ခဲ့ကြတယ်။

အင်ဂျင်နီယာဘွဲ့နှင့် ဆယ်တန်းအောင်ခါစ လူငယ်တွေကို မက်လုံးပေးပြီး ရည်ရွယ်ချက်ရှိရှိ စစ်တပ်ရဲ့အခြားအဆင့်အင်အားကို ဖြည့်တင်းခဲ့ပါတယ်။
စစ်အာဏာရှင်တွေအတွက် ကိုယ်ကျိုးရှာလိမ်လည်အသုံးချပြီး အမည်ခံ ပညာရေးဆိုတာကို သင်တန်းသားတွေက သိရှိခဲ့ကြတယ်။ပြီးတော့ စစ်ကျောင်းကြီးသာဖွင့်ပြီး သင်တန်းသားတွေကို ကောင်းစွာပညာမသင်ကြာပေး ပစ်စလတ်ခပ်ထားခဲ့ကြတယ်။သင်ရိုးညွှန်းတန်းတောင်မရှိဘဲ သင်တန်းသားတွေကို လိမ်လည်ဖြားယောင်းခဲ့ကြတယ်။ဘဝတွေ၊ လူငယ်တွေရဲ့အနာဂတ်တွေကို သတ်ခဲ့ကြတယ်။စီနီယာ နှင့်
ဂျူနီယာ ဆက်ဆံရေးတွေ၊အထက်အရာရှိတွေရဲ့ အာဏာနှင့်personalရောယှက်ပြီး သင်တန်းသားတွေကို မမျှမတ အနိုင်ကျင့်တာတွေကိုလုပ်ခဲ့ကြတယ်။ ပြင်ဦးလွင်မှာရှိတဲ့ DSA၊ DSTAတို့နှင့်သွေးခွဲရန်တိုက်ပေးခြင်း။အဆင့်အတန်းခွဲခြားခြင်းတွေကြောင့် ပုန်ကန်မှုကြီးဟာ ၂၀၀၂ ခုနှစ်မှာစတင်လာခဲ့ရပါတယ်။

သင်တန်းသားတွေဟာ သူတို့မတရားပြုကျင့်ခံနေရတာတွေ၊မကျေနပ်ချက်တွေကို အထက်ကို ဆန့်ကျင်ကြမယ်၊တနိုင်ငံလုံးသိအောင် ဆန္ဒထုတ်ဖော်ကြမယ်ဆိုပြီး ရည်ရွယ်ခဲ့ကြပါတယ်။ဘာလို့သူတို့လုပ်ခဲ့လဲဆိုရင် နောက်ထပ်လူငယ်တွေ သူတို့လိုဖြစ်မှာကိုဆိုးတဲ့အတွက် သိရှိအောင်ကြိုးစားခဲ့ကြပါတယ်။သင်တန်းသား စီနီယာတွေက ဦးစီးပြီး တစ်ကျောင်းလုံးကိုစည်းရုံးခဲ့တယ်။စည်းရုံးတာလဲ အောင်မြင်ခဲ့ကြပါတယ်။ 

သူတို့တွေဟာ မန်းလေးတက္ကသိုလ်ထိသွားပြီး တစ်နိုင်ငံလုံးသိအောင်ဖော်ထုတ်ကြမယ်ဆိုပြီး စီစဥ်နေတုန်းမှာဘဲ တစ်ကျောင်းလုံးကို ဝင်စီးနင်းတာခံခဲ့ရတယ်။နှိမ်နှင်းခံခဲ့ရတယ်။ရက်စက်စွာဖြိုခွင်းခံခဲ့ရတယ်။ဦးစီးဦးဆောင်လုပ်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်တွေချပြီး အရေးယူခဲ့ကြတယ်။တချို့ကျောင်းသားတွေကိုတော့ Return to home ဆိုတဲ့(RTU)နဲ့ပြန်လွှတ်ခဲ့ကြပြီး အဲ့ဒီMTCကောလိပ်ကြီးကိုပါ ဖျက်သိမ်း ပိတ်ပြစ်ခဲ့ကြတယ်။ဒီအကြောင်းရာတွေကို စစ်အာဏာရှင်တွေဟာ သတင်းမထွက်အောင်၊ မပေါက်ကြားအောင် နှုတ်ပိတ်ခဲ့ကြတယ်။သိရှိတဲ့ စစ်သားတွေကိုလဲ ထပ်ပြီးမပုန်ကန်အောင်၊သူတို့လိုမျိုးအားမကျအောင် ၊မလုပ်အောင် ဝါဒမှိုင်းတွေဖြန့်ပြီး သွေးခွဲအုပ်ချုပ်ခဲ့ကြပါတယ်။ဒီအကြောင်းအရာတွေကတော့ စစ်တပ်မှာ ပထမဆုံး စစ်အာဏာရှင်ကိုပုန်ကန်ခဲ့ကြတဲ့ အကြီးကျယ်ဆုံးတပ်တွင်းပုန်ကန်မှု လုပ်ခဲ့၊ဖြစ်ခဲ့ကြတဲ့
တချိန်ကMTCရဲရဲတောက်လူငယ်ကျောင်းသားတွေအကြောင်းနှင့် စစ်တပ်ကိုပုန်ကန်မှုအကြောင်းတွေဘဲ ဖြစ်ပါတယ်။

ကျွန်တော် နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ စစ်တပ်အနေနဲ့ သူတို့တွေ ပြည်သူလူထုကို ပြည်သူလိုမဆက်ဆံသရွေ့၊နိုင်ငံတော်ကို သစ္စာဖောက်နေသရွေ့၊ကိုယ်ကျိုးရှာ အမြတ်ထုတ်နေသရွေ့၊စစ်တပ်ကိုအသုံးချပြီး လုပ်ပိုင်ခွင့်တွေယူနေသရွေ့၊ရာထူးအဆင့်တန်းတွေ ခွဲခြားဆက်ဆံနေသရွေ့၊မတရားတဲ့နည်းလမ်းတွေ ပြုကျင့်နေသရွေ့၊အောက်လက်ငယ်သားတွေကို မညှာမတာပြုကျင့်နေသရွေ့၊လိမ်ညာခိုင်းစေနေသရွေ့၊
တနိုင်ငံလုံးရဲ့ ဆန္ဒတွေကိုလျစ်လျှူရှု့နေသရွေ့၊ပြည်သူပိုင် အသက်အိုးအိမ်တွေကို ဖျက်ဆီးနေသရွေ့ကတော့ စစ်တပ်ကြီးဟာပျက်စီးဖို့ဘဲရှိပါတယ်။ရှေ့လျှောက်လဲ တပ်တွင်းပုန်ကန်မှု တွေဟာ များသထက်များပြီး ပျက်စီးဖို့ဘဲရှိပါတော့တယ်။တနိုင်ငံလုံးကလဲ ညီညွတ်စွာနဲ့ ဖျက်သိမ်းပြီး အစကနေပြန်ဖွဲ့ဖို့ လိုအပ်နေပါပြီ။တပ်တွင်းသူပုန်တွေကို အားပေးထောက်ခံကြပါ....။

#Maungyaykhal
#တပ်တွင်းသူပုန်

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️