မြန်မာအရေး အာဆီယံဖြေရှင်းနေမှု ပိုဆိုးအောင် မလုပ်ဖို့ အိန္ဒိယကို အင်ဒို နိုင်ငံခြားရေးဝန်ကြီး သတိပေး

ဒီနှစ်ကုန်ပြီးရင် ၂၀၂၃ ခုနှစ်အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီနဲ့ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စ တွေဆွေးနွေးသွားတဲ့ အိန္ဒိယကို မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သီးခြားလမ်းကြောင်းနဲ့ ညှိုနှိုင်းတာမျိုး မလုပ်ဖို့နဲ့ ဒီလိုလုပ်ခြင်းဟာ အရင်ကတည်းက အကျိုးသက်ရောက်မှုမရှိခဲ့တဲ့ အာဆီယံရဲ့ မြန်မာ့အရေး လမ်းညွှန်ချက်ငါးရပ်ကို ပိုပြီး အကျိုးသက်ရောက်မှု ထပ်နည်းသွားစေလိမ့်မယ်လို့ သတိပေးစကား ပြောကြားသွားပါတယ်။ 


မဆူဒီက အာဆီယံဟာ မြန်မာပါဝင်တဲ့အဖွဲ့အစည်းဖြစ်လို့ အိန္ဒိယနဲ့ တခြားသောနိုင်ငံတွေက အာဆီယံရဲ့ မြန်မာ့ အရေးပေါ်လစီကို လေးစားမှုရှိပြီး တခြားသော လမ်းကြောင်းတွေ၊ ဆွေးနွေးမှုတွေမလုပ်သင့်ကြောင်း မီဒီယာတွေ ကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီနေးကွာတရာ ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ လာရောက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံလို့ နှစ်နိုင်ငံ နယ်ခြားစည်းလုံခြုံရေးကိစ္စ၊ အိန္ဒိယနိုင်ငံသားတွေ မြန်မာနိုင်ငံမှာ လူမှောင်ခိုကူးခံရမှု၊ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါးမှောင်ခိုမှုတွေကို ပူးပေါင်းထိန်းချုပ်ဖို့ကိစ္စတွေအပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာရောက်ဆွေးနွေးအပြီး စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးသဘောတူညီခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက ရခိုင်မှာကုလားတန်စီမံကိန်းကို ပြန်စဖို့ ပြင်ဆင်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

၂၀၁၁ ခုနှစ်က စတင်တဲ့ ကုလားတန်စီမံကိန်းဟာ ရခိုင်မြို့တော် စစ်တွေ၊ ချင်းပြည်နယ်က ပလက်၀၊ ပလက်၀ကနေ မီဇို့ရမ်ကို ရေလမ်းကုန်းလမ်း ဆက်သွယ်ဖို့ လုပ်နေတဲ့ စီမံကိန်း ဖြစ်တာကြောင့် ဒီဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်ဖို့ အိန္ဒိယအစိုးရဘက်က လိုလားချက်နဲ့ မြန်မာနိုင်ငံကိုလာပြီး စစ်ကောင်စီနဲ့ ဆွေးနွေးတာဖြစ်တယ်လို့ အိန္ဒိယမီဒီယာတွေမှာကို ဖော်ပြနေကြပါတယ်။ 

ဒါကြောင့် ဘရူနိုင်းနဲ့ ကမ္ဘောဒီယားနိုင်ငံတွေ အာဆီယံအလှည့်ကျဥက္ကဌ လုပ်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာ့ဒီမိုကရေစီအရေး ဘာမှ မလုပ်ပေးနိုင်ခဲ့တဲ့အခြေအနေမှာ သူတို့လက်ထက် စိန်ခေါ်မှုပိုကြီးမားနေလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက အိန္ဒိယကို အာဆီယံကို လေးစားပြီး မြန်မာ့အရေး တခြားနည်းလမ်း တွေမရှာဖို့ သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

နိုဝင်ဘာလကုန်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးမီဒီယာဖြစ်တဲ့ The Jakarta Post က အယ်ဒီတာ့အာဘော် အဖြစ် သူတို့နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာစစ်ကောင်စီကို ပိုမိုထိရောက်တဲ့ ဖိအားပေးနိုင်ဖို့ အရင် အာဆီယံအလှည့်ကျနိုင်ငံတွေထက် ပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်သင့်ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်းက ဖနွမ်ပင်မှာလုပ်တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးအတွက် အာဆီယံ ၉ နိုင်ငံ စလုံးဟာ လေဖြတ်နေခဲ့ကြကြောင်း၊ ဒီ ၉ နိုင်ငံခေါင်းဆောင်တွေထုတ်ပြန်ချက်မှာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က လက်ခံလိုက်နာလာနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းသာ ထွက်ဆိုခဲ့ကြကြောင်း၊ ဒီသဘောတူညီချက် ရယူခဲ့တာ လပေါင်း ၂၀ ကျော်နဲ့ အာဆီယံအစည်းအဝေးပေါင်း သုံးခုပြီးသွားတဲ့တိုင် စစ်ကောင်စီဟာ တစ်ချက်ကလေးမှ သဘောတူကြောင်းမပြသဘဲ ပြည်တွင်းမှာ ဆန့်ကျင်သူတွေအပြင် အရပ်သားပြည်သူတွေကိုပါ အကြမ်းဖက် သတ်ဖြတ်နေဆဲဖြစ်ကြောင်း၊ လက်ရှိ အာဆီယံက စစ်ကောင်စီရဲ့ နိုင်ငံရေးပိုင်းအဆင့်မဟုတ်တဲ့ နယ်ပယ်က ကိုယ်စားလှယ်တွေကိုသာ အစည်းအဝေးတက်ရောက်ခွင့်ပေးတယ်ဆိုတာလောက်ပဲ ဒဏ်ခတ်ထားနိုင်ကြောင်း၊ မြန်မာပြည်သူတွေကို အင်ဒိုနီးရှားအာဆီယံဥက္ကဌအလှည့်ကျချိန် ထိရောက်စွာကယ်တင်ဖို့ဆိုရင် စစ်ကောင်စီအစိုးရရှိနေသရွေ့ မြန်မာကို အာဆီယံက ပယ်ထုတ်ပြီး NUG အစိုးရ ကို မြန်မာကိုယ်စားပြုအစိုးရအဖြစ် အာဆီယံအစည်းအဝေးတွေ တက်ခွင့်ပေးသင့်တယ်လို့ တိုက်တွန်းရေးသားခဲ့ပါတယ်။ 

MKF - 001

#MeKongNews

Ref: The Jakarta Post & thehindu.com


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်